ဥတ္တရ ယဉ်စွန်းတန်းက ခွပ်ဒေါင်းတို့ရဲ့ မာန်ဟုန်ဝင့်သံ (ဇါတ်သိမ်းပိုင်း)

                       

ထမင်းထုပ်များကိုဖွင့်ပြီး လက်မဆေးနိုင်တော့ပါ၊ ထမင်းစားယင်း ရဲဘော်ဗညားနဲ့ ကျနော်တိုင်ပင်သည်။ ကျနော်တို့ ရင်ဆိုင်ကျားတက်ထိုးရန် ကျနော်တို့ တပ်စိတ်၏ လက်နက်များမှာ အကောင်းမရှိ တိုက်ပွဲဝင်အဆင့်ရှိသော လက်နက်မျာကို ရွေးယူသွားပြီဖြစ်သည်။ 

တက်မထိုးဘူး ပြောလျှင်လည်း ခွပ်ဒေါင်းသွေး မနီရာကြတော့မည် သွေးကြောင်သည်ဟု ထင်တော့မည်။ ကျနော်ကိုင်ထားသော ကာဘိုင်သေနတ်မှာ တိုက်ပွဲဝင်အဆင့် မရှိ ကျည်ဆံအတောင့်(၄၀)သာ ရှိသည်၊ ဗညားကိုင်ထားသော စတင်းဂမ်းက ပိုဆိုးသည်။ ထိုကြောင့်ကျနော်နဲ့ ရဲဘော်ဗညားတို့ ကချင်တပ်မှူးနဲ့ လက်နက်အလဲအလှယ် လုပ်ရန်ဆွေးနွေးသည် သူတို့တွင်လည်း မရှိကြောင်း သူတို့နဲ့အတူ တွဲ၍ ကျားတက်ထိုးရန်သာ ပြောနေတော့သည်။    

 

ထို့ကြောင့် ရဲဘော်အငယ်နဲ့ ရဲဘော်ခွက်ကြီးကို နောက်သို့ ပြန်ခေါက်ခိုင်း၍ ကျနော်ရယ် ရဲဘော် ဗညား၊ ကျနော်နဲ့အတူ ဖားကန့်နယ်မြေမှ ပြန်လာသော ရဲဘော်ဝင်းရွှေ၊ ရဲဘော်မြင့်ဝင်း စုစုပေါင်း(၄)ယောက်သည် လက်နက်များ မကောင်းပေမဲ့ ရန်သူကို တပွဲတလမ်း အကဲစမ်းလိုသော သူများဖြစ်သောကြောင့် ကျားတက်ထိုးရန် နေခဲ့ကြလေတော့သည်။ ကျနော်တို့ လေးယောက်နှင့်အတူ ကေအိုင်အေ ရဲဘော်သုံးယောက်သည် ရန်သူနဲ့ အနီးဆုံးတောင်ကုန်း၏ အောက်ခြေတွင် ဖြန့်တက်ရန် နေရာယူထားပြီး ထမင်းထုပ်ကိုဖွင့်ယင်း ထမင်းစားရင်း တက်ထိုးရန် အမိန့်ကို စောင့်နေကြသည်။   

 

      ၄နှစ်မြောက် ၈လေးလုံး အောင်းမေ့ဖွယ် အခမ်းအနားတုန်းက

တော်လှန်ရေး ဆိုတာ

ကျနော်နဲ့ ရဲဘော်ဗညား ကပ်လျက်ထိုင်နေကြသည်၊ ကေအိုင်အေမှ စကားပြောသံများ ကျနော်တို့စက်ထဲကို ၀င်လာသည်။ ကျောင်းသားတပ်မတော်မှ အရာရှိတယောက်ကျတယ်၊ အမိန့်စာ ပြန်တမ်းဖတ်ဖို့ ပြင်နေကြသည်။ မည်သူမည်ဝါ ဆိုတာတော့ အတိအကျမသိပါ။ ရဲဘော်ဗညားမှ ကျနော့်အားလှမ်းပြောသည် “ငါတို့ဆီက တယောက် ကျသွားပြီးတဲ့” လက်နက်ကိုင် တော်လှန်ရေး တရပ်ကို ဆငိနွှဲမှတော့ သေမင်းနဲ့ မိတ်ဖွဲ့ပြီးသားပဲကွာ ဘယ်တတ်နိုင်မလဲဟု ဖြေရင်း ခြင်နဲ့ဖြုတ် တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ရက်ပီတိုခြင်ဆေးရည်ကို မျက်နှာနဲ့နားများကို လိမ်းပြီးအတွေးကိုယ်စီနဲ့ အမိန့်ကိုစောင့်နေကြ၏။

 

မိုးတွင်းဖြစ်သဖြင့်် ယမ်းငွေ့များကိုဖြတ်သန်းပြီး ကျရောက်လာသော မိုးပေါက်များသည် ကျနော်တို့လိမ်းထားသော ခြင်ဆေးများကို အရည်ဖျော်ပစ်လိုက်ပြန်သည်။ ကျနော် ငုတ်တုတ်ထိုင်းရင်း တခါတခါ မှေးကနဲ မှေးကနဲ အိပ်ပျော်သွားသည်။ ကျနော်ရဲ့ ငိုက်မျဉ်းမှုကို မိုးဖွဲမိုးပေါက်များက မဖျက်ဆီးနိုင် သို့သော်လည်း ဖျက်ဆီးနေသော အရာများက ရှိသည် ခြင်နဲ့ဖြုတ်၏ အတင်းအဓမ္မ ထိုးစစ်ဆင်မှုနဲ့ ရန်သူကြေးစားတပ်၏ သွေးရူးသွေးတမ်း ပစ်ခတ်နေသည့် ဂျီဖိုးသေနတ်သံများ ဖြစ်သည်၊ ထိုကြောင့် မှေးကနဲ ငိုက်လိုက် လန့်နိုးလာလိုက်နဲ့ မနက်အရုဏ် အလင်းပိုင်းကို ၀င်ရောက်လာသည် တညလုံး တဖွဲဖွဲကျနေသော မိုးပေါက်မိုးဖွဲကလေးများလည်း ပျောက်ကွယ်သွားပြီ ပါတ်ဝန်းကျင်ကို ကြည့်လိုက်တော မှုံဝါးဝါးနဲ့ မြင်နေရသော သစ်ပင်များတောင်ရိပ်များကို တဖြေးဖြေးနဲ့ ထင်ထင်ရှားရှားမြင်ရလာပြီး………ကျနော်တို့ စကားပြောစက်ထဲကို အသင့်ပြင်ထားရန် ညွန်ကြားချက် တချို့ဝင်လာသည်။       

 

