မြန်မာ့နိုင်ငံရေး နှင့် ဘန်ကီမွန်း ၏ လူ့အခွင့်အရေး အစီရင် ခံစာ

Click to enlarge

ကု လသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း အနေ ဖြင့် မြန်မာ နိုင်ငံ လူ့ အခွင့် အရေး အခြေ အနေ အကြောင်း ကို ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ကြီး ထံ

တင်ပြ သော အစီရင် ခံစာ ၌ အရေးကြီး ဆုံး ဟု သုံးသပ်နိုင်သည့် မဟာဗျူဟာ အစီအစဉ် တရပ် ပါရှိသည်။ ယင်း ကို ဘန်ကီမွန်း က အောက်ပါ အတိုင်း ပြောသည်။

 

“(မြန်မာ့နိုင်ငံရေး ပြဿနာ တွေကို ဖြေရှင်းရာမှာ) သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးကြဖို့၊
လက်တွေ့ကျကျ အလေး အနက် ထားပြီး ဆွေးနွေး ကြဖို့၊အချိန် သတ်မှတ်ချက် ဘောင်အတွင်း ပြီးပြတ်အောင် ဆွေးနွေး ကြဖို့၊
အလား အလာ တွေ ကောင်းလာအောင် ပေါင်းစပ် ဖြည့်ဆည်း ပေးရာ မှာ အဓိက ကျတာ ကတော့ ဖမ်းဆီး ထိန်းသိမ်း ခံ နေရတဲ့ ဒေါ် အောင်ဆန်း စု ကြည် နဲ့ တကွ အခြား နိုင်ငံရေး အကျဉ်းသမား တွေ ကို ( နအဖ စစ် အစိုးရ က ) လွှတ်ပေး ဖို့ ဖြစ်ပါတယ်။”

ဤ အချက်ကို ကောက်ချက် ချ လျှင် ဖမ်းဆီး ထိန်းသိမ်း ခံ နေရသော ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား နိုင်ငံရေး သမား တို့ကို အရင် ဆုံး ပြန် လွှတ် ပေးမှသာ ဖြစ်နိုင်မည် ဆိုသည်မှာ ထင်ရှားသည်။ ဘန်ကီမွန်းကလည်း ဤအချက် ကိုပင် ထပ်မံ ဖြည့်စွက်ပြောဆိုသည်။ ဖမ်းဆီး ထိန်းသိမ်း ထား သူ တို့ကို အရင် လွှတ်ပေးပြီးမှ ထိုသူများ နှင့် အတူ အစီအစဉ် ရှိ သည့် အတိုင်း စတင် လုပ်ဆောင် နိုင်မည့် အဓိပ္ပာယ် ဖြစ်သည်။

ဘန်ကီမွန်းက မြန်မာ့ နိုင်ငံရေး ပြဿနာအား သားရွှေအိုးထမ်း ဖြေရှင်းနိုင်မည့် အလားအလာကို ရှာကြည့် ပုံရသည်။ သုံးမျိုးပေါင်း မှ ပြည့်စုံ မည့် အလား အလာ တခု ရှိနေသည် ကို သူက ထောက်ပြသည်။

(၁) မြန်မာ့နိုင်ငံရေးပြဿနာကို ပါဝင်ဖြေရှင်းနိုင်စွမ်း ရှိသူများ၊ အခြားပါဝင်သင့်သူများအားလုံးက ပါဝင် ဆွေးနွေးနိုင်ရပါမည်။

(၂) ဆွေးနွေးသူများအားလုံးက လက်တွေ့ကျကျ ဖြစ်ပျက်နေသည့် မြန်မာ့အရေးကို အလေးအနက် ထားပြီး ဆွေးနွေးနိုင်ရပါမည်။

(၃) ထိုသို့ဆွေးနွေးရာတွင် အချိန်ဆွဲခြင်း၊ နှောင့်နှေးစေခြင်းများ မရှိပဲ အားလုံးသဘောတူ သတ်မှတ် ထားသော အချိန်ကာလအတွင်း၌ ပြီးပြတ်အောင် ဆွေးနွေးနိုင်ရပါမည်။

