တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသူ မိစ္ဆာတစ်ဦး

Click to enlarge

ဗိုလ် ချုပ်ကြီး သန်းရွှေ မြန်မာ နိုင်ငံ တပ််မတော် ၏ အထွပ်အထိပ် ရာထူး နေရာကို ဆုပ်ကိုင် ထားပြီး စစ် အာဏာရှင် အဖြစ် ဆိုးသွမ်း မင်းမူ နေခြင်း သည် မြန်မာ နိုင်ငံရှိ ပြည်သူ ပြည်သားများ အတွက် အလွန် ဆိုးရွား သည့် ငရဲခန်း

တစ်ခု ဖြစ်နေ သည်မှာ ကမ္ဘာ သိဖြစ်ရပ် တစ်ခု   ဖြစ်နေပြီးဖြစ်ပါသည်။ ထိုအခါတွင် နောက်ထပ်မေးစရာ မေးခွန်းတစ်ခု ရှိလာခဲ့သည်။ ထိုမေးခွန်းမှာ စစ်အာဏာရှင် ဦးသန်းရွှေကြောင့် မြန်မာ စစ်တပ်နှင့် တပ်မတော်သားများရော အကျိုးကျေးဇူး တစုံတရာ ဖြစ်ထွန်းမှုများ ရှိနေသလားဆိုသော မေးခွန်းပင် ဖြစ်ပါ သည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ စစ်တပ်အား အင်အားကြီးမားစွာ ဖွဲ့စည်းနေသည်မှာ သံသယဖြစ်စရာ မလိုသော အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ငယ်ရွယ်သော လူငယ်များစွာ တပ်မတော်တွင် ပြန်တမ်းဝင် အရာရှိ တွေ ဖြစ်လာကြသည်။ ရာထူးတွေ၊ ကြယ်ပွင့်တွေနှင့် ခန့်ညားလာကြသည်။

စစ်အဆောင်အယောင်တွေနှင့် သာယာလာကြသည်။ ထိုအခါတွင် မြန်မာလူငယ်များ၏ အမှန်တကယ် ရင်တွင်းကိန်းအောင်းနေသင့်သော နိုင်ငံချစ်စိတ်သည် ဝေဝါးပျောက်ကွယ်လာသည်။ တပ်မတော်သားဆိုသည်မှာ မြန်မာပြည်သူ တစ်ရပ်လုံး၏ လုံခြံုမှုအတွက် မားမားမတ်မတ် ရပ်တည်ရမည့် လူတန်းစားဆိုသော ပင်ကိုယ်အသိထက် ရာထူးဌာနများနောက် တကောက်ကောက် လိုက်တတ်လာကြသည်။ အာဏာရှင်ဦးသန်းရွှေနှင့် အခြားသော စစ်ဘက်အရာရှိကြီးများ ချီးမြှောက်တာ၊ မြှောက်စားတာ ခံရရေးအတွက် အပြိုင်အဆိုင် ကြိုးစားလာကြသည်။ တိုင်းပြည်အတွက် သေနတ်ကိုင်ပြီး စောင့်ရှောက်ရမည့် တပ်မတော် အရာရှိငယ်တို့သည် Hand Phone ကိုင်ပြီး မော်တော်ကားလေး တဝီဝီနှင့် ယူနီဖောင်းမတွန့်မကြေ သွားလာနေရသော ဘဝကို တပ်မက် လာကြသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်၏ လက်အောက်တွင် အလူးအလိမ့် ငရဲခံနေရသော်လည်း စစ်တပ်နှင့် ကင်းကွာပြီး နေ၍ကား ရနိုင်မည်မဟုတ်ပါ။ စစ်အစိုးရအား မည်မျှမုန်းတီးသော အတိုက်အခံ အမြင်ရှိသူပင် ဖြစ်ပါစေ၊ တပ်မတော်မရှိဘဲ ရပ်တည်နိုင်မည့် မြန်မာနိုင်ငံတော်ကို ထူထောင်နိုင်မည်မဟုတ်ကြောင်း အသေအချာ လက်ခံရမည်သာ။ တကယ်တော့ မြန်မာ့တပ်မတော်သည် စစ်အစိုးရ၏ ၀ါဒဖြန့်စကားတွေအတိုင်း ပြည်သူတို့၏ အမွေတစ်ခုသာဖြစ်သည်။ တပ်မတော်သားတို့သည် ပြည်သူ့မိခင်များက မွေးဖွားခဲ့သော ရင်နှစ်သည်းချာများသာ ဖြစ်ကြပါသည်။ ထိုသို့ဖြစ်လျက်နှင့် မြန်မာစစ်တပ်နှင့် မြန်မာပြည်သူများ တစိတ်တဝှမ်းတည်း မဖြစ်နိုင်ရပါသနည်း။

