ဥတ္တရ ယဉ်စွန်းတန်းက ခွပ်ဒေါင်းတို့ရဲ့ မာန်ဟုန်ဝင့်သံ

( ရှစ်လေးလုံး အနှစ်(၂၀)မြောက် အထူး အစီစဉ် )

မောင်မောင်ခင်(ရမ်ဘို) မှာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ရင်း (၇၀၁)မှ ဖြစ်ကာ၊ ယမန်နှစ် ဒီဇင်ဘာလက ကမာ္ဘနှင့် အဝှမ်းဖြန့်ချီလိုက်သော ရမ်ဘို(၄) ဇါတ်ကားတွင် ဟောလီးဝုဒ် မင်းသား ဆီဗက်စတာ စတောလုံးနှင့် အပြိုင်သရုပ်ဆောင်ခဲ့ သော မြန်မာစစ်တပ်မှ ကာနယ်တင့် အဖြစ် သရုပ်ဆောင်ခဲ့သူအချိန်ကား ၁၉၉၂ ဩဂုတ်လ (၈)ရက်နေ့၊ ၈လေးလုံး ပြည်လုံးကျွတ် အုံကြွမှုကြီး အပြီး လေးနှစ် မြောက် ပေါ့၊ ကျောင်းသားတပ်မတော် မြောက်ပိုင်း ဗဟိုဌာနချုပ် ရှိရာ ပါဂျောင် ဒေသ၊ လိုင်စင်ဘွန်း၊ ဒေါင်း မိခင် ခမ်းမမှာ (၈) လေးလုံး နှစ်ပါတ်လည် အခမ်းအနား ကျင်းပ နေချိန်။

 

                ကျနော်သည် ထိုအခမ်းအနား ကျင်းပရာ ဒေါင်းမိခင် ခမ်းမ၏ ထေါင့်တနေရာတွင် မလှုပ်မယှက် ငုတ်တုတ်ထိုင်နေလျှက််။ တော်လှန်ရေး အဖွဲ့အသီးသီးမှ ဧည့်သည်တော်များ နေရာယူပြီးကြသော အခါ အခမ်းနားမှူးမှ ခွပ်ဒေါင်း အလံတော် အလေးပြုရန် အားလုံး မတ်တတ်ရပ်ပေးကြပါ ခင်ဗျားဟု စကားသံ ထွက်ပေါ်လာသည်နှင့် ခမ်းမထဲတွင်ရှိနေသော သူများအားလုံး ကမန်းကတန်း မတ်တတ်ထရပ်ကြသည်။ ထိုအစဉ် အခန်းနားမှူးမှ

“ အားလုံးးးးးးးးးးးးးးးးသတိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော် အား အလေးးးးးးးးးပြု။

နေမြဲ……။

ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးသွားကျသော အာဇာနည် သူရဲကောင်းများအား ဦးညွှတ်အလေးးးးးးးးးးးးးပြု” ။

ဟုကြားရသည်နှင့် ကျနော့်ရင်ထဲ၌ ခံစားမှု တစုံတရာ ဖြစ်ပေါ်လာပြီး အတွေးပုံရိပ် အပိုင်းအစများသည် ဟိုအဝေး တနေရာဆီသို့ ခေါ်ဆောင်သွားသည့် နှယ် စိတ်လေတံခွန် လွှင့်လျက်…..လွင့်လျှက်။

               သဘာဝတရားမှာ အရုဏ် အလင်း ရောက်ယင် တောရဲ့ သဘာဝအတိုင်း ကျေးငှက်တို့လည််း အိပ်တန်းမှ နိုးးထ ပြည့်ဝတဲ့ အင်အား တွေနဲ့ အနာဂါတ်တခုအတွက် မနက်ဖြန်များစွာကို ရင်ဆိုင်တိုက်ပွဲဝင်ဖို ့ မြည်တွန်မြူးတူး အားဖြည့် နေကြလေပြီ ။

လက်ရေ တပြင်တည်း

                ကျနော်သည် ခရီးပမ်းလာ၍လား မသိအိပ်ပျော်သွားသည်မှာ တုန်းကနဲ အသိချပ်တဲ့ အချိန်မတော့ ကျေးငှက်တွေရဲ့ အသံများသည် သံစဉ်မျိုးစုံဖြင့် ကျနော်အား ကလူဤသို့ မြူဤသို့ နိုးထရန် လာရောက် အချက်ပြ နေလေပြီ။ ကျနော်မျက်လုံး အစုံကို ဖွင့်ကြည့်လိုက်တော ့စိမ်းလန်းတဲ့တောအုပ် ကြီးထဲ ကျေးငှက်တို့ လှုပ်ရှား နေကြသလို ကျနော်တို့ ရဲဘော်တွေလည်း လှုပ်ရှားနေကြရသည်။ ကျနော့်မျက်စိရှေ့ တည့်တည့်က ရဲဘော် တယောက်သည် သစ်ရွက်များပေါ်တွင် ခင်းထားသော ထမင်းစား မိုးကာ (၂ပေ ၃ပေခန့် ဖြန့်ခင်းထား သောမိုးကားငယ်) ပေါ်သို့ ဟန်းကောထဲမှ ထမင်းများကိုခူး၍ ပုံနေသည်။ ထမင်းကို ဘယ်အချိန်က ချက်လိုက်သည် ကျနော်မသိ ထို့ကြောင့် သိလိုဇောနဲ့ “ အငယ်လေး ထမင်း ဘယ်တုန်းက ချက်လိုက်တာလဲ ” ဆိုတော့ ရဲဘော်အငယ်လေးက “ မနက်လေးနာရီက ထချက်တာ၊ မိုလင်းလာယင် မီးခိုး ရန်သူ မြင်မှာစိုးလို့

ကျနော့်အား ရှင်းပြပြီး ဟန်းကော(စစ်သုံး ထမင်းဘူး) အလွတ်များကို ဆေးကြောရန် ကျောက်ချောင်းလေးရှိရာသို့ ဆင်းသွားလိုက်တော့သည်။ ခဏအကြာတွင် ဟန်ကောအလွတ်များတွင် ရေခတ်လာပြီးသူတို့ တပ်စိတ်ထမင်းစားရန် လှမ်းခေါ်၍ ကျနော့်အား ထမင်းစားရန် လာခေါ်သည်။ ကျနော်လည်းမျက်နှာကို မြန်မြန်သစ်ပြီး ထမင်းစားဝိုင်းထဲသို့ ၀င်လိုက်သည်၊ ထမင်း၏ အလယ်တွင် ဟန်းကောအဖုံုးများနှင့် ထည့်ထားသော ဟင်းနှစ်မျိုးကိုသာ တွေ့လိုက်ရသည် ဟင်းပျင်းလှော် နဲ့ ဟင်းပျင်း ဟင်းချိုရည်(ဟင်းပျင်း ဆိုသည်မှာ ကချင်ပြည်နယ်မှာသာ ရှိသော ဟင်းရွက်တမျိုးသာ) သူတို့ တပ်စိတ်တွင်(၆)ယောက်သာရှိသည် ရှေ့့တန်းတပ်စိတ်များကို များသောအားဖြင့်(၅ယောက်၊၆ယောက်) သာ စုဖွဲ့ကြသည်။ တိုက်ပွဲက များသည်ဖြစ်လျှင် တနိုင်တပိုင် စီမံကွတ်ကဲနိုင်သည်။ ကင်းစောင့်နေသော ရဲဘော်တယောက်အတွက် ထမင်းနဲ့

