နီပွန်း နိုင်ငံတော်ရဲ့ အနာဂါတ်တွေ အကြောင်း

alt

နီပွန်းနော့ ၀ကမိုနို ဆိုတာ ကတော့ ဂျပန်က လူငယ်တွေ ရဲ့ အကြောင်း ဖြစ်ပါ တယ်၊ ဂျပန် က လူငယ် တွေ အကြောင်း ကို ရေးမယ် ဆိုတော့

တကယ်ရေးရင် တအားကို ကျယ်ပြန့်မှု ရှိတာရယ် ကျနော်ကိုယ်တိုင်က လူလတ်ပိုင်း အရွယ်ဖြစ် နေတော့ လူငယ်တွေ ဘဝကို ပြန်ဆင်း လေ့လာပြီး ရေးရပါတယ်၊ ပြည့်စုံမှု တော့ ရှိမယ် မထင် ပါဘူး ၊ ဒါပေမယ့် အားလုံး အတွက်ဂျပန်က ယနေ့ခေတ် ပုံရိပ်တွေ ရောင်ပြန်ဟပ်မဲ့ ဗဟုသုတ တစုံတရာ ရရှိမယ် လို့ တော့ ထင်ပါတယ်။

၀ကမိုနို

ဂျပန် လူငယ်လူရွယ်တွေကို ဂျပန်လိုတော့ ၀ကမိုနို (wakamono) လို့ခေါ်ပါတယ်၊ ဂျပန်နိုင်ငံ ရဲ့ ဥပဒေ သတ်မှတ်ချက်အရ အသက်၂၀ မပြည့်သေး သူတွေကို လူကြီးအဖြစ် အသိအမှတ် မပြုပါဘူး၊ အသက်၂၀ မပြည့်သေးတဲ့ ယောကျာင်္းလေး၊ မိန်းကလေးတွေဟာ မိဘရဲ့ အုပ်ထိမ်းမှု အောက်မှာရှိနေပြီး အရက်သောက်ခွင့်၊ ဆေးလိပ်သောက်ခွင့် နှင့် လူကြီးတွေ လုပ်ပိုင်ခွင့်ရှိတဲ့ အရာတွေကို လုပ်ပိုင်ခွင့် မရသေး၊ မရှိသေးတဲ့ အရွယ်ပေါ့၊ ဒါပေမယ့် တိုးတက်ပြီး ခေတ်မှီနေတဲ့ နီပွန်းက ဂျပန်လူငယ်တွေက ဒီသတ်မှတ်ချက် ဥပဒေတွေ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကြပါရဲ့လား ? ဆိုတဲ့ မေးခွန်းတွေ မေးလာနိုင်စရာ ရှိပါတယ်။
 
ဒီနေရာမှာ အုပ်စု နှစ်စု ခွဲပြောရမှာပါဘဲ၊ ရိုးရိုးသားသား နဲ့ ကျောင်းပညာကိုသာ စိတ်ဝင်စားပြီး ၀ါသနာပါရာ ဂီတ၊ အနုပညာနဲ့ တခြားအတတ်ပညာ၊ အသိပညာတွေကို ရည်မှန်းချက်ကြီးကြီး နဲ့ ကြိုးစားနေကြသူတွေ ရှိသလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လွတ်လပ်မှုနောက်ကို တကောက်ကောက် လိုက်ရင်း အပျော်အပါး၊ အလှအပ နောက်မှာ လိုက်ပြီး ဘဝကိုရေစုန် မျှောနေသူတွေလည်း ရှိနေကြတာပါဘဲ။

 

အဆိုး နဲ့ အကောင်းတွေ ဒွန်တွဲနေတဲ့ ဂျပန်လူငယ်

အလယ်တန်း ပညာသင်ကြားနေတဲ့ ဂျပန်လူငယ် တွေကတော့ ၁၃နှစ်၊ ၁၅နှစ် အရွယ်သာသာ လေးတွေပါ အဲဒီ အရွယ်တွေကတော့ ကျောင်းတက်၊ အပေါင်းအသင်း အစုအဝေးလေးတွေနဲ့ ကျောင်းပိတ်ရက်တွေမှာ တွေ့ဆုံကြပြီး လည်ကြပတ်ကြနဲ့ သာမာန်ကလေးဘဝကို ဖြတ်သန်း နေကြတာများပါတယ်၊ အလယ်တန်းအဆင့်ကို ကျော်ဖြတ်လို့ အထက်တန်း အဆင့်ကိုရောက်ကြတယ် ဆိုရင်ဖြင့် လူပျို အပျိုဖော်ဝင်နေတဲ့ သူတို့လေးတွေဟာ အရာရာကို သိချင် စူးစမ်းချင်လာသလို၊ ဘဝရဲ့ တဆစ်ချိုးအကွေ့ အပြောင်းအတွက် အရေးကြီးတဲ့ အချိန်လည်းဖြစ်တာမို့ အပေါင်းအသင်း၊ ပတ်ဝန်းကျင်က စေ့ဆော်မှုတွေ နဲ့ အဲဒီ လူငယ်ဘဝတွေကို ပြောင်းလဲစေကြတော့ တာပါဘဲ။
 
