မြန်မာတွေအတွက် တတပ်တအား ဖြစ်ခဲ့သည် အမေရိကန် နှစ်ဦး

Click to enlarge

မေရိကန် သမ္မတကတော် လော်ရာဘုရှ် အိမ်ဖြူတော်မှ ထွက်ခွာမှုသည် ကမာ္ဘတစ်လွှား ရှိ စစ် အာဏာရှင်များ ကို ဆန့်ကျင်နေ သည့် အတိုက်အခံ အဖွဲ့အစည်း များ အတွက် အလွန် ကြီးမား သော ဆုံးရှုံးမှု ကြီး တစ်ရပ် ဖြစ်လာ လိမ့်မည်ဟု 

ခန့်မှန်းရသည်။ လော်ရာဘုရှ်သည် ခင်ပွန်းသည်နှင့်အတူ ဇန်နဝါရီလတွင် အိမ်ဖြူတော်မှ ထွက်ခွာ မည်ဖြစ်သည်။

ဂျော့ဘုရှ်၏ ရီပတ်ဘလစ်ကန်ပါတီသည် ဂျွန်မက်ကိန်း အရေးနိမ့်မှုနှင့်အတူ အာဏာရ ပါတီအဖြစ်မှ လျှောကျသွားပြီဖြစ်သည်။ မြန်မာအစိုးရအား အလွန်ပြင်းထန်စွာ တိုက်ခိုက်ဝေဖန်ခဲ့သော ရီပတ်ဘလစ်ကန် အမတ် မစ်ချ် မက်ကော်နယ်လ်ကမူ လွှတ်တော်အတွင်း ၎င်း၏နေရာကို ခိုင်မာအောင် ဆက်လက် တိုက်ပွဲဝင် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

လော်ရာဘုရှ်နှင့် မက်ကော်နယ်လ်တို့သည် မြန်မာနိုင်ငံရေးအတွက် အထူးအာရုံစိုက် စိတ်ဝင်စားခဲ့ကြသူများဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော စစ်အစိုးရ အကြမ်းဖက်မှုများ၊ မမျှတမှုများ၊ လူ့အခွင့်အရေး ခေါင်းပုံဖြတ်မှုများကို ကမာ္ဘတစ်ခုလုံး သိလာအောင် မီးမောင်းထိုးပြခဲ့သူများ ဖြစ်ကြသည်။ မြန်မာ့ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၁၃)နှစ်ကြာမျှ နေအိမ် အကျယ်ချုပ် ကျခံနေရသည်ကို လက်တွဲ ကန့်ကွက်ခဲ့သူများဖြစ်ကြသည်။ ယခုအချိန်တွင်တော့ လော်ရာဘုရှ်တစ်ယောက် နိုင်ငံရေးစင်မြင့်မှ အနားယူတော့မည်ဖြစ်သလို မက်ကော်နယ်လ်၏ အနေအထားမှာလည်း မသေချာတော့ပေ။

မြန်မာ့အတိုက်အခံပါတီ NLDမှ ဦးဟန်သာမြင့်က မြန်မာနိုင်ငံ အခြေအနေကို တစ်ကမာ္ဘလုံးမှ အာရုံစိုက်လာစေရန် လော်ရာဘုရှ်အနေနှင့် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသူများမှာ လော်ရာဘုရှ်ကြောင့် စိတ်ဓာတ်ရေးရာအရ အလွန်အားတက်စရာ ဖြစ်စေခဲ့ကြောင်း ၎င်းကဆိုသည်။ သို့သော်လည်း လော်ရာဘုရှ်၏ ဆောင်ရွက်ချက်များနှင့် ပတ်သတ်ပြီး ကွဲပြားသောအမြင်ရှိသူ အချို့လည်း ရှိသေးသည်။ ၎င်းတို့က လော်ရာဘုရှ်သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့သော်လည်း ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သူ မဟုတ်ကြောင်း၊ မြန်မာဗိုလ်ချုပ်များသည် အသက်(၆၃)နှစ်အရွယ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကို ယခုတိုင် ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သလို လွှတ်ပေးနိုင်သော အလားအလာလဲ မရှိကြောင်း ထောက်ပြဝေဖန်ခဲ့ကြသည်။

