ပုံပြင် ထဲကလိုဘဲ

Click to enlarge

မြန်မာ့ရိုးရာ ပုံပြင်လေး တစ်ပုဒ် ရှိပါ။ တစ်ခါက ရွာကလေး တစ်ရွာတွင် ဘုန်းတော်ကြီး တစ်ပါး သီတင်းသုံး နေထိုင် တော် မူ  နေခဲ့သည်။ ထူးခြားသည်က အဆိုပါ ဘုန်းတော်ကြီးသည်

 မေတ္တာတရားအား အလွန်အလေးထားပြီး ရွာသူ ရွာသားများအားလည်း တစ်ဦးကို တစ်ဦး မေတ္တာထားကြရန် အမြဲတစေ ဆုံးမတော်မူ၏။ ထိုဘုန်းကြီး၏ ဝေယျာဝစ္စများကို ကူညီဆောင်ရွက်ပေးသော မောင်တုတ်ဆိုသည့် ရူးပေါပေါ ကပ္ပိယ တစ်ဦးလည်း ဘုန်းတော်ကြီး သီတင်း သုံးသော ရွာဦးကျောင်းတွင် နေထိုင်သည်။ တစ်နေ့သောအခါ ရွာဦးကျောင်း ဆရာတော်သည် ကပ္ပိယ မောင်တုတ် နှင့် အတူ ရွာထဲသို့ ဆွမ်းခံကြွ လာလေ သည်။ 

ထုံးစံအတိုင်း ဆရာတော်သည် (၃၁) ဘုံရှိ သတ္တဝါ အနန္တတို့အပေါ် မေတ္တာပို့လာခဲ့သည်။ တစ်နေရာအရောက် နွားသိုးကြီး တစ်ကောင်မှာ ဆရာတော်၏ သင်္ကန်းရောင်အား မျက်စိနောက်သဖြင့် ရန်လိုသော အမူအယာနှင့် ခွာယှက်နေတော့သည်။ မောင်တုတ်က ဘုန်းတော်ကြီးအား လျှောက်တင်လေသည်။ "အရှင်ဘုရား၊ အခြားလမ်းမှ ကြွတော်မူပါ။ ဒီနွားကြီး ဆိုးပါတယ်ဘုရား"။ ဘုန်းတော်ကြီးက ငြင်းပယ်၏။

"ဒကာမောင်တုတ်၊ ဘုန်းဘုန်းရဲ့ မေတ္တာဓာတ်ကြောင့် ဒီနွားကြီး ရှောင်သွားပါလိမ့်မယ်"ဟုဆိုကာ နွားကြီးကို ရည်စူးပြီး မေတ္တာပို့လေတော့သည်။ မောင်တုတ်က နောက်ထပ် နှစ်ကြိမ် ထပ်လျှောက်ရာ ဆရာတော်ကလည်း ငြင်းမြဲငြင်းပြီး မေတ္တာအပို့ မပျက်ချေ။ ထိုအချိန်မှာပင် အလွန် ဒေါသထွက်နေသော နွားသိုးကြီးသည် ဘုန်းတော်ကြီးထံ ဒုန်းစိုင်းပြီး ပြေးလာလေ တော့သည်။

ဘုန်းတော်ကြီးက နေရာမှမရွေ့သလို မေတ္တာပို့ခြင်းကို မရပ်ပေ။ နွားကြီးမှာ နီးသထက် နီးလာလေသည်။ ဘုန်းကြီးမှာလဲ မေတ္တာပို့မြဲ။ မေတ္တာ၏ တန်ခိုးကို ယုံကြည်နေမြဲဲ။ နွားကြီးမှာ ဘုန်းတော်ကြီးနှင့် အနီးဆုံး နေရာသို့ ရောက်လာချိန်တွင်မူ ဘေးမှရပ်နေသော မောင်တုတ်မှာ မနေသာတော့ပဲ နွားကြီး၏ နှာနုတည့်တည့်ကို ဆွမ်းခံထွက်ရာတွင် ယူလာသော တံပိုးနှင့် အားကုန် နှက်ထည့်လိုက်လေတော့သည်။ ထိုအခါကျမှ နွားကြီးလည်း နာလွန်းသဖြင့် ဘုန်းတော်ကြီးနှင့် ဝေးရာသို့ သွေးရူးသွေးတန်း ပြေးလေတော့သည်။ ဆရာတော်သည် မောင်တုတ်ဘက်သို့ တစ်ချက်ကြည့်ပြီး "အင်း၊ ဒီတခါတော့ မောင်တုတ်ရဲ့ တံပိုးက ငါ့မေတ္တာထက် စွမ်းသွားပြီ"ဟု ရေရွတ်ပြီး ဆွမ်းခံ ဆက်ကြွတော်မူလေ တော့သည်။

