ဒီမိုကရေစီ အစစ်အမှန် ဖြစ်ထွန်းရေးအတွက် လက်တွေ့ကျကျ တိုးတက်မှု

Click to enlarge

ကု လသမဂ္ဂရဲ့ လူ့ အခွင့် အရေး ဆိုင်ရာ မြန်မာ နိုင်ငံ အထူး ကိုယ်စားလှယ် ကွင်တားနား (Tomas Ojea Quintana) က မြန်မာ နိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်း ရေး အတွက် လက်တွေ့ ကျကျ တိုးတက်မှု (Tangible progress) ရှိအောင် လုပ်ဖို့ ၂၃-၁ဝ-၂ဝဝ၈ နေ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မှာ နအဖ အုပ်စိုးသူ အာဏာပိုင် တွေ ကို

တိုက်တွန်း သွားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ လက်တွေ့ကျကျ တိုးတက်ဖို့ ဆိုတာတွေကို ဘယ်လို အဓိပ္ပာယ် ကောက်မှာလဲ။

ဒီမိုကရေစီ ဆိုတိုင်းလည်း အစစ်အမှန် ဖြစ်မှာပဲလို့ တရားသေ မပြောနိုင်ပါဘူး။ ဒီမိုကရေစီ အတု၊ ဒီမိုကရေစီ တဝက်တပျက်တွေလည်း ရောနှောပြီး ရှိနေတတ်တာပါပဲ။ ဒါကြောင့် "မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစစ်အမှန် ထွန်းကားရေး" လို့ ရိုးသားပွင့်လင်းစွာ ဘောင်ခတ်ထားသင့်ပါတယ်။

 
ဒါပေမယ့် ဒီနေရာမှာ ကွင်တားနားက သတိပြုစရာတချက်ကို ထောက်ပြထားပါတယ်။ ဒီမိုကရေစီ အစစ်အမှန် ဖြစ်ထွန်းလာဖို့က မြန်မာနအဖလို စစ်ကိုသာ ဦးစားပေးနေတဲ့ ခေါင်းဆောင်တွေ ကြီးစိုး နေတဲ့နိုင်ငံမျိုးမှာ မျိုးဆက်အလိုက် စောင့်ဆိုင်းနေရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီအတွက် လှုပ်ရှားပေးရင်းကနေ ဘက်ပြောင်းသွားသူတဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီစကားမျိုး ထပ်တူပြောခဲ့ဖူးတာ မှတ်မိနေပါသေးတယ်။
 
ခုရေတွင်းတူးပြီး ခုရေကြည်သောက်လို့ မရမှန်း သိနိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂ဝ) ကျော်ကတည်းက ပြည်သူလူထုဟာ "ဒီမိုကရေစီ" ဆိုတဲ့စကားလုံးကို ပြန်လည်သတိရ မှတ်မိ လာကြပြီး ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးပါတီပေါင်း (၂ဝဝ)လောက်ကို ထူထောင်လှုပ်ရှားနေခဲ့ကြတဲ့ အချက်ကို မေ့ထားလို့မဖြစ်ပါဘူး။ ဒီမိုကရေစီနဲ့ အကျွမ်းတဝင်ဖြစ်အောင် ခက်ခဲတဲ့အခြေအနေကြား ထဲက မရမက ကျင့်သုံးနေခဲ့ကြတာလည်း အထင်အရှား ရှိပါတယ်။
 
ဒီကြားထဲမှာလည်း တံခါးဖွင့်ဝါဒ ကျင့်သုံးထားတဲ့ အကျိုးအမြတ်အနေနဲ့ နိုင်ငံခြားရင်းမှီးမြှုပ်နှံမှုတွေ၊ နိုင်ငံတကာကို သွားရောက် အလုပ်လုပ် နေထိုင်ကြတာတွေ၊ အင်တာနက်ခေတ် ဖြစ်ထွန်းလာတာတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs)တွေကို ဖွဲ့စည်းလှုပ်ရှားလာတာတွေ၊ မီဒီယာခေတ်ပြောင်း တိုးတက်မှုတွေ အစရှိတဲ့ ဒီမိုကရေစီရဲ့ အခြေခံအဆောက်အဦတွေကို တည်ဆောက်လာနိုင်ပါတယ်။ တကယ်လို့ ဒီလိုတည်ဆောက်တာတွေကို နဝတ/နအဖကသာ စီမံကိန်းချပြီး အားပေးလုပ်ဆောင် နေခဲ့ရင် နှစ်(၂ဝ)အတွင်းမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ ကောင်းကောင်းကြီး အခြေခံနိုင်နေပြီ ဆိုတာကို တွက်ဆလို့ရပါတယ်။
 
