နေမျိုးနွယ်တို့ သောက်တဲ့ လဘက်ရည်

alt

လက်ဖက်ရည်ပွဲ အခမ်းအနားလို့ ဆိုလိုက်ရင် နိုင်ငံခြားသား တော်တော်များများက ဘာလဲ?

ဘယ်လိုမျိူးလဲ ထင်မြင်စရာတွေ ရှိလာ ပေမယ့် လက်ဖက်နဲ့ လက်ဖက်ရည် အချို၊ လက်ဖက်ရည် အကြမ်းဝိုင်း ဆိုတဲ့ ယဉ်ကျေးမူ ရှိခဲ့တဲ့ မြန်မာလူမျိုးတွေ အဖို့တော့

သိပ်ပြီး စိမ်းမယ် မထင်မိပါဘူး။

ကျနော်ကိုယ်တိုင်က ငယ်စဉ်ကတည်းက အဖွားနဲ့ ကြီးပြင်းခဲ့ရတဲ့ လူဖြစ်လို့ သိတတ်စ အရွယ် ကတည်းက လက်ဖက်နဲ့ လက်ဖက်ရည် အကြမ်းကို ခုံမင်နှစ်သက် မိသလို ပြည်ပရောက်နေတဲ့ အထိ လက်ဖက်၊ လက်ဖက်ရည်ကြမ်းကို စွဲစွဲမြဲမြဲ နှစ်သက် သုံးစွဲနေစဲပါ၊ မြန်မာပြည်က လက်ဖက် ထွက်တဲ့ ရှမ်းပြည် ဒေသက အဘိုးအဖွားတွေဆို စားလဲ ဒီလက်ဖက်၊ သောက်လဲ ဒီလက်ဖက်မို့ ဆေးဖက်ဝင်တဲ့ လက်ဖက်ကြောင့် သေယင် တောင် မပုပ်ဖူးလို့ ကြားဖူးပါတယ်။

လက်ဖက် မိတ်ဆက်

ဂျပန်ရောက်တော့လည်း လက်ဖက်ရည်ကြမ်း (၀ါ) ရေနွေးကြမ်းတွေဟာ ပုံစံမျိုးစုံနဲ့ ရှိနေပြီး လက်ဖက်ခြောက် တွေဟာလည်း အမျိုးအမည်ကိုု စုံနေအောင်ကို ရှိနေတာ တွေ့ရပါတယ်၊ ဂျပန်တွေလည်း လက်ဖက်ရည်ကြမ်း ကို တော်တော် စွဲလမ်းနှစ်သက်စွာ သောက်သုံးနေကြသလို၊ လက်ဖက်ရည်နဲ့ ပတ်သက်တဲ့ အခမ်းအနား ပွဲတွေလည်း နေရာ တော်တော်များများမှာ ဒူနေရာဒူး တော်နေရာတော် ရှိနေတာကိုပါ သိခဲ့ရပါတယ်။

ဒီနေရာမှာ တခုရှင်းပြချင်တာက မြန်မာ အခေါ်အဝေါ် အသုံးအစွဲတွေဟာ သူ့နေရာနဲ့သူ ခွဲခြား သတ်မှတ် ခေါ်ဝေါ်နေတာတွေ ရှိနေတာမို့ ဂျပန်က လက်ဖက်ရည်သောက်သုံးမှု ယဉ်ကျေးမူအကြောင်း မရေးခင် ရှင်းပြချင်ပါတယ်။

