စစ်အာဏာရှင် အစိုးရနှစ်ဖွဲ့ ၏ နျူကလီးယား ဇာတ်လမ်း

Click to enlarge

မြန် မာ စစ် အစိုးရ ၏ နျူကလီးယား လက်နက် ထုတ်လုပ်ရေး အစီ အစဉ် မှာ လက်ရှိ အချိန်တွင် ဖြစ်နိုင် ခြေ နည်းနေ သေး သော် လည်း လျှော့တွက် ထား၍ မရနိုင် ကြောင်း နိုင်ငံ တကာ နျူကလီးယား လက်နက်ဆိုင်ရာ ပညာရှင် များ က 

သတိပြု ပြောဆို လာခဲ့ ကြ သည်။ မြန်မာ နိုင်ငံ တွင် နှစ်ပေါင်း များစွာ မတရား ဖိနှိပ် အုပ်ချုပ်ခဲ့ သော စစ် အစိုးရ သည် (၂၀၀၇) စက်တင်ဘာလတွင် ဆန္ဒပြခဲ့ကြသည့် ရဟန်းတော်များအပေါ် လူမဆန်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့မှုများအား တစ်ကမာ္ဘလုံးမှ ၀ိုင်းဝန်းရှုတ်ချနေသည့် ဖိအားများကြောင့် နျူကလီးယား လက်နက်များ ထုတ်လုပ်ရေးတွင် ပိုမို အာရုံစိုက်ပြီး ဆောင်ရွက်လာဖွယ် ရှိသည်။ ကုလသမဂ္ဂ အအပါအဝင် နိုင်ငံတကာ တောင်းဆိုမှုများအား နျူကလီးယား ခြိမ်းခြောက်မှုဖြင့် တုန့်ုပြန်နိုင်ရန် အာဏာရူး မြန်မာစစ်အစိုးရက ရန်ရွယ်ထားဟန် ရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်း ရုရှား၏ အကူအညီဖြင့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်သွားရန် စီစဉ်ပြီးဖြစ်သည်။ စွမ်းအင်ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားသော အဆိုပါ ဓာတ်ပေါင်းဖိုတွင် လက်နက် ထုတ်လုပ်နိုင်ခြင်း လုံးဝမရှိသော ယူရေနီယမ်(၂၃၅)ကို အသုံးပြုမည်ဖြစ်သည်။ ထိုပမာဏသည် လက်နက်များ ထုတ်လုပ်နိုင်မည့် ယူရေနီယမ် သန့်စင်မှု၏ (၂၀)ရာခိုင်နှုန်းမျှသာ ရှိသည်ဟု သိရသည်။

ထို့ကြောင့် ထိုဓာတ်ပေါင်းဖိုသည် မြန်မာအစိုးရ၏ နျူကလီးယား လက်နက်ဆန်းများ ပြုလုပ်သွားနိုင်ရေး ရည်ရွယ်ချက်အပေါ် တိုက်ရိုက် အကျိုးပြုမည်ဟု မဆိုနိုင်ပေ။ သို့သော်လည်း နျူကလီးယား စွမ်းအင်အား ရင်းရင်းနှီးနှီး အသုံးပြုခွင့် ရလာမှုသည် မြန်မာစစ်အစိုးရ လက်အောက်ခံ နျူကလီးယား ပညာရှင်များအတွက် ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်လာစေမည့် လက်တွေ့နယ်ပယ် တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

တိုင်းပြည်ဝင်ငွေ အများစုကို လက်နက်များ ၀ယ်ယူ တပ်ဆင်ရေးအတွက် အစဉ်တစိုက် အသုံးချခဲ့သည့် မြန်မာ စစ်အစိုးရ အနေနှင့် လက်နက်များထဲတွင် ဖျက်ဆီးအား အကြီးမားဆုံးဖြစ်သော နျူကလီးယား လက်နက်များ ပိုင်ဆိုင်ရေးအတွက် လွန်ခဲ့သော (၁၀)နှစ်ကျော်ကတည်းက စတင်လှုပ်ရှားလာခဲ့သည်။