အလှအပကို တော်တော်လေး ခုံမင်လာတဲ့သူ ဆိုယင် ဆံပင်တွေကို အရောင်အမျိုးမျိုး ဆိုးပြီး ခေတ်လူငယ်စတိုင်တွေနဲ့ ရှိုးထုတ်လာကြတယ်၊ မိန်းကလေးတွေကတော့ ကျောင်းတက်ယင် စကဒ်အတိုလေးတွေကို တိုသထက်တိုအောင် ခေါက်ဝတ်လို့ သူတို့ရဲ့ ငယ်ရွယ်တဲ့ အလှကို ပုရိဿတွေ ရင်ခုန်အောင် sexy ဆန်ဆန် ပြင်ဆင် ၀တ်ဆင်လာကြတယ်လေ၊ အထက်တန်း ကျောင်းသား ကျောင်းသူလေးတွေ ဖြစ်လာတဲ့ သူတို့ နှလုံးသားမှာလည်း အချစ်ဆိုတဲ့ ပန်းလေးတွေက ဖူးပွင့်လာပြီ ဆိုတော့ တွယ်တာရမယ့် အသက်တူ ရွယ်တူချစ်သူလေးတွေလည်း ရှိနေကြပါပြီ။
 
ဒီ အရွယ်လေးတွေကတော့ အရက်၊ ဘီယာနဲ့ ဆေးလိပ်တို့ စသောက် စမ်းသောက် နေကြသူတွေ ရှိလာသလို၊ ချစ်သူကိုလည်း မိဘအိမ်ကို ခေါ်လည်တတ် နေကြပါပြီ၊ မိဘတွေကလည်း အရွယ်ရောက်စ ပြုလာပြီဖြစ်တဲ့ သားသမီးတွေကို လွတ်လပ်ခွင့် စပေးစ ပြုလာပြီမို့ ကြည်ဖြုစွာနဲ့ဘဲ အိမ်မှာ ပေးတွေ့ခွင့် ပြုပါတယ်၊ အချစ်ဟိုတယ်လို နေရာမျိုးကတော့ သွားသူ ရှားပါးသလို၊ အရွယ် မရောက်သေးတာမို့ ပြဿနာ တစုံတရာတက်လာ နိုင်တာမို့လည်း ဖြစ်ကောင်း ဖြစ်မှာပါ။

လိင် ဆက်ဆံမှုနဲ့ လူငယ်ကဏ္ဍ

ဂျပန်ဟာ လိင် ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ရှက်စရာ အလုပ်တခုလို့ သတ်မှတ်ခြင်း မရှိကြပါဖူး၊ လိင်ဆက်ဆံမှုဟာ ကျန်းမာရေးတခု အဖြစ် သတ်မှတ်ထားသလို၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေကို ဆရာတွေ ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ လုပ်နေသလို၊ ဖြစ်လာမယ့် အန္တရာယ်ကို ကြိုတင် ကာကွယ်တားဆီးနိုင်ဘို့ တွေကိုပါ သင်ကြားပေးသလို အကာအကွယ် ပစ္စည်းတွေက အစ ဆေးရောင်းတဲ့ စတိုးဆိုင်လို နေရာမျိုးတွေမှာ လွတ်လွတ်လပ်လပ် ၀ယ်ယူ အားပေးနိုင်တာမို့ ကျောင်းဝတ်စုံနဲ့ ၁၄နှစ်အရွယ် ကျောင်းသူလေးက အစ ကိုယ်ဝန်စမ်းသပ်တဲ့ ဆီးစစ်တဲ့ ပစ္စည်းလေးတွေကို ခပ်တည်တည် ၀ယ်ယူ အားပေးနေတာ မကြာခဏ တွေ့မြင် နေရပါတယ်၊ ဂျပန်ဟာ လိင်မှုကိစ္စနဲ့ ပတ်သက်ရင် လုံးဝ လွတ်လပ်မူရှိတာဟာ ကမ္ဘာမှာ ပထမလို့ သတ်မှတ် ခံထားရတာပါ၊ ဂျပန်ရဲ့ စတိုးဆိုင်လို နေရာမျိုးတွေ စာအုပ်ဆိုင် တွေမှာတောင် လိင်နဲ့ပတ်သက်တဲ့ စာအုပ်၊ စာတမ်းတွေ၊ ရုပ်ပြကာတွန်း၊ မဂ္ဂဇင်းနဲ့ ဗွီဒီယိုတွေကို ထင်သာမြင်သာပဲ တင်လို့ ရောင်းချလျှက်ရှိပါတယ်။