  ညဦးပိုင်း ကုန်းကို ကျားတက်ထိုးခဲ့တုန်းက ရန်သူမှ အပေါ်စီးက အမှောင်ထုကို အကာကွယ်ယူ၍ ကျနော်တို့မတက်နိုင်အောင် ပစ်အားကို သုံးပြီးကာကွယ်ခဲ့သည် ထို့ကြောင့် သုံးကြိမ်တိတိ ကျနော်တို့ဖက်မှ လန်ဆင်းခဲ့ကြရသည်။ ညတိုက်ပွဲကို ဆက်ဆင်နွဲလျှင် ကျနော်တို့ဖက် အထိနာတော့မည် မိမိအင်အားကို မိမိဖြုန်းတီးရာ ရောက်ပေတော့မည်။ ဗိုလ်မှူးလဇိန်ဘောက်သည် ထိုအချက်ကို သိသည် တိုက်ပွဲအတွေ့အကြံု ရင့်ကျက်သူလည်းဖြစ်၍ ထိုကြောင့်မိုအလင်းကို စောင့်နေခြင်းသာ ဖြစ်သည်။

 

                    ဥတ္တရ စစ်မြေပြင်မှာ ကျား တက်ထိုးစဉ်

စိတ်ဓါတ်အင်အားနဲ့ ကျားတက်ထိုးပြီ

            ကျနော်တို့ကို ကျားတက်ထိုးရန် ညွှန်ကြားချက် ၀င်လာလေပြီ။ သစ်ပင်အောက်တွင် တက်ရန် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသော ကချင်ရဲဘော်လေးကို တွေ့သောအခါ ရဲဘော်ဗညားမှ သူ့ စတင်းဂမ်းနှင့် ထိုရဲဘော်လေး ကိုင်ထားသော M(21) သေနတ်ကိုလဲ ယူလိုက်ပြီး ငါတို့တက်တော့မယ် မင်း ဒီမှာပဲနေခဲ့ဟု ပြောကာ တောင်ကုန်းလေးကို ဖြန့်တက်ခဲ့ကြသည်။ ၅မိနစ်ခန့် ဖြေးဖြေးတက်လာ ပြီးသောအခါ ကျနော်တို့ရဲ့ ဘယ်ဖက်တောင်ကုန်းမှ ဂျီ(4)ဖြင့် ရမ်းပစ်နေသည်ကို ကျနော်တို့ သိလိုက်ရသည်။ ကျနော်တို့ကို ညွန်ကြားချက်ပေးတာက ညာဖက်ကို ပစ်ရှင်းပြီး တက်ခိုင်းနေပြန်သည်။ စကားပြောစက်ဖြင့် ကချင်အရာရှိ ဗိုလ်ကို ကျနော်တို့ ပြန်ပြောသောအခါ ဘယ်ဖက်မှာ ကိုယ့်လူတွေရှိတယ် အချင်းချင်း ပစ်မိမည်ဟု ပြန်ပြောသည်။ ကျနော်တို့လည်း ပစ်လိုက် အော်လိုက် ဆဲလိုက် တက်လိုက်နဲ့ သိပ်မကြာလိုက်ပါ ကုန်းကြောထိပ်သို့ ရောက်သွားသည်။ ကျနော်လည်း အော်ဆဲပြီး ပစ်တက် တက်သွားသည် “မအေ- ိုးတဲ့    ခွေးတွေ ဘယ်ရောက်ကုန်ပြီလဲ ထွက်ခဲ့လေ” အော်သာအော်သည် ဘယ်ဖက်မှလည်း ပစ်ခတ်မှု မရှိတော့ချေ၊ ကုန်းပြောင်ပြောင် အလယ်တွင် ပစ္စည်းတွေကို စုပုံံထားသည်၊ တောစပ်တွင် သေနေသော ရန်သူ့ရဲဘော် ကလေးစစ်သား အလောင်း(၂)လောင်းကို မဆွဲနိုင်ပဲ ပစ်ထားသည်ကိုသာ တွေ့ရသည်။    

 

            တချို့ နေရာများတွင် အလောင်းများကိုမြုှပ်ထားသော မြေစာပုံများနှင့် မကွဲသော ကေအိုင်အေ လုပ် လက်ပစ်ဗုံးများကိုလည်း တွေ့လိုက်ရသည်။ အခြေအနေကို ကျနော်သုံးသပ်လိုက်မိသည် ရန်သူလည်း တော်တော်အထိနာ သွားပုံရသည်။ ကျနော်သည် ကုန်းကြောပြောင်ပြောင်တွင် (၂)မိနစ်ခန့် ဟိုလျှောက်ဒီလျှောက်နဲ့ ကျနော့်ရဲဘော်များအား လှမ်းပြောနေသည် “ ဒီမှာ ပစ္စည်းတွေ ဒီကောင်တွေ သယ်တောင်မသွားနိုင်ဘူး ” ထိုအချိန်မှာ ကျနော်နဲ့(၅)လှမ်း အကွာတွင် သစ်ပင်အကြီးတပင် ခြေရင်းမှ ခေါင်းတလုံး ပြူထွက်လာပြီး ကျနော့်ကို လှမ်းမေးလိုက်သည် “မင်းတို့ ဘယ်အဖွဲ့ကလည်း အခြေအနေကို သူစကားဆုံးတာနဲ့ တွက်ဆမိသောကြောင့် ကျနော်နောက်ကို ချက်ချင်းလှည့်၍ ကျန်သူများပါပစ်နိုင်ရန် “ရန်သူ”ဟု ကျနော်အော်လိုက်သည်နှင့် နှစ်ဖက်၏ ပစ်ခတ်သံများ ဆူညံသွားတော့သည်။ ရဲဘော်ဗညားမှ ကျနော့်အား လှမ်းပြောလိုက်သည် ဟိုမှာ ၀င်းရွှေလဲနေပြီ ထိသွားပြီ” ဒါဆိုရင် မင်းနဲ့ငါသွားဆွဲမယ်။ ကျနော်တို့ နှစ်ယောက် ရဲဘော်ဝင်းရွှေဆီရောက်လို့ သူ့သေနတ်ကို ရဲဘော်ဗညားမှ ကောက်ကိုင်လိုက်ရင်ပဲ ရန်သူရဲ့သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရဲဘော်ဗညားမှ ကျနော့်အားလှမ်းပြောသည် “ငါတော့ ထိသွားပြီ” ကျနော်လည်း သိချင်ဇောနဲ့ ဘယ်မှာထိတာလဲဟု မေးလိုက်မိသေးသည်။          

 

