ခေတ်သစ် ခါမီခါဇေ

Click to enlarge

ဂျ ပန်နိုင်ငံဆိုတာ ခေတ်မှီ တိုးတက်နေတဲ့ စက်မူ ထိပ်သီး နိုင်ငံ တခုပါ၊ တနေ့တခြား တိုးတက်နေ မူတွေ နဲ့ အတူ လူသားတွေ ရဲ့ ဘဝဟာ စက်တွေ နဲ့ အပြိုင် သက်ဝင် လှုပ်ရှား နေကြ ရတာမို့ လူသား စက်ရုပ်တွေလို့တောင် ပြောရမလို

ဖြစ်နေပါပြီ၊ အဲဒီ တိုးတက်နေမှု တွေရဲ့ ရေစီးကြောင်းကို အမှီလိုက်ဖို့ အတွက် ဂျပန်မှာ ရှိနေတဲ့လူတွေဟာ အလုပ်ကို အချိန်ပြည့် လုပ်ဆောင်နေကြရသလို၊ မိသားစု တခုမှာလည်း အိမ်ထောင်ဦးစီး ဖခင်ကိုယ်တိုင် အလုပ် လုပ်နေရသလို မိခင်လည်း အချိန်ပိုင်း အလုပ်လုပ်ပြီး ၀င်ငွေရှာနိုင်မှ ဂျပန်ရဲ့ လူနေမူစနစ်မှာ ပုံမှန်ရပ်တည် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံရဲ့ နိစ္စဓူဝ လူမှုဘဝ


တိုးတက်မှုတွေရဲ့ နောက်မှာ လိုချင်စရာ ပစ္စည်း အသစ်အဆန်း တွေကလည်း တကယ့်ကို မက်မောစရာ ကောင်းသလို၊ အဲဒီ ပစ္စည်းတွေကို တန်ဘိုးအပြည့် တခါတည်း ပေးဆောင်စရာမလိုဘဲ အရစ်ကျ ငွေချေစနစ်နဲ့ ၀ယ်ယူနိုင်ဖို့ နည်းမျိုးစုံနဲ့ မြူဆွယ်နေမှု တွေဟာလည်း ဂျပန်က အိမ်ထောင်ရှင်မတွေ အတွက် သဘောခွေ့စရာ အချက်တွေပါပဲ၊ မုတ်ဆိတ်ရိတ်စက်၊ မိတ်ကပ်ဆိုတဲ့ အသေးလေးက အစ အိမ်၊ ခြံ၊ ကားကအထိ ၀ယ်လို့ ရတာမို့ ဂျပန်လူမျိုးတွေအဖို့ အကြွေးကင်းသူ ခပ်ရှားရှားပါ။


အဲဒီ အကြွေးကို လစဉ်ဆပ်နိုင်ဖို့က အလုပ်ကောင်းကောင်း ကြိုးစားလုပ်မှ ရတာမို့ အလုပ်ကိုဘဲ အာရုံစိုက် ဖိလုပ် ရတော့တာပေါ့၊ မနက် မျက်လုံးဖွင့်တာနဲ့ အလုပ်ရောက် တနေကုန် အလုပ်လုပ်၊ ပြီးတော့ တနေကုန် ပင်ပန်းသမျှ အလုပ်ထဲ စိတ်ညစ် ငြူးမူမှန်သမျှအတွက် စိတ်ထွက်ပေါက်တခုပေးဖို့ အရက်ဆိုင်ကို ချီတက်ပြီး သောက်ကြ စားကြပြီးတော့ အိမ်ပြန်….အိပ်၊ မနက် အလုပ်သွားနဲ့ သံသရာက လည်နေတော့တာ ပါဘဲ၊ ဂျပန်ရဲ့ အိမ်တွေ တော်တော်များများဟာ နောက်ဆုံးပေါ် ခေတ်မှီတဲ့ ပစ္စည်းသုံးအဆောင်တွေနဲ့ ပြည့်နှက်နေပေမယ့် တချိုသော မိသားစုတွေကတော့ မိသားစုဆိုတဲ့ ထွေးနွေးမှု မေတ္တာ၊ အကြင်နာတွေကတော့ တနေ့တခြား ဆိုသလို ခမ်းခြောက်လာနေပါပြီ။