ဟင်းကိုခွဲထားပေး၍ ကျနော်နှင့် ကျန်ှ(၆)ယောက် ထမင်းဆက်စားကြသည် ။ လက်ရေ တပြင်တည်း ဆိုသော ရှေးထုံးစကားသည် ကျနော်တို့ တော်လှန်ရေးသမားတွေ အတွက် ရေးထားလေသလား မသိခဲ့ပါချေ။ ထမင်းစား မိုးကာနဲနဲမြင့်တဲ့ နေရာမှာ ရဲဘော်က ဟင်းရည်ကို လောင်းချလိုက်ရင် မိုးကာအနိမ့်ပိုင်းတွင် စားနေသောရဲဘော်များမှာ ဟင်းချိုရည်ကို ထပ်ထည့်စရာ မလိုတော့ပဲ စီးလာသော ဟင်းချိုရည်ကို ရွံရှာမှု အလျဉ်းမရှိဘဲ လက်ရည်တပြင်ထဲ စားသောက်ကြရသည်။ ကျောင်းသားရဲဘော်များသည် ဖြူစင်တဲ့ စိတ်ဓါတ်၊ ရိုးသားမှု အရင်းခံ ၊အာဏာရှင်ကို တော်လှန်လိုသော စိတ်တို့ကို အခြေတည်ကာ ညီရင်းအကိုပမာ အသက်ကိုပေး၍ ချစ်ကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ ဟင်းပျင်းလှော်ထဲတွင် ကျောက်ချောင်းမှ ကျောက်ပုဇွန်လုံးလေးတွေ ပါနေသဖြင့် ဟင်းပျင်း၏ အချိုဓါတ် ပုဇွန်လုံးများရဲ့ အချိုဓါတ်တွေ ပေါင်းစပ်လိုက်တော့ ကျနော်တို့ရဲ့ တော်လှန်ရေးဟင်းလျာသည် ကြယ်ငါးပွင့်ဟော်တယ်တွင် မှာစားရသည့် (၁၂)မျိုးဟင်းချိုအလား အရသာရှိရှိနှင့် မြိန်ရည်ရှက်ရည် စားလိုက်ကြသည်။ (၅)မိနစ်အတွင်း အလယ်တွင် ပုံထားသော ထမင်းပုံကြီးမှာ ကျနော့်မျက်စိရှေ့အောက်က ပျောက်ကွယ် သွားတော့သည်။ ထမင်းစားပြီးသော် အခါတွင် ရဲဘော်များသည် သူ့နေရာကိုယ့်နေရာတွင် ပစ္စည်းများကို သိမ်းထုပ်ပြီး ကျောပိုးအိတ်ကို မှီကာခွဲတမ်းကျ ဝေထားသော ဆေးမှုန့်ထုပ် (သတင်းစာနှင့် လိပ်သောက်ရသော ဗာဂျီးနီးယားဆေး)ကို ထုတ်၍ လိပ်သောက်ကာ ထမင်းလုံးစီကြသည်။ ဤသည်ကား စနစ်ဆိုးတခုကို တော်လှန်နေတဲ့ တော်လှန်ရေးသမားတို့၏ လောကစည်းစိမ် မဟုတ်ပါလား။ တောထဲတွင် ခြင််ကိုက် ဖြုတ်ကိုက် ဒဏ်ခံနိုင်အောင် သောက်ရင်း ဆေးလိပ် မသောက်တတ်သော ရဲဘော်လည်း ဆေးလိပ်စွဲသွားတတ်ကြသည်။ ထမင်းစားပြီး ဆေးလိပ်တလိပ်ကို သောက်ရင်း ကျနော် စဉ်းစားနေမိသည် ဖိနှိပ်မှုတိုင်းကို တွန်းလှန်ဘို့ ကျနော်တို့ ကျောင်းသားတွေ နိုင်ငံအတွက် ဓါးစာခံ ဖြစ်ပေါ်လာ ရသလားမသိxxx ပေးဆပ်မှုတွေက မကုန်နိုင်သေး စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေကလည်း ဒုနဲ့ဒေး များလှသည်။ ပထမတော့ ……


မိသားစုကိုစွန့်xxxxxx

စာသင်ခန်းကိုစွန့်xxxxxx

မြို့ပြကိုစွန့် xxxxxx

မိဘကိုစွန့် xxxxxx

ချစ်သူကိုစွန့် xxxxxxx

လ္ဘက်ရည်ဆိုင်ကိုစွန့် xxxxxxxx

အားလုံးကို စွန့်လွှတ်ပြီး ကြမ်းတမ်းတဲ့ ခရီးကြမ်းမှာ သေနတ်ကို ကိုင် ဦးတည်ချက် ကို မယိုင် လဲရအောင် ငှက်ဖျားနဲ့ စစ်ခင်း သေမင်းကို စိန်ခေါ် အစားဆင်းရဲ အနေဆင်းရဲ စိတ်ဆင်းရဲ ဆင်းရဲမှုတွေ အစုစုနဲ့ ပြည်သူလူထု အာဏာရှင်လက်အောက်မှ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေ သူတွေပါလားဟု စဉ်းစားနေမိသည်။

၄နှစ်မြောက် ၈လေးလုံး အခမ်းအနားသို့ တက်ရောက်လာသော KIA မှ ဗိုလ်မှူးပန်းအောင် နှင့် မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ဥက္ကဋ္ဌ ကိုအောင်နိုင်

                ဆေးလိပ်တလိပ်ခန့် အကုန်တွင် ရဲဘော်တယောက်ရောက် လာကာ ကျနော့်အား အတွင်းရေးမှူး ကိုမျိုးဝင်း ခေါ်ခိုင်းသည်ဟု သတိဆွဲ၍ သတင်းလာပို့သည်။ ကျနော်လည်းထလိုက်သွားကာ အမ် (၂၀) သေနတ်အတိုကို အပ်ပြီး သေနတ်အရှည်တလက် ပြန်ထုတ်ပေးသည် ပြီးတော့မှ ကိုမျိုးဝင်းက “ ငါတို့ ခရီးဆက်ထွက်ရမယ် အစည်းဝေးတခု လုပ်ဘို့ ရှိတယ် စစ်တပ်ကတော့ ညစ်ပတ်ပြန်ပြီဟေ့ ! ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာမလွှဲတဲ့ အပြင် လွှတ်တော် ကိုယ်စာလှယ်တချို့ကို လိုက်ဖမ်းလို့ တချိုလည်း တောခိုကုန်ပြီ။ အခုရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ ငါတို့ ဘာတွေ ဆက်လုပ်မယ်ဆိုတာ အစည်းဝေးဆက်ထိုင်မယ် ဟုရှင်းပြသည် ”

