ဧရာဝတီ မှသည် ကျောက်ဖရားသို့ ( ဇါတ်သိမ်းပိုင်း )

 

တောင်ပေါ်သို့

           တောင်တက် လမ်းဆုံးခါနီးတွင် တွေ့ရသော ကားလမ်းဖေါက်ထားပုံက မိမိစိတ်ကို အံ့ဩသွားစေပါ၏။ တောင်တက် ကားလမ်းတိုင်းတွင် ကုန်တင်ကားကြီးများသည် အတက်တွင် နှေးကြစမြဲ ထုံးစံဖြစ်ရာ ထိုအတက်ကားကြီးများကို ဦးစားပေးသော အနေအားဖြင့် အနှေးလမ်းနှင့် အမြန်လမ်းဟု လမ်းနှစ်သွယ် ဖေါက်လုပ်ထားခြင်းဖြစ်ပါ၏။

အဆင်ပြေလိုက်သည့်ဖြစ်ခြင်း၊ ထိုစနစ်ကြောင့် ရှေ့ကတအိအိနှင့် တက်နေသော ကားကြီးများကို လမ်းပေးဖို့ ဟွန်းတီး တောင်းနေစရာ မလိုတော့ပါပေ။(မှတ်ချက် ။    ။ ယခင်က ချင်းမိုင် – လမ်းပန်းသွား ကားလမ်းသည် အလယ်ကမျဉ်းတားထားသော လမ်းတကြောင်းထဲသာ ဖြစ်ခဲ့ပါ၏။ ယခုတော့ အသွားလမ်း အပြန်လမ်းပါသော အမြန်မောင်း ဖရီးဝေး (အမြန်လမ်းမကြီး) တည်ဆောက်ဖောက်လုပ်ပြီး သွားပြီဖြစ်သဖြင့် ထိုကဲ့သို့သောလမ်းမျိူး လိုချင်မှလိုတော့ မည်ဖြစ်ပါ၏။) 

 

ထူးဆန်းသောမြင်ကွင်း

            ကားအတက် လမ်းဆုံးသွားသည်နှင့် အလွန်လှပသော ကျောင်းဆောင်အသေးပေါင်း မြောက်များစွာကို မြင် လိုက်ရပြီးသည်နှင့် ့တပြိုင်နက် မိမိတို့ ကားဆရာကိုစိန်က ဟွန်း(၃)ချက်တီးလိုက်ပါ၏။ ကိုစိန်သာမဟုတ် အခြားသော ကားသမားများကလည်း အတက်ကော အဆင်းကော ကားဟွန်းတီးတီး သွားကြသည်ကို တွေ့ရသဖြင့် ကားပေါ်ပါ ဦးတေဇနိယနှင့် ဦးဝါသေဏ္ဍတို့ကို မေးကြည့်ရပါတော့သည်။ “သူတို့က တောင်ပိုင် ဘိုးဘိုးကြီးကို အရိုအသေပြုတဲ့ အနေနှင့် ဟွန်းတီးကြတာပါ။ ပြီးတော့ အန္တရာယ်လဲ ကင်းအောင်ပေါ့” ဟု ဦးတေဇနိယက ရှင်းပြပါ သည်။ လူအတော်များများလည်း ကားပေါ်ကဆင်းကာ ပန်း၊ သစ်သီး၊ အမွှေးးတိုင် စသည်ဖြင့် ပူဇော်နေကြသည်ကို တွေ့ခဲ့ရပါသည်။

            မိမိစိတ်ထဲမှာတော့ “ေဩာ် ထိုင်းလူမျိုးများနှင့် မြန်မာလူမျိုးများသည် နတ်ကိုးကွယ်ရာမှာလည်း အတူတူ ပါပဲကလား” လို့ မှတ်သားလိုက်မိပါတော့၏။

 

လမ်းပန်းသို့

နတ်စင်ကို ကျော်သွားပြီးနောက် ဘယ်ဘက်သို့ အနည်းငယ်ကွေ့ဝိုက်ကာ တောင်ခြေလျော လမ်းအတိုင်း မိိမိတို့ကားသည် ဆင်းသွားပါတော့၏။ လမ်းဘေးမှာတော့ သစ်ရာပင်တောများ ထူထပ်စွာ ပေါက်ရောက်လျက် ရှိကြပြီး မိုးတွင်းအခါမှာလည်း မှိုများပေါက်လေ့ရှိသည်ဟု သိရပါသည်။ ကားသည် တဖြည်းဖြည်းနှင့်မြေပြန့် သို့ရောက်ရှိသွားပြီး ချင်းမိုင်နှင့် လမ်းပန်းသို့ သွားသောလမ်းခွဲသို့ ရောက်ရှိကြပါသည်။ မိမိတို့ ခရီးစဉ်က လမ်းပန်းသို့ သွားသောခရီးစဉ်ဖြစ်သဖြင့် လမ်းပန်းသို့သာ ဆက်လက်မောင်းခဲ့ကြပါသည်။ မကြာမီ အေးချမ်းသာယာလှပ သော လမ်းပန်းမြို့ကလေးသို့ ရောက်ကြပါတော့၏။ ဒါပေမယ့် မိမိတို့ကားသည် မြို့တွင်းသို့မဝင်ပဲ ခြံများစိုက်ထားသော ကျယ်ဝန်းလှသည့် ၀င်းကြီးအတွင်းသို့ ၀င်ခဲ့ပြီး အသစ်ဆောက်လုပ်ထားသော နှစ်ထပ်တိုက်သစ် တစ်လုံး၏ ရှေ့တွင်ရပ်လိုက်ရာ တိုက်ထဲမှမိသားစုများ ထွက်လာကာ ခရီးဦးကြိုဆိုကြပြီး တိုက်တွင်းသို့ ပင့်ဆောင် သွားကြပါသည်။  

 

မိသားစုများမှာ ထိုင်းမြန်မာ မိသားစုများဖြစ်ကြပြီး ချမ်းသာသော မိသားစုများလည်း ဖြစ်ကြပါ၏။ သူတို့ ၏သားကြီးက ၀ပ်ထာ့မအိုး ဆရာတော်ထံတွင် ဒုလ္လဘဝတ်ရာမှ ပြန်မထွက်တော့ပဲ သင်္ကန်းဝတ်နှင့် မြဲသွားခြင်း ဖြစ်ပြီး အဖေနှင့်အမေက လူပြန်ထွက်ခိုင်းသော်လဲ မထွက်တော့ဟုဆိုပါသည်။ ခြံထဲတွင် မလမ်းယိုင်း ပင်များကို အဓိကစိုက်ပျိုးထားသည်ကိုတွေ့ရပါ၏။ မိမိတို့အား မိသားစုများနှင့် မိတ်ဆက်ပေးပြီးနောက် သားဦးပဇင်းကို ကြည့်ကာ လူထွက်ခိုင်းတာလဲ မရဘူးဟု ရယ်မောပြီးပြောပါသည်။   

