အရွယ် မရောက် သေးသူ ကလေး များ အား အနိုင် ကျင့်ခြင်း (Child abuse)

Click to enlarge

ကလေးများကို အနိုင်ကျင့်သည် ဆိုခြင်းမှာ
ကုလ သမဂ္ဂ နိုင်ငံ တကာ သဘောတူ ညီချက်အရ အသက် (၁၈)နှစ် မပြည့်သေး သူများ ကို အရွယ် မရောက်သေး သူများ (Minor) ဟု သတ်မှတ် သည်။ မြန်မာ စကား ဖြင့်ဆိုလျှင် “ကလေး”ဟု 

 

 

ယေဘူယျ သုံးနှုန်းသည်။ မွေးကင်းစ ကလေး၊ ကလေးငယ်၊ အပျို-လူပျို စဝင် သည့် အရွယ်၊ ဆယ်ကျော်သက်၊ လူငယ် ဟူ၍ ကလေးဘဝ၏ တိုးတက်ဖွံ့ဖြိုးလားပုံ အဆင့်ဆင့်အရ အမည် သတ်မှတ် ချက် ရှိသည်။

အရွယ် မရောက်သေးသော ကလေးများအား အနိုင်ကျင့်ခြင်းမှာ ထို ကလေးအား ကိုယ်ထိလက်ရောက် (သို့) စိတ်ပိုင်းဆိုင်ရာအရ ထိခိုက် နာကျင်မှုဖြစ်အောင်ကြမ်းတမ်းစွာ ဆက်ဆံခြင်း ဖြစ်သည်။ အရွယ် ရောက်ပြီး သူက အနိုင်ကျင့်သည်ဖြစ်စေ၊အရွယ်မရောက်သေးသူ အခြား ကလေး တဦး က အနိုင်ကျင့် သည်ဖြစ်စေ အကြုံးဝင်သည်။

သို့သော် အမေရိကန်နိုင်ငံတွင် ကလေးချင်းဖြစ်လျှင် အနိုင်ကျင့်သည်ဟုသတ်မှတ်ထားခြင်း မရှိပါ။ မိဘ အပါအဝင် အခြား အရွယ်ရောက် ပြီးသူတို့က အရွယ်မရောက် သေးသူကလေးကို အနိုင်ကျင့် မှ သာ အကြံုးဝင်ပြီး တိုင်တန်းနိုင်ခွင့် ရှိသည်။

ကလေးအများစုမှာ သူတို့နေထိုင်ရာအိမ်၌ အနိုင်ကျင့်ခံရတတ်သည်။ သို့သော် ကလေးများ သွားလာ တတ်သည့် ကလေးထိန်းဌာန၊ စာသင်ကျောင်း၊ ကလေးကစားကွင်း၊ ဘုန်းကြီးကျောင်း ၊ဘုရား ရှိခိုး ကျောင်း အစရှိသည်တို့အပြင် ဆိတ်ကွယ်ရာ အရပ်တို့တွင်လည်း ကလေး အနိုင်ကျင့်မှု ပြဿနာ များ ရှိသည်။

ကလေး ပြန်ပေးဆွဲခြင်း သည် ရာဇဝတ်မှုမှန်း လူတိုင်းသိကြသည်။ ကျူးလွန်သူသည်ထိုရာဇဝတ်မှု အပြင် ကလေး အနိုင်ကျင့်မှုကိုပါ တချိန်တည်း ကျူးလွန်မိလျက်သားဖြစ်နေသည်။ ကလေးများ အပေါ် အနိုင်ကျင့်တတ်သည့် ပုံစံများအနက် ရံဖန်ရံခါတွင်စိတ်ရူးဖောက်နေသူတဦးက ကလေးများ အား သေနတ်ဖြင့် ပစ်ခတ်သွားခြင်းမျိုး၊ ဓါးဖြင့် ဝင်ရမ်းသွားခြင်းမျိုး လည်း ပါဝင် သည်။

ယူနီဆက်မှတ်တမ်းတခု၌ ချမ်းသာသောနိုင်ငံများအနက် အမေရိကန်နှင့် ဗြိတိန်တို့မှာ ကလေးများအား ကာကွယ်စောင့်ရှောက်ပေးမှု အနည်းဆုံးဖြစ်သည်ဟု ဆိုသည်။ ကလေးများ အားလစ်လျူရှုခြင်း၊ အနိုင် ကျင့်ခြင်း ပြဿနာတို့မှာ မိစုံဘစုံနေရသော မိသားစုထက်မိဘချင်း ကွဲနေရသော မိသားစုတို့တွင် ပိုမို အဖြစ်များ သည်ဟု ဆက်လက် ဖော် ပြထား သည်။

ကလေးများကို ရက်စက်ကြမ်းတမ်းစွာ မဆက်ဆံနိုင်စေရန် အစိုးရများစွာတို့က သက်ဆိုင်ရာနိုင်ငံ အလိုက် ဥပဒေများပြဌာန်း၍ ကာကွယ်စောင့်ရှောက်ထားကြသည်။ အရွယ် မရောက်သေး သည့် ကလေးက ရာဇဝတ်မှု ကျူးလွန်မိလျှင် အရွယ်ရောက်ပြီးသူ များကဲ့သို့ တရားစွဲဆိုခြင်း မပြုနိုင် သည့် ဥပဒေများ လည်း ပြဌာန်း ထားကြသည်။

ကလေးအနိုင်ကျင့်မှု အမျိုးမျိုး

ကမာ္ဘတလွှားတွင် ကလေး အနိုင်ကျင့်မှုများ၊ လစ်လျူရှုပုံများမှာ အမျိုးမျိုးအဖုံဖုံရှိနေကြသည်။ အနိုင် ကျင့်သူ တို့၏ စိတ်နေ သဘောထား၊ စိတ်ကူးဉာဏ်၊ စီးပွားရေးနှင့်နိုင်ငံရေး နောက်ခံ အနေ အထား၊ အနိုင်ကျင့်ရန် လွယ်ကူသော ပတ်ဝန်းကျင် အခြေအနေ အစရှိ သည်တို့ အပေါ် မူတည် သည်။

ထို့ပြင် နိုင်ငံနှင့် အရပ်ဒေသများတွင် ဖြစ်ထွန်းလျက်ရှိသော ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံအပေါ် မူ တည်၍ ကလေး အနိုင်ကျင့်မှုများ ဖြစ်ပျက်နေလျက်ရှိသည်။ အချို့မှာဓလေ့ထုံးတမ်းစဉ်လာအရ ဖြစ်နေကြ သော်လည်း အနိုင်ကျင့်သူ တို့ ကိုယ်တိုင်ကပင်ကလေးအနိုင်ကျင့်မှုမှန်း မသိဘဲ ဖြစ်နေ တတ် သည်။ အတိအကျ အမျိုးအစား ခွဲလိုက်လျှင် အောက်ပါအတိုင်း ဖြစ်နိုင်စရာရှိသည်။ ထပ်မံ လိုအပ် နေ သည်များ လည်း ရှိနိုင်သည်။

  1. ကလေးများအားလိင်ဆက်ဆံခြင်း
  2. ပညာသင်ကြားမှုကိုအကြောင်းပြ၍ ကလေးများအား လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပေးခြင်း
  3. လိင်ဖျော်ဖြေရေးပြည့်တန်ဆာ လုပ်ငန်းများတွင် အသုံးချခြင်း
  4. ပြည့်တန်ဆာလုပ်ငန်းများသို့ရောက်ရှိနေသော ကလေးများအား ရုန်းမထွွက်နိုင်အောင် ထိန်းချုပ်ထားခြင်း၊
  5. မိသားစုဝင်(သို့) ဆွေမျိုးသားချင်းတို့ကအနိုင်ကျင့်ခြင်း
  6. မိဘတဦးဦး(သို့) နှစ်ဦးစလုံးက လူမျိုးခြား၊ ဘာသာခြား ဖြစ်နေ၍ ယင်းသည် ထိုကလေး၏အားနည်းချက် ဖြစ်သည်ဟု တလွဲထင်ကာ အနိုင်ကျင့်ခြင်း
  7. အရွယ်ရောက်ပြီးသူတို့အားအရေးယူသည့် ဥပဒေများဖြင့် ကလေးများအား ဖမ်းဆီး ချုပ်နှောင်ခြင်း
  8. ကလေးများအားဂုဏ်သိက္ခာ ကျဆင်းခြင်း (သို့) အရှက်ရစေရန် ပြုမူခြင်း
  9. အာဏာရှိသူတို့ကကလေးများအား ခြိမ်းခြောက်ခြင်း
  10. ဂိုဏ်းဖွဲ့၍ခြိမ်းခြောက် အနိုင်ကျင့်ခြင်း
  11. ကလေးများအားစိတ်ပိုင်းဆိုင်ရာ ညှင်းဆဲနှိပ်စက်ခြင်း
  12. စော်ကားမော်ကားပြောဆိုပြုမူခြင်း
  13. အခြားသူများနှင့်ဆက်ဆံပေါင်းသင်းခြင်း မပြုနိုင်အောင် ကြပ်မတ် ထိန်းကွပ်ထားခြင်း
  14. စီးပွားရေးလုပ်ငန်းများတွင်ကလေးများအား ခိုင်းစေခြင်း
  15. လွတ်လပ်ခွင့်မပေးပဲ ကျွန်အဖြစ် ခိုင်းစေခြင်း
  16. ကလေးများအားလူကုန်ကူးခြင်း
  17. လူသားဒိုင်းကာအဖြစ်အသုံးချခြင်း
  18. ကလေးစစ်သားအဖြစ်အသုံးချခြင်း
  19. ကလေးများအားအဝတ်အစား မရှိစေဘဲ လိင်စိတ်ကြွစေသော အပြုအမူ (သို့) လိင်ဆက်ဆံ သည့်အပြုအမူများ လုပ်ခိုင်းကာ ဓါတ်ပုံ (သို့) ဗီဒီယို ရိုက်ကူး ပြသခြင်း (Porn sex)။

အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ကလေး အနိုင်ကျင့်မှုပြဿနာများ

အမေရိကန် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကလေးနှင့် မိသားစုရေးရာဌာနမှ ၂ဝဝ၄ခုနှစ် ထုတ်ပြန်ချက် တွင် အမေရိကန် တနိုင်ငံလုံး၌ ကလေးများကို အနိုင်ကျင့်မှု၊ လစ်လျူရှုမှု ပေါင်း(၈၇၂ဝဝဝ) တွေ့ရှိရပြီး ထိုအထဲမှ ကလေး (၁၄၉ဝ)ဦး သေဆုံးခဲ့ရ သည်ဟု ဆိုသည်။

ဂျပန်နိုင်ငံတွင်လည်း ပုဂ္ဂလိက အဖွဲ့အစည်းများက အလားတူ စစ်တမ်းကောက်ယူရာ ၂ဝဝ၅ခုနှစ်က ကလေးအနိုင်ကျင့်မှုပေါင်း (၃၄၄၇၂)မှုကို တိုင်တန်းထားခဲ့ကြသည်ဟု ဆိုသည်။ ထိုပမာဏမှာ ၁၉၉ဝ ခုနှစ်က ဂျပန်နိုင်ငံ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနတို့မှ ကောက်ယူသော စစ်တမ်းထက် အဆ (၃ဝ) ပိုမိုနေသည်။ ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ၂ဝဝဝ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အတွင်း အနိုင် ကျင့်ခံရမှုကြောင့် ကလေး(၂ဝ၂)ဦး သေဆုံးသည်ဟု ဖော်ပြ ထား သည်။

ထိုပမာဏမှာ အမေရိကန်နှင့် နှိုင်းယှဉ်လျှင် အဆများစွာ ကွာခြားနေဆဲ ဖြစ်သည်။သို့သော် ဂျပန်နိုင်ငံ တွင်း၌ ကလေး အနိုင်ကျင့်မှုများ အဆပေါင်းများစွာ တိုးပွားလာနေသည်မှာ မငြင်းနိုင် အောင် ရှိနေပြီ ဖြစ်သည်။ ဤသည်မှာ ခေတ်သစ် ဂျပန်လူမျိုးတို့၏ ဓလေ့စရိုက်များ ပြောင်းလဲခြင်း နှင့် ယဉ်ကျေးမှု ဆုတ်ယုတ်ခြင်း ကိုအထင်အရှား ဖော်ပြနေတော့သည်။

