ဦးကင်းမန်ဇန် (သို့မဟုတ်) လူထု နှင့် တသားတည်း ကျသူ

       သူ့ကို စာရေးသူ အမေရိကား ရောက်ခါစ ပိုးဒါလီ သိန်းတန်တို့ တက်တဲ့ ခရိယာန် ဘုရား ရှိခိုးကျောင်းမှာ စတင် တွေ့ဖူးတာပါ။ စကားပြောရာမှာ သိမ်မွေ့ ညင်သာ လွန်းပြီး၊ တဖက်သား အပေါ် ကြီးငယ် မဟူ လေးစားသမှု ရှိသူပါ၊ ဒါကြောင့်လဲ သာသနာ့ဝန်ကို အသက်ထက် တံပိုး ထမ်းဆောင် နိုင်တာလို့ ထင်ပါရဲ့။

 

 

 

 

 

အရပ် အမောင်းကောင်းပြီး ဥပဓိရုပ် တည်ကြည်ခန့်ငြားကာ အမြဲတစေ သပ်ရပ် သန့်ပြန့်စွာ စတိုင်ကျကျ နေထိုင်တတ်သူပါ၊ အင်္ဂလိပ်ဘာသာ စကားကို ဋ္ဌာနေတွေလို ရည်မွန်စွာ ပြောဆိုနိုင်သူပါ၊ အခုနှစ်ပိုင်းများမှာ ဘယ်အချိန် ကြည့်လိုက်၊ တွေ့လိုက် အခြေချနေထိုင်ဖို့ ရောက်ရှိလာတဲ့ လူသစ်တွေ အတွက် တခုခုတော့ လုပ်နေတတ် သူပါ၊ တခါကလဲ သူ့ ဆီဒင်ကားလေး ခေါင်မိုးပေါ်မှာ တပါတ်ရစ် မွေ့ယာကြီး ကို့ယို့ကားယားတင်လို့၊ ကျနော်က ဘယ်သွားမလို့လဲ? ဆိုတော့ လူသစ်တွေ ကောင်းကောင်းမွန် အိပ်ရအောင် မွေ့ယာသွားပေးမလို့တဲ့၊ အဲဒီလို တိုင်းရင်းသားတွေအပေါ်မှာ စေတနာတွေနဲ့ ချုံသိုင်းရစ်ဖွဲ့ သူပါ။

 

 နောက်တွေ့ပါသေးတယ် သူ့ရုံးက ဗင်ကားရှည်ကြီးနဲ့ ဟိုလူလိုက်ပို့ ဒီလူလိုက်ပို့ လုပ်နေတဲ့ အပြင်၊ သူ့သားသမီးတွေဆို အမေရိကားမှာ ကျောင်းပြီး ကြကုန်ပါပြီ၊ လူပျို၊ အပျိုလေးတွေဟာ အဖေ ဖြစ်သူလုပ်နေတဲ့ စေတနာ့ဝန်ထမ်း၊ သာသနာ့ဝန်ထမ်း လူမှုဝန်ထမ်းအလုပ်ကို အမြဲတစေ တက်ကြွစွာ တတ်တဲ့ဖက်က တနိုင်ဝန် ဆောင်ရွက်ကြတာလဲ တွေ့ရတယ်၊ ဇနီးဖြစ်သူ ဆိုယင်လဲ အလုပ်တဖက်အပြင် အမြဲတစေ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီဖို့ကို အဆင်သင့် ဖြစ်နေတတ်တယ်၊ ဒါတွင်ပဲလား? မဟုတ်သေးဖူး သူ့ညီ၊ ညီမတွေ ဆွေမျိုးတွေပါ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ ရှိလှတယ်ပေါ့၊ ဘယ်မှာ ဘာပွဲရှိတယ်တာ ပြောလိုက်၊ အရောင်အသွေးမရှိပဲ သူ့အနီးအနားက သူတွေကိုပါ ခေါ်ပြီး ရောက်လာတတ်သူ၊ ဒါဟာ အော်ရီဂန်ပြည်နယ်၊ ပို့တ်လန်းမြို့မှာ ရောက်လာကြတဲ့ မြန်မာပြည်ဖွား အခြေချနေထိုင်သူတွေ အတွက် ပြည်ပနိုင်ငံက အခက်အခဲတွေ လွယ်ကူစွာ ဖြတ်ကျော်ပေးသွားမဲ့ ပေါင်းကူးတံတားကြီး တစင်းပေါ့။  

