ဘုရားမဲ့ဝါဒီ တို့၏ လူသတ်ပွဲ နှစ်ပတ်လည်

Click to enlarge

ရေအတွက် တစ်သိန်းကျော် မျှရှိသော မြန်မာပြည်သူ များသည် လမ်းများပေါ်သို့ အသီးသီးထွက်လာ ကြသည်။ စည်းကမ်းတကျ စီတန်း သွားကြပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ ကြသည်။ ၎င်းတို့ မည်သည့် အရာကို အလိုရှိ

နေကြသနည်း။

ဆိုလိုသည်မှာ တကမာ္ဘလုံးက သိရှိပြီးဖြစ်ကာ မြန်မာစစ်အစိုးရ အနေနှင့် ပြည်သူများ၏ လိုလားမှုကို မည်သို့ ဖြေရှင်းမည် ဆိုသည်ကို အားလုံးက စိတ်ဝင်တစား စောင့်မျှော် ကြည့်နေခဲ့ကြသည်။

အဖြေကား …. (၂၀၀၇)ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့တွင် ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သည်။ စနစ်တကျ အကာအကွယ် ယူထားသော အဓိကရုဏ်း နှိမ်နင်းရေး အမည်၏ နောက်ကွယ်၌ စစ်သားများသည် စစ်တပ်လော်ရီကားများမှ ဆင်းသက် လာကြသည်။ ၎င်းတို့နှင့် အလိုတူ အလိုပါ ရဲတပ်ဖွဲ့များ၊ စွမ်းအားရှင် ခေါ် လက်ကိုင်ဒုတ်တပ်ဖွဲ့၏ လိုင်စင်ရ လူသတ်သမားများ ၀န်းရံလိုက် ပါလာကြသည်။ ထို့နောက် တကမာ္ဘလုံးက အံ့ဩထိတ်လန့်ခဲ့ရသည့် စက်တင်ဘာ လူသတ်ပွဲကြီးအား တရားဝင်ပမာ မြိန်ရည်ယှက်ရည် ဆင်နွှဲကြ ပါတော့သည်။

ကမာ္ဘပေါ်တွင် ထေရဝါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံတနိုင်ငံဟု ကြွေးကြော်ထားသော မြန်မာနိုင်ငံ အတွင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ အပါအဝင် ဆန္ဒပြသူများကို စစ်အစိုးရ လက်ပါးစေ တပ်များက ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်း ခဲ့ကြတော့သည်။ မျက်ရည်ယိုဗုံး များ ဖောက်ခွဲခြင်း၊ မီးလောင်ဗုံးများနှှင့် တိုက်ခိုက်ခြင်း၊ နံပါတ်တုတ်များ နှင့် ရိုက်နှက်ခြင်း တို့အပြင် သေနတ်များဖြင့်ပါ ပစ်ခတ်သတ်ဖြတ် လိုက်ကြသည်။

လက်နက်ရှိသူနှင့် လက်နက်မဲ့ပြည်သူတို့၏ ပွဲကား တဖက်သတ်ဆန်စွာပင် ဇာတ်သိမ်းခဲ့ရသည်။ ကုလသမဂ္ဂ အဖွဲ့ကြီး အနေနှင့် မြန်မာစစ်အစိုးရ ဖန်တီးခဲ့သော ငရဲခန်းအား မည်သို့မျှ မတားဆီးနိုင်ခဲ့ဘဲ ရဟန်းတော်များ အပါအဝင် လူ(၃၁) ဦးခန့်သေဆုံး နိုင်ကြောင်း ခန့်မှန်း ယုံမျှသာ တတ်နိုင်ခဲ့ကြသည်။ လက်တွေ့တွင် စာရင်း ပျောက်နေသော သေဆုံးသူ အရေအတွက်ကို မည်သူမျှ အတိအကျ သိနိုင်မည် မဟုတ်တော့ချေ။

