အလံရှူး နိုင်ငံရေး ၏ နိဂုံး

Click to enlarge

ထို အချိန်က ဘာလင် တံတိုင်းကြီး မပြိုလဲ သေး။ တင်းကျပ်တဲ့ ဗဟို ထိန်းချူပ်မှု နဲ့ ကွန်မြူနစ် ဆိုဗီယက် ပြည်ထောင်စု ကြီး လဲ နေမဝင်သေး သည့် ကာလ။ အရှေ့့တောင် အာရှဒေသရှိ နိုင်ငံတခု ဆီက သန်းချီသော လူထု ၏ ရင်ဘတ်များ ၌ ဖြစ်တည်သော လွတ်လပ်ခြင်း နဲ့ ဒီမိုကရေစီ လိုလား သည့် ပေါက်ကွဲ သံစဉ်များ

မြို့၊ရွာ လမ်းမများ ပေါ်ဆီသို့ ဟိန်းထွက် အန်ကျလာခဲ့သည်။ ကမ္ဘာ့ နိုင်ငံရေးသမိုင်း စာမျက်နှာပေါ်တွင် ၀င့်ထည်စွာ မော်ကွန်းထိုးရင်း ရှစ်ဆယ့်ရှစ် လူထုတော်လှန်ရေးကြီး မြန်မာပြည်၌ မွေးဖွါး လာခဲ့ခြင်းပင် ဖြစ်ပါတော့သည်။

(၂) နှစ်တာ ကာလခန့် အကြာတွင် တန်းတူရေးနှင့် မွေးရာပါ လူ့အခွင့်အရေး များကို ဥပဒေနဲ့အညီ အကာအကွယ် ပေးနိုင်မည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ လူထု၏ ရင်ဘတ်ထဲက ပကတိ ဆန္ဒများကို မဲပြားများနှင့် သက်သေပြ ထုဆစ်ခဲ့ကြသည်။ ၉၀-ခု ရွေးကောက်ပွဲ ရလဒ်သည် ရှစ်ဆယ့်ရှစ် လူထုတော်လှန်ရေးကြီး၏ စာ မျက်နှာပေါ်တွင် သီးပွင့်ခဲ့သော အနာဂတ် ပင်ပျို ရွက်နုများပင် ဖြစ်သည်။ ဤသမိုင်း ခြေရာများသည် ဘယ်တော့မှ ဖျောက်ဖျက်၍ မရနိုင်သလို ထုထည်ခိုင်ခန့်သော လူထု၏ မှျှော်မှန်းချက် များကိုလည်း နိုင်ငံရေး စင်မြင့်ပေါ်တွင် လက်တွေ ့ကျကျ အမြဲတမ်း ဖော်ကျူးပြ နေပေဦးတော့မည်။

သို့သော် တိုင်းပြည်နိုင်ငံတို့၏ ပြိုကွဲ ပျက်သုဉ်းခြင်း အစသည် အတွင်းမှ လာတတ်သည် ဆိုသည့် ဆိုရိုးအတိုင်း လူထု၏ ဖြူစင်ပွင့်လင်းသော အနာဂါတ် ရည်မှန်းချက်များ လမ်းကြောင်းမှန်သို့ မရောက်နိုင်အောင် လက်ဝါးချင်းရိုက် ဇာတ်တိုက်ထားသည့့် အလံရှူး နိုင်ငံရေးကို အတွင်းလူများနှင့် စနစ်တကျ ပုံဖော်ရင်း နှစ်ကာလများကို ဆွဲဆန့် ထားခဲ့ကြသည်။ စစ်အုပ်စု၏ ကောက်ကျစ်သော ပရိယာယ်သည် သစ်လွင် လတ်ဆတ်သည့် တော်လှန်ရေး စိတ်ဓါတ်များကို တိုက်စားရိုက်ချိုးပြီး ထွက်ပေါက်မဲ့ ရွေးချယ်စရာ လမ်းမမြင်တော့သည့် အခြေအနေမျိုး ရောက်သွားအောင် ဖန်တီးဖို့ပင် ဖြစ်သည်။

သို့ပါသော်လည်း ခဏတာပဲ လိမ်လို့ရမည် ဆိုသည့် စကားအတိုင်း နောက်ဆုံးတော့ မင်းသား ခေါင်းဆောင်းထားသည့် ဘီလူး မျက်နှာများကို အချိန်ကာလက ဆွဲခွါချ ဖွင့်လှစ် ပြခဲ့တော့သည်။ အလံရှူး နိုင်ငံရေး၏ နိဂုံး ဤနေရာတွင် စတင်လာပြီဟုသာ ပြောရပေတော့မည်။ ကမ္ဘာတဝှမ်း ဒီမိုကရေစီ ဖြစ်ထွန်းမှု ခေတ်ရေစီးကြောင်းနှင့် ပြည်တွင်းပြည်ပ ဖိအားများကို ဆန့်ကျင်၍ မြန်မာပြည်တွင် စစ်စနစ် သက်ဆိုးရှည် နေရခြင်းသည် စစ်ဝါဒဥခွံထဲက ရုန်းမထွက်နိုင်သည့် အလံရှူး နိုင်ငံရေးသမားများ၏ ပယောဂမကင်းဟု ဆို ရမည်ထင်သည်။

