မြန်မာ့နိုင်ငံရေး မျှော်မှန်း သလို အောင်မြင် နိုင် ဖို့

Click to enlarge

မြန် မာ နိုင်ငံ တွင် ဒီမို ကရေစီ ရရှိရေး ကြိုးပမ်းမှု မှာ နှစ်ပေါင်း နှစ်ဆယ် ကျော် ကြာလာပြီ ဖြစ်သည်။ ယခု အထိ လက်ဆုပ် လက်ကိုင် ပိုင်ပိုင် နိုင်နိုင်  မရရှိ သေး သည်ကိုတော့ ဝန်ခံ ရမည်။ မရ သေးသည့် အဓိက အကြောင်း ရင်း မှာ

အာဏာရှင် စနစ် က မပြိုပျက် နိုင် သေး သောကြောင့်သာ ဖြစ်သည်။

 

ဒီမိုကရေစီ မရသေးသည်မှာ နအဖ တော်လို့မဟုတ်။ မိမိတို့ ဒီမိုကရေစီ ဘက်တော်သား များက ညံ့နေလို့ ဖြစ်ရသည်

 

ဟု ဒီမို ကရေစီ ထောက်ခံ လှုပ်ရှား သူ အချို့က ပြော သည်။ ထို စကား မှာ အနည်းငယ် မျှသာ မှန် လိမ့်မည်။ ဒီမို ကရေစီ အယောင် ဆောင် လှုပ်ရှားသူ များ၊ တတ်ယောင် ကား လူတွင် ကျယ်လုပ် လိုသူများ ကို ကွက် ၍ ပြောခြင်းမျှသာ ဖြစ်သည်။ အား မလို အား မရ ဖြစ်၍ ပြော သည် ဟုပင် သဘောထား လိုက်တော့ မည်။ မိမိ ကိုယ်တိုင် က ဝင် မလုပ် သည့် အပြင် အခြား လုပ်နေ သူတို့ အားလည်း မလုပ် ဖြစ် အောင် ဖျက်လို ဖျက်ဆီး သော စကားမျိုးကို ကျနော်တို့ လက် မခံ နိုင်။ အား လည်း မပေး။

 

ဒီမိုကရေစီ လှုပ်ရှားသူ များ အား စိတ်ဓါတ် ကျစေမည့် စကား နှင့် လုပ်ရပ် များ ကို ဒီမိုကရေစီ အမှန် တကယ် လိုလား သူ မည်သူ မဆို ရှောင်ရှား သင့် သည်။ ဒီမိုကရေစီ ရရှိရန် ကြိုးပမ်း လှုပ်ရှား နေကြ သူတို့မှာ မြန်မာ တနိုင်ငံလုံး အတိုင်း အတာ ဖြင့် သော်၎င်း၊ တ ကမာ္ဘလုံး အတိုင်း အတာ ဖြင့် သော်၎င်း ရှိရှိ သမျှ ရနိုင် သမျှ အရည် အချင်း နှင့် အင်အား တို့ကို စုစည်း လျက် စေတနာ အရင်းခံ ၍ လုပ်ဆောင် နေကြသူ များ ဖြစ် သည်။ အကောင်းဆုံး ကို သိရှိ ထား သည့်တိုင် အကောင်းဆုံး မလုပ်နိုင် သေး သည့် အခြေ အနေ ကို ဝေဖန် သူတို့ က နားလည် ပေးရန် လို သည်။ နိုင်ငံ တခု တွင် စနစ် တခု မှ အခြား စနစ် တခုသို့ ကူးပြောင်း ရာ၌ တဦး ကောင်း၊ တယောက် ကောင်း ဖြင့် အမှန် စင်စစ် မ စွမ်းဆောင် နိုင်။ ထိပ်ဆုံး ခေါင်းဆောင် ကိုပင် အခြား ခေါင်းဆောင် ကောင်း များ စွာ၊ ပညာရှင် ပေါင်း များစွာ တို့က ဝန်းရံ ပေးထား ရသည်။ ထို့ပြင် များ နိုင်သမျှသော လူထု ပရိသတ်ကြီးက အား တက်သရော ပါဝင် ထောက်ခံကြ မှ လည်း အောင်မြင် နိုင်သည့် ကိစ္စ ဖြစ် သည်။

