အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဘာဆက် လုပ်မလဲ

Click to enlarge

သိချင်နေပြီ

ဝ၁ဝ ခုနှစ်မှာ နအဖက ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာတာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ဘာတွေ စီစဉ်နေ ပြီလဲ ဆိုတာ ပြည်သူ တွေက

 သိချင်နေတဲ့ သဘောမျိုး ရှိတယ် လို့ ကြား နေရ ပါတယ်။ ဒါကတော့ သဘောဝ ကျ ပါတယ်။ ဘာကြောင့် လဲ ဆိုတော့ လူထုအများစု က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီကို ထောက်ခံပြီး တခဲနက် မဲပေးခဲ့ကြတာလို့ပါဘဲ။

နအဖကလည်း သိပ်ပြီး သိချင်နေမယ်လို့ ယူဆရပါတယ်။ အမှန်တော့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ပြီးကတည်းက အဓိကသရုပ်ဆောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်လာရမှာ ဖြစ်ပေမယ့် နဝတ-နအဖ စစ်အစိုးရက အတင်းနေရာယူပြီး မင်းသားကြီး တက်လုပ်နေတော့ ပြဿနာတွေ တက်ပြီးရင်းတက်နေတာ နောက်ဆုံးမရှင်းနိုင်ပဲ ဖြစ်နေရာက လက်သည်တရားခံ လိုက်ရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်နေလို့ ဖြစ်ပါတယ်။

နအဖလိုပဲ တရုတ်၊ အိနိ္ဒယနဲ့ အာဆီယံ ကျန်အဖွဲ့ဝင် နိုင်ငံတွေကလည်း သိချင်နေပါလိမ့်မယ်။ အဲဒီ နိုင်ငံတွေကတော့ မြန်မာစစ်အစိုးရနဲ့ပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုကင်းမဲ့တဲ့ ဒေသတွင်းမှာ အကျိုးစီးပွားတွေ ဖြစ်ထွန်းကုန်တော့ ဆက်ပြီး ဖြစ်နိုင်ဖို့ မျှော်လင့်နေတာကြောင့် ဖြစ်ပါတယ်။

ကုလသမဂ္ဂကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသစ်ပြောင်းလဲလာမယ့် သဘောထားကို သိချင်နေတာကတော့ သေချာပါတယ်။ မြန်မာ့ပြဿနာဟာ အဓိကအားဖြင့် နိုင်ငံရေးကြောင့် ဖြစ်နေရပြီး ဒါကိုဖြေရှင်းဖို့ ကုလသမဂ္ဂမှာ တာဝန်အရှိဆုံး ဖြစ်နေပါတယ်။  

ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိတ်ဝင်စားနေပါလိမ့်မယ်။ (၂ဝ)ရာစုမကုန်မီ ကတည်းက ကမာ္ဘမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိပ်တန်းဦးစားပေးတဲ့ခေတ်ကို ရောက်ရှိနေခဲ့ ပါပြီ။ ဒီမိုကရေစီနိုင်ငံသစ်တွေ တခုပြီးတခု ပေါ်ထွန်းလာ ခဲ့ပါပြီ။ ဒါပေမယ့် ကမာ္ဘတလွှား ဒီမိုကရေစီ စံနမူနာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့မြန်မာနိုင်ငံက ဘာကြောင့် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ရသေး တာလဲ။ ဒါကို နိုင်ငံတကာက အားမလိုအားမရဖြစ်ရင်းနဲ့ အချိန်ပြည့် စောင့်ကြည့်နေကြ ပါတယ်။ 

မြန်မာပြည်သူတွေရော ကမာ္ဘ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေက သိချင်နေကြတဲ့ အကြောင်းရင်းကတော့  ဒီလိုဖြစ်မယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉ဝ ခုနှစ်က လွတ်လပ်ပြီး သမာသမတ်ရှိတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကမာ္ဘသိ ကျင်းပခဲ့ပြီးမှ ရွေးကောက်ပွဲရဲ့ရလဒ်ကို တခုမှ အကောင်အထည်မဖော်ပဲ ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲအသစ်တခု ထပ်လုပ်တာဟာ အဓိပ္ပာယ် ကင်းမဲ့နေလို့ ပါပဲ။

 

စဉ်းစားစရာ

ရွေးကောက်ပွဲကို အတင်းအဓမ္မ ဇွတ်လုပ်ရင်တော့ ဖြစ်မှာပေါ့။ ဘယ်သူက နာမည်အပျက်ခံပြီး လုပ်မလဲ။ ရှေ့မျက်နှာ နောက်ထားပြီး အရှက်မရှိ လုပ်ချင်သူတွေက လုပ်နိုင်ပေမယ့် ဒီကိစ္စမှာ ထိပ်ဆုံးက တာဝန်အရှိဆုံး လူတွေဟာ နာမည်ပျက်ခံပြီး စွန့်စားပါ့မလား။ လူထုကရော မိမိတို့ရဲ့ အနာဂတ်ကို အာမခံချက်မရှိပဲ  စွန့်စားနိုင်ပါ့မလားဆိုတာတွေကို လေးလေးနက်နက် စဉ်းစားစရာ ဖြစ်လာပါတယ်။