ကလေးပြဿနာ များကို ဦးဆောင်လေ့လာနေသူ စိတ်ပညာရှင် ဒေါက်တာ ဂျူနိချိ ရှိုဂျိကမျက်မှောက် ခေတ် ဂျပန်နိုင်ငံတွင် အလျင်မြန်ဆုံး တိုးပွားလာနေသည့် ကိစ္စများ၌ ကလေး အနိုင် ကျင့်မှု က သိသိ သာသာ ပါဝင်လာနေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ထို့ပြင် ဂျပန် စိတ် ပညာရှင် ဝန်ထမ်း များအတွက် အလေးအနက် ရင်ဆိုင်နေရသည့် နံပတ် တစ်ပြဿနာ တခုလည်း ဖြစ်နေ သည်ဟု ဆိုသည်။ ဂျပန်အစိုးရအနေဖြင့် ကလေးများ ဆိုင်ရာပေါ်လစီပိုင်းတွင် တိုးတက် လာအောင် လုပ်နေ သော်လည်း နှေးကွေး လွန်းနေဆဲ ဖြစ်သည်ဟု ပြစ်တင် ဝေဖန်သွား သည်။

ဂျပန်နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၅)တွင် ကလေးအနိုင်ကျင့်မှုကိုတားဆီးရေး၊ ပုဒ်မ (၂၅)တွင် ကလေးများ ဖွံ့ဖြိုးတိုးတက်အောင်ပြုစုပျိုးးထောင်ပေးရေးကို ပြဌာန်းထားသည်။ ကလေး အနိုင်ကျင့်မှု များ၏ ထက်ဝက်ခန့်မှာရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင် သေဆုံးစေမှုများ ဖြစ်သည်။ သုံးပုံတပုံမှာ ကလေးများ အား လစ်လျူရှု ထားမှုများ ဖြစ်သည်။

ဥပမာ- မိဘ တဦးဦး (သို့) နှစ်ဦးစလုံးက ကလေးကို ကားထဲတွင် သော့ခတ် ထားခဲ့ပြီး ဈေးဝယ် ထွက် နေတတ်ကြသည်။ သို့မဟုတ်လည်း Game ဆိုင်များသို့ ဝင်ရောက် ကစားနေ တတ်ကြသည့် လစ်လျူရှှု ပုံမျိုး ဖြစ်သည်။အချို့အခြေအနေများတွင် အချိန်ကြာကြာ အလုံပိတ် ထား သော ကားထဲမှ ကလေးမှာ အသက်ရှူ မွန်း ကြပ်ပြီး သေဆုံး ရလေ့ရှိသည်။

ကလေး အနိုင်ကျင့်မှုများနှင့် ပတ်သက်၍ ကမာ္ဘ့စီးပွားရေး အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံ တို့မှ လူသိ ရှင်ကြား ထုတ်ပြန်သော ဖြစ်ရပ်မှန်များ ကိုမြန်မာနိုင်ငံ နှင့် နှိုင်းယှဉ်ကြည့် နိုင်သည်။

လက်ရှိ မြန်မာ အာဏာပိုင်တို့က သူတို့စိတ်ကြိုက်ရေးဆွဲ အတည်ပြုထားသောနိုင်ငံဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ကလေးများ ဆိုင်ရာ ပုဒ်မများ ပါဝင်သည်။ (ပုဒ်မ၃၅၈) နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှု ကို တားမြစ်သည်။ (ပုဒ်မ ၃၆၆-ခ ) ဥပဒေဖြင့် ပြဌာန်းသည့် မသင်မနေရ အခြေခံပညာကို သင်ကြားရမည်။ (ပုဒ်မ ၃၅၁)မိခင်၊ ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ထားသောသက်ဆိုင်ရာ အခွင့်အရေး များ ကို အညီအမျှ ခံစားခွင့် ရှိစေရမည်။ သို့သော် ဂျပန်နိုင်ငံ ကဲ့သို့ တားဆီးရေးနှင့် ပြုစု ပျိုးထောင်ရေး များ ထည့်သွင်း မထား သည်ကို နှိုင်းယှဉ် တွေ့ရှိရသည်။

ကလေးများအား နိုင်ငံအစိုးရကလည်း အနိုင်ကျင့်တတ်သည်

ကလေးများကို အနိုင်ကျင့်သည်ဟု ကြားသိရလျှင် အနိုင်ကျင့်သူမှာ ပို၍အင်အားကြီးသူ တဦးဦးက အနိုင်ကျင့်သွား သည်ဟုသာ အမြဲလိုလို တွေးထင်တတ်ကြသည်။လူအများက သိနေသည်မှာ လူကြီး၊ မိဘ၊ အုပ်ထိန်းသူနှင့် ဆရာ-ဆရာမတို့က ကလေးကို အနိုင်ကျင့်သည်။ ကလေး အချင်းချင်း အနိုင်ကျင့် သည်။ ဤမျှလောက်သာ သိရှိ သဘောပေါက်နေကြသည်။ ထို့ထက်ပို၍ လေးလေး နက်နက် မစဉ်းစားမိ နိုင်ပဲ ရှိနေတော့ သည်။

အနိုင်ကျင့်သူတို့မှာ တဦးချင်းကဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အနိုင်ကျင့်ဗိုလ်ကျခြင်းမျိုး ရှိသကဲ့သို့ နိုင်ငံ အစိုးရကိုယ်တိုင်က ကျူးလွန်နေသောကလေးအနိုင်ကျင့်မှုများလည်း ရှိသည်။ အစိုးရ ကျင့်သုံးသည့် နိုင်ငံရေး စနစ် ပေါ်လည်း မူတည်သည်။

နိုင်ငံတိုင်း နီးပါးလောက်မှာပင် မသမာသူတို့က သမ္မာအာဇီဝ မဟုတ်သော စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် အစဉ်အမြဲ အခွင့်အလမ်း ရှာဖွေတတ်မြဲဖြစ် သည်။သူတို့သည် ကလေးများ၏ အားနည်းသော သဘာဝများကို အခွင့်ကောင်း ယူကာ စီးပွားရှာ တတ်ကြသည်။ ကလေးများ အား စီးပွားရေး ပုံစံတခု ဖြင့် ခိုင်းစေ ခြင်းကို ဆိုလိုသည်။

အချို့အစိုးရများ မှာ သူတို့ ပင်ကိုယ်ကပင် ကလေးများနှင့် ပတ်သက်သော အသိပညာ၊အမြော်အမြင်၊ လုံ့လ စိုက်ထုတ်မှုနှင့် ဘဏ္ဍရေး အပိုင်းတို့တွင် အားနည်းတတ်ကြ သည်။ ထိုအခါကလေးများ၏ အခွင့် အရေးများကို လစ်လျူရှု သလို ဖြစ်လာရာမှ အပြည့်အဝ ကာကွယ် ပေးရန်၊ မြှင့်တင်ပေး ရန် အထိ ပျက် ကွက်လာ တော့သည်။

အစိုးရ ကိုယ်တိုင်က ကလေးများနှင့် ပတ်သက်သော မူဝါဒများတွင် အားနည်း နေလျှင်မသမာသူတို့က ယင်းကို အခွင့်ကောင်းယူ၍ ကလေးများကို အသုံးချကာ စီးပွားရှာ လေ့ရှိကြသည်။ လူကုန်ကူးခြင်း၊ ပြည့်တန်ဆာခန်းဖွင့်ခြင်းတို့မှာအစိုးရ၏မူဝါဒများ အားနည်းခြင်း ကို ဖော်ပြ သည့် ပြယုဂ်များ ဖြစ်သည်။

တဖန် အစိုးရ၏ မူဝါဒများ က အားကောင်းနေသည့်တိုင် မသမာသည့် စီးပွားရေးလုပ်ငန်းရှင်တို့က လာဘ်ပေး၍ ဖျက်ဆီး တတ်မြဲ ဖြစ်သည်။ လာဘ်စားမိ သော အစိုးရလက်အောက်မှအနီးကပ် တာဝန် ရှိသူတို့က ကလေးများ အား အနိုင်ကျင့်နေ သည်ကို မသိချင်ယောင် ဆောင်ပြီး လစ်လျူရှုလာတော့ သည်။ အစိုးရဝန်ထမ်းများ၏ ခြစား အကျင့်ပျက်မှုကြောင့် ထိုစီးပွားရေးများ ကိုထိရောက်အောင် အရေး မယူနိုင်သဖြင့် ကလေး အနိုင်ကျင့်ခံရမှု ပြဿနာများ ကို ပပျောက်အောင် မလုပ်ဆောင ်နိုင်သေးပဲ ဖြစ်နေ ရတော့ သည်။

နောက်တမျိုးမှာ အစိုးရ ကိုယ်တိုင်က စနစ်တကျ ကျူးလွန်ခြင်းမျိုး ဖြစ်သည်။ထိုအစိုးရတို့သည် သူတို့ ထုတ်ပြန်ထား သော ဥပဒေများကို ဟန်ပြသာသာ သဘောထားလျက် အသင်းအပင်းများကို ဖွဲ့စည်းကာ ကလေးများအား အဓမ္မ အနိုင်ကျင့် တတ်သည်။

ပြည်တွင်းငြိမ်းချမ်းမှု မရှိသောနိုင်ငံတို့တွင် အစိုးရမဟုတ်သည့်တိုင် အခြား လက်နက်ကိုင် အဖွဲ့များက ကလေးများအား စစ်မှု ထမ်းဆောင် စေခြင်းဖြင့် အနိုင်ကျင့် တတ်ကြသည်။

စစ်မက်ဖြစ်ပွားနေသော အခြေအနေများ၌မူကား ကလေးများအား အနိုင်ကျင့်ခြင်းကိုအစိုးရ အတိုင်း အတာ အနေဖြင့် မည်သို့မျှ တားဆီး ကာကွယ် မပေးနိုင်ဘဲ ရှိနေ တတ်သည်။

အချို့နိုင်ငံများတွင် စစ်တပ်မှ ကလေးများအား အနိုင်ကျင့်မှုများ ဆိုးဆိုးဝါးဝါးရှိနေတတ်သည်။ စစ်သည် တို့မှာ တာဝန်ကျချိန်တွင် စစ်ဝတ်စုံဝတ်၍လူသေစေသောလက်နက်များကို ကိုင်ဆောင်ထား သူများဖြစ်သည်။ သို့သော်လည်း ထိုသို့သောစစ်ဝတ်စုံ၊ ထိုသို့သော လူသတ် လက်နက် အားကိုးဖြင့် မသမာသော စစ်သည်တို့က အရပ်သားပြည်သူတို့အပေါ် အနိုင်ကျင့် နှိပ်စက် တတ်ကြသည်။ အနိုင် ကျင့့်ခံရသူများတွင်ကလေးများလည်း ပါဝင်သည်။ လက်နက်ကိုင် စစ်သည် တို့အား အရပ်သားပြည်သူ များနှင့် ဒွေးရောယှက်တင် နီးကပ်စွာ ထိတွေ့နေအောင် ညံ့ဖျင်းစွာ စီမံသော အစိုးရ ၏ လုပ်ရပ် ကြောင့် ဖြစ်သည်။

အောက်ပါတို့သည် ယေဘူယျ အားဖြင့် အစိုးရတရပ်မှ ကလေးများအား အနိုင်ကျင့်ပုံများ ဖြစ်သည်။

  1. ကလေးများအားအစိုးရက ၎င်းစိတ်ကြိုက် နိုင်ငံရေး မူဝါဒမှိုင်းများ ရိုက်သွင်းခြင်း၊
  2. အစိုးရအာဏာပိုင် အဖွဲ့အစည်းများက ကလေးများ အဓမ္မ လုပ်အားခိုင်းစေခြင်း၊
  3. စစ်တပ်အတွင်းကလေးများအား စစ်မှုထမ်းခိုင်းခြင်း၊
  4. စစ်တပ်အတွင်းသို့စုဆောင်းခေါ်ယူလာသော ကလေးများအား လိင်ဖျော်ဖြေခိုင်းခြင်း၊ ကိုယ်- လက်-အင်္ဂါများဖြတ်တောက်ခြင်း၊
  5. လက်နက်ကိုင်စစ်သည်အချို့တို့က တဦးချင်းဖြစ်စေ- အုပ်စုလိုက်ဖြစ်စေ မုဒိန်းကျင့်ခြင်း၊
  6. ကလေးများအားပစ်မှတ်ထားသည့် လူကုန်ကူးသူများ၊ လိင်စီးပွားရေးများထံမှ အစိုးရ ကိုယ်တိုင်ကလာဘ်ယူ၍ မသိချင်ယောင်ဆောင်ကာ လစ်လျူရှုနေခြင်း၊ စနစ်တကျ စီစဉ်ပေး ခြင်း၊ဥပဒေများ ထုတ်ပြန်၍ တားဆီးကာကွယ်ပေးရန် ပျက်ကွက်ခြင်း၊
  7. ကလေးများ၏ကျန်းမာရေး၊ ခန္ဓာကိုယ် ဖွံ့ဖြိုးထွားကြိုင်းမှုနှင့် စာရိတ္တ တိုးတက်ရေးတို့ကိုလစ်လျူရှုထားခြင်း၊