 

လှုပ်လှုပ်ရှားရှား လူငယ်များ

ဂျပန် လူငယ်တွေဟာ မြူးဇစ်နဲ့ သီချင်းတွေကို အရူးအမူး စွဲလမ်းနှစ်သက်ကြသလို လှုပ်ရှားပြီး ကနေရတဲ့ ဒန့်စ်တွေကိုလည်း သိပ်ကြိုက် နှစ်သက်ကြပါတယ်၊ အဲဒီလို စွဲလမ်းနှစ်သက်ရာက ကိုယ်ကိုတိုင် ဖန်တီးရှင်ဘဝ ရောက်အောင် အနုပညာ ဆိုတီးပညာရပ်တွေကိုပါ လေ့လာပြီး ညဘက်မှာ လူစည်ကားတဲ့ ဘူတာရှေ့လို နေရာမျိုးတွေ၊ ပန်းခြံလိုနေရာမျိုးတွေမှာ အပေါင်းအသင်းတစုနဲ့ ဖျော်ဖြေတင်ဆက်နေတဲ့ လမ်းဘေး တီးဝိုင်းလေးတွေလည်း အမြောက်အများပါဘဲ၊ အဲဒီလို လမ်းဘေးဝိုင်းလေးတွေ ကနေ ဖျော်ဖြေတင်ဆက်ပြီး နာမည်ကျော် အဆိုတော်တွေ၊ အတီးသမားတွေလည်း မြောက်များစွာ ထွက်ပေါ်ခဲ့ကြတယ်၊ ဒီနေရာမှာ တခုပြောချင်တာက ဂျပန်က လူနေရပ်ကွက်တွေဟာ ဆိတ်ငြိမ်၊ တိတ်ဆိတ်နေတတ်ပြီး ပတ်ဝန်းကျင်နဲ့ ဘေးအိမ်တွေကို အနှောင့်အယှက် ပေးလို့မရပါဘူး။
 
မြန်မာပြည်လို အိမ်ရှေ့ ထွက်ပြီး ဂစ်တာ တဒေါင်ဒေါင်နဲ့ လုပ်လို့ မရသလို စကားပြောရင်တောင် ဘေးခန်းတွေ အနှောင့်အယှက် မဖြစ်အောင် အော်ကျယ် အော်ကျယ်ပြောလို့ မရပါဘူး၊ ပြောတော့ ဘာဖြစ်မလဲ သိလား … ဂျပန်ရောက် မြန်မာတွေ မြန်မာစတိုင် နဲ့ အိမ်ထဲမှာ အော်ကြီး၊ ဟစ်ကျယ် စကားပြောကြလို့ ပတ်ဝန်းကျင်က ရဲတိုင်ရာက ဗွီဇာမရှိသူတွေ တေါ့လို့ ရွာပြန်ကြရ၊ ခဏခဏ အဖမ်းခံရတာတွေ ရှိသလို၊ ရဲစခန်းက ခေါ်ယူ သတိပေးခြင်း ခံရတာတွေလည်း အများကြီးပါ၊ ( ကြုံလို့ တင်ပြယုံ သက်သက်ပါ။ )
 
