ရင်ဘတ်ထဲက အိမ်လွမ်းနာ

Click to enlarge

ဒီ နေ့ ရေဝေး မြေခြား ကို ရောက်ရှိ နေကြတဲ့ မိတ်ဆွေ သူငယ်ချင်း ငါးယောက် နဲ့ စကားစမြည် ပြောဖြစ် ပါတယ်။ သူတို့ အားလုံး လိုလိုက အမိ တိုင်းပြည် ကို စွန့်ခွာပြီး နိုင်ငံရပ်ခြား မှာ

နေလာ ခဲ့ကြ တာ ဆယ်စု နှစ် (၂) စု နီးပါးခန့် ရှိနေခဲ့ကြပါပြီ။ တယောက်က အမေရိကန်က၊ တယောက်က ကနေဒါမှာ၊ နောက်တယောက်က ဂျပန်၊ နောက်ထပ် တယောက်က အင်္ဂလန်နဲ့ နောက်ဆုံး တယောက်က တော့ စင်ကာပူမှာပါ။ နည်းပညာ တိုးတက်မှုရဲ့ အသီးအပွင့် တခုဖြစ်တဲ့ အွန်လိုင်းကမ္ဘာမှာ ဆုံဖြစ်ရင်း နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး အစရှိတဲ့ အကြောင်းအရာ ပေါင်းစုံကို ဆွေးနွေး ဖလှယ်ဖြစ်ကြပါတယ်။ မတူတဲ့ အမြင် ကိုယ်အားသန်ရာ ချဉ်းကပ် အဖြေရှာလိုမှုနဲ့ ကိုယ်ယုံကြည်ရာ ခံယူချက်လေးတွေ အသီးသီးရှိနေကြပေမဲ့ ကွဲပြားခြားနားခြင်းကို အလှတရားတခုအဖြစ် သန္ဓေတည် ပလ္လင်ခံပြီး စဉ်းစားဆင်ခြင် တွေးတောမှုတွေကို ညှိနှိုင်းမျှဝေဖြစ်တော့ ကြည်နူး ချမ်းမြေ့မှုလေးတွေ ရရှိခံစား ကျေနပ် ဖြစ်ကြတာ အမှန်ပါပဲ။    

 

             ဒီလိုနဲ့ အမေရိကန်က သူငယ်ချင်းက ကမ္ဘာ့စီးပွါးရေးအခြေအနေ၊ လက်ရှိရင်ဆိုင် နေကြရတဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်း၊ စီးပွါးရေးလုပ်ငန်းတွေ ဒေဝါလီခံနေရမှုနဲ့ အလုပ်လက်မဲ့ ပြဿနာတွေအကြောင်း  ဆွေးနွေးဖြစ်တော့ စင်ကာပူကို ရောက်နေတဲ့ သူငယ်ချင်းကလဲ မြန်မာတွေ စင်ကာပူမှာ အလုပ်ဖြုတ်ခံနေရပြီး သောင်တင် နေကြတဲ့အကြောင်းကို စိတ်မကောင်းကြီးစွာ ပြောပြရှာပါတယ်။ နောက်ဆုံး လမ်းခွဲ နူတ်ဆက်ချိန် ရောက်လာတော့ ကနေဒါက သူငယ်ချင်းက သူ … အရမ်း အိမ်ပြန်ချင်နေတဲ့ အကြောင်းနဲ့  ပြည်ပမှာ နေရတာ တစက်လေးမှ မပျော်တဲ့ အကြောင်းကို ဖွင့်အန်ချလာတော့ ကျနော်တို့ အားလုံး ဘာ စကားမှ မပြောနိုင်တော့ပဲ တိတ်ဆိတ် ငြိမ်သက် သွားကြပါတော့တယ်။ ကျနော်တို့ အားလုံးလိုလိုက လတ်တလော အဖြေမရှိ  ငြင်းဆန််နိုင်မှု ကင်းမဲ့စွာ ရင်ဘတ် ကိုယ်စီကိုယ်ငှနဲ့ အိမ်လွမ်းနာကျ နေကြလို့ ပါပဲ။

 

            ကျနော်တို့ အိမ်ပြန်နိုင်ကြမလား …. ? ဘယ်အချိန် ဘယ် ကာလလောက် အိမ်ပြန်ဖြစ်ကြမလဲ….? အိမ်အပြန် လမ်းကရော နွေးထွေး လုံခြုံမှု ရှိနိုင်ပါ့မလား….? စတဲ့ မေးခွန်းတွေက ဦးနှောက်ကနေ တဆင့် နှလုံးသွေးကြော များထဲထိ တဟုန်ထိုး လည်ပတ်စီးဆင်း နေပါတော့တယ်။    