 

မနေ့က ပို့တ်လန်းမြို့မှာ မြန်မာမိသားစုတွေကို ယခင်နှစ်များဆီက အမေရိကားရောက်အောင် အဓိကထားခေါ်ယူခဲ့တဲ့ လူသာရန် မိသားစု ဆာဗစ် (NGO) က ကမကထပြုပြီး၊ အခြားသော ဆိုအာ၊ ကပ်သလစ် ချာရတီ နဲ့ စီးတီးဘိုင်ဘယ် ဘုရားကျောင်းတို့ မြို့လည် ပန်းခြံမှာ ငါးကီလိုမီတာ လမ်းလျှောက်ပွဲလုပ်မလို့တဲ့၊ ဒါကို လူထုအသံက သတင်းထောက် နော်မန် က အလုပ်ထဲကနေ ဖုန်းဆက်လာတာနဲ့ နောက်နေ့အတွက် ချိန်းလိုက်ပြီး သွားကြတာပါ။

 

စနေနေ့ မနက်ရောက်တော့ နော်မန် ရောက်လာချိန်မှာ လမ်းထိပ်က စတားဘတ် ကော်ဖီရှော့(ပ်)မှာ သူက မိုဂါအမျိုးအစား ကော်ဖီ၊ စာရေးသူက ဟေဇိုနတ် လော့တ်တေး အမျိုးအစား ကော်ဖီတခွက်ဆီ သောက်ပြီးသွားကြတယ် မြို့ထဲရောက်တော့ ပန်းခြံဆီကို တန်းတန်းမတ်မတ်ပဲ နော်မန်ရဲ့ ကားလေးနဲ့ ရောက်သွားတယ်၊ ကားပါကင် ရှာမလို့ လုပ်တော့ မျဉ်းကြားဖြတ်ကူးလာတဲ့ ယခင် ဘန်ကောက် ဆူထီးဆန်ရုံးလေး ဆေးခန်းက ဦးမောင်မောင်နဲ့ မနေ့တနေ့က မဲဆောက်မှ ရောက်လာတဲ့ မိုးဇက် ရိမ်းတို့ကိုတွေ့ပါတယ်။

 

ပန်းခြံအလယ်မှာ လမ်းလျှောက်ပွဲအတွက် ရွက်ဖျင်တဲ အဖြူ အောက်က ရေဂျစ္စတာလုပ်မဲ့ နေရာမှာ အခမ်းအနားလာကြောင်း လက်မှတ်ထိုးတော့  သူရဲ့ သမီးဖြစ်သူနဲ့ NGO တွေက အမေရိကန်တွေ တွေ့ရပါတယ်၊ ပြီးတော့ လမ်းလျှောက်မဲ့သူ တဦးကို တီရှပ်တထည်စီ အလကားပေးပါတယ်၊ ပြီးတော့ မျက်စေ့ အနည်းငယ် ဝှေ့ ကြည့်လိုက်ပြီး ဓါတ်ပုံရိုက်နေတုန်း ပွဲကို စီစဉ် အော်ဂနိုက်(စ်) လုပ်တဲ့ မီဂန် ရှ် အေဖါနဲ့ စကားစမြည်ပြောကြတယ်၊ နောက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က သူတဦးနဲ့လဲ မြန်မာ့ အရေးပြောဖြစ်ကြသေးတယ်၊ ပြီးတော့ သူ့ညီရဲ့ ဇနီးဖြစ်သူ မဉာဏ်တွေ့တော့ သူ လူသစ်တွေ လိုက်ချင်လို့ သွားကြိုနေတာ သိရတယ်၊ မကြာမီမှာပဲ ပန်းခြံညာဖက်က တောင်ကုန်းထိပ်မှာ ဗင်ကားရှည်ကြီးနဲ့ လူတွေ တအုပ်ကြီး ခေါ်ချလာတယ်၊ သူရောက်ပြီး သိပ်မကြာဖူး ပန်းခြံထိပ်က စတိတ်စင်ပေါ်က DJ ကနေပြီး အားလုံးအဆင်သင့် ဖြစ်ယင် စမယ်ဆိုတာနဲ့ ပန်းခြံတွင်းက လူတန်းရှည်ကြီး လှုပ်လှုပ်ရွရွ ဖြစ်လာပါတော့တယ်။