မြန်မာ့နိုင်ငံရေး ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ ဒေးဗစ်စတိန်းဘက်က မက်ကော်နယ်လ်နှင့် လော်ရာဘုရှ်တို့၏ ကြိုးပမ်းနေမှုများသည် မြန်မာ့ နိုင်ငံရေးအတွက် ချဉ်းကပ်ပုံ အသစ်တစ်မျိုး ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ အလုံးစုံ ပြောင်းလဲမှုများ ဖော်ဆောင်နိုင်ရေးမှာမူ အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒအရ အကန့်အသတ်များစွာ ရှိနေသေးကြောင်း ၎င်းကဆိုသည်။ သို့သော်လည်း အမေရိကန် သမ္မတကတော် ကိုယ်တိုင်ကိုယ်ကျ ပါ၀င်လာမှုသည် မြန်မာ့အရေးအတွက် အကျိုးသက်ရောက်မှု တစုံတရာတော့ ရရှိနိုင်ကြောင်း စတိန်းဘက်က ခန့်မှန်းပြောဆိုသွားသည်။ သို့သော်လည်း အခန့်မသင့်ပါက လော်ရာဘုရှ်၏ ဆောင်ရွက်ချက်များမှာ အကျိုးမဲ့ဖြစ်ရုံမျှမက နိုင်ငံရေးအရပါ အန္တရာယ် ရှိလာနိုင်ကြောင်း စတိန်းဘက်က မှတ်ချက်ပြုခဲ့သည်။

လော်ရာဘုရှ်အနေနှင့် ဗြူရိုကရေစီ ယန္တရားအောက်မှ ခွဲထွက်ပြီး မြန်မာ့အရေးကို အမေရိကန် ပြည်သူတစ်ရပ်လုံး အာရုံစိုက်လာအောင်၊ ထိုမှတဆင့် ကမာ္ဘ့နိုင်ငံများအားလုံး အာရုံစိုက်လာအောင် စွဲဆောင်နိုင်မည်ဆိုသည်မှာ လွယ်ကူသေယ အခြေအနေတစ်ရပ် မဟုတ်ပေ။

ပြီးခဲ့သောနှစ်က ဒီမိုကရေစီရေး ဆန္ဒပြသူများအား မြန်မာစစ်အစိုးရက အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်ခဲ့အပြီး မြန်မာနိုင်ငံ၏ အခြေအနေကို တစ်ကမာ္ဘလုံးက ပိုမိုသိမြင်လာကြသော်လည်း အချုပ်အခြာအာဏာပိုင် အစိုးရအဖွဲ့တစ်ခုအား ရုတ်တရတ်ဖယ်ရှားရန်မှာ အလွန်ခဲယဉ်းကြောင်း လော်ရာဘုရှ်အနေနှင့် နားလည်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူမ၏ အရှိန်အဝါကို အသုံးချပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရေး ဖိအားပေးကြရန် တဖက်လှည့် ကြံစည်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်ခဲ့ကြသည်။

လော်ရာဘုရှ်သည် တစ်ချိန်က ကျောင်းဆရာမ တစ်ဦးဖြစ်ခဲ့ပြီး စာကြည့်တိုက် ၀န်ထမ်းတစ်ဦး အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ အာရှဒေသများသို့ အလည်အပတ်ရောက်ရှိခဲ့ပြီးနောက် ထိုင်း- မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာ ဒုက္ခသည်များကို တွေ့မြင်ခဲ့အပြီး မြန်မာနိုင်ငံအခြေအနေကို ပိုမို စိတ်ဝင်စားလာသူလည်း ဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်များအနေနှင့် ၎င်းတို့၏လက်အောက်ခံ ပြည်သူများကို ငဲ့ကွက်ခြင်းမရှိဟု လော်ရာဘုရှ်က ပြစ်တင်ဝေဖန်ခဲ့သည်။

