ချည်တုပ်ထားသော ဗဟုသုတ၊ အင်ဖော်မေးရှင်း

alt

လွန်ခဲ့သော သုံးနှစ် ဝန်းကျင်ခန့်၊ ကျွန်ုပ်သည် ပြည်တွင်းရှိ မီဒီယာကြီး တစ်ခုတွင် အယ်ဒီတာ အဖြစ် အလုပ်လုပ် နေ့စဉ်က

ဖြစ်သည်။ ဗိုလ်ကြီး အဆင့်ရှိ အရာရှိ တစ်ယောက် ရုံးခန်း ထဲသို့ ဗြုန်းကနဲ ဝင်လာရာ ဆိုင်းမဆင့် ဗုံမဆင့်ဖြစ် ၍ အဖမ်း အဆီး လေလား မျက်ခုံး လှုပ်စရာ ဖြစ်ပါ သည်။ ကျွန်ုပ်က အဝင်ဝ ဧည့်ခန်း နေရာတွင် သတင်းစာ ဖတ်နေ သည်။ ကိုယ် နှင့် မျက်နှာချင်း ဆိုင် တွေ့၍ ကိုယ် ကပဲ လာရခြင်း အကြောင်း ရင်းကို မေးမြန်း ရသည်။ သူက ရည်ရည် မွန်မွန်ပင် ပြီးခဲ့ သည့် တစ်ပတ် က ကျွန်ုပ်တို့ ဆီမှ ထုတ်ဝေသော ဂျာနယ် တစ်စောင် ကို လက်ကျန် ရှိလျှင် ဝယ်ယူ လိုပါ သည် ဟု ဆို သည်။

ထိုင်ခိုင်းပြီး အလွယ်တကူ ရှိနေသော ဂျာနယ်ကို ယူပေးရင်း သို့လော သို့လော ဖြစ်နေ သည်ကို မေးရ ပါသည်။ ဘာ အကြောင်း ရှိ၍များ တကူးတကဂျာနယ် လာဝယ်ပါသလဲဟူ၍။ သူက ရှင်းပြပါသည်။ သူ၏ ဝန်ကြီးသည် ကျွန်ုပ်တို့ ဂျာနယ်တွင် အပတ်စဉ် ဘာသာပြန် ဖော်ပြ နေသော နိုင်ငံရေး နှင့် ဘောဂဗေဒ ဆိုင်ရာ ဆောင်းပါးများ ၏ ပင်တိုင် ပရိသတ် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်က ဂျာနယ်ရောက်မလာ၍ မဖတ်ရသေးရာ ဝယ်ခိုင်းလိုက်သဖြင့် ကိုယ်တိုင်လာဝယ်ရကြောင်း ရှင်းပြလေသည်။ ကျွန်ုပ်တို့လည်း လစဉ် လက်ဆောင်ပို့နေကြဖြစ်ကြောင်း၊ သေချာအောင် လိပ်စာထပ်ပေးခဲ့ပါရန်နှင့် ယခုဂျာနယ်သာမက အခြားစာစောင်များပါ လက်ဆောင် အဖြစ်ယူသွားပါဟု ပေးလိုက်ပါသည်။

သူ၏ ဝန်ကြီးမှာ အလွန်ဓားထက်သည်ဟု လူသိများိပါသည်။ ထို့ကြောင့် ဗိုလ်ကြီးကိုယ်တိုင် ဂျာနယ်အဝယ်တော် ထွက်ရပုံရလေသည်။ ထိုဗိုလ်ကြီးပြန်သွားပြီးနောက် ကျွန်ုပ်ဆက်တွေးဖြစ်သော အကြောင်းကို ပြောချင်ပါသည်။ ဂျိုးဇက် စတစ်ဂလစ် (Joseph Stiglitz) ၏ Making Globalization Work ကို ဆရာကျော်ဝင်းဘာသာပြန်သော “လက်တွေ့အသုံးချ ဂလိုဘယ်လိုက်ဇေးရှင်း – ပထမတွဲ”ကို ဖတ်ရင်း အထပ်ပါနိဒါန်းနှင့် စိတ်ကူးချိတ်မိခြင်းဖြစ်ပါသည်။ ယခင်လုပ်ခဲ့ဖူးသော မီဒီယာကြီး၏ ခေါင်းကြီး (Editorial) အပါအဝင် ပေါ်လစီသုံးသပ်ချက် ဆောင်းပါးများကို စစ်ဖက် Elite များ စောင့်ဖတ်ကြသည်ကို သိထားပါသည်။ ခုနကပြောခဲ့သော အခန်းဆက် ဘာသာပြန်မှာ အငြင်းပွားဖွယ် ဖြစ်ဖူးပါသည်။