နအဖ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူထုဆိုပြီး အပိုင်း(၃)ပိုင်းခွဲပြီး စဉ်းစားကြည့်ပါမယ်။
နအဖဘက်ခြမ်းမှာဆိုရင် အုပ်စိုးသူ စစ်ခေါင်းဆောင်တွေက ပိပိရိရိ မလိမ်နိုင်ရင် တနည်းအားဖြင့် နိုင်ငံရေးကို ပရိယာယ်ပါပါ မကိုင်တွယ်နိုင်ရင် ရွေးကောက်ပွဲအသစ် ထပ်လုပ်တဲ့ စစ်အစိုးရအနေနဲ့ အထူးသဖြင့် နအဖခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေအနေနဲ့ မြန်မာ့သမိုင်းမှာ နာမည်ပျက်စာရင်း ဝင်သွားမှာ ဖြစ်ပါတယ်။

၂ဝဝဂ ခုနှစ် မေလမှာ နာဂစ်လေမုန်တိုင်း ကပ်ဆိုးကြီး ကျရောက်ခဲ့တာတောင် စစ်အစိုးရက ဂရုမစိုက်ပဲ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို မဖြစ်ဖြစ်အောင် ဇွတ်အတင်း လုပ်ကြည့်တော့ နောက်ဆုံးမှာ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပိပိရိရိ မလိမ်နိုင်တော့ ပြည်တွင်းရော ပြည်ပမှာပါ အရှက်ကွဲနေခဲ့ရတာကို နအဖ သင်ခန်းစာယူနေတဲ့ သဘောရှိပါတယ်။

အထူးသဖြင့် နအဖ အားပြုနေတဲ့ စစ်တပ်အတွင်းမှာ နအဖခေါင်းဆောင်တွေအပေါ် အထင်သေး စက်ဆုပ်နေတဲ့ ခံစားချက်တွေ ရှိနေနိုင်ပါတယ်။ ပြီးတော့ ဒီလိုအဓမ္မအပြုအမူဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ထင်မြင်ယူဆသူတွေလည်း တိုးပွားလာစရာ ရှိနိုင်ပါတယ်။

လက်ရှိ တရားဝင် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေရဲ့သဘောဆန္ဒမပါပဲ  ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲ အသစ်ထပ်လုပ်တာဟာ မြန်မာလူထုက လက်နဲ့ရေးခဲ့သမျှ ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက ခြေနဲ့ဖျက်ပစ်မယ့်သဘော သမိုင်းတွင်သွားပါလိမ့်မယ်။   

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ခြမ်းမှာကျတော့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ လုပ်ပိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းရမှာက အရေးကြီးဆုံး တာဝန်ကြီး ဖြစ်နေပါတယ်။ ဘာကြောင့်လဲ ဆိုရင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ လူထုက အပြည့်အဝ ထောက်ခံအားပေးထားလို့ ပါဘဲ။ ဒါတင်မကသေးပါဘူး။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံကို အာဏာရှင်နိုင်ငံကနေ ဒီမိုကရေစီနိုင်ငံဖြစ်လာအောင် ဦးဆောင်နိုင်မယ်လို့ လူထုက ကနေ့ထိ ယုံကြည်ထားလို့လည်း ဖြစ်ပါတယ်။

အဖွဲ့ချုပ်အနေနဲ့ ဒါတွေကို ကျောခိုင်းလို့မဖြစ်နိုင်တဲ့ အနေအထားမှာရှိပါတယ်။ ဘယ်သူမဆို အဖွဲ့ချုပ်ရဲ့ နေရာမှာရှိရင် ဒီလိုဘဲ ခံစားရမှာပါ။ လူထုက လက်နဲ့ရေးတာကို အဖွဲ့ချုပ်က ခြေနဲ့ဖျက်ပစ်တယ်ဆိုတဲ့ အမဲစက်ကို မြန်မာ့သမိုင်းကြောင်းမှာ အရေးခံနိုင်ကြမှာ မဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက်ရပ်တည်နေသရွေ့ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ဟာ ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မပြိုမကွဲ ဆက်လက်တည်ရှိ နိုင်ပါ့မလား ဆိုတာလည်း ထည့်သွင်းစဉ်းစားရမယ့် နောက်ထပ်အဓိကအချက် ဖြစ်နေပါတယ်။

တချိန်တည်းမှာ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးဖို့  အရေးကြီးဆုံးအဆင့်အနေနဲ့ လိုအပ်လာရင် ထိပ်ဆုံးခေါင်းဆောင်တွေ  အစုံအညီနဲ့ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို စဉ်းစားဆုံးဖြတ်နိုင်ခွင့်လည်း ရှိနေရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး စတဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ထိန်းသိမ်းခံနေရတာဖြစ်လို့ သူတို့လွတ်မြောက်လာမှသာ ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

လူထုဘက်ခြမ်းမှာဆိုရင် အရင်ရွေးကောက်ပွဲတုန်းက စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)ကို လူထုက (၂.ဝ၆) % သာ မဲပေးခဲ့တာဟာ စစ်အစိုးရကို လက်မခံတဲ့သဘော ဖြစ်ပါတယ်။ တဦး-တဖွဲ့-တပါတီ အာဏာရှင်စနစ်ကို လူထုက လက်မခံတဲ့သဘောပါ။ တကယ်တမ်း လွတ်လွတ်လပ်လပ်သာ မဲပေးရရင် အာဏာရှင်ဆန်တဲ့ ဘယ်နိုင်ငံရေးပါတီကိုမှ လူထု မထောက်ခံပါဘူး။ ဒါကို နအဖစစ်အစိုးရကလည်း သိနေပြီးသားပါ။