ဥပမာ-

    • ကာကွယ်ဆေးများထိုးပေးရန် ပျက်ကွက်ခြင်း၊
    • အရက်၊ဆေးလိပ်နှင့် မူးယစ်ဆေးဝါးများ သုံးစွဲသည့်ကိစ္စနှင့်ညစ်ညမ်းဗီဒီယိုကိစ္စများကို အရေးမယူခြင်းနှင့် ထိုသို့ဖြစ်လာအောင်တဖက်လှည့်ဖြင့် အားပေးနေခြင်း၊
    • ကလေးအခွင့်အရေးများကိုကျောင်းသင်ရိုးများ၌ ထည့်သွင်းသင်ကြားပေးမှု မပြုခြင်း၊
    • ကလေးများအတွက်အခြား လူထုပညာပေး လုပ်ငန်းများကို မလုပ်ဆောင်ခြင်းနှင့် လုပ်ဆောင်သူတို့အားအားမပေးခြင်း၊
  1. ကလေးများ၏သွားလာစရိတ်၊ ရုပ်ရှင်ရုံ၊ ပန်းခြံ၊ ပြတိုက် စသည့် အများပြည်သူနှင့် ဆိုင်သောကိစ္စများတွင် ကလေးစရိတ် သက်သာခွင့်များ မပေးခြင်း၊
  2. ကလေးများအားဥပဒေကြောင်းဆိုင်ရာ စီရင်ချက်များဖြင့် အနိုင်ကျင့်ခြင်း၊

အနိုင်ကျင့်ခံရသောကလေး၌ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာရခြင်း

အနိုင်ကျင့်ခံရသော ကလေးတိုင်း စိတ်ပိုင်းနှင့် ရုပ်ပိုင်း နှစ်ခုစလုံးဖြစ်စေ၊တခုခုတွင်ဖြစ်စေ တိုးတက် ဖွံ့ဖြိုးမှု အနည်းနှင့်အများ ထိခိုက်ရသည်။ ထိခိုက်သည်ဆိုသည့် အဓိပ္ပာယ်မှာ နှောင့်နှေးသွားသည် (သို့) လုံးဝ ရပ်တန့်သွားခြင်း ဖြစ်သည်။အဆိုပါကလေး အတော်များများမှာ နှစ်ပေါင်းများစွာ ကြာမြင့် နေသည့်တိုင်အောင်နောက်ဆက်တွဲ ဆိုးကျိုးများ၏ဒဏ်ကို ပြင်းပြင်းထန်ထန်ဖြစ်စေ၊ အနည်းအကျဉ်း ဖြစ်စေ ခံစားရသည်။ ဆက်တိုက် တလျှောက်လုံး (သို့) ရံဖန်ရံခါ ခံစားရ သည်လည်း ရှိသည်။

အချို့ကလေးတို့မှာ မွေးကင်းစ ကလေးဘဝမှာပင် အနိုင်ကျင့်ခံရသည်။ ထိုကလေးများအနက်၅၂ % မှာ နောက်ဆက်တွဲ မူမမှန်စိတ် (Attachment Disorder)ကို ခံစားရသည်ဟု အမေရိကန် နိုင်ငံလုံး ဆိုင််ရာမွေးစားကလေးများအသင်း (The U.S.National Adoption Center)ကလေ့လာဖော်ထုတ်လိုက် သည်။ သို့သော် မွေးကင်းစကလေးများ အနိုင်ကျင့်ခံရမှု နှင့် ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံခံရ မှုတို့ကို လေ့လာနေသည့် Dante Cicchetti ဆိုသူကမူ နောက် ဆက်တွဲ မူမမှန်စိတ် ခံစားရသူ ၈ဝ% ထိပင်ရှိ သည်ဟု ဆိုသည်။

အနိုင်ကျင့်ခံရသော ကလေးများတွင် တွေ့ရတတ်သော နောက်ဆက်တွဲ မူမမှန်စိတ်၏ လက္ခဏာများကို အကြမ်းအားဖြင့် ဖော်ပြပါမည်။ ယင်းတို့ကို ပျော့ညံ့မှု၊ တင်းမာမှု၊ဇဝေဇဝါဖြစ်မှု၊ လိုချင် တပ်မက်မှု ဟူ၍ အပိုင်း (၄)ပိုင်း ခွဲထားနိုင်သည်။

ပျော့ညံ့မှုအပိုင်း

  • မျက်လုံးချင်းရင်မဆိုင်ရဲဘဲ ရှိနေတတ်သည်။
  • ဗြောင်လိမ်တတ်သည်။
  • ဟန်ဆောင်တတ်သည်။
  • ဝမ်းနည်းနေတတ်သည်။
  • အားငယ်နေတတ်သည်။
  • မိမိအတွက်ကယ်တင်ရှင်ကို ရှာဖွေနေတတ်သည်။
  • ရှက်နေတတ်သည်။
  • စိတ်ပါလက်ပါအပြုအမူများ နည်းပါး-ပျောက်ကွယ်နေတတ်သည်။
  • စိတ်ဓါတ်ကျနေတတ်သည်။စိတ်ဓါတ်ကျလွယ်သည်။
  • (နောက်တကြိမ်ပြန်ဖြစ်မှာကို) စိုးရိမ်ပူပန်နေတတ်သည်။
  • ကြောက်နေတတ်သည်။လုံခြံုမှု မရှိဟု ခံစားနေရတတ်သည်။
  • အပြစ်လုပ်မိသလိုခံစားနေရသည်။
  • အခြားသူများနှင့်မတူတော့ဟု ခံစားနေတတ်သည်။
  • လက်ရှိဘဝတွင်နေရသည်မှာ အဓိပ္ပာယ် မရှိတော့ဟု ခံစားနေရသည်။
  • ဘဝပြောင်းသွားပြီဟုခံစားနေရသည်။
  • အရင်ဘဝကိုပြန်မရနိုင်တော့ဟု ပူဆွေးနေတတ်သည်။

တင်းမာမှုအပိုင်း

  • တိရိစာ္ဆန်များကိုညှင်းဆဲတတ်သည်။
  • သူတို့မသိသူဆိုလျှင်စိမ်းစိမ်းကားကား တုန့်ပြန်ပြောဆိုတတ်သည်။
  • အခြားသူများနှင့်တန်းတူရယ်မောပျော်ရွှင်စွာ ဆော့မစားနိုင်ဘဲ ဖြစ်နေတတ်သည်။
  • သက်တူရွယ်တူများနှင့်ဆက်ဆံရေး အဆင်ပြေအောင် မပေါင်းသင်းတတ်ဘဲ ဖြစ်နေသည်။
  • အပေါင်းအသင်းလုပ်လိုစိတ် မရှိဘဲ ဖြစ်နေတတ်သည်။
  • သီးခြားနေလိုစိတ်ရှိတတ်သည်။
  • အစားအသောက်ပုံမှန်စားချင်စိတ် မရှိဘဲ စားချင်မှစားသည်။
  • မိမိကိုယ်ကိုဖြစ်စေ၊အခြားသူကိုဖြစ်စေ၊ သက်မဲ့ပစ္စည်းကိုဖြစ်စေ ဖျက်ဆီးတတ်သည်။
  • သေကြောင်းကြံစည်တတ်သည်။
  • မိမိခံရသကဲ့သို့အနိုင်ကျင့်မှုမျိုး (သို့) မတရားမှုမျိုးကို ကြံုရလျှင် မခံမရပ်နိုင်ဖြစ်တတ်သည်။
  • အခြားသူများကိုအားကိုးလိုစိတ် မရှိပဲ တဦးတည်း ကြိတ်မှိတ်ဖြေရှင်းလိုစိတ် ရှိတတ်သည်။
  • မိမိကိုယ်တိုင်တခုခုကို ကျူးလွန်ရန် အင်အားတိုးလာနေသည်ဟု ခံစားရတတ်သည်။
  • တခါတရံထိုအင်အားများဖြင့် ပြန်လည် ကလဲ့စားချေရန်် ရည်ရွယ်ချက်ထားကာ တစိုက် မတ်မတ်အားထုတ်နေတတ်သည်။

ဇဝေဇဝါဖြစ်မှုအပိုင်း

  • အသိစိတ်တွင်အမျိုးမျိုးဖြစ်နေတတ်သည်။
  • ရုတ်တရက်ဖြစ်ပေါ်လာသောဆန္ဒကို ထိန်းချုပ်ရန် ခက်ခဲနေတတ်သည်။
  • ဒေါသပေါက်ကွဲလွယ်သည်။
  • စာသင်ရာတွင်နှောင့်နှေးနေတတ်သည်။
  • ကြောင်းကျိုးဆီလျော်စွာမစဉ်းစားတတ်၊
  • အမှန်အမှားခွဲခြားသိမြင်စိတ် နည်းပါးသည်။
  • မီး (သို့)အလင်းရောင် (သို့) ဒဏ်ရာ အစရှိသည့် တခုတည်းကိုသာ စူးစူးစိုက်စိုက် ဖြစ်နေတတ်သည်။
  • စိတ်မထိန်းနိုင်ပဲစကားတတွတ်တွတ် ပြောနေတတ်သည်။
  • မျှော်လင့်ချက်မဲ့နေတတ်သည်။ ရည်မှန်းချက် ပျောက်နေတတ်သည်။
  • တခါတရံကြံုတွေ့ခဲ့ရသော ချောက်ခြားစရာအဖြစ်ကို ပြန်စဉ်းစား၍မရဘဲ ဖြစ်နေတတ်သည်။သို့သော် တခါတရံ အသေးစိတ် မှတ်မိနေတတ်သည်။
  • စိတ်နှင့်ကိုယ်ကင်းကွာနေပြီး မိမိဘာလုပ်နေသည်ကို သတိမထားမိပဲ ဖြစ်နေတတ်သည်။
  • အခြားသူများကိုမယုံကြည်ရဲဘဲ ဖြစ်နေတတ်သည်။

လိုချင်တပ်မက်မှုအပိုင်း

  • တတွတ်တွတ်ပူဆာနေတတ်သည်။
  • မိမိလိုချင်သောတခုခုကို ရရန် ကြံစည် အားထုတ်နေတတ်သည်။
  • ကလဲ့စားချေလိုစိတ်ရှိသည်။
  • အရွယ်နှင့်မလို်က်သော၊ပတ်ဝန်းကျင်နှင့် မသင့်တော်သော လိင်ပိုင်းဆိုင်ရာ အပြုအမူများ ရှိနေတတ်သည်။

ယခုဖော်ပြသည့်လက္ခဏာများကို C-PTSD(Complex post-traumatic stress disorder) ဟု ခေါ်သည်။ ထိတ်လန့်ချောက်ခြားစရာအနိုင်ကျင့်ခံရမှုများကို ကလေးများက ကြံုတွေ့ရပြီးနောက်ပိုင်း ခံစား ရသည့်အတိုင်းတုန့်ပြန်သော စိတ်မူမမှန်မှုများ ဖြစ်သည်။

တရားခံဘယ်သူလဲ

ပုံမှန်ကလေးများကဲ့သို့ မဟုတ်ဘဲ ထိိုသို့သော နောက်ဆက်တွဲ မူမမှန်စိတ်၏အပြုအမူများ ရှိလာရခြင်း မှာ ထိုကလေး၏ မွေးရာပါ ဗီဇနှင့် မဆိုင်ပါ။ ထိုကလေးထက်အသိတရားပိုမြင့်၍ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသူတို့က အနိုင်ကျင့်သောကြောင့်မလိုလားအပ်ပဲ ဖြစ်လာရသော နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်သည်။

