ကိုဘကောင်း ရဲ့ ပီနန် ခရီးသွားသူ ၏ စာအုပ်

                  

ကျွနု်ပ် ဘဝတလျှောက် တက္ကသိုလ် တက်နေစဉ်မှ အစ နိုင်ငံရပ်ခြားသို့ သွားကာ ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်း နေထိုင်နေရသည်က များသည်။ သို့နှင့်အတူ ခရီးသွားလေ့ သွားဖန်ရှိသည်က တကြောင်း နေရာဒေသ မျိုးစုံ၊ တိုင်းတပါးတို့၏ ယဉ်ကျေးမှု အနုပညာ ဘာသာစကား တို့ကို ထဲထဲဝင်ဝင် ရင်းနှီးစွာ လေ့လာခွင့် အခွင့်ထူးတရပ် ရရှိခဲ့သည်။ 

 

 မြန်မာစာလုံး ဝိုင်းဝိုင်းစက်စက် ကလေးများအား ပုံနှိပ်စာအုပ်ပေါ်တွင် မြင်တွေ့ ဖတ်ရှု့ရသည့် အရသာကို ခုံမင်နှစ်သက်သော ကျွနု်ပ်အတွက် ခရီးသွားခြင်းသည် ထိုလေ့လာ မှတ်ရှု့ခဲ့သော စာလုံးလေးများအား မိမိရောက်သည့် နေရာတိုင်းတွင် ပြန်လည် အသက်ဝင်စေလျက် နေရာဒေသ၊ အဆောက်အဦး၊ ဘာသာစကားတို့ကို အစီအရီ ပြန်လည် အညွှန်းတတ်ကာ စိတ်ကူး ဗဟုသုတနှင့် လက်တွေ့မြင်ကွင်းတို့အား ပုံဖေါ်ရသဖြင့် ကြည်နူးပီတီဖြစ်ခြင်း အရသာကို မြိန်ရေ ရှက်ရေ ခံစားရပါတော့သည်။

                     စာဖတ်ခြင်း အနုပညာသည် ကျွနု်ပ် ဘဝရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်သော နေ့စဉ် စားသုံးရသည့် အစားအစာနှင့် သောက်သုံးရသည့် ရေကဲ့သို့ တန်းတူ အရေးကြီးလှပါသည်။ အလွန်ကြီးကျယ် ခမ်းနားသော စာရေးဆရာများ နှင့် ကြီးကျယ် ခမ်းနားမှု မရှိသော စာရေးဆရာများ၏ စာအုပ်များကို ဖတ်ရှု့ရခြင်းသည် ထိုသူတို့နှင့် စကားစမြည် ပြောဆိုရသလိုပင်။ ညစ်ညော် ဟောင်းနွမ်း၍ ဝါကြင့်ကြင့် အရောင်သမ်းကာ ပိုးဥများ၊ ခြများ စားလျှက် ကြွေကျလု မတတ် စာအုပ်အပေါာင်း အမြှင်းများမှ အနံ့အသက်များသည် ကျွနု်ပ်အတွက် ပြင်သစ်ပြည်လုပ် ရေမွေးအနံ့ထက် ပိုမို မွှေးကြိုင်လှပါသည်။ စာရွက်များကို နုနုရွရွ ယုယုယယ တရွက်ခြင်းလှန်ကာ ထူးခြား ဆန်းပြား၍ ကျစ်လစ်သိပ်သည်းသော စကားလုံးလေးများကို တလုံးခြင်း တရွေ့ရွေ့ ဖတ်ရင်း ရင်ခုန်ရသည်မှာလည်း ပီတိဖြစ်စရာပင်။

