ကမ္ဘာ့ အကြီးမားဆုံး ထောင်ကြီး အတွင်းက ပြည်သူများ

Click to enlarge 

(၁၃) နှစ်တာမျှ မြန်မာ စစ်အစိုးရ ၏ မတရား ဖမ်းဆီး ချုပ်နှောင်မှု ကို ခံထားရသော ဒေါ်အောင်ဆန်းစုကြည် က မြန်မာ ပြည်သူများ ဆင်းရဲ ဒုက္ခများ အား

 

 

ထုတ်ဖော် ပြောဆို သွား သည်။ ဒေါ်အောင်ဆန်းစုကြည်် က မြန်မာနိုင်ငံ အတွင်း မှီတင်း နေထိုင်သော ပြည််သူများ မှာ ကမာ္ဘ ပေါ်တွင် အကြီးမားဆုံး ထောင်ကြီး တစ်ခု အတွင်း   အကျဉ်းချခံထားရသည့်နှယ် အချုပ်အနှောင်ခံထားကြရသည်ဟု ပြောကြားခဲ့သည်။ ထိုအခြေအနေအတွက် တစုံတရာ အရေးယူ ဆောင်ရွက် စေလိုပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အဖွဲ့ကြီးအား ဖိအား ပေးတောင်းဆိုလိုက်သည်။

               စစ်အစိုးရ၏ ပိတ်လှောင်ချုပ်ချယ်မှုအား ဒေါ်အောင်ဆန်းစုကြည််အနေဖြင့် မည်သို့သောစိတ်ဓာတ် ခိုင်မာမှုမျိုးနှင့် ကြံ့ကြံ့ခံ တွန်းလှန်နိုင်ခဲ့သည်ဆိုသည်မှာ စဉ်းစားစရာပင်ဖြစ်သည်။ ရန်ကုန်မြို့တော်ရှိ သူမ၏နေအိမ်တွင် အကျယ်ချုပ် ဖြင့် အကျဉ်းချထိန်းသိမ်းခံထားရရှာသော ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏သားသမီးများနှင့် တွေ့ဆုံခွင့် မရသလို အခြားဧည့်သည်များကိုလည်း တွေ့ဆုံခွင့်ပြုရန် စစ်အစိုးရက ငြင်းဆန်ခဲ့သည်။

Click to enlarge 

              သူမ နေအိမ်ရှိ ဖုန်းလိုင်းများကို ဖြတ်တောက်ထားခဲ့သလို သူမ၏စာများကိုလည်း ကြားဖြတ်စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြသည်။ (၁၉၉၀) ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အဆိုပါ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အား  စစ်အစိုးရ က (၂၀၀၃) ခုနှစ်မှစ၍ ယခုအချိန်ထိ တောက်လျှောက် အကျဉ်း ချထား ခဲ့သည်။ ဇွန်လအတွင်းက (၆၃) နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ မွေးနေ့အား မိတ်ဆွေ၊ အဖော်အပေါင်း မရှိဘဲ တစ်ကိုယ် တည်း အထီးကျန် စွာဖြတ်သန်းခဲ့ရသည်။

             အတည်မပြုနိုင်သော သတင်းများအရ အချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေမှာ ဆိုးရွားလာနေသည်ဟု သိရှိရသည်။ ပြီးခဲ့သည့်လက သူမ၏ရှေ့နေဖြစ်သူ ဦးကြည်ဝင်းအား မြန်မာ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ခွင့်ပြုခဲ့ပြီး ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်် အနေဖြင့် အလွန်ပင်ပန်းနေပြီး အနားယူရန် လိုအပ်နေသည်ဟု ၎င်းအား ပြောဆိုခဲ့ သည်ဟု ပြန်လည် ပြောကြား သွားသည်။

              ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ အတွက် ပို့ဆောင်သော အစား အသောက်များ ကို ငြင်းဆန်ကာ အစာငတ်ခံ ဆန္ဒပြနေခြင်းကြောင့် ကျန်းမာရေးအား ပိုမိုထိခိုက်လာဖွယ်ရှိသည်။ သူမ ၏ ရှေ့နေက ဒေါ်အောင်ဆန်းစုကြည််၏ကိုယ်အလေးချိန်မှာ (၂၀၀၃) ခုနှစ်ကရှိခဲ့သည့် (၇) စတုံထက် များစွာ လျော့နည်း သွားပြီဟု ဆိုသည်။

