အမေရိကန်တို့၏ ရွေးကောက်ပွဲနှင့့် မြန်မာတို့ အခွင့်အရေးများ (၁)

Click to enlarge

ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ နိုင်ငံတကာက နိုင်ငံရေးပြောင်းလဲမှုတွေ အလျဉ်းသင့်ရင် သင့်သလို စောင့်ကြည့် အကဲခတ် ကြည့်နေရင်းနဲ့ ဒီရက်တွေမှာ အရှိန်အဟုန် ပြင်းအားကောင်းလာတဲ့

 

 

အမေရိကန်တို့ရဲ့ သမတရွေးကောက်ပွဲတွေ နဲ့ သူတို့ရဲ့ သဘောထားရေးရာ၊ စီးပွားရေး အခြေအနေတွေက အနာဂတ်ရဲ့ ကမ္ဘာနိုင်ငံရေး ဇာတ်ခုံမှာ ဘယ်လိုနည်းတွေနဲ့  ဝင်ရောက် ကပြ အသုံးတော်ခံမလဲလို့ တွေးတောကြည့်မိတာပါ။

 

           ကျွန်တော် လွန်ခဲ့တဲ့ ရှစ်နှစ်ကျော် ကာလ ကစပြီး အမေရိကန်တွေရဲ့ ရွေးကောက်ပွဲ ကာလတွေမှာ အမေရိကန်နိုင်ငံကို အခြားသောအကျိုး အကြောင်းညီညွတ်ပြီး ရောက်နေလေ့ ရှိတယ်။ ရောက်တိုင်းလည်း ဂရုတစိုက် လေ့လာမိတယ်။ ဒါပါနဲ့ဆိုရင် သုံးကြိမ်မြောက်ပေါ့။

            အမေရိကန်တို့ရဲ့ နိုင်ငံရေးတွေက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စာရင် ရှေ့ကို တော်တော်ပြေးနေပြီး အခြေကျ တည်ငြိမ်နေပြီ။ ရွေးကောက်ပွဲတွေဆိုရင်လည်း တစ်နယ်ပြီး တစ်နယ် စနစ်တစ်ကျနဲ့ လုပ်သွားလိုက်တာ ဟော.. အခုဆိုရင် ဒီမိုကရက် နဲ့ ရီပတ်ပလစ်ကင် ပါတီနှစ်ခုလုံးက သူတို့ရဲ့ အမျိုးသားညီလာခံကို ကိုယ်စီ ကိုယ်စီ တစ်သီးတစ်ခြား ကျင်းပပြီးသွားခဲ့ပြီ။

            သိကြတဲ့ အတိုင်း ပါတီနှစ်ရပ်လုံးကတော့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ထိုးနှက်ချက်တွေ၊ အမေရိကန် ပြည်သူပြည်သားတွေ အပေါ် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် အစရှိတဲ့ ကတိပေးချက်တွေနဲ့ စွဲဆောင်ကြတာကိုး။ တော်တော်လေးလည်း စိတ်ဝင်စားစရာ ကောင်းသလို အလွန်တရာ ထူးချွန်ထက်မြက်တဲ့ နိုင်ငံခေါင်းဆောင် ကောင်းတွေ ဒုနဲ့ ဒယ်နဲ့ မြောက်မြောက်မြားမြား တွေ့ရတာပဲ။ ဒါတွေကြည့် ပြီး ကျွန်တော်တို့ နိုင်ငံအတွက်လည်း ထူးချွန်ထက်မြက်ပြီး နည်းပရိယာယ်တွေ ကြွယ်ဝတဲ့ နိုင်ငံ ခေါင်းဆောင်ကောင်းတွေ ရာနဲ့ ထောင်နဲ့ ချီပြီး လိုအပ်နေသေးတယ် ဆိုတာ သတိရမိတယ်။