လက်ရှိစစ်အစိုးရဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂ဝ)တုန်းက စစ်အစိုးရဘဲ ဖြစ်နေပါတယ်။ နဝတ အနေနဲ့ အာဏာသိမ်းတုန်းကပါတဲ့ ဗိုလ်ချုပ်သန်းရွှေကလွဲလို့ အခြားလူတွေသာ ပြောင်းသွားပြီး မူကတော့ မပြောင်းပါဘူး။ မပြောင်းတဲ့အပြင် ပိုလို့တောင် ကြမ်းတမ်းခက်ထန်ပြီး တနိုင်ငံလုံးကို ဖွတ်ဖွတ်ကြေ အောင် နင်းခြေလာပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေရင်းမြှုပ်နှံတာကို အကြောင်းပြုပြီး တိုင်းပြည်ကို အန္တရာယ်ဖြစ်လောက်အောင် ရောင်းစားလာတာတွေလည်း ရှိနေတော့ နိုင်ငံနဲ့ ပြည်သူတို့ရဲ့ရှေ့ရေး အတွက် ဘယ်လိုမှ စိတ်မချရတော့ဘူးဆိုတာ ပြည်သူလူထုက သဘောပေါက်နေကြပါတယ်။

ဒီလိုအခြေအနေတွေမှာ စစ်အစိုးရ စိတ်ကြိုက်ရေးပြီး ဒီမိုကရေစီကို ဟန်ပြလုပ်ထားတဲ့ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုက အမှန်တကယ် လက်ခံနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ပြဿနာတွေ အများကြီး တိုးပွားလာနိုင်တာကို စဉ်းစားမိနိုင်ကြပါတယ်။ ပြီးတော့ ဒီစစ်အစိုးရကဘဲ စိတ်ကြိုက်ရွေးမယ့် နိုင်ငံ သမတအဖွဲ့နဲ့ (၂၅)%စစ်တပ်အရာရှိတွေရဲ့ လက်ခုပ်ထဲမှာ လူထုက မိမိတို့ရဲ့အနာဂတ်ကို ဆက်ပြီး အနစ်မွန်းခံဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့သဘော ရှိပါတယ်။  

 

ကလျာဏပုထုဇဉ် ဟုတ်-မဟုတ်

မိမိကိုယ်ကို အနစ်နာခံပြီး အများကောင်းကျိုးအတွက် ပါရမီဖြည့် လုပ်ပေးနေသူ သာမန်ပုထုဇဉ်လူသား တွေကို မြင့်မြတ်တဲ့ ကလျာဏပုထုဇဉ်လို့ ခေါ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေဟာ ဒီစာရင်းဝင်-မဝင် အရင်ဦးဆုံး ဆန်းစစ်ကြည့်ပါ။

ဗိုလ်ချုပ်သန်းရွှေဟာ လက်ရှိမှာ နိုင်ငံခေါင်းဆောင်ဖြစ်နေတဲ့အတွက် သူက ပါရမီဖြည့် လုပ်ပေးနိုင်တဲ့ အများကိစ္စဆိုတာ တိုင်းပြည်ရဲ့ကိစ္စသာဖြစ်ပါတယ်။ “ငါ” ဆိုတဲ့ “အတ္တ” အပေါ်အခြေခံပြီး “ငါ့မိသားစု၊ ငါ့အသိုင်းအဝိုင်း၊ ငါ့နောက်လိုက်တွေ”  ကောင်းစားဖို့ ပါရမီ ဖြည့်တဲ့ကိစ္စ မဟုတ်ပါဘူး။

လက်တွေ့မှာ ဗိုလ်ချုပ်သန်းရွှေဟာ တိုင်းပြည်နဲ့ လူထုအပေါ်မှာ မေတ္တာ-စေတနာထားပြီး အနစ်နာခံ လုပ်ပေးနေတာတွေ မတွေ့ရပါဘူး။ ဒါကြောင့် သူဟာ ကလျာဏ ပုထုဇဉ်ဆိုတဲ့ အဆင့်ကိုတောင် အလှမ်းမမီသေးသူပါ။ ဒါဆိုရင် ပုထုဇဉ်ပီပီ မိမိကိုယ်သာ အချစ်တတ်ဆုံး၊ ဦးစားပေးတတ်ဆုံး၊ ကိုယ်လွတ်ရုန်းတတ်ဆုံး လူတယောက်လို့ သေချာပေါက် ခန့်မှန်းထားလို့ ရနေပါတယ်။

ဗိုလ်ချုပ်သန်းရွှေဟာ ကလျာဏပုထုဇဉ် မဟုတ်တဲ့အတွက် သူ့မိသားစု ဆက်လက်ကောင်းစားရေး၊ သူ့လက်အောက်မှာရှိတဲ့ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ် ရွှေမန်း၊ ဗိုလ်ချုပ်သိန်းစိန်နဲ့ နအဖ အဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ ဆက်ပြီးကောင်းစားရေးအတွက် နာမည်အပျက်ခံပြီး လုပ်နေမှာ မဟုတ်ပါဘူး။ သူတဦးတည်းသာ ကိုယ်လွတ်ရုန်းနိုင်အောင် ကြံစည်အားထုတ်နေဖို့ ဖြစ်နိုင်စရာ ရှိပါတယ်။ 