             လွန်ခဲ့သည့် တစ်နှစ်နီးပါးက စစ်အစိုးရ၏ ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းမှု ကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ အပါအဝင် လူအများ အပြား သေကျေထိခိုက်ခဲ့သော ရွှေဝါရောင် စစ်ဆင်ရေး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် တွေ့ကြံုနေရသော ဒုက္ခများမှာ ပိုမိုဆိုးရွား လာခဲ့သည်ဟု သတင်းများ လည်းထွက်ပေါ်လာခဲ့သည်။ မြန်မာစစ်စိုးရသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်် ၏ NLD ပါတီမှခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းတင်မှာ (၁၉၈၉) ခုနှစ်ကတည်းက အကျဉ်းချ ခံထား ရကြောင်း သိရှိရသည်။

              နိုင်ငံရေး အကျဉ်းသားများ အား ပြန်လွှတ်ပေးရန် ကုလသမဂ္ဂမှ တောင်းဆိုမှုများကို မြန်မာအာဏာပိုင်များ က လျစ်လျူရှုခဲ့ ကြသလို အမေရိကန်နှင့် အနောက် ဥရောပနိုင်ငံကြီးများ က မြန်မာအစိုးရအား စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်း မှာလည်း ထင်သလောက် အကျိုးသက်ရောက်မှု မရှိပေ။ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ နှင့် ကုန်သွယ်ရောင်းဝယ်မှု များ ပြုလုပ်နေသောကြောင့် မြန်မာအစိုးရ အား အင်အား ယုတ်လျော့သွားရန် အမေရိကန် ဦးဆောင်သော ကြိုးပမ်းမှုများ မှာ အရာမထင်ဖြစ်ခဲ့ရသည်။ ခန့်မှန်းချေ အရ ယမန်နှစ်အတွင်း လောင်စာဆီနှင့် ဓာတ်ငွေ့များ ရောင်းချမှုမှပင် မြန်မာအစိုးရ အနေဖြင့် ဒေါ်လာ (၃.၃) ဘီလျံခန့် ရရှိခဲ့သည်ဟု ဆိုသည်။

            ကုလသမဂ္ဂမှ မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်သော နိုင်ဂျီးရီးယားလူမျိုး မစ္စတာ အီဗရာဟမ် ဂမ်ဘာရီမှာလည်း မြန်မာစစ်ဗိုလ်ချုုပ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကြား ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန် အကြိမ်ကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းမှာ လည်း အကျိုးဖြစ်ထွန်း မှုမရှိပြန်ချေ။

             ထို်အတောအတွင်း မြန်မာ့သမိုင်းတွင် စံချိန်တင်ဆိုးရွား သည့် နာဂစ်မုန်တိုင်းကြီး ကျရောက်ခဲ့ချိန်၌ အကူအညီ ပေးရန် ကမ်းလှမ်းခဲ့သည့် ပြည်ပကယ်ဆယ်ရေးအဖွဲ့များအား စစ်အစိုးရက ငြင်းဆိုခဲ့ပြန်ရာ မသေသင့်သော အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် က မြန်မာပြည်သူတို့ ၏ဘ ၀မှာ ဆင်းရဲ ဒုက္ခကြီးစွာ ရောက်နေ ရကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

               ကမာ္ဘပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်မှန်း မသိဖြစ်လာသော မြန်မာပြည်အတွင်း ဆင်းရဲငတ်ပြတ်မှုနှင့် ကျန်းမာရေး ပြဿနာများမှာ တဖြည်းဖြည်း ဆိုးရွားလာနေ သော်လည်း အစိုးရ အာဏာပိုင်များက မျက်နှာလွှဲ နေခဲ့သည်။ စနစ်တကျ ဖွဲ့စည်းထား ခြင်းမရှိသည့် အစိုးရကြောင့် မြန်မာနိုင်ငံသားများ မှာ နိုင်ငံတကာတွင် မျက်နှာငယ် ခဲ့ရသည်။ ဆိုးဆိုးရွားရွား ငတ်မွတ်မှုများ၊ စံချိန်တင် ငွေကြေး ဖောင်းပွမှုများ ကြံုတွေ့ခဲ့ရသည့် အာဖရိကတိုက်မှ ဇင်ဘာဘွေကဲ့သို့ နိုင်ငံမျိုးပင် အိမ်နီးချင်းနိုင်ငံများ၊ ကမာ္ဘ့ အဖွဲ့အစည်းများ ၏ အကူအညီ ဖြင့် ပြန်လည်ထူထောင်ရန် ရုန်းကန်ကြိုးပမ်း နေပြီဖြစ်သည်။ သို့သော် မြန်မာပြည် မှာကား လူ့အခွင့်အရေး ဆုံးရှုံးဆဲ။ ဆင်းရဲ ငတ်မွတ်ဆဲ၊ အဖိနှိပ် အချုပ်ချယ် ခံရဆဲပင်ဖြစ်ပြီး စစ်အစိုးရ၏ ကောက်ကျစ်မှုသံသရာထဲတွင် တဝဲလည်လည် လမ်းပျောက် နေဆဲပင်ဖြစ်သည်။