အဘယ်ကြောင့် ပြည်သူများက စစ်သားများကို မုန်းတီးနေကြပါသနည်း။ ရှင်းပါသည်။ ထိုကိစ္စများအားလုံးကို ဆရာကြီး ဦးသန်းရွှေက ကြားကွက်ရွှေ့ထားခြင်းကြောင့် ဖြစ်ပါသည်။ တနည်းဆိုသော် အာဏာကို တည်မြဲအောင် ထိန်းသိမ်းရာတွင် အကွက်မြင်လှပြီး ပါးနပ်လှသော ဗိုလ်ချုပ်ကြီး သန်းရွှေက တပ်မတော်သားများနှင့် ပြည်သူများ၏ မျက်ခုံးမွှေးများပေါ်တွင် စကြင်္ံန်လျှောက်နေခြင်းမျှသာ ဖြစ်တော့သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အင်္ဂါရုပ်အားဖြင့် သမာသမတ် မရှိသလို ခန့်ညားထည်ဝါသော ခေါင်းဆောင်ကောင်းတို့၏ ဟန်ပန်မျိုးလည်း မရှိပါ။ သို့သော်လည်း လူတို့၏ အတွင်းစိတ်ကို နားလည်ပြီး ကောက်ကျစ်စဉ်းလဲသည့် နေရာတွင်မူ ပါးတာမှ လှပ်နေတာပဲဆိုသော အမျိုးအစားထဲက ဖြစ်သည်။

၎င်း၏နေရာကို ထိပါးလာနိုင်သည်ဟု သတိပြုမိသည်နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရက်ရက်စက်စက် စတေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဖိအားတွေကို ရင်မဆိုင်ရရေးအတွက် ၀န်ကြီးချုပ်ဆိုသော ရာထူးတွေခန့်ပြီး လူမိုက်ငှားသည်။ ၎င်းသည် အရပ်စကားနှင့်ပြောလျင် ချိန်းရိုက်တတ်သော လူမိုက်မျိုးမဟုတ်။ ထိုသို့သော လူမိုက်တွေကို နောက်ကွယ်က ကြိုးကိုင်ပြီး ကောင်းမွန်စွာ ကိုင်တွယ်တတ်သော masterBrain လူမိုက်မျိုးဖြစ်သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အသက်ငယ်ငယ်နှင့် အရာရှိလေးတွေ မွေးထုတ်ပေးမည့် စီမံကိန်းကို စနစ်တကျ ကြံဆောင်သည်။ ၎င်းတို့ခံစား၊ စံစားနေသည့် စည်းစိမ်နှင့် ယှဉ်ပါက အရိုးအရင်မျှပင် မရှိသော ခံစားခွင့်လေးတွေ ပေးထားသည်။ ကျန်သောပြည်သူများကို ဆင်းရဲငတ်ပြတ်နေအောင် ထားထားသည်။

