မြန်မာ့အရေးကို သံတမန် နည်းဖြင့် ဖြေရှင်းဖို့ခက်ခဲ နေပြီလား

Click to enlarge  

ပြီးခဲ့သည့် (၂၀၀၇) ခုနှစ်၊ စက်တင်ဘာလ အတွင်းက မြန်မာနိုင်ငံအတွင်း ထောင်ပေါင်း များစွာသော ရဟန်း သံဃာများနှင့် ဆန္ဒပြသူများ ကို မြန်မာ စစ်သား များ က 

 

 

လူမဆန်စွာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်ခဲ့သည်မှာ (၁) နှစ်ပြည့် လုနီးနေပြီ ဖြစ်သည်။ လမ်းများပေါ်ထွက်၍ လွတ်လပ်သော ဒီမိုကရေစီစနစ် အတွက် ဆန္ဒပြ တိုက်ပွဲဝင်ခဲ့သည့် ရဟန်း အာဇာနည်၊ လူအာဇာနည်များ သွေးမြေကျ သတ်ဖြတ်ခံခဲ့ ရခြင်းကြောင့် မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ဆုံးရှုံး နေမှုကို ကမာ္ဘ့နိုင်ငံအသီးသီးက အာရုံစိုက်လာကြသည်။

နိုင်ငံတကာ အစိုးရများမှ မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းတမ်းသော လူသတ်ပွဲများအတွက် အရေးယူ စုံစမ်းမှုများ ပြုလုပ် ပေးရန် ဖိအားပေး တောင်းဆိုမှုများ တဖြည်းဖြည်း ပြင်းထန်လာပြီးနောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှှုးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာ့အရေးအား စုံစမ်း စစ်ဆေး မှု များပြုလုပ်နိုင် ရန် ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။

မြန်မာအစိုးရ၏ ကာလရှည်ကြာစွာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားမှုအား ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား တရားဝင်ပြန်လည် ဖွင့်လှစ်ခွင့် ပေးရန် စသည့်အချက်များ အား ညှိနှိုင်းတောင်းဆိုရန် ကြိုးပမ်းခဲ့သည့် ကုလအထူး ကိုယ်စားလှယ် အဖွဲ့၏ အားထုတ်မှု များ မှာ အောင်မြင်မှု မရခဲ့ပေ။

ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သည့် မစ္စတာဂမ်ဘာရီ၏ (၆) ကြိ်မ်မြောက် မြန်မာပြည်ခရီးစဉ်မှာ တစုံတရာ အောင်မြင်မှုမရရှိဘဲ အချည်းနှီး အဆုံးသတ်ခဲ့ရ ပြန်ပြီဖြစ်သည်။ လက်ရှိ အခြေအနေများအရ ကုလသမဂ္ဂ၏ ညှိနှိုင်းရေး လက်ကိုင်ပြု မူဝါဒလမ်းစဉ်များမှာ မြန်မာ စစ်အစိုးရ အတွက် မည်သို့ မျှထိပါးမှုမရှိဘဲ နိုင်ငံ ပြန်လည် ထူထောင်ရေးမှာ လည်း လျစ်လှူရှု ခြင်း ခံနေရဆဲပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ မစ္စတာဂမ်ဘာရီ နောက်ဆုံးလာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရဲရင့်ပြတ်သားပြီး အကျိုးသက်ရောက်မှုရှိမည့် ဆောင်ရွက်ချက်တစ်ခုခု ပြုလုပ်သွားရန် တိုက်တွန်းခဲ့သည်။ မြန်မာနိုင်ငံ၏ ထာဝရအမျိူးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် (၁၉၉၀) ပြည့်လွန်ရွေးကောက်ပွဲများ တွင် သူမ၏ NLD ပါတီနှင့်အတူ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်းရန် ပြောင်ပြောင် တင်းတင်း ငြင်းဆန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်အဖြစ် ကာလ ရှည်ကြာစွာ ထိန်းသိမ်းထားခဲ့သည်။

နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့ပြီး သူမအနေဖြင့် မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေး တွင် မစ္စတာဂမ်ဘာရီမှာ အမှန်တကယ်သင့်တော်သည့် ပုဂ္ဂိုဟ်ဟု မယုံကြည် တော့ကြောင်း NLD မှထုတ်ဖော် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသမိုင်းတွင် လူအသေအပျောက်အများဆုံး သဘာဝဘေးဆိုးကြီးဖြစ်သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီး ၀င်ရောက်တိုက်ခတ်သည့်အချိန်မှာပင် ဆန္ဒမဲပေးပွဲများ အတင်းအကြပ် ပြုလုပ်စေခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းများအား တုန်လှုပ်ဖွယ်မရှိပေ။ နိုင်ငံတကာမှ ပြစ်တင် ရှုတ်ချမှုများ ပြုလုပ်နေကြသည့်တိုင် ဆိုးဆိုးရွားရွား မုန်တိုင်းဒဏ်ခံစားခဲ့ရသူများထံ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများ ၀င်ရောက်ခွင့်ကို မြန်မာအစိုးရက ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။

လက်ရှိ အနေအထား အရ ၎င်းတို့၏အာဏာတည်မြဲရေးအတွက် ရက်စက်ယုတ်မာသော နည်းမျိုးစုံအား ပေါ်ပေါ်ထင်ထင် အသုံးချနေသော မြန်မာစစ်အစိုးရဗိုလ်ချုပ်များအား သံတမန်နည်းဖြင့် ညှိနှိုင်းသွားရေးမှာ သံသယဖြစ်ဖွယ် မေးခွန်း တစ်ရပ်အဖြစ် တည်ရှိနေသည်။

ထို့ကြောင့် မစ္စတာဘန်ကီမွန်း အနေဖြင့် အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက် နေရုံမျှနှင့်တော့ မြန်မာနိုင်ငံအတွင်း ဆိုးရွားရက်စက်စွာ လူ့အခွင့်အရေး ချိုးဖောက်နေသော လုပ်ရပ်များအား တားဆီး သွားနိုင်မည် မဟုတ်ကြောင်း သဘောပေါက်ရန် လိုအပ်နေပြီ ဖြစ်သည်။

သတင်း – မေခလာမောင် ( လူထုအသံ – ရန်ကုန် )

  

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here