                    သို့ရာတွင် ကျွနု်ပ်၏ သာလွန်ပြင်းပြသော အတ္တသည် ကိုယ်ဖတ်သည့် စာအုပ်အား အပိုင်ရမှ ဖတ်မည်ဆိုသည့် အတွက် ငယ်စဉ်အခါ ကျောင်းသားဘဝ ပိုက်ဆံ မရှာတတ်သေးသည့် အရွယ်တွင် စာအုပ်ဝယ်ရသည့် အတွက် စားစရာမရှိ အငတ်ဘေးကြံုရသည့် အခါများလည်း မနည်းလှချေ။ လူဆိုသည်က စာဖတ်လာသည့် သက်တမ်းရင့်ကျက် များပြားလာသည်နှင့် အမျှ စာရေးချင်လာလေ့ရှိသည်။ ထို့အတူ မိမိခံစား သိရှိနားလည်လာသော အရာများကိုလည်း စကားလုံးများ အသွင် ကူးပြောင်း၍ စာပေ အနုပညာ တစ်ခုကို ဖန်တီးချင်လာသည်။ ဤသို့ဖြင့် ခရီးသွားခြင်းမှ ရရှိလာသော ဗဟုသုတများ၊ ထိုဘဝခရီးလမ်း တလျှောက်် ဖြတ်သန်းလာခဲ့ရသော ရယ်ရွှင်ဖွယ် ပျော်စရာများ၊ ငိုကြွေးဖွယ် နာကျင်ခြင်းများ၊ လွမ်းမောဖွယ် အဆွေးသောကများ၊ ဆွတ်ပျံ့ဖွယ် ကြည်နူးမှုများ ဖြင့် တည်ဆောက်ထားသော ကျွနု်ပ်အတွက် မှတ်တမ်း၊မှတ်ရာ၊ဖတ်စရာ တခု အနေဖြင့် ရေးသား အုံးမည်ဟု စဉ်းစား ကြံဆမိသည်။

                     ခရီးတခု သွားခြင်းသည် စာအုပ် တထောင် ဖတ်သည်နှင့် ညီမျှသည်ဟု အထက်တန်းကျောင်းသားဘဝ ပထဝီ သင်သည့် ဆရာက ပြောခဲ့ဖူးပါသည်။ သို့ရာတွင် ကျွနု်ပ်သွားခဲ့သော ခရီးများအကြောင်းကို ပြန်ပြောင်း ပြောပြရန် စာအုပ် တထောင်မျှ မရေးနိုင်ပါ။ သို့သော် တတ်နိုင်သလောက် အကျိုးများ၊ အများသူငှာ မှီးငြမ်းနိုင်ရန် ရေးသား ဖော်ပြပါမည်။ ခရီးသွားခြင်းသည် အမြင်ကို ကျယ်စေလျက် အတွေးကို ရှင်းစေပါသည်။ နွားခြေရာခွက်ထဲမှ ဖားသူငယ် ကဲ့သို့သော ကျင်းမြောင်းသည့် အတွေးအမြင်ကို ကွယ်ပျောက်စေလျက် လူအမျိုးမျိုး အထွေထွေ၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယုံကြည်ကိုးကွယ်မှု ဘာသာတရားတို့ ခြားနားစွာ ကမ္ဘာပေါ်တွင် ဖြစ်တည်နေသည်ကို လူသားဆန်ဆန် လူသားထဲက လူသားတယောက် အဖြစ်သာ မြင်ပါသည်။  သို့တည်းအတွက် ကြံုကြိုက်လျှင် ကြံုကြိုက်သလို အပေါင်းအသင်း မိတ်ဆွေများကို၎င်း၊ နိုင်ငံခြားသို့  တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အလမ်း လာရောက်ရှာဖွေရန် ချဉ်းကပ်လာကြသော လူငယ်များကို၎င်း သင့်တော်သော အကြံဉာဏ်ကို ပေးစွမ်းနိုင်ခဲ့ပါသည်။