 

မြန်မာ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုမှာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုကဲ့သို့ သမိုင်း မှတ်တိုင်အဖြစ် ထင်ရှား စွာ ပေါ်ထွန်း လာသည်ကို မည်သူ ကမျှ ငြင်းမရ အောင် ရှိနေခဲ့ ပြီဖြစ် သည်။ အခြေခံ ကောင်းများ ရရှိထား သောကြောင့် ဖြစ်သည်။ မည်သို့သော အခြေခံ ကောင်းများ ကို ကျနော်တို့ ရရှိထား ပါသနည်း။ ဒီမိုကရေစီ ရရှိ ရေး ကြိုးပမ်း သူတို့ ၏ ဆန္ဒက အများ ကောင်းကျိုး အတွက် ဖြစ်၍ မွန်မြတ် သည်။ ရည်မှန်း ချက်က အတိမ်း အစောင်း မရှိ ခိုင်မာ သည်။ သန္နိဌာန် က မပျောက် မပျက် ပြတ်သား သည်။ သတ္တိက မယုတ် မလျော့ ပြည့်ဝ သည်။ ထို အရည်အချင်း ကောင်းများ က ကျနော်တို့ အား မဆုတ်မနစ် ဇွဲလုံ့လ ကို ထာဝစဉ် ဖြစ်စေ သည်။ အနစ်နာခံ ကြိုးပမ်း ချင် စိတ်များ ဖြစ်စေ သည်။ ဖိနှိပ် ဖြိုခွဲမှုများ ကို တွန်းလှန် ရန် အင်အားသစ် များကို အစဉ်သဖြင့် တိုးပွား နေစေသည်။ အတွေး အခေါ် ကောင်းများ ရှင်သန် နေစေ သည်။ ထိုမျှ သာမက သေး။

 

မြန်မာ တို့၏ လူမျိုး-ဘာသာ-သာသနာကို အပျောက် မခံနိုင် လောက်အောင် ထိန်းသိမ်း လို သည့် အမြော် အမြင် များ ကြီးမား လာသည်။ လောက အကျိုး-နိုင်ငံ့အကျိုး- ပြည်သူ တို့ ၏ အကျိုး ကို အသက်စွန့်-ထောင်ကျခံ-ဘဝပျက်ခံ-အနစ်နာခံ သယ်ပိုး လိုသည့် စေတနာ၊ ဗြဟ္မစိုရ် တရား ထွန်းကား စေလိုသည့် စေတနာတို့မှာ ကြာလေ ကြာလေ ကြီးမားလာလေပင် ဖြစ်နေတော့သည်။ နောင်လာ နောက်သား တို့အား အစဉ် အလာ မပျက် လက်ဆင့် ကမ်း အမွေပင် ပေးနိုင်လျက် ရှိနေ လေပြီ။ ဒီမိုကရေစီ ရရှိရန် စတင် ကြိုးပမ်း စဉ် က မွေးကင်းစ ကလေး သာသာ အရွယ် ရှိ သူတို့မှာ ယခု အသက် နှစ်ဆယ် တင်းတင်း ပြည့်၍ ဒီမိုကရေစီ ပခုံးပြောင်း တာဝန်ကို ထမ်းဆောင် နေကြ သည်။ ထိုစဉ် က ငယ်ရွယ် နုပျို သူတို့သည်လည်း ယခုအခါ လူလတ်ပိုင်း အရွယ် သို့ ရောက်၍ အတွေ့ အကြံု ကောင်းများ ဖြင့် ခြေလှမ်း သွက်သွက် စီမံ ခန့်ခွဲ နိုင် နေပြီ ဖြစ်သည်။ ထိုစဉ်က လူလတ်ပိုင်းတို့လည်း ယခုအခါ လူကြီး သူမ တို့၏ ရင့်ကျက် မှု မျိုး ဖြင့် ကျနော် တို့ ၏ လှုပ်ရှား မှု ကို ဦးဆောင် နိုင် နေကြလေပြီ။ ထိုထိုသော အားလုံး တို့သည် နိုင်ငံရေးကို လက်တွေ့ ဘဝဖြင့် ရင်းနှီး ၍ နိုင်ငံရေး သမားများ ဖြစ်လာ ကြ သည်။ တန်ဖိုး ရှိ သည် ဟုဆို ရမည်။