ထိုပုံပြင်လေးကို လူတွေ တော်တော်များများ ကြားဖူးထားပြီး ဖြစ်ပါလိမ့်မည်။ ပုံပြင်လေး၏ အနှစ်ချုပ် ရည်ရွယ်ချက်မှာ "အခြေအနေနှင့် အချိန်အခါကိုလိုက်ပြီး ပြဿနာကို ဖြေရှင်းသော နည်းလမ်းကို ဆုံးဖြတ်သင့်ကြောင်း" ဖော်ညွှန်းထားခြင်းဖြစ်သည်။ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းသည် လူ၊နတ်အပေါင်း နှစ်လိုသော နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ သို့သော် ထိုအဖြေသည် အမြဲတမ်း မှန်နိုင်ပါ မည်လော။

(၂၀၀၇) ခုနှစ် စက်တင်ဘာလ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်၏ သားတပည့် ရဟန်းသံဃာတို့ အစော်ကား၊ အသတ်ဖြတ်ခံခဲ့ရသည့် ကမာ္ဘသိ အနိဌာရုံကြီးအတွက် အဓိက တရားခံဖြစ်သော စစ်အစိုးရ အာဏာရှင်များသည် "ညှိနှိုင်းရေး လမ်းစဉ်" တည်းဟူသော ခေါင်းစဉ်အောက်တွင် အနေချောင်၊ အစားချောင်နေမြဲ။ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကိုလည်း မတရား ရယူထားမြဲပင်။ ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်းတွင်ပင် ရဟန်းတော်များ အပါအဝင် ဆန္ဒပြ ပြည်သူများအား ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခဲ့သော အာဏာရူး မြန်မာ စစ်အစိုးရသည် တကယ်ပဲ အဆိုပါ ညှိနှိုင်းရေး လမ်းစဉ်နှင့် တန်ပါ၏လော။

ပုံပြင်ထဲက နွားကြီးသည် အဟိတ်တိရစာ္ဆန်မို့ အသိဉာဏ်မရှိသောကြောင့် ရဟန်းတော်များအား ရန်မူရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ လက်တွေ့လောကတွင်မူ လူ့တိရစာ္ဆန်တစ်စုတို့သည် ရဟန်းသံဃာတော် အမြောက်အများကို အသိဉာဏ် ရှိရှိကြီးနှင့်ပင် စဉ်းလဲရက်စက်စွာ ရန်မူခဲ့သည်။ ထိုလူ့တိရစာ္ဆန် စစ်အစိုးရအတွက် နှာနုကို ဖြတ်ရိုက်မည့် ထမ်းပိုးတစ်လက် လိုနေပါတော့သည်။

သို့သော်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့တို့သည် ပုံပြင်ထဲမှ ဆရာတော် မေတ္တာပို့နေသလို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် ဖြေရှင်းရန်သာ ကြံစည်နေကြသေးသည်။ ထိုအားထုတ်မှုများသည် လူမွေးလူရောင် မပြောင်တော့အောင် ဒုက္ခနွံထဲ နစ်မြုပ်နေသည့် မြန်မာပြည်သူများအတွက် အမှန်တကယ် အားကိုးနိုင်မည့် ဆေးစွမ်းကောင်းတစ်လက် ဖြစ်လာနိုင်မည်လော။ ရှင်းပါသည်။ အဖြေက "လုံးဝမဖြစ်နိုင်ပါ"ဟုသာ ဖြစ်ပါသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု ကြွေးကြော်နေချိန်တွင် မြန်မာအစိုးရက ၎င်းတို့ကိုယ်တိုင် သွေးအေးအေးနှင့် ကျူးလွန်ခဲ့သည့် စက်တင်ဘာ လူသတ်ပွဲကြီးအတွက် အမျိုးသမီး တစ်ဦးအပါအဝင် NLDပါတီဝင် (၆) ဦးအား ထောင်ဒဏ်များ ချမှတ်လျက်ရှိသည်။ ထိုတရားခံများသည် ဖြစ်ပျက်ခဲ့သမျှ အစိုးရဆန့်ကျင်ရေး အဓိကရုဏ်းများအတွက် အဓိက သွေးထိုးလှုံ့ဆော်ခဲ့ကြကြောင်း စစ်အစိုးရက အသံကောင်းဟစ်သည်။ ထိုစကားတွင် အမှန်တရား ပါ၊ မပါဆိုသည်ကို မစ္စတာဘန်ကီမွန်း အပါအဝင် တစ်ကမာ္ဘလုံး သဘောပေါက်ကြသည်။ ထိုအခြေအနေထိ ညှိနှိုင်းရေး လမ်းစဉ်အတွက် မစ္စတာဘန်ကီမွန်း အဘယ်အသိဉာဏ်ဖြင့် စဉ်းစားနေမှန်း မြန်မာပြည်သူတို့ သဘောမပေါက်နိုင်ပါ။