ယခုအချိန်တွင် အဆိုပါအလားအလာများ ရှိနေပြီဟု ဘန်ကီမွန်းက အကောင်းဘက်မှ ရှုမြင်သုံးသပ်ပုံ ရသည်။ ထို့ကြောင့် သူ၏မဟာဗျူဟာအရ အစီအစဉ်များကို စတင်ရာတွင် ဗွေဆော်ဦးမှာ ဖမ်းဆီး ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် နှင့် တကွ အခြား နိုင်ငံရေးအကျဉ်းသမားတို့ကို (နအဖ စစ်အစိုးရက) လွှတ်ပေးရန်ဖြစ်ပြီး သူကိုယ်တိုင် ထပ်မံတောင်းဆိုခြင်းလည်း ဖြစ်သည်။

ကျနော်တို့အနေဖြင့် အမှန်အတိုင်း အလေးအနက် ရှာဖွေရမည့်ကိစ္စမှာ မြန်မာနိုင်ငံတွင် အစိုးရနှင့် အတိုက်အခံတို့၏ နှစ်ဘက်ဆွေးနွေးပွဲ၌ ဘန်ကီမွန်း ဖြစ်စေချင်သောပုံစံဖြင့် ဂုဏ်သိက္ခာရှိရှိ ဆွေးနွေးနိုင်မည့် အလားအလာများ တကယ်တမ်း ရှိ-မရှိ ဆိုသည့်အချက်ဖြစ်သည်။ နှစ်ဘက်စလုံး၌ ဘန်ကီမွန်း တွက်ဆထားသကဲ့သို့ တိုင်းကျိုးပြည်ကျိုး (တိုင်းပြည်အကျိုး-ပြည်သူ့ အကျိုး)ကို မျှော်ကိုးလျက် အမြော်အမြင် ကြီးမားစွာထားရှိနိုင်သူများ အဆင်သင့်ရှိနေခြင်း ရှိ-မရှိ ကိုလည်း ကျနော်တို့ ပြန်ကြည့်ရဦးမည် ဖြစ်သည်။

ထို့ပြင် ပြဿနာမှန်သမျှ နှစ်ဘက်စလုံးက လုံးဝအချိန်မဆိုင်း ဖြေရှင်းလိုစိတ် ရှိ-မရှိ ဆိုသည်ကိုလည်း သုံးသပ်ရပါမည်။ သေချာသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွ ဒီမိုကရေစီကို ထောက်ခံကြသော နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားများဘက်တွင်…

(၁) လူထုထောက်ခံမှုဖြင့် ရပ်တည်နေကြသော နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ ဖြစ်ကြ၍ လူထုမျက်နှာ အိုးမဲသုတ်မည် မဟုတ်ပဲ ဂုဏ်သိက္ခာရှိရှိ ဆွေးနွေးရန် အဆင်သင့်ဖြစ်နေကြသည်။

(၂) တိုင်းကျိုးပြည်ကျိုးကို မျှော်ကိုးလျက် အမြော်အမြင်ကြီးကြီး ထားနိုင်သူများ ဖြစ်နေကြသည်။

(၃) ပြဿနာမှန်သမျှ လုံးဝ အချိန်မဆိုင်းပဲ ဖြေရှင်းလိုစိတ်ရှိနေကြသည်မှာ ယခုမှသာ မဟုတ်။ လွန်ခဲ့သော နှစ် (၂ဝ)ကတည်းကပင် ဖြစ်သည်။

