ကြက်ဥနက်တွေ ရှိတဲ့ “ဟကိုနင်း” သွား တောလား

Click to enlarge

ရော် ဝါရွက်တွေ နီညိုရောင်သန်းတဲ့ ဆောင်းဦးရာသီဟာ ဂျပန်နိုင်ငံမှာ ခရီးထွက်လို့ အလျှင်မှီသေးတဲ့ အချိန်ပါ၊ ဒီတခါ မြို့တော် တိုကျို နဲ့ မနီးမဝေး စိတ်ဝင် စားစရာ

 

 

 

              နယ်မြေတခု ရွေးချယ်မိတော့  ဟကိုနင်း ကူရို တာမာဂို  ကြက်ဥနက် တွေ ရှိရာ ရွေးချယ် လိုက်ပါတယ်။ တိုကျို မြို့တော် ကနေ  ရှင်ကန်ဆန်လို့ ခေါ်တဲ့ ကျည်ဆန်ရထား ၂နာရီလောက် စီးသွားယင်  အာရှီဂါရာရှိမို ခရိုင်အတွင်းက ဂျပန်လူမျိုးတွေရဲ့ သမိုင်းဝင်နယ်မြေတခု ဖြစ်တဲ့ “ဟကိုနင်း” ကိုရောက်ပါတယ်၊ မီးတောင်ရှင်တွေ ရှိနေတာမို့ ရေပူစမ်းတွေလည်း များစွာရှိနေပါတယ်။

Click to enlarge

              ဖူဂျီ ဟကိုနင်း အီဇူ အမျိုးသားဥယျာဉ်ဆီ သွားကြရာမှာ တောင်ပေါ်အတက်ကို ကေဘယ်လ် ကားတွေ တက်ခဲ့ရပါတယ်၊ ကေဘယ်လ်ပေါ်ကနေ လှမ်းကြည့်ယင် ဂျပန်လူမျိုးတွေ အမျိုးသားရေး လက္ခဏာအဖြစ် တခုတ်တရ ထားတဲ့ ဖူဂျီမီးတောင်ကြီးကိုလဲ ရှုမငြီးအောင် မြင်တွေ့ရပါတယ်။

Click to enlarge

            အဲဒီကိုသွားယင် ရေပူစိမ်တာ ကြိုက်နှစ်သက်တဲ့ ဂျပန်လူမျိုးတွေ၊ ရေပူစိမ်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ယုံကြည်သူ တိုးရစ်ခရီးသွားတွေ နဲ့ ကျန်းမာရေးချို့တဲ့ သူတွေ စိတ်ကြိုက်ဖြစ်စေတဲ့ နေရာတခုပါ။

 

            ယာယီ ငြိမ်သက်နေတဲ့ မီးတောင်ရှင်နဲ့ နီးလာတာနဲ့ အမျှ ဟိုက်ထရိုဂျင် ဆာလဖိတ် နဲ့ ဆာလဖျူရစ် ဓါတ်ငွေ့တွေပါတဲ့ ရေငွေ့တွေ တရှုးရှုး မှုတ်ထုတ်နေတာ တွေ့မြင်ရပါတယ်၊ ဒါဟာထူးခြားတဲ့ သဘာဝက ပေးသောဖြစ်ရပ်တွေပါ။   

Click to enlarge

               သတိပေးထားတဲ့ ဂျပန်၊ အင်္ဂလိပ် ၂ဘာသာနဲ့ ဆိုင်းဘုတ်

            ဒီနေရာကို အဝင်မှာပဲ ပန်းနာရောဂါရှိသူ၊ နှလုံးရောဂါရှိသူ၊ အားနည်း မူးမော်တတ်သူများ အပြင် သောက်စား မူးယစ်နေသူများ မသွားကြရန် အထူး တားမြစ်ထားပြီး၊  ထိုရေငွေ့များတွင် ဆာလ်ဖါဒိုင်အောက်ဆိုဒ်များ၊ ဟိုက်ထရိုဂျင် ဆာလ်ဖိတ် ဓါတ်ငွေ့များ ယိုစီးနေမှုကြောင့်  အသက်ရှုရန် ခက်ခဲခြင်း၊ ချောင်းဆိုး မူးမော်ခြင်းများ ဖြစ်နိုင်သည်ဟု ဆိုင်းဘုတ်များတွင် ဖေါ်ပြထားသည်။