            တကယ်တော့ တိုင်းပြည်တပြည်တို စီမံအုပ်ချုပ်တယ်ဆိုတာ ဩဇာအာဏာနဲ့ လက်ညိုးထိုး ဟိုခိုင်း ဒီခိုင်း လုပ်ရတဲ့ အလုပ်မှ မဟုတ်ပဲ။ ခေါင်းဆောင်တွေဟာ ကိုယ်ရဲ့ စိတ်ဝိညာဉ်၊ ကိုယ်ခန္ဓာနှစ်မျိုး လုံးကို တိုင်းသူ ပြည်သားတွေရဲ့ ကောင်းကျိုးအတွက်သာ ရှေးရှု့ပြီး ကိုယ်ကျိုးစွန့် တစ်စိုက်မတ်မတ် လုပ်ဆောင်ရတာကိုး။ သာမန်လောက်သာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေဆိုရင်တော့ ကိုယ်ကျိုးစွန့်ဖို့ သွားပြောရင် ဘယ်လုပ်နိုင်ကြမလဲ။ ဒါမျိုး ခေါင်းဆောင်တွေဆိုရင်လည်း အသိပညာရှင်၊ အတတ်ပညာရှင် ပြည်သူတွေကလည်း လက်မခံဘူး။ အထင်လည်း မကြီးဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုကြည့်။ ယုတ်စွအဆုံး ခေတ်မှီ တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတကာနဲ့ ကူလူးဆက်ဆံမှုလုပ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်ပြည်ခေါင်းဆောင်တွေ ကိုယ်၌က အနည်းဆုံး အင်္ဂလိပ်စကားကို လေးလုံးကွဲအောင်တောင် မပြောတတ်ကြရင် ဘယ်လိုလုပ်မလဲ။ နိုင်ငံတကာ နိုင်ငံရေး မျက်နှာစာမှာ စကားတွေ ပြောကြရအောင်ဆိုရင် “ခွေးအ”ကြီး လှည်းနင်းသလို “အ”ထစ် “အ”ထစ်နဲ့။ စောင့်ကြည့်နေတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက တခွိခွိနဲ့ ရယ်ကြမှာပဲ။ ဘယ်..လိုနည်းနဲ့ အထင်ကြီးကြမလဲ။

ကျွန်တော် အမြဲတမ်းလိုလို စိတ်ဝင်တစားနဲ့ မျက်ခြေမပြတ် စောင့်ကြည့်လေ့ ရှိတာက အမေရိကန်၊ ပြင်သစ်၊ ရုရှားတို့ရဲ့ သမတရွေးကောက်ပွဲ၊ အင်္ဂလန်၊ ဂျပန်၊ ဩစတြေလျ၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်တွေရဲ့ အာဘော်နဲ့ သူတို့ကို ရွေးကောက်တင်မြောက် လိုက်ပုံပါပဲ။ အဲဒီ နိုင်ငံခေါင်းဆောင်တွေရဲ့ အကြမ်းဖျင်း အာဘော်နဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ယနေ့ ကျွန်တော်တို့ ကမ္ဘာရဲ့ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ နယ်ပယ် ဒေသမျိုးစုံရဲ့ ချိန်ခွင်ညာကို ရိုက်ခတ်နိုင်စွမ်းရှိကြတယ်။ ဒီနေရာမှာ အကြမ်းဖျင်း အာဘော်ဆိုတာ သူတို့ပြောဆိုသမျှ အားလုံးကို လုံးဝ ယုံကြည်စိတ်ချမှု မထားပဲ ဘက်စုံရှု့ထောင့် အမျိုးမျိုးကနေ ချိန်ထိုးပြီး အကြမ်းဖျင်း ယူဆ၊ ခန်မှန်းတဲ့ သဘောပါ။

ခေတ်မီတိုးတက်နေတဲ့ နိုင်ငံ အသီးသီးမှာ လက်ခံကျင့် သုံးနေတဲ့ နိုင်ငံရေး စနစ်တွေ အမျိုးမျိုး ရှိကြတယ်။ အနောက်တိုင်း နိုင်ငံတွေမှာ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ကိုက်ညီ ဆုံဆည်း အခြေကျသွားတဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ရှိတယ်။ အရှေ့တိုင်း နိုင်ငံတွေမှာလည်း အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ ချိန်ထိုးပြီး တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားတဲ့ ဒီမိုကရေစီ နိုင်ငံရေး စနစ်တွေလည်း ရှိတယ်။ ဒီနေရာမှာ တိုင်းပြည်ခေါင်းဆောင်တွေက ခေါင်းဆောင်နိုင်စွမ်း အရည်အချင်း ရှိဖို့တော့လိုတယ်။