 

ပန်းတိုင် မရောက်သေးသော်လည်း နောက်ဆုံးပိတ် အိတ်နှင့်လွယ်ရန် အခြေခံကောင်းများစွာ ရရှိနေ သည်မှာ အရှံုးထဲမှ အမြတ်ထွက်သည်ဟု သဘောပိုက်ကြရမည်။ မည်သူတဦးတယောက်ကိုမျှ နာမည် ထုတ်၍ မရေးသော်လည်း မည်သူတို့ ဖြစ်ကြမှန်း အလွယ်တကူ သိနိုင်သည်ပင်။ အများပြည်သူတို့အတွက် လက်မခံနိုင်သည့် မတရားသော အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေ တို့အား ဆန့်ကျင်ရသည်မှာ ဒီမိုကရေစီ လိုလားသူတို့၏တာဝန် ဖြစ်လာသည်။ မည်သည့်အခါမှ မမေ့စကောင်း။ နှစ်ဆယ်ရာစုနှစ်၏ စိန်ရတုကို ကျော်လွန်လာသည်နှင့် ကမာ္ဘ့နိုင်ငံရေး ရေစီးကြောင်း အပြောင်းအလဲ ရှိလာသည်။

 

ယင်း၏ ရိုက်ခတ်မှုများ အရှိန်တက်နေစဉ်တွင် မြန်မာပြည်သူတို့မှာ ဆိုရှယ်လစ် မျက်နှာဖုံးတပ် တပါတီစနစ် အာဏာရှင်များကြောင့် အဘက်ဘက်မှ ချွတ်ခြံုကျနေသည်။ ထို့ကြောင့် မူလကပင် ရရှိခံစားဖူးသော ဒီမိုကရေစီကို ပြန်လည်လိုလား တောင့်တလာသည်။ သမိုင်းဝင် ရှစ်လေးလုံး လူထုအုံကြွမှုဖြင့် ၂ဝ ရာစုနှောင်းပိုင်း ဒီမိုကရေစီကို တောင်းဆိုလှုပ်ရှားသည့် ကနဦးနိုင်ငံ များတွင် ပါဝင်ကာ ကမာ္ဘတလွှား ထင်ရှားလာခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွ ဒီမိုကရေစီ လိုလားသည့် နိုင်ငံရေးပါတီများစွာကို ဖွဲ့စည်း တည်ထောင်နိုင်ခဲ့သည်။ တိုင်းပြည်ကို ဒီမိုကရေစီစနစ်ဖြင့် ဦးဆောင်နိုင်မည့် နိုင်ငံရေးပါတီတို့အား ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဖြင့်် ပြည်သူတို့က လွတ်လပ်စွာ မဲပေးရွေးချယ်ခဲ့ကြသည်။

 

ရွေးကောက်ပွဲ ရလဒ်မှာ အာဏာရှင်တို့ တွက်ဆထားသလို ဖြစ်မလာ။ ပြည်သူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တခဲနက် မဲပေး ရွေးချယ်ကာ တိုင်းပြည်ကို ဦးဆောင်ရန် တာဝန်ပေးလိုက်ကြသည်။ သို့သော် ရာထူး၊ စည်းစိမ်၌ သာယာနေသည့် အာဏာရှင်များက ဒီမိုကရေစီ မပေးချင်ပဲ ရှိနေပြန်သည်။ ထိုအခါ ဒီမိုကရေစီ လိုလားသူများနှင့် အာဏာရှင်တို့၏ နိုင်ငံရေးတိုက်ပွဲကြီး စတော့သည်။ လွန်ခဲ့သော (၁၈)နှစ်က စလိုက်သည်မှာ ယနေ့တိုင်အောင် မပြီးပြတ်သေး။ လူထုက လက်ခံကျေနပ်ဖွယ်ရာ အဖြေ မထွက်။ သို့ဆိုလျှင် ပြည်သူတို့က မည်သို့ ဆက်လုပ်ရမည်နည်း။ နိုင်ငံရေးပါတီများကလည်း မည်သို့ ဆက်လုပ်ရမည်နည်း။