တခုဆို တခုဘဲလို့ ဆိုကြတယ်…
 
ဂျပန် လူငယ်တွေရဲ့ ကောင်းမွန်တဲ့ အကျင့်တခုက အလုပ်တခုကို လုပ်ရင် တဝက်တပျက်နဲ့ ရပ်တံ့သွားသူ နည်းသလို၊ ကျနော်တို့ မြန်မာလူငယ်တွေလို ဟိုစပ်စပ် ဒီစပ်စပ် မလုပ်ကြတာ ပါဘဲ၊ ဥပမာ ဘတ်(စ)ကက်ဘော ၀ါသနာပါသူက ၁၀နှစ်သားလောက် ကတည်းက အရွယ်ရောက်လာတဲ့ အထိ ဘတ်(စ)ကက်ဘောဘဲ ကျန်တာ သူတို့ စိတ် မဝင်စားပါဘူး ၊ အဲဒါကိုဘဲ အောင်မြင် အောင်လုပ်တယ်၊ ပန်းချီ စိတ်ဝင်စားသူက ပန်းချီဆို ပန်းချီပါဘဲ တခြားအကြောင်းတွေ သူ မသိပါဘူး၊ တခုကိုဘဲ တစိုက်မတ်မတ် လိုက်စား လေ့လာကြတယ်၊ ဂျပန်ရဲ့ အောင်မြင် တိုးတက်နေမှုတွေဟာ အဲဒီအချက်လည်း ပါနေတယ်ဆိုတာတော့ ငြင်းလို့ရမယ် မထင်ပါဘူး၊။
 
မိတ်ဆွေတယောက်ရဲ့ သား တယောက် အကြောင်းကို သိခဲ့တာ သူဟာ ရနှစ်သားလောက် ကတည်းက သူ့အမေက ပီယာနိုတီးတတ်ရဲ့သားနဲ့ သင်တန်းကျောင်းကို ပို့သင်စေပြီး အမေက မသင်ပေးတော့ မေးဖြစ်လာလို့ ရင်နှီးစွဲနဲ့ မေးဖြစ်တော့ … အမေ စန္ဒယား တီးတတ်နေတာ သားကို သင်ပေးလိုက်ပါလား? ဘာကြောင့် သင်တန်းကျောင်း သွားပို့ရတာလည်း ဆိုတော့ မိဘက သင်ရင် သူ အလေးထားမှာ မဟုတ်သလို၊ စနစ်ကျမှာလဲ မဟုတ်ဘူး …
 
ဒီတော့ … သင်တန်းကျောင်းက စနစ်ကျတယ်၊ သူ့အတွက် အခြေခံကောင်း ရစေတယ်ဆိုပြီး ပိုက်ဆံ အကုန်ခံပို့ သင်စေပါတယ်၊ ဒါကြောင့် အဲဒီ ကလေးဟာ အခုဆိုရင် နာမည်ရ ပီယာနစ် တယောက်ဖြစ်နေပါပြီ၊ အခြေခံကောင်းမှ.. “ အမြင့်ကို တက်လှမ်းတဲ့ အခါ အခြေခံ ခိုင်မာမှု ရှိရမယ်” ..ဆိုတဲ့ အတွေးအခေါ်တွေဟာ တကယ်ကို အတုယူ သင့်စရာတွေပါဘဲလို့ ညွန်ပြချင်ပါရဲ့။

 

ကာလာ ဖက်ရှင်များနဲ့ လူငယ်တွေ

တိုကျိုလို နေရာမျိုးမှာတော့ လူငယ်တွေ အများဆုံး စည်ကားတဲ့ စုစည်းတတ်တဲ့နေရာ လူငယ်ရပ်ကွက်လို့ ပြောစမှတ်ပြုနေတဲ့ နေရာတွေကတော့ ရှီဘုယ နဲ့ ဟရဂျုခု လိုနေရာမျိုးတွေပါဘဲ၊ အဲဒီ ရပ်ကွက်၂ခုက ကပ်လျှက် ရှိနေပြီး အရောင်အသွေးစုံနဲ့ ပန်းပွင့်လေးတွေရဲ့ ပျော်စံရာနေရာလို့သာ တင်စားလိုက်ချင်တော့တယ်၊
 
ခေတ်ရေစီးကြောင်းနဲ့ အညီ ဖက်ရှင်စတိုင် အမျိုးမျိုးနဲ့ လမ်း သလားနေတဲ့ ရောင်စုံ ကောင်မလေးတွေ ကောင်လေးတွေ ပျားပန်းခတ်မျှ ရှိနေသလို၊ တနင်္ဂနွေလို နေ့မျိုးမှာတော့ ဟရဂျုခု ဘူတာက ထွက်လိုက်တာနဲ့ ခေတ်စတိုင် ဖက်ရှင်ဒီဇိုင်းတွေ နဲ့ ခေတ်လွန် ဒီဇိုင်းတွေကို ဖက်ရှင် ပန်းခင်းကြီးထဲ ဆင်းကြည့် နေရသလို ငယ်ရွယ်သူလေးတွေကို အရောင်အသွေးစုံစွာ တွေ့မြင်ရမှာ ဖြစ်သလို၊ ရော့ခ်အကကို အစုအဖွဲ့နဲ့ ညီညာစွာ ကတ်ဆက်ဖွင့်ပြီး ကခုန်နေသူတွေ အပြင် တီးဆို ဖျော်ဖြေနေတဲ့ ဂီတဝိုင်း အသေးစားလေးတွေ ကလည်း မျက်စိတဆုံး ရေစီးကြောင်းထဲ မျောပါသွားသလိုကို တွေ့မြင်ရပါတယ်၊ အဲဒီ လူငယ်တွေ အများဆုံး ဆုံရပ်နေရာမျိုးမှာ လူငယ်တွေရဲ့ အညွန့်ကို ဖျက်ဆီးမယ့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားသူတွေလည်း ရှိနေသလို၊ သုံးစွဲသူ လူငယ်တွေ ဘဝပျက်နေသူတွေလည်း ရှိနေပါတယ်။
 