တပါတီစနစ်ကို ကျင့်သုံးနေတဲ့ ၁၉၈၈ ခုနှစ်မှာ ငွေရေးအကျပ်အတည်းကြောင့် စီးပွားရေးဖိစီးမှုတွေနဲ့ အတူ လူထုဆန္ဒပြပွဲတွေ ဖြစ်လာတဲ့အခါမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဥက္ကဌဖြစ်သူ  ဦးနေဝင်းက “စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပစ်တာ မဟုတ်ဘူး။ ပစ်ရင် တည့်တည့်ပစ်တယ်” ၊ “ပါတီစုံ စနစ်ကို ကြိုက်လား၊ တပါတီစနစ်ကို ကြိုက်လား” လို့ ပြောဆိုပြီး ဥက္ကဌရာထူးက အတင်းနှုတ်ထွက် ပါတယ်။

ဦးနေဝင်းဟာ တာဝန်အရှိဆုံးသူတဦးအနေနဲ့ ပြဿနာကို လူထုကျေနပ်အောင် ပြေလည်စွာ မဖြေရှင်းပဲ နေပါတယ်။ တာဝန်မယူပဲ နေပါတယ်။ လူထုကို ခြိမ်းခြောက်ကြိမ်းမောင်းပြီး အကြောက် တရားတွေ လွှမ်းမိုးနေအောင်လုပ်ပါတယ်။ တကယ်လို့ ဖြေရှင်းမယ်ဆိုရင်တောင် သူ့ဆန္ဒရှိသလို ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွဲမယ်လို့ ကြိုတင်ခြိမ်းခြောက်ပါတယ်။

နောက်ကွယ်ကနေ သူကိုယ်တိုင် ကြိုးကိုင်မယ့်သဘော ရှိနေပုံရတဲ့အတွက် သူ့နောက်မှာ ဆက်ခံမယ့် သူကို အခုကတည်းက လူထုက ကြောက်နေအောင် ခြိမ်းခြောက်ထား ပါတယ်။ အာဏာရှင် တွေရဲ့ ထုံးစံပါ။

အဲဒီတုန်းက ဗိုလ်ချုပ်သန်းရွှေဟာ ဒုကာကွယ်ရေးဦးစီးချုပ်အဆင့်ကို ရောက်နေပြီး မဆလပါတီရဲ့ ဗဟိုကော်မတီဝင်တောင်ဖြစ်နေပါတယ်။ သူ့အနေနဲ့ ဦးနေဝင်းနေရာကို ရောက်ဖို့အဆင့် သိပ်မလို တော့တဲ့အတွက် တကယ်လို့ သူဆိုရင် ဘယ်လိုမျိုးကိုင်တွယ်မလဲလို့ ဗိုလ်ချုပ်သန်းရွှေ ကြိတ်ပြီး စဉ်းစားကောင်းစဉ်းစားခဲ့မှာ ဖြစ်ပါတယ်။ (နောက်ပိုင်း သူကိုယ်တိုင် အဲဒီနေရာကို ရောက်လာတော့ ဇာတိမှန်တွေ ထုတ်ပြလာတာကို ကြည့်ရင် သိနိုင်ပါတယ်။)

သူကိုယ်တိုင်လည်း ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်စောမောင်တို့နောက်ကနေ ကုပ်ကုပ်လေး အရုပ်လို နေရင်း မြှောက်ထိုးပင့်ကော် လုပ်နိုင်လွန်းလို့ ဒီရာထူးကို ရလာတဲ့သူဆိုတော့ သူမွေးထားသူတွေရဲ့ ခြေလှမ်း (သူ့လိုဘဲ သူ့ကိုမြှောက်ထိုးပင့်ကော်လုပ်ရင်း တချိန်မှာ သူ့ကို ခေါင်းဖြတ်မယ်ဆိုတာ) ကို ကြိုတွက်ပြီးသားလို့ ယူဆနိုင်ပါတယ်။

ဒီသဘောမျိုးတွေဟာ ကလျာဏပုထုဇဉ်တွေရဲ့ ကျင့်စဉ်နဲ့ တခြားစီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ တဦးတည်းကို ရည်ညွှန်းရတာက သူဟာ နအဖရဲ့ အကြွင်းမဲ့အာဏာကို ရယူထားတဲ့ခေါင်းဆောင် ဖြစ်နေလို့ပါဘဲ။

တဆက်တည်းမှာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ လည်း ကလျာဏပုထုဇဉ်တဦး ဟုတ်-မဟုတ် ဆန်းစစ် ကြည့်နိုင် ပါတယ်။ 

နိုင်ငံရေး ကျားကွက်တွေ

ဗိုလ်ချုပ်သန်းရွှေဟာ နအဖရဲ့ လမ်းပြမြေပုံအတိုင်း အဆင့်ဆင့်တက်လာဖို့ နိုင်ငံရေး ကျားကွက် တွေ ကို တကွက် ပြီး တကွက် ရွှေ့ရပါတယ်။ ဖိအားတွေများလာတာနဲ့အမျှ မရွှေ့ချင်ပဲ ထပ်ရွှေ့  ရဖို့ ကြံု နေ ပါပြီ။

 