ပြီးတော့ ဗိုလ်ပေါက်စလေးတွေ ရနေ၊ ခံစားနေသော အခွင့်အရေးတွေထက် ပိုပြီးရနေသလိုမျိုး ပြည်သူတွေ ထင်အောင်၊ မြင်အောင် ကစားကွက်ခင်းပြသည်။ ထိုအခါတွင် တပ်မတော် အရာရှိငယ်များကို ပြည်သူတွေက အမြင်မကြည်တော့ချေ။ ထို့အပြင် ၎င်းက တိုက်ရိုက်ပေးခြင်း မရှိဟုဆိုသော်လည်း သွယ်ဝိုက်သော ခိုင်းစေမှုများဖြင့် ပြည်သူတွေ ပိုပြီးနာကျည်းစေမည့်၊ ဒေါသထွက်စေမည့် တာဝန်များကို စစ်တပ်အရာရှိများကို လုပ်ကိုင်စေသည်။ ဥပမာအားဖြင့် ချွေးတပ်ဆွဲခြင်းနှင့် လူငယ်စစ်သားတွေ စုဆောင်းခြင်းမျိုးတွေ မလုပ်မနေရ လုပ်ရမည်ဟု တပ်မတော်မှ အရာရှိတွေကို အမိန့်ပေးသည်။ ထိုအခါ ပြည်သူနှင့် တပ်မတော်ကြား အမုန်းတရားမှာ ပို၍ပို၍ ကြီးထွားလာတော့သည်။ ထိုအခြေအနေကို ဗိုလ်ချုပ်ကြီးက ရာဇပလ္လင်ထက်မှ ပြံုးပြံုးကြီး ကြည့်ပြီး သဘောကျနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်နှင့်ပြည်သူ လက်တွဲနိုင်ခြင်း မရှိလေလေ၊ သူ့အဖို့ အာဏာတည်မြဲလေလေ မဟုတ်ပါလား။

တပ်မတော်၏ အရာရှိများကိုသာမက အစိုးရရုံးများမှ ၀န်ထမ်းများကိုလည်း အကျင့်မပျက်ပျက်အောင် ဖျက်သည်။ လာဘ်စားသည်။ တောင်းသည်။ အဂတိလိုက်စားသည်။ ထိပ်ဆုံးအရာရှိကြီးတွေကအစ အောက်ဆုံးအဆင့် ရုံးစေအထိ ပိုက်ဆံပေးမှ စေတနာထားသည်။ ထိုအခြေအနေများကို မြန်မာနိုင်ငံ အကြီးအကဲတစ်ဦးအနေနှင့် မသိဘဲ မနေပါ။ သိသိကြီးနှင့် ထိုသို့မဖြစ်ဖြစ်အောင် လမ်းကြောင်းထွင်ထားပေးခြင်း ဖြစ်သည်။ ထိုသို့ ကိုယ်ကျင့်တရား ပျက်လေလေ၊ စည်းလုံးမှု အားနည်းလေလေမို့ ဦးသန်းရွှေကြီး သဘောတွေ့စရာ ဖြစ်နေလေတော့သည်။ တကယ်တော့ စည်းလုံးပြီး နားလည်မှုရှိသော ခိုင်မာသည့် လူ့အဖွဲ့အစည်း တစ်ခုထက် ပျက်စီးယိုယွင်းပြီး စည်းကမ်းပျက်နေသည့် ခြစားနေသော လူ့အဖွဲ့အစည်း တစ်ခုကို ပုံသွင်းထိန်းချုပ်ရန် ပိုမိုလွယ်ကူသည် မဟုတ်ပါလား။

မြန်မာနိုင်ငံအတွင်း သွေးချောင်းစီး လူသတ်ပွဲများတွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လျက်နှင့် အဘယ်ကြောင့် သွေးအေးအေးနှင့် ရက်စက်သော နည်းလမ်းများကိုသာ ဗိုလ်ချုပ်ကြီးသန်းရွှေ ရွေးချယ်ခဲ့သနည်း။ အဖြေကရှင်းပါသည်။ ၎င်းအနေနှင့် ဆူးလေစေတီတော်ရှေ့ လမ်းမများတွင် သေနတ်တကားကားနှင့် ယမ်းသမ်းပစ်ခတ်နေသည့် စစ်သားများကို ပြည်သူများက စက်ဆုပ်ရွံရှာသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်ကို အရသာတွေ့လွန်းသောကြောင့် ဖြစ်ပါသည်။ စစ်တပ်၊ ရဲနှင့်ပြည်သူ အမုန်းပွားလေ၊ ပျက်စီးနေသော မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းတစ်ခုလုံးကို စိတ်တိုင်းကျ ပုံသွင်းရန် လွယ်ကူလေဆိုသည်မှာ ဦးသန်းရွှေကဲ့သို့ မသမာသည့်နေရာတွင် ထူးထူးချွန်ချွန် ပါရမီရင့်သန်သူ တစ်ဦးအနေနှင့် မသိစရာ မရှိပါ။ ယခုတော့ အရာအားလုံးသည် ၎င်း၏စိတ်တိုင်းကျ ဖြစ်လာပါတော့သည်။