                     ကျွနု်ပ် မလေးရှားနိုင်ငံသို့ သွားရောက်စဉ်အတွင်း လေ့လာ မှတ်တမ်းတင်ခဲ့ သမျှကို အစပြု၍ လူအများ ဗဟုသုတ ရစေရန် အလို့ငှာ ပြန်လည်း ဖောက်သည်ချ ဝေမျှပါမည်။ တကယ်တော့ ကျွနု်ပ်တို့ မြန်မာများ သည် ဟိုးအရင် ရှေးအခါကတည်းက တရပ်တကျေးသို့ ခရီးသွားကာ အိမ်ယာထူထောင် ယဉ်ကျေးမှုများ ဖလှယ်လေ့ ရှိခဲ့ကြသည်။ မလေးရှားနိုင်ငံသို့ ရေလမ်း၊ကုန်းလမ်း၊ လေကြောင်းလမ်းများ ဖြင့် ဝင်ရောက် ၍ရသည်၊ မြန်မာနိုင်ငံသားများအတွက် မလေးရှား ဗီဇာရှိထားရန် လိုအပ်သလို၊ မိမိ၏ ပတ်စပို့ သက်တမ်းမှာလည်း အနည်းဆုံး ခြောက်လခန့် ရှိထားရန် လိုအပ်သည်။

( စကားမစပ် …….. မြန်မာနိုင်ငံ၏ ပတ်စပို့ သက်တမ်းတိုးသည့် နည်းစနစ်သည် အလွန်ပင် မှားယွင်းနေသည်။ သက်ဆိုင်ရာမှ အသေအချာ လေ့လာ ၍ပြုပြင်ဖို့ လိုအပ်မည် ထင်ပါသည်။ ဥပမာ ပတ်စပို့ သက်တမ်း ငါးလခန့်သာ ရှိသည့် လူတယောက် သက်တမ်း တိုးမည် ဆိုပါက သက်တမ်းအသစ်သည် ထိုငါးလကုန်ဆုံးမည့် နေ့စွဲမှ စတင် တိုးလိုက်သည် မဟုတ်ပဲ သက်တမ်းတိုးရန် လျှောက်သည် နေ့စွဲမှ စတင် တိုးပေးလိုက်သည်။ ထိုသည့်အတွက် ပတ်စပို့ သက်တမ်း ငါးလခန့် နစ်နာ ဆုံရှုံးသွားရပါသည်။ စည်းစနစ်များ နည်းပညာများသုံးလျက် အသေအချာ ပြုပြင်လျှင် ရနိုင်ပါသည်။ စကားချပ်မျှ )

                       မလေးရှားနိုင်ငံ ပီနန်၊ လန်ကာဝီ စသည့် ဆိပ်ကမ်းမြို့များ သို့ ရေလမ်းဖြင့် ကူး၍လာလို့ ရသလို ကွာလမ်လာပူ နိုင်ငံတကာလေဆိပ်သို့ လေယာဉ်ခရီးဖြင့် သွား၍လည်း ရသည်။ ထိုင်းနိုင်ငံ မှတဆင့် မီးရထား စီးလျက် မလေးရှားနိုင်ငံ တလျှောက် ဖြတ်ကာ စင်ကာပူနိုင်ငံအထိ သွား၍လည်း ရသေးသည်။
ကျွနု်ပ် စင်ကာပူနိုင်ငံအတွင်း နေထိုင်စဉ်ကာက၌ စင်ကာပူမှနေ၍ ဘတ်စ်ကားဖြင့် ပီနန်နိုင်ငံသို့ သွားပါသည်။ တညလုံး စီးသွားရသော ခရီးဖြစ်ကာ ကားခ စင်ကာပူ ၄၄-ဒေါ်လာအထိ ပေးရပါသည်၊ သာမန် ခရီးသွားနည်းသည့် ရက်များတွင် ပိုမိုဈေးနည်း ပါလိမ့်မည်။ စင်ကာပူတွင် ဘတ်စ်ကား လက်မှတ်ရောင်းသည် ဆိုင်များ အများအပြားရှိပါသည်။ ထိုင်းဆိုင် အများအပြားရှိသည့် Golden Mile ကုန်တိုက် သို့မဟုတ် မြန်မာ သင်္ဘောသားများ ယခင်က သွားရောက်လေ့ရှိသော China Town ရှိ Peoples’ Park Complex တွင် လက်မှတ်များ ဝယ်ယူရရှိနိုင်ပါသည်။ မလေးရှားသို့ သွားသော ဘတ်စ်ကားများ၏ ထိုင်ခုံများသည် အလွန်ကျယ်ပြန့်ကာ သက်တောင့် သက်သာရှိလှပါသည်။ မိမိဝယ်ယူသော လက်မှတ် အရောင်းဆိုင် Travel Agent ပေါ်မူတည်၍ ခရီးအဆုံး ပီနန်မြို့ မည့်သည့် နေရာတွင် ရပ်မည်နည်းဟု မေးမြန်းဖို့ လိုအပ်ပါသည်။