မုန့်ဆီကြော်မရှိသေးခင်မှာ နှုတ်ခမ်းနာတာကို အကြောင်းပြပြီး မြန်မာ့အနာဂတ်အရေးအတွက် ကြိုတင် တွေးဆ စိုးရိမ်ပေးတဲ့စေတနာကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာလူမျိုးတွေမှာ နဂိုကတည်းက ဒီမိုကရေစီကို ဆယ်စုနှစ်တခေတ်ကျော်ကြာအောင် လေးလေးစားစား ကျင့်သုံးပြီး ဗြဟ္မစိုရ်တရား ထွန်းကားခဲ့ဖူးတဲ့ အတွေ့အကြံုတွေ ရှိနေသေးတယ်ဆိုတာ မမေ့စေချင်ပါဘူး။ ပြီးတော့ ကျနော်တို့ မြန်မာလူမျိုးတွေဟာ ဒီကနေ့ ဒီမိုကရေစီခေတ်၊ လူ့အခွင့်အရေး ရှေ့တန်းတင်တဲ့ခေတ်နဲ့ လုံးဝမျက်ခြေပြတ်နေတာ မဟုတ်လို့ ကပျက်ယပျက် လုပ်မယ့်သူတွေသာမရှိရင် မျိုးဆက်အလိုက် စောင့်ဆိုင်းနေစရာမလိုပါဘူး။
 
အခြေခံကောင်းကောင်းကို အုတ်မြစ်ချပေးနိုင်ဖို့သာ လိုရင်းပါ။ ကွင်းတားနားလိုဘဲ ကုလသမဂ္ဂရဲ့ ကြားဝင်ကူညီပေးသူ အဆက်ဆက်ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် လက်တွေ့ကျကျ တိုးတက်မှုတွေကို အရင်တုန်းက တောင်းဆိုခဲ့ကြဖူး ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂက လိုချင်တဲ့ပုံစံကို ဘယ်တော့မှ မရခဲ့ကြပါဘူး။ ဒီလိုပဲ နအဖနဲ့ အတိုက်အခံ ဖြစ်နေကြတဲ့ မြန်မာ့နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ပြည်သူတွေ လိုချင်နေတဲ့ပုံစံမျိုးလည်း ဘယ်တုန်းကမှ ဖြစ်မလာသေးပါဘူး။
 
လိုချင်တဲ့ပုံစံ မရလို့၊ မဖြစ်သေးလို့ ခုချိန်ထိ ကွင်တားနားအပါအဝင် ဘန်ကီမွန်းရော၊ နိုင်ငံတကာရော မြန်မာပြည်သူတွေကရော အဆက်မပြတ် တောင်းဆိုနေခဲ့ကြရတာဘဲ မဟုတ်ပါလား။ ဒါပေမယ့် ဒီတကြိမ်မှာတော့ လိုချင်တဲ့ပုံစံရအောင် လုပ်ငန်းစဉ်နဲ့ အချိန်ကို ဘောင်ခတ်ထားတဲ့ အချက် (၄)ချက်ကို ကွင်တားနားက အဆိုပြုလာပါတယ်။ အဲဒါတွေကတော့

နိုင်ငံတွင်းမှာ ကျင့်သုံးနေတဲ့ ဥပဒေတွေကို လူ့အခွင့်အရေး စံနှုန်းနဲ့အညီ ပြင်ဆင်ပြောင်းလဲ ကျင့်သုံးဖို့၊
နိုင်ငံရေး အကျဉ်းသမားတွေကို ဆက်လက်လွှတ်ပေးဖို့၊
စစ်ဘက်ရေးရာတွေကို ပြုပြင်ပြောင်းလဲဖို့၊
လွတ်လပ်တဲ့ တရားစီရင်ရေးအဖွဲ့ကို ထူထောင်ဖို့တို့ ဖြစ်ပါတယ်။


ဒီလုပ်ငန်းစဉ် (၄)ခုဟာ အဓိကအချက်တွေဖြစ်ပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အချိန်အတွင်းမှာ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်လို့ ကွင်တာနားက ဆိုပါတယ်။ တကယ်တမ်း စိတ်ပါလက်ပါစေတနာထားပြီး (နိုင်ငံနဲ့လူထုအကျိုးစီးပွားကိုမျှော်ကိုးပြီး) လုပ်မယ်ဆိုရင် ကွင်တားနားရဲ့ အဆိုပြုချက်(၄)က မဖြစ်နိုင်စရာ မရှိပါဘူး။ အချိန်သတ်မှတ်ချက်ကလည်း နောက်ထပ် တနှစ်ကျော်ကျော်လောက် ကျန်နေသေးတယ်ဆိုတော့ မဖြစ်ဖြစ်အောင် ဝိုင်းလုပ်မယ်ဆိုရင် ဖြစ်သွား နိုင်စရာရှိပါတယ်။
 