ငါမသိဘူး မင်းငါ့ကို ကာပစ်ပစ်ပေး ငါကုန်းအောက်ကို ဆင်းပြေးမယ်” ကျနော် ကာပစ် ပစ်ပေး နေသောအချိန်တွင် ရဲဘော်ဝင်းရွှေ သေနတ်ကိုကိုင်ပြီး ရဲဘော်ဗညား ပြေးဆင်းသွားသည်။ ကျနော်ဗညားကို တချက်လှည့်ကြည့်လိုက်သည် သူ …. ပြေးအဆင်းကို ရန်သူ၏ ကျည်များသည် သူ၏ ဘေးနားတွင်ရှိသော သစ်ကိုင်းသစ်ရွက်များကို တဖေါက်ဖေါက်မြည်သံနှင့် ထိုးဖေါက်ဖျက်စီး နေကြသည်။ ကျနော်တို့ သူတို့ရဲ့ပစ်ကွင်း၊ သတ်ကွင်းထဲကို ရောက်နေကြပြီ် ဆိုတာကို သိလိုက်ရသည်။ ရန်သူက သူတို့အင်အားခြင်း မယှဉ်နိုင်သည်ကို သိ၍ ပစ္စည်းများကိုပုံကာ နည်းပရိယာယ် ဆင်ထားခြင်းဖြစ်သည်။ ရန်သူရဲ့ လှည့်စားမှု စစ်နည်းဗျုဟာ အကွက်ထဲကို ကျနော်တို့ ရောက်နေခြင်းဖြစ်သည်။ ရဲဘော်ဗညားတော့ လွတ်သွားပြီ ကျနော်ပြားပြားဝပ်၍ ရန်သူ့ပစ်ကွင်းထဲမှာ ကျန်နေသည်၊ ခေါင်းထောင်၍လည်းမရ ရဲဘော်ဝင်းရွှေ၏ ဒါဏ်ရာ လိုက်ရှာကြည့်နေမိသည် ကိုယ်ပေါ်တွင် ဘာဒါဏ်ရာမှ မတွေ့ရပါ။ သူရဲ့ နောက်ဖက်သစ်ရွက်များပေါ်တွင် ဖြူဖြူအဖတ်များ ကိုသာေတွေ့ရသည်။ ထိုကြောင့် သူမျက်နှာကိုကြည့်မိလိုက်သည်။ နဖူးတွင် မှန်ထားသောကြောင့် ဦးခေါင်းနောက်ပိုင်း ပွင့်ထွက်သွားသည်။ သစ်ရွက်ပေါ်တွင် တွေ့လိုက်သော ဖြူဖြူအဖတ်တွေက သူရဲ့ဦးနှောက်များ ထွက်နေခြင်းဖြစ်သည်။   

 

          ရေခဲပြင်ပေါ်က မြောက်ပိုင်း ကျောင်းသားတပ်မတော်

ဒဏ်ရာရပြီ

သေနတ်သံနဲနဲ ကျဲလာသောကြောင့် ရဲဘော်ဝင်းရွှေရဲ့ အီကွတ်မင့်ကို ဖြုတ်ရန် ခေါင်းထောင်လိုက််သောအခါ ရန်သူရဲ့ပစ်ခတ်တဲ့ သေနတ်သံနဲ့အတူ ကျနော်၏ဦးခေါင်းကို အလွန်မတန်မှကြီးမားတဲ့ တူကြီးနဲ့ အထုခံရသကဲ့သို့ ဖြစ်သွား၍ဝပ်လျက် မိချောင်းသွားကို နောက်ပြန်ဆုတ်သွားပြီး ၀ပ်နေလိုက်သည်။ သိပ်မကြာပါ ကျနော်ရဲ့ဆံစများမှ နေ၍ သွေးစက်ကလေးများ စတင် စီးဆင်းလာသည်။ ထိုအခါမှ ကျနော်အသိ ပြန်ဝင်လာပြီး ဦးခေါင်းကို လက်နဲ့စမ်းကြည့်သည် ရဲဘော်ဝင်းရွှေကဲ့သို့ ဦးခေါင်းတွင် အပေါက်ဖြစ်နေသည်ကို မစမ်းမိ သို့သော်ဦးခေါင်းမှ သွေးများစီးကျလာသည် တဖြည်းဖြည်းများလာသည်။  အတွေးတခု ကျနော်တွင်ဝင်လာသည် ထိထားသည့် ဒဏ်ရာမှာ သေလောက်တဲ့ ဒဏ််ရာ ဟုတ်မဟုတ် ကျနော်မသိနိုင် သွေးပူနေချိန်ဖြစ်သည်။ ငါသေရင်တော့ ဒီကုန်းပေါ်မှာ မသေချင် ရဲဘော်တွေရှိတဲ့ နေရာမှာသာ ပြန်သေချင်သည်ဟု စဉ်းစားမိသည်။ ကျနော်ဝပ်နေသည့် နေရာနှင့် နှစ်လှမ်းခန့်မျှ ဆင်းပြေးနိုင်လျှင် ပစ်ကွင်းက လွတ်သည်။ သို့သော် ကျနော်မှာ ခေါင်းထောင်ဖို့ကို အခြေအနေ မပေးဖြစ်နေသည်။

 

ကျနော်ငြိမ်ငြိမ် နေလိုက်သောကြောင့် ရန်သူက ကျနော်သေပြီဟု ထင်ပုံရသည် သေနတ်သံ ခဏရပ်သွားသည်။ ကျနော်သည် လူရွှင်တော်များ ပျက်လုံးထုတ်သည့် မဟာဇနက္က စကားသုံးခွန်း ဆိုတာကို သွားသတိရမိသည် သင်္ဘောရွက်တိုင်ပေါ်က မခုန်ချခင် စကားသုံးခွန်းပြောဘူးတယ် အဲဒါက တစ် နှစ်  သုံးတဲ့ ကျနော်သေဘေးနဲ့ ကြံုတော့ မဟာဇနက္ကထုံးကို နှလုံးမူပြီး သေနတ်သံလည်း တိတ်ရော တစ်… နှစ်… သုံး ဆိုထပြေးတော့ ရန်သူကျည်ဆံများ ကျနော်နောက်ကို အပြေးအလွှား ဒလဟော လိုက်လာကြသည်။ သိုသော် ကျနော်ကိုမမှီ  ကျနော်ပစ်ကွင်းက လွတ်လာတော့ ကျန်နေတဲ့ ရဲဘော်မြင့်ဝင်းကို ထပ်လှမ်းခေါ်လိုက်သည်။ “မြင့်ဝင်း ဆုတ်မယ် မင်းတယောက်ထဲ မနေခဲ့နဲ့” “ဟုတ်ကဲ့ ကျနော် လေးငါးချက်လောက်တော့ ပြန်ပစ်လိုက်မယ်”ဟု ပြန်ပြောပြီး ဆက်ပစ်နေသည်။

 

ပြီးတော့မှာ ကုန်းပေါ်တွင် စစ်တပ်မှ လည်းစည်းတခုကို ဖြုတ်ယူနေသည်။ အဝါရောင် လည်စည်းလေးကို ကြည့်လိုက်တော့ ခမရ(၂၅၉)စာတမ်းကို ထိုးထားသည်။ ထိုအချိန်တွင် ကျန်နေသော ကေအိုင်အေမှ ရဲဘော်များရောက်လာကြသည်။ ကျနော်က အေအိုင်အေ တပ်စိတ်မှူးကို “ငါတို့တော့ထိထားပြီ ပြန်ဆင်းတော့မယ် ဒီကောင်တွေ ပစ်အားက နှစ်ယောက်လောက်ပဲဲ ရှိတော့တယ်”ဟု ပြောပြီးဆင်းလာကြသည်။ ကုန်းအောက်နားတွင် သွေးတိတ်ဆေးနဲ့ အသင့်စောင့်နေသော ဆေးမှူးနှစ်ယောက်ကို တွေ့သည်။ ထိုဆေးမှူးနှစ်ယောက်သည် ကျနော်နဲ့ ရဲဘော်ဗညားကို  လက်မောင်းကို အကျီမချွတ်ပဲ သွေးတိတ်ဆေးတချောင်းစီ ထိုးပေးပြီး။ ကျောင်းသားဆေးမှူး ဗြောက်သောက်(နံမည်ပြောင်)နဲ့ ကျန်ရဲဘော်တယောက် ခေါ်ဆောင်လာသည့် ကျောင်းသားနဲ့ NLD(LA) ရှိတဲ့ နေရာကို ပြန်လာခဲ့တော့တယ်။

