နအဖ လုပ်ရပ်များ ဒီမိုကရေစီ နည်းလမ်း မကျ

Click to enlarge

ဒီမိုကရေစီအကြောင်း အနည်းငယ်မျှ ဖော်ပြချင်သည်။ အရပ်ဖက်စကားဖြင့် ဖွင့်ဆိုရလျှင် ဒီမိုကရေစီ ဆိုသည်မှာ လူအချင်းချင်း တန်းတူညီမျှစွာ လွတ်လွတ်လပ်လပ် နေထိုင် ပြောဆို ပြူမူနိုုင်ကြသည် ဆိုသည့် လူအများ၏ ယုံကြည်အားထား ကျင့်သုံးရာမူ ဖြစ်သည်။  

 

ဒီမိုကရေစီ ရှိသဖြင့် လူတို့သည် အများနှင့်တန်းတူ လွတ်လပ်စွာ သွားလာနေထိုင်နိုင်သည်။ ပြောဆို ဆွေးနွေးနိုင်သည်။ စာပေရေးသား ထုတ်ဝေနိုင်သည်။ ဟောပြောပို့ချ စည်းရုံးနိုင်သည်။ စီးပွားရှာနိုင် သည်။ ဘာသာတရား အားထုတ်နိုင်သည်။ ယဉ်ကျေးမှု ဓလေ့စရိုက်ကို ထိန်းသိမ်းပြန့်ပွားအောင် လုပ် နိုင်သည်။ မွေးရာပါ အခွင့်အရေးများ ပိုင်ဆိုင်ခွင့် ရှိသည်။  လူ့အခွင့်အရေးများ ခံစားပိုင်ခွင့် ရှိသည်။ တရားဥပဒေ စိုးမိုးမှုကို ခံစားပိုင်ခွင့် ရှိသည်။ 

            နိုင်ငံရေးစကားဖြင့် ပြောဆိုရလျှင် ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့၏ ယုံကြည်အားထား ကျင့်သုံးရာ မူကို အခြေခံသည့် အစိုးရ အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ ထိုအစိုးရ အုပ်ချုပ်ရေးများ၌ ပြည်သူလူထု အများစုက ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်နေရသည်။ သို့မဟုတ် လည်း ပြည်သူများက တိုက်ရိုက် ပါဝင်နေရသည်။

            ဒီမိုကရေစီသည် လူအများစု၏ သဘောတူညီမှု ရှိနေသော အုပ်ချုပ်ရေးစနစ်လည်း ဖြစ်သည်။ အုပ်ချုပ် ခံရသူတို့၏ သဘောတူညီမှုအရ ရွေးချယ်တင်မြှောက်ထားသူတို့က ကိုယ်စားအုပ်ချုပ်ပေးရသည်။ ကိုယ်စားပြု အစိုးရ အုပ်ချုပ်ရေးစနစ် ဟုလည်းခေါ်သည်။

            လူထုက တင်မြှောက်ထားသော အစိုးရဖြစ်သဖြင့် လူထုအကျိုးစီးပွားကို မလုပ်ပေးနိုင်သော အစိုးရ ဖြစ်သွားလျှင် လူထုက ဖြုတ်ချပိုင်ခွင့် ရှိသည်။

            ဒီမိုကရေစီစနစ်တွင် အစိုးရက အုပ်ချုပ်ခံပြည်သူအားလုံးတို့၏ လူ့အခွင့်အရေးကို အပြည့်အဝ လေးစား လိုက်နာရုံသာမက ခေတ်ကာလ အခြေအနေအလိုက် လူ့အခွင့်အရေးများကို ကောင်းသထက် ကောင်း အောင် ထိန်းသိမ်းပေးရသည့်တာဝန်ရှိသည်။ ထိုတာဝန်ကို မထမ်းဆောင်နိုင်သော အစိုးရသည် ချက်ချင်းပင် နှုတ်ထွက်ပေးရသည်။

            ဒီမိုကရေစီ၏ နောက်ထပ်ကောင်းကွက်တခုမှာ တရားဥပဒေ စိုးမိုးမှု (Rule of law) ရှိနေခြင်း ဖြစ်သည်။ အစိုးရနှင့်တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က နိုင်ငံအတွင်း တစက္ကန့်မလပ် တရားဥပဒေ စိုးမိုးနေအောင် အပြည့်အဝ ထိန်းသိမ်းပေးရန် တာဝန်ရှိသည်။ ထိုသို့ဖြစ်နေအောင်လည်း လူထုက ထောက်ခံ အတည်ပြုထားသော ခိုင်မာသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ အသုံးချနိုင် ခွင့်က ရှိနေရသည်။

            “တရားဥပဒေ အထက်တွင် မည်သူမျှ မရှိ” ဆိုသည်မှာ ဒီမိုကရေစီစနစ် အမှန်တကယ် ထွန်းကားသော နိုင်ငံတို့တွင်သာ ရှိသည်။ အုပ်ချုပ်ခံ ပြည်သူတို့အတွက် အလွန် အားထားရသည့် အကာအကွယ် ဖြစ်သည်။