 

နံနက် ၁၀နာရီထိုးမှာ ကမာ္ဘပေါ်က စစ်တလင်းပြင်တွေ၊ နိုင်ငံရေး နဲ့ သဘာဝကပ်ဆိုးတွေ ရောပြွမ်း အတိဒုက္ခရောက်နေသူတွေ အတွက် ကမာ္ဘ့ ဒုက္ခသည်များနေ့ အမှတ်တရ ငါးကီလိုမီတာ လမ်းလျှောက် ခရီးစတင်လိုက်ပါတယ်။

စတာနဲ့ အားလုံးဟာ ကိုယ်စီကိုယ်စီ အစုအဖွဲ့လေးတွေ ဖွဲ့လို့ လမ်းလျှောက်ကြပါတယ်၊ စာရေးသူလဲ သူနဲ့ တွဲလမ်းလျှောက်နေတဲ့ ဦးမောင်မောင်၊ ကိုမိုးဇက် ရိမ်း တို့ဆီ ချဉ်းကပ်သွားပြီး၊ သူ့ကို အကျိုးအကြောင်း ပြောပြပြီး လူထုအသံမှာ သုံးချင်လို့ ဆရာ အခု ၂နှစ်တာ လုပ်ဆောင်နေတဲ့ မြန်မာပြည်သားတွေ အမေရိကားမှာ အခြေချနေထိုင်ရေး စီစဉ်ခေါ်ယူနေတဲ့ ကိစ္စတွေသိပါရစေ ခွင့်တောင်းတော့ လိုလိုလားလားပဲ အောက်မှာ ဖေါ်ပြထားသလို ဖြေကြားပါတယ်။  

 

ဆရာ့အနေနဲ့ အခုလို အခြေချ နေထိုင်မဲ့သူတွေကို ခေါ်ယူမယ် ဆိုတာ ဘယ်အချိန်က စပြီး ရည်ရွယ်မိပါ သလဲ?  

၁၉၉၇ ခုနှစ်လောက်မှာ မြန်မာ့ ဒီမိုကရေစီ အတိုက်ခံ အင်အားစုတွေထဲက အေဘီအက်(စ်)ဒီအက်(ဖ်) က ကျောင်းသားတွေ ဒီကို စရောက်လာ ကတည်းက စဉ်းစားမိပါတယ်၊ အဲဒီအချိန်က အခုလို လူမှုအဖွဲ့ အစည်းတွေ ကနေ ခေါ်ခွင့် မရှိသေးပါဖူး၊ ၂၀၀၇ခုနှစ်ရောက်တော့ မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းကြောင့် ပြည်ပထွက်ခွာလာသူတွေကို ခေါ်ဆောင်ခွင့် ရှိလာတော့ စီးတီးဘိုင်ဘယ် မြန်မာ အသင်းတော် ကနေ ကျနော်ကိုယ်တိုင် ဦးစီးပြီး လူမျိုးမရွေး၊ ဘာသာမရွေး ခေါ်ယူခဲ့တာပါ၊ ဒီမှာ ခေါ်ယူရေးအတွက် စီစဉ်လှုပ်ရှားနေကြတဲ့ လူသာရန်၊ ဆိုအာ၊ ကက်သလစ် ချာရတီ တို့ကိုဆက်သွယ်ပြီး တရားဝင် ကူညီဆောင်ရွက်နိုင်အောင် ဆောင်ရွက်ခဲ့တာပါ။

 

ပို့တ်လန်းမြို့ကို ဆရာတို့ အသင်းတော်က ခေါ်တာ လူဦးရေ ဘယ်လောက်များ ရောက်ပါပြီလဲ?