ဒါပေမယ့် အချိန်သတ်မှတ်ချက်ကိုဖော်ပြရာမှာ ကန့်သတ်ချက်တခုကို မသိမသာဆွဲထည့်ထားပါတယ်။ အဲဒါကတော့ "၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ" ဆိုတာ ဖြစ်ပါတယ်။ နအဖစိတ်ကြိုက်လုပ်နေတဲ့ လမ်းပြမြေပုံထဲက အဲဒီ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကြောင့်ဘဲ နိုင်ငံရေး ပြဿနာက ကြီးထွားနေရတာဖြစ်လို့ ဒီအချက်ပါနေသရွေ့ အေးအေးချမ်းချမ်း ပြဿနာပြေလည်ဖို့ အကြောင်း သိပ်မရှိနိုင်ပါဘူး။ နဂိုကတည်းက ပြည်သူနဲ့ ဒီမိုကရေစီ နိုင်ငံရေးအင်အားစုတွေက လမ်းပြ မြေပုံကို ထောက်ခံထားရင် ၂ဝ၁ဝခုနှစ် ရွေးကောက်ပွဲ ဖြစ်နိုင်တယ်ဆိုတာ ကလေးကတောင် သိနိုင်တဲ့ ကိစ္စပါ။
 
"၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ" လို့ ဖော်ပြတာကို အပိုင်း (၃)ပိုင်းခွဲပြီး စဉ်းစားကြည့်ပါမယ်။ ပထမအပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီအင်အားစုများဘက်နဲ့ သက်ဆိုင် ပါတယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲကို ပြည်သူတွေက နှစ်နှစ်ကာကာယုံကြည်ချက်နဲ့ မဲပေးခဲ့တာ ဖြစ်ပြီး၊ ပြည်သူတွေရဲ့ယုံကြည်ချက်ကို နိုင်ငံရေးအင်အားစုများကလည်း တလေးတစားနဲ့ နှစ်ပေါင်း(၂ဝ) တိုင်လာတဲ့ထိအောင် အနစ်နာခံ ထိန်းသိမ်းကာကွယ်ပေးနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အားလုံးက ဖျက်ပစ်ဖို့ဆန္ဒမရှိပါဘူး။ ဒီဆန္ဒကို ကွင်တားနားရော အခြားသူတွေ ကပါ လေးစားသင့်ပါတယ်။
 
အကယ်၍ ကွင်တားနားကိုယ်တိုင် အာဂျင်တီးနားနိုင်ငံသားတဦးအနေနဲ့ မဲပေးခဲ့ဖူးတယ်ဆိုရင် မဲတန်ဖိုး၊ မဲပေးတဲ့ ဆန္ဒရဲ့တန်ဖိုးတွေကို အလေးအနက်ထားမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေမှာလည်း ဒီသဘောအတိုင်းပါဘဲ။ ဒုတိယအပိုင်းက နအဖဘက်နဲ့ ဆိုင်ပါတယ်။ ကွင်တားနား အဆိုပြုတဲ့ (၄)ချက်ကို နအဖ လုပ်ဖြစ်လာ အောင် မက်လုံးပေးတဲ့သဘောလို့ ယူဆစရာ ရှိပါတယ်။ နအဖဟာ ၂ဝ၁ဝခုနှစ် ရွေးကောက်ပွဲလုပ်နိုင်မှ သူတို့အနေနဲ့ ထွက်ပေါက်ရမယ်လို့ ကွင်တားနားက တွက်ထားသလား မပြောတတ်ပါ။ ဒါပေမယ့် နအဖရဲ့လက်ရှိစစ်ခေါင်းဆောင်ကြီးတွေဟာ ရွေးကောက်ပွဲမလုပ်ဖြစ်လည်း ပိုပြီးအရှံုးထွက် စရာမရှိတော့လို့ ပိုနေမြဲကျားနေမြဲ နေလိုက်ရင်လည်း ဖြစ်နိုင်စရာရှိနေပါသေးတယ်။
 
