လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ နှင့် အာရှ-ဥရောပ ခေါင်းဆောင်များ

Click to enlarge

မြန် မာနိုင်ငံကို အုပ်စိုးနေသည့် နအဖအစိုးရမှာ နိုင်ငံရေး ဖိနှိပ်မှု၊ အခြေခံ လူ့အခွင့်အရေးများ ပိတ်ပင်မှု၊ အရပ်သားပြည်သူများကို စစ်ရေးဖြင့် အနိုင်ကျင့်မှု၊ ကလေးစစ်သားများ စုဆောင်း-ခိုင်းစေမှု

 

 စသည်တို့ အပြင် လူမဆန်၊ အစိုးရ မဆန်သည့် အခြားကိစ္စပေါင်းများစွာကို ဥပဒေမဲ့ ကျူးလွန် နေ သည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက အပြင်းထန်ဆုံး ပြစ်တင်ရှုံ့ချနေသည်။

ဤသို့သောအစိုးရမျိုးက အာရှ-ဥရောပ ဆွေးနွေးပွဲ (ASEM–2008)ကို တက်ရောက်မည်။ ဂုဏ်သိက္ခာ ရှိရှိ နိုင်ငံကို ဦးဆောင်နေသူများကြားတွင် နအဖ စစ်အစိုးရက သူသည်လည်း အများနည်းတူ ဂုဏ် သိက္ခာရှိသယောင်ယောင်၊ တန်းတူချီးမြှောက်ခံရသယောင်ယောင် ဝင်ရောလိုက်ဦးမည်။ အိမ်ရှင် ဖြစ်သူ တရုတ်နိုင်ငံကပင် လူ့အခွင့်အရေးကို ချိုးဖောက်ရာ၌ နာမည်ပျက်နေသည့်အတွက် မြန်မာနအဖ စစ်အစိုးရကို ဖိတ်ခေါ်သည်မှာ မဆန်း။

အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေမည့် အလားအလာများကို တထိုင်တည်း ဆွေးနွေးလိုက်နိုင်သဖြင့်  အာရှ-ဥရောပ နိုင်ငံ့ခေါင်းဆောင်များက (၂)နှစ်မှ တခါဆုံရသည့် ထိုအခွင့်ကောင်းကို မြန်မာစစ်အစိုးရ ကြောင့် လက်မလွှတ်ချင်။ လုပ်စရာတွေက အများကြီး ရှိနေသည်။ ဒီတကြိမ်တွင် သက္ကရာဇ် ၂ဝဝဝ ဖွံ့ဖြိုးတိုးတက်မှု (Millennium Development) ရည်မှန်းချက်၊ စွမ်းအင်လုံခြံုရေး၊ ရာသီဥတု အပြောင်း အလဲ၊ တပေါင်းတစည်းတည်း ဖြစ်စေမည့် လူမှုရေး စသည့်ကဏ္ဍများ၌ ပတ်ဝန်းကျင်အား မထိခိုက် စေပဲ တိုးတက်ဖွံဖြိုးအောင် လုပ်ဆောင်နိုင်ရေးအတွက် သဘောတူ ကြေညာချက်ကို ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားသည်။

အောက်တိုဘာ (၂၄)ရက်မှစ၍ နှစ်ရက်ထဲသာကျင်းပမည့် (၇)ကြိမ်မြောက် အာရှ-ဥရောပ ဆွေးနွေးပွဲ၌ ခေါင်းဆောင်တို့က ဆွေးနွေးကြမည့် အကြောင်းအရာတွေကလည်း အတော်စုံသည်။ လက်ရှိ ကမာ္ဘ့ စီးပွားရေးအပေါ် ရှုမြင်သုံးသပ်ကြမည်။ ကမာ္ဘတလွှား ကြံုရမည့် ကပ်ဘေးဒုက္ခများရှိလာလျှင် ကယ်ဆယ်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ကြမည်။ အစားအသောက်များကို စိတ်ချလုံခြံုစွာ စားသုံးနိုင်ရေးကိုလည်း ပြောကြဆိုကြဦးမည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အနုမြူ ဖျက်သိမ်းရေး၊ မြန်မာ့ပြဿနာ၊ ကိုးရီးယားကျွန်းဆွယ် ပြဿနာ အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း တိုးတက်-ပြောင်းလဲမှုနှင့် ဖြစ်စဉ်များအကြောင်းလည်း ဆွေးနွေး ရမည့် အစီအစဉ်ထဲ၌ရှိသည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ယဉ်ကျေးမှုနှင့် လူမှုရေး ဆွေးနွေးပွဲ များကိုလည်း စီစဉ်ထားလိုက်သေးသည်။