ဂျပန်လူငယ်တွေ မူးယစ်ဆေး သုံးတာတော့ နည်းပါတယ်၊ ဈေးကြီးတာရယ် အစိုးရက တင်းကြပ် ထားတာတွေရယ် ကြောင့်ပါ။ စတန့်ထွင်တာလားတော့ မသိ တခါက အဲဒီ ဟရဂျူးခုမှာ ကောင်မလေးတွေ Free Hugs ( အလကား ပွေ့ဖက်၍ ရသည် ) လို့ ဆိုင်းဘုတ် ကိုင်ထားတာ တွေ့ရတယ်၊ လမ်းသွား လမ်းလာတွေ တကယ်လဲ ဝင်ဖက်သွားတာ တွေ့ရတယ် ဘာပြောပြော ရီစရာ တခုလို ရယ်ရယ်မောမော ဖက်လိုက်ကြတော့ တာပါပဲလေ။

 

ဆိုးသွမ်းလူငယ်

ဂျပန် လူငယ်တွေတချို့ အမေရိကန်နဲ့ အနောက်နိုင်ငံကို အတုခိုး ခုံမင်ကြတာတွေလည်း ရှိနေပါတယ်၊ အတုခိုးတာကောင်းတဲ့ အရာကို အတုမခိုးမိဘဲ လွှဲမှားတာတွေ အတုခိုးမိတော့ ဒုက္ခများ ရတော့တာပါဘဲ၊ ဆံပင်တွ နီ၊ အဝါရောင်တွေဆိုးလား … ဆိုးကြရဲ့၊ အသားအရေကို နေလောင်ထားသလို ဖြစ်အောင်လုပ်ကြ၊ အသားအရည်ကို ဓါတ်ကင်ထားပြီး ဖက်ရှင် လုပ်နေသူတွေဟာ ၀ါသနာအရ လုပ်နေသူတွေ ရှိနေသလို တချို့ တကယ် အဆင့်အတန်းမရှိတဲ့ ဟစ်ပီလို ပုံမျိုးတွေ ဖြစ်လာတာတွေလည်း ရှိပါတယ်။
 
ကျောင်းမှာ ဆရာစကား နားမထောင် ဆရာကို ပြန်ထိုး ရိုက်နှက်၊ မိဘစကားလည်း နားမထောင်ဘဲ လမ်းပေါ်မှာ လွင့်မျှောနေတဲ့ လူငယ်တွေလည်း ရှိပါ့။ သူတို့ မျက်နှာတွေဟာ အမြဲတစေ ရန်လိုနေတဲ့ မျက်နှာတွေနဲ့ ညဖက်တွေဆို စတိုးဆိုင်လို ကုန်တိုက်ကြီးတွေ နေရာမျိုး ရှေ့မှာထိုင်ပြီး ဆေးလိပ် လက်ကြားမှာ ညှပ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့ ပုံစံမျိုးတွေနဲ့ အိုက်တင်ပေးနေတာလား? တကယ်လား? တွေ့မြင် နေရတာတွေလည်း ရှိသလို၊ အခကြေး ငွေရလို့ဘဲဖြစ်ဖြစ် အခကြေးငွေမရပဲလည်း ဖြစ်ဖြစ် ဘယ်သူ ခေါ်ခေါ် လိုက်တာမျိုးတွေလည်း ရှိနေပါသေးတယ်၊ သူတို့ဆီမှာ ပြဿနာဆိုတာ အမြဲရှိနေတတ်ပြီး ရှောင်နိုင် ရှားနိုင်မှ တော်ရုံကြပါတယ်။
 
