လူ့ငနွား များအတွက် ငရဲမရှိတော့ပြီလော

alt

တကယ်တော့လဲ ထို အကြောင်းအရာ သည် လူတိုင်း ကြားရ၊ ဖတ်ရ လွန်းသဖြင့် ရိုးနေ လောက်ပါပြီ။ (၂၀၀၇) ခုနှစ်၊ စက်တင်ဘာ လ အတွင်း

မြန်မာ နိုင်ငံ၏ အဓိက မြို့တော်ကြီး ဖြစ်သည့် ရန်ကုန်မြို့ တွင် ဗုဒ္ဓဘာသာ မြန်မာ ရဟန်းတော်များ အား မြန်မာ စစ်  အစိုးရ စစ်တပ် မှ အကြမ်းဖက် နှိမ်နင်း သတ်ဖြတ် ခဲ့မှု အကြောင်း အင်တာနက် စာမျက်နှာ များ မှ တဆင့် တစ်ကမာ္ဘလုံး မမြင်ချင်လဲ မြင်ရ၊ မကြားချင်လဲ ကြားရ ပြီးဖြစ် ပါသည်။ ယခုအခါ မှ ထိုအကြောင်းကို

ဆက်ကာ ဆက်ကာ ပြောနေ ခြင်းသည် ချေးခြောက် ရေနှူး သကဲ့သို့ သာ ဖြစ်နေ နိုင်ပါ သည်။ သို့တိုင်အောင် ထိုဖြစ်ရပ် ဆိုးများ ၏ နောက်ကွယ် တွင် လူအများ အသေအချာ မသိနိုင် သေးသော အခြေအနေ အချို့လဲ ရှိနေ နိုင်ပါ သေးသည်။ တကယ်တမ်း တော့ အနော်ရထာ မင်းစော လက်ထက် ကတည်း က ဗုဒ္ဓ သာသနာ သည် မြန်မာနိုင်ငံ တွင် အခိုင်အမာ အမြစ် တွယ်လာ ခဲ့သည်။ အခြားသော ဘာသာရေး ကိုးကွယ်မှုများ ပြန့်နှံ့ ၀င်ရောက် လာသည့် တိုင် နိုင်ငံတော် ဘာသာအဖြစ် အခိုင်အမာ တည်ရှိ နေခဲ့သည်။

ခေတ် နှင့် စနစ်များ အမျိုးမျိုး ပြောင်းလဲသွားသည့်တိုင် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံအတွက် ထည်ဝါစွာ ရပ်တည်နိုင်ခဲ့သလို အစိုးရ အဆက်ဆက်ကလည်း သာသနာပြု မင်းများအဖြစ်နှင့် ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလင်းစေရေး အားကြိုးမာန်တက် ပံ့ပိုးခဲ့ကြသည်။ သို့သော်လည်း စစ်အာဏာရှင် အစိုးရအတွက်တော့ ခြွင်းချက်သာဖြစ်သည်။ ၎င်းတို့အတွက် ဘုရားမရှိ၊ တရားမရှိ၊ သံဃာမရှိပါ။ ၎င်းတို့၏ ကိုးကွယ်ရာသည် အာဏာသာဖြစ်ခဲ့သည်။ မြန်မာ စစ်အစိုးရသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ငြိမ်းချမ်းစွာ မေတ္တာပို့ လှည့်လည်ခဲ့ကြသော သံဃာတော်များအား ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သလို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြသည်။