 

အိမ်ထောင်ရှင်မ ဘဝ


အိမ်ထောင်ရှင်မတွေ ကလည်း စိတ်ထွက်ပေါက်နေနဲ့ အလုပ်တပိုင်း လုပ်သူတွရှိသလို၊ အလုပ် မလုပ်သူတွေ ကတော့ အပေါင်းအသင်း တွေနဲ့ သူတို့ရဲ့ အထီးကျန် ဘဝတွေကို ဖြုန်းတီး ပစ်လိုက်ကြတာတွေလည်း ရှိလာသလို၊ သားသမီးတွေကလည်း အိမ်ဆိုတာ Home Sweet Homeလို့ ခေါ်တဲ့ ချမ်းမြေ့စရာ အိမ်လေးအဖြစ် မမြင်တော့ဘဲ ကျောင်းကပြီးရင် အပြင်မှာဘဲ အပေါင်းအသင်းတွေနဲ့ လျှောက်သွား၊ မိမိလိုချင်တဲ့ ပစ္စည်းလေးတွေ ပိုပိုလျှံလျှံရဖို့ ၁၄နှစ်အရွယ်တွေ ကစပြီး အလုပ်လုပ် နေကြရတယ်လေ၊ အဲဒီတော့ မိဘဆိုတာလည်း သိပ်သံယောဇဉ် မတွယ်တော့ဘဲ အရွယ်ရောက်လာတယ် ဆိုရင်ဘဲ ၁၈နှစ်၊၂၀လောက် ဆိုရင်ဘဲ မိမိတို့ဘဝ မိမိရပ်တည်ဖို့ အိမ်ခွဲထွက်လို့ တယောက်တည်း နေကြတာတွေ ဖြစ်လာတော့တာပါဘဲ။


အိမ်ထောင်ရှင်မ ဂျပန်ရဲ့ အိမ်ထောင်ရှင်မတွေက အထက်က ရေးပြခဲ့သလိုဘဲ၊ လင်ယောကျာင်္းရဲ့ နွေးထွေးတဲ့ အချစ်နူးည့ံတဲ့ မေတ္တာကိုမရခဲ့တာ ကြာတော့ စိတ်ထဲမှာ အစိုင်အခဲတွေဖြစ်ပြီး စိတ်ဝေဒနာတွေ ခံစားနေရသူတွေလည်း တော်တော်များများကို တွေ့မြင်လာရတယ်၊ စိတ်ထွက်ပေါက် အဖြစ် တခြား ယောကျာင်္းတယောက်နဲ့ အကြင်နာသစ်ကို ရှာသူတွေလည်း ရှိသလို၊ မြ်ိုသိပ်ပြီး ကြိတ်ခံစားရ သူတွေလည်း ယဉ်ယဉ်လေးနဲ့ ရူးသွားပြီး ယောကျာင်္းရဲ့ ပစ်ပယ်ခံရမူတွေ၊ မိန်းမနဲ့ ယောကျာင်္း အိမ်ထောင်ကွဲ လင်ခန်းမယားခန်း ပြတ်စဲတာတွေလည်း တနေ့တခြား ဆိုသလို များပြားလာပါတော့တယ်၊ နှိပ်စက်တတ်တဲ့ ယောကျာင်္းမျိုးတွေကိုတော့ ဖိနှိပ်ခံရတာများပြီး ထွက်ပေါက်မရှိတော့ဘဲ ယောကျာင်္းကို အိပ်နေချိန်မှာ သတ်ပစ်ပြီး အိမ်ထဲမှာတင် ခန္ဓာကိုယ်ကို တစစီ ခုတ်ပိုင်း ဖြတ်ပစ်ပြီး တဒင်္ဂ စိတ်ထင်ရာ စိုင်းလုပ်သူတွေကိုလည်း သတင်းတွေမှာ တွေ့မြင် နေရလို့ စိတ်မချမ်းသာ စရာတွေပါဘဲ။ တချို့ကလည်း မိမိကိုယ်ကို သတ်သေတာတွေလည်း ရှိလာခဲ့ပါတော့တယ်။