              ပြီးတော့မှ သူ့လက်ကို သူစိုက်ကြည့်ပြီး “ ငါ့လက်က သွေးစွန်းသွားပြီ အဖွဲ့စည်းကို မင်းတို့ပဲဆက် ဦးဆောင်ကြပါဟု ” လေးပင်းစွာ ငြီးတွားသလိုမျိုး ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်တော့ ကျနော်သည် သူဘာကို ဆိုလိုနေသည််ကို နားမလည် သူဘာများဆက် ပြောမည်ဟု ငံ့လင့် နားစွင့်နေမိသည်။ စကားတခွန်းမှ ထပ်မထွက်လာတော့ သောကြောင့် သဘောမပေါက်သည့် အလျှောက် ကိုယ့်နေရာကိုယ် ပြန်လာခဲ့တော့သည်။

သေကံမရောက် အသက်မပျောက်


                ထိုစခန်းလေးတွင် ကျနော်တို့ တပါတ်ခန့် နေခဲ့ရသည်။ ကျနော်ရောက်ပြီး နောက်တရက်တွင် ကိုမျိုးဝင်းက ပြန့် (ခေါ်) နမ္မားသို့ ဆင်းသွားသည် သူ့ပြန်အလာကို စောင့်ရင်နဲ့ သေကံမရောက်တဲ့ အကြောင်းလေးတခုကို သွားသတိရမိသည်။ သုံးရက်မြောက်နေ့တွင် စားစရာ ဆန်နည်းလာ၍ ရွာမှဝယ်ထား သောဆန်များကို သွားထမ်းသောအခါ ကျနော်လိုက်သွားသည်၊လမ်းတွင်ကျနော်တို့၏ ဆလန်ကဘာ (စည်းရုံးရေးမှူး) ဦးစက်အောင်နဲ့ လမ်းတွင်ဆုံကြသည်၊ သူသည် နမ္မားဖက်မှ တက်လာသည် သူ့တွင် နမ္မားတွင် နာမည်ကြီးသည့် မက်စီကျို့(သစ်သီးစိမ်အရက်) ရဲဘော်များ သောက်ရအောင် ပါလာသည်။ ကျနော်လည်း နာမည်ကြီးတဲ့ မက်စိကျို့ကို တခွကြ်မည်းကြည့်လိုက်သည် အရသာတွေ့သွား၍ နောက်တခွက် ထပ်ချလိုက်ပြန်သည်။ အပြန်ခရီးတွင် မက်စီကျို့ အရှိန်လေးနဲ့ ဆန်လေးပြည်အပါအဝင် သေနတ်ကို ထမ်းခဲ့သည်မှာ ပါလို့ပါမှန်းတောင် မသိ ပေါ့ပါးသွက်လက်၍ လေပေါ်တွင်မြှောက်ကာ မိုက်ကယ်ဂျက်ဆင်ရဲ့ မွန်းဝေါ့ခ် အကထဲကလိုမျိုး ပေါ့ပါးလျှက်ရှိနေသည်။ စခန်းအဝင်လမ်းကို ကျနော်မမှတ်မိတော့ သတိရလို့ ကြည့်လိုက်သောအခါ အရှေ့ကရဲဘော်တွေလဲ မတွေ့ရ နောက်က ရဲဘော်တွေလည်း မတွေ့တော့့ပါ။ ကျနော် လမ်းမှားလာသည်ဟု ချက်ချင်းသိလိုက်သည် လမ်းပြန်ရှာသည် မတွေ့တော့ပါ စခန်းနဲ့ သိပ်မဝေးသေးမှန်းတော့ သိသည်။ တနာရီခန့် ကြိုးစားရှာကြည့်သည် မတွေ့ ဆက်ရှာလျှင် စခန်းနဲ့ ဝေးတော့မည်။ ရောက်တဲ့နေရာမှ သေနတ်တချက် ဖေါက်လိုက်သည်။ (၁၀)မိနစ်ခန့် အကြာတွင် ရဲဘော်နှစ်ယောက် စိုးရိမ်ကြီးစွာဖြင့် လာကြို၍ စခန်းကို ပြန်ရောက်ခဲ့သည်။ စခန်းပါတ်လည်တွင် မိုင်များထောင်ထားကြောင်း ပြောပြီး မိုင်းတာဝန်ယူထားသော ရဲဘော်မှမိုင်းများကို သွားရောက်စစ်ဆေးကြည့်ရာ ကျနော်မိုင်းကြိုးများကို တိုက်ဖြတ်ထားသည်ကို တွေ့ရပြီး မိုင်းခလုပ်နေရာ လျှပ်စီးလိုက်မဲ့ နေရာတွင် ခြတွေ တောင်ဘို့ တည်ထားသောကြောင့် မိုင်းမကွဲဘဲ ကျနော် အသက်ချမ်းသာရာ ရခဲ့ကြောင်း ပြန်ပြောင်းတွေးမိတော့ ကြက်သီးမွေးညင်းများ ထောင်းလမောင်း ထဆဲ။ ခြတွေကယ်လို့ ကျနော်သေကံမရောက် အသက်မပျောက်ခဲ့ရသည်။ သုံးရက်ခန့် စောင့်ပြီးသောအခါ ကိုမျိုးဝင်းနဲ့ ရဲဘော်သုံးယောက် ပြန်ရောက်လာကြသည်။


                နောက်တနေ့ မနက်စောစော မြေနုပို့(စ်)တွင် ရဲဘော်ထွန်းလွင် ဦးဆောင်တဲ့ တပ်စိတ်တစိတ် ချန်၍ ကျနော်တို့ ့ခရီးဆက်ထွက် ခဲ့ကြသည်။ တနေကုန် ဒေါင်းတောက်အောင် လျှောက်ခဲ့သည် ညနေစောင်းတော့ ကျနော်တို့ ခရီးတထောက်နားမည့် ဟိုပင်ပို့(စ်)ကို ရောက်ခဲ့ကြသည်။