အဖြစ်နိုင်ဆုံး ပထမရွှေ့ကွက်ကတော့ အဓိကအကျဆုံး ဖြစ်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို သူ့အလိုလိုပြိုကွဲသွားအောင် ထပ်ပြီး ဖန်တီးနေဖို့ ဖြစ်ပါတယ်။ ဒါကလည်း ၁၉၉ဝ ခုနှစ် ရွေးကောက် ပွဲ ပြီးကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံ့အာဏာ မလွှဲချင်လို့ နည်းလမ်းပေါင်းစုံနဲ့ ဖြိုခွဲနေ ခဲ့တာ ဒီနေ့ထိတိုင်အောင်ပါဘဲ။ဒီအကွက်လည်း မအောင်မြင်ခဲ့သလို နောင်လည်း အောင်မြင်နိုင် စရာ သိပ်မရှိပါဘူး။ အချိန်က သိပ်နည်းနေလို့ ဖြစ်ပါတယ်။

အဖြစ်နိုင်ဆုံး ဒုတိယရွှေ့ကွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး နိုင်ငံရေးအရ ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ ၂ဝဝရ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို ဖြိုခွဲနှိပ်ကွပ်နေချိန်မှာ ဗိုလ်ချုပ် သန်းရွှေ က ဒီလိုအဆိုပြုချက် ကို အပေါ်စီးကနေ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒီတကြိမ်မှာတော့ နည်းနည်း လျှော့ပြီးကမ်းလှမ်းတာမျိုး ရှိနိုင်ပါတယ်။

မရရင် Plan B အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး တွေ့ဆုံညှိနှိုင်းဖို့သာဘဲ ရှိရတော့မှာ ဖြစ်ပါတယ်။

အဖြစ်နိုင်ဆုံး တတိယရွှေ့ကွက်မှာ နအဖက ဘာတွေစဉ်းစားထားမလဲဆိုတာလည်း မြန်မာပြည်သူ များ သတိပြု တွက်ဆ ထားဖို့ လိုအပ်ပါလိမ့်မယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အင်မတန် အရေးပါတဲ့ နိုင်ငံရေးအပြောင်းအလဲကို ကိုယ်တိုင် ဖန်တီးမလား၊ ဒါမှမဟုတ် ဖန်တီးခံရရင် ဘယ်လိုလုပ်မလဲ၊ ဒါမှမဟုတ်လည်း ပိုနေမြဲ ကြားနေမြဲ ဆက်နေမလား ဆိုပြီး သုံးပိုင်းရှိပါတယ်။

 

အဖွဲ့ချုပ်က အဖွဲ့ဝင်တွေ ဟာ ပြည်တွင်း နိုင်ငံရေးလှုပ်ရှားမှု တွေမှာ လက်ရှိမူဝါဒအတိုင်း ကာလ-ဒေသ-ပယောဂ အလိုက် လွတ်လပ်စွာ လှုပ်ရှားနိုင်ခွင့်ရှိနေပေမယ့် အရေးပါဆုံး နိုင်ငံရေး အပြောင်းအလဲကို အဖွဲ့ချုပ် ကိုယ်တိုင်က ဖန်တီးတဲ့အခါမှာ (သို့) ဖန်တီးခံရတဲ့အချိန်မှာ အဖွဲ့ချုပ် ခေါင်းဆောင် တွေအနေနဲ့ လူထု က အထောက်ခံဆုံး ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား မပါပဲ ဘာမှဆက်လုပ် လို့ မရတဲ့ အနေ အထား မှာ ရှိပါတယ်။

 

ရှေ့တလှမ်းမတိုးခင် နောက်ကို အရင်ပြန်ကြည့်သင့်တယ်ဆိုရင်တော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက မြန်မာပြည်သူ (၈၂) %က တခဲနက်မဲပေး ထောက်ခံထားခဲ့ပေမယ့် အဖွဲ့ချုပ်အနေနဲ့ ဦးဆောင်ပြီး ပြည်သူ့လွှတ်တော် ခေါ်ခွင့်မရခဲ့တာ၊ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ခွင့် (mandate) ရှိရက်သားနဲ့ ရေးဆွဲခွင့် မရခဲ့တာ၊ နိုင်ငံရေးလှုပ်ရှားမှုအားလုံး တဘက်သပ် ထိန်းချုပ် နှိပ်ကွပ်ခံနေခဲ့ရတာတွေကို တမင်တကာ မေ့ဖျောက် ချန်ထားလို့ မဖြစ်ပါ။

 

နိုင်ငံရေးဟာ လုပ်ငန်းစဉ်တရပ်ဖြစ်လို့ အဟန့်အတားတွေ ရှိနေရင် အရင်ဖယ်ရှားပြီးမှ ရှေ့ဆက်လို့ ရတာ ဖြစ်ပါတယ်။ ဒီလိုအဟန့်အတားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖန်တီးယူတာမဟုတ်ပဲ ဖန်တီးခံရတာ ဖြစ်ပါတယ်။
ဒါကြောင့် ဖန်တီးခံရတဲ့ အဟန့်အတားတွေကို ဖြေရှင်းရာမှာ အဖွဲ့ချုပ်အပြင် အဟန့်အတားကို စတင်သူ စစ်အစိုးရကလည်း အတူတကွပါဝင် ပူးပေါင်းဖြေရှင်းမှ ဖြစ်နိုင်စရာ ရှိပါမယ်။ တကယ်လို့ စစ်အစိုးရက အဲဒီလိုဆန္ဒ မရှိဘူးဆိုရင် အဖွဲ့ချုပ်ကဘဲ လူထုအကူအညီနဲ့ ဖြေရှင်းရမှာ ဖြစ်ပါတော့တယ်။ 