Click to enlarge

            မြေအောက်ကနေ စိမ့်ထွက်ကာ ပူကျက်နေတဲ့ ရေနွေးအိုင်မှာ ကြက်ဥ ထည့်စိမ်တာနဲ့ ကြက်ဥအခွံတွေ မဲတက်လာပါတယ်၊  အတွေးထဲမှာတော့ ဆာလ်ဖါဓါတ်ပါတဲ့ ရေနဲ့ပြုတ်တာ ဘာလို့ အဆိပ်အတောက် မဖြစ်သလဲလို့ စဉ်းစားနေမိတယ်၊ အဲဒီ အနီးအနားမှာတော့ ဆိုင်းဘုတ်တွေမှာ ဤသို့သော ကြက်ဥကို စားခြင်းဖြင့်  အသက်ရှည် ကျန်းမာသည်ဟု ရေးသားထားပြီး၊ ရောင်းချသူများ ကတော့ ၁လုံးစားလျှင် ရနှစ် အသက်ရှည်ပြီး ၂လုံးစားလျှင်၂ဆတိုးသည်ဟု ဆိုသည်။

Click to enlarge

                                ကြက်ဥတွေ ပြုတ်လို့ရတဲ့ ရေပူကန်

            ကူရို တာမာဂို ဆိုတဲ့ ကြက်ဥနက်ကို ပုံမှန် ကြက်ဥတွေနဲ့ မီးတောင်ရှင်က ထွက်လာတဲ့ ရေပူစမ်းရေနဲ့ပဲ ပြုတ်တာပါ၊ အထဲက ကြက်ဥ အသားကတော့ ပုံမှန် ကြက်ဥပြုတ်ထဲက အတိုင်းပါပဲ၊ ရက်အနည်းငယ် အကြာမှာတော့ အခွံတွေ ဝါကျင်ကျင် အရောင်တွေ သန်းလာပါတယ်၊ စဉ်းစားစရာ သဘာဝတရားက ပေးတဲ့ အံ့ဖွယ်တွေပါ၊ ၆လုံး တတွဲရောင်းသလို ၁လုံးခြင်းလဲ ဝယ်လို့ရပါတယ်၊ ၁လုံးကို အမေရိကန် ဒေါ်လာ ၇၅ဆင့်လောက် ရှိမလားပဲ။     

Click to enlarge

                        အသက်ရှည်ဖို့ တပျော်တပါး  ကြက်ဥခွာစားကြစဉ်

            တောင်ပေါ်ကနေ လှမ်းကြည့်လိုက်ယင် မီးတောင် ပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတဲ့ အာရှီရေကန်ကြီး ထဲမှာတော့ ကမာ္ဘလှည့် ခရီးသွားတွေကို ညှို့ယူဖမ်းစားထားတဲ့ အပျော်စီး ပင်လယ်ဓါးပြ လှေကြီးတွေပါပဲ၊ အပြန်ခရီးမှာ “ ဟကိုနင်း” မြို့လေးထဲဝင် တော့  ယိုစီဂီလို့ခေါ်တဲ့ ရောင်စုံသစ်သားတွေကို ပဆစ်ကွက်လို ဖေါ်ထားတဲ့  လက်မှုအနုပညာကို တွေ့ရှိရပါတယ်၊ နောက်တခုက လေဟာပြင် အနုပညာ ပြတိုက်ကြီး တခုရှိနေတာ တွေ့ခဲ့ရပါတယ်။

 

             အပြန်ခရီး ခပ်သုတ်သုတ်မှာတော့ ကွန်ကရစ်တော တိုကျိုမြို့တော်ဆီကို ရှင်ကန်ဆန် ကျည်ဆန် ရထားစီးကာ မြို့ပြအပူမီးတွေ ရှိရာ တိုးဝင်လို့ လာနေမိတော့ ပါတယ်။

ကမာနီလာ (ဂျပန်)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here