မိတ်ဆွေတစ်ဦး၏ ဝေဖန်ချက်အတိုင်း ပြောရပါလျှင် “ပရိသတ်လက်တစ်ဆုပ်စာကသာ စိတ်ဝင်စားသော၊ ထိုလက်တစ်ဆုပ်စာကလည်း အင်္ဂလိပ်လို တိုက်ရိုက်ဖတ်နိုင်သည့် လူတန်းစားမျိုးဖြစ်သော”စာ ဖြစ်ပါသည်။ ဘာသာပြန်သူများလည်း အတော်ဦးနှောက်ခြောက်ရသော စာအုပ်ဖြစ်ပါသည်။ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက အထက်ပါဝေဖန်ချက်ကို “ဖတ်တဲ့လက်တစ်ဆုပ်စာဟာ ပေါ်လစီမိတ်ကာတွေဖြစ်ပြီး သူတို့ခေါင်းထဲတစ်ခုခုဝင်သွားရင် လုပ်ရကျိုးနပ်ပြီ”ဟု တုံ့ပြန်ပါသည်။ ကျွန်ုပ််ဆိုလိုရင်း မရောက်သေးပါ။ ခေတ်သစ် နိုင်ငံတကာရေစီးကြောင်းနှင့်ပတ်သက်၍ ဆောင်းပါး၊ စာတမ်းတစ်ခုစီဖြစ်စေ၊ စာအုပ်လိုက်ဖြစ်စေ ရေးသားမိတ်ဆက်ကြသူများ ရှိကြပါသည်။ ထိုစာများကို အခုတ်တရဖတ်ကြသည့် လူငယ်မျိုးဆက်၊ Elite အသိုင်းအဝိုင်းလည်း ရှိကြပါသည်။

တကယ်တွင်မူ ထိုဆောင်းပါး၊ စာတမ်းများသည် ဆင်ဆာဌာနကို ဖြတ်သောအခါ စာတစ်လုံး၊ တစ်ပိုဒ်မှသည် တစ်ပုဒ်လုံးအထိ ပုံမှန်ဖြတ်တောက်ခံနေရသည်သာ။ အဖြတ်ခံရသည့်အထဲတွင် အဆီအသားတွေ၊ အနှစ်တွေ ပါကုန်သည်ကများသည်။ ကျန်သည့်အပိုင်းကို ကျန်သလောက် ဖတ်ရသည့် ပရိသတ်မှာ ဟင်းနှင့် မစားရဘဲ အိုးကပ်ကျန်သည့်ဟင်းကို ထမင်းနှင့် လူစားရသည့်နှယ်လည်း ဖြစ်တတ်ပါသည်။ ထိုလက်ကျန် အိုးကပ်လူးကို အနာဂတ်အတွက် သုတဝမ်းစာရှာသူလူငယ်များက အငမ်းမရ ဖတ်ကြသလို လတ်တလော မြန်မာပြည်မူဝါဒကို ပုံသွင်း (Shape) လုပ်နေသူအချို့ကလည်း ကြိတ်၍ ဖတ်ကြသည်လည်း ရှိပါသည်။

အစိုးရက ဆင်ဆာဖြတ်ပြီး အင်္ဂါမစုံပေးသည့်သုတ၊ အင်ဖော်မေးရှင်းကို သူတို့အစိုးရ Elite များကပင် အဟုတ်ကြီးလုုပ် ပြန်ဖတ်နေကြသည့် သံသရာကို ခြေရာခံမိသောအခါ ကိုယ့်ခြေထောက်ကိုယ် ကြိုးနှင့်တုပ်ပြီး ပြေးဖို့ကြိုးစားနေကြသူများလို မြင်မိပါသည်။ အင်္ဂလိပ်လို တိုက်ရိုက်ဖတ်ကြပေါ့ဟု ပြောချင်ပြောကြပါမည်။ မဖြစ်နိုင်သည့် ပထမအချက်မှာ စာအုပ်စာတမ်း လက်လှမ်းမီရန် မလွယ်ခြင်းဖြစ်သည်။ နောက်တစ်ချက်မှာ လတ်လတ်လောလောထွက်လာသည့် ကမာ္ဘ့ရေးရာ Issue ကို ကောက်ကိုင်ပြီးဖတ်နိုင်လောက်အောင် မြန်မာ့ပညာရေးက ပျိုးထောင်မပေးနိုင်ခဲ့သည်မှာ ဆယ်စုနှစ်နှင့် ချီလျက်ရှိပြီ။ ပညာရေး ရေချိန်တွင် မြန်မာပြည်မှာ ဇောက်ထိုးဆင်းနေသည်က ကြာချေပြီ။

ဗဟုသုတရေးရာကို ဗဟုသုတသဘောထက် အထက်ကငြိုငြင်မည့်အရေးတွေးပြီး ကိုယ့်ဘက်က Safe ဖြစ်အောင် တစ်ကြောင်းမသင်္ကာလျှင် တစ်ပိုဒ်ဖြုတ်၊ တစ်ပိုဒ်က ပြသာဒ်မီးလောင်နိုင်လျှင် တစ်ပုဒ်လုံးဖြုတ်ဟူသော ဆင်ဆာအဖွဲ့က တစ်ဘက်၊ ရသမျှကို အရိုးကျန်ကျန်ကိုက်ပြီး ကမာ္ဘ့ဖြစ်စဉ်ကို မျှော်ကြည့်ချင်သည့် (ယင်းတို့ အာဏာရှင် ပညာတတ်အပါအဝင်) ပရိသတ်က တစ်ဘက်နှင့် လှေတစ်စီးကို ဆန်းကျင်ဘက် ကျောချင်းကပ်၍ လှော်နေကြသည့်ပမာ ဆင်ဆာဘုတ်၊ မြန်မာ့မီဒီယာလောကနှင့် သုတ၊ အင်ဖော်မေးရှင်း စီးဆင််းရေးသည်လည်း ရှေ့မတိုးနောက်မဆုတ် ချာချာ လည်နေသည်ကိုသာ မြင်နေရပါတော့သည်။

ခက်ထန်

LEAVE A REPLY

Please enter your comment!
Please enter your name here