သံဃာတော်တို့၏သွေးဖြင့် သံဃာတော်တို့၏ သင်္ကန်းရောင်အား ပိုမိုနီစွေးစေခဲ့သည်။ အပြင်းအထန် ယုတ်မာပက်စက်စွာ အကြမ်းဖက် နှိမ်နင်းမှုများ နောက်တွင်မူ သံဃာတော်များ၏ လှုပ်ရှားမှုမှန်သမျှကိုပါ ထိန်းချုပ်သွားရန် ရည်ရွယ်ဆောင်ရွက်လာခဲ့သည်။ ပထမဦးစွာ ဘုန်းတော်ကြီးများ၏ တရားပွဲများတွင် အစိုးရဆန့်ကျင်ရေး စကားလုံးများ မပါစေရပါဟု ခံဝန်ကတိအား လက်မှတ်ရေးထိုးစေသည်။ ထိုအခြေအနေသည် အလွန်စက်ဆုပ်ဖွယ်ရာ လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောစရာမလိုပါ။ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ရှင်တော်ဗုဒ္ဓ၏ တရားတော်များ မတိမ်ကော၊ မပပျောက်အောင် ဟောပြောခဲ့ကြသည်။ တရားနာ ပရိသတ်ကလည်း ကြည်ညို မြတ်နိုးစွာဖြင့် တလေးတစား နာယူ ခဲ့ကြသည်။

ရဟန်းတော် အရှင်မြတ်များအနေနှင့် ဒကာ၊ဒကာမများ တရားတော်၏အနက်ကို ထဲထဲဝင်ဝင် နားလည်စေရန် ခေတ်အခြေအနေနှင့် ကိုက်ညီသော အဖြစ်အပျက်များ၊ ဥပမာများနှင့် ဝေဝေဆာဆာ ဟောပြောခဲ့သည်မှာ အစဉ်အလာဖြစ်သော်လည်း ယခုကဲ့သို့ ကန့်သတ်မှုများကြောင့် အရှင်မြတ်များ နှလုံးမသာမယာ ဖြစ်ကြရရှာသည်။ ရဟန်းတော်များသည် သူတော်စင်များ ဖြစ်ကြသည့်တိုင် ဗုဒ္ဓ၏ သားတော်များအချင်းချင်း စည်းလုံးမှုကို အခြေခံပြီး စက်တင်ဘာလ အရေးအခင်းအတွက် မြန်မာအစိုးရအပေါ် အမြင်မကြည်မှု ရှိနေမည်မှာ လူတိုင်းလက်ခံနိုင်သည့် အခြေအနေ တစ်ရပ် ပင်ဖြစ်သည်။ မည်မျှအကျင့်ဖြူစင်ပြီး သည်းခံစိတ် မွေးမြူနိုင်သည့် ကိုယ်တော်များ ဖြစ်စေကာမူ ပုထုဇဉ်တို့အနေနှင့် စစ်အစိုးရ ကျူးလွန်ခဲ့သော ယုတ်မာသည့်အမှုအတွက် ဥပက္ခောတရား လက်ကိုင်ပြုကာ မျက်စိမှိတ် နေနိုင်မည် မဟုတ်ပါချေ။

ထို့ကြောင့်လည်း တရားပွဲများတွင် စစ်အစိုးရ၏ လုပ်ရပ်များအား ပညာသားပါပါ ရှုတ်ချဟောပြောခဲ့သဖြင့် အစိုးရမှာ အချို့ဓမ္မကထိက ကိုယ်တော်များအား တရားဟောခွင့် ပိတ်ပင်မှုများပင် ပြုလုပ်ခဲ့ကြသည်။ သံဃာတော်များ ဟောပြောသော တရားတို့သည် နိုင်ငံရေး တိုက်ခိုက်မှုများအတွက် ဦးတည်ထားခြင်း မရှိခဲ့ပါ။ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် တရားတော်တို့ကိုသာ အခြေခံပြီး ကိုးကားထားလေ့ရှိပါသည်။ သို့သော်လည်း ဒေဝဒတ်နှင့် မာရ်နတ်တို့ နှစ်ဦးပေါင်းလျင်တောင် မလုပ်ဝံ့လောက်သည့် လူမဆန်သော ဗုဒ္ဓဘာသာ ချိုးနှိမ်မှုများ ကျူးလွန်ထားသည့် မိစ္ဆာတစ်ပိုင်း၊ အာဏာရူးတစ်ပိုင်းတို့အတွက်မူ အနာပေါ် တုတ်ကျမျှ ဆတ်ဆတ်ခါကြရသည်။ ထို့နောက်တွင်မူ သံဃာတော်များအား တရားဟောခွင့် ပိတ်ခဲ့ကြလေတော့သည်။ အံ့ဩစရာတော့ အလွန် ကောင်းပါ သည်။ ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံကြီးတစ်နိုင်ငံတွင် ထေရဝါဒ ရဟန်းတော်များ၏ တရားဟောခွင့်အား ထေရဝါဒကို စောင့်ရှောက်ပါသည်ဆိုသော သာသနာပြု အစိုးရက တားမြစ်ပါသည်တဲ့။ မည်မျှ တရားကျ သင့်ပါ သနည်း။

နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါ၀င်နေသော ကိုယ်တော်များကိုလည်း စစ်အစိုးရ အာဏာပိုင်များက မေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြသေးသည်။ စစ်အစိုးရနှင့် ရာထူးရာခံ အဆင့်ဆင့်တို့က လေဘေးသင့် ပြည်သူများအတွက် နိုင်ငံတကာမှ လှူဒါန်းသော အထောက်အပ့ံများအား ရသလောက် ခေါင်းပုံဖြတ်နေကြချိန်တွင် သံဃာတော်များက Organize လုပ်ကာ အလှူငွေများ ကောက်ခံစုဆောင်းပြီး လေဘေးသင့် ကျေးရွာများထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းကြ သည်။ သို့သော်လည်း ထိုလုပ်ရပ်များကို စစ်အစိုးရက မကျေမနပ် ဖြစ်နေတတ်ပြီး သံဃာတော်များ ၏ လုပ်ဆောင်မှု အဆင့်ဆင့်ကို ထောက်လှမ်းနေခဲ့ကြောင်း ဘုန်းတော်ကြီးများက ပြန်လည် မိန့်ကြား ခဲ့ကြသည်။ စက်တင်ဘာလ သံဃာတော်များ ဆန္ဒပြပွဲအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါ၀င်ခဲ့သော ကျောင်းတိုက်များအနေနှင့်မူ ဆိုဖွယ်ရာပင် မရှိတော့ပါချေ။

ဒကာ၊ ဒကာမများက လှူဒါန်းထားသော သံဃာပိုင်ပစ္စည်းများကို မိုက်ကြေးခွဲ သိမ်းယူသည်။ သံဃာပျိုုများကို ဖမ်းဆီးထောင်ချသည်။ လှူဒါန်းထားသည့် ကားအသိမ်းခံရသူ ဆရာတော်တစ်ပါးက ၎င်းအနေနှင့် ခြေထောက်ကို ရိုက်အချိုးခံရသလို ထင်မှတ်မိကြောင်း၊ ဆရာတော်၏ သာသနပြု လုပ်ငန်းများအတွက် ခရီးဝေးသွားလာမှုများ လိုအပ်ချိန်တွင် ကားမရှိမှုက စိတ်သွားတိုင်းကိုယ်မပါ ဖြစ်စေကြောင်း မိန့်တော်မူရှာသည်။ ဆရာတော်တစ်ပါးကမူ နာဂစ်ဒဏ်ခံ ဒေသအတွင်း ဒုက္ခသည်များအား ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့များကြောင့် ကြည်နူးမိကြောင်း၊ သို့သော်လည်း ထိုအသင်းများသည် အခြားသော ဘာသာရေးကို အခြေခံပြီး သာသနပြု လုပ်ငန်းများ ပူးတွဲဆောင်ရွက်ကာ ဒုက္ခသည်များကို သိမ်းသွင်းသွားခဲ့ကြောင်း၊ ထိုသို့သော ဘာသာရေးသိမ်းသွင်းမှုများအား အပြစ်မဆိုချင်သော်လည်း သာသနာ့ ဒါယကာအဖြစ် ခံယူထားသော အစိုးရ၏ ညံ့ဖျင်းမှု ကြောင်း ဗုဒ္ဓသာသနာ၏ အရှိန်အဝါ ငြှိုးနွမ်း လာမည်ကို စိုးရိမ်မိကြောင်း ရင်ဖွင့်တော်မူ ခဲ့သည်။