 

နံနက်(၁၀းဝဝ)နာရီတွင် အ,နေကဇာတင်ခြင်း။ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇာယ်ခြင်းနှင့် ပဗ္ပဇနိယ ကမ္မဝါစာများရွွတ်ဖတ်ခြင်း တို့ကိုပြုလုပ်ပြီးနောက် အိမ်တွင်းရှိအထက်ထပ် အောက်ထပ် ၂ ထပ်စလုံး သို့ ပရိတ်ရေများ လိုက်ဖြန်းပေးသည်ကို တွေ့ရပြီး မိမိတို့ ကျန်သံဃာတော်များက “ ဇယန္တောဗောဓိယာမူလေ” အစချီ အောင်ဂါထာ နှင့် “ ဘဝတု သဗ​္ပမင်္ဂလံ” ဂါထာများကို ထိုင်းအသံဖြင့် ရွတ်ဆိုပေးရပါ။ အသံမှာ အလွန်မတန်မှ နားထောင်ကောင်းလှပါသည်။ ပြီးနောက် ဆရာတော်ကြီးနှင့် မိမိတို့ သံဃာတော်များအား ၁၂ မျိုးဟင်းချိုအပါအဝင် တရုပ်အစားအစာများဖြင့် ကပ်ကြရာ ဆရာတော်၊ သံဃာတော်များ မြိန်ရေယှက်ရေ ဘုဉ်းပေးကြပါသည်။ ဆွမ်းစား ကြပြီးသောအခါ ဆရာတော်ကြီးနှင့် မိမိတို့အား အိမ်တွင်း အိမ်ပြင်လိုက်ပြပါသည်။

 

အိမ်တွင်း၊ အိမ်ပြင်လိုက်ပြသည်ကို ကြည့်ရသော မိမိအဖို့မှာကတော့ အစစအရာရာ အထူးအဆန်းချည်း ဖြစ်နေပါတော့၏။ စားပုံ၊ သောက်ပုံ၊ နေပုံ၊ ထိုင်ပုံကအစ သွားပုံလာပုံအထိ ဂရုတစိုက်နှင့် ကြည့်မိသည်ချည်း ဖြစ်ပါ၏။ မိမိစိတ်ထဲမှာလဲ ထိုင်းလူမျိုးများ၏ လူနေမှုဘဝသည် တို့မြန်မာလူမျိုးများ၏ ဘဝထက် သာလွန်မြင့်မား ပါတကားရယ်လို့ တွေးမိပါသေး၏။ မြန်မာလူမျိုးများ၏ ဘဝသည် ဘယ်သောအခါမှ ဆင်းရဲနုံချာစုတ်ပြတ်သော ဘဝမှ လွတ်မြောက်ကြမှာပါလဲ ဟုလည်း တဆက်တည်း တွေးမိပါသေးသည်။ အိမ်အောက်ထပ်ရှိ စားပွဲကုလား ထိုင်များမှာ ကျွန်းတုံးကြီးများကို ဆင်ရုပ်အောက်ခံဖြင့် ထွင်းထုလုပ်ထားပြီး ပေါလစ်ရောင် တပြောင်ပြောင်ဖြင့် ကြည့်အလွန်ကောင်းလေသည်။  

 

ကြီးမားသော သစ်ပင်တန်းကြီးများ

ဆွမ်းစားပြီးသောအခါ ထာ့မအိုးဆရာတော်ကြီးက “ကိုယ်တော်က ချင်းမိုင် မရောက်ဖူးသေးဘူးဆိုတော့ ချင်းမိုင်ကို လိုက်ပို့ရသေးတာပေါ့” ဟုပြောကာ ကားဆရာ ကိုစိန်အား ချင်းမိုင်သို့ မောင်းခိုင်းပါသည်။  ကားလမ်း မှာ ချင်းမိုင်ရောက်သည် အထိမြေပြန့်ဖြစ်ပြီး ချင်းမိုင်မြို့ အဝင်တွင် အလွန်ကြီးမားသော ခန့်မှန်းခြေအားဖြင့် နှစ်ပေါင်းရာချီ သက်တမ်းရှိနေပြီဖြစ်သော သစ်ပင်တန်းကြီးများကို တွေ့လိုက်ရရာ မိမိိစိတ်ထဲမှာ အတော်ပင်အံ့ဩ သွားမိပါတော့၏။ ကားလမ်းဘေး တစ်ဖက်တစ်ချက်တွင် ပင်စည်ဖြောင့်ဖြောင့်ဖြင့် အပေါ်သို့ ပေတစ်ရာကျော် ခန့်သွယ်တန်းတက်သွားသော လူတစ်ဖက်ခန့် အဖြူရောင် သစ်ပင်တန်းကြီးများတွင် သင်္ကန်းစများဖြင့်လည်းကောင်း၊ အခြားရောင်စုံ အဝတ်စအသစ်များလည်းကောင်း ချည်နှောင်ထားရာ ကြည့်လို့ တမျိုးကောင်းလေသည်။

 

သစ်ပင်တန်းကြီးများ ကျော်လွန်သွားပြီးနောက် ချင်းမိုင်မြို့တွင်းသို့ ၀င်ရောက်လာပြီး မြန်မာပုံစံစေတီ အများအပြား တွေ့လာရသလို မြန်မာပုံစံ ထဘီဝတ်အမျိုးသမီး အများအပြားကိုလည်း တွေ့လာရပါ၏။ ဆရာတော်ကြီးက ချင်းမိုင်မြို့မှာ ယခင် မြန်မာဘုရင်များ အုပ်စိုးစဉ်က ဆောက်လုပ်ထားခဲ့သော ကျောင်းကန်ဘုရားပေါင်း ၂၀၀ကျော် ရှိသည်ဟု အမိန့်ရှိပါသည်။ မိမိ ပါဖန်ကျောင်းတွင် နေထိုင်စဉ်အတွင်းမှာလည်း ယခင်ဘုန်းကြီး ဦးတိလောကတို့ လက်ထက်က ပြုစုကောက်ယူထားခဲ့သော ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသနှင့် ဘန်ကောက်မြို့ရှိ ကျောင်းကန် ဘုရားများ၏စာရင်းကို ကြည့်သောအခါမှာလည်း ချင်းမိုင်မြို့တွင် မြန်မာကျောင်းကန် ဘုရားပေါင်း ၂၀၀ကျော် ရှိသည်ကို တွေ့ခဲ့ရပါသည်။     