 

ယခုအချိန်ထိတိုင်အောင် ပြည်သူတို့၏ တာဝန်မှာ ရှင်းရှင်းလင်းလင်းပင် ရှိနေသည်။ မိမိတို့ မဲပေး ရွေးချယ်လိုက်သော နိုင်ငံရေးပါတီက အစဉ်အလာမပျက် ပြည်သူ့ဘက်မှ ရပ်တည်နေဆဲဖြစ်၍ ဆက်လက်ထောက်ခံရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိ။ ထို့ပြင် နိုင်ငံကိုဦးဆောင်မည့် အစိုးရတရပ်ကို ပြည်သူတို့က အတိအကျ ရွေးချယ်ပေးလိုက်ပြီး ဖြစ်နေ၍ သမိုင်းဝင် ထိုသတ်မှတ်ချက်ကို မပျက်မယွင်း ဆက်လက်ထောက်ခံနေရန်လည်း တာဝန်ရှိနေဆဲ ဖြစ်သည်။ ထို့ထက်ရှင်းအောင်ဆိုရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတို့က ဆက်လက် ထောက်ခံ အားပေးနေရမည်။

 

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ပြည်သူတို့က ဆက်လက် ထောက်ခံ ထိန်းသိမ်းထား ရမည်။ ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်၊ ဒီမိုကရေစီ ခေါင်းဆောင်၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား အထိန်းသိမ်းခံဘဝမှ လွတ်မြောက်စေရန် ဆက်လက် ကြိုးပမ်း ထောက်ခံ အားပေးနေရမည်။ တဆက်တည်းမှာပင် ဒီမိုကရေစီ ယုံကြည်ချက်ဖြင့် နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသူတို့ မတရားဖမ်းဆီး ထိန်းသိမ်းခံနေရခြင်းမှ လွတ်မြောက် လာရေးကိုလည်း ဆက်လက်တောင်းဆို လှုပ်ရှားသွားရမည် ဖြစ်သည်။ နိုင်ငံရေးပါတီများဘက်မှလည်း တာဝန်များ ရှင်းလင်းစွာပင် ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်လာရေးအတွက် ဘက်ပေါင်းစုံမှ ဆက်လက် လှုပ်ရှားနေရပါမည်။

 

