မျိုးဆက်သစ် တို့၏ လားရာ နှင့် စကားစမြည်

Click to enlarge

လွန် ခဲ့တဲ့ ၃နှစ်လောက်က ဆောင်းဦးရာသီ နေ့ခင်းတခုမှာ စာရေးသူရဲ့ နေအိမ်တံခါး ညိုပုတ်ပုတ်ကို လာခေါက်နေလို့ ဖွင့်ကြည့်မိတော့ အမေရိကန်စစ်ဝတ် စစ်စား အပြည့်အစုံ နဲ့

 

တည်ကြည် ခန့်ညားကာ လူရည်သန့်တဲ့ အာရှမျိုးနွယ် အရာရှိ တယောက် အတာချေ ကေ့(စ်) အနက်တလုံးကိုင်ပြီး အိမ်တခါးဝ မှာ မားမားစွင့်စွင့် ရပ်နေပါတယ်၊ ရုတ်တရက် တံခါးပေါက်ရဲ့ အလင်းပြန်မှုကြောင့် ရုတ်ချည်း သူ့ကိုမမှတ်မိဖူး၊

 

ေဩာ်… သူ … အမေရိကန် ကြည်း တပ်မတော်ဝင် သွားတဲ့ မော်လ်ဂင်စိုးမင်း ပါလားပေါ့ ကောက်ခနဲ အသိချပ်မိတယ်၊  သူဟာ မြန်မာပြည် လွတ်မြောက်ရေး တိုက်ပွဲအတွက် ၁၉၈၈ခုနှစ် ကတည်းက အမေ့အိမ်စွန့်ခွာ လာခဲ့သူတဦးပါ၊

 

ဒီအချိန်မှာ သူဟာ ကွန်ပြူတာသိပ္ပံ ဘာသာရပ်နဲ့ ဘွဲ့ရပြီး အမေရိကား ကြည်းတပ်မတော်က ဆက်သွယ်ရေး အရာရှိလေး ဖြစ်နေပါပြီ၊ စာရေးသူတို့ မြို့ကနေ တပ်ထဲဝင် ကတည်းက ပြန်ရောက်မလာတော့တာ အဲဒီ အချိန်မှ တာဝန်နဲ့ အမေရိကား အနောက်ဖက် အခြမ်းကို အင်တာနက် နက်(ခ်)၀ပ် ကွန်နက်ရှင်းတွေ လုံခြံုမှုဆိုင်ရာ ထိပါး နှောင့်ယှက်ခြင်း ခံရလို့ လာရောက် စစ်ဆေးတာပါ လို့ ဆိုတယ်။    

 

               

             သူနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြစဉ်မှာ သူပြောတဲ့ အကြိုက်ဆုံး စကားတွေ ရှိတယ် သူဘာလို့ တပ်ထဲဝင်ရလဲ ဆိုတာပါ

 

ဆိုးဝါးတဲ့ အာဏာရှင် စစ်တပ်အစိုးရ လက်အောက်မှာ နေလာခဲ့တဲ့ နိုင်ငံသားတယောက် အနေနဲ့ ကမာ္ဘပေါ်က အကောင်းဆုံး စစ်တပ်တခုမှာ ဘာကြောင့် အကောင်းဆုံးဖြစ်ရလဲ သိချင်တယ်၊ ပြသချင်တယ်၊ အခွင့်အလမ်း ရတုန်း တကယ်ဝင်လေ့လာတာပါ၊  ကျနော်တို့ နိုင်ငံ ပြန်လည်တည်ဆောက်တဲ့ အခါ သူတို့ဆီက အတွေ့အကြံုကောင်းတွေ ယူလာခဲ့မယ်၊ ပြန်အသုံးချကြမယ်လေ

မော်လ်ဂင်စိုးမင်း

 

ဒါနဲ့ အခါ အခွင့်သင့်ယင် သူ့အကြောင်းနဲ့ အမေရိကန် စစ်တပ်အကြောင်း ရေးမယ် ကြံမိပါသေးတယ်၊ အဲဒီကတည်းက သူနဲ့ အဆက်အသွယ် မရတော့တာ။  ဒီလိုကနေ ….. ပြီး      

 

