ဘော်လုံးပွဲ

ပြိုင်ပွဲဝင်နေသည့် ကျနော်တို့ ဘော်လုံးအသင်းမှာ ခံစစ်သက်သက်သာ ဖြစ် နေသည်။ အနိုင်ဂိုး သွင်းနိုင် လောက်သည့် တန်ပြန် တိုက်စစ်ဆင် ထိုးဖောက် မှုများ လုံးဝမရှိဘဲ

ဖြစ်နေသည်။ အနိုင်ဂိုး မသွင်းနိုင်သရွေ့ အနိုင်ရမည် မဟုတ်ပါ။ တချိန်တည်းမှာပင် ကျနော်တို့၏ ခံစစ်ကြောင်းမှာ ပေါက်လုမတတ် ဖြစ်နေသည်။ ဂိုးအဝင်မခံရရေးအတွက် ခံစစ်မှူးများနှင့် ဂိုးသမားသာမက ကွင်းလယ် ကစားသူများ၊ ရှေ့တန်းကစားသူများ အပါအဝင် တသင်းလုံးက ဖျက်ထုတ် ကာကွယ်နေရသည်။

ယခုအချိန်ထိ တဖက်အသင်းကလည်း ကျနော်တို့အသင်းအပေါ် တိုက်စစ်ဆင်နေရုံ၊ ကွင်းလယ် အသာစီးရနေရုံသာရှိပြီး အနိုင်ဂိုး မသွင်းနိုင်သေးပါ။ သူတို့က ဘယ်အချိန် တလကြမ်း တိုက်စစ်ဆင်လာမည်ကို ကျနော်တို့ဘက်က မတွက်ဆနိုင်သေးပါ။ တချိန်ချိန်တွင် သူတို့ဘက်က လုပ်လာပါတော့မည်။ ကျနော်တို့ဘက်တွင် အသေအလဲ ကာကွယ် ဖျက်ထုတ်နိုင်မည့် ခံစစ်ကြောင်းကို ပြင်ဆင်ထားပြီလားဆိုတာ ပြန်လည်သုံးသပ်ရပါတော့မည်။   

ကျနော်တို့အသင်းကလည်း ယခုအချိန်ထိ စိတ်ဓါတ်ကျမသွားပါ။ အနိုင်ရချင်နေသည့် စိတ်ဓါတ်ကလည်း ပြင်းပြနေတုန်း ဖြစ်သည်။ နည်းနည်းလေးမှပင် လျော့မသွားသေးပါ။ ကျနော်တို့၌ နောက်ဆုံးခွန်အားဖြင့် ယဲ့ယဲ့သာရှိနေသည့်တိုင် အရှံုးပေးချင်စိတ် လုံးဝမရှိပါ။

ထို့ပြင် ဥပဒေပြင်ပက ညစ်ပတ်သည့် နည်းလမ်းများဖြင့်လည်း ကျနော်တို့ မကစားပါ။ လူမချ၊ အချိန်မဆွဲပါ၊ အတတ်နိုင်ဆုံး အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အားကြိုးမာန်တက် ဆက်လက် ယှဉ်ပြိုင်နေဆဲ ဖြစ်သည်။  

ကျနော်တို့အသင်းကို အားပေးသည့် ပွဲကြည့်ပရိသတ် အများအပြားရှိသည်။ အားကစားသမားဟူသည် ပရိသတ်၏ အားပေးမှုကို ခံယူရလျှင် အလွန်ဝမ်းသာ အားတက်ရသည်။ အစွမ်းကုန် ခြေစွမ်းပြတတ်သည်။ ကျနော်တို့အသင်းတွင် အားကြိုးမာန်တက် ကစားနေသူများ ရှိသည်။ သို့သော် စိတ်ဓါတ်ကျလုလု ဖြစ်နေသူများလည်း ရှိသည်။ ယောင်ဝါးဝါးဖြင့် ဘာဆက်လုပ်ရမှန်း မသိသူလည်း ရှိသည်။ ပုံစံမျိုးစုံ ရှိနေစေကာမူ ကျနော်တို့ကား အသင်းတသင်းအနေဖြင့် ပုံစံမပျက် ထိန်းထားနိုင်သည့် အခြေအနေတွင်တော့ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ 

ကျနော်တို့တွင် အလွန်တော်သော အသင်းခေါင်းဆောင်တဦး ရှိနေသော်လည်း အနီကဒ် ပြခံထားရသည့်အတွက် ပါဝင်ကစားနိုင်စွမ်း မရှိပါ။ တဖန် တိုက်စစ်မှူးများနှင့်အတူ အခြား ဂိုးသွင်းနိုင်စွမ်းရှိသူများမှာလည်း အနီကဒ်ထိသူထိ၊ အဝါကတ် ထိသူထိ၊ ဒဏ်ရာရသူရ ဖြစ်နေကြသောကြောင့် ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ချက် နည်းလျက်ရှိနေပြန်သည်။