၂၀၀၇-၂၀၀၈ အတွင်းမှာ ဒီမြို့ကိုရောက်တာ အားလုံး မိသားစု၅၀ ရှိပါပြီ၊ အသင်းတော်အနေနဲ့ ခေါ်ယူခဲ့တာ မိသားစု၃၀ပါ။

 

အခြေချ နေထိုင်သူတွေ ခေါ်ယူစဉ်မှာ ထူထူးခြားခြား ဘယ်လိုအခက်ခဲများ တွေရှိရပါ သလဲ?

အခက်များ အနေနဲ့က သူတို့တွေ ရောက်ရှိလာစဉ်မှာ ရံဖန်ရံခါ ကြိုတင် မသိရခြင်းပါ၊ ၁ပါတ်- ၂ပါတ်လောက်မှ ကပ်ပြီးသိရတော့ အိမ်ရှာယူရေးမှာ အခက်အခဲ ဖြစ်ရပါတယ်၊ ဒီမှာကလဲ အိပ်ခန်း ၂ခန်းမှာ သိပ်အများဆုံး လူ၅ဦးထက် ပိုမနေရတော့ မိသားစုများယင် အခက်အခဲတွေ ရှိပါတယ်။

 

အခု ခေါ်ယူလိုက်တဲ့ သူတွေထဲမှာ အချို့သူတွေ အခြေကျ ၊ အနေကြ ဖြစ်နေပြီလား?

ရောက်တာ ၁နှစ်ဝန်းကျင်ရှိနေပြီ ဖြစ်တဲ့ သူတွေကတော့ အခြေကျနေကြပါပြီ ပထမ ကတော့ဗျာ အေဂျင်စီတွေ ရှာပေးတဲ့ ယာယီအခိုက်အတန့် အလုပ်ကို လုပ်ကြပြီး၊ အချို့ဆို သူတို့နဲ့ ပိုမိုသင့်တော်တဲ့ အလုပ်ကိုင်ကောင်းတွေ ပြောင်းပြီး ရနေကြပါပြီ၊ ကျနော်ခေါ်လိုက်တဲ့ မိသားစုထဲမှာ ကိုယ်ပိုင်ကားဝယ်နိုင်သူ မိသားစု ၃စုရှိပါပြီ၊ သူတို့တွေရဲ့ လိုအပ်ချက်တွေ အချို့ ကိုတော့ ဥပမာ – ဒီမြို့မှာ လင်းနတ် ကွန်ပြူတာရဲ့ Free Geek ဆိုတဲ့ Recycle အဖွဲ့က သူတို့ဆီမှာ နာရီ၂၄ နာရီ လုပ်အားပေးယင် ကွန်ပြူတာ တလုံး ၀မ်းဆက် ပြန််ပေးတယ်၊ ဒီလိုနည်းတွေနဲ့ ဖြေရှင်းတယ်၊ ဒီတော့ ရောက်လာတဲ့ မိသားစုထဲက သားသမီးတွေဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေ အားလုံးကိုယ်ပိုင် ကွန်ပြူတာ တလုံးစီ ရကုန်ကြတာပေါ့။

 

ဆရာ့အနေနဲ့ အခုလို အားသွန်ခွန်စိုက် အခြေချနေထိုင်ရေး ကြိုးပမ်းမှုမှာ အခက်ခဲလေးတွေ တွေ့ကြံုရလို့ စိတ်ပျက်အားလျော့ သွားတာမျိုးများရှိခဲ့ ဖူးလား?

တခါတလေမှာ မျှော်မှန်းထားတဲ့ အတိုင်းမဖြစ်တာတွေတော့ ရှိပါတယ်၊ ကျနော့် အနေနဲ့ စိတ်ဓါတ်ကျခြင်း မရှိပါဖူး၊ သူတို့လေးတွေရဲ့ အနာဂါတ်ကို ကြည့်ပြီး အားတက်တာမျိုးတော့ ရှိခဲ့ဖူးပါတယ်၊ တခါတရံမှာ အိမ်ခန်း၊ အလုပ်အကိုင် ရှာတာတို့ အပွိုင့်မန့်တွေ လွဲချော်တာတို့၊ ထောက်ပံ့ကြေးများလဲ အစိုးရဆီမှ စီးဆင်းလို့ အချိန်မီ မရတာတွေရှိလို့ မိသားစုတွေ ကသိကအောင့် ဖြစ်ရတာတွေ အခိုက်အတန့်တော့ ရှိပါတယ်၊  အခုရောက်ရှိ လာတဲ့သူတွေဟာ နယ်စပ်ဒေသများမှာ ဖိနှိပ်မှုများကြောင့် ဒီထက်ကြမ်းမှုတွေ တွေကြံုရခဲ့မှာ ဖြစ်လို့ ခံနိုင်ရည်ရှိမယ်လို့ ယူဆပါတယ်။