 

ကျုံးနှင့် မြို့ရိုး

ချင်းမိုင်မြို့ထဲသို့ ထဲထဲဝင်ဝင် ၀င်မိသောအခါ ဘုရင့်နောင်လက်ထက်က တည်ဆောက်ခဲ့သော ကျုံးနှင့် မြို့ရိုးဟောင်းကို ဘွားကနဲ တွေ့မြင်လိုက်ရပါသည်။ ချင်းမိုင်သည် မြန်မာဘုရင်တို့ နောက်ဆုံးစိုးစံခဲ့သောမြို့ လည်းဖြစ်ပါ၏။ နောက်ဆုံးဘုရင်ခံမှာ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီး၏ သားတော် အနော်ရထာမင်းစော ပင်ဖြစ်ပါ၏။

 

၀ပ်ဆိုင်မွန

မြို့ရိုး တောင်ဖက်တံခါးမှ မြို့ဟောင်းတွင်းရှိ ဘုရင့်နောင်၏ စစ်သူကြီးတစ်ဦး တည်ထားခဲ့သော ၀ပ်ဆိုင် မွန်ကျောင်းသို့ ၀င်ရောက်ကြည့်ရှုကြပါသည်။ ထိုကျောင်းတွင် ဆရာတော်ဦးအာသဖနှင့် အခြားသံဃာတော် နှစ်ပါးတို့ သီတင်းသုံးနေကြသည်ကို တွေ့ခဲ့ရပါသည်။ ထိုကျောင်းမှ ပြန်ထွက်လာကြပြီးနောက် ဒွိုင်ဆုထေ့ပ် တောင်သို့ မိမိတို့ ကားကိုမောင်းထွက် ခဲ့ကြပါသည်။ လမ်းတွင် ဟော်တယ်ကြီး အများအပြားကို တွေ့ရပြီး သာယာသော ရာသီဥတုကြောင့် ပြာမှိုိင်းနေသော ကောင်းကင်အောက်တွင် အားလုံးသည် လှလှပပကြီးကို ဖြစ်နေကြလေတော့သည်။ 

 

ဒွိုင်ဆုထေ့ပ်သို့

            ဒွိုင်ဆုထေ့ပ် တောင်နှင့်တောင်ထိပ်ပေါ်ရှိ ဘုရား၊ ပုထိုး၊ စေတီကျောင်းကန်များကို အဝေးမှပင် လှမ်းမြင် နေရပါ၏။ ထိုတောင်ကို မြန်မာလို “မြသပိတ်တောင်” ဟုခေါ်လေသည်။ လှပသော လူနေအိမ်ခြေ တိုက်တာများ နှင့် ဟော်တယ်များကို ကျော်ဖြတ်လာပြီးနောက် တောင်ခြေသို့ ရောက်လာကြပါ၏။ တောင်ခြေတွင် ချင်းမိုင် တက္ကသိုလ်ကို တွေ့ရပြီး ထိုတက္ကသိုလ်တွင် မြန်မာဆရာ၊ ဆရာမများ အလုပ်လုပ်နေကြသည်ဟု လည်း ဆရာတော်ကြီးက အမိန့်ရှိပါသည်။ 

 

တောင်ပေါ်သို့

            တောင်ပေါ်သို့ တက်သည့် ကားလမ်း၏အစ ဘယ်ဘက်တွင် ကြေးဖြင့် ပုံသွန်းထားသော ဆရာတော်ကြီး တစ်ပါး၏ ပုံကိုတွေ့ရပြီး ထိုင်းလူမျိုးအများအပြား ပန်း၊ ဆီမီး၊ ဖယောင်းတိုင် အမွှေးတိုင်တို့ဖြင့် ပူဇော်နေကြသည်ကို တွေ့ရသဖြင့် ဆရာတော်ကြီးအား ဘာအတွက် ဒီရုပ်တုတော်ကို ထုလုပ် ထားကြပါသလဲဘုရား ဟု မေးလျှောက်ကြည့်သောအခါ မြန်မာပြည်က ရသေ့ကြီး ဦးခနီ္တးလိုပဲ သူကလဲဒီတောင်ပေါ်က ဘုရားစေတီတွေ နဲ့ ကျောင်းကန်ဘုရားတွေကို တည်ဆောက်သွားခဲ့တဲ့ ဆရာတော်ကြီးတစ်ပါးပဲဟု အမိန့်ရှိပါသည်။ အတုယူဘွယ် ကောင်းလေစွ၊ မိမိတို့ အုပ်ချုပ်ပြုပြင် ထိန်းသိမ်းနေသော မန္တလေးတောင်ခြေ အဝင်ဝတွင်လဲ ဒီလိုရုပ်တုတော်မျိုး လုပ်ထားသင့်သည်ဟု အတွေးထဲမှာ ပေါ်လာမိပါ၏။ ရသေ့ကြီး ဦးခနီ္တးကား မန္တလေးတောင်နှင့်တကွ မြန်မာတပြည်လုံးတွင် သစ်သားမဖက် သံချည်းသက်သက်ဖြင့် မြို့ပေါင်း ၂၇ မြို့၊ ဌာနပေါင်း ၄၇ ဌာနတို့တွင် သူ မတူအောင် ခေတ်မီသော ပုံစံများကို ကိုယ်တိုင်ပင် ပုံစံထုတ်လုပ်ကာ တည်ဆောက်သွားခဲ့သော အတုမရှိ ရသေ ့မုနိ ပင်ဖြစ်ပါတော့၏။  

 