မပစ် သေနတ်နဲ့ အမတ်ကြီးများ

                ထို်ပို့(စ်)တွင် ကျနော်တို့ကို အသင့်စောင့်နေသော ကျနော်တို့ရဲဘော်များနဲ့ မိုးညှင်မြို့နယ် အမှတ််(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မောင်နဲ့ မိုးညှင်းမြို့နယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးကြာမြတို့ ကိုပါတွေ့ရသည်။ ဟိုပင်ပို့(စ်)က မြေနုပို့(စ်)နဲ့မတူတဲ့ ဟာတွေကတော့ စခမ်းကို အခိုင်အခန့် ဆောက်ထားသည်ကို တွေ့ရသည်၊ မြေနုပို့(စ်)ကတော့ မြို့နဲ့ နီးလွန်းသောကြောင့် မိုးကာတဲများသာ ထိုး၍နေကြသည်။ နယ်မြေခံရဲဘော်များ နေရာချထားရာတွင် အထုပ်အပိုး များချကာ နားကြသည်။ နောက်တနေ့တွင် ခရီးဆက်မထွက်ပါ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အကြမ်းဖျင်း ဆွေးနွေးကြသည်။ ကေအိုင်အေမှ ပေးထားသော နိုင်းမမ ပစ္စတိုကို ခါးတွင်ချိတ်၍ လွှတ်တော်ကိုယ်စားလှယ်ဦးကြာမြ တက်ကြွနေသည်ကို တွေ့တော့ ရဲဘော်တယောက်က ကျနော့်ကိုလာပြောသည်။ “ ဆရာမပစ် သေနတ် မြင်ဘူးလားတဲ့ ” ကျနော်က “ တို့ ကချင်ပြည်နယ်မှာ မခုတ်ဒါးနဲ့ မထိုးလှံပဲ ကြားဖူးပါတယ် အဲဒါက ကချင်တွေ မိန်းမတောင်းရင် လိုတယ်လေလို့ ” ပြောတယ်၊ မပစ်သေနတ်ကို မြင်ဘူးချင်ရင် ဟောမှာ ကြည့်ဟုဆိုကာ ဦးကြာမြခါးက သေနတ်ကို လက်ညှိုးထိုးပြသည်။ သူ့သေနတ် ပစ်ရင်မထွက်ဘူး ခါးမှာချိတ်ထားတဲ့ သေနတ်ဆိုပြီး ဦးကြာမြ မကြားအောင် ပြောပြီး ကြိတ်ရယ်ကြသည်။ ရဲဘော်များသည် တောထဲတွင် ပျော်စရာဆိုတာ မရှိ၍ ကြံဖန်ပြီးပျော်ကြရသည်။ အပျော်အပျက်အဖြစ်သာ နောက် ကြသည် ပြည်သူက တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်တွေကို အသက်ပေး ကာကွယ်ရမည်ဆိုတာ ပြည်သူ့အတွက် တော်လှန်ရေးလုပ်နေသော ကျောင်းသားရဲဘော်တိုင်း၏ စိတ်ထဲတွင် နှလုံးသွင်းပြီးသား ဖြစ်သည်။

၁၉၉၂ခုနှစ်က ကျောင်းသားတပ်မတော်(မြောက်ပိုင်း -ဗဟို) မှ ၈လေးလုံး အထိမ်းအမှတ် အခမ်းအနား

 

                  ကျနော်သည် တနေ့တာရဲ့ အချိန်တွေကို မတွေ့တာကြာ ပြီဖြစ်တဲ့ ရဲဘော်တချို့့နဲ့ ရောက်တတ်ရာရာ စကားပြောခြင်းဖြင့် အချိန်ကာလက နိုင်င်ငံရေးအရ ကြီးမားသောကာလဟု ပြောလျှင်ရနိုင်သည်။ ပြည်သူ လူထု၏ နိုင်ငံရေးရေချိန် အမြင့်ဆုံးကိုရောက်နေသည်။ အာဏာရူးတဲ့ စစ်အုပ်စုက လူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာကို ဆက်လက်ချုပ်ကိုုင်ဖို့ ကြိုးစားနေပြီ။ ကျနော်တို့ တော်လှန်ရေးသမား တွေကလည်း အာဏာရှင် သက်ဆိုးမရှည်ရအောင် နိုင်ငံရေး/စစ်ရေး ထိုးစစ်များ ကိုပြင်ဆင်ကြရန် ဖြစ်ပေတော့သည်။

ခရီးစပြီ

      နောက်ရက်တွင်ကျနော်တို့အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များလူစုခွဲ၊ စစ်ကြောင်းများခွဲ၍ ကေအိုင်အေနည်းဗျူဟာအမှတ်(၄)သို့ စတင်ချီတက်ကြသည်။ နိုင်ငံရေး/စစ်ရေးထိုးစစ်များပြင်ရန် ကျနော်တို့ကျောင်းသား (ABSDF) ၊အန်အယ်ဒီ(NLD)၊ကေအိုင်အေ(KIA) သုံးဖွဲ့ပေါင်းကာ သုံးပွင့်ပူးပေါင်း စစ်ဆင်ရေးကို စတင်နေပြီ(သ.ပ.စ.က) ထိုအစည်းဝေးလုပ်ရန် ရှေ့တန်းအသီးသီးတွင် ရောက်နေကြသော သုံးဖွဲ့စလုံး၏ စည်းရုံးရေးမှုများ၊ တပ်တွေကို ကေအိုင်အေနည်းဗျူဟာ အမှတ်(၄)တွင် လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်ကြရန်ဖြစ်သည်။ ထိုအစည်းဝေးသို့( ABSDF) နိုင်ငံရေးမှုနဲ့ စည်းရုံးရေးမှုများသာ တက်ရောက်ရန်နှင့် တိုက်ခိုက်ရေး တပ်တွေကိုတော့မြို့နဲ့ အနီးဆုံးတွင် ကပ်ထားရန် ကိုမျိုးဝင်းမှ ညွှန်ကြား ချက်ပေးထားသည်။