လူမျိုးတမျိုး၊ လူတစုလောက်ကသာ နိုင်ငံရေးအာဏာ အား ထိန်းချူပ်ထားနိုင်ရေးနှင့် အမျိုးသားရေးဝါဒ အဆိပ်မိနေသော စစ်ဝါဒီလက်ဟောင်း များ၏ နိုင်ငံရေးအရ တကိုယ်ကောင်းဆန်မှုသည် အများသဘောဆောင် ညှိနှိုင်းဖလှယ် တတ်သော ဒီမိုကရေစီ၏ အနှစ်သာရကို ရာသက်ပန် လွှမ်းမိုးထိန်းချူပ်် ထားနိုင်မည် မဟုတ်ပါဟု သေချာစွာ ပြောပြလိုသည်။

ပွင့်လင်းသော လူ့ဘောင် ထူထောင်ဖို့ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့် ရှိရမည်။ အချူပ်အချယ် မာယာမှိုင်း များအောက်က ရုန်းထွက် နိုင်စွမ်းရှိသော သီးခြားပုံစံဖြင့် အနာဂါတ် လမ်းသစ်ထွင်မည့် လူငယ်မျိုးဆက်သစ် တရပ်လည်း ရှိရမည်။ မြန်မာ့ နိုင်ငံရေး အလှည့်အပြောင်းများကို ဖန်တီး ခဲ့ကြသူများသည် ကျောင်းသား လူငယ် များသာ ဖြစ်ကြောင်း၊ ခေတ်သစ်နိုင်ငံရေး သမိုင်းတွင် လုံးဝငြင်း၍ မရနိုင်အောင် ကမ္ဗည်းမှတ်တမ်း တင်ထားသည်ကို သမိုင်းကောင်း အမွေအဖြစ် ဆက်ခံပြီး ဆက်လက်သယ်ဆောင် သွားနိုင်ရမည်။

လက်နှိပ်စက်သာသာ ရိုက်တတ်သူများက ကွန်ပျူတာနိုင်ငံရေး ခေတ်ကြီးကို ဦးဆောင်နေလျှင် ဂလိုဘယ်လ် လိုက်ဇေးရှင်း ရေစီးကြောင်းနှင့် ဖီလာ ဆန့်ကျင် နေမည် မှာကတော့ အသေအချာပင် ဖြစ်သည်။

တဘက်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသည်ဟု ပြောနေသော စစ်အုပ်စု၏ ဒီမိုကရေစီနှင့် ၂၀၁၀ စိန်ခေါ်မှုကြီးက အသင့် စောင့်ကြိုနေသည်။ ဒီလို သူ့ကြိုးကွင်း သူပြန်စွတ်မည့် အနေအထားမျိုးတွင် ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ အင်အားစုများ အနေဖြင့် လက်ချင်းချိတ်ပြီး သွေးစည်း ညီညွတ်ကြရမည်မှာ ပြောစရာမလိုသည့် အရာဖြစ်သည်ဟု ထင်သည်။

သို့သော် မြန်မာ့ လူ့အဖွဲ့အစည်း အတွင်းရှိ လူတန်းစား အလွှာအသီးသီး ကြားထဲတွင် တန်းတူ ညီမျှမှုက ကင်းမဲ့ ပျောက်ရှနေသောကြောင့် သွေးစစ်တဲ့ စည်းလုံးခြင်းနဲ့ ယုံကြည်မှုများ ဆုံရပ်ဆီသို့ သွားလိုလျှင် တန်းတူရေး ဗဟိုပြုချဉ်းကပ်မှု (Equality-Based Approach) ကို လက်တွေ့ အကောင်အထည်ဖော် စတင် ကျင့်သုံးသင့်သည်ဟု ယူဆသည်။

တန်းတူ ညီမျှမှု မရှိခြင်းသည် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းပင် ဖြစ်သည် (Lack of equality is lack of democracy.)။ အနာဂါတ်ကို ဖန်တီး တည်ဆောက်ခြင်းသည် အနာဂါတ်ကို ခန့်မှန်းဖို့ အကောင်းဆုံး လမ်းပင် ဖြစ်သည် (The best way to predict the future is to invent it.) ဟု အလန်ကေ (Alan Kay) ပြောသည့် စကားအတိုင်း အနာဂါတ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ထိုင်ပြောနေယုံနဲ့ မပြီးပဲ လက်တွေ့ကျသော ကြိုတင်ပြုမှု ကျင့်သုံး လုပ်ဆောင်ချက်များကသာ နိုင်ငံရေး အခင်းအကျင်းသစ် တရပ်ဆီ လှမ်းချီနိုင်မည် ဆိုတာ အားလုံး သိရှိ နားလည်ထားသည့် မြေကြီးလက်ခတ်မလွှဲ အမြင်တခု ဖြစ်ကြောင်း သုံးသပ် ပြောဆိုလိုက် ရပေသည်။ ။

ညီညီထွေး

၁၈၊၁၀၊၂၀၀၈

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here