 

            သေချာ တိကျတဲ့ အဖြေတခုကတော့ မြန်မာပြည်မှာ စစ်အာဏာရှင် စနစ်မချူပ်ငြိမ်း သရွေ့ ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ်  ပြည်ပရောက်နေကြတဲ့ မြန်မာနိုင်ငံသားလူမျိုး ပေါင်းစုံအတွက် လှပတဲ့အိမ် အပြန်လမ်းက မျှော်လင့်ချက် ကင်းမဲ့စွာ ပျောက်ရှ နေဦးမှာ အမှန်ပါပဲ။ ဒါဆိုရင် လွမ်းနေယုံ မှတပါး အခြား ရွေးချယ်စရာ မရှိတော့ဘူးလား…? လို့ စောဒက တက်စရာ ဖြစ်လာပါတယ်။

 

            လူတွေကို အိမ်အပြန်လမ်း မလှပအောင် တားဆီးပိတ်ဆို့ ထားတဲ့ ဒီ စစ်အာဏာရှင်စနစ်၊ လူတွေရဲ့ မွေးရာပါ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေ ကို ချိုးဖောက်နေတဲ့ ဒီစနစ်၊ အလုပ်အကိုင်နဲ့ စီးပွါးရေး အခွင့်အလမ်းတွေ မရှိအောင် ဖန်တီးထားတဲ့ ဒီစစ်စနစ်ဆိုး၊ ပညာရေးကို သုံးစားလို့ မရအောင် ဖျက်ဆီးထားတဲ့ ဒီစစ်စနစ်၊ လူတွေကို သူများနိုင်ငံ ပြည်ပမှာ မျက်နှာငယ်ငယ်နဲ့ ခေတ်သစ် ကျွန်ဘဝရောက်အောင် စနစ်တကျ ပုံသွင်းပေးနေတဲ့ ဒီစစ်ယန္တရားကြီးဟာ တခုတည်းသော ဘုံရန်သူ စစ်စနစ် ဆိုးကြီးကို ဖြိုချပြီး နိဂုံးချူပ် ဇာတ်သိမ်းပေးနိုင်ရင်တော့ ကျနော်တို့ရဲ့  အိမ်အပြန် လမ်းက အရုဏ်ဦး အလင်းလို ရွှန်းမြတောက်ပပြီး တိုင်းပြည်နဲ့ လူ့ဘောင်ရဲ့ အနာဂတ် ကလဲ ပွင့်သစ်စ ပန်းလေးလို ရွှန်းလဲ့ စိမ်းစိုလှပလာမှာ သေချာ နေပါတော့တယ််။   

 

          “နေဝင်းသေမှ အိမ်ပြန်မယ်” ဆိုပြီး လက်ဖျံပေါ်မှာ ဆေးမှင်ထိုးထားတဲ့ လူတွေကို အရင်တုန်းက ပြည်ပမှာ တွေ့ခဲ့ဖူးပါတယ်။ တကယ်တမ်း ကျတော့ ဗိုလ်နေဝင်း သေသွားသည့် တိုင်အောင် ဒီလူတွေ အိမ်ပြန်ဖို့ အခွင့်အလမ်းတွေ မရရှိခဲ့ကြပါဘူး။ ငကန်းသေပြီး ငစွေတက်လာပြီး စစ်စနစ်ကို သက်ဆိုးရှည်အောင် ဆွဲဆန့်လိုက်ကြ တော့ ပြည်သူတွေရဲ့ အိမ်ပြန်ချင်တဲ့ မျှော်လင့်ချက် အိပ်မက်တွေလဲ သဲထဲရေသွန်မိသလို အဖြစ်မျိုးနဲ့  ကြုံခဲ့ရပြန်ပါတယ်။ ဗိုလ်နေဝင်းနဲ့ အတူ မ.ဆ.လ ၀ါဒ ပြိုလဲသွားခဲ့ပေမယ့် စစ်စနစ် ကတော့ အမြစ်တွယ်ပြီး ရှင်သန်နေဆဲပဲလို ့ ပြောရမှာပါ။

 