မြန်မာမှာက လက်ဖက်ခြောက်ကို နှပ်ပြီးသား အချိုခြောက်ရယ် ပေါင်းခံအခြောက်ခံ ထားတဲ့ အကြမ်းခြောက်ရယ် နှစ်မျိုးရှိသလို အချိုခြောက်ကို နို့ဆီ၊ သကြားထည့် ရောစပ်ပြီး သောက်တာကို လက်ဖက်ရည်လို့ သတ်မှတ် ခေါ်ဝေါ်ကြသလို၊ သူ့ကို နိုင်ငံတာကာမှာတော့ “ချာ” လို့ပြောယင် လူသိများပါတယ်၊ အမှန်တော့ ဒီစကားက တရုတ် ဘာသာ စကားကနေ ဆင်းသက်တာပါ၊ မြန်မာတွေ အကြမ်းခြောက်လို့ ခေါ်တဲ့ လက်ဖက်ခြောက်ကို ရေနွေးထဲ ခပ်သောက်တာကိုတော့ လက်ဖက်ရည််ကြမ်း (၀ါ) ရေနွေးကြမ်းလို့ သတ်မှတ် ခေါ်ဝေါ် နေကြတာမို့ အတော်တော်များများက လက်ဖက်ရည်လို့ ပြောရင် ဆိုင်တွေမှာ ဖျော်ရောင်းတဲ့ လက်ဖက်ရည် အချိုလို့ ထင်မြင်ယူစရာ ရှိလာနိုင်တာမို့ပါ။

ဂျပန်ရဲ့ လက်ဖက်ရည် သောက်သုံးမှုဆိုတာ အမှန်တော့ လက်ဖက်ခြောက် အမှုန့်၊အရွက်ကို ရေနွေးထဲထည့် သောက်လို့ရတဲ့ လက်ဖက်ရည်ကြမ်း ရှိသလို၊ အအေးခံပြီး သောက်ကြတဲ့ လက်ဖက်ရည်ကြမ်း၊ အပူ၊ အအေး နှစ်မျိုးရှိပြီး အိုချ (ocha) အင်္ဂလိပ်လိုတော့ တီး (Tea) ပေါ့၊ ဒီအကြောင်းကို ကျနော်ရေးတဲ့ အခါမှာလည်း သူ့လူမျိုးနဲ့ သူ့ယဉ်ကျေးမူကို လေးစားသမှုပြုတဲ့ အနေနဲ့ ထင်သာမြင်သာအောင် လက်ဖက်ရည်လို့သာ သုံးနှုန်းပါ့မယ်။

ရာဇဝင်ထဲက လက်ဖက်

လက်ဖက်ရည် သောက်သုံးမူနဲ့ ပတ်သက်တဲ့ သမိုင်း ရာဇဝင်တွေက တော်တော်များများ ရှိသလို၊ ကျယ်ပြန့် နက်ရှိုင်းလွန်းလှပါတယ်၊ လက်ဖက်ခြောက််ကို စခဲ့တာ တရုတ်ပြည်ဖြစ်ပြီး၊ ဂျပန်တွေယုံကြည်တဲ့ တရုတ်် ရာဇဝင်တွေထဲ မှာတော့ ဘုရားအလောင်းအလျာ ဗောဓိဓမ္မဟာ လှဲလျောင်းအိပ်ရင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာမှ အိပ်မက်အစဉ်တွင် သူ့ရဲ့ မျက်ခွံတော်ကို လက်နဲ့ ဆွဲခွာ၍ မြေကြီးပေါ်သို့ ပစ်ချလိုက်ရာမှ ထိုမျက်ခွံတော်မှ မြေကြီးတွင် အမြစ်တွယ်ပြီး အပင်ပေါက်ရောက်လာတာက အစပြုလာတာလို့ ယုံကြည်ကြပါတယ်။