            ကျွန်တော်တို့ မြန်မာနိုင်ငံကို ထပ်ကြည့်ရအောင်။ လက်ရှိ တိုင်းပြည်ခေါင်းဆောင်တွေက ပြည်သူပြည်သားတွေ အပေါ် အရာရာ မျက်စိပိတ် နားပိတ်လုပ်ပြီး၊ ထိန်းချုပ်ထားတာကိုး။ ဟိုး…တုန်းက ရဲစိတ်ရဲမာန် သတ္တိပြောင်ခဲ့တယ် ဆိုတဲ့ ကျွန်တော်တို့ မြန်မာတွေလည်း တိုင်းပြည်ထဲမှာ အနှစ်လေးဆယ်ကျော်လောက် လှောင်ပိတ် ခံခဲ့ရတယ်။ အဲဒီရလဒ်က ဘာလဲဆိုတော့ မြန်မာလူမျိုးတွေ နိုင်ငံတကာထွက်တဲ့ အခါမှာ စိုးရိမ်စိတ်တွေ၊ မပြောရဲ မဆိုရဲတဲ့ စိတ်တွေ၊ သိမ်ငယ်မှုတွေဟာ မြန်မာတွေရဲ့ စိတ်မှာ လွမ်းမိုးနေစေခဲ့တယ်။ စိတ် ပိုလီယို ရောဂါ စွဲကပ်နေရတဲ့ သဘောပေါ့။ စိတ်ဓါတ် အင်းအားက ခနော်နီ ခနော်နှဲ့ နဲ့ အခြေမခိုင်တော့ပဲ ယိမ်းယိုင်နေတော့တာပေါ့။ ကိုယ့်ဒူး ကိုယ်ချွန်လာတဲ့ လူတွေကတော့ ပေါက်ရောက် အောင်မြင်သွားကြပေမယ့် လူဦးရေ သန်းငါးဆယ်ကျော်ရှိတဲ့ လူတွေအတွက်ကတော့ ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ ပြုပြင်ပေးပါ။ နည်းလမ်းတွေဖွင့်ပေးပါ။ ခေါင်း မမာပါနဲ့။

            နိုင်ငံတကာမှာ ကျွန်တော်တို့ မြန်မာတွေ ဂုဏ်သရေ မှေးမှိန်နေတာ ကြာလှပါပြီ။ မြန်မာ အများစုကလည်း နိုင်ငံခြားကို အထင်ကြီးစိတ် ဝင်သွားကြပြီ။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ဖို့ အတွက် ဆိုင်းဘုတ်ကြီးတွေတင်၊ ရုပ်မြင်သံကြားတွေ၊ သတင်းစာနယ်ဇင်းတွေကနေ လှုံ့ဆော်ပေမယ့် အရာမရောက်ပါဘူး။ ဘာလို့လဲဆိုတော့ လူဆိုတဲ့ သတ္တဝါက လွတ်လပ်လို့တဲ့ သဘာဝကို စဉ်းစားပြီး တဝမ်းတခါး ဝဖို့ အတွက် အရင် ကြိုးစားအားထုတ် ကြလေ့ရှိတယ်။ အဲဒီ အခွင့်အရေးတွေ မရှိရင် လူတော်တွေ မရပ်တည်နိုင်ဘူး။ သဘောကို ပြောပြတာပါ။ တိုင်းပြည်ကို အုပ်ချုပ်ပုံ၊ ချဉ်းကပ်ပုံ ချဉ်းကပ်တဲ့ နည်းလမ်းတွေ မှားနေတယ်ဆိုတာ။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ဖို့ အတွက် လမ်းကြောင်းတွေ ဖွင့်ပေးပြီး လုပ်နိုင်စွမ်းတဲ့ အစွမ်းအစတွေ ပေးရမှာပေါ့။ သာတူညီမျှတဲ့ အခွင့်အရေးတွေသာ ရမယ်ဆိုရင် အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေက ဂုဏ်ယူဝင့်ကြွားစွာ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက် လုပ်ကြရပါလိမ့်မယ်။

            ခေါင်းဆောင်တွေသာ တော်ကြမယ်၊ ထူးချွန်ထက်မြက်ကြမယ်ဆိုရင် မြန်မာဆိုတာ ကမ္ဘာမှာ မျက်နှာပွင့်ပြီပေါ့။ အရပ်စကား ပြောရမယ်ဆိုရင်တော့ ကိုယ့်တိုင်းပြည်က လူတွေ နိုင်ငံတကာမှာ မျက်နှာ မငယ်ရတော့ဖူး။ မြန်မာတွေ နိုင်ငံတကာရဲ့ ပြည်ဝင်ခွင့်ယူရင် စိုးရိမ်သောက စိတ်တွေ မရှိတော့ဘူး။ မြန်မာလူမျိုးတွေ မိမိကိုယ်ကိုယ် ယုံကြည်ကိုးစား စိတ်တွေ ရှိလာမယ်။ မိမိကိုယ်ကိုယ် ယုံကြည် ကိုးစားစိတ်ဆိုတာ ယေဘူယျအားဖြင့် တစ်ခုခု မအောင်မြင်လို့ ဆုံးရှုံးသွားရင် နောက်ဘာဆက်လုပ်မလဲဆိုတဲ့ အစီအစဉ်ရှိတဲ့ လူတွေက မိမိကိုယ်ကိုယ် ယုံကြည် ကိုးစားလို့ ရတယ်လို့ ဆိုရမယ်။ တည်ငြိမ်တယ်ပေါ့။ နိုင်ငံ တကာမှာ ရှိတဲ့ ကျွန်တော်တို့ မြန်မာတွေ အများစုအတွက်ကတော့ နိုင်ငံခြားမှာ အလုပ်ရဖို့ စိုးရိမ်ကြရတယ်။ အလုပ်ရရင်လည်း အလုပ်မြဲဖို့ စိုးရိမ်ကြရပြန်တယ်။ ကိုယ့် တိုင်းပြည်မှာက ကျောထောက် နောက်ခံ အလုပ်မှ မရှိတာ။ ဒီတော့ ပြည်ဝင်ခွင့် အတွက်၊ အလုပ်ရဖို့ အတွက် စိုးရိမ်တတ်ကြတာ ထူးဆန်းတဲ့ အရာတစ်ခုလို့ မထင်တော့ဘူး။  