တောင်ပေါ်သို့ ကွေ့ကာဝိုက်ကာဖြင့် တဖြေးဖြေး တက်လာခဲ့ကြရာတွင် လမ်းသည် လည်းကောင်း၊ သစ်တောများသည် လည်းကောင်း မေမြို့ (ပြင်ဦးလွင်မြို့) နှင့် လုံးဝ ခွဲမရအောင် တူလှပြီး မေမြို့သို့ တက်နေကျ မိမိအား   Home Sick ဖြစ်စေပါတော့၏။ ဆရာတော်ကြီး ကိုယ်တိုင်လိုက်ပို့သော ခရီးဖြစ်နေသည့်အတွက်လည်း မိမိမှာ ၀မ်းသာအားရ ဖြစ်မိပါ၏။ ဆရာတော်ကြီးက လိုက်ပို့ရုံသာမကပဲ ရာဇဝင်များကိုလည်း ပြောပြပါသေး၏။ သို့အတွက် မိမိမှာ အဖိုးမဖြတ်နိုင်အောင်တန်သော ရတနာရွှေအိုးကြီးကို ကောက်ရဘိသကဲ့သို့ ၀မ်းသာပီတိ ဖြစ်ရပါသည်။ တောင်ပေါ်သို့ ရောက်သောအခါ မိမိတို့ ကားကို ကားပါကင်တွင် ရပ်ထားခဲ့ကာ တောင်ထိပ်ပေါ်ရှိ စေတီတော်သို့ စက်သီးကြိုးဖြင့် ဆွဲတင်သော (ကေဘယ်လ်)ခေါ် ရထားတွဲကလေးများဖြင့် တက်သွားကြရပါသည်။ တက်သူနှင့်ဆင်းသူ အချင်းချင်း လက်ပြ နှုတ်ဆက်ကြရသည်မှာလည်း ပျော်စရာကောင်းလှပါ၏။   

            စေတီရင်ပြင်ပေါ်သို့ ရောက်သောအခါ ဂိတ်ဝတွင် စောင့်နေသော အစောင့်အား ကေဘယ်လ် ရထားခ များပေးချေကာ အပေါ်သို့ ဆက်လက်တက်ကြရာတွင် ပထမဆုံး အလွန်ကြီးမားသော မောင်းကြီးကို စေတီတော် ရင်ပြင်တွင် ထီးထီးမားမားကြီး တွေ့လိုက်ကြရပါသည်။ ထိုအခါ မိမိသည်ငယ်စဉ် ကိုရင်ဘဝက မန္တလေးတွင် သွန်းလုပ်ခဲ့သော “အောင်ကျော်ဇေယျာ” ဟုအမည်ပေးကာ အရှေ့ဘုရားကြီး ၄၅ တာတွင် သွန်းလုပ်ခဲ့သော မောင်း ကြီးနှင့် “အောင်ကျော်ဒေဝါ” ဟူသောကြေးစည်ကြီးတို့ကို သတိရမိလေသည်။ ထိုကြေးစည်နှင့် မောင်းကြီးများမှာ မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ကြပါသည်။ သူတို့၏ အချိန်များမှာ ၁၂၄၄ ပိဿာ နှင့် ၁၂၇၄ ပိဿာ အသီးသီး ရှိကြ ပါသည်။

 

            ယခုတွေ့ရသော မောင်းကြီးမှာလည်း အလွန်ပင်ကြီးမားလှပါ၏။ အလေးအချိန်ကိုတော့ မမှတ်မိတော့ပါ။ မိမိတို့သည် ထိုမောင်းကြီးရှေ့တွင် အမှတ်တရ ဓါတ်ပုံများရိုက်ကာ အသီးသီး ကိုယ်စီကိုယ်ငှ(၉)ချက်စီ ထုလိုက် ကြပြီးနောက် စေတီတော်ကို လက်ျာရစ်ပတ်ရှိခိုးပူဇော်ကြပါသည်၊။ စေတီတော်၏ မြောက်ဖက်မုခ်သို့ အရောက် တွင် နိုင်ငံခြားသားများအတွက် ထဘီနှင့်ပုဆိုး ငှားသောဆိုင်တွင် အနောက်တိုင်းသူအချို့ သူတို့ ဘောင်းဘီတိုနှင့် စကတ်များပေါ်တွင် ထဘီများ ငှားဝတ်ဆင်နေကြသည်ကို တွေ့ရသဖြင့် မြဘုရား မှာလိုပင် တနိုင်ငံလုံးအတိုင်း အတာအားဖြင့် ဘုရားရင်ပြင်တော်ပေါ်တွင် တိုတီးတိုနံ့ အဝတ်အစားများကို ခွင့်မပြုကြောင်း ထပ်မံ သိလိုက်ရပါတော့၏။

 

            စေတီတော်ကို ကိုယ်လုံးပြည့် ရွှေပြားများဖြင့် ပူဇော်ထားသည်ကို တွေ့ရပြီး ကြည်ညိုစရာ လည်းကောင်းလှပါ၏။ “ဒွိုင်ဆုထေ့ပ်”ဟူသော အမည်မှာ “မြသပိတ်တောင်” ဘုရားဟု အမည်ရကြောင်းနှင့် မြတ်စွာဘုရား မြသပိတ်တော်ကို ဋ္ဌာပနာ ထားသည်ဟု သိရပါသည်။ ထိုင်းလူမျိုးများနှင့် နိုင်ငံခြားသားများသည် ရွှေပြားများဖြင့် လည်းကောင်း၊ ကြာပန်းများဖြင့် လည်းကောင်း ပူဇော်ဆုတောင်း နေကြသည်မှာ စိတ်ကြည်နူူးစရာပင် ဖြစ်ပါတော့၏။ မိမိတို့လည်း စေတီတော်၏ အရှေ့ဘက်မျက်နှာမှ နေ၍ အဓိဋ္ဌာန်ပြုဆုတောင်းကာ ရင်ပြင်တော်ပေါ်မှနေ၍ ပတ်ဝန်းကျင်တဝိုက်ကို ကြည့်ရှုကြပါသည်။ စေတီတော် တည်ထားသော တောင်သည် မြန်မာနိုင်ငံနှင့်ဆက်စပ် နေသော နယ်ခြားတောင်တန်းများ၏ အစတွင် တည်ရှိပြီး အထက်အမြင့်ပေါ်က တောင်ပေါ်တွင် ထိုင်းနိုင်ငံဘုရင် မင်းမြတ်၏ နွေရာသီစံနန်းတော်ရှိပြီး လှမ်း၍လည်း မြင်နိုင်ပါ၏။ သွား၍ကြည့်လိုကလဲ ကြည့်နိုင်ပါ၏။ တောင်ပေါ်သို့ ကားဆရာကို နောက်ထပ်တက် မခိုင်းချင်ဘူးထင့်၊ ဆရာတော်ကြီးက သွားကြည့်ဖို့ရာ အမိန့် မပေးခဲ့ပါချေ။      