အချို့သော မြန်မာမိဘများက ကလေးများအား ဆက်ဆံပုံကို နမူနာပြလိုသည်။ တတွတ်တွတ် ပူဆာ နေသော ကလေးကို မိဘဖြစ်သူက စိတ်မရှည်တော့သဖြင့် ရိုက်လားပုတ်လား လုပ်တော့ သည်။အရိုက်ခံရသော ကလေးမှာ နာကျင်ကြောက်လန့်သွားသောကြောင့် ဆက်လက် မပူဆာ တော့ပဲ ငြိမ်သွားတော့သည်။ ထိုအခါ မိဘဖြစ်သူ၌ တခဏတာအားဖြင့် နားအေး သွားသလို ရှိသည်။

သို့သော် သူတို့ မသိလိုက်သော စိတ်ပိုင်းဆိုင်ရာအချက်မှာ သူတို့ကလေးး၌နောက်ဆက်တွဲ မူမမှန် စိတ် စွဲကပ်သွားခြင်း ဖြစ်သည်။ ထိုစိတ်ကြောင့်ပင် ကလေးမှာပို၍ ပူဆာလာနိုင်သည်။ ထိုအခါ မိဘက ရိုက်သည်။ အကြိမ်ပေါင်းများစွာ အရိုက်ခံရလေလေ၊ရိုက်ချက်ပြင်းလေလေ၊ အရိုက်ခံရသူ ကလေး ထံတွင် နောက်ဆက်တွဲ မူမမှန်စိတ် ပို၍ ကြီးထွား လာလေ ဖြစ်တော့ သည်။

ကလေးက ပူဆာသည် ဆိုခြင်းမှာ ထိုကလေးသည် သူလိုချင်သော ဆန္ဒတခုအတိုင်း ကိုယ်တိုင်ရယူ နိုင်စွမ်း မရှိသောကြောင့်သာ အားကိုးနိုင်စရာရှိသူထံ တောင်းဆိုခြင်း ဖြစ်သည်။ဤအချက်ကို ရိုက်နှက်ဆုံးမတတ်သော လူကြီးသူမ ဆိုသူတို့က သဘောမပေါက်။ သူတို့၏ ပုံမှန်ကလေးထိန်းနည်း ဖြစ်သော ရိုက်ပုတ်ခြင်းမှလွဲ၍ အခြားဘာကိုမှ ပြောင်းလဲပြင်ဆင်ရန် အသိတရား မရှိ။ “ကလေးပဲ၊ ဘာ သိတာ မှတ်လို့”ဟု ခပ်ပေါ့ပေါ့ပင် သဘောထား တတ်ကြသည်။

မည်သူမျှ အရိုက်မခံချင်ကြပါ။ ကလေးလည်း အရိုက်ခံရမည်ကို မလိုလားပါ။အရိုက်ခံရမည်ကို ကြောက်သဖြင့် အရိုက်မခံရဘဲ လိုချင်သည့်အရာကို ရယူနိုင်ရန် ကလေးကသူနားလည်သလို ကြံဆ တော့သည်။ ထွက်ပေါက်အမျိုးမျိုးကို သူနားလည်သလိုကြိုးစားရှာဖွေတတ်သည်။ ဤတွင် ကလေး၌ ကြောင်းကျိုးဆီလျော်စွာ မစဉ်းစား တတ်ခြင်း၊အမှားအမှန် ခွဲခြားသိမြင်စိတ် နည်းပါးခြင်း စသည့် နောက်ဆက်တွဲ မူမမှန်စိတ်များ စတင်ဖြစ်ပေါ်လာသည်။စာသင်ရမည့် အရွယ်သို့ ရောက်သောအခါ စာသင်နှောင့်နှေးခြင်းမှာ သိသာသော လက္ခဏာတရပ်ဖြစ်လာသည်။ မိဘတို့၏ ဆင်ခြင်တုံတရား နည်းပါးမှု၊ ဗဟုသုတ အားနည်းမှုကြောင့် သူတို့၏ရင်သွေးငယ်မှာ ပန်းကောင်းတပွင့် ဖြစ်လာရန် အခွင့်အလမ်း နည်းပါးသွားရသည်။မိဘ တို့သာမက အကို-အမ၊ အုပ်ထိန်းသူ နှင့် ဆရာ-ဆရာမ တို့က လည်း အလားတူပင် လုပ်တတ်ကြ သည်။

ရိုက်နှက်ဆုံးမခြင်း၊ အများရှေ့တွင် တဦးတည်း အပြစ်ပေးခံရခြင်း ကဲ့သို့သောနည်းလမ်းများဖြင့် အကြမ်းပတမ်း နှိမ့်ချ ဆက်ဆံခံရသောအခါ၊ အနိုင်ကျင့်ခံရသောအခါ၊ပြုစုစောင့်ရှောက်မှု ကင်းမဲ့သော အခါ၊ လစ်လျူရှုခံရသောအခါ ကလေးများတွင် အမှန်ပင်စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ ရှိသည်။ အသက် (၅)နှစ် မတိုင်မီကပင်နောက်ဆက်တွဲ မူမမှန်စိတ်ဖြင့် ပြုမူနေတတ်သည်။ တခါတရံ အလွန် ချောက်ခြား သွားခဲ့ရသော အနိုင်ကျင့်ခံရမှုကို မမေ့ မပျောက် နိုင်ပဲ အမြဲလိုလို တထိတ်ထိတ် တလန့်လန့် ဖြစ်နေတတ်သည်။ Trauma ဖြစ်သည် ဟု ခေါ်သည်။

မဆင်မခြင် ရိုက်နှက်ဆုံးမ အပြစ်ပေးသူတို့သာ တရားခံ ဖြစ်သည် မဟုတ်သေး။ကလေးများအပေါ် အနိုင်ရလိုမှု၊ ကျီဆယ်နောက်ပြောင်လိုမှု၊ ပျော်ရွှင်မှုသက်သက် အတွက် ညှင်းပမ်း နှိပ်စက် သူများ၊ အဓမ္မ လိင်ဆက်ဆံ သူများ သည်လည်း တရားခံ များ ဖြစ်ကြသည်။

တခါတရံတွင် အဆိုပါ ကြမ်းတမ်းသော ဖြစ်ရပ်များတွင် ကလေးငယ်က တိုက်ရိုက်ပါဝင်ခြင်း မရှိသော် လည်း မြင်တွေ့ရရုံနှင့် စိတ်ဓါတ်ချောက်ခြားကာသွေးပျက်သွားသည်မျိုးလည်း ရှိသည်။ ကလေးအား သွယ်ဝိုက်၍ အနိုင်ကျင့်သည့် အမျိုးအစားဖြစ်သည်။

အိ်မ်တွင်းရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူနေမှု အဆင့်အတန်း အစရှိသည့် (Domestic Violence) နှင့် ပတ်သက်၍ ပေါ်ပေါက်လာသောပြဿနာများတွင် ကလေးတို့မှာ တိုက်ရိုက် (သို့) သွယ်ဝိုက်၍ အနိုင် ကျင့်ခံရသည်။

မိဘဖြစ်သူတို့ စကားများ ရန်ဖြစ်ခြင်း၊ အိမ်ထောင်ကွဲခြင်း၊ စီးပွားရေးအဆင်မပြေခြင်း အစရှိသော အိမ်တွင်းရေး ပြဿနာတို့မှတဆင့် အပြင်းအထန်ပေါက်ကွဲထွက်လာသည့် ဖြစ်ရပ်မျိုးတွင် ကလေးတို့ မှာ အချောင်သက်သက် ဓါးစာခံဖြစ်ရသည်။အကြောင်းမဲ့ အရိုက်ခံရသည်။ အပြစ်ပေးခံရသည်။ အဆူ ခံရသည်။ အနည်းဆုံး စိတ်မချမ်းမသာဖြစ်ရသည်။ ထိုအခါ ကလေးသည် သူ့သဘာဝအတိုင်း မနေနိုင် တော့ဘဲ လူကြီးများကဲ့ လောကဓံ အထုအထောင်းကိုခံစားနေရတော့သည်။

ဘာသာရေးတွင်လည်း လူကြီးဖြစ်နေသူတို့က ကလေးတို့အား အတင်းအကြပ် ကိုးကွယ်ကိုင်းရှိုင်းခိုင်း တတ်ကြသည်။ ယဉ်ကျေးမှု ရှုထောင့်မှနေ၍ လူကြီးများက သူတို့ဖြစ်စေချင်သလို ကလေးများအား ပုံသွင်းကြသည်။ လူနေမှု အဆင့်အတန်းအရ ခွဲဲခြားနှိမ့်ချခေါ်ဝေါ်ဆက်ဆံ၍လည်း ကလေးများအား အနိုင်ကျင့်တတ်ကြသည်။

ကလေးများကို အနိုင်ကျင့်သော အကြောင်းရင်းများ

ပထမအချက်မှာ ကလေး၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ အနိုင်ကျင့်ကြခြင်းဖြစ်သည်။ ယင်းကို အမျိုးအစားများ ထပ်မံခွဲခြား၍ ရသည်။

    • လူဖြစ်ခါစကလေးများ မသိနားမလည်ခွန်အားမရှိသေးသည်ကို အခွင့်ကောင်းယူကာ အနိုင် ကျင့်ခြင်း၊
    • ဒုက္ခိတ ဖြစ်နေခြင်းကိုအခွင့်ကောင်းယူကာ အနိုင်ကျင့်ခြင်း၊
    • အရွယ်မရောက်သေးသည့် ကလေးများဗဟုသုတ နည်းပါးခြင်းနှင့် ယုံလွယ်တတ်ခြင်းကို အခွင့်ကောင်းယူကာအနိုင်ကျင့်ခြင်း၊
    • အားကိုးရာမိဘ-မိသားစု-ဆွေမျိုးနှင့် အပေါင်းအသင်းများ ကင်းမဲ့နေခြင်းကို အခွင့်ကောင်းယူကာ အနိုင်ကျင့်ခြင်း၊
    • မိဘ-ဆွေမျိုးတွင် နာမည်ပျက်စရာအကြောင်းကိစ္စ တခုခုရှိခြင်းကို အခွင့်ကောင်းယူကာ အနိုင်ကျင့်ခြင်း၊
    • မိဘ နှစ်ပါးစလုံး (သို့) တဦးဦးက နိုင်ငံခြားသား(သို့)ဘာသာခြား ဖြစ်နေခြင်းကိုအခွင့်ကောင်း ယူကာ အနိုင်ကျင့်ခြင်း၊
    • ဆင်းရဲနွမ်းပါးခြင်း (သို့) အနိုင်ကျင့်သူလောက်ဂုဏ်အရှိန်အဝါ မမြင့်မားခြင်းကို အခွင့်ကောင်း ယူကာ အနိုင်ကျင့်ခြင်း၊
    • ပညာရည် ချို့တဲ့ခြင်း (သို့)အနိုင်ကျင့်သူလောက် ပညာမတတ်ခြင်းကို အခွင့်ကောင်းယူကာ အနိုင်ကျင့်ခြင်းတို့ဖြစ်သည်။

ဒုတိယအချက်မှာ ပျော်စေပြက်စေလိုသော ရည်ရွယ်ချက်ဖြင့် အနိုင်ကျင့်တတ်ကြခြင်းဖြစ်သည်။ မိတ်ဆွေ အပေါင်းအသင်း၊ သူငယ်ချင်း အချင်းချင်း စကြပြောင်ကြသည့် သဘောမျိုးဖြစ်သည်။ ငယ်ကျိုးငယ်နာ ဖော်ထုတ်သည်များလည်း ပါဝင်သည်။ ဥပမာ- လူကြီးများကပျော်ရွှင်လိုမှု သက်သက်ဖြင့် ကလေးသူငယ်များကို မြှောက်ပင့်ချီမရင်း အခန့်မသင့်၍မိအောင်ပြန်မဖမ်းနိုင်သဖြင့် ကလေးများ ထိခိုက်ဒဏ်ရာရတတ်ကြသည်။ ကလေးအချို့မှာတသက်လုံး လူစဉ်မမီဖြစ်အောင် ကျိုးပဲ့ ထိခိုက်သော ဒဏ်ရာများ ရရှိသည်။အချို့ကလေးများမှာ အသက်သေဆုံးရသည်။

တတိယအချက်မှာ မိမိကိုယ်ကျိုး ရလိုမှုအတွက် တမင်ရည်ရွယ်ကာ အနိုင်ကျင့်ခြင်းဖြစ်သည်။ အဆိုပါ ကိုယ်ကျိုးအမျိုးအစားများကို အောက်ပါအတိုင်း ခွဲထုတ်နိုင်သည်။