စစ်အစိုးရ၏ လက်ကိုင်တုတ် မြန်မာ့တပ်မတော်သည် ၎င်းတို့၏ အာဏာကို ထိပါးလာမည်ဆိုလျင် သံဃာတော် အရှင်မြတ်တို့ကိုပင် စစ်ဖိနပ်နှင့် နင်းရက်သည့် လူမသမာ၊ လူ့မိစာ္ဆများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုသို့သော သူများသည် ညှိနှိုင်းရေးဆိုသည့် မေတ္တာလမ်းစဉ်အား ဟက်ဟက်ပက်ပက် ရယ်မော လှောင်ပြောင်နေကြလိမ့်မည်သာ။ ထိုကဲ့သို့သော တောင်းဆိုမှုများသည် စစ်အစိုးရကဲ့သို့ အာဏာကို အာသာငမ်းငမ်း တပ်မက်သည့် စစ်ဘီလူးများအတွက် ဆင်ခြေဖဝါးကို ပုရွက်ဆိတ်ကိုက်သလောက်သာ သဘောထားပေလိမ့်မည်။ နိုင်ငံတကာမှ မြန်မာ့နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် တောင်းဆိုချိန်တွင် စစ်အစိုးရက နောက်ထပ် နိုင်ငံရေး အကျဉ်းသားများကို ထောင်ချသည်။

အတိုက်အခံNLDပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်ခွင့်ပေးရန် နိုင်ငံတကာက တောင်းဆိုတိုင်း စစ်အစိုးရက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်၏ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ကို တိုးမြှင့်သည်။ ထိုမျှလောက် နိုင်ငံတကာ တောင်းဆိုမှုများအပေါ် လိုက်လိုက်လျောလျောရှိသော စစ်အစိုးရနှင့် ညှိနှိုင်းရန် ကြိုးစားနေသော မစ္စတာဘန်ကီမွန်းမှာ အလုပ်တွေများလွန်းသဖြင့် ပုံမှန်တွေးခေါ်နိုင်သည့် စိတ်ကူးစိတ်သန်းတွေ ပျောက်သွားတာဖြစ်နိုင်ကြောင်း မြန်မာပြည်သူတို့က စုပ်တသပ်သပ်နှင့် ကရုဏာ ပွားနေကြလေသည်။

မြန်မာစစ်အစိုးရသည် (၂၀၁၀)ရွေးကောက်ပွဲကြီးဖြင့် ဒီမိုကရေစီပြည့်ဝသော နိုင်ငံတော်သစ်ကြီးသို့ တက်လှမ်းချီတက်တော့မည် ဖြစ်ပါသည်။ အတိုက်အခံ နိုင်ငံရေးပါတီဝင်များကို ထောင်ထဲထည့်ပြီး တရားမျှတစွာ ကျင်းပပြုလုပ်မည့် အဆိုပါရွေးကောက်ပွဲကြီးအား မစ္စတာ ဘန်ကီမွန်းက အကောင်းမြင်ရှုထောင့်ဖြင့် ဆက်လက်စောင့်ကြည့်မည်ဆိုတော့ မြန်မာပြည်သူများသည် "သိပြီးပြီလား။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဆိုတာ ငတုံးကြီးဟဲ့"ဆိုပြီး အိမ်တကာလှည့် အတင်းပြောကြတော့သည်။ နိုင်ငံရေး ပရိယယ်များအား စိုးစဉ်းမျှ နားမလည်သော မြန်မာပြည်သူများက သူတို့အမြင်အတိုင်း ပြောကြခြင်းမျှသာ ဖြစ်ပါသည်။ တကယ်တော့ သူတို့သည် ဖြစ်ပွားခဲ့သည့် စက်တင်ဘာ လူသတ်မှုကြီးအပါအဝင် စစ်အစိုးရ၏ ကြမ်းကြုတ်သော လူ့အခွင့်အရေး ဖိနှိပ်မှုများအောက်မှ လွတ်မြောက်ခွင့်ရရန် ကုလသမဂ္ဂသာ ဆောင်ရွက်ပေးနိုင်မည််ဟု အမျှော်လင့်ကြီး မျှော်လင့်ခဲ့သည် မဟုတ်ပါလား။