 

            တောင်ပေါ်ဈေးဆိုင်တန်းတွင် မြန်မာပြည်မှ ယက်လုပ်သော ရွှေချည်ထိုးထည်များနှင့် ရုပ်သေးရုပ်မျိုးစုံ တို့ကိုလည်းကောင်း၊ လွယ်အိပ်များ ဇင်းမယ်ထဘီများကို လည်းကောင်း ရောင်းချနေသည်ကို တွေ့ခဲ့ရပါ၏။ ချင်းမိုင်တွင် မြန်မာပြည်မှ ရွှေချည်ထိုး အတတ်ပညာသည်များ လာရောက် အလုပ်လုပ်နေကြသည်ဟု လည်းသိခဲ့ရပါ၏။

            ဆရာတော်ကြီးနှင့် မိမိတို့သည် မွန်းလွဲ ၂း၃၀ ခန့်တွင် တောင်အောက်သို့ ဆင်းခဲ့ကြပါ၏။ လမ်းတ လျှောက်တွင်လည်း ကနေဒီယံအခေါ် ကော့တေ့ဂျ်ဟုခေါ်သည့် အပန်းဖြေသီးသန့် အိမ်များငှားရန် ဆိုင်းဘုတ် များကို လည်းတွေ့ခဲ့ရပါ၏။ ထိုအိမ်များမှာ သဘာဝစီးဆင်းနေသော စမ်းချောင်းများဘေးတွင် တည်ဆောက်ထား ပြီး နိုင်ငံခြားသားများအား ငှားစားသောအိမ်များ ဖြစ်လေသည်။ တောတောင်သဘာဝကို ချစ်မြတ်နိုးသောသူများ အတွက် အဆင်ပြေလှပါ၏။  မိမိတို့ကားသည် တဖြည်းဖြည်း ပြန်ဆင်းလာရာ တောင်အောက်တွင် ချင်းမိုင်မြို့ကို လှပထင်ရှားစွာ တွေ့မြင်ကြရပါ၏။ တနေရာတွင် ဆရာတော်ကြီးက ကားသမား ကိုစိန်ကို လမ်းဘေးတွင် ရပ် ခိုင်းပြီး မိမိအား “ကိုင်း ကိုယ်တော်  – ဒီနေရာဟာ ဓါတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာပဲ၊ ကိုင်း ရိုက်ပေတော့” ဟု အမိန့်ရှိသည့်အတွက် မိမိ၏ နီကွန်ကင်မရာ မီးများသည် တဖျပ်ဖျပ်နှင့် ပွင့်သွားပါတော့၏။ 

 

ဗြသိမ် ဘုရားနဲ့ ရတု ဘုရင်နတ်ရှင်နောင်

တောင်အောက်သို့ ရောက်သောအခါ “ဖရဆိမ်” ခေါ်သည့် “ဗြသိမ်” ဘုရားသို့ ဆရာတော်ကြီးက လိုက်ပို့ပါသည်။ ဗြသိမ်ဘုရားမှာ ရတုဘုရင် နတ်ရှင်နောင် ဘုရားတိုင်ရတုများ ရေးပြီး ကိုယ့်ထက်အသက် ထက်ဝက်ကြီးသည့် ရာဇဓာတုကလျာကို တမ်းတသော နှလုံးသားမှ ပွင့်အန်ထွက်လာသည့် အကြောင်းအရာတို့ကို ရေးဖွဲ့ခဲ့သော နာမည်ကျော် ဘုရားတစ်ဆူဖြစ်ပါ၏။ မြန်မာတို့ ရာဇဝင်တွင် ဗြသိမ်ဘုရားတိုင် ရတုကို မသိသူ အတော်ပင် ရှားသလောက်ဖြစ်ပါ၏။

 

            မိမိသည် ဘုရားရုပ်ပွားတော်ရှေ့ ရောက်သောအခါ ရတုဘုရင် နတ်ရှင်နောင်ကို မျက်စေ့ထဲတွင် မြင် ယောင်လာမိပြီး “အင်း နတ်ရှင်နောင်ကိုယ်တော်ဟာ စစ်နားတဲ့အချိန်မှာ ဒီရုပ်ပွားတော်ရှေ့ ဒီနေရာမှာထိုင်ပြီး အစ်မတော် ရာဇဓာတုကလျာကို တမ်းတတဲ့ လွမ်းစရာ့ ရတုတွေကို ပေပေါ်မှာ ကညစ်တင်ပြီး စစ်ဘုရင်တစ်ပါး ဆိုတာတောင် မေ့လျော့နေသလားရယ်လို့ အတွေးနယ်ချဲ့မိခဲ့ပါ၏။ သို့ … အတွေး နယ်ကျယ်မိသည့် အလျောက် ဘဝဇာတ် သိမ်းမကောင်းသွားရရှာသော နတ်ရှင်နောင် ကိုယ်တော်ကိုလည်း အမျှအတမ်း ပေးဝေမိခဲ့ပါ၏။ နတ်ရှင်နောင် သည် စစ်တိုက်ရာတွင်သာ ထူးချွှန်သည်မဟုတ်ပဲ ရတုကဗျာစပ်ရာတွင်လဲ ထူးချွှန်သူဖြစ်ခဲ့ပါ၏။ ရုပ်ပွားတော်ပုံစံ သည် ပုဂံရှိ ရုပ်ပွားတော်များနှင့် ဆင်တူပြီး သပ္ပါယ်လှပါ၏။ အာရုံခံအတွင်းရှိ ရွှေမင်ရေးများမှာလည်း မြန်မာ့လက်ရာများပင် ရှိသေးသည်ကို အံ့ေဩာဘွယ်ရာ တွေ့ခဲ့ရပါသည်။

 

            မိမိတို့သည် ဗြသိမ်ဘုရားမှ ပြန်ထွက်လာကြပြီးနောက် လမ်းပန်းမြို့ဆီသို့ ပြန်လည်ထွက်ခွာခဲ့ရာ ကျောင်းသို့ ညနေ (၆းဝဝ) နာရီခန့်တွင် ပြန်ရောက်ကြပါ၏။

 