                      ကျွနု်ုပ်သွားစဉ်က Transtar Travel Agency မှ ဘတ်စ်ကားဖြင့် သွားသည့် အတွက် စင်ကာပူ လာဗန်းဒါး (Lavender) MRTရထားဘူတာရုံနားမှ ည ၉-နာရီတွင် ထွက်သော ဘတ်စ်စကားသည် နောက်တနေ့ မနက် ၈-နာရီခန့်တွင် အရှေ့တောင် အာရှ အရှည်လျားဆုံးသော ပီနန် တံတားကို ဖြတ်ကာ ၉-နာရီခန့်တွင် ပီနန်မြို့ ဆန်ဂိုင်(အိ) နီ့ဘွန် ဘတ်စ် တာမင်နယ်လ်(Sungai Nibong Bus Terminal) တွင် ရပ်ပါသည်။
ကားမထွက်ခင် မိမိတွင် ပါရှိသော အထုပ်များကို ကားဝမ်းဗိုက်အိမ်အထဲ အလျင်းသင့်သလို အခြားလူအများ၏ အထုပ်များနှင့် ရောနှောလျက် မိမိဘာသာ စီရီထည့်ထားရပါသည်။ ကားထွက်သည်ပင် ငြိမ့်ငြိမ့်ညောင်းညောင်း ရှိလှသည်။ ကျယ်ကျယ်ဝန်းဝန်းလည်း ရှိလှသည့် အပြင် အအေးဒါဏ်မခံနိုင်၍ လိုအပ်လျှင် မိမိတို့ ထိုင်သည့် နေရာ အပေါ်တည့်တည့်ရှိ အအေးဓါတ်ပေးထားသော အပေါက်ကို ပိတ်လိုက်လို့ ရသည်။ သို့တည်းမဟုတ် မွန်းကျပ် မနေစေရန် ခပ်ဟဟ အပေါက်ကလေး ဖွင့်ထားလို့ လည်းရပြန်သေးသည်။

                        စင်ကာပူနိုင်ငံ လာဗန်းဒါး(Lavender) MRT မှ ထွက်သည်ပင် ဆိပ်ကမ်း မြင်ကွင်းများကို ဖြတ်သန်းလျှက် တနာရီကျော်ကျော်ခန့် မောင်းပြီးသွားပြီးသည့်နောက် စင်ကာပူ၊ မလေးရှား နယ်စပ်သို့ ရောက်ချေပါတော့သည်။ စင်ကာပူနိုင်ငံ နယ်စပ်မှ အထွက်တွင် ကားပေါ်မှ ဆင်းရကာ စင်ကာပူ လူဝင်မှုကြီးကြပ်ရေး အဆောက်အဦးထဲသို့ လမ်းလျှောက်ဖြတ်သန်းလျှက် စင်ကာပူမှ ထွက်ခွာသွားကြောင်း ပတ်စပို့တွင် တံဆိပ်များ ထု၊ ခြေလက် အညောင်းဆန့် ကိုယ်လက် သန့်စင်လျှက် တဆယ့်ငါးမိနစ်ခန့် အကြာတွင် အသင့် စောင့်နေသော ကားပေါ်သို့ ပြန်တက်ကာ စင်ကာပူမြေမှ လုံးလုံးလျားလျား ထွက်ခွာရသည်။