ကြေညာချက်တွေ

နဝတ-နအဖဆိုတဲ့ စစ်အစိုးရဟာ အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်ပဲ လွှတ်တော် သဘောဆန်ဆန် အမျိုးသားညီလာခံ ဆိုတာနဲ့ ပုံမှားရိုက်လိုက်ပါတယ်။ ဒီလို ဖြစ်နိုင်အောင်လည်း ၅/၉၆ လို ပြင်းထန်တဲ့ တချက်လွှတ်အမိန့်ကို ပြဌာန်းပြီး အတင်းအကြပ် လုပ်ယူသွားပါတယ်။ အမျိုးသားညီလာခံမှာ နအဖ စိတ်ကြိုက်ရေးဆွဲထားခဲ့တဲ့ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု (၉၂) ရာခိုင်နှုန်းကျော်က ထောက်ခံအတည်ပြုတယ်လို့ နအဖကဘဲ ကြေညာပါတယ်။

ဒီအချက်တွေကို ခွဲခြားရင်

 

(၁) ရွေးကောက်ပွဲထုံးစံ (စည်းမျဉ်း)အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကို ခေါ်ယူခွင့် ရှိပေမယ့် မခေါ်ယူနိုင်အောင် နအဖက ပိတ်ပင်တားမြစ်တာကတပိုင်း၊ 
(၂) နအဖ စိတ်ကြိုက်ရေးဆွဲတဲ့ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကတပိုင်း၊
(၃) အဲဒီ အခြေခံဥပဒေကို ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အပိုင်း၊
(၄) ဆန္ဒခံယူပွဲ ရလဒ်ကို နအဖက ကြေညာတဲ့အပိုင်းဆိုပြီး လေးပိုင်းရှိနေပါမယ်

 

အဲဒီအပိုင်းအားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တွေ ထုတ်ပြန်ပြီး ပါတီရဲ့ သဘောထား၊ အကြောင်းပြချက်နဲ့ လုပ်ဆောင်သင့်တဲ့အချက်တွေကို ဖော်ပြထားပြီးပါပြီ။ ယေဘူယျ ခြံုပြောရင် ပြည်သူ့လွှတ်တော် ခေါ်ယူခွင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆက်မပြတ် တောင်းဆိုခဲ့သလို  နအဖရေးတဲ့ အခြေခံဥပဒေအပြင် ဆန္ဒခံယူပွဲ ကျင်းပပုံနဲ့ ဆန္ဒခံယူပွဲရလဒ်တို့ဟာ လူထုဆန္ဒအတိုင်း မြန်မာနိုင်ငံနဲ့ ပြည်သူတို့ရဲ့အကျိုးစီးပွားကို ဖြစ်ထွန်းစေတာ မဟုတ်လို့  အဖွဲ့ချုပ်က ဘာတခုကိုမှ လက်ခံခြင်း မရှိခဲ့ပါဘူး။

 

ဒါတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံရပ်တည်ချက်တွေကို ထပ်မံအားဖြည့်လိုက်တာ ဖြစ်ပါတယ်။ အခြေခံရပ်တည်ချက်တွေထဲက အရေးကြီးဆုံးအချက်ဟာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အတိုင်း ပြည်သူ့လွှတ်တော် ခေါ်ယူပြီး ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးတိုင်ပင်ကြဖို့ ဖြစ်တယ် ဆိုတာ အားလုံးကသိပြီး ဖြစ်ပါတယ်။

 

နိုင်ငံရေးပါတီမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ဆိုတာ

 

နိုင်ငံရေးပါတီတခုမှာ မူဝါဒဟာ အင်မတန် အရေးကြီးပါတယ်။ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှံုးသည်ဖြစ်စေ ပါတီရဲ့မူဝါဒမှာ အပြောင်းအလဲ မရှိရပါဘူး။ ရွေးကောက်ပွဲ နိုင်လိုဇော၊ အစိုးရ ဖြစ်လိုဇောနဲ့ ရေပွက်ရာ ငါးစာချ၊ ခုတမျိုး-တော်ကြာတမျိုး ပေါ်ပင်လိုက်နေလေ့ မရှိရပါဘူး။

 

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပါတီရဲ့မူဝါဒဆိုတာ နိုင်ငံရဲ့မူဝါဒ ဖြစ်နေလို့ (သို့) ဖြစ်လာနိုင်စရာ ရှိလို့ပါဘဲ။ နိုင်ငံရဲ့ မူဝါဒဆိုရင် နိုင်ငံနဲ့ချီပြီး နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်လောက်အောင် အလေးအနက်ထားရပါတယ်။  နိုင်ငံအဆင့်၊ အစိုးရအဆင့်မှာ ရှိနေတဲ့အတွက် အင်မတန် အရေးကြီးနေရတာ ဖြစ်ပါတယ်။

နိုင်ငံအဆင့်၊ အစိုးရအဆင့်ဆိုတာ ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုတဲ့အဆင့်ဖြစ်လို့ အဲဒီအဆင့်ကို ရောက်လာတဲ့ မူဝါဒမှန်သမျှ ခိုင်ခိုင်မာမာ ရှိနေရပါတယ်။