            ပြည်သူတို့သည် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်း၌ လွတ်လပ်စွာ နေနိုင်ကြသည်။ ထိုဘောင်အတွင်း ရှိနေသမျှ ကာလပတ်လုံး မည်သည့်အာဏာပိုင် အဖွဲ့အစည်းကမျှ တရားလက်လွတ် အုပ်ချုပ်စေခိုင်း၍ မရနိုင်။ ဖမ်းဆီးချုပ်နှောင်၍ မရနိုင်။ တရားမဲ့ ပြုကျင့်သူမှန်သမျှ တရားဥပဒေက မျက်ကွယ်ပြုရိုး မရှိ။ နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်မှအစ မည်သူမဆို နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက် မရနိုင်လောက်အောင် တရားဥပဒေ စိုးမိုးသည်မှာ ဒီမိုကရေစီကြောင့် ဖြစ်သည်။ 

            တရားသူကြီးများသည် မည်သူ့မျက်နှာမျှ မကြည့်ပဲ လွတ်လပ်စွာ တရားစီရင်နိုင်ကြသည်။ သူတို့၏ ဆုံးဖြတ်ချက်များအတွက် အလုပ်ရာထူးများကို ထိခိုက်စေခြင်းမရှိပဲ အာမခံထားသည်။ တရားသူကြီး ချုပ်၊ တရားလွှတ်တော်ချုပ်၊ ရှေ့နေချုပ် အစရှိသည့် တရားဥပဒေရေးရာတွင် အမြင့်ဆုံးသူတို့အား မည်သူကပင်ခန့်ခန့်၊  ပြည်သူတို့ ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့လွှတ်တော် (ပါလီမန်)က သဘောတူမှ အတည်ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူတို့၏ သဘောတူညီမှုဖြင့် တရားမျှတစွာ စီရင်နိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။

            နိုင်ငံ၏ အချုပ်အခြာအာဏာ သုံးရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့တွင် မည်သည့်ကဏ္ဍမဆို ဒီမိုကရေစီ မူဘောင်နှင့် အနည်းငယ်မျှပင် မလွတ်ကင်းစေပဲ ရှိနေစေရသည်။ ထိုအာဏာသုံးရပ်အပြင် စတုတ္ထမဏ္ဍိုင်ဟု တင်စားရသည့် မီဒီယာကိုလည်း လွတ်လပ်ခွင့် အပြည့်အဝ ပေးထားသည်။ 

            လက်ရှိ မြန်မာနိုင်ငံ၏ မည်သည့်နေရာကို မည်သည့်အချိန်ကြည့်ကြည့် ဤသို့သော ဒီမိုကရေစီကို တည်ဆောက်ပေးနေသည့် အစပျိုး လုပ်ငန်းများကိုပင် မတွေ့ရနိုင်သေးပဲ ဖြစ်နေသည်။

            လွတ်လပ်၍ သမာသမတ် ရှိသော ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း (၂ဝ)အတွင်း နအဖ အာဏာပိုင်တို့ လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ အဓိကလုပ်ငန်းစဉ်များမှ အရေးပါသည့် အောက်ပါ (၅)ချက်ကို ကြည့်ပါ။  

 
  1. ၁၉၉ဝ ရွေးကောက်ပွဲတွင် ပြည်သူတို့က ဒီမိုကရေစီ နည်းလမ်းကျစွာ ရွေးချယ်တင်မြှောက် ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော် (ပါလီမန်)ကို ခေါ်ယူ၍ အစိုးရ မဖွဲ့စည်းနိုင်အောင် နည်းအမျိုးမျိုးဖြင့် ပိတ်ဆို့ထားသည်။
  2. အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား နိုင်ငံရေး လုပ်ဆောင်ခွင့်များကို တင်းကြပ်စွာ ဖြိုခွဲ ချုပ်နှောင်ထားသည်။
  3. အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို မပါဝင်စေပဲ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို (၁၄)နှစ်ကြာအောင် နအဖက သူတို့စိတ်ကြိုက် အတင်းအဓမ္မ ရေးဆွဲနေခဲ့သည်။
  4. ၂ဝဝ၇ ခုနှစ်တွင် မသမာသော နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံလုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ အဆိုပါ အခြေခံ ဥပဒေမူကြမ်းကို ပြည်သူတို့အား အတင်းအဓမ္မ ထောက်ခံစေခဲ့သည်။
  5. လူထုက ထောက်ခံသည်ဟု နအဖက တဖက်သပ် ကြေညာထားသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ၂ဝ၁ဝ ခုနှစ်၌ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ) ရွေးကောက်ပွဲ ကျင်းပ၍ လွှတ်တော်ခေါ်ယူကာ အစိုးရဖွဲ့မည်၊ စစ်အစိုးရက အရပ်ဖက်သို့ အာဏာလွှဲ ပြောင်းပေးမည်ဟု နအဖကပင် ကြေညာထားသည်။ 

 

            မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ဖော်ဆောင်ပါမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကမာ္ဘသိ ကြေညာ နေသော်လည်း သူဦးဆောင်သော နအဖ စစ်အစိုးရမှ လက်တွေ့ လုပ်ဆောင်ခဲ့သည်များမှာ ဒီမိုကရေစီ၏ အခြေခံမူများနှင့် လုံးလုံးကွဲပြားလျက် ရှိနေသည်ကို တွေ့ရသည်။

လွင်အောင်စိုး

၁၈-၈-၂ဝဝ၈

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here