အာရှနှင့် ဥရောပတလွှား သန်းပေါင်း (၆ဝ)ကျော်ရှိသော သုတေသနပြုနေသူများ၊ ကျောင်းသားများ အတွက် မြန််နှုန်းမြင့် အင်တာနက်ဖြင့် ချိတ်ဆက်ပေးနိုင်မည့် (Trans-Eurasian Information Network – TEIN3) ၏ တတိယအဆင့်ကို စတင်မည်ဖြစ်ကြောင်း ယခုဆွေးနွေးပွဲတွင် ကြေညာပေးရန်လည်း ရှိနေပြန်သည်။     

သို့ဖြစ်၍ မြန်မာ့အရေးကို အထူးဦးစားပေးအဖြစ် ဆွေးနွေး-ပြစ်တင်-တိုက်တွန်း-ဖိအားပေးနိုင်ရန် အချိန်ပေးနိုင်မည် မဟုတ်သဖြင့် တက်ရောက်မည့် နအဖအစိုးရအဖို့ နည်းနည်းတော့ သက်သာနိုင်စရာ ရှိသည်။ 
မည်သို့ပင် ဖြစ်စေ ကမာ္ဘ့သတင်းမီဒီယာတွင် မြန်မာနိုင်ငံအကြောင်းက ဝေဝေဆာဆာ ပါလာဦးမည်မှာ  သေချာသည်။ အာရှ-ဥရောပမှ အဖွဲ့ဝင် (၄၅)နိုင်ငံ ထိပ်သီးတို့ ဆွေးနွေးချိန်တွင် မြန်မာနိုင်ငံမှာ   ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း (၁၃)နှစ်ပြည့်ချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကြံုရသည့်အကြောင်းကို နိုင်ငံတကာက စိတ်ဝင်စားနေမည် ဖြစ်သည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch – HRW)က ယခုဆွေးနွေးပွဲကို အကြောင်းပြု၍ နအဖစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လူသိရှင်ကြား ဖော်ထုတ်သည့် အနေဖြင့် တက်ရောက်ကြမည့် အာရှ-ဥရောပ နိုင်ငံ့ခေါင်းဆောင်များက မြန်မာ နအဖ စစ်အစိုးရကို ဖိအားပေး တိုက်တွန်းကြရန် တောင်းဆိုလိုက်သည်။

နအဖကို ဖိအားပေး တိုက်တွန်းရမည့်အချက်များကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အောက်ပါ အတိုင်း ဖော်ပြထားသည်။

 

  • ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခန့်မှန်းခြေ နိုင်ငံရေး အကျဉ်းသမား (၂ဝဝဝ)ကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင် လွတ်လပ်စွာ အတားအဆီးမရှိ ပါဝင်နိုင်ရန် ခွင့်ပြုရမည်။
  • လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ စုရုံးခြင်းနှင့် အသင်းအဖွဲ့များ တည်ထောင်ခြင်းတို့အပေါ် တားမြစ်ချက်များအား ရုပ်သိမ်းရမည်။
  • တိုင်းရင်းသားလူနည်းစု ပြည်သူများအား စစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ရာတွင် တာဝန်ရှိသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်အားလုံးအတွက် တာဝန်ခံရမည်။
  • အသက် (၁၈)နှစ်အောက် ကလေးများအား စစ်သားအဖြစ် စုဆောင်းခြင်းကို ရပ်ဆိုင်းပြီး လက်ရှိ စစ်မှုထမ်းဆောင်နေသော အသက် (၁၈)နှစ်အောက် ကလေးများအား စစ်တပ်မှ နှုတ်ထွက်ခွင့် ပေးရမည်။
လွင်အောင်စိုး ( ၂၄-၁ဝ-၂ဝဝ၈)

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here