(၁၉၉၇)တွင် DSAအပါတ်စဉ် (၄၂)ကျောင်းဆင်း အရာရှိများအား အိန္ဒိယသို့ စေလွှတ်ပြီး နျူကလီးယား ပညာရပ်များ သင်ယူနိုင်ရန် ညှိနှို်င်းမှုများ ပြုလုပ်ခဲ့သည်။ အစပိုင်းတွင် အဆင်ပြေသော်လည်း နောက်ဆုံးတွင်မူ အိန္ဒိယနိုင်ငံ အနေနှင့်လည်း နည်းပညာ အားနည်းနေကြောင်း ရိပ်မိခဲ့သော စစ်အစိုးရက သဘောတူညီမှုအား ပြန်လည် ပယ်ဖျက်လိုက်သည်။

မြန်မာ စစ်အစိုးရသည် ၎င်းတို့၏ ဩဇာအာဏာ ဆက်လက် တည်တံ့ရေးအတွက် နျူကလီးယား ပိုင်ဆိုင်မှုသည်သာ အကောင်းဆုံး အဖြေဖြစ်သည်ဟု တရားသေ ယုံကြည်ထားသောကြောင့် နောက်ထပ် အစီအစဉ်တစ်ခုအား ဖန်တီးရန် ကြံစည်ကြပြန်သည်။ နောက်ဆုံးတွင်မူ လက်နက်အင်အားကြီး နိုင်ငံတစ်ခုဖြစ်သော ရုရှားနိုင်ငံနှင့် ဆက််သွယ်မိလေတော့သည်။

မြန်မာ စစ်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် တရုတ်အစိုးရက ဆက်သွယ်ပေးခဲ့ခြင်း ဖြစ်သည်။ ကျွန်းသစ်၊ ပတ္တမြား စသည်တို့အပါအဝင် မြန်မာ့ သယံဇာတများအား မျက်စိကျနေသော ရုရှားအစိုးရက နည်းပညာပိုင်း အကူအညီပေးရန် သဘောတူလိုက်သည်။ ထိုအခါတွင် နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာများအား အာသာငမ်းငမ်း လိုချင်မက်မောနေသည့် မြန်မာ စစ်အစိုးရအဖို့ ဖိုးကျိုင်းတုတ် ဖြစ်နေတော့သည်။

မြန်မာနိုင်ငံမှ စစ်အရာရှိများအား နျူကလီးယား သင်တန်းများ ပို့ချသွားရန် ရုရှားအစိုးရက သဘောတူလိုက်ပြီးနောက် မြန်မာအစိုးရက တွင် ရုရှားသို့ ပညာတော်သင် စစ်သည်များ နှစ်စဉ် ပို့ဆောင်ပေးခဲ့သည်။ ပထမအသုတ်အဖြစ် (၂၀၀၁)တွင် အရာရှိ (၁၅၀)အား ရုရှားသို့ ပို့လွှတ်သည်။  မြန်မာအနေနှင့် နျူကလီးယား နည်းပညာများ ရရှိလာခြင်းကြောင့် စစ်အစိုးရ မျှော်မှန်းထားသည့် လက်နက် ထုတ်လုပ်ရေး အစီအစဉ်နှင့် ပိုမိုနီးစပ်လာသော်လည်း နျူကလီးယား လက်နက်များ ထုတ်လုပ်သွားရန် လိုအပ်နေသည့် စွမ်းအင်များ ရရှိနိုင်ရန်မူ များစွာခက်ခဲနေဆဲ ဖြစ်သည်။