 

အိမ်ထောင်သည် ယောကျာင်္းတွေ ရဲ့ စရိုက်သဘာဝ

 

တနေဝင် တနေထွက် အလုပ်တွေနဲ့ပဲ နပန်းလုံးပြီး၊ အလုပ်ထဲမှာလည်း အထက် လူကြီးရဲ့ ဆူပူမာန်မဲမူတွေကို ခံရလား ခံရရဲ့၊ ဂျပန်က အလုပ်တွေ တော်တော်များများဟာ အမှား မခံတတ်ကြပါဘူး၊ ပစ္စည်းထုတ်လုပ်မှု အရည်အသွေးနဲ့၊ ၀န််ဆောင်နိုင်မူ စွမ်းရည်တွေ မြင့်မားလာဖို့ အတွက် အလုပ်ထဲမှာ တင်းကျပ်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေက လူတယောက်ကို ထိန်းချုပ်ထားသလို၊ အချင်းချင်း အနိုင်ကျင့် ပြုမူတာတွေကိုလည်း ခံရလေ့ ရှိတဲ့အခါ ထွက်ပေါက်အဖြစ် အရက်သောက်ပြီး အပျော်ရှာလာကြပါတယ်။


ဂျပန်ရဲ့ ညနေခင်း အလုပ်ဆင်းချိန်ဟာ အီဆာကရ လို့ခေါ်တဲ့ ဂျပန် အရက်ဆိုင်တွေဟာ တိုးမပေါက်အောင် စည်ကားနေတာ တွေ့မြင် ရပါလိမ့်မယ်၊ မူးပြီးအိပ်ပြန် နောက်နေ့ အလုပ်ထသွားနဲ့ ဇနီးသည်နဲ့ သားသမီးတွေ အပေါ်မှာ ဖခင်တယောက်ရဲ့ မေတ္တာဆိုတာ အပြည့်အဝ မပေးနိုင်ခဲ့ကြတော့ ကြာလာတဲ့အခါ အိမ်ဆိုတာ ကိုယ့်အတွက် ခြောက်ကပ်ကပ်နဲ့ နိုင်လာသလို ၊ အလုပ် ဖိစီးမှု ဒါဏ်တွေနဲ့

ဇနီးသည်ကိုလည်း စိတ်မဝင်စား လာတဲ့အခါ အိမ်ထောင်ကွဲပြို လာတဲ့အထိ ဖြစ်ကြရပါတယ်၊ အများအားဖြင့် ကတော့ အလုပ်ထဲက အနိုင်ကျင့်မှုတွေ၊ အထက်လူကြီးရဲ့ လူမဆန်တဲ့ ပြောဆိုမူတွေက နေ့စဉ်လို ဖြစ်လာရာ က စိတ်ထွက်ပေါက်မရှိဘဲ မိမိကိုယ်ကို သတ်သေတာတွေ၊ ဇနီးသည်က ဖောက်ပြန်နေမူတွေကို သိလို့ သတ်သေတာတွေ၊ သားသမီးနဲ့ မိန်းမကိုပါ သတ်ပစ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သူတွေ တိုးတက် များပြားလာပါတယ်။

 

ဂျပန်လူငယ်များ

 