              ကုလသမဂ္ဂမှ မည်သို့ပင်ဖာထေးပြောကြေားနေစေကာမူ မြန်မာနိုင်ငံအရေးအား ညှိနှိုင်းရေးမူဝါဒနှင့် ဖြေရှင်းရန် ကြိုးပမ်း ခဲ့သော ၎င်း တို့၏ မူ ၀ါဒ မှာ လုံးဝ အဓိပ္ပါယ် ကင်းမဲ့ နေပြီဖြစ်ကြောင်း ပေါ်လွင် လျက်ရှိနေပေပြီ။ စစ်အစိုးရ ၏ အတိုက်အခံ NLD ပါတီခေါင်းဆောင် မြန်မာပြည်သူ တို့၏ အချစ်တော် ဒေါ်အောင်ဆန်းစုကြည် မှာလည်း အချုပ်နှောင်ခံရ မှုအောက်တွင် နိုင်ငံရေး အတွက် ထိရောက်သော ဦးဆောင်မှု တစ်ခု မပေး နိုင်တော့ချေ။

             ကုလသမဂ္ဂမှ အလွန်အားကိုးခဲ့သော မစ္စတာဂမ်ဘာရီသည်လည်း (၂၀၁၀) တွင် တစ်ဘက်စောင်းနင်း ကျင်းပမည့် စစ်အစိုးရအလိုကျ မြန်မာ့ရွေးကောက်ပွဲကြီးအတွက် မဖြေရှင်းမတားဆီးနိုင်သောကြောင့် ဝေဖန်မှု များစွာနှင့် ကြံုတွေ့ နေရသည်။ လက်ရှိအချိန်တွင် (၂၀၀၇) ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ သွားရောက် ခဲ့ဖူး သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ မြန်မာ့အရေး အား ထည့်လုပ်ဆောင်မှု တစ်ခုခု ပြုလုပ် ပေးသွားရန် တောင်းဆိုမှုများ ပေါ်ပေါက်လာ နေသည်။

               မြန်မာ ပြည်သူတို့သည် ကမာ္ဘ့အကြီးမားဆုံး စစ်အကျဉ်းထောင် ကြီးမှ လွတ်မြောက် ခွင့်ရရန် အမှန်တကယ် အာသီသ ရှိနေကြပါသည်။ လူသားတို့ ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်မည့် ဒီမိုကရေစီ စနစ် ၏ အသီးအပွင့်များ ကို တရှိုက်မက်မက် ခံစားခွင့်ရရန် အလွန်ဆန္ဒ ပြင်းပြ နေကြပါသည်။ သို့သော်လည်း လက်နက် အားကိုးပြီး လူမဆန်စွာ အနိုင်ကျင့် ရမ်းကား တတ်သည့် အာဏာရှင် စစ်အစိုးရ လက်အောက်တွင် မလူးသာ မလွန့်သာ နှင့် ဆိုးရွား နိမ့်ကျသော ဘဝ အခြေအနေကို ဖြတ်သန်း နေကြရရှာသည်။

  Click to enlarge 

               ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် ကမာ္ဘ့အကြီးဆုံး အကျဉ်းစခန်းကြီး အတွင်းမှ မြန်မာပြည်သူတို့၏ လွတ်မြောက်ရာ လမ်းအတွက် ကုလသမဂ္ဂ ကဲ့သို့သော ကမာ္ဘ့ငြိမ်းချမ်းရေး အဖွဲ့ကြီးအနေဖြင့် အမှန်ကန်ဆုံး လမ်းကြောင်း တစ်ခုအား ရွေးချယ် နိုင်စေရန်မှာ မြန်မာပြည်သူ အားလုံး၏ ရင်ထဲတွင် ကိန်းအောင်း နေသော ဆန္ဒကြီး တစ်ခုပင် ဖြစ်ပါသည်။

မေခလာမောင်  ( ရန်ကုန် – လူထုအသံ )

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here