            ကိုယ့် တိုင်းပြည်ကို ကိုယ် မစွန့်ခွာရပဲ တိုင်းပြည် အတွင်းမှာ မကြောင်းမကျ မတောင်းမတ လူတိုင်း အလုပ်အကိုင်တွေ ကိုယ်စီနဲ့ လုပ်နိုင်ဖို့အတွက် တိုင်းပြည်ရဲ့ နိုင်ငံခေါင်းဆောင်တွေက ပြည်သူတွေရဲ့ အကျိုးကိုး ဦးစားပေးပြီး အလုပ်အကိုင်တွေ ဖန်တီးနိုင်စွမ်း အရည်အချင်းရှိကြရတယ်၊ ရှိကြရမယ်။ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကို ဘယ်လို ရမလဲ။ ဘယ်လို ရှာကြမလဲ။ ရှင်းပါတယ်။ တိုင်းသူ ပြည်သားတွေက ရွေးကောက် တင်မြောက်တာပေါ့။

            ကျွန်တော်တို့ မြန်မာ နိုင်ငံမှာလည်း လာမည့် ရွေးကောက်ပွဲမှာ ဘယ်လိုနည်းတွေနဲ့ စခန်းသွားကြမလဲဆိုတာ ပညာရှင်တွေ အခုကတည်းက စနစ်တကျနဲ့ ပြင်ဆင်ချဉ်းကပ်ဖို့ လိုပြီ။ အခု အမေရိကန်နိုင်ငံမှာလည်း ပြည်သူတွေ နင်လား ငါလား အပြိုင်အဆိုင် နဲ့ ခေါင်းဆောင်တွေ စကာတင် ရွေးချယ်လာ လိုက်တာ နောက်ဆုံး ဒီမိုကရက် ပါတီက အိုဘားမာ ဆိုတဲ့ လူမဲ ခေါင်းဆောင် တစ်ဦးနဲ့ ရီပတ်ပလစ်ကန် ပါတီက ဂျွန်မက်ကိန်းဆိုတဲ့ လူဖြူ ဝါရင့်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးစီ ရလာတယ်။

            အမေရိကန် သမတ တစ်ဦးရဲ့ တခိုးအာဏာနဲ့ အစွမ်းအစက ကမ္ဘာမှာ အလွန်တရာ စွမ်းပကားကြီးမား လှသည်။ ထို့အတူ နိုင်ငံခေါင်းဆောင်တို့သည်လည်း လူသန်းပေါင်းများစွာ တို့၏ အသက်ကို သေစေနိုင်သလို၊ ကယ်တင်နိုင်စွမ်းရှိသည်။ ငွေသန်းပေါင်းများစွာတို့ကို ထိန်းချုပ်ကိုင်တွယ် နိုင်စွမ်းလည်းရှိသည်။ ထိုကဲ့သို့ တန်ခိုးအာဏာ တို့နှင့် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ဖို့ အတွက် အဘယ်ကဲ့သို့သော လူမျိုးကို ပေးအပ်အုပ်ချုပ် စေမည်နည်း။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော လွတ်လပ်စွာ မဲဆွယ်ခွင့်၊ လွတ်လပ်စွာ ရွေးကောက်တင်မြောက် ပိုင်ခွင့် စသည့် လွတ်လပ်သည့် အခွင်အရေးတွေ ဆုံးရှုံးနေသလောက် အမေရိကန်နိုင်ငံ အပါအဝင် အခြားသော ဒီမိုကရေစီ တိုင်းပြည်တို့တွင် ထိုအခွင့်အရေးတို့ ရှိကြလေသည်။ ထိုအခွင့်အရေးသည်ကာ တိုင်းပြည်၏ အနာဂါတ်ကို ပြောင်းလဲပစ်နိုင်စွမ်း ရှိလေတော့သည်။

အမေရိကန်တို့၏ ရွေးကောက်ပွဲနှင့် မြန်မာတို့ အခွင့်အရေးများ (၂) သို့ ဆက်ဖတ် ရန် ….

 အနန္တမေတ္တာဖြင့်
ဘကောင်း
 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here