ငှက်တွေက ကျီစယ်လေသလား

                ကျနော်တို့တွင် တိုက်ခိုက်ရေးတပ် အင်အားများများစားစား မပါလာပါ။ အတွင်းရေးမှူးကိုမျိုးဝင်းရဲ့ လုံခြံုရေးတပ်စိတ် တစိတ်နဲ့ ရဲဘော်နိုင်ဦးနဲ့ ရဲဘော်ခွက်ကြီးတို့ ဦးဆောင်တဲ့ရဲဘော်သစ် တပ်စိတ်တစိတ် စုစုပေါင်းဖွဲ့စည်းပုံ မပြည့်တဲ့တပ်စိတ် နှစ်စိတ်သာဖြစ်သည်။ ထိုလမ်းကြောင်းများမှာ ရန်သူ၏ထိုးစစ်ဆင်သည့် စစ်ကြောင်းများ မရှိသဖြင့် လုံခြံုရေးတပ်များကို မခေါ်လာခြင်းဖြစ်သည်။ ရန်သူရဲ့ ထိုးစစ်မရှိပေမဲ့ ကျနော်တို့ကို တိုက်ခိုက်နေတဲ့ အမြဲတမ်း ရန်သူကတော့ရှိနေသည်။ ဒေသတခုတခုတွင် တမင်းတမူ ကြီးစိုးနေကြတဲ့ ငှက်ဖျားဖြစ်သည်။ ငှက်ဖျားသည် ဒေသတခုနဲ့ တခုမတူကြပါ။ သံလမ်းရိုးငှက်ဖျားသည် ကျနော့်အတွက် အသစ်အဆန်း မဟုတ်ပေးမဲ့ ဖားကန့်ဒေသတွင် တနှစ်ကျော်ကျော် နေလာသောကြောင့် သံလမ်းရိုးငှက်က သူစိမ်းဆန်ဆန်ဖြစ်ခဲဲ့ ရပြီပေါ့။ အခုတော့ သံရိုးလမ်းငှက်က ကျနော့်ကိုလာ ကျီစယ်နေကြပြီ ။ နားနားနေနေ လျှောက်ခဲ့ကြသော်လည်း ညကင်းစောင့်ကတော့ စောင့်ရသည် မည်မျှပင် အေးဆေးတယ်ပြောပြော တော်လှန်ရေး သတိဆိုတာ ကျနော်တို့မှာ အမြဲရှိကြရသည်၊ ညကင်းစောင့်၍ အိပ်ရေးပျက်လျှင် ငှက်ဖျားကဝင် သည်။ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွဲနေကြတဲ့ တော်လှန်ရေးသမားတွေမှာ ငှက်ဖျားဆိုတာ အထူအဆန်းမဟုတ်ပါ။ ဆေးရှိလျှင် ဆေးကိုသောက် ဆေးမရှိလျှင် မက္ကလောင်ခြစ် (ဒေသကုထုံးတမျိုး)့ ဆေးမရှိလို့ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလည်း မှတ်တမ်းတင်လို့ပင် မနိုင်။ ဒီလို့နဲ့ပဲ ဖျားလိုက်၊ နားလိုက်၊ သွားလိုက်နဲ့ အာဏာရှင်ကို တော်လှန်နေကြရသည်။ ကျနော်တို့အဖွဲ့ နှစ်ရက်ကျော်ကျော် လျှောက်ပြီးသောအခါ တောင်ယာတခုသို့ ရောက်ခဲ့ကြသည်။

တောင်ယာပန်း နဲ့ ထမင်းဝိုင်း


                ထိုတောင်ယာသည် ရင်း(၅)ဂွင်နဲ့ ရင်း(၁၁) ဂွင်ကြားတွင်ရှိသည်။ မိုးညှင်းမြို့နယ်ကို ရင်း(၅)ဂွင်းဟု သတ်မှတ်ထားပြီး မိုးကောင်းမြို့နယ်ကို ရင်း(၁၁)ဂွင်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ကျနော်တို့ရည်မှန်းချက်ကို ရောက်ရန် သိပ်မဝေးတော့ပါ။ ထိုတောင်ယာတွင် မုဆိုးတယောက် ပြောင်သားခြောက်လာရောင်း သောကြောင့် (၁)နာရီခန့် နားပြီး ထမင်းချက်စားကြသည်။ ကချင်တောပုန်း ရွာများ၊ တောင်ယာများသည် ဟင်းသီးဟင်းရွက်များကို စုံလင်အောင် စိုက်ထားတတ်ကြသည်။ ထို့ကြောင့်ဟင်းကောင်းကောင်း စားရသောနေရာများ ဖြစ်သဖြင့် ရဲဘော်များမှာ တောင်ယာများတွင် နားချင်ကြသည်။ ထိုနေ့ နေ့လည်စာကိုတော့ ပြောင်းသားခြောက်မီးဖုတ်၊ ဟင်းချိုတမျိုးနဲ့ ခရမ်းသီးထောင်းထဲတွင် တောင်ယာပန်း ( ကချင်ပြည်နယ် တောင်ယာများတွင် စိုက်သည့် ဟင်းခတ်အမွေးအကြိုင် ) ထည့်ထောင်းထားသဖြင့် မြိန်ရည်ယှက်ရည် စားသောက်လိုက်ကြသည်။ စားသောက်ပြီးသောအခါ ရဲဘော်တယောက်သည် ဟန်ကောများကို ရေပန်းကျနေသော နေရာသို့ဆေး ကြောရန် ယူသွားရင်း သီးချင်းတပိုင်းတစ ဆိုသွားသည်ကို ကျနော်ကြားလိုက်ရသည်။ “ငါသည်တော်လှန်ရေး xxx လုပ်ရမယ်လေ xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရှိရမယ် xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရသင့်ပါတယ်” …. ကျနော်တို့ ရဲဘော်များသည် အသားထုတ်ပေးသောနေ့ ဟင်းကောင်းသောနေ့များတွင် တက်ကြွ၍ အထက်ပါ သီချင်းမျိုးကို ဆိုတတ်ကြပြီး ပင်ပမ်းပြီး ဟင်းမကောင်းရင်တော့ စိုင်းထီးဆိုင်ရဲ့….စိတ်ဓါတ်ကျတယ် ဆိုတဲ့ သီချင်းကို… ဆိုတတ်ကြတယ်လေ။

                 ထိုတောင်ယာမှ တညအိပ်နှစ်ရက် ဆက်လျှောက်ပြီးသောအခါ ကေအိုင်အေ နည်းဗျုဟာ (၄) တပ်စခန်းကို ရောက်ခဲ့ကြသည်။ ထိုစခန်းသည် ဆားမှော်ရဲ့ အရှေ့မြောက်၊ ထိုပူးရဲ့အရှေ့တည်တည်၊ မိုးကောင်းအရှေ့မြောက်အရပ်တွင် တည်ရှိပြီး စခန်း၏သုံးဖက်တွင် ဆက်စပ်နေသော တောင်ကုန်းများဖြင့် ကာရန်ထားသည် ကျန်တဖက်သည် မြေပြန့်ဖြစ်ပြီး ရွာဟောင်းဖြစ်သည်။ ကျနော်တို့ရောက်ပြီး နောက်နှစ်ရက်အတွင်းမှာ မိုးညှင်းဖက်မှ ခရိုင်မှူးကိုစိန်အေးအဖွဲ့၊ ဆားမှော်ဖက်မှ ဆလန်ကဘာ ဦးထွန်းဖေအဖွဲ့နှင့် NLD(L.A)အဖွဲ့၊ KIAမှလည်း အမှတ်(၅)(၁၁)(၁၅) တပ်ရင်းများနှင့် တပ်းရင်းအမှတ်(၂၅၁) (၂၅၄)အစရှိတဲ့ ဒေသအသီးသီးမှ တပ်များ နိုင်ငံရေး/စည်းရုံးရေးမှူးများ ရောက်လာကြသည်။ ကျနော်နဲ့အတူ ရဲဘော်သစ်များ တပ်စိတ်တစိတ်သည် ချောင်းကလေး၏ တဖက်ကမ်း ရွာဟောင်းလမ်းတွင် ရှေ့ကင်းအဖြစ် တာဝန်ယူနေရပေသည်။