မိမိမှာ နောက်နောင်က ၀ကြွေးအရ ခရီးသွားကံမကောင်းတတ်ပါချေ။ ဒီရိုးရိုးဘတ်စ်ကားလိုင်းကို အစိုးရမှ တာဝန်ယူပြေးဆွဲပေးသဖြင့် ဈေးနှုန်းသက်သာသည်ဟု ဦးကောဏ္ဍညကပြောပြသည်။ လက်မှတ်ရောင်း ဌာနရောက်တော့ လက်မှတ်အလွယ်တကူနဲ့ ၀ယ်လို့ရပါသည်။ လက်မှတ်ခက ထိုင်းဘတ်ငွေ ၁၀၀ ပါ၊ ဦးကောဏ္ဍညကဘဲ ၀ယ်လှူလိုက်ပါသည်။ ဦးကောဏ္ဍညက “ကိုင်း ဦးကောဝိဒရေ … ဒီကားတွေက ရိုးရိုးကား တွေဆိုတော့ နာရီဝက်မှာ တစ်စင်းထွက်တယ်၊ အခုကားက ၄း၃၀ မှာထွက်လိမ့်မယ်။ လမ်းမှာတော့ကြာလိမ့်မယ်” ဟု ပြောပါသည်။ မိ်မိစီးရမည့်ကားသည် ၄ နာရီမှာဂိတ်ထိုးလာပါသည်။ ဦးကောဏ္ဍညက ကားပေါ်သို့အရင်တက် သွားပြီး ကားဒရိုင်ဘာအား လက်မှတ်ပြကာ မိမိအားမိတ်ဆက်ပေးကာ ဒီဘုန်းကြီးဟာ လန်းပန်းမြို့သွားမည့် ဘုန်းကြီးဖြစ်ပါတယ်၊ ထိုင်းစကားမတတ်သည့်အတွက် လမ်းမှာလိုအပ်တာရှိရင် ကူညီပေးပါလို့မှာပြီး မိမိအား နှုတ်ဆက်ကာ ပြန်ထွက်သွားပါသည်။ သူ့ခမျာ အကြိုအပို့လုပ်ရတာ မလွယ်ပါ။ သူကချည်းစိုက်ရတာများပါတယ်၊ မိမိကလဲရောက်စဆိုတော့ ထိုင်းဘတ်ငွေ အနည်းငယ်သာ ရှိနေပါသေးတယ်။ 

 

            မိမိစီးရမည့်ကားကို သေသေချာချာကြည့်လိုက်တော့  လူစီးထိုင်ခုံက ၄၅ ခုံပါပြီး (၅)ခုံတန်း (၉)တန်း လုပ်ထားတာတွေ့ရပါသည်။ မိမိတို့မြန်မာနိုင်ငံက လူစီးဘတ်စ်ကားများလို ပစ္စည်းတွေ အမိုးပေါ်မှာ ပြည့်ကျပ် နေအောင် တင်ထားတာမရှိဘဲ ပစ္စည်းထည့်သောနေရာကို ကားအောက်ပိုင်းတွင် သီးသန့်လုပ်ထားသဖြင့် အဆင် ပြေပြီးကြည့်ကောင်းသည်။ မြန်မာနိုင်ငံက လူစီးကားများလို တိုးလိုတွဲလောင်း မို့မို့မောက်မောက်တွေ မမြင်ရတော့ပါ။ ကားပေါ်မှာ ပန်ကာများ တပ်ဆင်ပေးထားသဖြင့် ပူအိုက်လှသော ထိုင်းနိုင်ငံ၏ ရာသီဥတုနှင့် အံဝင်ဂွင်ကျ ဖြစ်သွားသည်ဟု စိတ်ထဲမှာခံစားမိလိုက်သည်။ သူ့ထက်ကောင်းသော ဇိမ်ခံ (လွတ်အဲ) အဲယားကွန်ဒီးရှင်း ကားများ မစီးဘူးသေး သဖြင့်လဲ ဒီလိုထင်တာ ဖြစ်နိုင်သည်။

 

            ကားမထွက်ခင် မိမိသည် ကားဂိတ်ကြီးအတွင်းရှိ လူစီးဘတ်စ် ကားအမျိုးမျိုးတို့ကို ကြည့်ရှုနေမိသည်။ ပထမတန်းစား ဘတ်စ်ကားကြီးများမှာ လေအေးစက်များ တပ်ဆင်ထားပြီး ထိုင်ခုံအနေနှင့် တချို့ ၂၉ ခုံသာ တပ် ထားကြသည်။ ကားကုမ္ပဏီအလိုက် ဆေးရောင်များ ချယ်လှယ်ထားပြီး ဘတ်စ်ကားပေါ်တွင် ယာဉ်လိုက် အမျိုးသမီးတစ်ဦးပါလေ့ရှိပြီး ခရီးသည်များအား အချိုယမကာတို့ဖြင့် ဧည့်ခံလေ့ရှိသည်။ အမျိုးသမီးများကော အမျိုးသားများပါ သက်ဆိုင်ရာ ကားကုမ္ပဏီ ယူနီဖေါင်းဝတ်စုံများ ၀တ်ဆင်ထားကြပြီး လုပ်သက်အလိုက် ကြယ်ပွင့် သို့မဟုတ်ဘားများကို ပခုံးဒေါက်တပ်ဆင်ထားကြသည်။ ဒရိုင်ဘာများကလည်း ထိုနည်း၎င်းပင်။ မိမိစီးရမည့် ကားကတော့ ဈေးအပေါဆုံးကားဆိုတော့ ယာဉ်လိုက်အမျိုးသမီးမပါပါ။ ဧည့်လဲမခံပါ။ မကြာခင် ခရီးသည်များ ပြည့်သွားကာ ကားထွက်ဖို့အတွက် နောက်ဆုံး ၀မ်နင်အဖြစ် ကြားဂိတ်အမှုထမ်းက ဝေါ်ကီတော်ကီဖြင့်ကြေညာ ပါသည်။ ၄း၃၀ နာရီတိတိမှာကားထွက်ပါပြီ။ ကားဂိတ်အထွက်မှာ များလိုက်တဲ့ကားတွေ၊ တသီတတန်းကြီးပါဘဲ။ ဒါပေမယ့် ထိုင်းလူမျိုးတွေဟာ စိတ်ရှည်သူတွေဖြစ်တဲ့အတွက် ဘာပြဿနာမှမဖြစ်ဘဲ အေးဆေးစွာ ထွက်ပေါက် ရောက်အောင် နာရီဝက်ခန့် အချိန်ယူပြီးမောင်းကြသည်ကို တွေ့ရသည်။