တရုတ်နှင့် ရုရှားတို့သည် နျူကလီးယား ပိုင်ဆိုင်ပြီးသော နိုင်ငံများဖြစ်သော်လည်း အမေရိကန်နှင့် အနောက်အုပ်စု၏ အငြိုအငြင်ကို မခံလိုပေ။ ထို့အတူ ကမာ္ဘပေါ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော အစိုးရ အဖွဲ့တစ်ခုအား ကုလသမဂ္ဂ လုံခြံုရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်များအနေနှင့် ယူရေနီယမ် အပါအဝင် နျူကလီးယား လက်နက် ထုတ်လုပ်ရေး လိုအပ်သော ပစ္စည်းများ ထောက်ပံ့သွားရန် စဉ်းစားထားပုံ မရချေ။

ထိုအခြေအနေအပေါ် နားလည်ထားသည့် မြန်မာအစိုးရအနေနှင့် ၎င်း၏ မျှော်မှန်းချက်များ အောင်မြင်အောင် ဖြည့်ဆည်းပေးမည့် လက်တွဲဖော်သစ်အား ထပ်မံရှာဖွေရပြန်သည်။ ထိုအခါ မြောက်ကိုရီးယားသည် မြန်မာ စစ်အစိုးရ ရိုက်ကူး တင်ဆက်နေသည့် နျူကလီးယား ဇာတ်လမ်းတွဲကြီးတွင် အဓိက ဇာတ်ဆောင်ကြီး ဖြစ်လာလေတော့သည်။

မြန်မာနှင့် မြောက်ကိုရီးယားတို့တွင် တူညီမှု များစွာရှိကြသည်။ နှစ်နိုင်ငံလုံးတွင် အပေါများဆုံး ပိုင်ဆိုင်သည့် အရာများမှာ စစ်လက်နက်များ ဖြစ်ကြသည်။ နှစ်နိုင်ငံလုံးမှ ပြည်သူများသည် လူ့အခွင့်အရေး ဆိုသည်ကို လုံးသလား၊ ပြားသလားဟု ကွဲပြားအောင် မသိကြချေ။

ထို့ပြင် နှစ်နိုင်ငံ အစိုးရများသည် ငတ်မွတ်ခေါင်းပါးနေသော ပြည်သူများအတွက် သနားဂရုဏာသက်စွာ သေနတ်နှင့်ချိန်ပြီး စောင့်ရှောက်နေသည့် အစိုးရများ ဖြစ်ကြသည်။ ယခုအခါတွင်တော့ ကမာ္ဘပေါ်တွင် နာမည်အပျက်ဆုံး အစိုးရ အချင်းချင်း ပေါင်းဆုံမိကြသည်။ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများအား ခံနေရသည့် အထီးကျန်၊ အပယ်ခံနိုင်ငံ အချင်းချင်း လက်တွဲမိကြသည်။ ထိုအခါတွင်တော့ အရှေ့တောင်အာရှ လူသတ်အစိုးရသည် ၎င်း၏ နျူကလီးယား အိပ်မက်အား လက်တွေ့ဘဝတွင် ပိုင်ဆိုင်နိုင်ရန် အလွန် နီးစပ်လာတော့သည်။

မြောက်ကိုရီးယားသည် နျူကလီးယား ပိုင်ဆိုင်ထားသည့် ကွန်မြုနစ် နိုင်ငံတော်ဖြစ်သည်။ စစ်လက်နက် တောင့်တင်းသည်။ စစ်သည်အင်အား များပြားသည်။ စစ်နည်းပညာ မြင့်မားသည်။ ထိုသို့သော နိုင်ငံတစ်ခုသည် ၎င်း၏ ရန်ဘက် အမေရိကန်နှင့် အကြီးအကျယ် အတိုက်အခံ ဖြစ်နေသော မြန်မာ စစ်အစိုးရအား ကူညီသွားရန် ဆုံးဖြတ်လိုက်သည်။ (၂၀၀၃)မှစပြီး မြန်မာတပ်မတော် အရာရှိများ မြောက်ကိုရီးယားသို့ သွားရောက်ကာ နျူကလီးယား ပညာရပ်များ သင်ယူကြသည်။