                        ထိုသို့  စင်္ကာပူမြေမှအထွက် ကွမ်းတညက် မရှိတရှိတွင်ပင် မလေးရှားမြေပေါ်သို့ စတင်ချဉ်းနှင်း ဝင်ရောက်လာကာ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းဖို့အတွက် ကားပေါ်မှ ဆင်းရပြန်သည်။ သည်အကြိမ်တွင် ကားဝမ်းဗိုက်ထဲတွင် ထည့်ထားသော မိမိတို့ အထုပ်အထည်များကိုပါ တပါတည်း ယူဆောင်သွားရသည်။ ကြံုလျှင် ကြံုသလို မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးမည်ဟု ထင်ပါသည်။ မလေးရှားနိုင်ငံသို့ အဝင်တွင် ပါလာသော မလေးရှားဗီဇာနှင့် ပါတ်စပို့ကို ပြရပါသည်။ လည်ပတ်ရန်အတွက် ၁၄-ရက်ခန့် ပြည်ဝင်ခွင့် တံဆိပ်တုံးကို ထုပေးပါသည်။ ထိုမလေးရှား လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းပြီးပါက အသင့်စောင့်နေသော ဆိုင်ရာ ဆိုင်ရာ ဘတ်စ်ကားပေါ်သို့ တက်ကာ ပီနန်ခရီးစဉ်ကို ဆက်ပါတော့သည်။ လမ်းတွင် ကိုယ်လက် သန့်စင်ရန်၊ အညောင်းဆန့်ရန် နှစ်ကြိမ်ခန့် ရပ်နားပေးပါသည်။ စင်ကာပူ မြို့ပြ အဆောက်အဦးများ ကွန်ကရစ်တောများမှ လွန်မြောက်လျှက် မြင်ကွင်းကျယ်များ၊ လူနေအိမ်ခြေ ပုပု သေးသေးများ၊ ရံဖန်ရံခါ မည်းမှောင်နေသော လူနေအိမ်များကို မလေးရှား နိုင်ငံ၏ နယ်မြို့လေးများတွင် စတင်မြင်တွေ့ ရပါတော့သည်။

                        တကယ်တော့ ဟိုအရင် ကနဦး ခရစ်သက္တရာဇ် ၁၈၀၀-ခုနှစ် နောက်ပိုင်း ဝန်းကျင်ခန့်တွင် မြန်မာအများ အပြားသည် မလေးရှားနိုင်ငံ ပီနန်မြို့သို့ ဝင်ရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အများစုသည် ငါးဖမ်းသမားများ ဖြစ်ကြကာ ငါးဖမ်းလှေများ ဖြင့် ဝင်ရောက် နယ်ချဲ့ နေထိုင်ကြသည်။ မြန်မာ အများစုသည် ပုလောတီကပ် (Pulau Tikus) ရှိ ဗမာရွာ (Burmese Village) တွင် စုရုံး နေထိုင်ခဲ့ကြသည်။ ထို့အပြင် ကမ်းရိုးတန်း တလျှောက်တွင်လည်း ငါးဖမ်း အသက်မွေးဝမ်းကျောင်းခြင်းဖြင့် အခြေချ နေထိုင်ကြသေးသည်။