နောက်တက်လာ မယ့် မျိုးဆက်သစ် အရာရှိစစ်သည်တွေကသာ လက်ရှိ အနေအထားကို ဘယ်လိုမှလက်ခံနိုင်စရာ မရှိတော့လို့ အဲဒီရဲ့အကျိုးသက်ရောက်မှုတွေကိုဘဲ အိုမင်းမစွမ်း ရှိနေပြီဖြစ်တဲ့ ခေါင်းဆောင်ကြီးတွေက စိုးရိမ်နေရတာ ဖြစ်ပါတယ်။ တွင်းအောင်းတတ်တဲ့ တိရိစာ္ဆန်တွေဟာ အစာရဖို့ တွင်းအပြင်ကို မထွက်ချင်ပဲ ထွက်ရပါတယ်။ အပြင်မှာ အစာရနိုင်ပေမယ့် အသတ်ခံရနိုင်တယ်ဆိုတာလည်း သဘာဝအလျောက် သိထားလို့ သတိ ထားပြီး အစာရှာရပါတယ်။ တကယ်လို့ တွင်းအပြင်ကို ထွက်စရာမလိုအောင် စုဆောင်းထားပြီးသား ဖြစ်နေမယ်ဆိုရင်၊ ဒါမှမဟုတ် တွင်းထဲမှာပဲ အသေခံမယ်ဆိုတဲ့ စိတ်ထားရှိရင် နအဖခေါင်းဆောင်တွေ အနေနဲ့ ကွင်တားနားပေးတဲ့ မက်လုံးလောက်ကို တမ်းတမ်းစွဲ မက်နေမှာ မဟုတ်ပါဘူး။ တတိယအပိုင်းကတော့ ကုလသမဂ္ဂနဲ့ ဆိုင်ပါတယ်။
 
နှစ်ပေါင်း(၂ဝ)ကျော်ကြာလာတဲ့ မြန်မာ့ပြဿနာ ဟာ ကမာ္ဘ့ထိပ်တန်းပြဿနာထဲကတခု ဖြစ်နေပါပြီ။ ဒါကို ကုလသမဂ္ဂက အမြန်ပြီးချင်တဲ့သဘောတွေ ရှိလာပါတယ်။ မြန်မာ့ပြဿနာမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီက အဓိကကျတဲ့အတွက် ကုလသမဂ္ဂ အနေနဲ့ ဘယ်လိုမှ လက်ရှောင်လို့ မရတဲ့အနေအထားမှာ ရှိနေပါတယ်။ တချိန်တည်းမှာဘဲ ကုလသမဂ္ဂထဲမှာ တရုတ်ရဲ့ဩဇာအာဏာ ပိုမို လွှမ်းမိုးလာတာလည်း ထည့်စဉ်းစား သင့်တဲ့ အကြောင်းတခုပါ။ နောက်အကြောင်းတခုကတော့ ဒီတပွဲအောင်မြင်သွားရင် မြန်မာနိုင်ငံလိုမျိုး အခြားနိုင်ငံတွေအတွက် မျှော်လင့်ချက်ကောင်းတွေ ရှိလာနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ တဦးချင်း၊ တဖွဲ့ ချင်းရဲ့ဂုဏ်သိက္ခာတွေ တက်သွားနိုင်စရာရှိနေပြီး နောင်တချိန် နိုဘဲလ်ငြိမ်းချမ်းရေးဆုကြီးကိုတောင် ချိန်နိုင်စရာရှိလို့ မြန်မာနဲ့မဆိုင်တဲ့ ဘယ်သူမဆို လုပ်ချင်နေတဲ့အကွက်ပါပဲ။
 
ဒီမိုကရေစီ တဝက်တပျက် (Quasi-democracy) ဖြစ်ဖြစ်၊ ဒီမိုကရေစီအတု (Sham democracy) ဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာ "ဒီမိုကရေစီ နာမည်တပ်လို့ရသွားရင် ပြီးရော" ဆိုပြီး ကုလသမဂ္ဂအနေနဲ့ရော တရုတ်အနေနဲ့ပါ ပြီးစလွယ် သဘောထားလို့ မရနိုင်ပါဘူး။ မြန်မာ့ဒီမိုကရေစီအရေးဟာ မြန်မာပြည်သူတွေကိုယ်တိုင်ရဲ့ သွေး၊ ချွေး၊ ဘဝ၊ အသက်၊ စည်းစိမ်ဥစ္စာ၊ မိသားစု-ဆွေမျိုး-ချစ်ခင်ရသူ အများကြီးကိုရင်းနှီးပြီး၊ အနစ်နာခံပြီး သန္နိဌာန်နဲ့ တော်လှန်နေတာ ဖြစ်ပါ တယ်။ နစ်နာဆုံးရှံုးရသူတွေကို ကျေးဇူးပြန်ဆပ်ဖို့၊ နောင်အစဉ်အဆက် အခုလိုမျိုး အာဏာရှင်စနစ် ဆိုးကို မခံစားရစေဖို့ သမိုင်းဝင်မော်ကွန်းထိုးလောက်တဲ့ လူထုလှုပ်ရှားမှုကြီးကို အောင်မြင်တဲ့အထိ ဆုံးခမ်းတိုင် ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
 