  • ကလေးများအားလိင်ဆက်ဆံမှု ပြုခြင်း၊
  • ကလေးများအားလိင်ဖျော်ဖြေခိုင်း၍ စီးပွားရှာခြင်း၊
  • ကလေးများအားအလုပ်လုပ်ခိုင်း၍ စီးပွားရှာခြင်း၊
  • ကလေးများအားစစ်မှုထမ်းခိုင်းခြင်း၊
  • ကလေးများအားပညာသင်မပေးဘဲ၊ အပေါင်းအသင်း မရှိစေဘဲ ချိုးနှိမ်ထားခြင်းဖြင့် ကလေး၏ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်အားနည်းစေပြီးနောက် မိမိအလိုရှိရာများကိုခိုင်းစေခြင်း၊
  • ကလေးများအားမူးယစ်ဆေးဝါးများ မှီဝဲစေပြီးနောက် မိမိအလိုရှိရာများကို ခိုင်းစေခြင်းတို့ဖြစ်သည်။

စတုတ္ထအချက်မှာ အိမ်တွင်းပြဿနာ (Domestic Violence) များကြောင့်ဖြစ်သည်။ အိမ်တွင်းပြဿနာ အမျိုးအစားများကို

  • မိဘ-မိသားစုဝင်များနှင့်ဆက်နွယ်သော ပြဿနာ
  • ဘာသာရေးနှင့်ဆက်နွယ်သော ပြဿနာ
  • ယဉ်ကျေးမှု-ဓလေ့ထုံးတမ်း အစဉ်အလာနှင့်ဆက်နွယ်သော ပြဿနာ
  • လူနေမှုအဆင့်အတန်းနှင့် ဆက်နွယ်သော ပြဿနာ ဟူ၍ ခွဲခြားထားနိုင်သည်။

မိဘနှင့် မိသားစုဝင်များက ဖန်တီးသော ပြဿနာများမှာ အတော်များများ ရှိသည်။လူ့လောကတွင် ပြဿနာပေါင်း များစွာရှိသည်။ အိမ်ထောင်ရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ပညာရေး၊ လူမှုရေး အစ ရှိသည့် အရင်းခံ အကြောင်းများမှတဆင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ထိုပြဿနာများအပေါ် အဆင် ပြေပြေ နေထိုင်နိုင်ကြသော မိသားစုများမှာ အတော်အတန်ပင်ရှားပါးပေလိမ့်မည်။ အချို့မှာ ပြဿနာ များ ရှိလာလျှင် ပြေလည်အောင်ဖြေရှင်းနိုင်စွမ်း ရှိကြသည်။

အချို့က ဖြစ်သည့်နည်းဖြင့် ပြဿနာကိုဖြေရှင်းကြသည်။ အချို့က မဖြေရှင်းနိုင်။ထိုအခါ ဖြေရှင်းသည့် နည်းလမ်း မမှန်၍၎င်း၊ လုံးဝ မဖြေရှင်းနိုင်သည့်အတွက်၎င်းအချို့ကလေးများမှာ ဓါးစာခံ ဖြစ်ရသည်။

နမူနာအားဖြင့် မိဘက ဆင်းရဲလျှင်၊ နေမကောင်းဖြစ်လျှင်၊ ဒုက္ခိတဖြစ်လျှင်၊ဆယ်ကျော်သက် ဖြစ်နေ၍ သားသမီးကို မပြုစုတတ်လျှင်၊ မိဘနှစ်ပါး ကွဲနေလျှင်၊ကလေးများရှေ့တွင် မိဘတို့က ရန်ဖြစ်-ရိုက်ပုတ်နေကြလျှင်၊ မိဘကမိမိတို့သားသမီးများကို အခြားကလေးများကဲ့သို့ တန်းတူ မထားနိုင်လျှင်၊ကျောင်းမထားပေးနိုင်လျှင် စသော မိသားစု ပြဿနာ အမျိုးပေါင်း စုံလင်စွာ ရှိနိုင်သည်။အချို့သော အခြေအနေများတွင် နုနယ်ငယ်ရွယ်သော ကလေးများမှာ အတော်ပင် ထိခိုက်အောင်ခံစားကြရသည်။

ရက်စက်ကြမ်းတမ်းသော လောကဓံက မိဘကို နှိပ်စက်သည်။ သားသမီတို့က သွယ်ဝိုက်၍ခံစားကြ ရသည်။ ထိုမှတဆင့် ထိုကလေးတို့သည်လည်း လောကဓံ၏ အထုထောင်းအောက်သို့ ကျရောက်ရရှာသည်။

အချို့ကလေးများမှာ မိဘဖြစ်သူတို့ စီးပွားရေး အဆင်မပြေဖြစ်နေသည်ကိုမကြည့်ရက်နိုင်တော့ပဲ ကျောင်းထွက်ကာ အလုပ်လုပ်ကြသည်။ အချို့က ငွေရလွယ်သောပြည့်တန်ဆာလုပ်ငန်းများဘက်သို့ ရောက်ရှိသွားကြသည်။

ယနေ့မြန်မာနိုင်ငံတွင် လူကုန်ကူးမှုများ၊ ပြည့်တန်ဆာလုပ်ငန်းများကိုနိုင်ငံအတိုင်းအတာအဆင့်ဖြင့် တိုက်ဖျက်နေသည့်ကြားမှ ပိုမိုတိုးပွားလာနေသည်ကိုစိတ်မကောင်းစွာ ကြားသိနေရသည်။ အနည်းဆုံး အကြောင်းရင်း (၂)ချက်က ရှင်းရှင်းလင်းလင်းရှိနေသည်။

ပထမအချက်မှာ နိုင်ငံအတိုင်းအတာဖြင့် လူကုန်ကူးမှုများ၊ပြည့်တန်ဆာလုပ်ငန်းများကို တားဆီးထိန်း ချုပ်ခြင်းမှာ လုံးဝ မအောင်မြင်ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ နိုင်ငံအတိုင်း အတာဖြင့် လုပ်ပေးရမည့် စီးပွားရေး အခြေအနေကောင်းများကို မဖန်တီးပေးနိုင်ခြင်း ဖြစ်သည်။

ထိုနှစ်ချက်က လက်ရှိမြန်မာနိုင်ငံတွင် အစိုးရဟု ဆိုသော အာဏာပိုင်တို့ကျင့်သုံးသည့် မူဝါဒများ အကြီးအကျယ် မှားယွင်းနေသည်ကို ထောက်ပြလျက် ရှိသည်။သို့ဖြစ်ရာ အထက်တွင် ဖော်ပြခဲ့သည့် အိမ်တွင်းပြဿနာ (Domestic Violence)၏ အဓိကတရားခံများ စာရင်းတွင် အစိုးရ၏မူဝါဒနှင့် ထိုမူ ဝါဒကို ဖော်ဆောင်သူများလည်း ပါဝင်နေသည်ဟု မှတ်ယူရပေလိမ့်မည်။

ဘာသာရေး၊ ယဉ်ကျေးမှု-ဓလေ့ထုံးတမ်း အစဉ်အလာ၊ လူနေမှု အဆင့်အတန်းတို့နှင့်ဆက်နွယ်သော ပြဿနာများတွင်လည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များအပြင် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေး စနစ်၊ အစိုးရတို့ကလည်း အမြဲတမ်းတာဝန်ရှိနေသည်။

အမေရိကန်နိုင်ငံမှ အိမ်တွင်းပြဿနာတခုကို နမူနာပြပါမည်။ (၁ဝ)နှစ်သမီးအန်ဒရီးယားက ကလေးများ ဂေဟာသို့ ရောက်မလာခင် ပထွေးနှင့်အတူ နေရသည်။ အမေရင်းကအိမ်ကပ်သည် မရှိ။ အိမ်ရှိနေသည့်တိုင်အောင် အမေဖြစ်သူက အိမ်ယာမဲ့ Homeless သာသာ သွားချင်ရာသွား၊ ကြံုသလိုနေထိုင်သည်။ ပထွေးက အန်ဒရီးယားကို နှိပ်စက်သည်။ ရိုးရိုး ရိုက်နှက်သည်ပင် မကသေး။လိင်ပိုင်း ဆိုင်ရာပင် မဖွယ်မရာပြုမူ အနိုင်ကျင့်သည်။ တကြိမ်တခါလည်း မဟုတ်၊အကြိမ်ပေါင်းများစွာ။ ကလေး မလေးမှာ ထိုအဖြစ်ဆိုးကို ခံနေရသည်မှာ (၇)နှစ်သမီးအရွယ် ကတည်းက ဖြစ်သည်။ ထွက်ပေါက်ရှာ သည့်အနေဖြင့် အန်ဒရီးယားကသူ့ကိုယ်သူသတ်သေရန် ကြံစည်အားထုတ်လာသည်။ သူ့မောင်လေး နှစ်ယောက်နှင့် တဦးတည်းသောညီမလေးတို့ကို ကုလားမနိုင် ရခိုင်မဲကာ အနိုင်ကျင့်တော့သည်။ ခြိမ်းချောက်ကြိမ်းမောင်းသည်။ သူခိုးထားသော အစားအသောက်များကို ခွဲမပေးပဲ ဖွက်ထားကာ တယောက်တည်းစားသောက်ပစ်သည်။

နောက်ဆုံးတွင် အိမ်နီးနားချင်းများက မသင်္ကာဖြစ်လာပြီး ရဲကိုတိုင်ရာမှကလေးအနိုင်ကျင့်မှုများ တသီ တတန်းကြီး ပေါ်ပေါက်လာသည်။ ရဲက ပထွေးဖြစ်သူကို ဖမ်းပြီးထောင်ချလိုက်သည်။ အန်ဒရီးယားတို့ မောင်နှမ တသိုက်ကိုလည်း ကလေးများဂေဟာသို့ပို့ထားလိုက်သည်။

ဂေဟာ၌ အန်ဒရီးယားကို တဦးတည်း သီးသန့်ထားရသည်။ အခြားမည်သူနှင့်မျှမတည့်သောကြောင့် ဖြစ်သည်။ သူကလည်း မည်သူ့ကိုမျှ အယုံအကြည် မရှိ။ အမြဲတစေလွယ်ထားသော ကျောပိုးအိတ် ထဲမှ ကစားစရာအရုပ်များသည်သာ သူ့အဖော် ဖြစ်သည်။

ကလေးကိစ္စ ကျွမ်းကျင်သူ ပညာရှင်တို့က အန်ဒရီးယားကို အထူးဂရုစိုက်၍ ချဉ်းကပ်သည်။အထူးပုံစံ ဖြင့် ပြုစုစောင့်ရှောက်ပေးသည်။ အများနှင့် ရောနှော၍ စကားပြော၊သီချင်းဆိုရသော အစီအစဉ်များ၌ သူ့ကို ပါဝင်စေသည်။ နေ့လည်ဘက်တွင် ဂေဟာကျောင်းကိုတက်စေသည်။ တနှစ်မျှ ကြာလာသော် အန်ဒရီးယားတယောက် ပြံုးပျော် ရယ်မောလာသည်။အခြားကလေးများနှင့်လည်း အဆင်ပြေအောင် ပေါင်းတတ်နေပြီ ဖြစ်သည်။

အမေဖြစ်သူလည်း နောင်တရပြီး စိတ်ပညာရှင်တဦးထံ သွားရောက်၍ လမ်းညွှန်မှု ခံယူကာလေ့ကျင့် သည်။ တနေ့ကျလျှင် မိသားစုအားလုံး ပြန်လည်ဆုံတွေ့ကြရန် မျှော်လင့်ချက်များအားကောင်းလျက် ရှိနေကြတော့သည်။

ကလေးအနိုင်ကျင့်မှုများကို တားဆီးခြင်း

ကလေးအနိုင်ကျင့်မှုများ ဖြစ်ပျက်နေသည် မြင်တွေ့ရလျှင် လစ်လျူမရှုဘဲ ချက်ချင်းတားဆီးပေးရန်၊ မိမိတဦးတည်းမှ မတတ်နိုင်သော် အနီးအနားရှိသူတို့အား အော်ဟစ်၍ အကူအညီတောင်းကာ လူအားဖြင့် ဝိုင်းဝန်းတားဆီးရန်၊ ရဲများထံသို့ အကြောင်းကြားရန်၊လိုအပ်ပါက ဆေးရုံသို့ အကြောင်း ကြားရန် သိထားရပါမည်။