ဤနေရာ၌ နိုင်ငံရေးပါတီများသာမက အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်များ၊ ပြည်ပရောက် ဒီမိုကရေစီလိုလားသည့် မြန်မာအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများလည်း ပါဝင်နေမည်ဖြစ်သည်။ ထို့ပြင် ပြည်သူတို့၏ဆန္ဒကို တလေးတစား၊ အသိအမှတ်ပြုသည့်အနေဖြင့် ရွေးချယ်တင်မြှောက်ခံရသူ တို့အား တစုတဝေးဖြင့် တိုင်းရေးပြည်ရာကိစ္စများကို ဆောင်ရွက်နိုင်အောင် ကြိုးပမ်းရဦးမည်ဖြစ်သည်။ လက်ရှိနိုင်ငံရေးကာလမှာ စနစ်ကူးပြောင်းအောင် လုပ်နေချိန်ဖြစ်သည်။ သို့ဖြစ်၍ စစ်မှန်သော ဒီမို ကရေစီ ပေါ်ထွန်းလာရန် အလွန်အရေးကြီးသည်။ နိုင်ငံနှင့် နိုင်ငံသားတို့၏ ရေရှည်ခိုင်မာသော အကျိုး စီးပွားအတွက် အဓိကအကျဆုံးဖြစ်သည့် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ လိုလားသော ပြည်သူတို့၏ ဆန္ဒသဘောထားနှင့်အညီ လွတ်လပ်စွာ ပေါ်ထွန်းလာရန် တာဝန်ကြီး ရှိနေသေးသည်။ လက်ရှိ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာကြီး သုံးရပ်စလုံးကို နအဖက တဖက်သပ် ချုပ်ကိုင်ထားသည်။ နအဖက ဒီမိုကရေစီနိုင်ငံ ထူထောင်မည်ဟု ကြွေးကြော် နေစေကာမူ လက်တွေ့၌ နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအပေါ် နိုင်ငံရေးလွတ်လပ်ခွင့် မပေးပဲ ချုပ်ချယ်ထားသည်။ သို့သော် ဤသည်မှာ လှုပ်ရှားသူများဘက်က အလွန့်အလွန် အလေးထားရမည့်ကိစ္စ မဟုတ်နိုင်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင်စဉ်က ပြည်သူတို့အား ကတိပြု ထုတ်ပြန် ထားသော ပါတီ၏မူဝါဒ (Manifesto) ရှိသည်။

 

အခြားနိုင်ငံရေးပါတီများတွင်လည်း အလားတူပင် ရှိကြ သည်။ မိမိတို့ပါတီအပေါ် ယုံကြည်လျှင်၊ အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်လျှင် မည်သို့ပင် ချုပ်ချယ်ထားစေကာမူ ထိုသို့သော နိုင်ငံရေးယုံကြည်ချက်ဖြင့်ပင် လွတ်လပ်စွာ လုပ်ဆောင် နိုင်မည့် နည်းပရိယာယ်များကို ရှာဖွေ ကြံဆနိုင်သည်။ နအဖက နိုင်ငံ၏ အရေးပါသောအာဏာကြီး သုံးရပ်ကို ပြည်သူ့ဆန္ဒမပါပဲ ကိုယ်ကျိုးစီးပွားသက်သက် ဖြင့် ချုပ်ကိုင်ထားသော်လည်း နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းတို့မှာ ပြည်သူ့ဆန္ဒနှင့်အညီ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ စစ်မှန်စွာ ပေါ်ထွန်းလာရေးကို နိုင်ငံရေးနည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းရန် တာဝန်ရှိနေ သည်။ နိုင်ငံရေးနည်းလမ်းပေါင်းစုံဟု ဆိုရာတွင် အဓိကအားဖြင့် hard power နှင့် soft power တို့ကို အခြေခံ သည့် နည်းလမ်းများဖြစ်သည်။

 

နိုင်ငံရေးကျွမ်းကျင်သူ ခေါင်းဆောင်တို့က ကာလ-ဒေသ-ပယောဂ အလိုက် ချင့်ချိန် အသုံးချကြမည် ဖြစ်သည်။ သွားဆရာဝန်တဦးအဖို့ လူနာဆီမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော သွားကိုနှုတ်ရန် ပိုမို သတိထားရသည်။ ခံတွင်းမှ သွားကို နှုတ်သော်လည်း ဦးခေါင်းရှိ အခြားနာဗ်ကြောများကို ထိခိုက်သွား နိုင်သောကြာင့်ဖြစ်သည်။ ထိုနည်းတူ သက်တမ်းရင့်ယော်နေသော အာဏာရှင်စနစ်ကို ဖယ်ရှားရန် ပိုခက်သည်။ နှစ်ဘက်စလုံး၌ ပါဝင်ပတ်သက်နေသူတို့၏ အထိအခိုက်၊ အဆုံးအရှံုးများ ရှိနိုင်သည်ကို အနည်းဆုံးဖြစ်အောင် ကာကွယ်ပေးလိုသော စေတနာကြောင့် ဖြစ်သည်။

 