လူမိုက်ကံကောင်းဆိုသည့် စကားအတိုင်း ၎င်းအား ဆန့်ကျင်သော ကမာ္ဘ့နိုင်ငံကြီးတွေမှာ သဘာဝဘေးတွေ၊ စီးပွားပျက်ကပ်တွေကြောင့် မြန်မာနိုင်ငံကို အာရုံမစိုက်နိုင်တော့။ ထိုအခါတွင် နဂိုကတည်းက စည်းလုံးမှု မရှိသော ပြည်သူလူထုနှင့် တပ်မတော်တို့ကြား ခလောက်ဆန်ရန် ပိုပြီးအခွင့်သာလာတော့သည်။ တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားတို့ကို အဖေခေါ်ပြီး ပေါင်းလိုက်သည်။ တော်ရုံအင်အားရှိသော ကမာ္ဘ့နိုင်ငံတစ်ခုအနေနှင့် မြန်မာ့အရေး ၀င်စွက်ဖက်ရန် နောက်တွန့်သွားတော့မည်ကို လူပါးကြီးကိုသန်းရွှေက နောကြေနေလေတော့သည်။ ထို့နောက်တွင်တော့ အများသိပြီးသည့်အတိုင်း ဆန့်ကျင်ဖက် နိုင်ငံရေး ခေါင်းဆောင်တွေအပေါ် တရားမျှတမှု၊ လူသားချင်း စာနာမှုတို့ လုံးဝမရှိသော နှစ်ရှည်ထောင်ဒဏ်များကို တံခါးပိတ်ချမှတ်စေသည်။ ရဟန်းတော်တို့အား သွေးအေးအေး သတ်ဖြတ်စေပြီးနောက် အတိုက်အခံတို့ကို သွေးအေးအေး နှိပ်ကွပ်စေပြန်သည်။

တစ်ဖက်က လမ်းတွေဖောက်၊ တံတားတွေဆောက်ကြောင်း အသံကောင်းဟစ်သည်။ အခြားတစ်ဖက်တွင်တော့ အစွယ်ငေါငေါနှင့် ဘီလူးသရုပ်ကို အမှန်အတိုင်း လှစ်ပြနေတော့သည်။ ဗိုလ်ချုပ်မှူးကြီးသည် မြန်မာပြည်သူများ ၎င်းအပေါ် လုံးဝမလိုလားသည်ကို အသေအချာ သိရှိပါသည်။ သို့သော်လည်း ၎င်းထက်ပိုပြီး သိထားသည့်အချက်မှာ ထိုသို့မုန်းတီးနေမှုဖြင့် ၎င်းအားထိပါးအောင် မည်သို့မှ မစွမ်းဆောင်နိုင်ဆိုသော အချက်ပင်တည်း။ တပ်မတော်နှင့် ပြည်သူတို့သည် မစည်းလုံးကြပါ။