 

အဆိုးထဲတွင်ကံကောင်းကြသူများ

ကျည်လွတ်ရာ ပြန်ရောက်မှ ကျနော်တို့ ဒဏ်ရာများကို ထုံးဆေးမပါ အစိမ်းချုပ်ကြသည်။ ကျနော်က ဦးခေါင်းထိပ်တွင် ရှပ်မှန်းပြီး ရဲဘော်ဗညားမှာ နောက်ကျောကို ကျောပိုးအိတ်နဲ့ကြားမှ ဖောက်ထွက်သွားပြီး အသီးသီး ရှပ်မှန်ကြသည်။ ကျနော်တို့ နှစ်ယောက် ကံကောင်းသည်လို့ ပြောရမည်။ ကျနော်ကို နောက်ထပ်(၀ ့၅) စင်တီမီခန့် ဒဏ်ရာအောက်ကျလျင် ကျနော်အသက်ရှင်စရာ အကြောင်းမရှိ။ ရဲဘော်ဗညားသည်လည်း နောက်(၀့ ၅ )စင်တီမီတာ လောက် ဒဏ်ရာအထက်ကို တက်လျှင် အာရုံကြောကိုထိ၍ အောက်တပိုင်းလုံး သေသွားနိုင် သည်။ ကျနော်၏ ကျောပိုးအိတ်ကြည့်လိုက်ရာ ကျည်ဆံဖောက်ထားသည့် အရာများကိုတွေ့ရသည်။ ကျောပိုးအိတ်အတွင်းမှ အဝတ်အစားများတခုမှ အကောင်းမရှိ၊ မုတ်ဆိတ်ရိတ်တဲ့ဗူးကို ထိမှန်သွား၍ ဘရိတ်ဓါးများ ကော့လန် ကောက်ကွေးသွားသည်။ သို့သော်ကံဖယ်သည်ဟု ပြောနိုင်မည် ကျောပိုးအိတ်ထဲတွင် ထည့်ထားသော ယမ်းဘီလူး(တီအန်တီ)နဲ့ ကက်ကို ထိမှန်ခြင်းမရှိပေ၊ အကယ်၍များ ကက်နဲ့ တီအန်တီကို ထိမှန်လျင် ထပေါက်ပွဲပြီး ကျနော်၏ ခန္ဓာကိုယ်မှာ တစစီဖြစ်သွားမည် သေခြာသည်။ အခုတော့ ကံကောင်းသောကြောင့် သေဘေးမှလွတ်လာသည်။

 

 တချို့ရဲဘော်များ ကျဆုံးသွားခဲ့သည်ကို  မျက်မြင်တွေ့ခဲ့ရသောကြောင့် စိတ်မကောင်းဖြစ်နေရသည်တော့ အမှန်ပင်ဖြစ်သည်။ ကျနော်တို့ဆင်းခဲ့ပြီး သိပ်မကြာလိုက်ပါ နံနက်(၁၀)နာရီကျော်ကျော်တွင် ကုန်းကိုအပြီး သိမ်းလိုက်နိုင်ပြီဟု သတင်းဝင်လာသည်။           နေ့လည်ပိုင်းရောက်တော့ အပြီးအပိုင် ရှင်းလင်းပြီး ရန်သူတပ်မှရသော လက်နက်ကြီး ကျည်ဆံများလက်နက်များ  စားစရာရိက္ခာများ စသည်တို့ကို အများအပြား သိမ်းစည်းရမိသည်။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ခဲ့သော စစ်ကြောင်းကို ဒုဗိုလ်မှူးကြီးတင်အုန်း ဦးဆောင်ပြီး ခမရ(၂၅၈)မှ တပ်ခွဲတခွဲနဲ့ ခမရ(၂၅၉)တပ်ခွဲတခွဲ ခြေမြန်တပ်များဖြင့် ကျနော်တို့ ဂွင်ကို ထိုးစစ်လာခြင်းဖြစ်သည်။ ခမရ(၂၅၉) ခံပစ်နေချိန်တွင် ခမရ(၂၅၈)မှ စစ်ကူသွားခေါ်ရန် လွှတ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန် ကျနော်တို့ ကျောင်းသားများ မြန်မာစကားပြော၍ တက်သွားခြင်းကို သူတို့စစ်ကူလာခဲ့သည်ဟု ထင်ခဲ့သည်။ အပစ်ခဏရပ်ပြီး လှမ်းမေးသောကြောင့် ကျနော်တို့အား ကြောင်ပြီး ပက်ပင်း တိုးခဲ့ခြင်းဖြစ်သည်။ နယ်မြေတဝိုက် ရှင်းလင်းသောအခါ တချို့စစ်သားများသည် ငှက်ဖျားမိပြီး လမ်းဘေးတွင် သေနတ်များကိုချကာ ငုတ်တုတ်ထိုင်နေသည်ကိုသာ တွေ့ရသည်။ နောင် … ထိုသုံ့ပန်း စစ်သားများကို ဖမ်းမိ၍ဆေးကုပေးပြီး ပြန်လွှတ်လိုက်သည်ဟု သိရသည်။

 

             ယဉ်စွန်းတန်းမှာ နေရစ်ပေတော့ ရဲဘော် ၀င်းရွှေ

 ရန်သူတော့ တော်တော်အထိနာသွားသည် တပ်ခွဲ(၂)ခွဲလည်း ဖွဲ့စည်းပုံပျက်ပြီး တစစီဖြစ်သွားသည်။ ဒုဗိုလ်မှူးကြီးတင်အုန်းလည်း ဘယ်လိုထွက်ပြေးသွားသည်မသိ လွတ်မြောက်သွားသည်။ ကျနော်တို့ဖက်လည်း ၁၁ယောက်ကျဆုံး၍ သုံးဆယ်ကျော်ဒဏ်ရာရသည်။ ထိုတိုက်ပွဲတွင် ကျနော်တို့ ကျောင်းသားတပ်မတော်မှာ အတွင်းရေးမှူး ရဲဘော်မျိုးဝင်း နဲ့ ရဲဘော်ဝင်းရွှေနှစ်ယောက် ကျဆုံး၍  ကျနော်တို့နှစ်ယောက် ဒဏ်ရာရသည်။    ကျနော် ပြန်စဉ်းစားမိသည် တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးသွားသူများဟာ စနစ်ဆိုးရဲ့ သားကောင်များသာဖြစ်သည်။ စစ်ကိုမတိုက်ချင်ပဲ တိုက်နေကြရသည်ကို ကျနော်မျက်မြင်တွေ့ခဲ့ပြီး သေဆုံးကျဆုံးသွားသူများမှာ ဘာအပြစ်မှမရှိကြပါ မိမိအာဏာအတွက် စနစ််ဆိုးကို ဖန်တီးသူများသာ တာဝန်အရှိဆုံး ဖြစ်နေလေတော့သည်။