သူတို့ရဲ့ ပကတိမျက်နှာလေးတွေက တကယ့် ကလေးငယ်အရွယ် ရှိလှ ၁၇နှစ် ၂၀ ပတ်ဝန်းကျင်လေးတွေပါ၊ အနာဂါတ်ဆိုတာ သူတို့ အတွက်တော့ နတ္တိ လောက်လောက်လားလား စဉ်းစားမိသေးပုံ မပေါ်ပါ။ ဂျပန်ဟာ ရထားကိုသာ အဓိကထား သုံးတဲ့ နိုင်ငံဖြစ်နေတာမို့ ကျောင်းတက်၊ အလုပ်တက်၊ ရထားကိုဘဲ အားထားကြပါတယ်၊ ကားကို သုံးမိမယ်ဆိုရင်တော့ ရုံးတက် ရုံးဆင်းချိန်မျိုးတွေမှာ ယာဉ်ကြော ပိတ်ဆို့နေမူကြောင့် သတ်မှတ်ချိန်မှာ အလုပ်ကိုရောက်ဖို့ မဖြစ်နိုင်တာမို့၊ သေချာပြီး အချိန်မှန်တဲ့ ရထားကို အသုံးများကြတာပါ၊ အဲဒီ ရထားပေါ်မှာ လူငယ်တွေ ပြောတဲ့စကားကို နားထောင်ရင် နားမလည်တာတွေ အများကြီးပါ ဗန်းစကားတွေ သုံးနေတာမို့ လူလတ်ပိုင်းအရွယ် ဂျပန်လူမျိုးတွေတောင် သူတို့ပြောတဲ့ ဂျပန်စကားကို နားမလည်နိုင်အောင် မျက်စိ လည်ရပါတယ်။

 

မျိုးဆက်သစ် ရှားပါးနေပြီလော … ဂျပန်

ယခုဆိုရင် ဂျပန်လူငယ် မျိုးဆက်သစ်တွေဟာ နည်းသထက် နည်းလာနေပြီ ဖြစ်လို့ ဂျပန်အစိုးရ အနေနဲ့ အနာဂါတ်အတွက် စိုးရိမ် ပူပန်မူတွေရှိလာ ရပါတယ်၊ ဘာဖြစ်လို့ မျိုးဆက်သစ် လူငယ်တွေ ရှားပါး လာရသလည်း ဆိုရင် လူနေမှု စားရိတ်တွေက အဆမတန် မြင့်မားနေမူတွေက အဓိက ပြဿနာ ဖြစ်နေလို့ပါဘဲ၊ ကလေးတယောက် မွေးဖွားမယ်ဆိုရင် မွေးဖွားစားရိတ်ဟာ အမေရိကန်ဒေါ်လာ ၃၅၀၀(သုံးထောင်ငါးရာ) လောက်ကနေ ဒေါ်လာ၆၀၀၀ (ခြောက်ထောင်) လောက် အထိ ရှိနေတတ်ပြီး၊ ပြင်ပ နေ့ကလေးထိန်း ကျောင်းစားရိတ် ကတင် ဒေါ်လာ၄၀၀ (လေးရာ) ကနေ ၆၀၀(ခြောက်ရာ) လောက်အထိ ဖြစ်နေသလို၊ ကလေး ကြီးပြင်းလာတာနဲ့ အမျှ ကုန်ကျစားရိတ်တွေက တိုးပွားလာလေ ပါဘဲ၊ အရွယ်ရောက်လို့ တက္ကသိုလ်အထိ ပညာသင်ကြားမယ့် ကလေးတယောက်အတွက် ကုန်ကျစားရိတ်ဟာ ကျောင်းအပေါ် မူတည်ပြီး ဒေါ်လာ ၃၀၀၀၀၀ (သုံးသိန်း) ကနေ ၆၀၀၀၀ (ခြောက်သိန်း) ပတ်ဝန်းကျင်အထက်မှာ ရှိနေတဲ့ အတွက် အိမ်ထောင်ရှင်တွေဟာ ကလေး တယောက်၊ နှစ်ယောက်ထက် ပိုမယူကြတော့ပါဘူး။
 