                        ယနေ့ လက်ရှိ ပီနန် ဗုဒ္ဓဘာသာ မြန်မာဘုန်ကြီးကျောင်းဝင်းသည် ခရစ်နှစ် ၁၈၀၃-ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဂျော့ရှ် လေတွန်(George Layton) ဆိုသူထံမှ ညိုညာ ဘီတုံး(Nonia Betong) ဆိုသည့် အမျိုးသမီးက စပိန်ဒေါ်လာ ၃၉၀ ဖြင့် ဝယ်ယူခဲ့သည်။ ကျောင်းတော်ကို တည်ထောင်စက နန္ဒီ မိုးလား(Nanday Moloh Temple) ကျောင်းဟု ခေါ်တွင်ခဲ့သေးသည်။ညိုညာ ဘီတုံး(Nonia Betong), ညိုညာ မီးရပ်(Nonia Meerut), ညိုညာ ကိုလား(Nonia Koloh) နှင့် ညိုညာ ဘူလန်(Nonia Bulan) ဆိုသည့် အမျိုးသမီးလေးဦးမှ စုပေါင်း ၍ တည်ထောင် ကိုးကွယ်ခဲ့ကြသည်။

                        ထို့နောက် မြန်မာများသည် တစစ များပြားလာပြီး ထိုင်းဗုဒ္ဓဘာသာဝင်များနှင့် အတူ ပိုမိုကြီးမားသော ကျောင်းဆောက်လုပ်ရန်နှင့် သင်ချိုင်းမြေဆောက်လုပ်ရန် အတွက် အင်္ဂလန် ဗစ်တိုးရီးယား ဘုရင်မကြီးထံ စာရေး အသနားခံစာ တင်ခဲ့ကြသည်။ ထို့နောက် ဘုရင်မကြီးသည် အရှေ့အိနိ္ဒယကုမ္မဏီမှ တဆင့် မြန်မာနှင့် ထိုင်း ပူပေါင်း၍ ပိုမို ကြီးမားသော ကျောင်းတည်ဆောက်ခွင့် ပြုချက် ရရှိခဲ့ခြင်းဖြစ်သည်။

                        ခရစ်နှစ် ၁၈၄၅-ခုနှစ်အတွင်း မြန်မာဘုန်းကြီးကျောင်းအား ထိန်းသိမ်းစောက်ရှောက် ရသူများမှာ နွန်းမေ(Nong May) နှင့် ဘွန်ခန်း(Bon Khan) တို့ ဖြစ်ကြသည်။ ထိုသူတို့ ကွယ်လွန်သွားသည့် နောက်ပိုင်းတွင် မြန်မာလူမျိုး ကိုပေါင်း(Koo Pao)၊ ဘိုးအို(Poh Oh) နှင့် ချန်ဂရစ်(Chan Gerig) ဆိုသူ သုံးဦးအား ခန့်အပ်ခဲ့ပြန်သည်။  ထို့နောက် ခရစ်နှစ် ၁၉၄၈-ခုနှစ် ဒုတိယကမာ္ဘစစ် ဆဲကာစတွင် ပီနန် တရားရုံးမှ မောင်ဖိုးမင်း၊ မောင်ရွှေနီနှင့် မောင်ရွှေဒုံး တို့အား ဘုရားကျောင်းကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ခန့်အပ်ခဲ့ကြသည်။

ထို ပီနန်မှ မြန်မာ ဘုန်းတော်ကြီး ကျောင်း၊ ကျောင်းထိုင် ဆရာတော်များ ၏ အစဉ်အဆက်မှာ


– ဆရာတော် ဦးနန္ဒမာလာ (ခရစ်နှစ် ၁၈၀၃-၁၈၄၂)
– ဆရာတော် ဦးသုတိ(ခရစ်နှစ် ၁၈၄၂-၁၈၆၅)
– ဆရာတော် ဦးပဥ္စာရ(ခရစ်နှစ် ၁၈၆၅-၁၈၉၇)
– ဆရာတော် ဦးညာနဝါစ(ခရစ်နှစ် ၁၈၉၇-၁၉၂၂)
– ဆရာတော် ဦးဇာဂရ (ခရစ်နှစ် ၁၉၂၂-၁၉၅၇)
– ဆရာတော် ဦးသီမာလ(ခရစ်နှစ် ၁၉၅၇-၁၉၇၂)
– ဆရာတော် ဦးပါရနဝါစ(၁၉၇၂-လက်ရှိ ဆရာတော်)