ဤသို့သော အရေးပေါ် လမ်းညွှန်မှုများကို အစိုးရကိုယ်တိုင်က တက်တက်ကြွကြွဖြင့်ကျယ်ပြန့်စွာ အားပေး လုပ်ဆောင်ရန် လိုအပ်သည်။ ကလေးအနိုင်ကျင့်မှုများကို တားဆီးရန်အထူးရည်ရွယ် ဖွဲ့စည်း ထားသည့် အစိုးရမဟုတ်သော အန်ဂျီအို အဖွဲ့များကလည်းလမ်းညွှန်ချက်များကို ဖြန့်ချိပေးထားရ ပါမည်။ ရိုးရိုးသာမန် ပြည်သူတို့ထက်စာလျှင်အဆိုပါအန်ဂျီအိုတို့က ပိုမိုသိရှိ နားလည်နေသောကြောင့် လိုအပ်သလိုလည်း ကူညီပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် ကလေးများအား လူကုန်ကူးခြင်း၊ လိင်ဖျော်ဖြေရေးစီးပွားရေးလုပ်ငန်းများတွင် အသုံးချခြင်း၊ အဓမ္မ လုပ်အားခိုင်းစေခြင်း၊စစ်မှုထမ်းဆောင်ခိုင်းခြင်း အစရှိသည့် ဥပဒေဖောက်ဖျက်မှုများ တွေ့ရှိပါကအကြောင်းအချက် စုံလင်စွာ ရယူ၍ သက်ဆိုင်ရာသို့ လျင်မြန်စွာ တိုင်တမ်းထားရပါမည်။

ဥပဒေဝန်ထမ်းတို့ကလည်း ရာဇဝတ်မှုဖြစ်နေသော အဆိုပါအမှုများတွင်တိကျမှန်ကန်စွာဖြင့် အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရပါမည်။

ကလေးအနိုင်ကျင့်မှုများကို ကြိုတင် ကာကွယ်ခြင်း

ကလေးများ အနိုင်ကျင့်ခံရသော အကြောင်းရင်းများကို သိထားမှသာ အကောင်းဆုံးကြိုတင်ကာကွယ် စောင့်ရှောက်ပေးနိုင်မည့် နည်းလမ်းများကို နိုင်ငံအလိုက်၊ ဒေသအလိုက်ဆုံးဖြတ် လုပ်ကိုင်နိုင်ပါလိမ့် မည်။ တိုးတက်ခေတ်မီသော နိုင်ငံအများစုတွင်ကျင့်သုံးကြသည့် နည်းလမ်းများမှာ

  • ကလေးအနိုင်ကျင့်မှုများကို တားဆီးကာကွယ်ရန် ဥပဒေများ ချမှတ်၍ တိတိကျကျ လိုက်နာစေခြင်းနှင့် ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူခြင်း၊
  • အနိုင်ကျင့်ခံရသောကလေးများအား ပြုစု စောင့်ရှောက်ပေးခြင်း၊
  • ထိုကိစ္စများအတွက်ကျွမ်းကျင်သူများကို မွေးထုတ်ခြင်း၊
  • အသိပညာပေးရေးများကိုကျယ်ပြန့်စွာ လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။

ကလေးများ အနိုင်ကျင့် မခံရအောင် တားဆီးစောင့်ရှောက်ပေးနေသည့် လုပ်ငန်းများမှကျွမ်းကျင်သူ တို့က အများအားဖြင့် သူတို့လုပ်ငန်းကို အဆင့် (၃)ဆင့်ခွဲခြားထားသည်။

ပထမအဆင့် (Primary Prevention)

ပထမအဆင့်မှာ လူထု ပညာပေးရေး ဖြစ်သည်။ ကလေးအနိုင်ကျင့်မှုများ၊ ဂရုမစိုက် လစ်လျူရှုမှုများမှာမဖြစ်မီကပင် ကြိုတင်တားဆီးနိုင်သော ကိစ္စဖြစ်သည်။ သို့ဖြစ်၍လူနေမှုအသိုင်းအဝိုင်းများအကြားတွင် အကျယ်ပြန့်ဆုံးဖြစ်အောင်ပညာပေးနိုင်သည်နှင့်အမျှ နောက်ထပ်ကျူးလွန်မည့် အမှုများကို အနည်း ဆုံးဖြစ်သွားအောင် လျှော့ချနိုင်စွမ်း ရှိသည်။

ပြည်သူလူထုက အလွယ်တကူ တွေ့မြင်နိုင်မည့် နေရာများတွင်ကလေးအနိုင်ကျင့်မှုများကို မကျူးလွန် ကြရန် သတိပေးထားရသည်။ ဥပမာ- သတင်းစာ၊မြေစိုက်ပိုစတာ၊ လက်ကမ်းစာရွက်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား၊ အင်တာနက်စာမျက်နှာများ အစရှိသည့် အမျိုးမျိုးသော လုပ်ဆောင်မှုများ ဖြစ်သည်။ အစိုးရကိုယ်တိုင်ဖြစ်စေ၊ပုဂ္ဂလိကတို့မှဖြစ်စေ ကူညီယိုင်းပင်း ထောက်ပံ့ပေးနိုင်သည့် အနေအထားအရ အတတ်နိုင်ဆုံးကျယ်ပြန့်စွာ ထိရောက်နေအောင် လုပ်ဆောင်သွားနိုင်သည်။

ထို့ပြင် မည်သူမဆို တက်ရောက်လေ့လာနိုင်သည့် ပညာပေး ဟောပြောပွဲများကျင်းပကြသည်။ မိဘက သားသမီးများကို စောင့်ရှောက်ပုံ၊ အနိုင်ကျင့်ခံရသော ကလေးများ၌နောက်ဆက်တွဲ ဆိုးကျိုး ခံစားရပုံ၊ အစရှိသည့် ဗဟုသုတများအပြင် လိုက်နာရမည့်စည်းမျဉ်းဥပဒေများကို ဟောပြော ရှင်းပြခြင်း၊ ရုပ်ရှင်-ဆလိုက်များဖြင့် ပြသခြင်း၊အပြန်အလှန် ဆွေးနွေးခြင်းများ ဖြစ်သည်။

ဒုတိယအဆင့် (Secondary Prevetion)

ဒုတိယအဆင့်မှာအထက်တွင်ဖော်ပြခဲ့သည့် လောကဓံ အထုအထောင်းကို ခံရသော မိဘများအား အိမ်တိုင်ယာရောက်တိုက်ရိုက် ကူညီထောက်ပံ့သည့် အစီအစဉ်များဖြစ်သည်။ ထိုသို့သောမိဘများ၏ ကလေးများမှာအနိုင်ကျင့်ခံရခြင်း၊ လစ်လျူရှုခံရခြင်းများကို ယခု မကြံုရသေးသည့်တိုင်အောင် နောင်တချိန်ချိန်တွင် အနည်းဆုံး တခုမက ကြံုတွေ့လာနိုင်သည်ဖြစ်၍ ကြိုတင် ကာကွယ်ထားခြင်းဖြစ်သည်။ ဤအဆင့်၌ မိဘပညာပေး အစီအစဉ်နှင့်တကွ သားဦးသမီးဦးရတော့မည့် မိဘများအတွက်ပညာပေး အစီအစဉ်များကိုလည်း လုပ်ဆောင်ပေးသည်။

တတိယအဆင့် (Tertiary Prevention)

တတိယအဆင့်မှာကလေးအနိုင်ကျင့်မှု ရှိနေကြောင်း သေချာသည်ဖြစ်စေ၊ မသေချာသေးသည် ဖြစ်စေ ထိုကလေး၏မိသားစုများအတွက် ရည်ရွယ်ပြီး လုပ်ဆောင်သည်။ ကလေးအနိုင်ကျင့်မှု ကာကွယ်ရေးတွင်ပါဝင် ဆောင်ရွက်နေသူတို့က အနိုင်ကျင့်ခံရ၊ လစ်လျူရှုခံရသော ကလေးအားနောက်ထပ်မဖြစ်ရအောင် ပြုစုစောင့်ရှောက်ပေးသည့် အဆင့်ဖြစ်သည်။ မိဘက ကလေးကိုလစ်လျူရှု မိလျှင် (သို့) အနိုင်ကျင့်မိလျှင် တရားဥပဒေကို ရင်ဆိုင်ရသည်။ တရားရုံးကအမိန့်ချချ မချချ အနိုင် ကျင့်ခံရသော ကလေးကို မိဘနှင့် အချိန်အတိုင်းအတာ တခုအထိခွဲထားလိုက်ပြီး ကလေးလုပ်ငန်း ကျွမ်းကျင်သူတို့က တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ပေးထားသည်။

အနိုင်ကျင့်ခံရသောကလေးများကို ပြုစုစောင့်ရှောက်ပေးခြင်း

ကလေးများအနိုင်ကျင့်ခံရလျှင် ပြုစုစောင့်ရှောက်ပေးရမည့် အဓိက လုပ်ဆောင်ချက်(၆)ခု ရှိသည်။

  • လံခြုုံမှုပေးခြင်း၊
  • မိမိကိုယ်ပိုင်သဘာဝ၊အလေ့အထဖြင့်သာ ကိုယ့်အားကိုယ်ကိုး လုပ်ကိုင်စေခြင်း၊
  • မိမိကိုယ်ပိုင်ဉာဏ်ဖြင့်သာချင့်ချိန် ဆုံးဖြတ် ထိန်းသိမ်းစေခြင်း၊
  • ပတ်ဝန်းကျင်အသစ်တွင်လူသစ်စိတ်သစ်ဖြင့် ပါဝင်စေခြင်း၊
  • မိတ်ဆွေသစ်များ တိုးပွားစေခြင်း၊
  • ရလဒ်ကောင်းထွက်ပေါ်စေနိုင်သောလုပ်ဆောင်ချက်များဖြင့် တိုးတက်အောင်လုပ်ခြင်း၊

အနိုင်ကျင့်ခံရသော ကလေးများအား ကယ်ဆယ်ပြီးနောက် လုံခြံုမှုပေးရန်မှာ ဦးစွာပြုစုစောင့်ရှောက် ရမည့် ကိစ္စဖြစ်သည်။ ထိုကလေးများမှာ အနိုင်ကျင့်ခံရသောအဖြစ်ဆိုးမှ လွန်မြောက်လာသော်လည်း များသောအားဖြင့် အားငယ်နေတတ်ကြသည်။ သူတို့၏စိတ်ထဲတွင် လုံခြံုသည်ဟု ခံစားရမည့် အခြေ အနေများကို တာဝန်ရှိသူတို့ကဖြည့်ဆည်းပေးနေရန် ဖြစ်သည်။

လုံခြံုမှုရှိသည်ဟုကလေးများ၏စိတ်တွင် ခံစားလာရပြီးနောက်တွင် သူတို့၏ဘဝများကို အခြားကလေး များကဲ့သို့ပုံမှန်ပြန်ဖြစ်လာအောင် တဖြည်းဖြည်းချင်း အဆင့်လိုက် ပုံသွင်းယူရသည်။

ဥပမာ-အနိုင်ကျင့်ခံရသူ ကလေးအား အထက်တွင်ဖော်ပြခဲ့သည့် မိမိကိုယ်ပိုင်သဘာဝ၊ အလေ့အထဖြင့်သာ ကိုယ့်အားကိုယ်ကိုး လုပ်ကိုင်စေရာတွင် ဦးစွာအားဖြင့် အဖော်တဦးဦးကအရင်ဦးစွာ လမ်းပြ ပေးပြီးနောက် ဒုတိယအကြိမ်တွင် ထိုကလေးအား ဘေးမှ ထိန်းကျောင်း၍ကိုယ်တိုင်လုပ်စေသည်။ တတိယတကြိမ်တွင်ကား ထိုကလေးကိုယ်တိုင် လွတ်လပ်စွာလုပ်နိုင်အောင် စီမံပေးခြင်းမျိုး ဖြစ်သည်။ ထိုကလေး၏ လုပ်နိုင်စွမ်းပေါ် မူတည်၍အကြိမ်အရေအတွက်ကို ချင့်ချိန် စီမံရန်ဖြစ်သည်။

အလားတူပင်အနိုင်ခံရပြီးသော ကလေးအား သူ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန် ဆုံးဖြတ် ထိန်းသိမ်းတတ်အောင် လိုအပ်သလို ထိန်းကျောင်းပေးရသည်။ ပတ်ဝန်းကျင်အသစ်များကို ဖန်တီးပေးရသည်။လူသစ်များနှင့် မိတ်ဆွေဖွဲ့ပေးရသည်။ ထိုအခါ ကလေးတွင် စိတ်ခံစားချက်အသစ်များဖြစ်ပေါ်လာ သည်။ စိတ်ကူးဉာဏ် အသစ်များကို စဉ်းစားတတ်လာသည်။ ရည်မှန်းချက်အသစ်များကိုလည်း ထိုကလေးက လုပ်ချင်လာသည်။ တနည်းအားဖြင့် ကြံုတွေ့ခဲ့ရပြီးသောအတိတ်အနာဟောင်းကို တတ်နိုင်သလောက် ပြန်လည်သတိမရစေပဲ ပုံစံအသစ် သွင်း၍ပြုစုပျိုးထောင်ပေးခြင်း ဖြစ်သည်။