သို့ရာတွင် စက်တင်ဘာ အဖြစ်ဆိုးကြီး ဖြိုခွဲခံခဲ့ရသည်မှာ တစ်နှစ်ကျော်သည်ထိ ကုလသမဂ္ဂမှ ဘာဆိုဘာမျှ လက်ဆုပ်လက်ကိုင် စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။ မစ္စတာဘန်ကီမွန်း အားကိုးတကြီး စေလွှတ်လိုက်သော မစ္စတာ ဂမ်ဘာရီဦးဆောင်သည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ခဲ့သည်။ စစ်အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီဟု ကြေငြာချက်တွေ ထုတ်သည်။

နောက်ဆုံးတစ်ခေါက် မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်တွင် ပြည်သူ့အချစ်တော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တော်ကြီးအား တွေ့ဆုံရန် ငြင်းဆန်လိုက်တော့မှ မြန်မာ့နိုင်ငံရေးအတွက် အခက်အခဲများ ရှိနေသေးကြောင်း၊ ဖြေရှင်းရန် အချိန်ယူရမည်ဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းတို့ လေသံပြောင်းသွားတော့သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံခြင်းအတွက် အကျိုးမရှိနိုင်ဟူသော ယူဆချက်ဖြင့် လက်ခံတွေ့ဆုံုခြင်းပင် မရှိတော့ရာ ကုလသမဂ္ဂ၏ သိက္ခာမှာ အကြီးအကျယ် ကျဆင်းခဲ့ရ လေတော့သည်။

သို့သော်လည်း မစ္စတာ ဘန်ကီမွန်းက အမှတ်သည်းချေ မရှိသည်လား၊ လွယ်လွယ်နှင့် ဇွဲမလျှော့တတ်သည်လား မပြောတတ်ပေ။ မြန်မာအစိုးရနှင့် သူကိုယ်တိုင် တွေ့ဆုံညှိနှိုင်းမည်ဟု လေသံဟလာပြန်သည်။ တကယ်တော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးခမျာ ကုလသမဂ္ဂ အမြဲတမ်းလုံခြံုရေး အဖွဲ့ဝင် အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်တို့ကိုလည်း အရိပ်အကဲ ကြည့်နေရရှာသည်။ ထိုနှစ်နိုင်ငံသည် မြန်မာအစိုးရ၏ တံစိုးလက်ဆောင်များကို ရယူကာ ကမာ္ဘ့အယုတ်မာဆုံး အစိုးရအဖွဲ့အား မားမားမတ်မတ် အကာအကွယ်ပေးကြသည်။

အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် အရေးယူရန် အဆိုပြုမှုများကို ဗီတိုအာဏာဖြင့် ပယ်ချသည်။ တစ်ကမာ္ဘလုံးနှင့် ဆန့်ကျင်ပြီး မြန်မာအစိုးရကို ကျောထောက်နောက်ခံပြု၏။ ၎င်းနှစ်နိုင်ငံ၏ အရှိန်အဝါကြောင့် ကိုလူမုန်း မြန်မာအစိုးရသည် စိန်နားကပ်ရောင်နှင့် ပါးပြောင်နေဆဲဖြစ်သည်။

ယခုတော့ တစ်ကမာ္ဘလုံးတွင် ဖြစ်ပေါ်နေသည့် ငွေကြေးဂယက်များကြောင့် ကမာ္ဘ့နိုင်ငံကြီးများ ဗျာများလျက်ရှိရာ စစ်အစိုးရအဖို့ ပွဲတော်တွေ့နေလေတော့သည်။ မြန်မာ့အရေးကို အရေးယူရန် ထားဦး၊ မိမိနိုင်ငံ၏ စီးပွားရေးအတွက် ကျားကန်နေရသော နိုင်ငံကြီးများကြောင့် မြန်မာအစိုးရအဖို့ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဇာတ်လမ်း ဖြစ်နေတော့သည်။