သို့သော် ကျနော်တို့က ပိုင်ပိုင်နိုင်နိုင် ကောက်ချက်မချနိုင်သေးသည်မှာ၊ အဆင်သင့်ဖြစ်သည်ဟု မတွေ့မြင်နိုင်သေး သည်မှာ၊ အပြတ်မပြော နိုင်သေးသည်မှာ နအဖဘက်ခြမ်း၌ ဖြစ်နေသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အစီရင်ခံစာအတိုင်း လက်တွေ့အားဖြင့် အကောင်အထည် ဖော်နိုင်-မဖော်နိုင် မဆုံးဖြတ်သေးမီ အထက်ပါ အခြေအနေမျိုး နအဖဘက်မှ ဖြည့်စွက်ရန် ကျန်ရှိနေသေးသည်ကို အမှန်အတိုင်း လက်ခံထား သင့်သည်။

ဘန်ကီမွန်း၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာမှာ ၂ဝဝရ ခုနှစ် အောက်တိုဘာ (၂၃) ရက်မှ ၂ဝဝဂ ခုနှစ် စက်တင်ဘာ (၅)ရက်အထိ မြန်မာနိုင်ငံတွင် ဖြစ်ခဲ့သမျှ လူ့အခွင့်အရေး အခြေအနေများအပေါ် ခြံုငုံသုံးသပ်ခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ မြန်မာ့သမိုင်းတွင် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများ သွေးမြေကျအောင် ရိုက်နှက်အသတ်ခံရ သောကြောင့် အမဲစက်ကြီး စွန်းထင်းသွားရသည့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလ အတွင်း နအဖ၏ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများ မပါဝင်ပါ။

ဘန်ကီမွန်းက “မြန်မာနိုင်ငံဟာ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေလုပ်ဖို့ လမ်းဆုံလမ်းခွကို ရောက်နေ ပါပြီ။ (နအဖ)အစိုးရနဲ့ အတိုက်အခံတွေဟာ အခုဆိုရင် တဘက်နဲ့တဘက် စကားပြောကြရမယ့် အချိန်မျိုး၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် လက်တွဲလုပ်ဆောင်ရမယ့် အချိန်မျိုး ရောက်နေပါပြီ။ (ဒါမှလည်း အမျိုးသားပြန်လည် သင့်မြတ်ရေး ရလာမှာဖြစ်ပြီး) ဒီလိုရလာဖို့ ငြိမ်းချမ်းစွာ အဆင့်ဆင့် လုပ်ဆောင်နိုင်မယ့် အခြားနည်းလမ်းဆိုလို့ ဘာမှ ရှိမနေပါဘူး။”ဟု ဆက်လက် အစီရင်ခံသွားသည်။

လက်ရှိစစ်အစိုးရ အုပ်စိုးလာခဲ့သည့် နှစ်ပေါင်း(၂ဝ)အတွင်း တိုင်းပြည်တခုလုံး ဖွတ်ဖွတ်ကြေနေပြီဖြစ်၍ ယခုမှစပြီး ပြန်လည်ပြုပြင်ကြမည်လား သို့မဟုတ် တိုင်းပြည်နှင့်လူမျိုးတို့ အပျောက်ခံကြမည်လား ဆိုသည်ကို ကျနော်တို့ မြန်မာလူမျိုးတို့က ဆုံးဖြတ်ရမည့် အချိန်အခါ ဖြစ်ကြောင်း နိုင်ငံတကာမှ အလေးအနက်ထား၍ တောင်းဆို နေသည်။

သေချာသည်မှာ မြန်မာနိုင်ငံသား မည်သူဖြစ်ဖြစ် မည်မျှပင် အတ္တကြီးနေနေ တိုင်းပြည်ကို ရောင်းစား လောက်အောင် အတ္တကြီးလှမည်တော့ မဟုတ်နိုင်။ သို့သော် ထိုလူစားမျိုး တကယ်တမ်း ရှိလာလျှင်မူ သုတ်သင်ရှင်းလင်းမည့် မင်းကြီးရန်နောင်ကဲ့သို့သော လူစားမျိုး ပေါ်ထွက်လာမည်သာ ဖြစ်သည်။ သို့ဖြစ်၍ ဤကိစ္စတွင် အကောင်းဘက်မှ တွေးထင်ယူဆနိုင်သည်များ ရှိနေသေးသည်။ အကယ်၍ အကောင်းဘက်မှ မည်သို့မျှ တွေးထင်၍ မရနိုင်တော့ဟုဆိုလျှင် မြန်မာ့နိုင်ငံရေးကို ဦးဆောင်ဖန်တီးသူတို့သည် လမ်းဆုံလမ်းခွတွင်ရှိနေသော လမ်းကောင်းကိုမရွေးပဲ နောက်ပြန်လှည့် နေပြီဖြစ်ကြောင်း သတိပြုကြရတော့မည်။