၁၉၉ဝ ရွေးကောက်ပွဲရလဒ်ဟာ ရည်မှန်းချက် ပန်းတိုင်ကို လှမ်းမြင်နေရတဲ့ တောင်ထိပ်တခု ဖြစ်ပါတယ်။ ဘယ်လိုမှ အဆုံးရှံုးခံဖို့ မရှိပါဘူး။ ဒါကြောင့် ကွင်တားနားရဲ့ အဆိုပြုချက်နဲ့ အချိန်ကန့်သတ်ချက်ကို ထောက်ခံအားပေးနိုင်စရာ ရှိပေမယ့် "၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ"ကို အသိအမှတ်ပြုသလို (တနည်းအားဖြင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ဖျက်ပစ်လိုက်သလိုမျိုး) အကွက်ထွင်ထားတာကိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ ကွင်တားနားကိုယ်တိုင်က "၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ" ဆိုတဲ့ အသုံးအနှုန်းကို မထည့်ပဲ "၂ဝ၁ဝ ခုနှစ်"လို့ ရိုးရိုးသားသားသုံးလိုက်ရင် ပိုပြီးယုံကြည်အားထား မျှော်လင့်စရာ ရှိလာနိုင်ပါတယ်။ ဒါမှလည်း ဒီမိုကရေစီ အစစ်အမှန် ပေါ်ထွန်းရေးအတွက် အားပေးရာရောက်ပါမယ်။
 
လက်ရှိအခြေအနေမှာတော့ နအဖဟာ စစ်ခေါင်းဆောင်တွေ အလိုကျ စိတ်ကြိုက် ရေးဆွဲထားတဲ့ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံအတည်ပြုတယ်လို့ ကြေညာရုံ မက ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက်တောင် ပြင်ဆင်နေသလိုလို သတင်းလွှင့်ထုတ်ထားပါတယ်။ နအဖက ဒီလိုလုပ်နေတာကို ဒီမိုကရေစီ အစစ်အမှန် ဖြစ်ထွန်းဖို့ လက်တွေ့ကျကျ တိုးတက်အောင် လုပ်နေတယ်လို့ ဘယ်လိုမှ အဓိပ္ပာယ်ကောက်လို့ မရပါဘူး။ လွတ်လပ်ရေးကြိုးပမ်းတဲ့ ခေတ်တုန်းက ဖက်ဆစ်ဂျပန်ဟာ မြန်မာနိုင်ငံကို ရွှေရည်စိမ် လွတ်လပ်ရေး ပေးခဲ့ဖူးတာပါပဲ။ နအဖကလည်း ဒီမိုကရေစီအတုကြီးပေးဖို့ ကြံစည်နေတာဘဲလို့ဆိုရင် စောဒက တက်မယ့်သူတောင် သိပ်ရှိလှမှာ မဟုတ်ပါဘူး။
 
နအဖဟာ ဒီမိုကရေစီ အစစ်အမှန် ဖြစ်ထွန်းဖို့ လက်တွေ့ကျကျ လုပ်နေတာမဟုတ်ဘူးလို့ ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တဲ့ အကြောင်းပြချက်တွေ အများအပြား ရှိနေပါတယ်။ အဲဒီထဲက အဓိက အကြောင်းပြချက် အများစုကို ကြည့်ပါ။ နအဖဟာ ၁၉၉ဝ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရဲ့ရလဒ်ကို ကိုယ်တိုင် တာဝန်ရှိအဖွဲ့အနေနဲ့ အသိအမှတ်ပြုရမယ့်အစား ဗြောင်ကျကျ လစ်လျူရှုထားပါတယ်။ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်တမ်းရေးဆွဲသင့်သူတွေ မပါပဲ၊ တကယ်တမ်းစစ်မှန်တဲ့ ဒီမိုကရေစီအခြေခံမူတွေ မရှိပဲ နအဖစိတ်ကြိုက်ဖြစ်အောင် အဓမ္မရေးဆွဲထားပါတယ်။ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုဖို့ လူထုဆန္ဒခံယူပွဲကိုလည်း ဒီမိုကရေစီ အခြေခံ ကျင့်စဉ်များအတိုင်း မဟုတ်ပဲ အတင်းအဓမ္မ ကျင်းပပြီး မဲစာရင်းကို တဖက်သပ် ကြေညာထား ပါတယ်။
 