ကိုလိုနီတို့ရဲ့ လက်ဖက်

အမှန်ကတော့ ဒီ လက်ဖက်ရာဇဝင်ကို ဗြိတိသျှတွေ စစ်ပြု၊ ကိုလိုနီပြုရလောက်အောင်ကို စွဲမက်ခဲ့သူ အင်္ဂလန်နိုင်ငံသားတွေ သုတေသန ပြုထားတာကတော့ ခရစ်တော်မပေါ်မီ ၂၇၃၇ ခုနှစ်မှာ တရုတ်ပြည် ဧကရာဇ်ပြည့်ရှင် ရှန်နန်ဟာ လက်ဖက်ပင်အနီး ထိုင်နေပြီး အမှုတော်ထမ်း တဦးဟာ အနီးအနားမှာ ရေနွေးကျိုနေပါသတဲ့၊ လက်ဖက်ပင်က လက်ဖက်ရွက်ဟာ လေတိုက်လို့ ကြွေပြီး တည်ထားတဲ့ ရေနွေးအိုးထဲ ကျပါလေရော ဧကရာဇ်ပြည့်ရှင်ဟာ ဒီရေနွေးကို သောက်သုံးတော်မူတဲ့ အခါ Camellia sinensis တရုတ်ဖဲယောင်းပန်းပင် လို ဆေးဖက်ဝင်တဲ့ အာနိသင် ရှိပြီး လူရဲ့ခွန်အားတိုးပွား လန်းဆန်းတာ သိရှိရတော့ အမှတ်တမဲ့ ဖြစ်ရပ်ကနေ တရုတ်နန်းရင်း ဆေးပညာရှင်တွေ သိရှိလိုက်ရတော့ အံမခန်း ဖြစ်သွားတာ ယနေ့ ကျနော်တို့ ခင်ဗျားတို့ သောက်သုံးနေတဲ့ လက်ဖက်ပေါ့။

လက်ဖက်သမိုင်း အကြီးအကျယ် ရှိခဲ့တဲ့နေရာကတော့ တရုတ်၊ အိန္ဒိယ နှင့် ဂျပန်နိုင်ငံ ၃ခုသာ ရှေးသမိုင်းများ ထဲထဲဝင်ဝင် ရှိခဲ့သည်ဟု အဘိဓါန်ကျမ်းများတွင် ဖေါ်ပြထားသည်၊ ဂျပန်ပြည်ကို လက်ဖက်ရည်ကြမ်း စရောက်တာ ဘီစီ(၉)ရာစုနှစ်လောက်က စခဲ့တာပါ။ ဂျပန်က ဗုဒ္ဓဘာသာ (မဟာယန) ဘုန်းတော်ကြီးတွေ သာသနာပြုလှည့်လည်ရာကနေ တရုတ်ပြည်က လက်ဖက်ခြောက်ကို ဂျပန်ပြည်ကို ယူလာပြီး လက်ဖက်ရည်အဖြစ် သောက်သုံးခဲ့ကြတာ ဖြစ်ပြီး ဘီစီ၉ရာစုမှ ၁၂ရာစုအထိ လက်ဖက်ရည် သောက်သုံးမှုဟာ ဘုရင်၊ ဘုန်းတော်ကြီးများနှင့် နန်းတွင်း အရာရှိများလောက်သာ သောက်သုံးခွင့် ခွင့်ရှိခဲ့ကြတာပါ။

လက်ဖက် ဘယ်လဲ? ဘာလဲ!

တရုတ်ပြည်က သာသနာပြု ပြန်ရောက်လာတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး YaiSe MyoAnဟာ ကျိုတိုက ဘုန်းတော်ကြီးကျောင်းအနီးမှာ လက်ဖက်အပင်ကို ဆေးဖက်ဝင်အပင် အဖြစ်စတင် စိုက်ပျိုးခဲ့ပြီး လက်ဖက်ရည် သောက်သုံးခြင်းအားဖြင့် အသိဉာဏ် စွမ်းအားပွင့်လင်းစေပြီး ကောင်းကင်က တရားထူးတွေကို လျှင်မြန်စွာ ရရှိစေတယ်လို့ ပြောဆိုခဲ့သလို ကျန်းမာရေးအတွက် လက်ဖက်ရည်ကြမ်း သောက်ကြစို့ ဆိုတဲ့စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ရာက စလို့ ဘုန်းတော်ကြီးကျောင်းနဲ့ ဘုရင့် နန်းတွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် သောက်သုံးလာမှုတွေကြောင့် တပည့်ဖြစ်သူ တရုတ်ပြည်က ပြန်လာရောက်လာတဲ့ အခါ လက်ဖက်ရည်ကြမ်း သောက်သုံးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုပါ ဂျပန်ကို သယ်ယူလာခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ ဖျော်စပ်ပုံ စနစ်တွေကိုပါ ပြုလုပ် သောက်သုံးခဲ့ကြတယ်။