အစည်းဝေးစပြီ

               နည်းဗျူဟာ(၄) ကွတ်ကဲမှုဒေသ အသီးသီးမှ တပ်များစုံပြီး ဖြစ်သဖြင့် ၁၉၉၂ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် ရန်သူကို မည်သို့နိုင်ငံရေး/စစ်ရေးများ ထိုးစစ်ကို ဘယ်လို မြှင့်တင်ဆောင်ရွက်မလဲ ဆိုတာကို စတင်ဆွေးနွေးကြသည်။ ကရင်ပြည်နယ် ကေအန်ယူ ထိမ်းချုပ်ရာ မာနယ်ပလောတွင် နိုင်ငံရေးအရ အားကောင်းသော တပ်ပေါင်းစုကြီးကိုဖွဲ့ပြီး ဒီအေဘီ စစ်ကြောင်းများဖြင့် စတင်ထိုးစစ် ဆင်နေသော အချိန်လည်းဖြစ်သည်။ မြောက်ပိုင်းကျောင်းသားတပ်မတော် ခေါင်းဆောင် ကိုသံချောင်း၊ ကိုလဆိုင်းတို့ အဖွဲ့သည် မြစ်ကြီးနားမြို့ လေဆိပ်အနီး ဧရာဝတီမြစ်တဖက်ကမ်း စန်းကားဖက်သို့ ထိုးစစ်ဆင်ရာ အပြန်တွင် ရန်သူ့လက်နက် (၅)လက်ရခဲ့သည်ဟု စက်သတင်းဝင်လာသည်။ ထိုသတင်းကို ကြားတော့မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းရေးမှူးကိုမျိုးဝင်းသည် အားကျမခံ “ ငါတို့ဘက်ကလည်း အနည်းဆုံး (၆)လက်ရမှ ပြန်လာမည် ”ဟု ပြန်ပြောသည်။ ထိုစဉ်က တပြည်လုံးတော်လှန်မှ တပြည်လုံး အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း ဖြတ်ကနဲ တွေးမိနေသေးသည်။

ထမင်းရှာ ရန်သူတွေ့

              ၁၉၉၂ ဇူလိုင် (၁၂) အစည်းဝေး ဒုတိယနေ့အဖြစ် စတင်ကျင်းပနေသည်။ အစည်းဝေးကို နံနက်(၉)နာရီတွင် စနေကြပြီ ကျနော်တို့ ရှေ့ထွက်အဖွဲ့သည်လည်း နံနက်စာစားပြီး၍ မိမိအိမ်ပြန် ရောက်သည့်အလား စားပြီးဟန်းကေားများကိုပင် မသိမ်းသေး အိပ်ယာခြင်ထောင်များလည်း ဖရိုဖရဲနဲ့ စိတ်အေးလက်အေး ဆေးလိပ်လိပ်သောက် စကားဖေါင်ဖွဲ့နေကြသည်။ ထိုအချိန်မှာပဲ ရုတ်တရက် “ ဝုန်း ”ဆိုတဲ့ အသံနက်ကြီးတခု ကြားလိုက်သည်။ ကျနော့ လက်ပါတ်နာရီကို တချက်ဖြတ်ကနဲ ကြည့်မိလိုက်သည်မှာ နာရီလက်တန်သည် မနက်(၁၀)နာရီကို (၁၀)မိနစ်စွန်းစပြု နေပြီဖြစ်သည်။


               ရဲဘော်တယောက်က သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပြောနေသေးသည် “ ဒါတောကောင် တကောင် ကောင် မိုင်းနင်းမိတာပဲ ဖြစ်ရမယ် ညနေစာကိုတော့ အသားဟင်းစားရအုံးမယ် ထင်တယ် ” ကျနော်ကတော့ ရဲဘော်တွေကိုလှမ်း သတိပေးလိုက်သည်။ “ အိပ်ယာတွေတော့ သိမ်းထားကြဟေ့ ဘာမှန်းမသိဘူး ” ဟုပြောပြောဆိုဆို နောက်(၅)မိနစ်အကြာတွင် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျနော်လည်း အဲဒီအခါကြမှ စကားပြောစက် ကမှန်းကတမ်း ကောက်ဖွင့်သည်။ ရဲဘော်တွေကို ပစ္စည်းများ အမြန်သိမ်းရန် လှမ်းပြောလိုက်သည်။ သိပ်မကြာပါ လက်နက်ကြီးအသံများ ဆက်တိုက်ကြားနေရသည်။ ဘယ်ကို ကျနေမှန်း ကျနော်တို့မသိ ကျနော်၏ စကားပြောစက်မှ ညွန်ကြားချက်ပေးသ ံထွက်ပေါ်လာသည်။ ကျနော်၏ တပ်စိတ်ကို သူ့နေရာသို့ အမြန်လာရောက ်ပူးပေါင်းရန်ပြောနေသည်။ ကျနော်ရဲဘော်များ မကျန်အောင်စောင့်ခေါ် နေရသည်။ ကျနော်၏ စကားပြောစက်ထဲတွင် ကိုမျိုးဝင်းဆဲသံများ ဆက်တိုက်ထွက်လာသည် “ ဟေ့ကောင် မင်းသေနေပြီလား မြန်မြန်လာပါဆို ” ကျနော်နဲနဲ စိတ်တိုသွားသည်။ ကျနော် ရေချောင်းလေး ဖြတ်အကူးတွင် လက်နက်ကြီးအသံနဲ့အတူ လဲကြသွားသည် ရွံနဲ့ချော်၍ လဲကျသွားခြင်း ဖြစ်သည်။ ကျနော်ပြန်ထပြီး ပါတ်ဝန်းကျင်ကို အကဲခတ်လိုက်သည် ကျနော်တို့ တဲဖက်က ဝါးရုံများ ရန်သူရဲ့ လက်နက်ကြီးဒါဏ်ကြောင့် မြေကြီးတွင် ပြားပြားဝပ်ကာ ခံစားနေကြလေပြီ။

