တဘက်ပိတ် အမြင်နဲ ့ ဆင်ခြင်တုံတရား

Click to enlarge

ဟတ္တမ ဂန္ဒီ ပြောခဲ့ဖူး တဲ့ စကား တခွန်း ရှိပါတယ်။ “ လူတိုင်း ရဲ ့အတ္တ မောဟ တွေအတွက် မဟုတ်ပေ မဲ့ လူတိုင်း ရဲ ့ လိုအင် ဆန္ဒ တွေ စိတ် ကျေနပ် စေ ဖို့ ကမာ္ဘကြီး က လုံလောက် စွာ ထောက်ပံ့ ပေးထားတယ်”

 

တဲ့။ ဒီစကားဟာ ဗမာပြည်ရဲ့ လက်ရှိအခြေအနေကို မီးမောင်း ထိုးပြနေတယ်လို့ ထင်မိပါတယ်။

 

သဘာဝရင်းမြစ်တွေနဲ့ နိုင်ငံသားတိုင်းရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပေမဲ့ လူတစုရဲ့ အတ္တမောဟများကြောင့် တိုင်းပြည်ကြီးတခုလုံး ကုန်းကောက်စားစရာမဲ့ အခြေအနေကို ဆိုက်ရောက်သွားခဲ့ရပြီး ဖွတ်ကျောပြာစု ခရုဆံကျွတ်ဘဝနဲ့ ကမာ္ဘ့ရွာ အပြင်ဘက်ကို လွှင့်စင်ထွက်ကျ သွားနေရပါ တော့တယ်။ လူတစုရဲ့ အာဏာလောဘကြောင့် လူ့အဖွဲ ့ အစည်းကြီးတခုလုံးနဲ ့တိုင်းပြည်ပါ ပျက်စီးသွားခြင်းပါပဲ။  

 

            ယဉ်ကျေးသိမ်မွေ့ နူးညံ့ပျော့ပျောင်းပြီး လူသားဝါဒဓမ္မများ ဖူးပွင့်ကြိုင်သင်းရာ နိုင်ငံရေး ရပ်ဝန်းအတွင်းသို့ စစ်ဝါဒီများနဲ့ စစ်စနစ်ဆိုးများ ဝင်လာပြီ ဆိုကတည်းက နိုင်ငံရေးရဲ့ အနှစ်သာရ ပျက်သုန်းသွားခြင်းပဲလို့ ပြောဆိုရပါလိမ့်မယ်။ ဖြူဆွတ် ရှင်းသန့် လတ်ဆတ် တောင်ပြောင်နေတဲ့ အဖြူရောင် စာရွက်တရွက်ပေါ်ကို အနက်ရောင် ဆေးတစက် ကျသွားခြင်းဟာ စစ်ဝါဒီများက အာဏာသိမ်းပြီး နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေး လုပ်ကြံခံရမှု  ဥပမာတခုလို့ ပြောချင်ပါတယ်။

 

             တကယ်တော့ နိုင်ငံရေးဟာ အနုပညာပါ။ ဒီအနုပညာကို ပေးဆပ်လိုခြင်း သက်သက်နဲ့ ပြီးပြည့်စုံခြင်းလို့ အဓိပ္ပါယ်ဖွင့် ဆိုပါရစေတော့။ ကမာ္ဘ လူ့သမိုင်းဖြစ်စဉ်ရဲ့ စာမျက်နှာပေါင်း များစွာထက်မှာ နိုင်ငံရေးသမား ခေါင်းဆောင်းပေါင်း များစွာကိုတွေ့ကြရ ပါလိမ့်မယ်။ ထို နိုင်ငံရေးသမား ခေါင်းဆောင်များ အားလုံးရဲ ့တူညီတဲ့ ခေါင်းဆောင်မှု အရည်အချင်းတခုက ပေးဆပ်ခြင်းပါပဲ။ သူတို့မှာ ရှိတဲ့ အတွေးအခေါ် အယူအဆနဲ့ အရာအားလုံးကို ဘာတခုမှ ကွယ်ဝှက်ချန်မထားပဲ ပေးထားခဲ့ကြခြင်းဟာ သူတို့ကို နောက်လာ နောက်သားများက ခေါင်းဆောင်များအဖြစ် တသသ သတိရစေတဲ့ တခုသော စံသတ်မှတ်ချက်ပါပဲ။      