ယနေ့ခေတ် ဂျပန်လူငယ်တွေကို ကြည့်မယ်ဆိုရင် အနာဂါတ်ဆိုတာ သိပ် … မတွေးတော့ပါဘူး၊ အများအားဖြင့် ကတော့ မိဘဆိုတာကို သံယောဇဉ် သိပ်မရှိကြသူတွေ များပြားလာသလို၊ အရွယ်ရောက်လာတယ် ဆိုရင်ဘဲ မိဘနဲ့နေရတာ လွပ်လပ်မှု မရှိတော့ဘူးလို့ အတွေးတွေနဲ့ သီးသန့် အိမ်ခန်းငှားပြီး နေထိုင်ကြပါတယ်၊ အဲဒီလူငယ်တွေရဲ့ သူတို့ အတွေးအခေါ်တွေက လွပ်လပ်သယောင်လို့ ထင်မြင် ယူဆရပေမယ့် တကယ်တမ်းကျတော့ အဲဒီလွတ်လပ်မှုရဲ့ နောက်ကွယ်မှာ အထီးကျန်မှုတွေကို ပိုခံစားရလာကြတယ်၊ အလုပ်ဆိုတာလည်း ပိုက်ဆံလိုချင်တဲ့ အချိန် သွားလုပ်လို့ရတဲ့ အလုပ် အချိန်ပိုင်း အလုပ်တွေကိုဘဲ ရွေးချယ် လုပ်ကိုင်လာကြတယ်၊ လခစား လုပ်ပြီး အနိုင်ကျင့်ခံရမှု၊ တင်းကျပ်ပြီး မျက်နှာသာ ပေးမခံရမူတွေ ရှိလာတဲ့ အခါ၊ ထွက်ပေါက်ကို နည်းမျိုးစုံနဲ့ ရှာတာ လူတို့ရဲ့ ဓမ္မတာပါ။


တိုင်ပင်ဖော် ဆိုတာမရှိဘဲ တယောက်တည်း အထီးကျန် ရပ်တည်နေမူတွေနဲ့ စိတ်ဖိစီးမှု ဒါဏ်နဲ့ ယဉ်ယဉ်လေး ဂေါက်နေသူတွေဟာလည်း အများကြီးပါ၊ မိန်းကလေးတွေလဲ တော်တော့ကို ငယ်ရွယ်တဲ့ မိန်းကလေးတွေ လမ်းဘေးမှာ လွင့်မျောနေသူတွေလည်း ရှိနေ တွေ့မြင်ရသလို ဘဝအတွက် ရုန်းကန် နေသူတွေလည်း အများအပြား ရှိနေကြပါတယ်။

 

၁၅မိနစ် တယောက်နှုန်း ကိုယ့်ကိုကိုယ် သတ်သေနေတဲ့ ဂျပန်


ဂျပန်မှာက ခေတ်မှီ တိုးတက်နေမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုး ပြသနာတွေက အများကြီးရှိနေပါတယ်၊ အဆိုးဆုံးကတော့ မိမိကိုယ်ကို သတ်တဲ့အမှုတွေက တနှစ်ထက် တနှစ် ပိုများပြားလာပြီး ၁၉၈၈မှ ၂၀၀၆ ခုနှစ်အထိ သတ်သေသူ စာရင်းအရ တနှစ်ကို သုံးသောင်း ပတ်ဝန်းကျင်ရှိနေပြီး၊ သေဆုံးမှုတွေဟာ ရပ်တ့ံသွားမှုမရှိဘဲ တနှစ်ထက် တနှစ် ပိုမိုများပြား လာပါတယ်၊ အသက်၁၅နှစ် မှ အသက်ရ၀ကျော် အတွင်း အရွယ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကို သတ်သေမှု တွေရှိလာတဲ့ အပြင် ဇနီးက ယောကျာင်္းကို သတ်တာ၊ အကိုက ညီမကိုသတ်တာ၊ သားက အဖေကိုသတ်တာ၊ အမေက လူမယ်သားကို သတ်တာတွေ အပြင် စိတ်ထွက်ပေါက်အဖြစ် လူသတ်ရရင် ပြီးရောဆိုတဲ့ အတွေးနဲ့ လမ်းလည်ခေါင်ကြီးမှာ မြင်မြင်သမျှ လူကို အသလွတ် ဓါးနဲ့ လိုက်ထိုးတာတွေ ဒီနှစ်ပိုင်းမှာ ပိုများလာတာ တွေ့မြင်ရလို့ စိတ်ထဲမှာ တော်တော်လေး မချမ်းမြေ့စရာတွေပါဘဲ၊ အခုဆိုရင် လမ်းသွားရင်တောင် သတိလေးနဲ့ သွားမှ အန္တရယ်ကင်းရမယ့် အဖြစ်မျိုး ဖြစ်နေတော့၊ စားသတိ သွားသတိလေးနဲ့ တရားမှတ် သလို စိတ်သတိ အကဲဆတ် နေထိုင်နေရပါတယ်။