 

 ရှေ့တန်း တောတွင်းဆေးရုံ

ကျနော့်မှာ ဒဏ်ရာသွေးထွက် များထားတာရယ် အိပ်ရေးပျက်ထားတာရယ် ယမ်းငွေ့များကြောင့်ရယ် ခေါင်းမူးနေသည်၊ ရဲဘော်ဗညားသည်လည်း ကျနော်ကဲ့့သို့ဖြစ်နေလိမ့်မည်ဟု ကျနော်ထင်မိပါသည်။ ကျနော်တို့နှစ်ယောက်ရဲ့ ဒဏ်ရာတွေကို အသီးသီးချုပ်ပြီးသောအခါ ကျနော်တို့ရဲဘော်များမှ ထမင်းယူလာပေးသည် ဟင်းကတော့ အမဲသားဟင်းပေါ့ ထမင်းစားပြီးသောအခါတွင် အခါမှေးစင်းလာသော မျက်လုံးများကို အနားပေးရန် ကျနော့်တို့ တရေးစီ စိတ်ချလက်ချ အိပ်ပြစ်လိုက်ကြသည်။ အိပ်ယာမှနိုးသောအခါ ဆေးရုံမှာ ကျနော်တို့နှစ်ယောက်သွားနေရမည် ဆိုသောကြောင့် ဆေးရုံရှိရာဖက်သို့ လာခဲ့ကြသည် ဆေးမှူးများကို ကျနော်တို့နာမည်များ စာရင််းသွင်းပြီး သူတို့နေရာချထားပေးသော နေရာတွင်လှဲချလိုက်သည်။ ဆေးရုံဆိုပေမဲ့ မြို့ဆေးရုံများလို မထင်လိုက်နဲ့ လူနာများနေဖို့ တဲတန်းရှည်တခုသာဖြစ်သည်။

 

ဆေးရုံဆိုသောနေရာတွင် ဆေးမရှိပါ ကျနော်တို့ဒဏ်ရာ ကျက်ရန် ပယ်နယ်စလင် မထိုးပေးနိုင်ပါ။ ဒဏ်ရာပြင်းထန်သော သူများကိုသာ ပယ်နယ်စလင်းထိုးပေးသည် အဘယ်ကြောင့်ဆိုသော် ဆေးဝါးအလုံလောက် မရှိသောကြောင့်ဖြစ်သည်။ ဆေးရုံတွင် ကချင်တိုင်းရင်း ဆေးဆရာများလည်း ပူတွဲထားသည်။ ထိုတိုင်းရင်း ဆေးဆရာများသည် တောထဲတွင် သဘာဝတောတောင် တောဆေးမြစ်များနဲ့ လူနာများကိုကုသည်။ ရဲဘော်ဗညားကိုတော့ ဆေးရွက်တမျိုးထောင်းပြီး တိုက်သည် ကျနော့်ကိုတော့ ဆေးရွက်တမျိုးကို တရက် သုံးကြိမ်းဝါးစားရသည်။ ထိုတိုက်ပွဲတွင် ဒဏ်ရာရသူများထဲတွင် ကျနော်တို့နှစ်ဦးမှာ အသက်သာဆုံးဖြစ်နေသည်။ ကချင်ရဲဘော်များသည်လဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကြသည်။ အနာရင်းမှာ ဆိုသောကြောင့်လား မသိ စားစရာကိုတော့ တခြားမကျွေးပါ၊ ဆွန်ထန််(မုန့်ညှင်းချဉ်ခြောက်) ဟင်းရည်တမျိုးတည်းသာ ကျွေးသည်။ စားစရာတခြား ဘာမှမရှိ တောထဲတွင် ဝယ်စား၍လည်း မရ၊ ဒါပေသိ ကျနော်တွင် နို့ဆီတဗူးပါလာသည်။ ထိုနို့ဆီးဗူးသည် ရန်သူ့ထံမှ သိမ်းဆီးပစ္စည်းများတွင် ပါလာ၍ ကျနော်၏ ရဲဘော်မောင်မဲ(ယခုသေဆုံး)ဲမှ ကျနော့်အား လာပေးထားခြင်းဖြစ်သည်။ ကျနော်တို့နှစ်ယောက် ထိုနို့ဆီဗူးလေးကို ဖျော်သောက်ပြီး အားမွေးနေကြရသည်။     

       

နောက်တရက်တွင် ထိုဗျူဟာစခန်းတွင် တိုက်ပွဲနိဂုံးချုပ် သုံးသပ်ချက် အစည်းဝေးတခု ပြုလုပ်ပြီး ဗျူဟာစခန်းတခုလုံး ပြန်ဆုတ်ခွာမည်ဟု ညွန်ကြားချက် ရောက်လာသောကြောင အားလုံးပြင်ဆင်ကြရသည်။ လူနာတွေထဲတွင် လမ်းမလျှောက်နိုင်သူက များသည်၊ ထိုလူနာများကို ထမ်းစင်များနှင့် ထမ်း၍ခရီးထွက်ကြ  ပြန်သည်။ လမ်းတွင် အင်းကြီးတခုကို ဖြတ်ရသည် ထိုအင်းကြီးသည် မိုးတွင်းဖြစ်နေသောကြောင့် ရေပြည့်နေသည်။ ကျနော်တို့ ဖြတ်ကြတဲ့အခါ ပခုံးထိရေမြုပ်နေသည်။ လူနာများကို ထမ်းရသော ရဲဘော်များမှာလည်း လူနာတွေကို ရေမထိအောင်မကြရသည် ထမ်းကြရသည်၊ တော်တော်ခက်ခက်ခဲခဲ နိုင်လှသည်။ ရဲဘော်ဗညားမှာ ကျောက ဒဏ်ရာမပြင်းသောကြောင့် လမ်းလျှောက်ရသည် လျှောက်လည်း လျှောက်နိုင်သည် ရေးကူးရမည်ဆိုသောအခါ အနာကိုရေမစိုအောင်းကူးဖို့ အခက်ခဲဖြစ်လာသည်။

 