 

            ဒီလို ကိုယ်ချင်းစာနာစိတ်နဲ့ ဆင်ခြင်တုံတရား မြင့်မားခြင်းက ခေါင်းဆောင်များရဲ့ တန်ဖိုးပဲလို့ ပြောပါရစေ။ မောဟကို အရောင်တင်ပြီး တောရိုင်းနိုင်ငံရေးဝါဒနဲ့ ဗမာပြည် အမှောင်ခေတ်ကြီးကို ဖန်တီးလာခဲ့ကြတဲ့ စစ်အုပ်စု ကတော့ နှစ်ဆယ့်တစ်ရာစုရဲ့ လူသားတဦးမှာ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်ဒြပ် လက္ခဏာများနဲ့ကို အဆင့်အတန်းမှီ ကိုက်ညီမှု မရှိဘူးလို ့ ပြောရပါလိမ့်မယ်။ လူ ့အခြေခံ အသိတရား ကင်းမဲ့မှုနဲ့ လူ့ကျင့်ဝတ်များ မရှိမှုကို ဒီကနေ့ န.အ.ဖစစ်အုပ်စုနဲ့ စစ်ဗိုလ်ချူပ်များရဲ့ မျက်နှာပေါ်မှာ ဘယ်အရပ် ဘယ်ဒေသကပဲ လှမ်းကြည့်ကြည့် ရှင်းလင်းပီပြင်စွာ တွေ့မြင်နိုင်ပါတယ်။

 

            စစ်ဝါဒီများကသာ နိုင်ငံရေး၏ ဦးသျှောင်ပိုင်ရှင်များဆိုတဲ့ တဘက်ပိတ်အမြင်နဲ့ပဲ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို ရှုမြင် တိုင်းတာပြီး ထင်သလို ရမ်းကားမှုများကြောင့် ဘယ်ခေတ်ကာလနဲ့မှ မတူတဲ့ ဆင်းရဲဒုက္ခ အကျပ်အတည်းပေါင်း မျိုးစုံကို ပြည်သူတွေ ကျောကော့ လည်စင်းပြားပြားမှောက် ခံစားလာခဲ့ရတဲ့ လူထုရဲ့ ရင်ဘတ်တိုင်းမှာ သက်သေ အမာရွတ်များစွာနဲ့ ရွတ်တွနေတဲ့ အမာရွတ်သမိုင်း  ပုံရိပ်များ ဖြစ်နေပြီလို့ ဆိုချင်ပါတယ်။        

 

            ဒါပေမဲ့ အနင်းခံ မြက်ပိုသန်ပြီး စစ်စနစ်နဲ့ အမှောင်ခေတ်ကြီးကို ချေဖျက်မယ့် ဒီမိုကရေစီ လင်းရောင်စဉ်ကို ထွန်းညှိ သယ်ဆောင်လာခဲ့ကြတဲ့ လူထုရဲ့ နိုင်ငံရေးမြင့်မြတ်မှုက ပိုပြီးတောင် တောက်ပြောင်လာခဲ့ပါတယ်။ အိပ်မက် တံခါးပေါက်တွေကို တချပ်ပြီး တချပ်ဖွင့်လာခဲ့ကြတဲ့ လူထုရဲ့ နိုင်ငံရေးအသိတရား ဇွဲသတ္တိများကို ကမာ္ဘ့ခေါင်းဆောင်ကြီးများ ကိုယ်တိုင် ချီးမွမ်း ဂုဏ်ပြုလာခဲ့ကြပါပြီ။   

