သနားကြင်နာ ခွင့်လွှတ်ခြင်း နတ်၊ ဘုရားကျောင်းဆီသို့

Click to enlarge

 

 

                ဒီတပါတ် ဝါတွင်းကာလ ကင်းလွတ်ချိန်ကလဲဖြစ် အလုပ်ပိတ်ရက် ပျင်းပျင်းရှိတာနဲ့ တိုကျိုက နံမည်ကြီး ဘုရားကျောင်း ( ဘုရားကျောင်းလို့ သုံးတာထက်နတ်ဘုရားကျောင်း လို့ သုံးရင် ပိုမှန်မယ် ထင်ပါတယ် )

 

အဆာကုဆ အရပ်မှာရှိတဲ့  ဆန်ဆိုဂျီ  အများအခေါ် ကတော့ အဆကုဆ ကင်နွန်

နတ်ဘုရားကျောင်း ကိုရောက်ဖြစ်ပါတယ်။

            

အဲဒီကို တိုကျိုက မြေအောက်ရထား လိုင်းတခုဖြစ်တဲ့  ဂင်ဇာလိုင်း စီးပြီး သွားရောက်နိုင်ပါတယ်၊ အဆာကုဆ ဘူတာက ထွက်လိုက်တာနဲ့ ရှည်လျှားတဲ့ ဈေးတန်းကိုဖြတ်လို့ ဘုရားကျောင်းဆီကို ၃မိနစ်လောက် လမ်းလျှောက်လိုက်ရင်ပဲဲ  တွေ့လိုက်ရပါပြီ အနီရောင်မုဒ်ဦး (Mon Kanji) ကို ဂျပန်က နတ်ဘုရားကျောင်းတွေရဲ့ အဝင်အဝ မုဒ်ဦးမှာ အဲဒီအနီရောင် မုဒ်ဦး (Mon kanji) တွေကို နေရာတိုင်းမှာ တွေ့မြင်နိုင်ပါတယ်။

မိုးကြိုးဂိတ်လို့ခေါ်တဲ့ နတ်ဘုရားကျောင်း

            အဲဒီ အနီရောင်မုဒ်ဦး အဝကနေ  ဘုရားကျောင်းဆီ အရောက်ကို မီတာ၂၀၀လောက် လမ်းလျှောက်ရပါတယ်၊ ဘေးတဘက် တချက်မှာတော့ လက်ဆောင်ပစ္စည်း နဲ့ အမှတ်တရ အရောင်းဆိုင်တွေ၊ ဂျပန်ရိုးရာမုန့် အရောင်းဆိုင်တွေနဲ့ အစီအရီ ရှိနေပြီး ရုံးပိတ်ရက်ဖြစ်နေလို့ လူတွေ ကြိတ်ကြိတ်တိုး ဖြစ်နေတယ် ထင်ပါရဲ့ ဘုရားကျောင်းဆီကို တန်းစီပြီး ၀င်ရပါတယ်၊ နောက်မှ သိတာ ဘုရားကျောင်းကို  ပြုပြင်တာ အနှစ်(၅၀)ပြည့် ပွဲတော်နဲ့ သွားပြီး တိုက်ဆိုင်နေတာမို့ ဆုတောင်းနေသူတွေနဲ့ ပြည့်ှနှက်လို့ နေပါတယ်၊ ယုံကြည်စွာနဲ့ ဆုတောင်းရင် တောင်းတဲ့ဆု ပြည့်တယ်လို့  ဂျပန်လူမျုုိးတွေ အများ ယုံကြည် ထားကြတယ်လေ။ 

 

မုဒ်ဦးစောင့် မိုးကြိုးနတ်မင်း

               အခု သွားရောက်ခဲ့တဲ့ ဘုရားကျောင်းဟာ တိုကျိုမှာတော့ ရှေးအကျဆုံး ဘုရားကျောင်းတခုထဲက ဖြစ်ပြီး လွန်ခဲ့တဲ့ (၇)ရာစုနှစ်လောက် ကတည်းက တံငါသည်၂ဦးက စုမီဒမြစ်ထဲကနေ ရယူခဲ့တဲ့ Kanon မြန်မာလို ပြောရရင်တော့  ကွမ်ယင်မယ်တော် ရုပ်တုကို ဘုရားကျောင်း အဖြစ်ဆောက်လုပ်ပြီး ကိုးကွယ်တာက စခဲ့တာလို့ ဘုရားကျောင်းရဲ့ သမိုင်းများမှာ ဖေါ်ပြထားပါတယ်။  

 


            ဂျပန်ရဲ့ ရှေးဟောင်းရိုးရာ ယဉ်ကျေးမှုတွေက တရုတ်နဲ့ ခပ်ဆင်ဆင် တူနေတာတွေ တွေ့မြင်ရပေမယ့်၊ နေနတ်မျိုးနွယ်ကနေ ဆင်းသက်လာတယ်ဆိုတဲ့ ဂျပန် လူမျိုးတွေရှေ့မှာ  တရုတ်က ဆင်းသက်လာတဲ့ အရာတွေ တွေ့ရတယ်လို့များ ပြောမိရင်တော့ အရမ်းကို စိတ်ဆိုးတတ်ကြပါတယ်။

 

Click to enlarge

                                                        နတ်ကွန်းမှာ ယုံကြည်စွာ တောင်းဆုပြုသူတွေ

            ဂျပန်ရဲ့ ရိုးရာယဉ်ကျေးမူတွေက  စိတ်ဝင်စားဖို့ ကောင်းသလို ဂျပန်က မဟာယန ဗုဒ္ဓဘာသာ ကိုးကွယ်မှုများတဲ့ အတွက် ဘုရားထက် နတ်ဘုရားကျောင်းတွေက ပိုများပြီး ယုံယုံကြည်ကြည်နဲ့  ကိုးကွယ် ဆည်းကပ်နေတာကလည်း ဂျပန်ရဲ့ ချစ်စရာ ဘာသာရေး သက်ဝင်ယုံကြည်မှုလို့ ပြောရမှာပါဘဲ၊ တခုပဲ ပြောစရာရှိတာကတော့  ယနေ့ခတ် ဂျပန်လူငယ် လူလတ်ပိုင်း တော်တော်များများ ကတော့
မိမိကိုယ်သာ ကိုးကွယ်ရာတည်းလို့ ပြောဆိုသက်ဝင် ယုံကြည်သူများနေပြီး၊ ဘုရားမရှိ တရားမရှိ သူတွေလို့ ပြောရမလိုဖြစ်နေပေမယ့် ဘာသာရေး အခမ်းအနားတွေ၊ ဘုရားကျောင်းတွေကိုတော့ ရိုးရာမပျက် သွားနေကြတာ တွေကတော့ ရှိနေပါသေးတယ်။   

 

Click to enlarge

 

                                                  ဘေးက ကျောင်းဆောင်ငယ်တခုလို့ ဆိုမလား ငါးထပ်ကြီး

 

            အကယ်၍ မိတ်ဆွေက ဂျပန်ကို ရောက်ခဲ့မယ်ဆိုရင် ရှေးအကျဆုံး စာရင်းဝင် တိုကျိုက အဆကုဆ ကွမ်ရင်မယ်တော် ဘုရားကျောင်းကို တခေါက်လောက် သွားရောက်လှည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ 

 

ကမာနီလာ ( တိုကျို-လူထုအသံ )

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here