နအဖရဲ့ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာလိုက်ရင် နိုင်ငံသားအားလုံး တန်းတူညီမျှမှု အပါအဝင် ဒီမိုကရေစီ အခြေခံအခွင့်အရေး၊ မွေးရာပါ အခြေခံလူ့အခွင့်အရေး၊ နိုင်ငံရေး လွတ်လပ်ခွင့်၊ အစိုးရကောင်းတရပ်ကို ဖြစ်ထွန်းစေမယ့် တရားမျှတတဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အစရှိတဲ့ အရေးကြီးဆုံးလိုအပ်ချက်တွေ တခုမှ ရှိမနေပါဘူး။ ဒီမိုကရေစီကို ဖော်ဆောင်နေပါတယ်လို့ တဘက်က ကြွေးကျော်နေသလောက် အခြား တဘက်မှာ တရားဝင် နိုင်ငံရေးပါတီတွေကို လှုပ်ရှားခွင့်မပေးပဲ ဖိနှိပ်ဖြိုခွဲနေတာတွေ၊ နိုင်ငံရေး သမားတွေ-လှုပ်ရှားတက်ကြွသူတွေကို အဓမ္မ ဖမ်းဆီးနှိပ်စက် ထောင်ချအပြစ်ပေးတာတွေ ရှိနေပါတယ်။ မြိ့ကြီးတွေမှာ သိန်းနဲ့ချီပြီးရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ ပြည်သူတွေက ဒီမိုကရေစီ ကျင့်စဉ်အတိုင်း ငြိမ်းချမ်းစွာဆန္ဒပြတာကို ရက်ရက်စက်စက် သေနတ်နဲ့ပစ်ခတ်ပြီး အဓမ္မဖြိုခွဲခဲ့ တာဖြစ်လို့ နောင်ဆိုရင်လည်း အလားတူလုပ်ဦးမယ့်လက္ခဏာ ရှိနေပါတယ်။ (ဘာကြောင့်လဲ ဆိုတော့ လက်နက်မဲ့ပြည်သူတွေကို ရိုက်နှက်သတ်ဖြတ်တဲ့ အမှုထမ်းနဲ့ ကြေးစားတွေကို ဘာမှအရေးယူ အပြစ်ပေးတာ မရှိပဲ ပါဝင်ဆန္ဒပြသူတွေကို အငြိုးနဲ့ နှိပ်ကွပ်နေလို့ဖြစ်ပါတယ်။)
 
ပြည်သူတွေရဲ့စားဝတ်နေရေးကို ထိခိုက်ပျက်စီးအောင် အိုးအိမ်-လယ်ယာမြေတွေကို အဓမ္မ သိမ်းတာတွေ၊ အတင်းအဓမ္မ မောင်းထုတ်တာတွေ ရှိနေပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့ မြန်မာပြည်သူတို့က အလေးအနက် မေတ္တာရပ်ခံနေ တာတောင် လူ့အခွင့်အရေးကို အကြီးအကျယ် ဆက်လက်ချိုးဖောက်နေပါတယ်။ နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားလူနည်းစုတွေအပေါ် လူမျိုးတုန်းစစ်ဆင်ရေးတွေ လုပ်နေတာ ယနေ့ထိပါဘဲ။ ကလေးစစ်သား စုဆောင်းတာတွေ၊ အဓမ္မ စစ်မှုထမ်းခိုင်းတာတွေ ရှိနေပါတယ်။ အဓမ္မ လုပ်အားခိုင်းစေတာတွေ တနိုင်ငံလုံး နေရာအနှ့ံအပြားမှာ ရှိနေပါတယ်။
 
AIDS / HIV ရောဂါပိုး ရှိသူတွေကို ထိထိရောက်ရောက် ဆေးကုပေးတာမျိုး အပါအဝင် လူထု ကျန်းမာရေးကို အစိုးရတရပ်အနေနဲ့ တာဝန်ယူ အလေးပေး ဂရုစိုက်တာတွေ မရှိပါဘူး။ ပြည်သူလူထုအပေါ်မှာ တရားမျှတမှုမရှိတဲ့ ဥပဒေ၊ တချက်လွှတ်အမိန့်တွေ ထုတ်ပြန်ပြီး အဓမ္မ ချုပ်ချယ်ထားတဲ့အပြင် သမာသမတ်မရှိပဲ အဓမ္မ တရားစီရင်နေပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းလို့ အမည်ပေးတဲ့အဖွဲ့ကို နိုင်ငံအဆင့် ဖွဲ့စည်းပြီး နိုင်ငံ့ဘဏ္ဍာနဲ့ ထောက်ပံ့ထားရာကနေ အဲဒီအသင်းကို နိုင်ငံရေးပါတီအသွင်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်နိုင်အောင် ကြံစည်နေပါတယ်။
 