 

ကိုယ့်ကိုယ်ကို သတ်သေမှုများရဲ့ အစ

 

ဂျပန်မှာက ကိုယ့်ကိုကိုယ် သတ်သေမှုဟာ သူတို့သမိုင်းထဲက ဆာမူရိုင်းခေတ်က စခဲ့တာဖြစ်ပြီး၊ ဒုတိယ ကမ္ဘာစစ်မှာလည်း သတ်သေတဲ့ စစ်သားအရေအတွက်က အများအပြားပါ၊ စစ်ရှုံးနိမ့်တဲ့ အခါ ရန်သူ့ လက်နဲ့ အသေမခံဘူး၊ သူရဲကောင်းဆိုတာ ကိုယ့်ကိုယ်ကိုပဲ သတ်သေမယ်ဆိုပြီး စခဲ့တာပါဘဲ၊ အဲဒီလို သတ်သေမူမျိုးကို အခမ်းအနားနဲ့ကို သတ်သေကြတာပါ၊ ဆာမူရိုင်းနဲ့ ဒုတိယ ကမ္ဘာစစ်က စစ်သည်တော်တွေကတော့ ကိုယ့်ကိုယ်ကို သတ်သေဖို့ မသေခင် အခမ်းအနား တခုလုပ်ပါတယ် ဂျပန်မှာ ကင်ဒိုဓါးဝယ်ရင် ဓါးအမယ်စုံ ပါပါတယ်၊ အရှည်တချောင်း အတိုတချောင်းပါ၊ အရှည်က ရန်သူကိုခုတ်ဖို့နဲ့ အတိုက ကိုယ့်ကိုယ်ကို သတ်သေဖို့ပါဘဲ။


သတ်သေမယ့်လူက အဖြူရောင် အဝတ်အစားနဲ့ ဒူးထောက်ထိုင်ချပြီး မိမိဗိုက်ကို ဓါးနဲ့ ခွဲချပါတယ်၊ အဲဒီလိုခွဲ ပြီးအချိန်မှာ အပေါ်က မတ်တပ်ရပ်ပြီး ကင်ဒိုဓါးအရှည် ကိုင်ဆောင်ထားသူက အဲဒီ သတ်သေသူရဲ့ ဂုတ်ပိုးလည်ပင်းကို ပိုင်းဖြတ် ချလိုက်တာပါဘဲ၊ အဲဒီလိုသေဆုံးခြင်းဟာ မြင့်မြတ်တဲ့ သေဆုံးခြင်းဖြစ်တယ်လို့ ဂျပန်လူမျိုးတွေက ခံယူထားကြပါတယ်၊ နောက်ပိုင်း အရပ်သားတွေ သတ်သေတာကတော့ အိမ်တုတ်တမ်းတို့ တောအုပ်ထဲက သစ်ပင်တပင်မှာ မိမိကိုယ်ကို ကြိုးကွင်းချ သေကြတာတွေ ရှိလာပြီး ဒီဘက်ခေတ် နောက်ပိုင်းမှာတော့ သတ်သေသူတွေက ရထားလာနေတဲ့ အရှေ့ကို ခုန်ချသေတာတွေ၊ အိမ်ထဲမှာ ဂတ်စ်ဖွင့်ပြီး သေတာမျိုး၊ တိုက်အမြင့်ပေါ်က ခုန်ချ သတ်သေတာတွေလည်း ရှိလာပါတယ်။