                        ပီနန်ရှိ မြန်မာများသည် ဗုဒ္ဓဘာသာကို အထူးသက်ဝင် ယုံကြည်ကြသူများလည်း ဖြစ်ကြသည်။ ထိုစဉ် အခါက မြန်မာများသည် ကုန်ပစ္စည်းများ လဲလှယ်ခြင်းဖြင့် ကုန်ကူးသည့် လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသည်။ ထို့အပြင် အချို့သည် ဆေးလိပ်ခုံ၊ သနပ်ဖက်ပွဲရုံ ပိုင်ရှင်များလည်း ဖြစ်ကြသည်။ ပညာတတ်မြန်မာများသည် အစိုးရဋ္ဌာနများတွင် ဝင်ရောက် လုပ်ကိုင်ကြကာ မြေတိုင်းအရာရှိများ၊ မီးရထား ရုံပိုင်များ၊ စာရေး စာချီများလည်း ဖြစ်ကြသည်။ ဆရာဝန်များ လည်း ပါဝင်ကြသည်ဟု သိရပြန်သေးသည်။

                       ပီနန်ရှိ မြန်မာ ဆေးလိပ်ခုံလုပ်ငန်းကို စင်ရော်ကျံုး(Sin Yew Kyong) ဆိုသူက စတင်၍ ခရစ်နှစ် ၁၈၉၀-နှစ် မှ ၁၉၆၁-ခုနှစ် အထိ အစပျိုး လုပ်ကိုင်ခဲ့သည်။ ပီနန်သို့ အသက် တစ်ဆယ့်ခြောက်နှစ် အရွယ်တွင် မြန်မာပြည်မှ ရောက်ရှိကာ ဆေးလိပ်ခုံလုပ်ငန်းကို အမှတ် ၈၊ တာဗွိုင်းလမ်း(Tavoy Road)၊ ပီနန် တွင်တည်ထောင်ခဲ့သည်။  ထိုဆေးလိပ်ကုမ္မဏီမှှ ၁၉၃၀-ခုနှစ်ဝန်းကျင်တွင် မြန်မာ ဆေးလိပ်သမ အယောက် သုံးရာနီးပါး ခန့်အပ် အလုပ်ပေးနိုင်ခဲ့သည်။ ထို့နောက် စင်ရော်ကျံုးသည် သူ၏ ဆေးလိပ်အရောင်းဆိုင်ကို အမှတ် ၂၂၊ ပရမ်ဂျင် လိန်း၊ ပီနန် (22, Prangin Lane, Penang) သို့ ပြောင်းရွှေ့ဖွင့်လှစ်လျက်၊ ဆေးလိပ် လိပ်သည့် ရုံကို အမှတ် ၁၉၊ အီစတန် လမ်း၊ တိုင်ပင်း၊ ပီရက် (19, Eastern Road, Taiping, Perak) သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုဆေးလိပ်ရုံကို စင်ရော်ကျံုး၏ သားနှစ်ယောက်ဖြစ်သူ စင်ဟော်လုံး(Sin Hock Leong) နှင့် စင်တိုင်ဟို(Sin Tien Ho) တို့က ဦးစီးခဲ့သည်။  ဆေးလိပ်ခုံလုပ်ငန်းတွင် လုပ်ကိုင်နေကြသော မြန်မာမိန်းကလေးအများစုသည် တရုတ်လူမျိုးအခြေချ ဝင်ရောက်လာကြသူများနှင့် အိမ်ထောက်ရက်သား ကျသွားကြလေ့ရှိသည်ဟု သိရှိရပြန်သည်။ ထိုကဲ့သို့ လူမျိုးခြားများ နှင့် အိမ်ထောင်ကျကြရခြင်းဖြင့် ပီနန်ရှိ မြန်မာများသည် အခြားလူမျိုးစုများ နှင့် ပေါင်းစည်း သွားကြပြန်သေးသည်။