ပြည်သူတစ်ရပ်လုံးသည် ကုပ်သွေးစုပ် ချယ်လှယ်နေသော မြန်မာစစ်အာဏာရှင်ကြီးအား ဖယ်ရှားရေးအတွက် တပ်မတော်၏ လက်နက်အားကိုး တုန့်ပြန်မှုကို မတွန်းလှန်နိုင်ပါ။ ထို့အတူ တပ်မတော်အနေနှင့်လည်း ပြည်သူလူထု ထောက်ခံမှု မရှိဘဲနှင့် ၎င်းတို့အား အရိုးအရင်းမျှ ချကျွေးပြီး နယ်ရုပ်များသဖွယ် စိတ်တိုင်းကျ စတေးနေသော ဦးသန်းရွှေကို မဖယ်ရှားနိုင်ပါ။ ဗိုလ်ချုပ်ချင်း၊ တပ်မတော် အရာရှိချင်း နေရာလုကြသည်။ ပြည်သူများချင်း စိတ်ဝမ်းကွဲကြသည်။

တပ်မတော်နှင့် ပြည်သူ အကဲစမ်းကြသည်။ ထိုသို့ဖြင့် စည်းလုံးမှုဆိုသည်မှာ မြန်မာလူမျိုးတို့၏ အဘိဓာန်တွင် နားလည်ရခက်သော စာလုံးဖြစ်လာသည်။ သာသူစား စိတ်ဓာတ်တွေဖြင့် လူမျိုးရေးပါ နိမ့်ကျလာသည်။ ထိုအခြေအနေသည် စစ်အာဏာရှင်တစ်ဦးအားသက်တမ်းရှည်စေမည့် လောင်စာဖြစ်ကြောင်း မြန်မာလူမျိုးတိုင်း သတိပြုသင့်ပါသည်။ တကယ်တော့ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေခြင်းမှာ မကောင်းပါ။ ဗိုလ်ချုပ်ကြီးသန်းရွှေလို အာဏာရူးတစ်ယောက် စင်ပေါ်ရောက်နေတာ မကောင်းပါ။ တရုတ်နှင့် ရုရှားတို့က မြန်မာအစိုးရကို ကာကွယ်နေတာ မကောင်းပါ။

သို့တိုင်အောင် မြန်မာပြည်သူတို့နှင့် မြန်မာ့သွေးဖြင့် ဖွဲ့တည်ထားသော တပ်မတော်တို့ စည်းလုံးမှု ပြိုကွဲနေခြင်းသည် မကောင်းဆုံး ဖြစ်ပါသည်။ သွေးချင်းနီးပြီး ကျောချင်းကပ်ရမည့် အချိန်မျိုးတွင် တစ်ဖက်နှင့်တစ်ဖက်၊ ပြည်သူနှင့်စစ်တပ် ရန်စောင်ပြီး အမြင်မကြည်ဖြစ်နေခြင်းသည် ဗိုလ်ချုပ်သန်းရွှေလို လူ့အန္ဓတွေ ကောင်းစားဖို့ စားပေါက်ထွင်ပေးသလိုသာ ဖြစ်နေတော့သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အမှန်ပင် ကြောက်စရာကောင်းသော လူယုတ်မာ ကြီး ဖြစ် သည်။ သို့သော်လည်း အမှန်တကယ် ကြောက်စရာကောင်းသည်မှာ မညီမညွတ်နှင့် သွေးကွဲပြီး အပြန်အလှန် လေးစားမှုမရှိတတ်သည့် မြန်မာတို့၏ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုပင်ဖြစ်ပါသည်။

ထိုသို့သော စိတ်ဆိုးစိတ်ညစ်များ လွင့်စဉ်သွားပြီး တပ်မတော်နှင့် ပြည်သူတို့ ချစ်ကြည်စွာလက်တွဲနိုင်မည့်အချိန်တွင် ဗိုလ်ချုပ်ကြီး သန်းရွှေကဲ့သို့ မသူတော်များအတွက် ဇာတ်သိမ်းခန်းသည် အမှန်ပင် ရောက်လာပါလိမ့်မည်။ ထိုအချိန်သည် အလွန်ကွာဝေးသော အနာဂါတ်တွင် ရှိမနေပါစေနှင့်ဟု မြန်မာပြည်သူများကိုယ်စား တောင်းဆုတစ်ခု ပြုမိပါ တော့သည်။

ကျော်ကျော် ( လူထုအသံ )

LEAVE A REPLY

Please enter your comment!
Please enter your name here