ထိတ်လန့်ခြောက်ခြားစရာအနိုင်ကျင့်ခံရမှုကို ကြံုတွေ့ရပြီးနောက် ခံစားရသည့်အတိုင်း မူမမှန် တုန့်ပြန် မှု (C-PTSD) ရနေသည့် ကလေးအား ပုံမှန်ပြန်ဖြစ်လာအောင်လုပ်ပေးနိုင်သည်။ အဆိုပါ ပညာရပ်တွင် ကျွမ်းကျင်သူ (Therapist) တို့က စိတ်ပိုင်းဆိုင်ရာ နည်းလမ်းနှစ်မျိုးဖြင့်ကုသပေးနိုင်သည်။

ပထမနည်းလမ်းမှာစိတ်ပညာကုထုံးအရ C-PTSD ခံစားနေရသည့် ကလေးနှင့်မိတ်ဆွေဖွဲ့ခြင်း (DyadicDevelopmental Psychotherapy) ဖြစ်သည်။

ဥပမာ- ထိုကလေး ခံစားခဲ့ရသော အနိုင်ကျင့်ခံရသည့် အတိတ်ဆိုးကိုတတ်နိုင်သမျှ ဖုံးကွယ်ပေးနိုင် မည့် အစီအစဉ်များ ကြိုတင်စီမံထားသည်။ ကလေး၏အတိတ်ခံစားချက်ထက် လက်ရှိပစ္စုပ္ပန်မှ ခံစား ချက်တို့ကို အသားပေး ဖော်ထုတ်သည်။အစီအစဉ်အရ

  • ထိုကလေးနှင့် သင့်တော်ရာတခုခုကို ကစားသည်။ (Playful)
  • ထိုကလေးအပေါ် ချစ်ခင်နှစ်သက်မှုကိုပြသသည်။ (Loving)
  • ထိုကလေး၏ တောင်းဆိုချက်ကိုလက်ခံပေးသည်။ (Accepting)
  • စိတ်ပိုင်းဆိုင်ရာ ကုထုံးအတွက်လိုအပ်သည်များကို ကလေးထံမှ စပ်စု မေးမြန်းသည်။ (Curious)
  • ထိုကလေး၏ ခံစားချက်ကို အလေးအနက်ထားပေးသည်။ (Empathic)

ဤသည်မှာ အနိုင်ကျင့်ခံရသောကြောင့် C-PTSD ခံစားနေရသည့် ကလေးကို ပုံမှန်ပြန်ဖြစ်လာအောင် ပြုလုပ်ပေးသည့် နည်းဗျူဟာတမျိုးဖြစ်သည်။ အင်္ဂလိပ်စကားလုံး P-L-A-C-E(PLACE) ဟု အလွယ်တကူမှတ်နိုင်သည်။ အချို့အနေအထားတွင် PACE ကိုသုံးလေ့ရှိသည်။ လိုရင်းအချက်မှာ စိတ်အားငယ် စိတ်ပျက်နေသော ကလေးအားအဖော်ပြုပေးရင်း စိတ်ဓါတ်ခွန်အား ဖြည့်ပေးခြင်း ဖြစ်သည်။

ဒုတိယနည်းလမ်းမှာ ထိုကလေး စဉ်းစားတွေးခေါ်ပုံနှင့် အပြုအမူများကိုနေ့စဉ်နေ့တိုင်း တိုးတက် ကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲပေးခြင်း (Cognitive Behavioral Therapy) ဖြစ်သည်။ ကလေး နှင့်နေ့စဉ်တွေ့ဆုံရပြီး ထိုကလေးက တွေးတော ပြောဆို ပြုမူသမျှ စိတ်ပညာရှုထောင့်အရလမ်းမှန် ရောက်လာအောင် စိတ်ရှည်လက်ရှည် ပုံသွင်းပေးရသည်။

ကလေး အနိုင်ကျင့်မှု တားဆီးရေး အဖွဲ့အစည်းများ

နိုင်ငံအတော်များများတွင် အရွယ်မရောက်သေးသော ကလေးများကို အနိုင်ကျင့်မခံရစေရန် တားဆီး ပေးနေကြသော အဖွဲ့အစည်းများစွာ ရှိသည်။ နိုင်ငံတကာ အဖွဲ့အစည်းအနေဖြင့်မူတခုတည်းသာ ရှိသည်။ InternationalSociety for Prevention of Child Abuse and Neglect (ISPCAN) ဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင်စတင်တည်ထောင်ပြီး အမေရိကန်တွင် အခြေစိုက်သည်။ ယင်းတွင် အဖွဲ့ဝင်နိုင်ငံ ပေါင်း(၁၂ဝ) ရှိသည်။

ISPCAN သည်တကမာ္ဘလုံးရှိ မည်သည့်နိုင်ငံမဆို ကလေးများအနိုင်ကျင့်ခံရမှု၊ ကလေးများကို လစ်လျူရှုထားမှုနှင့် ကလေးများကို ကိုယ်ကျိုးရှာ အသုံးချနေမှုများကို တားဆီးရေးနှင့်ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် လမ်းပေါ်တွင် တေပေလေလွင့်နေသော ကလေး၊ တောင်းရမ်းစားသောက်နေသော ကလေး၊ပြည့်တန်ဆာလုပ်ငန်းတွင် ပါဝင်နေရသော ကလေး၊ အသက်မပြည့်သေးဘဲ အလုပ် လုပ်နေရသော ကလေး၊မိဘမဲ့ကလေး အပါအဝင် မမှန်မကန် အုပ်ထိန်းခံနေရသောကလေးတို့၏ကိစ္စ အားလုံးကိုတာဝန်ယူပေးသည်။

ထိုမျှသာမကသေး၊ တကမာ္ဘလုံးရှိ မည်သည့်ပုဂ္ဂိုလ် တဦးချင်းမဆို၊အဖွဲ့အစည်းမဆိုအား ကူညီပေး သည်။ လစဉ်ဂျာနယ်များကို ထုတ်ဝေသည်။ ပညာပေးအစီအစဉ်များ၊ဆွေးနွေးပွဲများ အစရှိသည်တို့ကို လည်း ဒေသနှင့် နိုင်ငံတကာ အတိုင်းအတာဖြင့်လုပ်ဆောင်ပေးသည်။

ဆက်သွယ်ရန်လိပ်စာ

Kimberly Svevo, MA, CAE
ISPCAN Executive Director
245 W. Roosevelt Rd.
Building 6, Suite 39
West Chicago , IL 60185 USA

Telephone: +1.630.876.6913
Fax: +1.630.876.6917
Email: [email protected]
Website: www.ispcan.org

ကလေးများဘဝ လှပ ဝေဆာလာရန်

မိဘနှင့် အုပ်ထိန်းသူတို့သည် မိမိတို့ကလေးများ၏ ကျန်းမာရေးကို အထူးဦးစားပေး ဂရုစိုက် စောင့် ရှောက်သည်။ မဖျားမနာရအောင် ကာကွယ်ပေးသည်။ တိရိစာ္ဆန်များ အကိုက်မခံရအောင် ကာကွယ် ပေးသည်။ ယာဉ်ရထားများ အတိုက်မခံရအောင် ထိန်းသိမ်းပေးကြသည်။ ကလေးအနိုင်ကျင့်မှုများကို တားဆီးကာကွယ်ပေးသည်။ ယင်းတို့မှာ ကလေးတို့အား ရုပ်ပိုင်းဆိုင်ရာအရ ပြုစုစောင့်ရှောက်ပေးခြင်း ဖြစ်သည်။ သို့သော် ဤမျှနှင့် မလုံလောက်သေးပါ။

ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများကို အားပေးရန်၊ ပြုစုပျိုးထောင်ရန် ကိစ္စများကိုပါ ထည့်သွင်းစဉ်းစား လုပ်ဆောင်ပေးနိုင်ရန်လည်း လိုအပ်သည်။ သို့မှသာ ကလေးတို့တွင် ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်ခုစလုံး တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်သည်။

“စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု”ဆိုသော အဓိပ္ပာယ်ကိုပင် မိဘ အုပ်ထိန်းသူ လူကြီး အတော်များများက တိတိကျကျ မသိကြပါ။ အလေးအနက်ထား၍ စဉ်းစားရကောင်းမှန်းလည်း မသိကြပါ။ မည်မျှထိ အကျိုးရှိသွားနိုင်သည်ကိုလည်း ကြိုတင်မတွက်ဆတတ်ကြပါ။ ဆင်းရဲသောနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူကြီးမိဘများသာ ထိုသို့ ဖြစ်နေသည် မဟုတ်ပါ။ ချမ်းသာ၍ ခေတ်မီတိုးတက်သော နိုင်ငံမှ လူကြီး မိဘများပင် သတိမေ့တတ်သောကိစ္စ ဖြစ်သည်။ အမှတ်တမဲ့ဖြင့် လစ်လျူရှုမိသလို ဖြစ်နေတတ်ကြ သည်။ အချို့အစိုးရများကပင် အလေးအနက် မထားသောကိစ္စ ဖြစ်သည်။

သို့သော် လူကြီးမိဘ၊ အစိုးရတို့က တိတိကျကျ မသိသည့်တိုင်အောင်၊ လစ်လျူရှုသလို ဖြစ်နေသည့် တိုင်အောင် အစဉ်အလာ ဓလေ့ထုံးစံအရ၊ ဘာသာရေးအရ အလိုလို ပြုပြင်ပေးမိသွားသည်လည်း ရှိတတ်သည်။ အထူးသဖြင့် ကျောင်းများ၌ အလိုလို ပုံသွင်းမိလျက်သား ဖြစ်နေတတ်သည်။ ကလေး များအတွက် ကံကောင်းနေသေးသည်ဟု ဆိုရမည်ပင်။

ထိုသို့ဆိုလျှင် ကျောင်းမနေဖြစ်သော ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာတိုးတက်မှုများကို မည်သည့် နေရာမှ ရရှိနိုင်ပါမည်နည်း။ ကျောင်းမနေဖြစ်သော ကလေးများနှင့် နှစ်စဉ်ပုံမှန် ကျောင်းတက်နေသော ကလေးများတွင် စိတ်ပိုင်းဆိုင်ရာအရ မည်သို့ကွာခြားတတ်သနည်း။ ယင်း၏ အကျိုးဆက်များသည် ကလေးများ၏ အနာဂတ်ဘဝကို မည်ကဲ့သို့ ဖြစ်သွားစေနိုင်သနည်း။

အစိုးရနှင့် လူကြီးမိဘတို့က ကလေးများအား အမှန်တကယ် စနစ်တကျ တိုးတက်စေလိုလျှင် လေးလေးနက်နက် စဉ်းစားသင့်သောကိစ္စ ဖြစ်သည်။ မြိ့ပြများသာမက ကျေးလက်တောရွာများအထိ လက်တွေ့ကွင်းဆင်း၍ သုတေသန လုပ်သင့်သောကိစ္စ ဖြစ်သည်။ မိမိနိုင်ငံ၏ ရေမြေ သဘာဝအရ၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုအရ လိုအပ်သလို ပြုပြင်ညှိနှိုင်း လုပ်ဆောင်သင့်သည့်ကိစ္စ ဖြစ်သည်။

ကလေးတို့အား နေ့စဉ်ပုံမှန် စားစရာများ ချိန်ဆ၍ ကျွေးမွေးခြင်းဖြင့် ကလေးတို့သည့် အရွယ်အစား အားဖြင့် တဖြည်းဖြည်း ကြီးထွားဖွ့ံဖြိုးလာမည် ဖြစ်သည်။ ကျောင်းထား၍ စာပေပညာများ သင်ယူ လေ့လာစေခြင်းဖြင့် ကလေးများ၏ မှတ်ဉာဏ်များ တိုးတက်မြင့်မားလာမည် ဖြစ်သည်။