ထိုကြောင့် ပလပ်စတစ်ရေပုံးကို လုံအောင်ပိတ်ပြီး ဝမ်းဗိုက်အောင်တွင် ထည့်ကာ ရေပြင်ကျယ်ကြီးကို ကူးရပြန်သည်။ အင်းကြီးဖြတ်ပြီးသောအခါ ကျနော်တို့ စစ်ကြောင်းကို အသင့်ကြိုဆိုနေသော ကိုင်းကွင်းကျယ်ကြီးကို တဖန်တွေ့လိုက်တော့ ကြည်နူးမိသလိုလို ဒီ… မျက်စိတဆုံး ဖြစ်နေတဲ့ ကွင်းပြင် ကြီးကိုကြည့်ပြီး ငါတို့ တော်လှန်ခရီးလမ်းဟာလည်း ဘယ်လောက်ကြာရှည်စွာ ဖြတ်သန်းကြရအုံးမလဲ မသိဟု တွေးတောရင်း ခံစားမှု ရင်မှာ မောဟိုက်လာပြန်သည်။ ထိုကိုင်းကွင်းကို တနာရီမျှ လျှောက်ပြီးသောအခါ ကွင်းထဲတွင် အင်ပင်များကို တစတစနှင့် တွေ့မြင်လာရပြန်သည်။ ထိုအခါ ကျနော်စိတ်တွေ နဲနဲတက်ကြွလာပြန်သည်၊ ကျနော့်အတွေ့အကြံုအရ အခုလို အင်ပင်တွေ စိတ်လာလျှင် မကြာသောအချိန်တွင် ကိုင်းကွင်းကြီး အဆုံးသတ်တော့မည်။ သိပ်မကြာလိုက်ပါ ကိုင်းကွင်းဆုံး၍  တောတန်းရှည်ကလေးကို ချဉ်းနင်းဝင်ရောက်လာ ခဲ့ကြပြီ။     ကျနော်တို့ စစ်ကြောင်းကြီးသည် လူဦးရေများသောကြောင့် ခရီးမတွင်လှပေ လူနာများကို တရုတ်နယ်စပ်ရောက်မှ ဆေးပြည့်ပြည့်စုံစုံနဲ့  ဆေးကုသရမှာ ဖြစ်သောကြောင့် ရည်မှန်းချက်ကို ရောက်ရန် နေ့ရော ညပါ ခရီးနှင်ကြသည်။   

 

 သဲတွေကလည်း ဒုက္ခပေးတတ်တယ်

ခရီးစထွက်လာပြီး နှစ်ရက်အကြာရောက်တော့ လမ်းလျှောက်သူတွေ စစ်ကြောင်းကို မှီရန်ကြိုစားပြီး လိုက်နေကြရသည်။ မိုးရာသီးတွင် ခရီးထွက်ရတော့ ခန္ဓာကိုယ် အောက်ပိုင်းသည် အမြဲစိုစွတ်နေသည် လမ်းခရီးတွင် ရေချောင်းငယ်ပေါင်းများစွာ ရေအိုင်ပေါင်းများစွာကို ဖြတ်ကျော် လျှောက်ခဲ့ရသောကြောင့် ကျနော်တို့၏ ခြေထောက်များကို သဲမှုန်ကလေးများ ၀င်ရောက်ဒုက္ခပေးလာသည်။ ကျနော်တို့စစ်ကြောင်းတွင် လူတိုင်းသဲဝဲစားခြင်းကို ခံကြရသည်။ နားသောအချိန်များတွင် စစ်ဖိနပ်ကိုချွတ်လိုက်လျှင် ခြေထောက်များသည် ပဲကြီးတွန့် တွန့်ပြီး နီရဲကာကိုက်နေတော့သည်။ မိုးတွင်းစစ်ဖိနပ်စီး၍ ခရီးရှည်ထွက်သောအခါ ကြံုတွေ့သည့် ဒုက္ခတမျိုးပင်၊ ထိုအချိန်မျိုးတွင် ဖိနပ်မပါဘဲလမ်းလျှောက်လျှင် မြက်ပင်ပဲဖြစ်ဖြစ် တခြားဘယ်အရာနဲ့ဖြစ်ဖြစ် ထိမိလျှင် အသည်းခိုက်နာကြရသည်။ ထိုအခါ ကျနော်သည် ခေါင်းကဒဏ်ရာက ပြည်စတည်နေပြီ ကျနော်တို့ နေ့ရောညပါ သုံးရက်ခရီး အပြင်းနှင်ခဲ့သောကြောင့် ဧရာဝတီမြစ်ကို ရောက်ခဲ့ပြီ။ နေရာကို စုံစမ်းကြည့်တော့ ဆင်ဘိုအထက်နားကနေ ဧရာဝတီမြစ်ကိုဖြတ်ရမည်။ အခုတော ဧရာဝတီရဲ့ အနောက်ဖက်ခြမ်း တောတွင်းတနေရာတွင် အိပ်ကြ၍ မြစ်ကူးရန် စီစဉ်မှုကို စောင့်ကြခြင်းဖြစ်သည်။

 

နံနက်(၃)နာရီတွင် ထ၍ မြစ်ကမ်းသို့ ရောက်အောင် လမ်းနဲနဲ ဆက်လျှောက်ခဲ့ကြသည်။ မြစ်ကမ်းနံဖူးကို ရောက်သောအခါ အမှောင်ထုကို အကာကွယ်ယူပြီး လက်ဖြင့်လှော်သောလှေ ငါးစီးဖြင့် ကျနော်တို့ လူတွေကို ခေါက်တုန့်ခေါက်ပြန် ကဲကြိုနေသောရွာသားများကို တွေ့ရသည်။ စစ်ကြောင်းက လူများသောကြောင် ့ကျနော်တို့စီးရသော အချိန်သည် နံနက်ငါးနာရီးကျော် ခြောက်နာရီးနီးပါး      ဖြစ်နေပြီး မိုးလင်း၍အရာရာကို ထင်ထင်ရှားရှား မြင်တွေ့နေရပြီ မြစ်အရှေ့ကမ်းရောက်တော့ ကျနော်တို့ လမ်းဆက်လျှောက်ရသည် မိုးကလေးက တဖွဲဖွဲရွာနေသည် ဧရာဝတီမြစ်ထဲသို့ စီးဝင်နေသော ချောင်းသေးလေးတခုကို ဖြတ်ကြရသည်။ ချောင်းကလေးမှာ ရေအနည်းငယ်သာရှိပြီး သူ၏ကမ်းပါးဇောင်းမှာ ဝါးတပြန်မျှ မြင့်နေသောကြောင့် ချောက်တခုကဲ့သို့ ဖြစ်နေပြန်သည်။

 