            တနေ့က မြောက်ကယ်ရိုလိုင်းနား လူထုအသံ သတင်းထောက် ကိုတင်အောင်မိုး နဲ့ ဖုန်းစကားပြောဖြစ်စဉ် သူနတ်လမ်းညွှန်လို့ အမေရိကန် မရိမ်းတပ်မှာ မောင်နှမ၂ယောက်လုံး ၀င်ရောက် အမှုထမ်းနေကြတယ် ဆိုတာသိရတယ်၊ ဒီအကြောင်း သိတာနဲ့ မိဘဖြစ်တဲ့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့က အမေဖြစ်သူ ဒေါ်အေးအေးမူထံ ဆက်သွယ်ပြီး ခွင့်ပန်ပါတယ်၊ ပြီးတော့ ဗါဂျီးနီးယားက သမီးဖြစ်သူ ဒု-တပ်ကြပ် (P.F.C) အေမီအေး (ခ) မအေးအေးထွေး နဲ့ တွေ့ဆုံမေးမြန်းနိုင်ခဲ့ပြီး၊ သူရဲ့မောင် ဖြစ်သူကတော့ ဂျပန်နိုင်ငံ အိုကီနာဝါ စစ်အခြေစိုက်စခမ်းကို ရက်ပိုင်းအတွင်းကမှ ပြောင်းရွှေ့ အမှုထမ်းရလို့ အဆက်အသွယ် မရရှိခဲ့ပါဖူး။ သွက်လက်ချက်ခြာ ပွင့်လင်းတဲ့ သူမရဲ့ အဖြေတွေဟာ မျိုးဆက်သစ်တို့ရဲ့ အနာဂါတ် လားရာလို့ပြောရလောက်အောင် ဖြေဆိုတဲ့ စကားကောက်ကြောင်းတွေမှာ ဟန်ဆောင်မှု ကင်းရှင်းစွာ တွေ့ရှိရပါတယ်။        

 

            သမီးအခု အသက် ၂၀ကျော်ပါပြီ၊ ၂၀၀၄ခုနှစ်မှာ အမေရီးကား အထက်တန်းအောင်တာနဲ့ သမီးရဲ့ ရှေ့သွားမဲ့ လမ်းကို သေခြာစဉ်းစား ရွေးချယ်မိပါတယ်၊ အမေရီးကားဆိုတာ ရွေးချယ်အသုံးချတတ်ယင် အလကားရမဲ့ ပညာရေးနည်းလမ်းတွေ ရှိပါတယ်၊ Northing get free anywhere? လို့ အမေရီးကားမှာ တခြားသူတွေ ပြောကြပေမဲ့လဲ ကြီးငယ်မဟူ အတွက် ပညာရေးအခွင့်အလမ်းတွေများစွာ တကယ် ရှိနေပါတယ်၊  အမေရီးကားဆိုတာ အိပ်မက်တိုင်းပြည်တဲ့ ! ဒါပေမဲ့ အိပ်မက်ကို လက်တွေ့ အကောင်ထည်ဖေါ်နိုင်မှ အနာဂါတ်ရှိတာပါလို့ သူမက ထပ်လောင်း ဖြည့်စွက် ပြောပြပါတယ်။     

 

            သမီး တက္ကသိုလ်သွားမယ် ဆိုတာနဲ့ မိဘတွေက အခြေချနေထိုင်သူတွေမို့ သမီးကျောင်းတက်ဖို့ (၁)နှစ် အလုပ်လုပ်ပါတယ်၊ နောက်နှစ်မှာ ရေဒီယိုလော်ဂျီ ဘာသာရပ်ယူပြီး ကျောင်းတက်ပါတယ်၊ သမီးမှာ မတူကွဲပြားတဲ့ ကမာ္ဘအနှံ့က သူငယ်ချင်းများစွာရှိပါတယ်၊ ဒီတင်, နောက်က လိုက်လာတဲ့ မောင်ဖြစ်သူကလဲ အထက်တန်းအောင်တာနဲ့ မရိမ်းထဲဝင်၊ ချစ်သူငယ်ချင်းတွေကလဲ မရိမ်းထဲဝင်ကြတော့  သူတို့ရဲ့ ထရိန်နင် ကာလမှာအတူ လိုက်လည်ယင်း ရွယ်တူတွေ တွေ့တွေ့နေတော့ စိတ်ဝင်တစား မေးကြည့် ဖြစ်ပါတယ်၊ အဲဒီမှာ ကောင်မလေးတွေကော ယောကျ်ားလေးတွေပါ စိတ်အားထက်သန်စွာ အနာဂါတ်ကို ကိုယ့်ဒူးကိုယ်ချွန် ပုံဖေါ်ရေးချယ် နေကြတာတွေ့ ရတော့ သမီးလဲ  အနာဂါတ်ကို စိတ်တိုင်ကျ ပုံဖေါ်နိုင်ဖို့ အမေရိကန် မရိမ်းတပ်ထဲ ၀င်ရောက်ခဲ့တာပါ။   