အပြုသဘောဆောင် ရှုထောင့်မှဆိုလျှင် တိုင်းပြည်နှင့်လူမျိုးကို အမှန်တကယ် ကောင်းစားစေမည့် အမြော်အမြင် ရှိသူတိုင်း အထက်ပါ နိုင်ငံရေးအခြေအနေမျိုး၌ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ ဥပမာအားဖြင့် အလားတူ ဖြစ်ပျက်ခဲ့ဖူးသည့် တောင်အာဖရိက၊ ဂရိ၊ ပိုလန်၊ အင်ဒိုနီးရှား အစရှိသောနိုင်ငံတို့တွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အောင်မြင်နိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း အပြုသဘောဆောင်သော နိုင်ငံရေးလမ်းကြောင်းများ ရှိသင့်သည်။ မရှိသေး လျှင် အင်အားသာသူက အင်အားချိန်ခွင်လျှာ မပြောင်းလဲပဲ အပေါ်စီးမှ အနိုင်ကျင့်နေလိုကြောင်း ပြရာ ရောက်သည်။ ထိုအခါ နိုင်ငံရေးထုံးစံအရ အင်အားချိန်ခွင်လျှာ ညီမျှရန် လှုပ်ရှားမှုအသစ်များ ဖြစ်ပေါ် လာမည်။

 

ကြိုတင်မတွက်ဆနိုင်သော နိုင်ငံရေး အပြောင်းအလဲများ ဖြစ်လာနိုင်သည်။ ၂ဝဝရ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးက ပူပူနွေးနွေး သက်သေပြလျက်ပင် ရှိနေသေးသည်။ လူအသေအပျောက် အထိအခိုက် အဖမ်းအဆီး မရှိပဲ၊ နိုင်ငံ့ဂုဏ်သိက္ခာ မကျဆင်းပဲ နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ အနာဂတ်အတွက် အကောင်းဆုံး အခြေခံအုတ်မြစ် ဖြစ်မည်။ မျိုးဆက်သစ်တို့အတွက် အကောင်းဆုံး လက်ဆင့်ကမ်းအမွေ ဖြစ်မည်။ နှစ်ဘက်စလုံးက မိမိတို့နှင့်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို အချိန်မနှောင်းမီ လိုအပ်သလို စတင် လုပ်ဆောင်သင့်သည်။ လူအပြောင်းအရွှေ့ထက် မူအပြောင်းအရွှေ့က ပိုအရေးပါသည်။ မူပြောင်းလျှင် လုပ်ငန်းဆောင်တာများလည်း အလိုက်အထိုက် ပြောင်းလဲလာမည်။ အကျိုးရလဒ် ထွက်ပေါ်ခြင်းလည်း ပြောင်းလဲလာမည် ဖြစ်သည်။

 

နအဖ အနေဖြင့်ကား ဘဝတလျှောက်လုံး စစ်မှုထမ်းများ ဖြစ်သောကြောင့် နိုင်ငံ့အရေးအရာကိစ္စများကို စီမံခန့်ခွဲရာတွင် နေရာတကာ စစ်အမြင်၊ စစ်အတွေးဖြင့် ကြည့်၍ မရနိုင်။ နိုင်ငံရေးရှုထောင့်မှ ကြည့်ရန် အထူးပင် လိုအပ်သည်။ နအဖဘက်တွင် နိုင်ငံရေး အသိအမြင်များ ယခုထက်ပို၍ ကျယ်ပြန့်လာရန် လိုနေသည်။ လက်ရှိအခြေအနေ၌ နှစ်ဘက်စလုံး၏ နိုင်ငံရေးလမ်းကြောင်းသည် ချောမွေ့ဖြောင့်ဖြူးခြင်း မရှိကြောင်း ဦးစွာအားဖြင့် နှစ်ဘက်စလုံးက လက်ခံထားနိုင်မှ ဖြစ်မည်။ ဤအမှန်တရားကို လက်မခံသရွေ့ လက်ရှိ မူများအတိုင်း ဇွတ်တိုးနေကြဦးမည်။ ဇွတ်တိုးနေသမျှ ကာလပတ်လုံး လက်ရှိနိုင်ငံရေး အကျပ်အတည်း များအား ကျော်လွှားနိုင်မည် မဟုတ်ပဲ အချိန်ကြာလေ တိုင်းပြည်နှင့်လူမျိုးကို ချောက်ထဲ ဆွဲချနေသကဲ့ သို့သာ ဖြစ်နေလိမ့်မည်။