ထိုအကြောင်းအရာ များသည် လူတိုင်းသိပြီးသား အဖြစ်အပျက် အဟောင်းများအဖြစ်သာ ခေါက်ရိုးကျိုးလျှက် ရှိနေပေတော့သည်၊ သို့သော်လည်း ဟောင်းတိုင်း မေ့နိုင်မည်ကား မဟုတ်ပါချေ။ ရွှေတိဂုံဘုရား ခြေတော်ရင်းသည် ဗုဒ္ဓ၏သားတော် သံဃာတော် အရှင်မြတ်တို့၏ စင်ကြယ်သော သွေးစက်တို့နှင့် ချင်းချင်းနီ ခဲ့ရသည်။ ကျောင်းသားများ၊ ၀န်ထမ်းများအပါအဝင် အလွှာစုံမှ ပုဂ္ဂိုလ်များ၊ အရိုက်နှက်၊ အဖမ်းဆီးခံရ၊ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ယခုတော့ ထိုဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ ယုတ်မာရိုင်းစိုင်းသော၊ ရက်စက်ကြမ်းကြုတ်သော ဘုရားမဲ့ ၀ါဒီတို့ကား မြန်မာနိုင်ငံ အား လွှမ်းမိုးအုပ်ချုပ်နေတုန်းပင်၊ မျက်နှာ ပြောင်ပြောင်နှင့်ပင် ပြည်သူများ၏ စက်ဆုပ်မုန်းတီးမှုများအား ပြံုးပြံုးကြီး မြို့မေတ္တာခံယူနေတုန်းပင်။

တကမာ္ဘလုံးက ကောင်းချီးပေးခဲ့ကြသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုကြီးဖြစ်သည့် ရွှေဝါရောင် တော်လှန်ရေးဟု တင်စားခဲ့ကြသည့် ရဟန်းတော်တို့ ဦးစီးသော လှုပ်ရှားမှုကြီးကား စစ်အစိုးရ လက်ပါးစေ စစ်သားများ၏ လူမဆန်သော ဖြိုခွဲမှုများကြောင့် ပျက်သုဉ်းခဲ့ရပြီး ထိုဖြစ်ရပ်သည် မြန်မာနိုင်ငံတော် သမိုင်းအတွက် ဖျက်မရတော့သော အစွန်းအထင်းကြီး ဖြစ်လာခဲ့ရသည်။ တစ်နှစ်ကြာခဲ့သော်လည်း မြန်မာပြည်သူတို့၏ အတွင်းစိတ်ဝယ် မနေ့တနေ့ကလိုပင် ကိန်းအောင်း ထင်မှတ်နေပြီး ထိုဖြစ်ရပ်အား ခါးသီးနေကြ ဆဲပင်ဖြစ်သည်။

အသက်(၅၂)နှစ်အရွယ်ရှိ နိုင်ငံရေးသမားဟောင်းကြီး ဦးမောင်မောင်က "ကျွန်တော်တို့ နိုင်ငံအနာဂါတ်အတွက် မျှော်လင့်ချက်တော့ မရှိသလောက် ဖြစ်နေပါပြီ။ ဘုန်းတော်ကြီးတွေကိုတောင် သတ်ရက်၊ သတ်ရဲတဲ့ ဘီလူးသဘက် စိတ်ဝင်နေတဲ့ ဒီလိုအစိုးရမျိုးက သူတို့အာဏာကို လုံးဝအထိပါးခံမှာ မဟုတ်ပါဘူး။ နောက်တခါ လမ်းပေါ်ထွက် ဆန္ဒပြကြရင်လဲ ဒီထက်ဆိုးတဲ့ သွေးထွက်သံယို အဖြစ်ဆိုးတွေ ကြံုလာဦးမှာပါပဲ" ဟုပြောကြားခဲ့သည်။