  စနစ်ပြောင်းချင်လို့ တိုက်တဲ့သူတွေရဲ့ ၄နှစ်မြောက် အထိမ်းအမှတ်နေ့

ထိုကမ်းပါးဆောင်းလေးကို ဖြတ်ကူးရန်အတွက်  သစ်ပင်ငယ််တပင်ကို လှဲထားပြီး ဘေးနှစ်ဖက်တွင် ဝါးဖြင့်လက်တန်းကလေး လုပ်ထားသည်။ တံတားလေးမှာ ကနွဲ့ကလျနဲ့ ကျနော်တို့စစ်ကြောင်းမှ သူများသွားလို့ရအောင် ကြိုးစားအားယူနေဟန်နှယ်။ ကျနော်ထိုတံတာလေးကို ကူးဖို့အလှည့်ရောက်လာတော့ အရှေ့က သူများသွားထားသောကြောင့် ထိုတံတားလေးမှာ ရွှံ့တွေနဲ့ချော်နေလို့။ ကိုယ်ပေါ်က ကျောပိုးအိတ်တလုံး အီးကွတ်မင့်နဲ့ သေနတ်ကို လွယ်ထားရ၍ မိုးဖွဲဖွဲကလေးရွာအချိန်မှာ ရွံများနဲ့ ချော်ပြီးမကျသွားအောင် ဝါးတန်းနှစ်ဖက်ကို သေသေချာချာ အားပြုထားရသည်။ ထိုအချိန် သတ္တဝါတမျိုးက ဒုက္ခပေးပြန်သည် အဲဒါကတော့ တခြားအကောင်ကြီးများ မဟုတ်ပါ “ဖြုတ်”များသာဖြစ်သည်။ ကျနော်၏အရေပြားသည် သူများနဲ့မတူ ခြင်နဲ့ ဖြုတ်ကိုက်ခံရလျှင် ပိုယားတတ်သည် အဖုများမှာ ပိုပြီးကြီးယောင်ကာ အဆိပ်တက်လွယ်သည်။ အခုတော့ သွေးဆာနေသော ထိုသတ္တဝါများ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းကို ခံစားရပြီး လက်နှစ်ဖက်က ဝါးတန်းနှစ်ခုကို ကိုင်ထားရသည် ခြေထောက်က ချော်မကျ   အောင်ရွေ့လျား ရပြန်သည်။ မျက်နှာနဲ့ နားရွက်များကို ပြွတ်သိတ်အောင် ကိုက်သဖြင့် လက်တဖက်က တခါခါလှုပ်ရှားကာ ဖြုတ်များနဲ့ပြွတ်သိပ်နေသော မျက်နှာကို လှမ်းပွတ်သပ်ရသည် ပြုတ်မကျအောင်လဲ ယိမ်းထိုးနေသော တံတားကိုထိန်းပြီး လျှောက်ရသေးသည်။  

 

မျက်နှာကို သဲနဲ့ဆုပ်ပက် သကဲ့သို့ဖြစ်နေသည် ကျနော်ဘဝတွင် ဤကဲ့သို့ ဆိုးဆိုးဝါးဝါး ဖြုတ်ကိုက်ခံရခြင်း မကြံုဘူးပါ ထိုတံတားလေးကို မိနစပိုင်းမျှ ဖြတ်ကူးပြီးသောအခါတွင် ကျနော့်မျက်နှာတခုလုံးမှာ ဖြုတ်ကိုက်ခံရသောကြောင့်် ယားယံလွန်းလို့ မျက်နှာဆက်တိုက်ကို ပွတ်နေမိသည်။ အီကွတ်မင့်ထဲမှ မှန်ကလေးကို ထုတ်ကြည့်လိုက်တော့ မျက်နှာတွင် အပိန်းပိန်းတွေ ထပြီး ယောင်ကိုင်းနေသည်။ ကျနော်တို့မိနစ်(၃၀)ခန့် ဆက်လျှောက်ပြီးသောအခါတွင် တောင်ယာဟောင်းတခုသို့ ရောက်ခဲ့ကြသည် ထိုတောင်ယာဟောင်းတွင် အရှေ့မှာ ရောက်နှင့်သူများက နားနေကြပြီဖြစ်သည်။ နောက်ချန်အဖွဲ့များလည်း မြစ်ရဲ့ အရှေ့ခြမ်းသို့ ကူးလာပြီ ဖြစ်သောကြောင့် ထိုတောင်ယာဟောင်းတွင် နား၍ နံနက်စာ ချက်စားကြသည်။          

 

အား မရှိတော့ဘူး

တောင်ယာဟောင်းတွင် ပါလာသော ရိက္ခာများဖြင့် ချက်ပြုတ်စားကြသည်။ သို့သော် ပါလာသောရိက္ခာတွင် အရေးအကြီးဆုံးဖြစ်တဲ့ ဆားက အလုံအလောက် ပါမလာ။ တောတွင်း တော်လှန်ရေးသမားများအတွက် အဓိက ရိက္ခာမှာဆန်နဲ့ဆားပဲဖြစ်သည် ကျန်တဲ့ဟင်းကိုတော့ သဘာဝက ပေးထားပြီးဖြစ်သည်နှင့် အမျှ ရှာဖွေစားသောက်ရသည်။ မြစ်ကိုကူးပြီး ဒုတိယနေ့ ကျနော်တို့တွင် ဆားလုံးလုံးပြတ်သွားသည် စစ်ကြောင်းတွင် ပါလာသော(NLD_LA)အဖွဲ့တွင် သွားရှာကြည့်တော့ သူတို့လည်း ကျနော်တို့နဲ့ အတူတူ ဆားပြတ်နေပြီ။ ဆားမပါတဲ့ဟင်းနဲ့ နှစ်နှပ်စားပြီး ခရီးဆက်ကြသည်။    လမ်းခရီးတွင် တောင်ကုန်းများကို ကျော်ဖြတ်ရသောကြောင့် တောင်တက်လျှင် ချွေးထွက်များ သည်။ ချွေးထွက်လျှင် ကျနော့်တို့၏ ခန္ဓာကိုယ်အတွင်း ဆားဓါတ်များချွေးနဲ့အတူ ရောပါသွားသည်၊ ခန္ဓာကိုယ်အတွင်း ကျဆင်းလာသော ဆားဓါတ်ကို ပြန်ဖြည့်စရာ ဆားမရှိသောကြောင့် ကျနော်အပါဝင် တခြားသူများလည်း နုံးပျော့လာကြသည် လမ်းလျှောက်ဖို့ အခက်ခဲဖြစ်လာသည်။ ထိုအချိန်မှာ အလယ်တန်းတွင် သင်ခဲ့ဘူးသော ကဗျာတပုဒ်ကို သွားသတိရလာသောကြောင့် ပါးစပ်မှ ရေရွတ်လိုက်မိသည်။ “ဝါးပြာထည့်ကြို အိုးနားတိုနဲ့ ဆောင့်ကြောင့်ထိုင်ကာ မွှေလိုက်မယ်၊  — ချိုပေစွ ဟင်းချိုကို၊ု စလောင်းတို အခြေပဲ့နဲ့၊ အာခေါင်မှာ ပူအောင်ထည့်လို့၊ မြိုလှဲ့ကွယ်လေး” ဒီစာချိုးလို ဟင်းချက်တဲ့ အချိန်မှာ ဝါးအခြောက်များကို ထင်းအဖြစ်သုံးပြီး ကြွေကျလာသော ဝါးပြာများကို ချက်ထားသော ဟန်းကောအိုးထဲသို့ ဆားအဖြစ်ထည့် ရောမွှေလိုက်သည်။

 