 

လိုအပ်သည့် အထူးကဏ္ဍများအတွက် တဘက်တည်းက လုပ်နေမည့်အစား (သို့) ရင်ဆိုင်ဖြေရှင်းနေ မည့်အစား နှစ်ဘက် ပူးပေါင်းညှိနှိုင်း၍ လုပ်ဆောင်သင့်သည်။ ဥပမာအားဖြင့် ကုလသမဂ္ဂမှ ကြားဝင် ကူညီပေးနေသည့် ဒီမိုကရေစီ အသွင်ပြောင်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကိစ္စ ဖြစ်သည်။ နောက်ထပ် ဥပမာတခု ပေးရလျှင် နအဖအား စီးပွားရေး ပြစ်ဒဏ်ခတ်မှုများ ဖြစ်သည်။ (မှတ်ချက်- ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဆိုပြုထားပြီး ဖြစ်သည်။) လက်တွေ့စမ်းသပ်သည့် ပုံစံတခုကို ချမှတ်ထားသင့်သည်။ ယင်းမှာ နအဖနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့က အထူးရည်ရွယ်ဆောင်ရွက်မည့်အဖွဲ့ (Special Task force) များကို ကိုယ်စီဖွဲ့စည်းလျက် သက်ဆိုင်ရာ (ဥပမာ- ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူ) တို့နှင့် ပူးပေါင်းညှိနှိုင်း အဖြေရှာခြင်းဖြစ်သည်။ နှစ်ဦးနှစ်ဘက်က ဘုံရည်မှန်းချက်တူညီလျှင် အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုများ ရှိလာမည်။

 

အထက်ပါ လက်တွေ့စမ်းသပ်မှုများ အောင်မြင်လာမည့်အပြင် ပိုမိုခက်ခဲဖွယ်ရာရှိသော နောက်အဆင့်များဖြစ်သည့် နိုင်ငံရေးပြဿနာများကိုပါ နှစ်ဘက်ညှိနှိုင်းပြီး ဖြေရှင်းနိုင်စရာ ရှိလာမည် ဖြစ်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်းသည်သာ နိုင်ငံရေးသမားကောင်းတို့၏ ဂုဏ်ယူစရာအလုပ်ဖြစ်သည်။ နိုင်ငံရေးပြဿနာ ဆိုသည်မှာ အစိုးရဆိုသူတို့က အစိုးရကောင်းတရပ်၏ တာဝန်များကို မထမ်းဆောင်နိုင်သည့်အခါ လူထုက မကျေနပ်သဖြင့် လူထုကိုယ်စား နိုင်ငံရေးသမား များက ဖြေရှင်းပေးရန်အတွက် ထွက်ပေါ်လာရခြင်း ဖြစ်သည်။ နိုင်ငံရေးသမားကောင်းများက အာဏာ လိုချင်၍မဟုတ်ကြောင်း အမြင်ရှင်းဖို့လိုသည်။ အာဏာကိုရယူခြင်းထက် အာဏာကို မှန်ကန်စွာ သုံးစွဲ နိုင်မည့် နည်းစနစ်ကို ဦးစားပေး ဖန်တီးခြင်းသာ ဖြစ်သည်။ အမြင်နှင့်အကျင့်မှာ အလွန်အရေးပါသည်။ သို့သော် ကိုယ်ကျိုးစီးပွား မက်လွန်းနေလျှင် အရေးပါသည် ဟုပင် မထင်မှတ်နိုင်ပဲ ထင်ရာစိုင်းမိတတ်ကြသည်။ ပြဿနာများကို လက်ယပ်ခေါ်သကဲ့သို့ ရှိနေမည်။

 