 

စကားဖြတ် ပြောပြရဦးမယ်၊ သမီးတို့လို အထက်တန်းကျောင်းသား ဘဝနဲ့ အမေရိကားက နယ်စုံမှာ ရောက်နေကြတဲ့ ညီငယ်၊ ညီမငယ်များကို  ပညာရေး အတွေ့အကြံုတွေ ပြောပြချင်ပါတယ်၊ သမီးတို့က ဒီမှာမွေးတဲ့ ငယ်မွေးခြံပေါက်တွေ မဟုတ်ပါဖူး၊ ဒီတော့ အကြံပေးချင်တာက အထက်တန်းအောင်ယင် တက္ကသိုလ်ထက် ကောလိပ်သွားတာ ပိုကောင်းမယ် ထင်ပါတယ်၊ နောက်မှ တက္ကသိုလ်တဆင့် ပြန်သွားတာ ကောင်းပါတယ်၊  တက္ကသိုလ် ချက်ချင်း တက်ယင် ကုန်ကျစရိတ် အလွန်များလွန်းပါတယ်၊ အဓိက က အထက်တန်းမှာ ESL လို့ခေါ်တဲ့ English for Second Language ကလပ်တွေကို များများယူကြဖို့ပါ၊ အဲဒီအကျိုးက စကားပြော၊ အရေးအဖတ်၊ နားထောင်မှုစွမ်းရည် အလွန်မြှင့် လာပါတယ်၊ ဘာလို့လဲဆို အမေရိကားမှာ တောင်၊ မြောက်၊ အရှေ့၊ အနောက် ဒေသတွေကွဲလို့ လေယူလေသိမ်းတွေ ကွဲပြားခြားနားပါတယ်။    

           

            အမေရိကားမှာ ဘာသာရပ်တခုကို 1 semester မှာ  4 Credit  ယူရပါတယ်၊ Associate Degree ယူယင်တော့ ၂နှစ်ကြာပါတယ်၊ ဘွဲ့ရဖို့ ၄ နှစ်ကြာကာ၊  မာစတာဆိုရင် ၆နှစ်ကြာပါတယ်၊ ကုန်ကျစရိတ်များသလို အဲဒီဘွဲ့နဲ့ အသုံးချယင်လဲ တကမာ္ဘလုံးမှာ အတော်တွင်ကျယ်ပါတယ်၊  ဒီတော့ မြန်မာတွေ ဘယ်လို ကမာ္ဘပေါ်မှာ ကိုယ့်ပညာရေးနဲ့ အနာဂါတ်ကို ဘယ်လိုတည်ဆောက်ကြမလဲ ?  လိုသလို ပုံဖေါ်ကြနိုင်ပါတယ်လို့ မိုင်ထောင်ချီဝေးတဲ့ ဗါဂျီးနီးယား အခြေစိုက်စခမ်းတခုကနေ အမေရီးကားအနောက်ဖက် ပစ္စဖိတ်ကမ်းခြေမြို့လေး တမြို့ဆီ လေလှိုင်းကြားက သူမ ပြောပြနေပါတယ်။        

 