ဤအဓိပ္ပာယ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မည်သည့်အခါမှ မရနိုင်တော့ကြောင်း မီးနီ ပြလိုက်ခြင်းသာ ဖြစ်သည်။ ထိုအဖြစ်ဆိုးကြီးနှင့်အတူ နောက်ဆက်တွဲ ဆိုးကျိုးများလည်း အစုလိုက် အပြံုလိုက် ဝင်လာတော့မည်ကို တွေးကြည့်ရုံဖြင့်ပင် ကျောခြမ်းနိုင်စရာ ရှိပေလိမ့်မည်။ ထို့ကြောင့် လမ်းဆုံလမ်းခွ၌ မြင်နေရပြီဖြစ်သော လမ်းကောင်း  အတိုင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ လျှောက်ကြရန် မဖြစ်မနေ လိုအပ် သည်။

နိုင်ငံရေးအကျပ်အတည်း၏ ထွက်ပေါက်ကို ကိုယ်လွတ်ရုန်း မရှာကြရန်လည်း သတိပြုအပ်သည်။ “ရှေ့မတိုးနောက်မဆုတ် နိုင်ငံရေးကနေ (ကိုယ်လွတ်မရုန်းပဲ) သက်ဆိုင်သူအားလုံး ယုံယုံကြည်ကြည် ပါဝင်ပြီး တွေ့ဆုံဖြေရှင်းဖို့ နအဖ စစ်အစိုးရကို ကုလသမဂ္ဂ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်း နေခဲ့ပေမယ့် နအဖဘက်က အလေးအနက်ထားပြီး တုန့်ပြန်တာ မရှိခဲ့ပါဘူး” ဟု ဘန်ကီမွန်းက စိတ်ပျက်လက်ပျက် အစီရင်ခံသွား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက (၈၈)မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များ၊ အခြား နိုင်ငံရေးသမားများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ မြန်မာအဖွဲ့အစည်းများ ပြည်သူ များကလည်း နအဖကို အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်၊ တွေ့ဆုံဆွေးနွေးရေးအတွက် အကြိမ်ပေါင်းများစွာ နှစ်ပေါင်းများစွာ တိုက်တွန်းနေ ခဲ့ကြ သည်။

ထူးခြားသော တိုက်တွန်းမှုတခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖ စစ်ခေါင်းဆောင်တို့နှင့် “သင်ပုန်းချေရေး”ကိုပင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ အာဏာရှင်စနစ်ကြောင့် နစ်နာဆုံးရှံုးသူတို့ လွန်လွန်မင်းမင်း ထိခိုက်နေရချိန်မျိုးတွင်ပင် ဤသို့သော အဆိုပြုချက်မှာ မည်မျှအထိ စွန့်စားလိုက် ရသည်ကို တွေးကြည့်နိုင် သည်။

ထို့ပြင် နအဖအပေါ် အခြားနိုင်ငံများက စီးပွားရေးအရ အရေးယူသည့့်အနေဖြင့် ပြစ်ဒဏ်ခတ် ပိတ်ဆို့ ထားခြင်းများ ရှိနေသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတူပူးပေါင်းပြီး ဖြေရှင်းကြရန်ပင် ကမ်းလှမ်းထားခဲ့သေးသည်။ သို့သော် နအဖ စစ်ခေါင်းဆောင် လူတစုမှာ “မြန်မာပြည်သူတို့ လိုချင်တောင့်တနေသော ဒီမိုကရေစီ အတွက်ဆိုလျှင် မည်သူနှင့်မျှ မဆွေးနွေးစတမ်း”ဆိုသည့် မူဝါဒအတိုင်း ခေါင်းမာနေဆဲ ဖြစ် သည်။