ကလေး လုံးဝမယူတဲ့ အိမ်ထောင်သည်တွေလည်း ရှိလာပါတယ်။ အခု လူလတ်ပိုင်း ဂျပန်လူငယ်တွေကို ကြည့်မယ်ဆိုရင် တရားဝင် အိမ်ထောင် ပြုသူတွေထက် singleတွေ များသထက် များလာပြီး ချစ်သူနဲ့အတူ လက်မထပ်ပဲ အတူနေထိုင်ခြင်း (living together) နေထိုင်မှု အရည်အတွက်က တနေ့ထက် တနေ့ ရာခိုင်နှုန်း မြင့်သထက်မြင့် တက်လာနေ တော့တာပါဘဲ၊ ယခုလက်ရှိ ဂျပန်မှာ အလုပ်သမား ရှားပါးမှု ပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး၊ စားသောက်ဆိုင်၊ စက်ရုံ နဲ့ အလုပ်ကြမ်း အလုပ်တွေမှာ အမြဲ လူလိုအပ်မူတွေရှိနေပြီး မြို့နေ ဂျပန်လူငယ်တွေဟာ အဲဒီလို အလုပ်မျိုးတွေကို ရှောင်ကြတာလည်း ရှိလာတဲ့အတွက်၊ နိုင်ငံခြားသား အလုပ်သမားတွေကို တိုးချဲ့ခန့်ထားမူတွေ လုပ်လာရတဲ့ အခြေအနေအထိ ဖြစ်လာသလို နိုင်ငံခြားသားတွေကို ဂျပန်မှာ အခြေချ နေထိုင်မှု အတွက်တွေကိုပါ လျှော့ပေါ့ စဉ်းစား လာရတာဘဲ ဖြစ်ပါတယ်။
 
အမှန်တော့ ဂျပန်ဟာ သူ့ နိုင်ငံသူ့ လူမျိုးဆိုတဲ့ လူမျိုးကြီးဝါဒ အစွဲကို လက်ကိုင်ကျင့်သုံး နေတဲ့နိုင်ငံ ဖြစ်တာမို့ နိုင်ငံခြားသား ဆိုတာကို လက်မခံချင်သလို၊ နိုင်ငံခြားသားတွေ ဂျပန်မှာ အခြေချ နေထိုင်မှာကိုလည်း လုံးဝ မနှစ်မြို့ပါဘူး၊ ဂျပန်မှာ တရားဝင် အခြေချ နေထိုင်နေတဲ့ နိုင်ငံခြားသားတယောက်ဟာ သူ့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ရှိတယ်လို့ တရားဝင် ဥပဒေထုတ်ပြန်ထားပေမယ့် စာအုပ်အတွင်း၌သာ ရှိနေပြီး၊ တကယ့် လက်တွေ့ မှာတော့ နိုင်ငံခြားသားဆိုတဲ့ အသိစိတ်နဲ့ ခွဲခြား ဆက်ဆံခံရမူတွေ အနည်းနဲ့ အများတော့ အမျိုးသားရေးစိတ် ပြင်းပြမှုတွေ ရှိနေကြပါသေးတယ်။

 

ဂျပန် အချစ်နဲ့ လူငယ်!

ဂျပန်မိန်းကလေး၊ ယောကျာင်္းလေးတွေဟာ ချစ်သူတွေ ဖြစ်ကြတဲ့ အချိန်မှာ နိုင်ငံခြားသားတွေလို ချစ်တယ်၊ သိပ်ချစ်တာဘဲ ဆိုတဲ့စကားကို မသုံးကြပါဘူး၊ တဆင့်နိမ့်တယ်လို့ ဆိုရမဲ့ ကြိုက်တယ် (suki) အရမ်းကြိုက်တယ် (dai suki) အဲဒီ အသုံးအနှုန်းလေးတွေဘဲ သုံးပါတယ်၊ အိမ်ထောင်သည် တွေမှာတောင် ချစ်တယ် (aishiteru) အအိရှီတဲ့ရု ဆိုတဲ့စကားဟာ သိပ်ကိုရှားပါးတဲ့ စကားလုံး တခုအဖြစ် တွေ့မြင် နေရတာတွေဟာ မိသားစုဘဝကို အေးစက်စက ်နိုင်လှပါတယ်၊ ဒါကြောင့် ဂျပန်လူငယ် တချို့ဟာ အခုချိန်မှာ သူ့ လူမျိုးကို သူ မယူကြတော့တဲ့ လူတွေလည်း တိုးပွားလာပြီး နိုင်ငံခြားသား တွေထဲမှာ ပျူဌာတဲ့ အာရှနိုင်ငံသား တွေကိုပါ ရှာယူလာကြ သူတွေလည်း ရှိလာကြတာ တွေ့မြင်ကြရပါတယ်။
 