အောက်ပါ ဖေါ်ပြမည့် အကြောင်းအရာများသည် ပီနန်ရှိ ဒါတိုမေရီ ဂျေ ရစ်ချီ(Dato’ Mary J. Ritchie) ဆိုသူ၏ ပြောကြားချက်များ ဖြစ်ပါသည်။


                        ကျွန်တော့် အဖွားက မညို(၁၈၄၀-၁၉၂၁)  မြန်မာပြည်ကနေ ပီနန်ကို လာခဲ့တာပါ။ ပြီးတော့ ဒီပီနန်မှာပဲ ကျောက်မျက်ရတနာ လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။ ကျွန်တော့် အဖေ မောင်ရွှေဒုံး က ကုန်သည်ပါ။ ဘယဆေးဝါးနဲ့ စက်ဘီးတွေရောင်းတဲ့ လုပ်ငန်းကို လုပ်ခဲ့တယ်။ သူဟာ တေးဂီတကို အလွန်တရာ မြတ်နိူးပြီးတော့ လူမှုရေး လုပ်ငန်းတွေမှာလဲ တက်တက်ကြွကြွပါဝင် ဆောင်ရွက်ခဲ့သေးတယ်။ ကျွန်တော့် အမေ မက် အစ် ချန်ရတ်ဗီရုတ်(Meh Itt Chanradvirode) ကတော့ ထိုင်းနိုင်ငံ ဖူးခက်(Phuket) သူပါ။ သူမဟာ ရိုးရာ ဆေးဝါးနဲ့ ဆေးကုသခြင်း လုပ်ငန်းတွေကို အလွန်တက်ကြွစွာ လုပ်ဆောင် တတ်ကြွမ်းတယ်။ ကျွန်တော့် မှာ မောင်နှမ မွေးချင်း ဆယ်ယောက်ရှိပြီး်။ ညီအစ်ကို ခုနစ်ယောက်၊ မွေးချင်းမောင်နှမ မိန်းကလေး သုံးယောက်ရှိတယ်။ အစ်မအကြီးဆုံးက မစန်းရင်လို့ ခေါ်တယ်။ အစ်ကို အကြီးဆုံးကတော့ မောင်ဆောင်းစန် လို့ ခေါ်ပါတယ်။ ဦးလေး မောင်ရွှေတီ ကတော့ မြေတိုင်းစာရေးပါ။ သူကတော့ အလုပ်ကအနားယူပြီး တိုင်ပေ(Taiping) မှာ နေပါတယ်။ ကျွန်တော့် အဒေါ်ကတော့ မမယ်မိပါ။   ဒီလို မြန်မာနွယ်ဖွားတွေ ပီနန်မှာ ပြန်ပြောင်း ပြောပြတာကို ၀ိုးတဝါးတွေးထင်ယင်း ……………. ။

                        ပီနန်သို့ အဝင် မနက် ဝေလီဝေလင်း အလင်းမှိန်မှိန်ပြပြကို ကားပေါ်မှာ နိုးတဝက် အိပ်ပျော်ရင်း ဆင်းမဲ့နေရာကို မသိလိုက် မသိဘာသာ လွန်မြောက်ခဲ့ လေတော့သည်။ ပီနန်တံတားကို ဖြတ်တော့ မနက် စင်စင်လင်းလို့ အရာရာအားလုံး ထင်ထင်မြင်မြင် ရှိနေပြီး။ အချိန်ကိုကြည့်လိုက်တော့ မနက် ၈-နာရီ ကျော်ကျော်ခန့်မျှသာ။

 

အယ်ဒီတာ အမှာ       ဘလော့ဂ်ဂါ ကိုဘကောင်းရဲ့ ပီနန်သွား ဆောင်းပါးကို မူရင်း မပျက်ရလေအောင်                                     အနည်းငယ်မျှသာ ပြုပြင်၍ ပြန်လည် တင်ပြပါသည်။

တာဝန်ခံ အယ်ဒီတာ (လူထုအသံ)

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here