 

            ကားသည် လမ်းမပေါ်သို့ ရောက်သွားသည်နှင့် တပြိုင်နက် အရှိန်ဖြင့်မောင်းတော့သည်။ ကားတစ်စီးလုံး လူတွေပြည့်နေပေမယ့် ဘာသံမှမကြားရပါ။ အားလုံးတိတ်ဆိတ်စွာဖြင့် စီးနင်းလိုက်ပါလာကြသည်။ မိမိစီးသော ကားသည် မြို့စဉ်ရပ်သော ကားဖြစ်သဖြင့် ဗဟုသုတ အတော်ရလိုက်သည်။ ဘန်ကောက်လေဆိပ်ကို ကျော်ပြီးတာနဲ့ မြို့ပြင်ကို ရောက်လာပါတော့သည်။ မြင်ကွင်းတွေက လှတပတရှိသည်။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် သပ်သပ်ရပ်ရပ်ဖြစ်သည်။ မြို့ပြင်ကိုရောက်လာလေလေ လယ်ကွင်းလယ်ကွက်တွေကို တွေ့ရလေလေ ဖြစ်ပြီး လယ်ကွက်များမှာ ကျယ်ဝန်းကာ လေယူရာယိမ်းနေကြသည့် မြစိမ်းရောင်ကောက်ပင်ပျိုတို့ဖြင့် ရှုချင့်စဖွယ်ရှိလှသည်။ ရင်ကိုအေးမြစေတော့သည်။ ထိုင်းနိုင်ငံသည် ခေတ်မီနိုင်ငံဖြစ်သဖြင့် မြန်မာနိုင်ငံမှာလို နွားဖြင့် ထွန်ယက်စိုက်ပျိုးခြင်း မလုပ်တော့ပေ။ ကောက်စိုက်သမများမှာ ဘောင်းဘီရှည်နှင့် နေကာဦးထုပ်များ ၀တ်ဆင် ထားကြသည်။ ကားလမ်းဘေးတလျှောက်ရှိ ကျေးရွာများမှာ မြန်မာနိုင်ငံကလိုမဟုတ်ဘဲ အားလုံးသပ်သပ်ရပ်ရပ်ရှိ ကြကာ ရွာအဝင်ဝများတွင် သပ်ရပ်စွာဆောက်လုပ်ထားသော ဇရပ်များရှိကြပြီး ရေချမ်းစင်အိုးများကိုလဲ တွေ့ရ တတ်သည်။ တို့မြန်မာတွေနှင့် တူလိုက်လေစွ။

 

            မြို့အတော်များများကို ဖြတ်ကျော်ပြီးသောအခါ တဖြည်းဖြည်းနှင့်အမှောင်ထုက လွှမ်းမိုးလာလေသည်။ ထိုင်းနိုင်ငံသည် လျှပ်စစ်အင်အား လုံလောက်သော နိုင်ငံဖြစ်သဖြင့် လမ်းတလျှောက်ရှိ မြို့ရွာများမှာ လျှပ်စစ်မီး များဖြင့် ထိန်ထိန်လင်းလျက်ရှိရာ မီးမှောင်သော နိုင်ငံမှလာသော မိမိအဖို့ ရင်ထဲမှာနွေး သွားလောက်အောင်ပင် ခံစားလိုက်ရလေသည်။ အလင်းရောင်ဆိုတာ လူတွေရဲ့စိတ်ကို ရဲရင့်စေသည် မဟုတ်ပါလား။ ပြီးတော့ မိမိ တို့နိုင်ငံဟာ ဘယ်လောက်များ ခေတ်နောက်ကျ ကျန်ခဲ့သလဲဆိုတာ တွေးမိရင်း ရင်ထဲမှာ ၀မ်းနည်းသောစိတ်များ တဖန်ဖြစ်ပေါ်လာ ပြန်လေသည်။ 

 

            ဘယ်မှာ ကြည့်လိုက်ကြည့်လိုက် အရာရာတိုင်းဟာ လှလှပပရှိပြီး လင်းထိန်နေသော လျှပ်စစ်မီးအရောင် တို့အောက်ဝယ် ခေတ္တနားခိုနေကြသော ခေတ်မှီလူစီး ဇိမ်ခံဘတ်စ်ကားကြီးများ၊ သပ်ရပ်စွာဆောက်လုပ်ထားသော ဈေးဆိုင်တန်းများနှင့် လမ်းမကြီးတစ်လျှောက် အစုန်အဆန် ပြေးလွှားနေကြသော (၂)စီးတွဲ ထရပ်ကားကြီးများ။ ကြီးမားသော ကုန်တင်ယာဉ်ကြီးများဖြင့် ထိုင်းနိုင်ငံ၏ ခေတ်မီတိုးတက်နေသော အခြေအနေကို မိမိအားမျက်ဝါး ထင်ထင်မြင်ပါစေတော့သည်။ ငါတို့နိုင်ငံဟာ ဘာပြုလို့များ ဒီလို အောက်ကျနောက်ကျ ဖြစ်ခဲ့ရပါလိမ့်သလဲလို့လည်း ရင်ထဲမှာ နာနာတာတာဖြစ်လာပြီး ဘေးဘီကိုပါ လှည့်ကြည့်လိုက်မိပါသည်။ အားလုံးဟာ စိတ်အေးချမ်းသာစွာ စီးနင်းလိုက်ပါလာကြပြီး မိမိတို့ဆင်းသက်ရမည့် မြို့ရွာတို့တွင် အေးဆေးငြိမ်သက်စွာ ဆင်းသက်ကြ သည်ကိုတွေ့ရသည်။ ထိုနေ့က ၀ါဆိုလပြည့်နေ့ အကြိုနေ့ဖြစ်သဖြင့် ကားတန်းကြီးသည် ကီလိုမီတာ (၃၀၀) ခန့်အထိ ဖြည်းညှင်းစွာပဲ မောင်းလို့ရလေသည်။ တချို့ကားပေါ်မှာ အတီးအမှုတ် အကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဝေဝေဆာဆာရှိပြီး တစ်ကားနှင့်တစ်ကား နှုတ်ဆက်ကြ၊ ယဉ်ကျေးစွာ ပြောင်ကြ နောက်ကြဖြင့် ကြည့်ရသည်မှာ ပျော်ရွှင်စရာကြီး ပင်ဖြစ်နေတော့သည်။  

 