(၂၀၀၆) ခုနှစ်တွင်မူ နျုကလီးယား ဓာတ်ခွဲခန်းများ တည်ထောင်နိုင်ရန် လိုအပ်သော ကိရိယာများကို မြောက်ကိုရီးယားထံမှ ၀ယ်ယူသည်။ ထိုအတောအတွင်း နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေးကိုလည်း မြန်မာ စစ်အစိုးရက ပိုမိုအားထည့်လာခဲ့သည်။ မူူလက ယခုထက် ပိုစောပြီး ဆောက်လုပ်လိုသော်လည်း ကုန်ကျငွေ အမေရိကန်ဒေါ်လာ သန်း(၅၀၀)မျှရှိမည့် စီမံကိန်းအတွက် ရန်ပုံငွေ မလုံလောက်မှုကြောင့် ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် မြောက်ကိုရီးယား၏ အကူအညီကြောင့် ပိုမို အဆင်ပြေသော နည်းလမ်းသစ်များကို သိရှိလာပြီဖြစ်ရာ ဓာတ်ပေါင်းဖို စီမံကိန်းကိုလည်း အသက်သွင်းရန် ကြံစည်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံထွက် သယံဇာတများကို ရုရှားနိုင်ငံသို့ ဈေးပေါပေါဖြင့် ထုတ်လုပ်ရောင်းချနေသလို ယခုထိ ပညာတော်သင် (၄၆၀၀)ကျော်ကို ရုရှားသို့ ပို့လွှတ်ပြီး ဖြစ်သည်။ ပြည်သူများ ရရှိခံစားသင့်သည့် နိုင်ငံပိုင် ငွေကြေးများအားလုံးကို နျူကလီးယား စမ်းသပ်မှုအတွက် ပုံအော အသုံးချခဲ့သည်။ အတိတ်က သမ္မတ ချန်ဒူးဝမ်ကိစ္စနှင့် ပတ်သတ်ပြီး သံတမန်ဆက်သွယ်မှုပင် ဖြတ်တောက်ထားခဲ့သည့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေး အရှိန်မြှင့် ဆောင်ရွက်သည်။

ထိုအခြေအနေများ အားလုံးတို့သည် မြန်မာ စစ်အစိုးရ အနေနှင့် နျူကလီးယား လက်နက်များအား မည်မျှ တောင့်တနေကြောင်း ဆက်စပ် ခန့်မှန်းနိုင်ပေသည်။ မြန်မာအဖို့ ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားတို့အပေါ် အားကိုးအားထား ပြုပြီး လက်နက် ထုတ်လုပ်ရေး ကြံဆနေဆဲ ဖြစ်သည်။ နျူကလီးယားအတွက် အဓိက လိုအပ်သော ယူရေနီယမ် မိုင်းတွင်းများမှာ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တွေ့ရှိနိုင်သည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။ ကျောက်ပြုန်း၊ ဖောင်းပြင်နှင့် ကျောက်ဆင် ဒေသများတွင် ယူရေနီယမ် ထွက်ရှိနိုင်သည်ဟု ပညာရှင်များက ပြောဆိုခဲ့ကြသည်။

ထိုဒေသများတွင် ထွက်ရှိသည့် ယူရေနီယမ် ဓာတ်သတ္တုများအား တူးဖော်ထုတ်လုပ်နိုင်ရန် မြန်မာ စစ်အာဏာရှင်များက စီစဉ်လျက် ရှိကြသည်။

(၂၀၀၂)အတွင်း MIG-29 ခေတ်မီ ဂျက်တိုက်လေယာဉ်များ ရောင်းချမှုနှင့်အတူ ရုရှားနိုင်ငံသည် မြန်မာ စစ်အစိုးရအပေါ် လက်နက်အကူအညီများ ယခုထိ ပေးနေဆဲဖြစ်သည်။ နျူကလီးယားနှင့် ပတ်သတ်သမျှ တိုက်ရိုက် အကူအညီများ ပေးမည် မဟုတ်လျင်တောင် ထိရောက်သော အထောက်အကူများ ပေးနေဖွယ် ရှိနေသေးသည်။ မြောက်ကိုရီးယားကမူ မည်သည့်နိုင်ငံ၏ မျက်နှာကိုမှ ကြည့်ရန်မလိုပေ။