မိမိ ကိုယ်ကို သတ်သေတာဟာ ဂျပန်မှာ ပေါ်ပြုလာတခုလို စတန့်ထွင်တယ်လို့များ ထင်နေသလား မသိပါဘူး၊ သတ်သေမယ့် အင်တာနက် ၀ဘ်ဆိုဒ်တွေတောင် အမြောက်အမြား ပေါ်ထွန်းလို့ ရှိနေပါတယ်၊ အဲဒီဆိုဒ်တွေက သတ်သေချင်သူတွေကို တယောက်တည်း သေရတာ တမလွန်မှာ အထီးကျန်သလို ဒီဘဝမှာလည်း အထီးကျန်တယ်၊ ဒါကြောင့် အစုအဝေးလေးနဲ့ သေကြမယ်ပေါ့၊ ဝဘ်ဆိုဒ်ကနေ သေချင်ကြတဲ့ သူတွေက အချင်းချင်း ဆက်သွယ်ကြပြီး သူ့အကြောင်း ကိုယ့်အကြောင်းတွေ အပြန်အလှန် ဖလှယ်ကြပေါ့၊ ယုံကြည်ရပြီ ဆိုမှ ၄ယောက်တတွဲ ၃ယောက် တတွဲနဲ့ ကားတစီးဋ္ဌား ပြီးတော့ လူသူမနီးတဲ့ တောအုပ်ထဲမှာ ကားတံခါးကို အသေလော့(ခ်) ချပြီး ဂက်(စ်)လို သေစေနိုင်တဲ့ ဓါတ်ငွေ့ရည်မျိုးကို ဖွင့်ပြီး မွန်းကြပ် သေဆုံးအောင် လုပ်ကြတာပါ။

 

နံမည်ပျက်ရတဲ့ ဖူဂျီတောင်ခြေ


ကိုယ့် ကိုယ်ကိုသတ်သေတဲ့ နေရာမှာ လူအများဆုံး လာသေကြတဲ့ ဖူဂျီတောင်ခြေ အနီးက အအိုခိဂဟရ (aokigahara) တောအုပ်ကတော့ တကယ့်ကို နာမည်ကြီးပါ၊ အဲဒီ တောအုပ်ဟာ တကယ်တော့ သဘာဝတော တခုဖြစ်ပြီး နက်ရှိုင်းလှတဲ့ တောအုပ်တခုလည်း ဖြစ်တဲ့အတွက် သဘာဝတရား အလှတွေ စုစည်းနေတဲ့ နေရာပါ၊ ဒါပေမယ့် ကိုယ့်ကိုကိုယ် သတ်သေသူတွေကြောင့် “Suicide City” လို့ အမည်ဆိုးကြီးနဲ့ ထိတ်လန့်စရာ တုန်လှုပ်ဖွယ်ရာ တောအုပ်ကြီးအဖြစ် လူသိများ လာရတော့တာပါဘဲ။


ပုံမှန် အားဖြင့်တော့ အဲဒီတောအုပ်ကို ဖူဂျီတောင်တက်ရင်း အလည်သွားကြသူတွေ၊ ကင်မရာသမားတွေ အကြိုက်လည်း ဖြစ်တာမို့ အစုနဲ့အဝေးနဲ့ သွားတတ်ကြပါတယ်၊ တောစပ်လောက်အထိဘဲ သွားဘို့ ကောင်းတဲ့နေရာဖြစ်သလို၊ ဒီထက် ပိုဆက်သွားမိရင်တော့ သည်းထိတ်ရင်ဖိုတွေ တွေ့မြင််ရနိုင်ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သတ်သေသူတွေရဲ့ အရိုးစုတွေ၊ အဝတ်အစားတွေ၊ ကြိုးတွေ၊ တခြား ပုံစံမျိုးစုံတွေကို တနေရာမဟုတ် တနေရာ တွေ့မြင်ရမှာမို့ သစ်တော တာဝန်ရှိ ၀န်ထမ်းတွေကလည်း သတ်မှတ်ဧရိယာကို ကျော်လွန်မသွားကြဖို့ တားမြစ်ထားပါတယ်၊ သတ်မှတ်ဧရိယာကို မကျော်လွန်ခင်မှာဘဲ သတိပေးဆိုင်းဘုတ်တွေ တွေ့မြင်ရမှာ ဖြစ်ပြီး အဲဒီ ဆိုင်းဘုတ်တွေမှာ ရေးသားထားတာတွေ ကတော့ “မိမိရဲ့အသက်ဟာ မိဘကပေးထားတဲ့ တန်ဖိုးဖြတ်မရတဲ့ အရာပါ” … “စိတ်ကို ငြိမ်သက်စွာထားပြီး နောက်တကြိမ် မိသားစုတွေကို စဉ်းစားပါ” … “ကလေးရဲ့ အနာဂါတ်ကို စဉ်းစားပါ” … “ကိုယ်ရဲ့ စိတ်ရှုတ်ထွေးမူ တွေကိုတိုင်ပင် ဆွေးနွေးပါ” လို့ ရေးထားပြီး အရေးပေါ် အကူညီပေး ဖုန်းနံပါတ်ပါ ရေးပေးထားပါတယ်။