ခွန်ထိုင်း လားတဲ့

            လမ်းပန်းမြို့မရောက်ခင် နခွန်စဝမ် ဆိုသော ကားများရပ်နားကြသည့်မြို့သို့ ရောက်သောအခါ ကားပေါ်ပါ ရည်ရည်မွန်မွန် သပ်သပ်ရပ်ရပ်ဖြင့် အပြာရောင်ဝမ်းဆက် စကတ်ဝတ်ထားသော အသားဖြူဖြူ အသက်(၅၀)အရွယ် ဒကာမတစ်ဦးက မိမိအား “ခွန်ထိုင်းလား”ဟု ယိုးဒယားလိုမေးလာပါသည်။ မိမိအဖို့ “ထိုင်း’” ဆိုသော စကားတလုံးကလွဲ၍ ကျန်တာနားမလည်ချေ။ ထို့ကြောင့့်မိမိက ကြောင်၍ ကြည့်နေသောအခါ ထိုအမျိုး သမီးက “Are you Thai?”ဟု အင်္ဂလိပ်ဘာသာဖြင့် မေးပါသည်၊ မိမိက “I’m Burmese” လို့ ပြန်ပြောလိုက်သော အခါ “အော် … ဖမ လား။ ဖရ် ဖမ တဲ့” ဟု သူမဘေးက အဖေါ်အား ပြောလိုက်သောအခါ အားလုံးက လှည့်ကြည့် ကြပါတော့သည်။ ပြီးတော့ ထိုဒကာမကပင် မိမိအား ပဲနို့ရည်ဘူးတစ်ဘူး လာကပ်ပါသည်။ မိမိသည် သောက်ရ မည် မသောက်ရမည်စဉ်းစားရင်း ဘန်ကောက်တွင် နေခဲ့စဉ်က မိတ်ဆွေ ဦးကောဏ္ဍည၏ ပြောစကားကိုသတိရခါ သောက်လိုက်ပါတော့သည်။ ဦးကောဏ္ဍညက ဒီထိုင်းနိုင်ငံမှာ သာသနာပိုင် ဆရာတော်ကြီးပါ နို့ဘူး ဘုဉ်းပေးကြောင်း ပြောပြထားဘူးသည်။ မိမိတစ်ဘူး သောက်ပြီးသောအခါ အခြားတစ်ဦးက နို့ရည်အအေး (စက္ကူ)ဘူး တစ်ဘူးလာကပ်ပြန်သည်။ မိမိသည် ပူအိုက်လှသော ဒါဏ်ကိုခံနေရသည်က တကြောင်း၊ ထိုင်ခုံ (၄၀) ကျော်ပါ သော အနိမ့်ဆုံးအတန်းအစား ဘတ်စ်ကားကိုစီးလာရသဖြင့် မလှုပ်သာမယှှက်သာ ဖြစ်ရသည်ကတကြောင်း တို့ကြောင့် ရေကလဲငတ်၊ အာခေါင်တွေကလည်း ခြောက်လာသဖြင့် လာကပ်သော ပဲရည်ဘူးနှင့် နို့ဘူးတို့ကို ဟန်ဆောင်ပန်ဆောင်ပင် ဖြေးညှင်းစွာ မသောက်တော့ပဲ တောက်လျှောက်ပါလာသော ပိုက်ကလေးဖြင့် တခါ တည်း သောက်ပစ်လိုက်တော့သည်။ ထိုအခါ အနားက ဒကာမများကပါ အခြားဖျော်ရည်ဘူးများပါ လာရောက်ကပ် ကြပြန်သဖြင့် တရုပ်လို (ခိုဖူ) ဖြစ်သော မိမိပါးစပ်အတွက် ကျေနပ်မိလေသည်။ ထိုင်းလူမျိုးများသည် မြန်မာများ ကဲ့သို့ပင် အလှူအတန်း အပေးအကမ်း ရက်ရောကြလေသည်။           

 

ဖာမ တွေတဲ့လား 

ဒါနဲ့ စကားမစပ် ဒီ “ဖမ” ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး ရှင်းပြချင်ပါသေးတယ်။ ၁၉၉၀ ပြည့်နှစ်က ထင် တယ်။ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ဒကာ၊ ဒကာမကြီးများ ယိုးဒယား၊ လာအို၊ အိနိ္ဒယ စသောနိုင်ငံများသို့ လေ့လာရေးနှင့် ဘုရားဖူးခရီးထွက်ကြသောအခါ ပထမဆုံးထိုင်းနိုင်ငံသို့ အဝင် လေဆိပ်ထဲ၌ ဒကာမကြီးများ စောင့်နေကြစဉ် လေဆိပ်အလုပ်သမား တကာမများက အချင်းချင်း “ဖမတွေ ဖမတွေ” ဟု ပြောကြသည်ကို မြန်မာဒကာမကြီးများ ရွှေနားတော် လေချော်ကာ ဒီလိုကြားကြသတဲ့၊  “ ဒို့ကို ဖာမတွေ ဖာမတွေ လို့ပြောနေကြတယ်တော့၊ သူတို့ကတော့ ဘာတွေမို့တဲ့တုံး၊ မသိဘူးကျနေတာပဲ” လို့ပြောပြီး ဦးကောဏ္ဍညကို တိုင်ကြသတဲ့။ အဲဒီတော့မှ ဦးကောဏ္ဍညက “ဟာ တကာမကြီးတွေ ခင်ဗျားတို့ကို အဲဒီလို ပြောတာမဟုတ်ဘူး၊ “ဖမ” ဆိုတာ ထိုင်းလူမျိုးတွေက ဗမာတွေကို ဒီလိုဘဲ “ဖမ” လို့ခေါ်တယ်၊ သူတို့ဘာသာမှာ  “ဘ” သံမရှိဘူး၊ ဒါကြောင့် ဗ = ဘ သံတွေနဲ့ ပြောကြတဲ့အခါ “ဖ” သံပဲထွက်တော့တယ်။ အဲဒါစိတ်မဆိုးနဲ့ ခင်ဗျားတို့ကို ဗမာမတွေလို့ ပြောတာဆိုမှ မပြုံးဘဲနဲ့ ၀ါးလုံးကွဲ ရယ်လိုက်ကြရ သတဲ့။    

အရှင် ကောဝိဒ ( ကနေဒါနိုင်ငံလုံး ဆိုင်ရာ သံဃာဥသျှောင် ဥက္ကဋ္ဌ ဆရာတော် )

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here