            မရိမ်းတပ်ဟာ ချေမှုန်းရေးတပ်ဖြစ်ပြီး ယောကျ်ားရင့်မာကြီးတွေ အတွက်တောင် ခက်ခဲကြမ်းတမ်းတယ် လို့ ဆိုလိုက်တာနဲ့ ? သမီး သိပါတယ်! သမီး တပ်ထဲကိုဝင်ရတဲ့ အကြောင်းကလဲ စွန့်စားချင်တာလဲ ပါတာပေါ့လေ ပြီးခဲ့တဲ့ သင်တန်းကာလ ခက်ခဲကြမ်းတမ်းပုံတွေကို ခပ်ရေးရေး မှန်းဆပြီး ပြောပြပါတယ်၊ သွပ်ဆူးကြိုးအောက်ကနေ တွားသွားတက်ပြီး တိုက်ခိုက်နည်းတွေ၊ ပေါင်၆၀ ကျော် ကျောပိုးအိတ်ထဲ ထည့်ပြီး ၅၅မိုင် တောင်တက်ခရီးကြမ်း လေ့ကျင့်ခဏ်းတွေဟာ သမီးအတွက် တခုတ်တရ ဖြစ်စေတယ်လို့ ပြန်ပြောင်း ပြောပြပါတယ်၊  နောက်တခုက “သမီးတို့ မရိမ်းမှာ ငါဆိုတာ မရှိဖူး ” “ ငါတို့ဘဲ ” ရှိတယ်၊ ဒါလဲ အမှတ်ရစရာပါ၊ ကုန်ကုန်ပြောရယင် အိမ်သာသွားယင်တောင် အဖေါ်ဖြစ်သူနဲ့ သွားရတယ် ဒါ အစုအဖွဲ့ ညီညွတ်မှု စိတ်ဓါတ်ကို ငါတယောက်ထဲမရှိ သူတို့နဲ့သာ အတူရှိသည်လို့ ပြသတာပါ။               

 

အလုပ်ဋ္ဌာနကို ဘယ်လိုခွဲလဲ ? မေးတော့ …. မရိမ်းသင်တန်းမှာ ဘာသာရပ်ပေါင်းစုံ စာမေးပွဲဖြေတော့  အမှတ်၅၀ အထက်ဆိုယင် ၀ါသနာပါတဲ့လိုင်း ရွေးချယ်ပိုင်ခွင့် ရှိပါတယ်၊ သမီးက သူတို့ပေးမှတ် ကျော်လို့  ၀ါသနာပါတဲ့ လျှပ်စစ်အင်ဂျင်နီယာ ယူခွင့်ရပါတယ်၊ အလက်ထရစ်ရှင် အဖြစ် တာဝန်ထမ်းဆောင်မှာပါ။     

 

အမှတ် ၅၀ အောက် ရောက်သွားယင် ဘာဖြစ်မလဲ ? ဆိုတော့  …. အဓိကတော့ အားလုံးတိုက်ခိုက်ရေး တာဝန်ပါ၊ အဲဒီအောက်မှာ အနိမ့်ဆုံး အလုပ်တွေဖြစ်တဲ့ သန့်ရှင်းရေးတို့ ထမင်းချက်တို့ လုပ်ရမှာဖြစ်ပါတယ်၊ တဆက်ထဲ ရာထူးဋ္ဌာနအနေနဲ့ ကတော့ ၉လတကြိမ် ရာထူးအတွက် ဖြေဆိုခွင့် ရှိပါတယ်၊ နောက်ဆက်တွဲ ပညာရေးအနေနဲ့က သွားရောက်အမှုထမ်းတဲ့ နောက်တန်းစစ်စခမ်းတွေမှာ အမေရိကန်နိုင်ငံက တက္ကသိုလ်တွေနဲ့ အဆင့်တန်းညီတဲ့ အခမဲ့ပညာရေးစနစ်၊ ရွေ့ပြောင်း စာသင်ခန်းတွေ ရှိတာကြောင့် မိမိရဲ့ ပညာရေး စိတ်အေးရပါတယ်၊  အနာဂါတ်မှာ မြန်မာအမျိုးသမီး မရိမ်းအရာရှိတယောက် ဖြစ်လာမယ်လို့ မျှော်မှန်းထား ပါတယ်။ ဒီလို ပွင့်လင်းစွာ မျှော်လင့်ချက်တွေနဲ့ ပြောပြပါတယ်။    

 