ပြည်တွင်းပြည်ပ ဖိအားပေါင်းစုံကြားမှ ကိုယ်လွတ်ရုန်းနိုင်ဖို့သာ အားထုတ်နေဆဲဖြစ်သည်။ သို့ဖြစ်၍ ကမာ္ဘ့အကြီးမားဆုံး တရားဝင် အဖွဲ့ အစည်း ဖြစ်သော ကုလသမဂ္ဂမှ အထွေထွေအတွင်းရေး မှူးချုပ် ဘန်ကီမွန်းက နအဖ အပေါ် စိတ်ပျက်ရသည်မှာ လွန်အံ့မထင်။

တာဝန်ပိုင်းအရ ဘန်ကီမွန်း တယောက် မြန်မာ့အရေး စိတ်မကုန်နိုင်သေးသည်ကိုပင် ကျေးဇူးတင်ရဦးမည်။ ဘန်ကီမွန်းက သူ့အစီရင်ခံစာထဲတွင် နအဖ၏လမ်းမြမြေပုံကိစ္စကိုလည်း ထည့်ထားသည်။ “နအဖဟာ သူ့ရဲ့လမ်းပြမြေပုံအတိုင်း (ဒီမိုကရေစီ ဖော်ဆောင်ဖို့ဆိုပြီး) အဆင့်ဆင့် လုပ်နေပေမယ့် အဲဒီလိုလုပ် လိုက်မှ နိုင်ငံရေးအခြေအနေဟာ ပိုလို့တောင် ရှုပ်ထွေးသွားရပါတယ်။ လမ်းပြမြေပုံကို ဆန့်ကျင်နေကြ တာတွေ နအဖ ရင်ဆိုင်နေရပါတယ်။ နအဖဟာ(ဒီမိုကရေစီကိုထောက်ခံတဲ့ လူထု၊ နိုင်ငံရေးအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေနဲ့) ပိုလို့တောင် ဆန့်ကျင်သွားသလို ဖြစ်သွားရပါတယ်။

လုံခြံုရေးကောင်စီ အပါအဝင် နိုင်ငံတကာကတောင် မျက်လုံးဒေါက်ထောက် အကြည့်ခံရတဲ့ အခြေအနေ ဖြစ်သွားပါ တယ်။” ဤအချက်အရ ကုလသမဂ္ဂ အထွေထွေအတွင်းမှူးချုပ်အနေဖြင့် နအဖက ၎င်းတို့၏လမ်းပြမြေပုံ အတိုင်း ဇွတ်အတင်း လုပ်နေသောကိစ္စများကို သဘောကျ ထောက်ခံခြင်း မရှိကြောင်း သိသာ ထင်ရှားသည်။ အပ်ဖြင့်ထွင်ရမည်ကို ပုဆိန်ဖြင့်ပေါက်သကဲ့သို့ ဖြစ်နေခြင်းကြောင့် မလိုလားအပ်သော အရှုပ်အထွေးများ ဖြစ်လာနိုင်သည်ဟု သတိပေးလိုက်သကဲ့သို့ ရှိသည်။