အဲဒီ တောအုပ်ကိုမှ ဘာကြောင့် ရွေးချယ် သတ်သေကြသလည်း၊ အစောင့်တွေက မတားမြစ်ဘူးလား? ဆိုတဲ့ မေးခွန်းတွေ မေးစရာရှိလာပါတယ်၊ သေကြောင်း ကြံတဲ့လူတွေက ဖူဂျီတောင်ကြီးရဲ့ ကြီးကျယ် မြင့်မြတ်မှု

လှပခမ်းနားမူတွေကို ကြည့်ပြီး ကိုယ့်ဘဝရဲ့ မလှပမူတွေ၊ သေးသိမ်မူတွေကို ခံစားရင်း အဲဒီ ခံစားမူတွေနဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ဖူဂျီတောင်ခြေမှာ သေရတာက ကောင်းတယ်လို့ ယူဆကြလို့ပါဘဲ၊ ဒီလောက် သတ်သေသူတွေ များနေတာ အစောင့်တွေ ရှိပါတယ်၊ ရဲတွေလည်း ချထားပေးသလို၊ တာဝန်သိ လုံခြုံရေး ၀န်ထမ်းတွေလည်း အများကြီး ချထားစောင့် ကြည့်နေကြပေမယ့် ၊ ကျယ်ဝန်းနက်ရှိုင်းပြီး လျှို့ဝှက်ချက်တွေနဲ့ ဂမ္ဘိရဆန်ဆန် အဲဒီတောအုပ်ကတော့ သတ်သေသူတွေ ရှိနေပါသေးတယ်၊ သေချင်သူများကတော့ ဆီလို အပေါက်ရှာပြီး သေနေကြတော့တာပါပဲ။


အခုလို နို၀င်ဘာ၊ ဒီဇင်ဘာ နဲ့ ဇန္နဝါရီလတွေဟာ မိမိကိုယ်ကိုကိုယ် သတ်သေမှု အများဆုံးလတွေ ဖြစ်ပြီး နှင်းခဲတွေနဲ့ လှချင်တိုင်းလှနေတဲ့ ဖူဂျီတောင်အောက်ခြေက အအိုခိဂဟရ တောအုပ်ထဲ အနိဌာရုံတွေ တွေ့မြင်နေရဦးမှာ ဖြစ်သလို၊ ရထားလိုင်းပေါ်က ခုန်ချသူတွေလည်း မကြာခဏ ကြံုတွေ့နေရ ဦးမှာပါ၊ သတင်း မီဒီယာတွေကတော့ ဂျပန်ဟာ ၁၅မိနစ်ကို တယောက်နှုန်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေနေကြတယ်လို့ ရေးသားပြောဆိုနေပြီး ကမ္ဘာမှာတော့ ကိုယ့်ကိုကိုယ် သတ်သေမူနှုန်းကို ဂျပန်က စံချိန်ရိုက်ချိုး လိုက်တာပါဘဲ။