(၁၉၈၈) ခုနှစ်နောက်ပိုင်း လူထုတစ်ရပ်လုံး စုစည်းညီညွတ်စွာဖြင့် ပထမဆုံးအကြိမ် ပါ၀င်ခဲ့ကြသော ဆန္ဒပြပွဲကြီးအား အင်အားသုံး ဖြိုခွဲခဲ့ပြီးနောက် စစ်အစိုးရ လူလိမ်လူကောက်များသည် ဒီမိုကရေစီ ကူးပြောင်းရေးအတွက်ဟု ကြွေးကြော်မှုများနှင့် ၎င်းတို့ အလိုကျ ရေးဆွဲထားသော လမ်းပြမြေပုံဆိုသည့် အလိမ်အညာ ဥပဒေကြီးအား ပြည်သူများကို အတင်းအဓမ္မ ထောက်ခံစေခဲ့ပြန်သည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံး သေကြေမှုများ ဖြစ်ပေါ်နေသော်လည်း ပြည်သူများကို အလွန်ချစ်မြတ်နိုးကြောင်း အမြဲလိုလို အသံကောင်း ဟစ်လေ့ရှိသည့် စစ်အာဏာပိုင်များက ဒုက္ခရောက်နေသူကို လျစ်လျူရှုထားခဲ့ပြီး မေလအတွင်း ဆန္ဒမဲထည့်ရန်သာ အတင်းအကျပ် နှိုးဆော်တိုက်တွန်းခဲ့သည်။ ကျမ်းတစောင်၊ ပေတဖွဲ့မျှ မှတ်တမ်းပြုစုထားထိုက်သည့် ကလိန်ကကျစ်နည်း၊ ယုတ်မာပက်စက်သောနည်း၊ မသမာသောနည်းပေါင်း အမျိုးမျိုးအဖုံဖုံကို သုံးစွဲပြီးနောက်တွင်တော့ ၎င်းတို့ရေးဆွဲထားသော လမ်းပြမြေပုံ မူကြမ်းအား ထောက်ခံခဲ့သည့် မဲအရေအတွက် (၉၂) ရာခိုင်နှုန်းရှိကြောင်း အရှက်မဲ့စွာ စစ်အစိုးရက ကြေငြာလိုက်တော့သည်။

(၂၀၁၀)နှစ်တွင် မြန်မာနိုင်ငံအတွက် သမာသမတ်ကျသော ရွေးကောက်ပွဲကြီးကို ခြိမ့်ခြိမ့်သဲမျှ ကျင်းပတော့မည်ဖြစ်ကြောင်း ရွှန်းရွှန်းဝေ ကြေငြာချက်များ ထုတ်ပြန်တော့သည်။ မနက်ဖြန် ဘုရားပွင့်မည် ဆိုသည်ကမှ ဖြစ်နိုင်ချေရှိသေးသည်။ ယခုလို အစိုးရမျိုးက ကြီးမှူးကျင်းပသည့် ရွေးကောက်ပွဲဆိုသည်မှာ ကျွန်ဘဝမှလွတ်ပြီး၊ သဘောက်ဘဝ ရောက်မည့်လမ်းမှန်း မြန်မာပြည်သူ တရပ်လုံး နားလည်ပြီးသား ဖြစ်နေလေတော့သည်။

ယခုထက်တိုင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားများကို ယုတ်မာစွာ ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးရန် ပြောင်ပြောင်တင်းတင်း ငြင်းဆန်နေသော စစ်အစိုးရသည် ဒီမိုကရေစီစနစ်ကို လမ်းပြဖော်ဆောင်ပါမည် ဆိုသည်မှာ အလွန်ပြောင်မြောက်သော ပြက်လုံးတခုပင်ဖြစ်သည်။ "လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို စစ်အစိုးရကို ဘယ်လို ဆန့်ကျင်ရမယ်လို့ အကြံမပေးရဲလောက်အောင်ပင် ဖြစ်နေရပါပြီ။

ဘာလို့လဲဆိုတော့ သူတို့တခုခု လှုပ်ရှားတာနဲ့ စစ်တပ် လက်မရွံ့တွေက အလွတ်ပေးမှာမှ မဟုတ်ဘဲလေ။ အခုလဲ အစိုးရက ချမှတ်လိုက်တဲ့ နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး လမ်းစဉ်မူဝါဒ ဆိုတာတွေကို ပြည်သူတွေခမျာ မကန့်ကွက်ရဲရှာဘဲ ထောက်ခံမဲထည့်ခဲ့ရတယ်" ဟု ကင်ဘာရာ တက္ကသိုလ်မှ မြန်မာပါမောက္ခတဦးက သုံးသပ်ပြောကြားသွားခဲ့သည်။