နောက်တချက်မှာ ကျနော်တို့ဘက်မှ ကျန်ရှိနေသည့် အသင်းသားများသည် တန်ပြန်တိုက်စစ်ဆင်နိုင်ဖို့ နည်းဗျူဟာ ကောင်းကောင်းကိုပင် မသိရှိဘဲဖြစ်နေရသည်။ ကြိုတင်လေ့ကျင့်ထားခဲ့ခြင်းလည်း မရှိပါ။ အသင်းအုပ်ချုပ်သူနှင့် နည်းပြဆရာ ဆိုသူများမှာလည်း အခြေအနေအရ ဖြစ်လာကြသူများဖြစ်၍ သူတို့ တကယ်မကျွမ်းကျင်မှန်း ပြိုင်ပွဲရောက်မှ သိလာရတော့သည်။ သူတို့ကို အပြစ်တင်၍လည်း မဖြစ်။ ကိုယ့်အချင်းချင်း သွေးစည်းညီညွတ်မှု မရှိလျှင် အသင်းလိုက် ကစားနိုင်စွမ်းကို ထိခိုက်စေနိုင်သည်။ 

ပြိုင်ပွဲဝင် ဘောလုံးအသင်းတခုဖြစ်ရန် ဘောလုံးသမားများ ရှိရုံနှင့် မရ။ နည်းပြဆရာနှင့် အုပ်ချုပ်သူများ ထပ်ဖြည့်ပေး၍လည်း မလုံလောက်သေး။ ပြိုင်ပွဲတခုလုံးကို ဝင်ရောက်ယှဉ်ပြိုင်ရာ၌ လုပ်ဆောင်သည့် ကိစ္စများအားလုံးကို ခြံုငုံကာ အသေးစိတ် ပြင်ဆင်ထားရသည်။ ချန်ပီယန်ဖြစ်ရေးအတွက် ဘောလုံးအသင်းတသင်းတွင် ထိပ်တန်းမဟာဗျူဟာ ရှိကိုရှိနေသည်။ 

ဤဗျူဟာသည် ယခုလက်ရှိ ဘောလုံးပွဲတပွဲတည်းကို အနိုင်ရဖို့ နည်းဗျူဟာ ကစားကွက် သက်သက်များကိုသာ လေ့ကျင့်ပြင်ဆင်ပြီး ကစားရုံအတွက် မဟုတ်ပါ။ ပြိုင်ပွဲတခုလုံး၏ ချန်ပီယန် ဖြစ်နိုင်ရေးအတွက်ကိုပါ ဖြစ်နိုင်သမျှ စုံလင်အောင် ထည့်သွင်းစဉ်းစားတွက်ချက်ကာ လိုအပ်သည်များကို ပြန်လည်ပြင်ဆင်အားဖြည့်ပြီးမှ ပြိုင်ပွဲဝင်နိုင်သည့် အကောင်းဆုံး ထိပ်တန်းမဟာဗျူဟာ ဖြစ်သည်။

ဥပမာအားဖြင့် ချန်ပီယန် ဖြစ်နိုင်ဖို့ အသင်းအုပ်ချုပ်သူများ၊ နည်းပြဆရာများ၊ ဆေးမှူးများ၊ အစားအသောက် တာဝန်ခံများ။ အားပေးသူများမှအစ အားကစားသမားများအဆုံး သက်ဆိုင်သူ အားလုံးသည် ပြိုင်ပွဲအစအဆုံး စွမ်းရည်အပြည့်အဝဖြင့် မည်သို့မည်ပုံ အကောင်းဆုံး လုပ်ဆောင်နိုင်ကြမည်ကို အသေးစိတ် စီစဉ်ပြီးမှ ပြိုင်ပွဲဝင်ကြရသည်။ အသင်းခေါင်းဆောင်ကို လိုအပ်သည့်အတိုင်း ပြောင်းလဲသည်။ ပါဝင်ကစားသူတို့ကို ပြောင်းလဲသည်။ နေရာရွှေ့ပြောင်း ကစားစေသည်။ အသင်းဝတ်စုံကိုပင် အရောင်ပြောင်းသင့်က ပြောင်းကြသည်။ ဘောကန်ဖိနပ်များကိုလည်း အသစ်လဲလှယ်ပြီး ကစားကြသည်။

သို့သော် ကျနော်တို့အသင်းတွင် ထိုမျှလောက် ပြင်ဆင်ရန် အချိန်မရှိ၊ အစွမ်းအစ မကောင်း၊ အခြေအနေ မပေးသည်ကို ဝန်ခံရပါမည် ဖြစ်သော်လည်း ဖြစ်နိုင်သမျှ ပြင်ဆင်ပြောင်းလဲမှုတော့ ရှိနေရပေလိမ့်မည်။ 