ဂျပန်ဟာ ဘာသာရေး ကင်းမဲ့တဲ့ နိုင်ငံတခုတော့ မဟုတ်ပါဘူး၊ ရှင်တိုဘာသာလို့ ခေါ်တဲ့ ဂျပန်ရိုးရာ နတ်တွေကို ကိုးကွယ်သူတွေနဲ့၊ ဗုဒ္ဓဘာသာ ကိုးကွယ်ကြတဲ့ နိုင်ငံတခုဖြစ်သလို၊ နောင်ဘဝဆိုတာ မရှိဘူးလို့ ပြောနေတာတွေလည်း မဖြစ်နိုင်တာကို ဂျပန်အိမ်တွေ သွားလည်ရင် သိသာနိုင်ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သေဆုံးသူတွေ အတွက် သူတို့အမည်နဲ့ ရေးထိုးထားတဲ့ သစ်သားပြား ကိုယ်စားပြုတိုင်လေး ရှိနေသလို၊ ဓာတ်ပုံနဲ့တကွ အဲဒီလူအတွက် အစားအသောက်တွေက အစ တင်ပေးထားတာတွေ၊ ဂျုလိုင်လမှာ ဂျပန်ရဲ့ တစ္ဆေကြီးပွဲ ဆိုတာတွေလည်း ရှိနေပြီး သေဆုံးသူ ဘိုးဘွားမိဘတွေ အတွက် သူတို့ရဲ့ အုတ်ဂူင်္သချိုင်းတွေမှာ သွားရောက်ကန်တော့ ဆုတောင်းနေကြတာ တွေဟာ နောင်ဘဝဆိုတာကို ယုံကြည်နေလို့ တာ လုပ်ဆောင်နေတယ်လို့ မှတ်ယူ ယူဆရမှာ ဖြစ်ပါတယ်။


သတ်သတ်သေသူတွေဟာ အိမ်တွင်းရေးအဆင်မပြေမူ၊ အကြွေးတွေ မဆပ်နိုင်မူ၊ အလုပ်ထဲ အထက်လူကြီးတွေရဲ့ တင်းကျပ်တဲ့ စည်းကမ်းနဲ့ အနိုင်ကျင့်ပြောဆိုခံရမူ၊ စာသင်ခန်းထဲ ကျောင်းသားအချင်းချင်း မတရားအနိုင်ကျင့်မူ တွေကြောင့် မိမိကိုယ်ကို သတ်သေမူ အများဆုံးဖြစ်နေတာကို တွေ့ရှိရပြီး suicide လုပ်တာကို ဂျပန်လို jisetsu ( ဂျီစဲတ်ဆု ) လုပ်တယ်လို့ ခေါ်ပါတယ်၊ shinjuu ဆိုတာကတော့ တယောက်တည်း မဟုတ်ဘဲ ချစ်သူတွေ အကြောင်းကြောင်း ကြောင့် သတ်သေတဲ့အခါမှာ သုံးတဲ့ စကားလုံးဖြစ်ပြီး သတ်သေမယ့် ချစ်သူ၂ဦးဟာ ကြိုးအနီနဲ့ လက်ကိုပတ်ပြီးမှ တောင်ပေါ်ကနေ ခုန်ချသေကြတာ အရင်ခေတ်တုန်းက တော်တော်လေး ခေတ်စားခဲ့ပါတယ်၊ ဆောင်းပါးရဲ့ ခေါင်းစဉ်မှာ Kamikaze( ခမီခဇေ)လို့ ပေးထားတာကတော့ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်လေသူရဲတွေက ရန်သူ့ နယ်မြေထဲ သူတို့ရဲ့ လေယာဉ်တွေကို ထိုးချပြီး အသေခံခဲ့တုန်းက သုံးခဲ့တဲ့ စကားလုံးဖြစ်လို့ အားလုံး တော်တော်များများ သိနိုင်တဲ့ စကားအသုံးအနှုန်းကို သုံးနှုန်းလိုက်ရပါကြောင်း။

 

ကမာနီလာ (တိုကျို – ဂျပန်)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here