လက်တွေ့တွင်မူ အဆိုပါဆရာတော်အနေနှင့် အစိုးရအား သာသနာတော်၏ ဒါယကာအဖြစ် သတ်မှတ်နေသေးသည်မှာ အံ့ဩစရာ အခြေအနေပင် ဖြစ်ပါသည်။ ရဟန်းတော်တွေကို သတ်သည်။ ထောင်ချသည်။ အတင်းအကြပ် လူဝတ်လဲခိုင်းသည်။ သေလျင်တောင် ငရဲကြီးရှစ်ထပ်အနက် မည်သည့်ငရဲတွင် အပြစ်ပေးရမည်ကို ယမမင်းခမျာ အတော်လေး ခေါင်းစားဖွယ်ရှိသော အနှီမသူတော် ဒုစရိုက်၊ ရာဇဝတ်ကောင် သာသနာဖျက် သန်းရွှေနှင့် အပေါင်းအပါများသည် သာသနာတော်၏ ဒကာတော်များအဖြစ် သတ်မှတ်နိုင်ရေးမှာ အလွန်မအပ်မရာသော အခြေအနေ ပင်ဖြစ်ပါ သည်။ မြတ်ဗုဒ္ဓ၏ တပည့်သား ရဟန်းတော်တို့သည် ဘုရားရှင်၏ အဆုံးအမတွင် မွေ့လျော်ကာ တရားတော်နှင့် ငြိမ်းချမ်းမှုကို ရှာဖွေနေခဲ့ကြသူများသာ ဖြစ်ကြပါသည်။ သို့သော်လည်း ကံဆောင်ခြင်းနှင့်အတူ ဒကာ၊ ဒကာမများ ကြံုတွေ့နေရသည့် အခက်အခဲများအတွက် မေတ္တာလက်နက်ဖြင့် စစ် အစိုးရအား ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့ပါသည်။ သို့သော်လည်း မအောင်မြင်ခဲ့ပါချေ။ လူသားတို့ အကျိုးနှင့် ငြိမ်းချမ်းရေးကို လိုလားသော အရှင်မြတ်တို့၏သွေးသည် မြန်မာနိုင်ငံ၏ သမိုင်းစဉ်ကို အသရေ ညှိုးနွမ်းစေ ခဲ့ပါပြီ။

စစ်အစိုးရကား မိုက်ရိုင်းမြဲ၊ ယုတ်မာနေဆဲဖြစ်သလို သံဃာတော်များကိုလည်း ပိုမိုဖိနှိပ်လာခဲ့ပါသည်။ ထိုသို့သော လူမသမာများ၊ လူ့အန္ဓများအတွက် ငရဲမရှိတော့ပြီလော မပြောတတ်ပါ။ ဘုရားရှင်၏ ခြေမတော်တွင် အနာဖြစ်စေခဲ့သော ဒေဝဒတ်ကိုဖြင့် မဟာပထဝီမြေကြီးက ခွင့်မလွှတ်နိုင်ဘဲ ၀ါးမြိုခဲ့ပါပြီ။ ဘုရားရှင်ဟောကြားသော တရားတော်အတိုင်း ကျင့်ကြံအားထုတ်နေကြသည့် ရဟန်းတော်များ၏ မဏိတော်ကို နံပါတ်တုတ်နှင့်ရိုက်၊ သင်္ကန်းမြင်သမျှ သေနတ်နှင့်ပစ်၊ စစ်ဖိနပ်နှင့် ကန်ခဲ့သော ခေတ်သစ် ဒေဝဒတ်များကရော။ သူတို့အတွက် မဟာအဝီစိမှ ငရဲမီးလျံသည် ထိုက်တန်သော အပူဒဏ်ကို ပေးနိုင်ပါ့မလား။ အကုသိုလ်သမားတို့ သေခါမှ နိမိတ်ထင်မည့် လမ်းစဉ်များအတွက် ပြည်သူတစ်ရပ်လုံး အမုန်းတရားနှင့် မျှော်လင့်နေမည်ကို သန်းရွှေတို့လူစု သိစေချင်ပါတော့သည်။

 ပန်းစုလှိုင် ( လူထုအသံ- ရန်ကုန် )

LEAVE A REPLY

Please enter your comment!
Please enter your name here