ထိုမျှသာမကသေး။ လမ်းပြမြေပုံသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အကျိုးစီးပွားတို့နှင့် အမှန်တကယ် ဆန့်ကျင်နေသောကြောင့် လုံခြံုရေးကောင်စီက သတိထား စောင့်ကြည့်ခံရသော အဆင့်သို့ရောက် သွားသည်ဆိုလျှင် ကုလသမဂ္ဂမှ တရားဝင် အရေးယူအပြစ်ပေးတော့မည့့် အခြေအနေသို့ နီးစပ် သွားပြီဟုလည်း အဓိပ္ပာယ်ကောက်နိုင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဘန်ကီမွန်း၏ အစီရင်ခံစာပါ အဆိုပါ လုပ်ဆောင်ချက်အတွက် ကြိုဆိုလိုက်သည်။ သို့သော် အကယ်၍ နအဖက အလေးအနက် ထားပြီး မလိုက်နာခဲ့သော် ကုလသမဂ္ဂတွင် အခြားမည်သို့ လုပ်ဆောင်ရမည်ဆိုသည့် အစီအစဉ်တခု (Plan B) ရေးဆွဲပြီး ဖြစ်သင့်သည် ဟုပြောသည်။ ဘန်ကီမွန်းက မြန်မာနိုင်ငံ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် “သက်ဆိုင်သူအားလုံးက အချိန်သတ်မှတ်ချက်ဘောင်အတွင်း ပြီးပြတ်အောင် လက်တွေ့ကျကျ အလေးအနက်ထားပြီး ပါဝင် ဆွေးနွေးကြမည့် နည်းလမ်းမှလွဲ၍ အခြားမရှိကြောင်း” ပြောဆိုသော်လည်း ထိုသို့ဖြစ်လာနိုင်ရန် နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ရသည့်တိုင် လက်တွေ့တွင် အကျိုးထူးမလာပဲ ရှိနေသည်။

ဤသည်မှာ ကုလသမဂ္ဂအနေဖြင့် Plan B မရှိခြင်းကြောင့် ဖြစ်သည်။ Plan B ဆိုသည်မှာ မူလအစီအစဉ်က မအောင်မြင်လျှင် စိတ်ပျက်လက်ပျက်ဖြင့် ရပ်ဆိုင်းလိုက်ခြင်း မရှိပဲ ယင်းကိုအစားထိုးကာ ဆက်လက်ကြိုးပမ်းအားထုတ်မည့် နောက်ထပ်အစီအစဉ် ဖြစ်သည်။ Plan B တွင် မူရင်းနှင့် အဓိပ္ပာယ်ကွာဟမှု ရှိသည်။ မူလရည်ရွယ်ထားသည့်ပန်းတိုင်မှာ မပြောင်းမလဲပင် ဆက်လက်ရှိနေသည်။ သို့သော် ထိုပန်းတိုင်သို့ မြင်နိုင်စွမ်း (အမြင်)က အနည်းနှင့်အများ ပြောင်းလဲ သွားသည်။ ထိုအခါ ကြိုးစားအားထုတ်ပုံ (အကျင့်)များလည်း အထိုက်အလျောက် ပြောင်းလဲသည်။

ကုလသမဂ္ဂတွင် လုပ်ပိုင်ခွင့်ဆိုင်ရာဘောင်အတွင်းမှ Plan B ရှိသင့်သကဲ့သို့ ဒီမိုကရေစီ အတိုက်အခံ အင်အားစုများဘက်တွင်လည်း Plan B ရှိသင့်သည်။ နအဖဘက်တွင်လည်း ရှိနေမည်သာ ဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို စတင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်နှင့်တကွ အခြားနိုင်ငံရေးသမားတို့ကို အရင်လွှတ်ပေးရန် ကုလသမဂ္ဂမှ တောင်းဆိုသည်ကို မှန်ကန်သောလုပ်ရပ်အဖြစ် ဦးဉာဏ်ဝင်းက ကြိုဆိုလိုက်သည်။ ကုလသမဂ္ဂ၏ မြန်မာ့အရေး ပါဝင်ဆောင်ရွက်မှုများအပေါ် ဦးဉာဏ်ဝင်းက မှတ်ချက်ပေးသည်။

ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံတွင် ထိရောက်စွာ ပါဝင်လုပ်ဆောင်ပေးနိုင်ရန် လိုအပ်နေသည်။ လက်တွေ့လုပ်ကြည့်ရာတွင် အကန့်အသတ်များကို ကြံုရသည်မှာ အမှန်ဖြစ်သည်။ သို့သော် ကုလ အနေဖြင့် ထိုသို့သောအကန့်အသတ်ကြားမှပင် နအဖနှင့် စကားပြောဆိုသင့်သည်။ တိုက်တွန်းသင့် သည်။ တွန်းအားပေးသင့်သည် ဟုဆိုသည်။ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် အဓိကအားဖြင့် သက်ဆိုင်သူတို့အားလုံးမှာ ပြည်တွင်း၌ပင် ရှိနေကြသည်။

ယခုအချိန်ထိ ကုလသမဂ္ဂမှလွဲ၍ အခြားမည်သူမျှ၊ မည်သည့်အဖွဲ့အစည်းကမှ ပြည်တွင်းသို့ ရောက်ရှိ၍ ကြားဝင်ညှိနှိုင်းပေးခြင်း မရှိသေး။ အာဆီယံက တာဝန်ယူလုပ်ဆောင်ခဲ့သော အပြုသဘောဆောင်သည့် ချဉ်းကပ်မှုမှာလည်း ဘန်းပြသာသာဖြစ်နေ၍ မအောင်မြင်နိုင်တော့ကြောင်း ထုတ်ဖော်ဝန်ခံထားသည့် အခြေအနေဖြစ်သွားသည်။ အကျိုးမဖြစ်ထွန်းနိုင်သည်ကို ထပ်မံမျှော်လင့်ပြီး အချိန်ထပ်ဖြုန်းရန်လည်း မသင့်တော့။ ကုလသမဂ္ဂမှ မြန်မာနိုင်ငံသို့ လာရောက်၍ ကြားဝင်ကူညီပေးနိုင်စွမ်း ရှိနေသည်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်၊ လုံခြံုရေးကောင်စီ၏ တိုက်တွန်းချက်များကြောင့်သာ ဖြစ်သည်။ နအဖက မလွန်ဆန်နိုင်သော ကိစ္စဖြစ်သည်။

ကုလသမဂ္ဂ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ချောမွေ့စွာဖြင့် ဒီမိုကရေစီ အသွင်ပြောင်းရေးသာဖြစ်သည်။ ဒီမိုကရေစီအင်အားစုများကလည်း ဤသဘောအတိုင်းပင် ရှိသည်။ ယင်းကို နအဖစစ်ခေါင်းဆောင်များက နားလည်ထားသင့်သည်။ နားလည်နိုင်မှလည်း ကုလသမဂ္ဂ၊ ဒီမိုကရေစီ အတိုက်အခံအင်အားစုများနှင့် နအဖ သုံးဘက်စလုံး တူညီသောအမြင်များ ရှိလာနိုင်သည်။ အမြင်(Vision)ချင်းတူလျှင် အကျင့် (Mission)ချင်းတူရန် မခက်တော့။ လမ်းစပွင့်သွားလျှင် အတူတကွ ပူးပေါင်း လုပ်ဆောင်နိုင်ရေးကိုသာ ဦးတည်လာကြမည် ဖြစ်သည်။

ထိုအခါ နအဖ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် ညှိှနှိုင်းပေးသော ကုလသမဂ္ဂအပေါ် ကန့်သတ်မှု ဖယ်ရှားပေးနိုင်မည်။ ကုလသမဂ္ဂ သည်လည်း မြန်မာ့အရေး တွင် ထိရောက်စွာ ပါဝင် ကူညီနိုင်စွမ်း ရှိသည့် “Good Office”ဆိုသော စကားအတိုင်း အမှန်တကယ် ထိရောက် အောင် ကြား ဝင် ကူညီပေးနိုင်မည်သာ ဖြစ်တော့သည်။

လွင်အောင်စိုး ( ၂၂-၁ဝ-၂ဝဝ၈)

 

Solomon ရေးသည့် Release of Suu Kyi key to progress: Ban ဆောင်းပါးတွင် ပါရှိသည့် အရေးပါသောအချက်များအပေါ် သုံးသပ်ဝေဖန်ထားခြင်း ဖြစ်သည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here