             စစ်စနစ် သက်တမ်းရင့်လေလေ လူတွေပြည်ပကို စွန့်ခွာနေရ လေလေဖြစ်နေတော့  မြန်မာပြည်က လူဦးရေပေါင်း ၅ သန်းခွဲကျော်ဟာ ပြည်ပနိုင်ငံတွေကို  ရောက်ရှိနေကြတယ်လို့ နိုင်ငံတကာအဖွဲ့ အစည်းများက ခန့်မှန်း ပြောဆိုနေကြပါတယ်။ ဒါဟာ တတိုင်းပြည်လုံး လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်း ကျော်ဖြစ်နေသလို လူသားရင်းမြစ်များနဲ့ ကာယဉာဏ စွမ်းအားများ ပြည်ပနိုင်ငံများသို့ အစုလိုက် အပြုံလိုက် ထွက်ခွါပျံသန်း နေခြင်းပဲလို ဆိုရမယ် ထင်ပါတယ်။

 

            ဒီအထဲမှာ တချို့ပြည်ပရောက်တွေက အခြေအနေ အရပ်ရပ်ကြောင့်  ဒါမှမဟုတ် န.အ.ဖ စစ်အုပ်စုရဲ့ စိတ်ဓါတ် စစ်ဆင်ရေး မှိုင်းများကြောင့် ဒီမိုကရေစီနိုင်ငံရေး လောကသားတွေနဲ့ ပတ်သက် ဆက်နွယ်လိုခြင်း မရှိချင်ကြပါဘူး။ လူတွေက နိုင်ငံရေးနဲ့ မပတ်သက်ချင်ပေမယ့် နိုင်ငံရေးကတော့ အတွင်းကျကျနဲ့ သဘော သဘာဝအရကို လူတွေနဲ့ လာပြီးနှီးနွယ် ပတ်သက်နေတယ်လို့ ပြောရမှာပါ။ နိုင်ငံရေး သိပ္ပံပညာရှင် တယောက်ကတော့ လူတွေမွေးကင်းစမှာ အူဝဲလို အော်ငိုတာမဟုတ်ပဲ နိုင်ငံရေး လို့ အော်ငိုခြင်းသာဖြစ်တယ် ဆိုပြီး ရေးခဲ့ဖူးပါတယ်။ နိုင်ငံရေး စက်ကွင်းကြီးထဲသို့  ၀င်ရောက် လာကြောင်းကို နိုင်ငံရေးလို ့အော်ငိုပြီး အသိပေးခြင်းပဲ ဖြစ်တယ်လို ့ ဆိုပါတယ်။   

 

           တဘက်မှာ နှစ် (၂၀)ကာလ အလွန် မြန်မာ့ဒီမိုကရေစီ နိုင်ငံရေးလောကကြီး တဖြည်းဖြည်းနဲ့ လုံးပါး ပါးလာရခြင်း အချက်တွေထဲမှာ အတွင်းလူများရဲ့ ပယောဂလဲ မကင်းကြောင်းကို ဝေဖန်သုံးသပ်ရမယ် ထင်ပါတယ်။ အပြောင်းအလဲကို တောင်းဆိုနေ ပေမယ့် မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲပေးရမှာ တွန့်တို ဝေဝါးနေကြတော့ အဆုံးသတ် ရလဒ်မှာက ပြက္ခဒိန်များ ရင့်အိုကြွေကျ သွားခြင်းသာ ဖြစ်နေပါတော့တယ်။

 

            သေချာနေတာ တခုကတော့ မြန်မာ့ဒီမိုကရေစီ လောကကိုယ်တိုင် တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီး အင်အားချဲ ့ ထွင်ရမယ့် အချိုးအကွေ့ ကာလတခုဆီ ရောက်ရှိလာခြင်းပါပဲ။ တကယ်လို့သာ ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား (၅) သန်းကျော်ရဲ့ လေးပုံတပုံ တသန်းကျော်လောက် ကသာ ဒီမိုကရေစီ နိုင်ငံရေးလောကရဲ စည်းဝိုင်းအတွင်းထဲကို ၀င်လာမယ်ဆိုရင်  စစ်အုပ်စုကို နိုင်ငံရေးအရ စိန်ခေါ်နိုင်ပြီး စစ်စနစ်တခုကို ဖြိုချပစ်ဖို့  အဆင်သင့်ဖြစ်လာမှာ အမှန်ပါပဲ။ လူထုပါ၀င်မှု များလေလေ နိုင်ငံရေးစနစ်တခုကို အပြောင်းအလဲ လုပ်နိုင်ဖို့ ပိုပြီး ခိုင်မာလေလေ ဖြစ်နေတာမို့ အိမ်လွမ်းနာ ကျနေ သူကြများရဲ့ အိမ်အပြန် လမ်းလေးဟာလဲ ပီပြင်စွာ ရုပ်လုံးပေါ်လာမှာ မလွဲ ဧကန် မဟုတ်ပါလား … ? ။ ။       

 

 

ညီညီထွေး (နယ်သာလန်)

၁၉၊၁၁၊၂၀၀၈

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here