"မြန်မာပြည်သူတေ ွအနေနဲ့ စစ်အစိုးရကို အကြောက်တရားနဲ့ အရှုံးပေးနေကြ ရတာပါ"ဟု အဆိုပါ ပါမောက္ခက ဆိုသည်။ နို်င်ငံတကာအဖွဲ့ အစည်းများကလည်း အကာအကွယ်မဲ့ မြန်မာပြည်သူများကို မည်သည့်အကူအညီမျှ ဆောင်ရွက်မပေးနိုင်ခဲ့ချေ။ စစ်အစိုးရမှာ ဖိနှိပ်ချုပ်ခြယ်မှုများကို စိတ်ကြိုက် ပြုလုပ်နေဆဲဖြစ်ပြီး ကုလသမဂ္ဂ ခန့်မှန်းချက်အရ ဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ တစ်နှစ်အတွင်း နှစ်ဆနီးပါးတက်လာပြီး ယမန်နှစ်က ယခုလိုအချိန်တွင် နိုင်ငံရေးအကျဉ်းသား (၁၀၀၀)ကျော်မျှသာ ရှိနေခဲ့သော်လည်း ယခုအခါတွင်(၂၀၀၀)ကျော်မျှ ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင် နေအိမ်အကျယ်ချုပ်တွင် (၁၃)နှစ်တာမျှ အချိန်ကုန်နေခဲ့ရရှာသည်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူအပေါ် မြန်မာစစ်အစိုးရ၏ ဆက်ဆံပုံမှာကား ဂါရဝေါစ၊ နိ၀ါတောစတရား အလွန်အမင်း ပြည့်ဝပါပေသည်။ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတော် အစိုးရ၏ အမုန်းတီးဆုံး ပစ်မှတ်ရန်သူဖြစ်ကြောင်း တကမာ္ဘလုံးက ရှင်းရှင်းလင်းလင်း သိရှိပြီးဖြစ်သည်။

လွန်ခဲ့သောနှစ်က ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများသည် စစ်အစိုးရ၏ လောင်စာဆီဈေးနှုန်း ပြောင်းလဲမှုမှ စတင်ခဲ့ခြင်းဖြစ်သည်။ စားဝတ်နေရေး ကြပ်တည်းမှု၊ စီးပွားရေး နုံချာမှုတို့အား ဆန္ဒပြ တောင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင်မူ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့အား ဆန္ဒပြတောင်းဆိုလာကြသည်။ ကမာ္ဘပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံမှ ပြည်သူလူထုသည် ၎င်းတို့အား ဖိနှိပ်အနိုင်ကျင့်နေသော စစ်အစိုးရအပေါ် ရဲရဲဝံ့ဝံ့ ပြန်လည်တုန့်ပြန် လာကြခြင်းဖြစ်သည်။

စီးပွားရေးသာမက နိုင်ငံ၏လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးနယ်ပယ်များတွင်ပါ ချွတ်ခြံုကျနေမှုများကို သိမြင်လာကြသော ပြည်သူများနှင့် ၎င်းတို့၏ အခက်အခဲများကို စာနာ နားလည်သော ရဟန်းတော်များ၏ စုပေါင်းဆန္ဒပြမှုများသည် အလွန်အရှိန် အဟုန်ပြင်းစွာ တပြည်လုံးသို့ ရိုက်ခတ် ပျံ့နှံ့သွားသည်။

အထူးသဖြင့် ရဟန်းပျိုများ ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်ကလေးများပါ နိုင်ငံတော်ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်းတွင် ဂုဏ်ယူစံပြုထိုက်သည့် လှုပ်ရှားမှုကြီးအတွင်း ရှေ့တန်းမှ ပါ၀င်ခဲ့ကြသည်။ စည်းကမ်သေဝပ်စွာ၊ ငြိမ်းချမ်းစွာနှင့် စီတန်း လှည့်လည်ခဲ့ကြသည်။ မြန်မာပြည်သူတို့၏ ဒီမိုကရေစီတောင်းဆိုမှုကို ကမာ္ဘအရပ်ရပ်မှ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားသော နိုင်ငံအသီးသီးက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။