လော်ရာဘုရှ်သည် နိုင်ငံခြားရေးရာ အရှုပ်အထွေးများတွင် တက်ကြွစွာ ပါ၀င်လေ့ရှိသူ မဟုတ်ပေ။ သို့သော်လည်း မြန်မာနိုင်ငံ အခြေအနေကိုမူ အလွန်စိတ်ဝင်စားခဲ့သူဖြစ်သည်။ သူမအနေနှင့် မြန်မာနိုင်ငံအရေးကို ယခုထက်ပိုပြီး အင်တိုက်အားတိုက် ဆောင်ရွက်လိုသော်လည်း အမေရိကန် ဥပဒေများ၏ အကန့်အသတ်ကြောင့် စိတ်တိုင်းကျ ဆောင်ရွက်နိုင်ခြင်းမရှိဟု လော်ရာဘုရှ်က ၀န်ခံခဲ့ဖူးသည်။ သို့သော်လည်း သံဃာတော်များ သွေးမြေကျခဲ့သည့် စက်တင်ဘာ လူသတ်ပွဲများအပြီးတွင် လော်ရာဘုရှ်က မြန်မာပြည်သူများနှင့် တစိတ်တဝှမ်းထဲ ရပ်တည်ပေးပါရန် နိုင်ငံတကာသို့ ပန်ကြားခဲ့သည်။

ယခုအခါတွင်တော့ လော်ရာဘုရှ်သည် သူမ၏ခင်ပွန်းသည် ဂျော့ဘုရှ်နှင့်အတူ အိမ်ဖြူတော်မှ ထွက်ခွာရန် နီးကပ်လာပြီဖြစ်သည်။ အမေရိကန် ရွေးကောက်ပွဲများတွင် ဘာရတ်အိုဘားမား အနိုင်ရခဲ့မှုကလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ သဘောထားအပေါ် ရိုက်ခတ်မှုအချို့ ရှိလာဖွယ်ရှိသည်။ ဒီမိုကရက်တစ်တို့ အာဏာရလာမှုအပေါ် ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သော မက်ကော်နယ်လ်အနေနှင့် မြန်မာ့အရေးအတွက် ယခင်လို ထက်သန်ပြင်းပြစွာ ဆောင်ရွက်နိုင်ဦးမည်လား မသေချာတော့ပေ။ မည်သို့ပင်ဖြစ်စေ လော်ရာဘုရှ်နှင့် မက်ကော်နယ်လ်တို့သည် မြန်မာနိုင်ငံအတွက် ၎င်းတို့တတ်နိုင်သလောက် ဆောင်ရွက ်ပေးခဲ့သည်ကား သေချာ ပါသည်။

စစ်အစိုးရ၏ အုပ်စိုးမှုမှာ ဆက်လက်တည်မြဲနေဆဲ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်မှာလည်း မလွတ်မြောက်သေးချေ။ NLDပါတီမှ ဦးဟန်သာမြင့်က နောက်ထပ်အပြောင်းအလဲသည် အကောင်းဘက်သို့ ဦးတည်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောဆိုခဲ့သည်။ လော်ရာဘုရှ် မရှိတော့သည့်အချိန်တွင် အိုဘားမား၏ ဇနီးသည် ယခင်သမတကတော်ဟောင်း လမ်းစဉ်အတိုင်း မြန်မာ့အရေးတွင် အာရုံစိုက် ဆောင်ရွက်ပေးမည်မှာလည်း မသေချာနိုင်ပေ။

မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူများအနေနှင့် လော်ရာဘုရှ်၏ ဆောင်ရွက်ချက်များအတွက် ကျေးဇူးတင်နေမည်သာ ဖြစ်ပါသည်။ အိမ်ဖြူတော်တွင် လော်ရာဘုရှ် ဆက်ရှိနေမည် မဟုတ်တော့ပါ။ သို့သော်လည်း မြန်မာပြည်သူတို့၏ ရင်ထဲတွင်တော့ ၎င်းတို့အတွက် တတပ်တအား ပါ၀င်ဆောင်ရွက်ပေးခဲ့သည့် အမေရိကန် သမ္မတကတော်သည် အမြဲထာဝရ ရှိနေမည်သာ ဖြစ်ပါတော့သည်။

အောင်မင်း ( လူထုအသံ – ရန်ကုန် )

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here