လူသိရှင်ကြား ကြေညာထားတဲ့ ပါတီရဲ့မူဝါဒ၊ လူထုက ထောက်ခံထားတဲ့ ပါတီရဲ့မူဝါဒ ဖြစ်ရင် ပိုလို့တောင် ခိုင်မာအောင် ထိန်းသိမ်းပေးရပါတယ်။

 

ဒီမိုကရေစီစနစ်နဲ့ နိုင်ငံကို ဦးဆောင်တည်ဆောက်မယ့် နည်းလမ်း (မူဝါဒ)တွေကို ရွေးကောက်ပွဲမှာ လူထုက နှစ်သက်သဘောကျပြီး ထောက်ခံတဲ့အတွက် ဒါဟာ နိုင်ငံရေးပါတီအနေနဲ့ မဖြစ်ဖြစ်အောင် လုပ်ရမယ့် အခြေခံရပ်တည်ချက် ဖြစ်လာရပါတယ်

 

ဒီလိုအရေးကြီးဆုံး ရပ်တည်ချက်ကို ပြောင်းလဲပြင်ဆင်ဖို့ဆိုတာ ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ဗဟို အလုပ်အမှုဆောင်ကော်မတီ စတဲ့ တဦး-တဖွဲ့တည်းကနေ စိတ်ကြိုက် ဆုံးဖြတ်ပြင်ဆင်လို့ မရပါဘူး။ ရခဲ့ရင်လည်း ဒါဟာ ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီ ဖြစ်မလာနိုင်တော့ပါဘူး။  

 
နိုင်ငံရေးပါတီတခုအနေနဲ့ မိမိတို့ပါတီရဲ့အကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွား (နိုင်ငံနဲ့လူထုရဲ့ အကျိုးစီးပွား)ကို အစဉ်ထာဝရ ပိုမိုဦးစားပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလို ပိုမိုဦးစားပေးရမယ့် နိုင်ငံရေး အခြေအနေအရ မိမိတို့နိုင်ငံရေးပါတီရဲ့ မူဝါဒဟာ မကိုက်ညီဘူး-မသင့်တော်ဘူးဆိုရင်တော့ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့  မဖြစ်မနေ ဆုံးဖြတ်ရပါတော့မယ်။

ဘာကို ဆုံးဖြတ်မလဲ။

(၁) လက်ရှိနိုင်ငံရေးအခြေအနေနဲ့ နောင်တွေးဆနိုင်သလောက် အနာဂတ်နိုင်ငံရေး အခြေအနေမှာ မိမိတို့နိုင်ငံရေးပါတီရဲ့ မူဝါဒဟာ အမျိုးသားအကျိုးစီးပွားနဲ့ ကိုက်ညီခြင်း ရှိ-မရှိ ဆုံးဖြတ်ရပါတယ်။
 (၂) တကယ်လို့ ကိုက်ညီခြင်း မရှိတော့လို့ ဆုံးဖြတ်ရင် လိုက်လျောညီထွေဖြစ်အောင် မူဝါဒပိုင်း ဆိုင်ရာတွေကို ပြင်ဆင်-ဖြည့်စွက်-နှုတ်ပယ်ပြီး ပြောင်းလဲဖို့ ဆုံးဖြတ်ရပါတယ်။
(၃) မူဝါဒတွေကို ပြောင်းလဲရုံနဲ့ မလုံလောက်ဘူးဆိုရင် လက်ရှိနဲ့ အနာဂတ် နိုင်ငံရေး အခြေအနေမှာ ပါတီကို ဦးဆောင် တာဝန်ယူနိုင်စွမ်းရှိမယ့်သူတွေနဲ့ အစားထိုးပြောင်းလဲဖို့  ဆုံးဖြတ်ရပါတယ်။
(၄) ချွင်းချက်အနေနဲ့ နိုင်ငံရေးပါတီကို လက်ရှိမှာ ဦးဆောင်နေသူတွေ ရဲ့ ကျန်းမာရေး၊ ဦးဆောင် နိုင်စွမ်း၊ ပါတီ ရပ်တည်နိုင် စွမ်း ဆိုတဲ့ အချက်(၃)ချက် ပေါ်မူ တည်ပြီး ဦးဆောင်သူ တွေကို အစားထိုး ပြောင်းလဲဖို့ ဆုံးဖြတ် ရတာ ရှိပါတယ်။

 

ဒီနောက်မှာ အဆင့် (၃)ဆင့်ကို မဖြစ်မနေ လုပ်ဆောင်ပေးဖို့ ရှိလာပါတယ်။ ဒီ(၃)ဆင့်စလုံးကို လုပ်ဆောင်မယ့် ပါတီဟာ ဒီမိုကရေစီကို လက်ခံကျင့်သုံးတဲ့ နိုင်ငံရေးပါတီဖြစ်လို့

 

•    ပထမအဆင့်မှာ ဒီမိုကရေစီကျင့်စဉ်များအတိုင်း ဆုံးဖြတ်ရပါတယ်။
•    ဒုတိယအဆင့်မှာ လူထုကို အသိပေးနိုင်ဖို့ တရားဝင် လူသိရှင်ကြား ထုတ်ပြန်ကြေညာရပါတယ်။
•    တတိယအဆင့်မှာ လူထု ရဲ့  တုန့်ပြန်ချက် ကို လေးစားစွာ ခံယူပြီး ရပ်တည် ရပါတယ်။