မည်သို့ပင်ဖြစ်စေ ကျနော်တို့မှာ ဒီတပွဲ နိုင်ကို နိုင်မှ ဖြစ်တော့မည်။ ဒီတပွဲနိုင်လျှင် ချန်ပီယံ ဖြစ်ရန် သေချာသလောက် ရှိနေသည်။ ဒီတပွဲကို အနိုင်ကစားလိုက်နိုင်ခြင်းဖြင့်် အနိုင်ရရှိစေသည့် အကြောင်းရင်းများ ပိုမို ခိုင်မာလာနိုင်စရာ ရှိနေသည်။ အဆိုပါ အကြောင်းရင်းတို့မှာ

  • ရည်မှန်းချက်ကို အပျောက်မခံခြင်း၊
  • စိတ်ဓါတ်ကြံ့ခိုင်မှု၊
  • အသင်းလိုက် ကစားတတ်မှု၊
  • နောက်ဆုံးအချိန်၌ ရှိသမျှ ကိုယ်စွမ်း-ဉာဏ်စွမ်းကို ဖြစ်ညှစ် အသုံးချတတ်မှု၊
  • တတပ်တအား စုရုံးပေါင်းစည်း အားပေးတတ်မှုတို့ပင် ဖြစ်သည်။

ယခုဒီတပွဲ ကျနော်တို့အသင်း အနိုင်ရဖို့မှာ ရုတ်တရက် တန်ပြန်တိုက်စစ်ဆင်၍ အနိုင်ဂိုး သွင်းနိုင်မှသာ ဖြစ်ပါတော့မည်။

ကျနော်တို့ အနိုင်ရအောင် မည်သို့ လုပ်ရမည်နည်း။

တဖက်အသင်းက ကိုယ့်ဂိုးကိုယ်သွင်းပေးမည်ကို စောင့်နေကြမည်လား (သို့) ဒိုင်လူကြီးက ဘက်လိုက်ပြီး ပင်နယ်တီ ပေးလာမည်ကို မျှော်လင့်နေမလား (သို့) တဖက်အသင်းအား ခေါက်ဆွဲစားစေမည်လား။ ဤသည်တို့မှာ ဂုဏ်ယူနိုင်စရာ သိက္ခာရှိရှိ အနိုင်ရခြင်းမျိုး မဟုတ်ပါ။ အားကစားစိတ်ဓါတ်ကို ဖျက်စီးရာရောက်သည့် နည်းလမ်းလည်း ဖြစ်သည်။

ဒါမျိုးနှင့် ကျနော်တို့ အနိုင်မယူလိုပါ။ ကျနော်တို့သည် ထိုက်တန်စွာ အနိုင်ကစားနိုင်စွမ်း ရှိကြောင်း သက်သေပြချင်သည်။  

မယုံမရှိသင့်၊ ကျနော်တို့ တချိန်ချိန်တွင် အနိုင်ဂိုး သွင်းနိုင်ပေလိမ့်မည်။

အဖြေမှာ တန်ပြန်တိုက်စစ်ဆင်သည့် နည်းဗျူဟာကို အသုံးချဖို့နှင့် စောစောက ဖော်ပြခဲ့သည့် အကြောင်းရင်း (၅)ခုကို အခြေခံနိုင်ဖို့ ဖြစ်သည်။

ကျနော်တို့အားလုံး လိုအပ်သလို လေ့ကျင့်ရပါမည်။ ပြင်ဆင်ရပါမည်။ စီစဉ်ရပါမည်။ အကောင်းဆုံး မဟုတ်သည့်တိုင် ဖြစ်နိုင်သမျှ အကောင်းဆုံး အနေအထားဖြင့် ဆက်လက်ယှဉ်ပြိုင်သွားရပါမည်။  

မှတ်ချက်၊  ဘော်လုံးပွဲ နမူနာအတိုင်း ကျနော်တို့ ဒီမိုကရေစီ အင်အားစုများဘက်မှ စနစ်တကျ ပြန်လည်ပြင်ဆင်ရပါတော့မည်။ စနစ်တကျဖြစ်ရန်ဆိုလျှင် ကျနော်တို့ဘက်၌ အလုပ်ဖြစ်နိုင်မည့် ထိပ်တန်းမဟာဗျူဟာ ရှိနေရပါမည်။ ယင်းနှင့်အတူ သက်ဆိုင်ရာကဏ္ဍများအလိုက် မဟာဗျူဟာများ၊  အကောင်အထည်ဖော် လှုပ်ရှားမည့် နည်းဗျူဟာများကိုပါ အသေးစိတ် စီစဉ်ရပါလိမ့်မည်။

လွင်အောင်စိုး

၂၉-၇-၂ဝဝ၈ 

ပုံ ။ ။ ဂိုဂယ် ရုပ်ပုံများမှ

—————————————–

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here