ထို့ကြောင့်လည်း နိုင်ငံတကာ တောင်းဆိုမှုများအား ဂရုမစိုက်ဘဲ NLDပါတီဝင် (၆) ဦးအား ထောင်ဒဏ်(၂)နှစ်မှ (၁၃)နှစ်ထိ မတရား ပြစ်ဒဏ်များ ရဲရဲကြီး ချမှတ်ခဲ့ခြင်းဖြစ်သည်။ မူလအခြေအနေဆိုလျင် နိုင်ငံတကာမှ ၀ိုင်းဝန်း ကန့်ကွက်ကြမည်ဖြစ်သော်လည်း ယခုကဲ့သို့ စီးပွားရေး အကြပ်အတည်းများကြောင့် ထိရောက်သော ဖိအားပေးမှုများ မလုပ်နိုင်တော့ချေ။ မြန်မာအစိုးရအဖို့ အခြေအနေတိုင်းသည် ပျော်စရာကြီး ဖြစ်လာတော့သည်။

တကယ်ဆိုလျင် မြန်မာအစိုးရသည် အကောင်းမြင်ဝါဒီများ ဖြစ်သည်။ ရဟန်းတော်များ၏ ရွှေဝါရောင် တော်လှန်ရေးကြီးကြောင့် မြန်မာနိုင်ငံသည် ကမာ္ဘ့အလယ် ထင်ရှားခဲ့သည်ဟု ဂုဏ်ယူသည်။ နာဂစ်မုန်တိုင်းကြီးကြောင့် ပြည်သူတွေ သောက်သောက်လဲ သေဆုံးရာတွင် နိုင်ငံတကာမှ ထောက်ပံ့မှုများကြောင့် ဒေါ်လာတွေရပြီဆိုပြီး ၀မ်းသာကြသည်။

ပြည်သူတွေ ဆင်းရဲတွင်း နက်နေသည်ကို တစိမ့်စိမ့်ကြည့်ရင်း မြန်မာနိုင်ငံသားများ လောကဓံကို ကြံ့ကြံ့ခံနိုင်ရန် လမ်းညွှန်နိုင်ခဲ့သည်ဆိုပြီး ကြည်နူးကြသည်။ ထိုမျှလောက် သဘောထားကြီးမြတ်သောကြောင့်လည်း စစ်အစိုးရအတွက် ကုလသမဂ္ဂအနေနှင့် ညှိနှိုင်းမှု လမ်းစဉ်ကျင့်သုံးခြင်းဖြင့် ဒီမိုကရေစီ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်နေခြင်း ဖြစ်နိုင်ပါသည်။

အခြေအနေသည် ဆိုးသည်ထက် ဆိုးလာပါသည်။ သန်းကောင်ထက် ညဉ့်မနက်သော ဘဝတွင် မြန်မာပြည်သူတို့ခမျာ ခါးစည်းခံနေကြရရှာပါသည်။ စက်တင်ဘာလ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး ပြီးခဲ့သည်မှာ အလွန်ကြာပြီဖြစ်သဖြင့် သေသူတို့ပင် အရိုးဆွေးလောက်ပါပြီ။ သို့သော်လည်း မြန်မာအစိုးရကား အာဏာပြင်းရာတွင် အရာမယွင်းသေးချေ။ ထိုလူ့တိရစာ္ဆန် စစ်အစိုးရနှင့် ကုလသမဂ္ဂကလဲ ညှိနှိုင်းမည်ဟု ပြောလို့ကောင်းနေတုန်းပင်။ အချိန်သည် တရွေ့ရွေ့ သွားနေပါသည်။ ဒီလိုနှင့်ပင် (၂၀၁၀) ရွေးကောက်ပွဲကြီး ခြိမ့်ခြိမ်သည်းမျှ ကျင်းပပြီးဆီးသွားပါလိမ့်မည်။

လူတိုင်းကြိုတင်သိပြီးသည့်အတိုင်း မြန်မာဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး၏ သမ္မတ(သို့မဟုတ်) ၀န်ကြီးချုပ်သစ်မှာ သန်းရွှေကြီး ဖြစ်လာပါလိမ့်မည်။ ထိုအခါတွင် မစ္စတာဘန်ကီမွန်းတစ်ယောက် လက်ခုပ်တီးပြီး စက်တင်ဘာ တော်လှန်ရေးအတွင်း အသက်စွန့်ခဲ့သူတို့က အရိုးတွန် ပါလိမ့်မည်။ မြန်မာပြည်သူများကတော့ ဘာဆိုဘာမှ လုပ်လို့မရသော ပွဲကြည့်ပရိသတ်များ အဖြစ် အမြဲတမ်း ရှိနေတော့မည် သာ ဖြစ်ပါတော့သတည်း။

  ကျော်ကျော် ( လူထုအသံ )

 

LEAVE A REPLY

Please enter your comment!
Please enter your name here