 

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီရဲ့ကျင့်စဉ်များကို စံနမူနာပြ လုပ်ဆောင်ဖို့ ဆန္ဒရှိ နေတာ အမှန်ပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အုပ်စိုးနေတဲ့ နအဖ စစ်ခေါင်းဆောင်အဖွဲ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အခြား နိုင်ငံရေးပါတီတွေနဲ့ လူထုရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို လုံးဝ အဓိပ္ပာယ်မဲ့ ထိန်းကွပ်ထားတာကြောင့် အခက်အခဲအများကြီးကြားထဲက အမြင့်မားဆုံး ပေးဆပ်မှု တွေနဲ့ ရုန်းကန်လှုပ်ရှားနေရလို့ ထင်တိုင်းမပေါက်နိုင်တာကို နားလည်ပေးဖို့ လိုပါတယ်။ 

နိုင်ငံရေးလွတ်လပ်ခွင့် မရှိရင် မတိုးတက်နိုင်

တကယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဌ ဦးတင်ဦးနဲ့ အခြားနိုင်ငံရေးအကျဉ်းသမား (၂ဝဝဝ) ကျော်တို့ဟာ  အခုချိန်မှာ လွတ်လွတ်လပ်လပ် နိုင်ငံရေး လှုပ်ရှားနိုင်နေတယ် ဆိုပါစို့။

 

ဒါဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုင်ငံနဲ့လူထုရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြုပြင်ပြောင်းလဲမှုတွေကို လိုအပ်တဲ့အတိုင်း  ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင် လူထုရဲ့ တုန့်ပြန်ချက် သဘောထားနဲ့အညီ တလေးတစား ရပ်တည်နေရမှာ ဖြစ်ပါတယ်။ ဒီတော့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မဟာဗျူဟာအသစ်ကို ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။

 

ဒီလို မလုပ်နိုင်သေးသရွေ့ အရင်ရှိပြီးသား လူထုသိရှိထားတဲ့အတိုင်း ဆက်လက်ကျင့်သုံး ရပ်တည် နေတယ်လို့ဘဲ သဘောထားရမှာ ဖြစ်ပါတယ်။

 

လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့သူတွေ မပါဝင်ပဲ ဘယ်လိုမှ ဆုံးဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆုံးဖြတ်ချက် မချနိုင်သရွေ့  လူထုရဲ့တုန့်ပြန်ချက် သဘောထားကို မသိပဲ မဟာဗျူဟာအသစ်ကို မရေးဆွဲနိုင်ပါဘူး။ လူထုဆိုတဲ့နေရာမှာ လူထုကို ကိုယ်စားပြုပြီး နိုင်ငံရေးလှုပ်ရှားလို့ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသမားတွေ၊ တိမ်းရှောင်ထွက်ပြေးနေရသူတွေလည်း ပါဝင်ပါတယ်။

သူတို့ အားလုံးမှာ နိုင်ငံရေးလွတ်လပ်ခွင့်မရှိပဲ လူထုသဘောထား အစစ်အမှန်ကိုသိရဖို့ မရှိနိုင်ပါဘူး။ 
ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာအတော်များများဟာ နအဖဘက်ခြမ်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးအင်အားစုတွေရဲ့ဘက်ခြမ်း နှစ်ဘက်စလုံးမှာ ရှိနေပါတယ်။ ဒါကို အရှိအတိုင်း၊ အမှန်အတိုင်း ရှုမြင်သုံးသပ်သင့်ပါတယ်။

မျှော်လင့်ချက်

ပြဿနာအားလုံးရဲ့ ကြိုးထုံးကို ဖြည်ချလိုက်နိုင်ရင် တချက်တည်း ပွဲပြတ်နိုင်ပါတယ်။ ဒီကိစ္စဟာ နအဖက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသမားတွေကို ပြန်လွှတ်ပေးတဲ့အပေါ်မှာဘဲ မူတည်နေ ပါတယ်

 

ဒီမိုကရေစီ အမှန်တကယ်ဖြစ်ထွန်းစေလိုသူတွေသာမက လမ်းပြမြေပုံအတိုင်း သွားချင်နေသူတွေပါ နှစ်ပေါင်း (၂ဝ)အတွင်းမှာ  ဇရာရဲ့ဖိစီးမှုဒဏ်ကို ရှောင်လွှဲလို့မရပဲ ကြံုနေရပါတယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်ကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေကြရပါတယ်။အဆုံးအဖြတ်ပေးရမယ့် ခေါင်းဆောင်ပိုင်းမှာလည်း ဒီလိုဘဲ ဖြစ်နေပါတယ်။ 

အချိန်တွေနည်းလာတာနဲ့အမျှ ခေါင်းဆောင်တွေက နိုင်ငံနဲ့ ပြည်သူတို့ရဲ့အကျိုးစီးပွားကို အမှန်တကယ် ဦးထိပ်ထားနိုင်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့  နအဖတို့ ဘာဆက်လုပ်မလဲ ဆိုတဲ့လမ်းကြောင်း ဟာ တထပ်တည်း ဖြစ်နေ မှာ သေချာ ပါတယ်။  

လွင်အောင်စိုး ( ၃၁-၁၀-၂ဝဝ၈)

 
 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here