အကယ်၍ ကလေးတဦးသည် အစာစားချင်စိတ် မရှိအောင် တခုခုသော အကြောင်းတွင် စိတ်ထိခိုက် နေသည် ဆိုပါစို့။ အစားအသောက် ပျက်လျှင် ထိုကလေး၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက် လာကာ လူစဉ်မမီဘဲ ဖြစ်နေမည်မှာ သေချာသည်။ ထို့ပြင် ထိုကလေးသည် အဆိုပါ စိတ်ထိခိုက် မှုကြောင့် စာပေပညာ မသင်ယူနိုင်သော် မှတ်ဉာဏ်အား မကောင်းဘဲ ဖြစ်လာလျှင်လည်း လူစဉ် မီသည်ဟု သတ်မှတ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မည်မျှပင် အဟာရရှိသော အစာကိုကျွေးသည် ဖြစ်စေ၊ မည်မျှကောင်းမွန်သော ကျောင်းတွင်ထားသည်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရ အားနည်းချို့တဲ့ နေလျှင် မည်သို့မျှ အကျိုးထူးလာမည် မဟုတ်ပေ။

“စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု”အတွက် အဓိကလုပ်ပေးရမည်မှာ ကလေးများအား ပျော်ရွှင်နေအောင်၊ အားတက်သရော ဖြစ်နေအောင် တတ်နိုင်သမျှ အဆင်ပြေပြေ ထားပေးခြင်း ဖြစ်သည်။

ဥပမာ- လူဖြစ်ခါစ ကလေးတို့အတွက်် သူတို့ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသမျှ အားလုံးသည် အသစ် ချည်းသာ ဖြစ်နေတတ်သည်။ လောကကြီးတခုလုံးသည် သူတို့အတွက် စူးစမ်းစရာများချည်း ဖြစ်သည်။ သူတို့စိတ်ဝင်စားမိလျှင် မည်သည့်အရာဖြစ်သည်ဟု မေးတတ်ကြသည်။ သူတို့၏ အသိဉာဏ်က အနည်းငယ် ရင့်သန်လာလျှင် ဘာကြောင့် ထိုသို့ဖြစ်ရသည်ကို မေးတတ်လာသည်။ ထိုအခါ လူကြီး-မိဘ၊ အကို-အမ၊ ဆရာ-ဆရာမတို့က စိတ်ရှည်စွာ မှန်ကန်စွာ ဖြေဆိုပေးဖို့ လိုသည်။ မသိသည့် တိုင်အောင် ဖြေရခက်သည့်တိုင်အောင် ကလေးကျေနပ်သည်အထိ သင့်လျော်စွာ ဖြေပေးဖို့ လိုသည်။

သတ္တဝါမှန်သမျှ ငယ်ရွယ်စဉ်တွင် ဆော့ကစားတတ်ကြသည်။ ကလေးများသည်လည်း ဆော့ကစားကြ သည်ပင်။ ထိုသို့ဆော့ကစားရသည်မှာ သူတို့၏ စိတ်ကို ရွှင်လန်းစေကြောင်း သဘာဝအားဖြင့် အလိုလို သိရှိနေတတ်သည်။ တနည်းအားဖြင့် ကစားနေရလျှင် ကလေးများ ပျော်ကြသည်။ ပျော်သည့်အတွက် ကလေးများ ကစားကြသည်။ ကစားပြီးရင် ဆက်ကစားချင်နေကြသည်။ ထမင်းမေ့ဟင်းမေ့ အားလုံးကို မေ့နေတတ်ကြသည်။ ကစားရခြင်းကို လွန်လွန်ကဲကဲ ခုံမင်နှစ်သက်တတ်ကြသည်။ အပူအပင် ကင်း နေကြသည်။ လေးနက်သောစကားဖြင့် ဆိုရလျှင် လွတ်လပ်ခြင်း၏ အရသာကို ဆော့ကစားနေသည့် ကလေးတိုု့က စိတ်ရှိတိုင်း ခံစားနေကြသည်။

ဤသဘောသဘောဝရှိနေသော ကလေးအား ဆော့ကစားခြင်းကို ပိတ်ပင်လိုက်ပါက ကလေးများ၏ စိတ်ကို အကြီးအကျယ် ထိခိုက်စေတော့သည်။ မည်သည့်လူကြီးမဆို စိတ်အညစ်မခံချင်ကြ။ စိတ် ရွှင်လန်းမှုနောက်ကိုသာ လိုက်တတ်ကြသည်။ ကလေးများကဲ့သို့ပင် လွတ်လပ်ခြင်း၏ အရသာကို လို ချင်တပ်မက်ကြသည်။ သို့ဖြစ်လျှင် ကလေးများအပေါ် ကိုယ်ချင်းစာသင့်သည် မဟုတ်လော။

မိဘက ဆင်းရဲသော်လည်း သားသမီးကို စိတ်ချမ်းသာအောင် အမြဲ အားပေးထားနိုင်လျှင် ကလးများ ပျော်ရွှင်ကြသည်။ သူတို့ဖြစ်ချင်သည်များ၊ လူကြီးမိဘတို့က ဖြစ်စေချင်သည်များကို အားတက်သရော ကြိုးစားလာကြသည်။ သို့ဖြင့်ရာ ကလေးများအတွက် တိုးတက်ရာ အခြေခံကောင်းများ ရရှိသွားတော့ သည်။ ချမ်းသာသောမိဘ ဖြစ်သော်လည်း သားသမီးကို လစ်လျူရှုထားလျှင် ထိုကလေးများ အားငယ် တတ်သည်။ အရွဲ့တိုက်လာသည်။ ကလန်ကဆန် ပြုမူတတ်လာသည်။ နောက်ဆက်တွဲ မူမမှန်စိတ်များ စွဲကပ်လာသည်။

အဆိုပါ ကလေးအမျိုးအစား နှစ်ခုကို နှိုင်းယှဉ်လျှင် ကလေးများတွင် သူတို့သဘာဝအရ အရာရာကို ချင့်ချိန်စွမ်းများ ကွာခြားနေသည်ကို တွေ့ရသည်။ ကလးများအား လစ်လျူရှုခြင်းသည် ကလေးများ ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ဖျက်ဆီးနေသည်သာမက ကလေးများအား အနိုင်ကျင့်ခြင်း တမျိုး ဖြစ် နေသည်။

ယနေ့ခေတ်တွင် ကလေးများ အနိုင်ကျင့် မခံရအောင် ကာကွယ်ပေးသည့်ကိစ္စကို လူ့အခွင့်အရေးနှင့် တန်းတူ အသိအမှတ်ပြု အလေးအနက် ထားလာကြပြီ ဖြစ်သည်။ “ကိုယ့် သားသမီး ကိုယ်ဆုံးမတာပဲ” ဟု ပြီးစလွယ်ဆင်ခြေပေး၍ မရတော့ပြီ။ အလွန်အကျွံ ပိတ်ပင်ခြင်း၊ အလွန်အကျွံ အလိုလိုက်ခြင်းသည် ကောင်းမွန်သော ပြုစုပျိုးထောင်ပေးသည့် နည်းလမ်း မဟုတ် ပါ။ ကလေးများ ရသင့်ရထိုက်သော အခွင့် အရေးများကို လူကြီးများနည်းတူ လေးစား သင့်သည့် ကိစ္စ ဖြစ်နေပေပြီ။

ကလေးများအပေါ် ကောင်းစေချင်သည့်စေတနာကို အသိအမှတ်ပြုရသော်လည်း မိမိတို့ အုပ်ချုပ် ထိန်းသိမ်းရန် လွယ်ကူစေမည့် ရည်ရွယ်ချက်ဖြင့် မလုပ်ဆောင်သင့်ကြောင်း လူကြီးမိဘများ သဘော ပေါက်ထားရန် လိုအပ်သည်။

ဒုက္ခိတဖြစ်နေသော ကလေးများအား သင်ကြားလေ့ကျင့်ပေးရေးကိုလည်း အလေးအနက်ထား လုပ် ဆောင်သင့်သည်။ အစိုးရမှ တာဝန်ရှိသည့်အတိုင်း အပြည့်အဝ (သို့) ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင် နိုင်သေးသည့် အချိန်ကာလများတွင် ထိုသို့လုပ်ဆောင်ပေးရန် တိုက်တွန်း နေရပါမည်။ ပုဂ္ဂလိက အတိုင်းအတာဖြင့် တတ်နိုင်သူတို့ကလည်း အန်ဂျီအိုများ ဖွဲ့စည်းကာ အကူအညီ ပေးသင့်သည်။

လူထုတရပ်လုံး အား ဗဟုသုတ ပညာပေးရေးမှာ တိုင်းပြည်ချမ်းသာမှ၊ လူနေမှု အဆင့်အတန်း မြင့်မား မှ သီးသန့်လုပ်ဆောင်ပေးနိုင်သည်မျိုး မဟုတ်ပါ။ မည်သူမဆို တဦးချင်း အနေဖြင့်လည်း တနိုင်တပိုင် လုပ်ဆောင် နိုင်သည်။ နိုင်ငံတဝမှမ်းလုံး တပြေးညီ မဖြစ်စေကာ မူ ကလေးများ အတွက် တိုးတက်လာ နိုင်စရာများ အနည်းနှင့်အများ ရှိနေမည် ဖြစ်သည်။

မြန်မာနိုင်ငံ တွင် လောလောဆယ် အခြေအနေများအရ အစိုးရနှင့် အန်ဂျီအိုများက အပြည့်အဝ မလုပ် ပေးနိုင်သေး သည်ကို တွေ့နေရသည်။ တိုင်းပြည်၏ နိုင်ငံရေးစနစ်က တိုးတက်လာ သည့် အပေါ် မူတည် ၍ ကလေးအနိုင်ကျင့်မှုများကို တားဆီးရေး၊ ကာကွယ်ရေးတို့ကို ပိုမို လုပ်ဆောင် လာနိုင်ပါလိမ့် မည်။ ကလေးများ အား ပြုစုစောင့်ရှောက်ရေးနှင့် လူထုတရပ်လုံးသို့ အသိပညာပေး ရေးကိုလည်း ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်လာနိုင်စရာ ရှိပါမည်။

လတ်တလော အတွက်မှာမူ လူကြီးမိဘ၊ အုပ်ထိန်းသူတို့ ကိုယ်တိုင်က ကလေးမျာနှင့် ဆိုင်သည့် ဗဟုသုတများ ကို လက်လှမ်းမီသလောက် လေ့လာသိရှိထားကြဖို့၊ ကလေးများကို လက်တွေ့ ကျကျ အလေးအနက် ထား ပြုစုစောင့်ရှောက် ကာကွယ်ပေးထားကြဖို့် အချိန်ယူကာ လုပ်ဆောင် သင့် သည်။

အထူးသဖြင့် ယခုခေတ်တွင် အင်တာနက်ပေါ်၌ ကမာ္ဘအရပ်ရပ်မှ ကလေးပညာပေး ဗဟုသုတများစွာကို ရေးသားဖော်ပြနေကြသည်။ ယခင်အခါများကဲ့သို့ စာကြည့်တိုက်များသို့သွားရောက် ရှာဖွေ ဖတ်ရှုရန် မလို။ ထွက်မလာသေးသည့် စာအုပ်ကိုလည်း စောင့်နေစရာမလို။ အလွန်ပင် အဆင်ပြေလှ သည်။ သို့သော် မြန်မာဘာသာဖြင့်၎င်း၊ မြန်မာတိုင်းရင်းသားတို့၏ဘာသာဖြင့်၎င်း လုံလောက်စွာ မဖော်ပြနိုင်ကြသေးပါ။ မဝေးသော အနာဂတ် ကာလတွင်သက်ဆိုင်သူများ၊ တာဝန်ရှိသူများက လူထု ပညာပေးရေးကို အမြော် အမြင် ရှိရှိပိုမို တက်ကြွစွာ ပါဝင် အားဖြည့် လာနိုင် ကြမည်ဟု မျှော်လင့်ရသည်။

နိုင်ငံ့ အတိုင်းအတာ၊ လူထုအတိုင်းတာ၊ အသင်းအဖွဲ့နှင့် စာသင်ကျောင်းများအတိုင်းအတာ၊ မိသားစု အတိုင်း အတာဖြင့် ကနဦး ခြေလှမ်းများကို တက်တက်ကြွကြွ စတင် လုပ်ဆောင် လာနိုင်ပြီ ဆိုလျှင် နိုင်င့ံ အညွန့် အဖူး ကလေး တို့ အတွက် ဝမ်းသာ အားတက်ရပါမည်။

လွင်အောင်စိုး

၁၂-၉-၂ဝဝ၈

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here