၎င်းတို့အနေနှင့် စစ်အစိုးရအား ဆန္ဒပြမှုများကို အကြမ်းဖက် မနှိမ်နင်းရန် ၀ိုင်းဝန်းတောင်းပန် ဖြောင်းဖျ ခဲ့ကြသေးသည်။ စက်တင်ဘာလ(၁၈)ရက်နေ့ ဆန္ဒပြမှုများ စတင်ချိန် ကတည်းက ငြိမ်သက်နေခဲ့သော စစ်အစိုးရသည် စက်တင်ဘာလ(၂၅)ရက်နေ့တွင် စစ်လော်ရီကားကြီးများပေါ်သို့ စစ်သားများ အပြည့်တင်ကာ ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း စတင်ဖြန့်ကျက်လိုက်သည်။ ထို့အတူ နေဝင်မီးငြိမ်းအမိန့်(Curfew)ကိုလည်း ထုတ်ပြန်ကြေငြာလိုက်သည်။ နောက်တစ်ရက်အကြာ စက်တင်ဘာ(၂၆)တွင်တော့ မြန်မာ့အမျိုးကောင်းသားတိုင်း အလွန်ကြေကွဲ ၀မ်းနည်းရသော စက်တင်ဘာလူသတ်ပွဲကြီးကို စတင် ဆင်နွှဲခဲ့ပါတော့သည်။ လူတစ်သိန်းကျော် ပါ၀င်သော လူအုပ်ကြီးအား မီးလောင်ဗုံးများ၊ မီးခိုးဗုံးများနှင့် လူစုခွဲခဲ့ပြီး အကြမ်းဖက် ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြသည်။

၎င်းတို့ငှားရမ်းထားသည့် နောက်လိုက်ခွေး၊ လက်ပါးစေအုပ်စုများဖြစ်သည့် စွမ်းအားရှင်တပ်ဖွဲ့များကလည်း ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စိန်ဗေဒါ လက်စွမ်းပြသည့်နှယ် ရိုက်နှက်ပြီး ဒိုင်နာကားများပေါ် အတင်းဆွဲတင်ကြသည်။ ထိုကာလအတွင်း ဆန္ဒပြသူ ထောင်နှင့်ချီပြီး အဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် တွင်ကား စစ်တပ်မှသေနတ်များနှင့် စတင်ပစ်ခတ်တော့သည်။ လမ်းမများတွင် သွေးစက်များဖြင့် တင်းကြမ်း ပြည့်နှက်နေခဲ့သည်။

ရဟန်းတော်တို့၏ မြင့်မြတ်သောသွေးတို့သည် စစ်ဖိနပ်များအောက်တွင် တသွင်သွင်စီးဆင်းနေသည်မှာ ရှုရက်စရာမရှိ ရင်နင့်စရာပင်ဖြစ်သည်။ စစ်အစိုးရ အလိုတော်ရိ မြန်မာသတင်းမီဒီယာများကပင် ဆန္ဒပြသူများအား ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သေကျေမှုအချို့ရှိခဲ့ကြောင်း ၀န်ခံသွားခဲ့သော်လည်း အကာအရံများ ထူထပ်စွာ ၀တ်ဆင်ထားပြီး၊ ဒိုင်းများ၊ ခေတ်မီလက်နက်များ ကိုင်ဆောင်ထားသော စစ်သားအချို့တို့သည် လက်နက်လုံးဝမရှိသော ဆန္ဒပြသူများ၏ တိုက်ခိုက်မှုကြောင့် ဆေးရုံပင် တင်လိုက်ရပါကြောင်း ဂရုဏာသက်ဖွယ် သာသာထိုးထိုး ကြေငြာသွားခဲ့သေးသည်။