 

ဘာသာစကားနဲ့ ပါတ်သက်လို့ အခုရောက်ရှိသူတွေ အခက်အခဲ ကြံုတွေ့တာတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ?

ဟုတ်တယ်, အခုရောက်လာတဲ့ သူတွေ လူမျိုးစုတွေ ထဲမှာ ဗမာစကားတောင် လည်လည်ဝယ်ဝယ် မပြောနိုင်တာရှိတယ်၊ ဒီပြဿနာကို ဒီမှာရှိတဲ့ Immigrant and Refugee Community Organization (IRCO) ကနေ ကြီးကြပ်ပြီး ဘာသာစကား သင်တန်းတွေ၊ စကားပြန်တွေ အမြောက်အမြားခန့်ပြီး ဖြေရှင်းပါတယ်။

 

နောက်ဆုံးအနေနဲ့ လူထုအသံကနေ ထူထူးခြားခြား ဘာ ပြောချင်ပါသလဲဟု မေးမြန်းရာတွင်

ကျနော့် အနေနဲ့ ပြောချင်တာက အခုအမေရိကားမှာ ရှိသူတွေရော၊ အခြားကမာ္ဘ့နိုင်ငံ အသီးသီးမှာ ရောက်ရှိနေသူတွေရော သက်ဆိုင်ရာနိုင်ငံ အသီသီးမှ အစိုးရများအား မြန်မာပြည်သူတွေ အခက်အခဲအား တင်ပြခြင်း၊ ကူညီစေခြင်းများဖြင့် တတ်အားသလောက် လုပ်ဆောင်ကြ စေချင်ပါတယ်၊ ကျနော့် အမြင်အရ ပြောရယင် လက်ဦးမဆွ ကတည်းက ရောက်ရှိနေသူများ ပူးပေါင်းပါ၀င်မှု အားနည်းတာ တွေ့ရပါတယ်၊  သွေးသားလဲ မတော်စပ်၊ တွေ့ဆုံကြံုတွေ့ဖူးခြင်းလဲ မရှိတဲ့ အနောက်နိုင်ငံသားများဟာ လူသားချင်း စာနာထောက်ထားတယ် ဆိုတဲ့ အသိတရားတခု အောက်ကနေ ကူညီနိုင်ကြယင်၊ ရောက်နှင့်ပြီးသား မြန်မာနိုင်ငံသားများ ပိုမိုပါ၀င် ကူညီသင့်ကြောင်း တိုက်တွန်း ရပါတယ်။   

 

ဆရာ ဦးကင်မန်ဇန်ဟာ ပို့တ်လန်း စီးတီးဘိုင်ဘယ် မြန်မာအသင်းတော်က ချင်းအမျိုးသား သိက္ခာတော်ရ ဆရာတော်တဦး ဖြစ်ပါတယ်၊ ၁၉၇၄ခုနှစ် အရေးတော်ပုံ ကျောင်းသားတဦး ဖြစ်တယ်လို့သိရှိရပြီး၊ ဂျပန်နိုင်ငံ၊ ဩစတေးလျား နိုင်ငံများတွင် နေထိုင်ခဲ့ပြီး၊ ယခုအခါ ပို့တ်လန်းမြို့၊ အော်ရီဂန်ပြည်နယ်၊ အမေရိကန်နိုင်ငံတွင် သာသနာ့ အကျိုး၊ လူမှုရေးဝန်များ ထမ်းဆောင်ကာ မည်သည့် မြန်မာနိုင်ငံသားများ အတွက်မဆို ကူညီရန် မိသားစုနှင့် အတူ အသင့်ရှိနေပါကြောင်း။         ဇာမဏီရိုင်း (နှင်းဆီမြို့တော်)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here