ကမာ္ဘမှာ စံထားလောက်တဲ့ ဒီမိုကရေစီ ခေါင်းဆောင်လို့ နိုင်ငံတကာက တလေးတစား အသိအမှတ်ပြုရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြားနိုင်ငံရေး-လူမှုရေး လှုပ်ရှားသူ (၂ဝဝဝ) ကျော်တို့နဲ့အတူ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းပြေလည်စွာ ဖြေရှင်းတဲ့အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်စေဖို့ ဆွေးနွေးပွဲ တောင်းဆိုနေကြပေမယ့် သူတို့ကို နှစ်ပေါင်းများစွာ ဆိုးဆိုးဝါးဝါး ဖမ်းဆီးနှိပ်စက် ထိန်းသိမ်း အကျဉ်းချထားပါတယ်။ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အခြားသာမန်ကိစ္စတွေလည်း အများကြီး ကျန်ရှိနေပါတယ်။
 
ဥပမာဆိုရင် ဒီမိုကရေစီ (Democracy)၊ လူ့အခွင့်အရေး (Human Rights)၊ အလုပ်သမား အခွင့်အရေး (labour Rights)၊ တရားဥပဒေ စိုးမိုးမှု (Rule of Law)၊ အဓမ္မပြုကျင့်မှုများ (Abuses) အစရှိတာတွေနဲ့ပတ်သက်ပြီး လူထုပညာပေး လုပ်ဖို့နေနေသာသာ ပြောမိဆိုမိရင်တောင် ဖမ်းဆီးနှိပ်စက် ထောင်ချနေတာ၊ အဓမ္မ လုပ်အားခိုင်းစေလို့ အိုင်အယ်လ်အို (ILO) ကိုတိုင်တန်းရင် ဖမ်းဆီးထောင်ချတာ၊ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတော်တွေကို ရေသန့်ဗူး ကပ်လှူရင် ဖမ်းဆီးနှိပ်စက် ထောင်ချတာ၊ နိုင်ငံရေးအမှုနဲ့ ထောင်ကျပြီး ပြန်လွှတ်လာတဲ့အခါမှာ နအဖကသာ ချုပ်ကိုင်ထားတဲ့ တက္ကသိုလ် ကောလိပ်နဲ့ ကျောင်းပညာရေးတွေမှာ ဆက်လက်သင်ကြားခွင့် မရတာ၊ စာပေစိစစ်ရေးလို့ ခေါင်းစဉ်တပ်ပြီး သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ထားတာ၊ သန်းခေါင်စာရင်း စစ်တာ၊ နယ်ကျော် ခရီးသွားခွင့် ပိတ်ပင်တာ၊ စီးပွားရေးလုပ်ခွင့်တွေ ပိတ်တာ၊ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ လူမဆန်ပဲ နှိပ်စက်ညှင်းပမ်းနေတာ အစရှိတဲ့ ကိစ္စမျိုးတွေ အများကြီး ရှိနေပါတယ်။
 
အခုဖော်ပြလိုက်တဲ့ အဓိကအကြောင်းပြချက်၊ သာမန်အကြောင်းပြချက်တွေမှာကိုပဲ စစ်မှန်တဲ့ ဒီမိုကရေစီရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ သိသိသာသာ တွေ့မြင်နိုင် ပါတယ်။ နအဖအနေနဲ့ အဓိကကျတာရော၊ သာမန်ကိစ္စတွေမှာရော တခုမှတိုးတက်ကောင်းမွန်အောင် ပြန်လည်ပြုပြင် လုပ်ဆောင်လာတာ မရှိသေးပါဘူး။ မရှိသေးသရွေ့ကာလပတ်လုံး စစ်မှန်တဲ့ဒီမိုကရေစီ ဖြစ်ထွန်းလာဖို့ မရှိပါဘူး။ သာမန်ကိစ္စဆိုပြီးတော့လည်း ပေါ့ပေါ့ဆဆထားလိုက်လို့ မရပါဘူး။
 