 

            ဒီတော့ အလှည့်အပြောင်းကာလမှာ ထုံးစံအတိုင်း ပွဲလန့်တုန်း ဖျာဝင်ခင်းတဲ့ လူတွေကို တွေ့မြင် လာရပါတော့တယ်။ ရှင်းနေတာကို ရှုပ်အောင်လုပ်တတ်ခြင်း (making easy thing difficult) ကို မဟာနိုင်ငံရေး လမ်းစဉ်သစ်တခုလို လူတွင်ကျယ် လုပ်ချပြပြီး အမှောင်ခေတ်ကို ဆေးအနက် ထပ်ဆိုးဖို့ ကြိုးစားခြင်းဟာ တကယ်တော့ ပွင့်လင်းမြင်သာတဲ့ နှစ်ဆယ့်တစ်ရာစုမှာ အသုံးမဝင်တော့တဲ့ ခေါက်ရိုးကျိုးနေတဲ့ နည်းဟောင်းကြီးတခုပါပဲ။ ရွေးချယ်စရာမရှိတော့ပါဘူး။ စစ်အုပ်စုချပြတဲ့ လမ်းပြမြေပုံ သည်သာလျှင် တခုတည်းသော နိုင်ငံရေးထွက်ပေါက်လို့ ဆိုရဲပြောရဲခြင်းဟာ မိမိရဲ့ ကိုယ်ပိုင်အသိ ဆင်ခြင်တုံတရားကို အဆုံးစီရင်လိုက်ခြင်းပါပဲ။

 

             အမှားနဲ့အမှန်ကို ခွဲခြမ်း စိတ်ဖြာကြည့်နိုင်တဲ့ လူတယောက်ရဲ ့ကိုယ်ပိုင်စိတ်ကို သုတ်သင်ပြီး မှသာ

ဒီလိုစကားမျိုးကို ပြောထွက်ပါလိမ့်မယ်။ တကယ်တော့ ဒီလူတွေဟာ တဘက်ပိတ်အမြင်နဲ့ နိုင်ငံရေးအခင်းအကျင်းကို ဘောင်သွင်းကြည့်လိုက်ခြင်းပဲလို့ ဆိုချင်ပါတယ်။ အခြားသော ဖြစ်နိုင်ချေ လမ်းကြောင်းများကို စဉ်းစားတွေးခေါ်နိုင်ခြင်း မရှိတဲ့ အဆုံးမှာ ဒီ တဘက်ပိတ် အမြင်ကိုပဲ တခုတည်းသော အားထားရာ ထွက်ပေါက်အဖြစ် ရှုမြင်လိုက်ကြခြင်းပဲ ဖြစ်ပါတယ်။ အတိုက်အခံတွေက ဘာမှမလုပ်နိုင်ဘူး။ လူထုဟာ ဘာမှသုံးစားလို့  မရတော့ဘူးလို့ ဒီလို ထင်တလုံးနဲ့ ရမ်းတယ်။

 

လူထုမှာ ဘာအင်အားမှလည်း မရှိတော့ဘူး။ လူထုဟာ နိုင်ငံရေးကို နားမလည်ဘူး စသည်ဖြင့် အတိုက်အခံနဲ့  လူထုကို ကိန်းသေအဖြစ် အမြဲတမ်း ထည့်သွင်းတွက်ချက်ပြီး စစ်ပဒေသရာဇ် လက်သစ်ဝါဒီများရဲ ့ ပုပ်သိုးနံ့ စော်နေတဲ့ အယူအဆများကို ဖြန့်ဝေတတ်ရုံနဲ့တော့ အနာဂါတ် ဒီမိုကရေစီ နိုင်ငံရေးလောကမှာ တနေရာစာ ရလာလိမ့်မယ် မထင်ပါ။ နှမ်းဝင်ဖြူးပြီး ဒွိဟမှိုင်းတိုက်တတ် သူများကို ဘယ်နိုင်ငံ ဘယ်သမိုင်းကမှ မော်ကွန်းတင် ကမ္ပည်းမထိုးတာ သေချာပါတယ်။