စက်တင်ဘာလ(၂၇)ရက်နေ့တွင်လည်း စစ်အစိုးရတပ်များက ရက်ရက်စက်စက် နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ရဟန်းတော်များ၏ သင်္ကန်းများကို လုံးထွေးဆွဲချွတ်ပြီး ရိုက်နှက်ကန်ကျောက်ကြသည်။ တရားဝင်လူသတ်ပွဲများကို သွေးအေးအေးနှင့် ဆင်နွှဲကြသည်ကို စီတီဇင်ဂျာနယ်လစ်ဟု ခေါ်သော ပြည်တွင်းဘလော့ဂ်ဂါများ ပေးပို့သည်ကို ကမာ္ဘ့ပြည်သူများ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။

ပြည်သူကို ကာကွယ်မည်ဆိုသော စစ်တပ်သည် ပြည်သူများကို စိမ်ပြေနပြေ ပစ်ခတ်သတ်ဖြတ်ကြသည်။ ထိုစဉ်က အဖြစ်များကို မျက်မြင်ကြံုတွေ့ ခဲ့သူတစ်ဦးက မိမိအနေနှင့် စစ်သားများ၏ ဆဲဆိုကြံုးဝါးနေသံများ၊ သံဃာတော်များ၏ ညည်းညူအော်ဟစ်နေသံများ၊ ဒဏ်ရာရသူများထံမှ ငိုညည်းသံများကို ယခုတိုင် ကြားယောင် နေမိဆဲဟု ပြောဆိုသွားသည်။

စက်တင်ဘာ (၂၆) ရက်နေ့ လူသတ်ပွဲသည် အရှိန်အဟုန်ကောင်းခဲ့သော ဒီမိုကရေစီလှုပ်ရှားမှုကြီးအား အပြီးတိုင်ရိုက်ချိုး ပစ်လိုက်သည်။ ပြည်သူများအနေနှင့် အလျှော့မပေးလိုသော်လည်း အင်အားခြင်း မမျှတမှုကြောင့် လည်စင်းခံ အရှုံးပေး လိုက်ရသည်။ ရန်ကုန်မြေမှ သားသတ်သမား များဟုပင် ညွှန်းဆို ခေါ်ဝေါ် ထိုက်သည့် စစ်အစိုးရ တပ်များ၏ လူမဆန်သော လုပ်ရပ်များကြောင့် အလျှော့ပေးခဲ့ရသော်လည်း ထိုအရေးတော်ပုံကြီးကိုမူ မေ့နိုင်တော့မည် မဟုတ်ချေ။

ယခုဆိုလျှင် ထိုဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့သည်မှာ ၁နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ နိုင်ငံနှင့် ပြည်သူများ၏ ဆင်းရဲဒုက္ခ အတွက် ဆန္ဒပြရင်း အသက်ကိုစွန့်လှူသွားရသည့် ရဟန်းအာဇာနည်၊ လူအာဇာနည် အပေါင်းတို့အား ပြည်သူ တစ်ရပ်လုံးက ဒီအချိန်၊ ဒီအခါရောက်လေတိုင်း ထာဝရ အမှတ်ရနေမည်သာ ဖြစ်ပါတော့သည်။

တပ်မတော် အစိုးရအနေနှင့် အမြဲသုံးလေ့ရှိသော ၀ါဒဖြန့် စကားတခွန်း ရှိသည်။ ထိုစကားမှာ "တပ်မတော် သာ အမိ၊ တပ်မတော် သာ အဖ" ဟူသော စကားရပ် ဖြစ်သည်။ ထိုသို့ ဆိုပြန်လျှင်လည်း အဖေ၊ အမေအရင်း တော့ မဟုတ်နိုင် မဖြစ်နိုင်တော့ချေ။"

တပ်မတော်သာ မိထွေး၊ တပ်မတော်သာ ပထွေး" ဖြစ်ကြောင်း စက်တင်ဘာ ဖြစ်ရပ်ဆိုးကြီး က သက်သေပြ ခဲ့သည် မှာ မြန်မာပြည်သူ တစ်ရပ်လုံး မျက်မြင် ကိုယ်တွေ့ပင် ပြီခဲ့သော နှစ်ကာလများဆီက အော့နှလုံး နာခဲ့ရသည်။

ကျော်ထွန်း ( လူထုအသံ )

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here