မြန်မာပြည်နဲ့ ပါတ်သက်ယင် သိသလောက် ဘာပြောချင်လဲ ? ဆိုတော့ …. မြန်မာတွေနဲ့ ပါတ်သက်ယင် ပြောစရာတွေ ပြောချင်တာတော့ အများကြီးပဲလို့ ဆိုပါတယ်၊ အဓိကတော့ မြန်မာတွေ လူတယောက်ကို အပေါ်ယံရှပ်ကြည့်ပြီး “ အတင်း ” ပြောတာ မကြိုက်ဆုံးပဲလို့ ဆိုပါတယ်၊ နောက်တခုက မြန်မာမှုမှာ မိဘတွေက ကြက်မကြီး ကြက်ကလေးတွေလို အုပ်ထားသလို ကြီးလာတဲ့အထိ လုပ်လွန်းတော့ ( အမှန်တော့ ချစ်လွန်းလို့ပါ )၊ ကျမ သူငယ်ချင်းတွေဆို  အကျဉ်းအကြပ်ထဲ ရောက်လာယင် အဓိကအဖြေကို ရှာမတွေ့တော့ဖူး၊ သူတို့ရဲ့ထွက်ပေါက် တွေကို ယောကျ်ားယူတာနဲ့ ဖြေရှင်းပစ်တော့ သမီး သူတို့ကို သိပ်နှမြောရပါတယ်၊ သမီးကိုဆို အယင်က ပွင့်လင်းလွန်းတော့ သမီးနေတဲ့ အင်ဒီယားနားမှာ အပြောအဆို ခံထိပါတယ်၊  လူဆိုတာ ရည်ရွယ်ချက်လို့ ခေါ်တဲ့ ပစ်မှတ်ရှိတော့ အကောင်အထည်ပေါ်လာခဲ့ယင် သဘောပေါက် သွားကြတာပါပဲလို့ သူ့အမြင်တွေ ပြောပြပါတယ်၊ ဆိုင်းမဆင့် ဗုံမဆင့်ပဲ ဆက်တိုက် ပြောချလိုက်တာက နာဂစ်မုန်တိုင်းတုန်းက ကမာ္ဘ့ရုပ်မြင်သံကြားတွေမှာ မြင်တွေ့ခဲ့ရလို့ တချိန်မှာ ကူညီခွင့်ရယင် မြန်မာပြည်က ကလေးငယ်တွေကို တဲတလုံးဆောက်ပြီး၊ စားချင်တာတွေ စားကြဆိုပြီး အလှူလို့ ခေါ်မလား ကျွေးချင်လိုက်တာလို့ မေတ္တာစွက်တဲ့ သူမရဲ့ သတ္တုလေလှိုင်းသံ အက်အက်ကြားမှာ ကြက်သီးမွေးညင်း ထောင်းလမောင်း ထလောက်အောင်    သူမရဲ့ သဒ္ဒါတရား ပွားများနေမိတော့တယ်။       

 

အဲဒီနေ့က သူမရဲ့ ဗါဂျီးနီးယား ညချမ်းမှာ အဖေါ်အပေါင်းတွေနဲ့ အပြင်ထွက် လေညှင်းခံချိန် ခဏ စကားပြောခွင့်ရသမို့ လူငယ်တယောက်ရဲ့ အဇ္ဈတ္တတွေကို ချွေပြခွင့် ပြုတာနဲ့ကို  ကျေးဇူးတင်ရမှာပါ၊ ဘာလို့လဲဆို နောက်တနေ့မှာ သူမဟာ မြောက်ကယ်ရိုလိုင်းနားက ၁လကြာ အထူးတိုက်ခိုက်ရေး သင်တန်းတခု သွားရမှာပါ၊ ပြီးယင် အာရှက ဂျပန်၊ ကိုရီးယား၊ ထိုင်း စတဲ့ စစ်အခြေစိုက် စခမ်းတခုမှာ  တာဝန်ထမ်းဆောင်ဖို့ သူမ လျှောက်ထားတယ်လို့ ပြောပြပါတယ်၊ တချို့အရာတွေက နိုင်ငံတခုမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ secrecy of correspondent   လို့ခေါ်တဲ့ လှို့ဝှက် လုံခြံုမှုဆိုင်ရာ အက်ဥပဒေတွေအရ မဖေါ်ပြ ဖြစ်နိုင်တာတွေကိုတော့ နားလည်နိုင်မယ် ထင်ပါရဲ့။    

ဘာပဲဖြစ်ဖြစ်လေ မြေအုတ်တို့ ပြိုလေရာ၊ ကျောက်ဆစ် ကျောက်သားအုတ်တို့နဲ့ အစားထိုးမဲ့ မျိုးဆက်သစ်တွေရဲ့  လားရာကို အနာဂါတ်မှာ တကယ်ရုပ်လုံးပေါ်လာမဲ့ အိပ်မက်တွေနဲ့ တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပါစေ လို့သာ ….. ။

 ဇာမဏီရိုင်း ( နှင်းဆီမြို့တော် )       

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here