ဒီလိုနဲ့ ဆာမူရိုင်းခေတ် ရောက်တဲ့အခါမှာတော့ လက်ဖက်ရည်သောက်သုံးတဲ့ ယဉ်ကျေးမူဟာ တော်တော်လေး ပျံ့နှံ့လာခဲ့ပါပြီ၊ လက်ဖက်ရည်ကြမ်း (၀ါ) ရေနွေးကြမ်းခြောက် လက်ဖက်ရည်ကြမ်း သောက်သုံးမူဟာ တနေ့ထက်တနေ့ ပိုမိုပျံ့နှံ့လာသလို လက်ဖက်ခြောက်တွေလည်း ပုံစံအမျိုးမျိုး၊ အမည် အမျိုးမျိုးနဲ့ကို ရှိနေကြပါတယ်၊ လက်ဖက်ရွက်မှာ ဗိုက်တာမင်စီ(Vitamin C )၊ ဗိုက်တာမင်အီး(Vitamin E ) တွေ ပါ၀င်နေမှုတွေအပြင်၊ ပုံမှန် မှီဝဲခြင်းအားခြင်း မှတ်ဉာဏ် တိုးပွားစေခြင်း၊ သွေးနီဥကို တိုးပွားစေပြီး၊ သွေးလည်ပတ်မှု အားကောင်းစေပါတယ်။

ဂျပန် လက်ဖက်ရည်ပွဲ အခမ်းအနား

လက်ဖက်ရည်သောက် အခမ်းအနားကို စဒိုးလို့ ခေါ်သလို ချဒိုးလို့လည်း ခေါ်ကြပါတယ်။ လက်ဖက်ရည်ပွဲ လုပ်တဲ့ နေရာဒေသ၊ အဖျော်ဆရာတွေက တဦးနဲ့တဦး လက်ရာ အယူအဆ မတူညီကြသလို သူတို့ရဲ့ ဖျော်တဲ့ စနစ် သတ်မှတ်တဲ့ ဥပဒေသတွေကလည်း ကွဲပြားခြားနားမှု တွေရှိနေကြပါတယ်၊ ဂျပန်လူမျိုးတွေတောင် ရှေးစနစ်တွေကို မသိနိုင်ကြပါဘူး၊ သိသလောက်၊ ရောက်ဘူးတဲ့ နေရာက လုပ်နည်းနဲ့ စနစ်လေးကိုဘဲ ရေးပြလိုက်ပါ့မယ်။

အဲဒီ လက်ဖက်ရည်ပွဲမှာတော့ Matcha လို့ခေါ်တဲ့ အစိမ်းရောင် လက်ဖက်မှုန့်ကို အသုံးပြုကြပြီး လက်ဖက်ရည် သောက်တဲ့ နေရာမှာ လက်ဖက်ရည် သောက်ခန်းဆိုတာတွေ သီးသန့် ရှိပါတယ်၊ အဲဒီ အခန်းမျိုးတွေရဲ့ နေရာဟာ ဘေးပတ်ဝန်းကျင်က ပန်းဥယျာဉ်လို မျိုးလေးရှိတဲ့ နေရာမှဖြစ်ပြီး သဘာဝ အနေအထားတွေနဲ့ ရှိနေတဲ့ နေရာဖြစ်အောင် ပြင်ဆင်ထားရပါတယ်၊ လက်ဖက်ရည် သောက်ခန်းကို ၀ါးနဲ့ တည်ဆောက်ထားပြီး တတမီ(Tatami) လို့ခေါ်တဲ့ ဂျပန်မြက်ဖျာခင်းထားတဲ့ အပေါ်မှာ အဖျော်ဆရာ၊ ဆရာမက ကီမိုနဲ့ ထိုင်နေပြီး သောက်သုံးမယ့် သူက အနည်းဆုံး ၃ယောက်မှ ၅ယောက်ခန့်ရှိမှ ပျော်ဖို့ကောင်းပါတယ်။