မြန်မာ စစ်အစိုးရ၏ နျူကလီးယား အစီအစဉ်အား ၎င်းတို့စိတ်ကြိုက် အလိုရှိသလို ပံ့ပိုးသွားဖွယ်ရှိသည်။ ကမာ္ဘ့ Major Power အသစ် ဖြစ်လာသည့် တရုတ်နိုင်ငံကလည်း အရှေ့တောင် အာရှဒေသအတွင်း ၎င်းတို့၏ ဩဇာအာဏာကို အမေရိကန်နှင့်အပြိုင် တိုးချဲ့နိုင်ရန် မျှော်လင့်လျက်ရှိရာ မဟာမိတ်ဖြစ်သည့် မြန်မာအစိုးရအား ထောက်ခံသွားမည်မှာ မလွဲနိုင်ချေ။ အထူးသဖြင့် နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် မြန်မာနိုင်ငံအနေနှင့် အရှေ့တောင်အာရှတွင် အင်အား အကြီးမားဆုံး လက်နက် နိုင်ငံတော်အဖြစ် ဩဇာကြီးမား လာမည်ဖြစ်ရာ တရုတ်အဖို့ အကောင်းဆုံး စစ်ရေး မဟာမိတ်နိုင်ငံ တစ်နိုင်ငံ ရရှိသွားမည် ဖြစ်သည်။

တရုတ် အစိုးရမှ (၂၀၂၀)ခုနှစ် မတိုင်မီ မြန်မာ စစ်အစိုးရအနေနှင့် နျူကလီးယား ပိုင်ဆိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုထားကြောင်း သတင်းများပင် ထွက်ပေါ်လျက် ရှိသည်။

နျူကလီးယား လက်နက်ဟူသည် စွမ်းအား အလွန် ထက်မြတ်ကြောင်း လူတိုင်း သဘောပေါက်ပြီး ဖြစ်သည်။ ဟီရိုရှီးမား ဖြစ်ရပ်ကြီးသည် နျူကလီးယား စွမ်းအင်၏ ကြောက်စရာ အကောင်းဆုံး ပြယုဂ်ပင် ဖြစ်သည်။ ထို့ကြောင့်လည်း ကမာ္ဘ့နိုင်ငံများသည် နျူကလီးယား လက်နက်များ ပြန့်ပွားသွားမည်ကို အလွန်စိုးရိမ်ကြပြီး လိုက်လံ ကာကွယ် တားဆီးနေခြင်း ဖြစ်သည်။ စစ်ရေးမူဝါဒ ပြင်းထန်သော၊ ရက်စက်ကြမ်းကြုတ်သော အစိုးရအဖွဲ့ တစ်ဖွဲ့၏ လက်ထဲသို့သာ အဆိုပါ နျူကလီးယား လက်နက်များ ရောက်ရှိသွားမည်ဆိုပါက မည်မျှ အန္တရာယ် ကြီးလာနိုင်ကြောင်း လူတိုင်း နားလည်နိုင်ပါလိမ့်မည်။

မြန်မာ စစ်အစိုးရသည် မည်သို့သော အစိုးရ ဖြစ်သည်ကို အထူး ပြောစရာ မလိုတော့ပါ။ ထိုသို့သော အာဏာရူး၊ စစ်ဘီလူးများလက်သို့ နျူကလီးယား လက်နက်များ အမှန်တကယ် ရောက်ရှိသွားမည်ဆိုပါမူ ……… ဆက်မတွေးရဲတော့သလို၊ ဆက်မရေးရဲတော့သောကြောင့် ယခုဆောင်းပါးအား ဤနေရာတွင် အဆုံးသတ်လိုက်ပါသည်။   ။

အောင်ခိုင် ( လူထုအသံ – ရန်ကုန် )

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here