နိုင်ငံခြားသား အမျိုးသားတယောက်ဟာ ကိုယ့် အိမ်ထောင်ဖက်အပေါ် သစ္စာရှိတဲ့ သူများပြီး၊ ကြင်နာ ယုယမူနဲ့ ကောင်းကောင်းမွန်မွန်လည်း ရှာဖွေ ကျွေးမွေးကြလို့ပါဘဲ၊ နိုင်ငံခြား အမျိုးသမီးတွေကတော့ ကိုယ့် အမျိုးသား အိမ်ထောင်ဖက် အပေါ် မယားဝတ္တရား ကျေပွန်သလို၊ ဖောက်ပြန်သူ နည်းကြတယ်၊ ဒါကြောင့် ရှာယူကြတာပါတဲ့၊ အများဆုံးကတော့ တရုတ်၊ ဖိလစ်ပင်း အမျိုးသမီးတွေကို ရှာယူတာများပါတယ်၊ အဲဒီအတွက် ကိုယ်ရဲ့အိမ်ထောင်ဖက်ကို ကိုယ်တိုင် ထွက်ရှာနေသူ ဂျပန်အမျိုးသား၊ အမျိုးသမီးတွေ ရှိနေသလို၊ ဂျပန်မှာဘဲ ပွဲစားလုပ်သူတွေက ရှာဖွေဆက်သွယ်ပြီး အကျိုးဆောင်ပေး နေသူတွေလည်း အများကြီးပါ၊ မြန်မာထဲမှာတောင် အကျိုးဆောင် လုပ်နေသူတွေကို တွေ့မြင်နေရကြောင်း လက်တို့ ပြီး ပြောလိုက်ပါရစေ။

Coming of Age Day

အသက်၂၀ပြည့် ဂျပန် လူငယ်တွေအတွက် သတ်မှတ်ထားတဲ့ နေ့ထူး တနေ့ပါ အဲဒီနေ့ဟာ ဇန္နဝါရီလထဲမှာ ဖြစ်ပြီး ၊ ယခုလာမည့် ၂၀၀၉ခုနှစ် ဇန္နဝါရီလ ၁၂ရက်နေ့ကတော့ Coming of Age Day ဂျပန်လိုတော့ ဆေးဂျင်းနော့ဟိ (Seijin no Hi) လို့ ခေါ်ပါတယ်၊ အဲဒီနေ့ကို အများပြည်သူ ရုံးပိတ်ရက် အဖြစ်ပါ အစိုးရက သတ်မှတ် ပေးထားခြင်းအားဖြင့် ဂျပန်အစိုးရဟာ လူငယ်တွေအပေါ်ကို ဘယ်လောက်အထိ အလေးထားလည်း ဆိုတာ သိနိုင်ပါတယ်။
 
အဲဒီနေ့မှာ အသက်၂၀ပြည့်သူတွေ အားလုံး ဂျပန်ကီမိုနို၀တ်စုံတွေ ၀တ်လို့ မြို့နယ်အလိုက် လုပ်တဲ့ Coming of Age Day ပွဲတွေကို တက်ရောက် ကြပြီး အဖော် အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်ကြပေါ့၊ ဂျင်းဂျာလို့ ခေါ်တဲ့ နတ်ဘုရားကျောင်းတွေနဲ့ ဗုဒ္ဓဘုရား ကျောင်းကန်တွေ ရှိရာကိုလည်း သွားရောက်ဂါရဝပြု ဆုတောင်းကြပါတယ် အဲဒီနေ့ဟာ လူကြီးအဖြစ် အသိမှတ်ပြု ခံရတဲ့နေ့လည်း ဖြစ်တာမို့ အဲဒီနေ့ကို ဂျပန်လူငယ်တိုင်း အလေးထားကြပါတယ်။
 
ဒီလိုပဲ လူလတ်ပိုင်းဝင်လာတဲ့ စာရေးသူ တို့လဲ လူငယ်ဘဝ ဖြတ်သန်းဖူးတာမို့ လူတယောက်ရဲ့ အရေးပါတဲ့ ဆုံချက်ဖြစ်တဲ့ လူငယ်ဘဝတွေကို အလေးထားလွန်းလို့ စက်မှုခေတ်လွန် နီပွန်းဆိုတဲ့ ဂျပန်နိုင်ငံက လူငယ်တွေ အကြောင်း သိသလောက် ရတဲ့ အချိန်လေးထဲကနေ ဖဲ့ပြီး “ လူငယ်ဆိုတာ နိုင်ငံတော်ရဲ့  အနာဂါတ် ” ဆိုတဲ့ စကားနဲ့အညီ အနာဂါတ်တွေ အတွက် တခုတ်တရ အလေးထား မျှဝေတာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here