 

လူထုကို တုံပြန်တွန်းလှန်နိုင်စွမ်း မရှိတော့ဘူးလို့ အမြဲတမ်း အထင်သေးစွာဖြင့် ရှုမြင်သုံးသပ်တတ် သူများကို “ တော်လှန်ရေးအစ ငတ်ခြင်းက ” ဆိုတဲ့ စကားလက် ဆောင်တခုတော့ ပေးပါရစေ။ ပြင်သစ်တော်လှန်ရေး၊ အမေရိကန်တော်လှန်ရေး နဲ့ ဖိနှိပ်သွေးစုပ်ခံ အလုပ်သမား လူတန်းစား တော်လှန်ရေးများ အားလုံးလိုလိုက ဘာဆိုဘာမှမရှိတော့တဲ့ အသက်ရှင်ခြင်းနဲ့ ငတ်မွတ်ခြင်း ကျောချင်းကပ် လာရတဲ့ နောက်ဆုံး အခြေအနေတွေက ပေါ်ပေါက်လာခဲ့ကြတယ် ဆိုတာ အပိုပြောစရာ လိုမယ်မထင်တော့ပါ။

 

            ၁၉၈၈ ခုနှစ်ကတည်းက အားကောင်းမောင်းသန် တလှိမ့်လှိမ့် တက်လာနေတဲ့ ဒီမိုကရေစီ တော်လှန်ရေးလှိုင်းကို စစ်အုပ်စုဟာ ဘယ်လောက်ပဲ ဘက်ပေါင်းစုံက ကလိမ်ကကျစ် ဉာဏ်မျိုးစုံ နည်းလမ်းအသွယ်သွယ်နဲ့  ပိတ်ဆို့တားဆီး တိုက်ဖျက်ပေမယ့် တော်လှန်ရေးက ဘယ်တော့မှ နောက်ပြန်မဆုတ်ပဲ ဒီနေ့ထက်တိုင် ရှင်သန်မြဲ ခိုင်မာဆဲ ဆိုတာ လူထုလှုပ်ရှားမှု အရေးတော်ပုံများက သက်သေခံပြနေပါတယ်။

 

တသွေး တရောင်တမိန့် ဘို့တဘို့ စသဖြင့် ဗဟိုပြုစစ်ဝါဒရဲ့ ဆိုးကျိုးကြောင့် ဖြစ်ပေါ်နေရတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး အကျပ်အတည်းများကို ဖြေရှင်းဖို့ဆိုတာ လက်တဆုပ်စာ စစ်ဝါဒီများနဲ့ စစ်စနစ် နိဂုံးချူပ်ဇာတ်သိမ်းမှ ဖြစ်နိုင်မယ် ဆိုတဲ့ ယုံကြည်မှုဟာလည်း ဗမာနိုင်ငံသားတိုင်းရဲ့ နှလုံးသားရင်ပြင်ပေါ်မှာ ပန္နက်ရိုက် စိုက်ထူထားတယ် ဆိုတာ နအဖစစ်ဝါဒီများနဲ့ သူတို့ကို အရက်ဝယ် ကြက်ဖမ်း လုပ်ပေးချင်တဲ့ ပျက်နေတဲ့ လူပျက်တွေ တခုတ်တရ သတိထား အမှတ်ထားကြပါ။ 

 

            အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ ဗဟိုကော်မတီဝင်များကို ဗဟိုပြုစဉ်းစားပြီး အတိုက်အခံ နိုင်ငံရေးအင်အားစုများ မျှော်လင့်ချက်မဲ့စွာ တိမ်ကောသွားပါပြီဟု သုံးသပ်မိလျှင် ဗမာပြည်ရဲ့ လူထုအခြေပြု ဒီမိုကရေစီ ဖြစ်ထွန်းလာမှု ဖြစ်စဉ်ကို အထင်သေးခြင်းနဲ့ အတူတူဖြစ်နေလိမ့်မယ် ထင်ပါတယ်။ သစ်ပင်တပင်ရဲ ့ အပေါ်ယံ ပင်စည်ကိုသာ မြင်တတ်ပြီး အမြစ်ဆုံ နဲ့ ရေသောက်မြစ်များရဲ ့ အရေးပါမှု လုပ်ဆောင်ချက်များကို မကြည့်တတ်ရင်တော့ တဘက်ပိတ်ဝါဒနဲ့ ချဉ်းကပ်မိခြင်းပဲလို့သာ ပြောပါရစေ။ မျိုးဆက်ချင်းထပ် ရင်ဘတ်ချင်းဆင့်ပြီး သယ်ဆောင်လာတဲ့ လောကပါလတရားနဲ့ ဘောင်ကွပ်ထားတဲ့ သွေးစစ်တဲ့ လူထုဒီမိုကရေစီဟာ ဗမာပြည်သားတိုင်းရဲ့ သွေးကြောတွေအနှံ့ စိမ့်ဝင်ပျံ့နေတယ် ဆိုတာ အပိုပြောခြင်း မဟုတ်ပါ။  

 

            တကယ်တော့ ဒီနေ့ကာလဟာ ကမာ္ဘ့လူ့ဘောင်မှာ လူရာ မဝင်တော့တဲ့ န.အ.ဖ စစ်အုပ်စုရဲ့ နိဂုံးဆီ ဦးတည်သွားနေတဲ့ အလှည့်အပြောင်း ကာလတခု ဖြစ်နေတယ်လို့ ယုံကြည်ခိုင်မာစွာ ပြောချင်ပါတယ်။ ဒီသက်တမ်းတို အတွင်း ထိန်းမနိုင် သိမ်းမရဖြစ်နေတဲ့ စစ်ယန္တရားဟာ အချိန်မရွေးရပ်တံ့ ဇာတ်သိမ်းသွားနိုင်ပါတယ်။ မင်းသေ ခေတ်ပြောင်း ဆိုသလိုမျိုး စီမံခန့်ခွဲမှုနဲ့ ပေါ်လစီချမှတ်မှု အားလုံးကို ထိန်းချူပ်ထားတဲ့ အပေါ်ဆုံးက ထိပ်တန်းလူမိုက်ကြီး ဇီဝိန်ကြွေတာနဲ့ ဘုံကြိုးပြတ် စစ်စနစ်ပျက်တဲ့ အခြေအနေမျိုး ဆိုက်ရောက်သွားမှာ အမှန်ပါ။    

 

            ကွဲပြားခြားနားခြင်းဟာ အလှတရားတခုဖြစ်သလို လူမျိုးပေါင်းစုံ စုထားတဲ့ မြေပေါ်မှာ သွေးစစ်တဲ့ ညီညွတ်ခြင်းနဲ့  ဒီမိုကရေစီ အလင်းသစ်ကို မြင်တွေ့လာရမှာ မလွဲတော့ပါ။ အဓိက က တဘက်ပိတ် အမြင်များကို စွန့်လွှတ်ပြီး အမှားနဲ့  အမှန်ကို ရှင်းလင်းပြတ်သားစွာ ရှုမြင်နိုင်တဲ့ ဆင်ခြင်တုံတရား ထွန်းကားရာ သမိုင်းတကွေ့မှာ လူပီသစွာ စဉ်းစားပြီးလူသား တာဝန်ကို ထမ်းဆောင်နိုင်ဖို့ပင် ဖြစ်ပါကြောင်း ပြောချင်ပါတယ်။ ။  

ညီထွေး

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here