ပြီးတော့မှာ ရဲဘော်တယောက်ကို “စားလို့ရပြီ မြည်းကြည့်” ဟုပြောလိုက်သည်။ ထိုရဲဘော်မှ ဟင်းဇွန်းနဲ့ ခပ်သောက်ပြီး ထွေးထုတ်လိုက်သည်။ ခါးတယ်စားလို့ မရတော့ဘူးဟု ပြောသောအခါ ကျန်သူများက ကျနော့်အားဝိုင်းရယ်ကြသည်။ ကျနော်လည်း အရှက်ပြေလိုက်ရယ်ပြီး ဟင်းကိုဇွန်းနဲ့ ခပ်သောက်     ကြည့်ပြန်သည်။ ပြာတွေနဲ့ ရောနေသောဟင်းသည် စားလို့မရတော့ပါ။ ထိုကြောင့် သွန်လိုက်ရသည် ဆားမပါသောဟင်းကို ပြန်ချက်စားကြပြီး ခရီးဆက်ခဲ့သည်။ လေးလံသော ခြေထောက်များကို သယ်ဆောင်ရင်း တလှမ်းခြင်း လှမ်းခဲ့ကြသည် မိုင်ထောင်ချီသောခရီးကို ခြေတလှမ်းမှစရသည် ဆိုစကားမှန်သည်။ တရက်လျှောက်ပြီးသောအခါ ညအိပ်နားကြသည် နောက်ရက်  နံနက်စောစောတွင် နားလုံရွာသို့ ရောက်လာကြသည် ရွာတွင်စားစရာများ ၀ယ်စားပြီး ဖျားနာသော ဒဏ်ရာရသော လူနာများကိုတင်ရန် လှည်းများကိုဆင့်ခေါ်သည်။ လှည်းများရသောအခါ ဖျားနာသူများနှင့် လူနာများကို လှည်းများဖြင့် တင်ဆောင်ပြီး ခရီးဆက်ရပြန်သည်။ လှည်းတန်းရှည်ကြီဖြင့် ကျနော်တို့စစ်ကြောင်း ဖြတ်သွားပုံမှာ အလှူလှည့်သကဲ့သို့ ဖြစ်နေသည်။ နားလုံရွာ ချောင်းတဖက်ကမ်းတွင် ရန်သူ့တပ်စခန်းတခုရှိသည် ထိုစခန်းသည် ကျနော်တို့ဖြတ်သွားတာမြင်တိုင်း လှမ်းပစ်လေ့ရှိသည်။

 

သို့သော်အခု ကျနော်တို့ အဖွဲ့များသောကြောင့်လားမသိ ပစ်ခတ်မှုတစုံတရာမှ ပြုလုပ်ခြင်းမရှိပါ။ နားလုံမှ တရက်လျှောက်လျှင် တရုတ်နယ်စပ်၊ လိုင်ဇာသို့ ညနေပိုင်းတွင် ရောက်ခဲ့ကြသည်။ လိုင်ဇာရွာထဲတွင် တအိမ်ကိုနှစ်ယောက် သုံးယောက်ခွဲ၍ တည်းခိုကြသည်။ နောက်တရက်မနက်တွင် လိုင်ဇာမှ ကျနော်တို့ တပ်စခန်းရှိရာ နောင်ရာပါစခန်းသို့ ရောက်လာကြသည်။ ကျနော်တို့ရောက်သောအခါ စခန်းတွင်ရှိနေသော ရဲဘော်ရဲမေများက လမ်းဝဲယာတွင် တန်းစီပြီး ပန်းစည်းများဖြင့် လက်ကမ်းကာ ကြိုဆိုနေကြသည်။ ရှေ့တန်းပြန်ကြိုဆိုပွဲတဲ …. !  စားသောက် ပျော်ရွှင်တဲ့သူတွေ ရှိသလို ကျနော့်စိတ်ထဲမှာတော့ ဆို့နင့်၍ ခံစားမှုတခုပြင်းထန် နေခြင်းမှာ တိုက်ပွဲတွင် ကျဆုံးသွား သောရဲဘော်များအတွက် ကျနော်၏ မျက်ဝန်းအိမ်မှ မျက်ရည်များအလို အလျောက်စီးကျလာတော့သည်။ ထိုစခန်းတွင် တရက်နားပြီး ကျနော်တို့ဗဟိုဌာနချုပ်ရှိရာ ပါဂျောင်ဒေသ၊ လိုင်စင်ဘွန့်ကို ခရီးဆက်ခဲ့ကြသည်။

                      ကျနော်တို့ အခြေချရာ လိုင်စင်ဒေသ

              ဌာနချုပ်ရောက်တော့ ရှစ်လေးလုံး(၄)ပြည့် နှစ်ပါတ်လည်အတွက် ကျောင်းသားရဲဘော်ရဲမေများ အလုပ်ရှုပ်နေကြသည်။ ထိုအခမ်းအနားသို့ တော်လှန်အဖွဲ့အစည်း တော်တော်များများကို ဖိတ်ကြာထားသည် တော်လှန်ရေးခေါင်းဆောင်အသီးသီး ထိုအခမ်းအနားကို ရောက်နှင့်နေကြပြီ အခန်းနားစတာနဲ့ တိုက်ပွဲခွပ်ဒေါင်းအလံကို အလေးပြုကာ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို အလေးပြုပြီး ခေါင်းဆောင်အသီးသီး မိန်ခွန်းများပြောကြားကြသည်။  

 

         တော်လှန်ရေးသီးချင်းများဖြင့် ဖျော်ပြေတင်ကြသည်။ ဖျော်ဖြေတင်ဆက်မှုတွေ ပြီးလို့ အသီးသီးထပြန်ချိန်တွင် ကျနော်အတွေးနှင့် ဆက်ထိုင်နေသောကြောင့် တပ်ထိန်း(MP) ရဲဘော်မြင့်ဇော်ဦးမှ “ ဘာထိုင်လုပ်နေတာလဲ မပြန်သေးဘူးလား” ဟု မေးမှ ေဩာ်အေးအေး ကျနော်သတိပြန်ဝင်လာသည်။ ထိုအခါမှ ရဲဘော်မြင့်ဇော်ဦးနဲ့အတူ အိပ်ဆောင်သို့ ပြန်လာခဲ့တော့သည်။

 

ယဉ်စွန်းတန်းမှာ နေရစ်ပေတော့

            အဆောင်ပြန်လာတော့ လမ်းခုလတ်မှာ ဘယ်လိုမှ ဖြေသိမ့်မရသလို ပုံစံမျိုးနဲ့ ၀ုန်းကနဲ ဒိုင်းကနဲ ရွာချလိုက်တဲ့မိုးက    ကျနော်တို့ မြောက်ပိုင်းကျောင်းသားတပ်မတော်မှ ကျဆုံးသွားသော အတွင်းရေးမှူး ကိုမျိုးဝင်း အပါအဝင် ရဲဘော် ၁၁ယောက်အတွက် ဖြေမဆယ်နိုင်လို့ ရွာတယ်လို့ကို စိတ်အစဉ်က ထင်နေမိတယ်၊ မိုးရွာထဲ လျှောက်ယင်း မိုးရေစက်တွေကျရာ ကောင်းကင်ကို စိတ်ထဲက အော်ပြောလိုက်တယ်    ဥတ္တရယဉ်စွန်းတန်းမှာ တာဝန်ကျေစွာ နေပေတော့ ကိုမျိုးဝင်း နဲ့ ရဲဘော်တို့ရေ ”လို့ ဆိုပြီး မိုးရေစက်လက်ကြားက ရင်ထဲမှာ ငိုနေမိတော့တယ်။  

မောင်မောင်ခင် (ရမ်ဘို)

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here