နိုင်ငံအဆင့်တွင် အစိုးရတရပ်က လူထုအကျိုးစီးပွားကို ဦးတည်သည့် အမြင်နှင့်အကျင့်တို့၌ ချို့တဲ့ အားနည်းလျှင် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာသည်။ နိုင်ငံရေးသည် သမုဒ္ဒရာနှင့်တူသည်။ သမုဒ္ဒရာပြင်သည် ကျယ်ဝန်းသည်။ အတွင်းသို့ နက်ရှိုင်းသည်။ အန္တရာယ်များသည်။ ယနေ့ခေတ် လူသားတို့ မသိရသေးများ ရှိနိုင်နေသေးသည်။ သို့သော် သမုဒ္ဒရာကို ဖြတ်ကူးနိုင်သော သင်္ဘောများကို လူသားတို့က ကြံဆတီထွင်လာနိုင်ခဲ့ကြသည်။ သမုဒ္ဒရာကူး သင်္ဘော များကို မြန်သထက်မြန်၊ ကောင်းသထက်ကောင်းအောင် တီထွင်ဖန်တီးနိုင်စွမ်း ရှိလာကြသည်။ ကျနော်တို့ ပါဝင်ပတ်သက်နေသော မြန်မာ့နိုင်ငံရေးကိုလည်း ကောင်းသထက်ကောင်းအောင် လုပ်နိုင် သည်။ ကျနော်တို့၏ ကိုယ်ကျင့်တရား၊ စေတနာ၊ အနစ်နာခံမှုနှင့် အရည်အချင်းများကို အဆက်မပြတ် မြှင့်တင်ပေးလျှင် ဖြစ်နိုင်သည်။

 

ယခုအခါ နိုင်ငံရေးသမားကောင်း အများအပြား ပေါ်ထွက်လာနေခဲ့ပြီ ဖြစ်၍ စံနမူနာထားအပ်သူတို့၏ အတွေးအခေါ်၊ အကျင့်အကြံများကို အတုယူလျှင် လမ်းကြောင်းမှန်သို့ ရောက်ရန် နီးစပ်နိုင်သည်။ မည်မျှပင် ခက်ခဲသော နိုင်ငံရေး ဖြစ်စေကာမူ၊ ရှေ့မတိုး နောက်မဆုတ် နိုင်ငံရေးပြဿနာ ဖြစ်စေကာမူ အဆုံးတနေ့တွင် ဖြေရှင်းနိုင်မည်သာဖြစ်သည်။ ထိုအဆုံးတနေ့ကို အမြန်ဆုံးရောက်နိုင်ဖို့ ဆိုသည်ကား နိုင်ငံရေးသမားကောင်းများစွာ ထွက်ပေါ်လာသည့်အပေါ် အဓိက မူတည်သည်။ ထိုအခါ အဆိုပါ နိုင်ငံရေးသမားကောင်းတို့အပေါ် ယုံကြည်အားကိုးသည့် လူထုပရိသတ်ကြီးက တခဲနက် ထောက်ခံ အားပေးလာမည်။ လူထုထောက်ခံမှုရနေသရွေ့့ မည်သည့်နိုင်ငံရေးဖြစ်စေကာမူ မျှော်မှန်းထားသကဲ့သို့ အောင်မြင်မည်သာ ဖြစ်တော့သည်။

တဆယ့်ကိုးနှစ်ကျော်ကြာအောင် တိုက်ပိတ် အဖမ်းခံခဲ့ရာမှ ၂၃-၉-၂ဝဝ၈ နေ့တွင် ပြန်လည် လွတ်မြောက် လာသော နိုင်ငံ ရေးသမား၊ သတင်းစာဆရာကြီး ဦးဝင်းတင်အား လေးစားစွာ ဦးညွှတ်လျက် မြန်မာ့ နိုင်ငံရေး လောက အောင်မြင်ရေးအတွက် ဤဆောင်းပါးကို ရေးသည်။

လွင်အောင်စိုး ( ၁၄-၁၀-၂ဝဝ၈)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here