ဘယ်လိုကိစ္စ၊ ဘယ်လိုပြဿနာ ဖြစ်ဖြစ် ကြီးကြီးသေးသေး အားလုံးကို တတန်းတစားတည်း အလေးအနက်ထားပြီး ပြီးပြတ်အောင်၊ လူထုကျေနပ်အောင် ဖြေရှင်းရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး နောက်ခံအခြေအနေ၊ မိမိတို့က လုပ်နိုင်စွမ်း (Capacity) နဲ့ နအဖက တုန့်ပြန်-ပူးပေါင်းနိုင်စွမ်းအပေါ် မူတည်ပြီး အရင်ဖြေရှင်းသင့်တာ၊ နောက်မှ ဖြေရှင်းသင့်တာတွေကို စနစ်တကျ ခွဲခြား စီစဉ်ရမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ နိုင်ငံအဆင့်၊ အစိုးရအဆင့်၊ နိုင်ငံရေးပါတီအဆင့်အနေနဲ့ ဖြေရှင်းရမှာဖြစ်လို့ နိုင်ငံရေးပြဿနာတွေ ဖြစ်လာပါတယ်။ လက်ရှိကြံုနေတဲ့ နိုင်ငံရေးပြဿနာတွေကို ကျောခိုင်းပြီး နအဖ ကြွေးကျော်နေတဲ့ လမ်းပြမြေပုံဆိုတာကိုဘဲ ဦးတည်နေလို့ကတော့ ပြဿနာတွေ တပြံုတခေါင်းကြီး လိုက်ပါနေဦးမှာ ဖြစ်ပါတယ်။
 
ဒီလိုပြဿနာပေါင်း သောင်းခြောက်ထောင်ကို နအဖ တဘက်တည်းကနေ ဖြေရှင်းလို့မရနိုင်ဘူး ဆိုတာ လည်း သိသိသာသာ ဖြစ်နေပါတယ်။ ကုလသမဂ္ဂက ပြောနေတဲ့ လက်တွေ့ကျကျ တိုးတက်မှု (Tangible progress) ဆိုတာဟာ တဘက်သပ် ကိုယ်လုပ်ချင်ရာလုပ်လို့ ပြောင်းလဲသွားရင် ဖြစ်တာဘဲလို့ အဓိပ္ပာယ် မကောက်နိုင်ပါဘူး။ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိသူတွေက အမှန်တကယ် အတူတကွ ဝိုင်းဝန်းဖြေရှင်းပြီး ပြေလည် သွားတာမှ လက်တွေ့ကျကျ တိုးတက်မှု (Tangible progress) ဖြစ်ပါတယ်။
 
တကယ်တမ်းမှာလည်း ဒီပြဿနာတွေ မရှင်းပဲ၊ ဒီမိုကရေစီ အခြေခံအဆောက်အဦတွေ တည်ဆောက်တာကို အားမပေးပဲ ဒီမိုကရေစီနိုင်ငံသစ်ကို မထူထောင်နိုင်ပါဘူး။ ဒီနေရာမှာ အသုံးဝင်တဲ့ ဖြတ်လမ်းကတော့ မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီ အခြေခံအဆောက်အဦတွေ တည်ဆောက်တာကို အဘက်ဘက်ကနေ လက်တွေ့ကျကျ အားပေးဖို့ဖြစ်ပါတယ်။
 
ဒီလိုသာလုပ်နိုင်ရင် ပြဿနာအတော်များများဟာ သူ့အလိုလိုရှင်းသွားနိုင်မှာဖြစ်လို့ ဦးဆောင်သူတွေအနေနဲ့ တာဝန်တွေ အများကြီးပေါ့သွားနိုင်ပါတယ်။ လူထုအနေနဲ့လည်း ကိုယ်ပိုင်အတွေ့အကြံုကောင်းတွေ ရသွားပြီး ရှေ့ဆက် တန်ဖိုးထားကျင့်သုံးနေကြမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မဟုတ်ပဲ၊ ဒီမိုကရေစီ အစစ်အမှန် ဖြစ်ထွန်းရေးမှာ လက်တွေ့ကျကျ တိုးတက်မှုမရှိပဲ နအဖက အဓမ္မနည်းလမ်းတွေနဲ့ ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပလို့ ပြီးမြောက်သွားရင် တောင် ဒီမိုကရေစီ ရပြီလို့ အကြွင်းမဲ့ မယုံလိုက်ကြပါနဲ့။  

လွင်အောင်စိုး ( ၂၈-၁ဝ-၂ဝဝ၈)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here