               ကျနော်၏ တပ်စိတ်သည် ခဏအတွင်းမှာပင် အတွင်းရေးမှူး ကိုမျိုးဝင်း ဆီသို့ရောက်သွားကြသည်။ ထိုအခါတွင် ကိုမျိုးဝင်းသည် စောစောက သူမဆဲထားတဲ့ မျက်နှာမျိုးနဲ့ ကျနော့်ကို အပြံုးနှင့်ကြိုဆို၍ “ မင်းတို့ဖက်က လက်နက်ကြီးကျည်တွေ တအားကျနေတော့ ငါက စိုးရိမ်နေတာ ” ဟု မှတ်ချက်ပြု ပြောသည်။
နောက် ဆားမှော်ဖက်် တာဝန်ယူရသည့် စစ်မြေပြင်ထောက်လှမ်းရေး ရဲဘော်ဗညားမှ ကျနော့်အား လှမ်းနုတ်ဆက်၍ ပလပ်စတစ်ခွက်ထဲမှ အရက်တခွက်ကို လှမ်းပေးသည်။ ကျနော်လည်း လှုပ်ရှားနေတဲ့ စိတ်တွေငြိမ်သွားအောင် အဖြေမပေးပဲ တချိုးထဲ မော့ချလိုက်သည်။ ပြီးမှ အခြေအနေ မေးကြည့်သည်။ “ စခန်းလုံခြံုရေးအတွက် ကေအိုင်အေ တပ်စိတ် တစိတ်တင်ထားတဲ့ ကုန်းဖက်ကို ရန်သူဝင်လာလို့ မိုင်းအရင် ထကွဲတယ် ကင်းစောင့်နေတဲ့ ရဲဘော်တယောက်က လွဲလို့ ကျန်တဲ့ရဲဘော်တွေမရှိ ကြဘူးတဲ့ ကင်းစောင့်တဲ့ ရဲဘော်လည်း အောက်ကိုပြေးဆင်းရော ရန်သူက အဲဒီကုန်ကိုယူပြီး အပေါ်စီးက ပစ်နေတာ လက်နက်ကြီးက ဒီကိုကျော်ပြီး မင်းတို့ဖက်သွား ကျနေလို့ အတွင်းရေးမှူးက စိတ်ပူနေတာ ”ဟု ရဲဘော်ဗညားမ ှရှင်းပြသည်။ အဲဒီအချိန်အထိ ကျနော်တို့ဖက်က သေနတ်သံ တချက်မျှ မထွက်သေးပါ။ ရန်သူစီးထားသော ကုန်းကိုပြန်တက်ထိုးဖို့ ပြင်ဆင်နေကြသည်။ ကျနော်တို့ ကျောင်းသားတပ်ဖွဲ့လည်း တိုက်ခိုက်ရေး အင်အားကို ထုတ်နုတ် ပြန်လည်စုဖွဲ့သည်။ ရဲဘော်မြအောင်နဲ့ ရဲဘော်တာတီး ဦးဆောင်တဲ့ တပ်စိတ်တစိတ်။ ကျနော်နဲ့ ရဲဘော်ဗညား ဦးဆောင်တဲ့ တပ်စိတ်တစိတ် စုစုပေါင်းတိုက်ခိုက်ရေး တပ်စိတ်(၂)စိတ်သာ ထုတ်နုတ်နိုင်သည်၊ ရဲဘော်နိုင်ဦးကိုတော့ ရဲဘော်သစ်များကို အုပ်ချုပ်ရန် NLD(L.A) အဖွဲ့နဲ့ ထားခဲ့ရသည်။ ကေအိုင်အေ တပ်တွေတော့ ကုန်းကိုဝိုင်း၍ စတင်တက်ထိုးနေပြီ ဖြစ်သည်။ ကေအိုင်အေမှ တဖွဲ့ လန်၍ဆင်းလာသည်ဟု သတင်းကြားသောအခါ ကိုမျိုးဝင်းသည် ဗျူဟာမှူးထံ ကျနော်တို့အဖွဲ့ တက်ထိုးမည်ဟု ခွင့်သွားတောင်းသည်။ အဲဒီအချိန်တုန်းက ဗျူဟာမှူးက ဗိုလ်မှူးလဇိန်ဘောက်နော် (လိုင်ဇာတွင် ဗုံးခွဲလုပ်ကြံခံရ၍ သေဆုံးသွားသူ)၊ ဒုတိယ ဗျူဟာမှူးက ဗိုလ်မှူးလဆမ်အောင်ဝါ(ယခု ကေအိုင်အေ ခွဲထွက်)။ ဗိုလ်မှူးလဇိန်ဘောက်၏ ခွင့်ပြုချက် ရသည်ဆိုရင် အတွင်း ရေမှူးမျိုးဝင်းသည် သူစိတ်ကြိုက်ရဲဘော်များနှင့် စိတ်ကြိုက်လက်နက် တပ်ဆင်ကာ တက်ထိုးရန် ထွက်သွားသည်။ ကျနော်နဲ့ ဗညားဦးဆောင်တဲ့ တပ်စိတ်က ပွိုင့်(5) လုံခြုံရေးအတွက် လက်နက်ကြီး ကုန်းတွင် နေရာယူရသည်။ ညနေပိုင်းရောက်မှ အပြင်းအထန်ပြန်လည်း တိုက်ခိုက်တော့ ရန်သူက ခံစစ်အနေအထားကို ပြန်ရောက်သွားသည်။ တတောလုံး တတောင်လုံး ကာဗိုက်ယမ်းငွေ့များနဲ့ ဖုံးလွှမ်းနေသည် ရန်သူဖက်မှ အော်သံ/ဆဲဆိုသံများ ထွက်ပေါ်နေဆဲ။

 