တန်းစီ ထိုင်နေပြီးမှ အဖျော်ဆရာ၊ ဆရာမ ရှေ့မှာတော့ မြက်ဖျာကို လေးထောင့်ကွက်ဖောက်ပြီး အထဲမှာ မီးဖိုရှိနေကာ၊ အဲဒီ မီးဖိုပေါ်မှာတော့ ရေနွေးအိုးတလုံးနဲ့ ရေနွေးတည်ထားပြီး၊ လက်ဖက်ရည် ဖျော်ကျောက်ခွက်၊ ၀ါးဖြင့် ပြုလုပ်ထားတဲ့ မွှေတံ၊ လက်ဖက်ရည်မှုန့် ထည့်ခွက်နဲ့ ဇွန်း အပြင် ဧည့်သည်သောက်ဖို့ ချဝမ်(chawan)လို့ ခေါ်တဲ့ လက်ဖက်ရည် သောက်ခွက်လည်း ရှိနေပါတယ်၊ ဧည့်သည်နဲ့ ဆရာမကြားမှာ လက်ဖက်ရည်ခွက်ချဖို့ နေရာတခု ရှိနေသလို အလှည့်ကျ ဧည့်သည်တဦးချင်းစီမှ မိမိသောက်ဖို့ အလှည့်ရောက်မှ ရှေ့ထွက်ထိုင်ပြီး အဖျော်ဆရာ/မ ဖျော်ပေးတဲ့ခွက်ကို စောင့်ရပါတယ်။

ဖျော်ပြီးတဲ့ Matcha ခွက်ကိုပေးတဲ့အခါမှာ ချဝမ်(chawan) လက်ဖက်ရည်ခွက်ပေါ်မှာ ရှိနေတဲ့ ပန်းရုပ်လေးတွေ ပေါ်နေတဲ့ အလှဖက်ကို ဧည့်သည်မြင်သာအောင် ကမ်းပေးလေ့ရှိပြီး ဧည့်သည်မှ ခွက်ကို ကမ်းယူပြီး ဘယ်ဖက်လက်နဲ့ ပန်းကန်အောက်ခြေကို ထိမ်းထားပြီး ညာဘက်လက်နဲ့ ၃ခါလှည့် ပြီးမှ အရုပ်ရှိတဲ့နေရာကို နှုတ်ခမ်းရှိတဲ့နေရာမှာမထားဘဲ အဖျော်ဆရာမဘက်မှာ လှည့်ထားပြီးမှ ခွက်ထဲက လက်ဖက်ရည်စိမ်းကို ၃ကြိမ် သောက်ရပါတယ်၊ အရသာက ခပ်ပစ်ပစ်၊ ခါးရှတတမို့ သောက်ပြီးခွက်ကို ခွက်ချမယ့် နေရာလေးမှာ အသာအယာချလို့ အသင့်ပါလာတဲ့ လက်ကိုင်ပဝါ အဖြူနဲ့ နှုတ်ခမ်းကို သုတ်ပြီးမှ ဂျပန် အချိုမုန့်တခုကိုပါ သုံးဆောင်ပေးရပါတယ်။

တခုပြောချင်တာက အဖျော်ဆရာ/မနဲ့ ဧည့်သည်တွေကြားမှာ communication လို့ခေါ်တဲ့ အပြန်အလှန် ရင်းနှီးဆက်သွယ်မှု ရှိနေရပါမယ်၊ အမှန်တော့ အလာပ သလာပပါ၊ ဥပမာ … ရေနွေးခွက်လေးက လှလိုက်တာနော်၊ ဆရာမဝတ်ထားတဲ့ ကီမိုနိုလေးက လှလိုက်တာ ဘာညာပေါ့ အဲဒီအခါ ဆရာမက ခွက်ကလေးက ဘယ်ကလုပ်တာလဲ ?

