အကျိုးမရှိပဲ အဆုံးသတ်ခဲ့ရသည့် ဂမ်ဘာရီ ခရီးစဉ်

Click to enlarge  

              ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံ အရေးအတွက် စေလွှတ်လိုက်သော ၎င်းတို့၏အထူး ကိုယ်စားလှယ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ ၏ မြန်မာနိုင်ငံခရီးစဉ်မှာ

တစုံတရာ အကျိုး ဖြစ်ထွန်းမှု မရှိဆိုသော ဝေဖန်မှုများအား ငြင်းဆန် လိုက်သည်။ မြန်မာ့အတိုက်အခံ နိုင်ငံရေး အဖွဲ့ အစည်းများ က  ကုလမသဂ္ဂမှ မြန်မာစစ် အာဏာပိုင်များနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ကြိုးပမ်းေ နမှုများမှာ အကျိုးမရှိနိုင် ဟု ဝေဖန်ခဲ့ကြသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးအိုကာဘီက ယခုအခြေအနေမှာ ရုတ်တရတ်ဆုံးဖြတ်လုပ်ဆောင်၍ မရနိုင်ဘဲ တဖြည်းဖြည်းခြင်း ပြောင်းလဲသွား ရမည်ဖြစ်ကြောင်း ဩဂုတ်လ (၂၅) ရက်နေ့က နယူးယော့ခ်မြို့တွင် ပြောကြားခဲ့သည်။

               ၎င်းက ခရီးစဉ်တစ်ခုတည်းဖြင့်တော့ မျှတသည့်အခြေအနေတစ်ရပ်ရရှိအောင် ချက်ချင်း ဆောင်ရွက်နိုင် မည်မဟုတ်ဟု ဆိုသည်။ မစ္စတာဂမ်ဘာရီ၏ နောက်ဆုံးခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ရော အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည် နှင့်ပါ တွေ့ဆုံခွင့်မရခဲ့ပေ။ မစ္စတာဂမ်ဘာရီ၏ စစ်အစိုးရနှင့် NLD အကြား ညှိနှိုင်းမှု များမှာ ယခုထက်ပိုပြီး အကျိုးဖြစ်ထွန်းသင့်နေပြီဟု NLD ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကဆိုသည်။

            (၂၀၀၇) စက်တင်ဘာ လူသတ်ပွဲများအပြီး မြန်မာနိုင်ငံသို့ ကုလအထူး ကိုယ်စားလှယ် အဖြစ် မစ္စတာဂမ်ဘာရီ လာရောက်ခဲ့သည်မှာ (၄) ကြိမ်ရှိသွားပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း နှစ်ဆယ်အတွင်း အဆိုးရွားဆုံး သတ်ဖြတ်မှုတစ်ခု ဖြစ်သော ဒီမိုကရေစီအရေး ဆန္ဒပြ တောင်းဆို သူများအား မြန်မာစစ်သားများ က ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းမှု များအပြီး မြန်မာ့အရေးကို နိုင်ငံတကာမှ စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။

          ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်ဆုကြည်တို့အကြား ဆွေးနွေးမှုများ ပြုလုပ်ပေးရန် ရည်ရွယ်ချက်ဖြင့် မစ္စတာဂမ်ဘာရီအား စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ယခုတိုင် ထူးထူးခြားခြားတိုးတက်မှုမျိုး ရှိမလာသေးချေ။ အိုကာဘီက မစ္စတာ ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ နောက်ထပ် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ သူမ၏အဆိုအရ မစ္စတာဂမ်ဘာရီက ၎င်းအနေဖြင့် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပွင့်လင်းစွာပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂသို့ အစီရင်ခံတင်ပြခဲ့ကြောင်း သိရှိရသည်။

             မစ္စတာဂမ်ဘာရီ ၏ ယခုခရီးစဉ်သည် (၂၀၁၀) ရွေးကောက်ပွဲအား တစ်ဘက်သတ်ကျင်းပသွားရန် ကြံစည်နေသော မြန်မာစစ်အစိုးရနှင့် NLD ခေါင်းဆောင် ဒေါ်ဆုကြည်တို့ကြား ရင်ကြား စေ့ဆွေးနွေး ပေးရန် ရည်ရွယ် သွားရောက် ခဲ့ခြင်းဖြစ်သည်။ NLD မှဦးဉာဏ်ဝင်းက ၎င်းတို့အနေဖြင့် မစ္စတာဂမ်ဘာရီအား ၎င်း၏အလုပ်ကို အကောင်းဆုံးဆောင်ရွက်ပေးရန် တိုက်တွန်း ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် စစ်အစိုးရအား ဆန့်ကျင်သော နိုင်ငံရေး အဖွဲ့များအနေဖြင့် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ နောက်ထပ် လာရောက်မှုအား အလိုမရှိ ကြတော့ကြောင်း ဦးဉာဏ်ဝင်းကဆိုသည်။

               လူဦးရေ (၄၇) သန်းခန့်ရှိသော မြန်မာနိုင်ငံ၏ နို်င်ငံတော်အာဏာကို (၁၉၆၂) ခုနှစ်ကတည်းက အဓ္ဓမ သိမ်းပိုက်ထားသော စစ်အစိုးရနှင့် မစ္စတာဂမ်ဘာရီတို့ အကြိမ်ကြိမ်ဆွေးနွေးကြသော်လည်း အပြု သဘောဆောင်သည့် ရလဒ်များရရှိပါကြောင်း ကြေငြာချက်များမှလွဲပြီး တိုးတက်မှု များမရရှိဟု နေအိမ် အကျယ်ချုပ်ခံထားရသည့် ဒေါ်အောင်ဆန်းဆုကြည် နှင့် သူမ၏ NLD ပါတီ တို့က ယုံကြည်နေကြသော်လည်း ကုလသမဂ္ဂဘက်မှ မူ မစ္စတာဂမ်ဘာရီအား ထောက်ခံချက် ပေးထား ဆဲပင်ဖြစ်သည်။

သတင်း – ခိုင်ဇင်လတ် ( လူထုအသံ – ရန်ကုန် )

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here