မောင်မောင်ခင်(ရမ်ဘို) လဲ စစ်သားကြီးလုံးလုံး ပေမဲ့ ဘုရား၊ တရားတော့ မမေ့ခဲ့ပါ

                  ညပိုင်းကို ၀င်ရောက်လာ သောကြောင့် အမှောင်ထုက တဖြေးဖြေး ဖုံးလွှမ်းစပြုလာသည်။ ကျနော်တို့ရဲ့ ပွိုင့်(5)စက်ကြီး ပစ်လျှင် မီးရောင်များ ပါတ်ဝန်းကျင် တဝိုက်လင်းလျက် သွားစေသည်။ စက်ကြီးသေနတ်ကို တာဝန်ယူ ပစ်ခတ်ရသော ကချင်ရဲဘော်မှာ လက်နက်ကြီးဆူညံသံကြောင့် နားအုံကွဲကာ နားမကြားရတော့ပါ့….ပြင်းထန်သည့် စက်ကြီးသေနတ်သံများကို ကာကွယ်ရန် နားကျပ်တို့ ဦးထုတ်တို့ စသည့် အကာအကွယ်များ မရှိမှုကြောင့် ထိုရဲဘော်၏ နားစည်သို့ပြင်းထန်တဲ့ စက်ကြီး သေနတ်သံများက ဖျက်စီးပြစ်လိုက်ပြီ ဖြစ်သည်၊ ရန်သူ၏(၆၀)မော်တာ ကျည်ဆံများလည်း တခါတရံ ကျနော်တို့ဖက်သို့ ရစ်ဝဲလာနေခြေပြီ။ ထို့ကြောင့် စက်ကြီးသေနတ်ကို နေရာရွေ့ရန် ညွန်ကြားချက်ဝင်လာသည်။ ပွိုင့်(5)သေနတ် ရွေ့ရန်သာ ညွန်ကြားချက်ပါပြီး ကျနော်တို့ တပ်စိတ်နေရာရွှေ့ရန် ညွန်ကြားချက်ပါမလာ။ ပွိုင့်(5)စက်ကြီးအဖွဲ့ ရွေ့သွားသောကြောင့် ကျနော်တို့ တပ်စိ်တ် ထိုနေရာတွင် ကျန်နေကြသည်။ တိုက်ပွဲကြားထဲတွင် နေရာယူ၍ စကားပြော ဖြစ်နေကြသည်။ ထိုတပ်စိတ်တွင်ကျနော်ရယ် ရဲဘော်ဗညား၊ ရဲဘော်ဝင်းရွှေ၊ ရဲဘော်ခွက်ကြီး၊ ရဲဘော်မြင့်ဝင်း၊ ရဲဘော်အငယ်လေး စုစုပေါင်း (၆)ယောက်ဖြစ်သည်။ မိုးချုပ်လာ၍ သေနတ်သံများက မစဲသေး ယမ်းငွေ့များကြားတွင် ယမ်းနံ့များကြောင့် ရဲဘော်တိုင်း ထမင်းစားချင်စိတ် သိပ်မရှိကြပါ။ သို့သော်လည်း ဗိုက်ထဲမှ အစာအိမ်ရဲ့ အချက်ပေးမှုကြောင့် ထမင်းစားရန် သိလာရပြန်သည်။

တွေ့ပြီ ထမင်း

               တိုက်ပွဲဖြစ်လျှင် အနီးစပ်ဆုံးရွာများမှ ထမင်းဟင်းချက်၍ ထမင်းထုပ်များ ပို့ပေးကြသည်။ ရွာနဲ့က မနီး ထမင်းလည်း မချက်နိုင်သော တိုက်ပွဲများတွင် ရိက္ခာခြောက်ရှိလျှင်ရှိ မရှိလျှင် ဆန်ကိုဝါးစားပြီး တိုက်ကြရသည်။ ယခုတိုက်ပွဲတွင် ထမင်းထုပ်များ တိုက်ပွဲကြားထဲ လိုက်ဝေနေသည်။ ကျနော်တို့ဖက် မရောက်လာ၍ တောင်ကြောအတိုင်း သွားပြီး ထမင်းထုပ်နေသော နေရာလိုက်ရှာကြသည်။ လက်ပါတ်နာရီကို ကြည့်လိုက်တော့ ည(၈)နာရီ(၄၅)မိနစ် ရှိနေချေပြီ၊ သစ်ပင်ခြေရင်းတွင် ၀ပ်နေသော ကချင်ရဲဘော်များကို ကျနော်တို့ ကချင်လို မေးကြည့်သည် “ အေ့ခေါင် ရှပ်ဂရာကော့ ငါအီး ” (ယောက်ဖ ထမင်းက ဘယ်မှာလဲ )ဟု ရဲဘော်ဗညားမှ မေးလိုက်သည် “ရှောင်းတဲ့” (အရှေ့မှာ)ဟု ကချင်ရဲဘော်မှ ပြန်ဖြေသည်။ ကျနော်တို့ ရှေ့ကိုဆက်သွားပြီး မေးတော့ စောစောက အတိုင်းသာဖြေသည်။ တောင်ကြောအတိုင်း ကေအိုင်အေ ရဲဘော်များ ၀ပ်၍ နေရာယူနေကြသည် ကျနော်တို့(၆)ယောက်ကတော့ လမ်း လျှာက်ပြီး ထမင်းထုပ်သာ လိုက်မေးနေတော့သည်။ ဆက်မေး၍သာ လာခဲ့ရာ အရှေ့နားတွင် ထမင်းထုပ်ခြင်းတောင်ကြီးကို တွေ့သဖြင့် တယောက်ကို နှစ်ထုပ်စီယူပြီးသောအခါ အရှေ့ကို ဆက်သွားခိုင်းသောကြောင့် ကျနော်မေးလိုက်သည် “အရှေ့မှာ ဘာရှိလဲ ယောက်ဖ” ကချင်တပ်မှူးတယောက်က “အရှေ့မှာ ရန်သူပဲရှိတော့တယ်”ကျနော်ကြောင် သွားသည်။ ငါတို့ကို ဘာလို့သွားခိုင်းတာလဲလို့ မေးတော့ “မင်းတို့ တက်ထိုးမလို့ လာတာ မဟုတ်ဘူးလား ”“မဟုတ်ဘူး၊ ငါတို့ ထမင်းထုပ်လာယူတာ” မင်းတို့ တက်ထိုးပါဟု ပြောလာသည်။ အဲဒီအခါကြမှ ကျနော် သေသေချာချာ သိလိုက်သည်မှာ ကုန်းပေါ်ကို တက်ထိုးလိုက် ပြန်လန်ကျလာလိုက် ဖြစ်နေသောကြောင့် ကချင်ရဲဘော်များ တက်ထိုးရန် တုန့်ဆိုင်းနေကြသည် ဖြစ်သောကြောင့် ကျနော်တို့ကို တက်ထိုးခိုင်းခြင်း ဖြစ်သည်။

                  ထိုစဉ် လကလဲ မိုက်၊ ဗိုက်ကလဲ ဆာ၊ ဥတ္တရ ယဉ်စွန်းတန်း တနေရာဆီ မတော့ ညဦးယံကို ကာဗိုက်ယမ်း ရနံ့တွေနဲ့ သုတ်လူးထားလို့ နေတယ်။

မောင်မောင်ခင် (ရမ်ဘို)
{ နောက်အပါတ် ဆက်လက်ဖေါ်ပြပါမည်}


အယ်ဒီတာ့ မှတ်ချက် ။ ။ စာရေးသူ မောင်မောင်ခင်(ရမ်ဘို) မှာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ရင်း (၇၀၁)မှ ဖြစ်ကာ၊ ယမန်နှစ် ဒီဇင်ဘာလက ကမာ္ဘနှင့် အဝှမ်းဖြန့်ချီလိုက်သော ရမ်ဘို(၄) ဇါတ်ကားတွင် ဟောလီးဝုဒ် မင်းသား ဆီဗက်စတာ စတောလုံးနှင့် အပြိုင်သရုပ်ဆောင်ခဲ့ သော မြန်မာစစ်တပ်မှ ကာနယ်တင့် အဖြစ် သရုပ်ဆောင်ခဲ့သူဖြစ်သည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here