ဘာညာဆိုပြီး ရာဇဝင်ကို ပြောပြတော့တာ ပါဘဲ၊ ကျနော်ကတော့ အဖျော်ဆရာမလေးကို ဆရာမက လှတယ်နော်လို့ ပြောလိုက်မိတဲ့ အတွက် အတူသွားတဲ့ သူငယ်ချင်းတွေက ၀ုိင်းရီလိုက်ကြတာ၊ ဆရာမလေးက သူလှရခြင်း ရာဇဝင်ကို မရှင်းပြဘဲ ပြုံးပြုံးလေး နေနေတာကိုဘဲ တွေ့လိုက် ရပါတော့တယ်။

ဂျပန်ရိုးရာ လက်ဖက်ရည် သောက်ရခြင်း အကြောင်းအရင်းက ၄မျိုးပဲ ရှိပါတယ်

  • (၁) လေးစား ရိုသေထိုက်သူ များအား လက်ဖက်ရည် တိုက်ခြင်း။

  • (၂) များစွာ စေတနာရှိပြီး ဖြူစင် ရိုးသားမှုများ အတွက် တိုက်ခြင်း။

  • (၃) စိတ်အတွင်း အပြင်တို့ အတွက် သန့်ရှင်းသော ဝိညာဉ်တော်ကို ခေါ်ယူ မစတော် မူသဖြင့် တိုက်ခြင်း။

  • (၄) သဘောတူ ညိနှိုင်းမှု ပြေလည်သော အချိန်၌ တိုက်သော လက်ဖက်ရည်ဟု အဓိက လေးမျိုး ရှိသည်ဟု သိရှိရသည်။

ဂျပန်ရဲ့ လက်ဖက်ရည်ပွဲ ဆိုတာတကယ်တော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက စတင်ခဲ့တာ ဖြစ်ပြီး၊ ဂျပန်ရဲ့ ရှေးဟောင်း ယဉ်ကျေးမူ တခုထဲမှာ ပါ၀င်နေတာ ဖြစ်တာကြောင့် ယနေ့ ခေတ်မှာတော့ အဲဒီ လက်ဖက်ရည်ပွဲ အခမ်းအနားတွေဟာ ခေတ်စားမှု မရှိတော့ သလောက်ပါဘဲ၊ လက်ဖက်ရည်ပွဲက ခေတ်မစားတော့ ပေမယ့် လက်ဖက်ရည်လို့ ခေါ်တဲ့ ရေနွေးကြမ်း သောက်သုံးမူကတော့ ဂျပန်မှာ ထဲထဲဝင်ဝင် ပျံ့နှံ့လျှက်ရှိပြီး လှပတဲ့ ပလတ်စတစ်ဗူး၊ သံဗူးလေးတွေနဲ့ ပုံစံအမျိုးမျိုး၊ အမည်အမျိုးမျိုး၊ တံဆိပ်အမျိုးတွေနဲ့ စတိုးဆိုင်နဲ့ လမ်းဘေးစက်လေးတွေမှာ ဈေးနှုန်းချိုသာစွာနဲ့ ၀ယ်ယူအားပေး သောက်သုံးနိုင်ကြပါတယ် ဆိုတဲ့ အကြောင်းနဲ့ နက်ရှိုင်းပြီး ကျယ်ပြန့်လှတဲ့ ဂျပန်ရဲ့ လက်ဖက်ရည်ပွဲ အကြောင်းကို လိုရင်း လောက်သာ သိသာအောင် ရေးသားလိုက် ရပါတယ်။

ကမာနီလာ ( တိုကျိူ )

LEAVE A REPLY

Please enter your comment!
Please enter your name here