ဧရာဝတီ မှသည် ကျောက်ဖရား သို့ { ဆဋ္ဌမပိုင်း }

 

မိတ်ဆွေသစ် များနှင့်တွေ့

            ၂၅-၇-၁၉၉၁ ထိုနေ့ နံနက် ၁၀ နာရီတွင် ၀ပ်ထာ့မအိုးကျောင်းတိုက်မှ ဦးဝါသေဋ္ဌာဘိ၀ံသ မိမိကို ခေါ်ရန် ရောက်လာပြီး ထိုကျောင်းမှာပင် နေ့ဆွမ်း ဘုဉ်းပေးကြသည်၊ တပါးနှင့်တပါး အလွန်ရင်းနှီးမှု ရှိကြသည်ကို တွေ့ရသောအခါ ခပ်တည်တည်ကြီး နေလေ့ရှိသော မိမိအဖို့ အလွန်မအင်တန်မှကို အံ့ေဩာ ၀မ်းမြောက်မိလေသည်။

 

မိမိမှာ ဘဝပေး အခြေအနေအရ သိပ်ဟက်ဟက် ပက်ပက် နေလေ့မရှိပေ၊ ထိုသည်ကပင် မိမိ၏အဓိက အားနည်းချက်ဖြစ်နေပေရာ ထိုအချက်ကို သိသော်လည်း မွေးရာပါ ဖြစ်နေသည့်အတွက် ပြင်လို့မရတော့ပေ၊ နေ့လည် ၁း၄၅ နာရီတွင် မိမိနေထိုင်ရမည့် ၀ပ်ပါဖန်ကျောင်းမှ ဦးတေဇနိယာဘိ၀ံသ ရောက်လာကာ ထိိုကျောင်းမှာပင် အချိန်ကုန်ကြလေသည်၊ ထိုနေ့ည (၉)နာရီတွင် ၀ပ်စီလောင်းမင်းမှ ၀ပ်ထာ့မအိုးသို့ ထွက်ခဲ့ကြပြီး ထာ့မအိုးဆရာတော်ကြီးအား နောက်တနေ့ နံနက်မှ ကန်တော့မည်ဟုဆိုကာ ဦးဝါသေဋ္ဌ အခန်းထဲမှာပင် အိပ်ရန်နေရာ ပြင်ပေးထားပါသည်၊ ကျောင်းမှာ သစ်သားကျောင်းဖြစ်ပြီး ပြတင်းပေါက်များကို ခြင်လုံသံဇကာများဖြင့် ကာရံထားလေသည်၊ အိပ်ယာမဝင်ခင် ဦးဝါသေဋ္ဌမှ အချိန်ရှိသေးသည်ဆိုကာ ထာ့မအိုးဆရာတော်ကြီးအား သွားရောက် ကန်တော့ရန် မိမိအား ခေါ်ဆောင်သွားပါတော့သည်၊ မိမိသည် ဆရာတော်ကြီးအား ကန်တော့ရန် ဗမာကတ္တီပါ ဘိနပ်တစ်ရံ၊ ထီး(၃)လက်၊ မိမိရေးသားသည့် “ဧရာဝတီမှသည် ဂင်္ဂါ၊ ဟိမဝန္တာသို့” စာအုပ်နှင့် ဦးဂမ္ဘီရဗုဒ္ဓိ ရေးသားသည့် “ မဇ္ဇိမဒေသ လမ်းညွှန်” စာအုပ်တို့ကို ဆက်ကပ်လိုက်ပါသည်၊ ဆရာတော်က လာရင်းအကြောင်းကို အနည်းငယ်မေးမြန်း ပြီးနောက် နောက်နေ့ကျမှ စကားပြောကြတာပေါ့ ကိုယ်တော်ဟု ပြောသဖြင့် မိမိနှင့် ဦးဝါသေဋ္ဌတို့ ဆရာတော်ကြီးအဆောင်မှ ပြန်လာခဲ့ကြကာ စကားစမြည် ဆက်လက်ပြောကြသည်၊ ဦးဝါသေဋ္ဌက မိမိအား သီလကက္ခန္ဓ အဋ္ဌကထာထဲမှ စာပိုဒ်အချို့အား မေးမြန်းသဖြင့် ပြန်လည်ဖြေဆိုလိုက်ပါသေး၏၊ အဆောင်တွင် အိပ်ရသည်မှာ သက်တောင့်သက်သာ ရှိလှပြီး စိတ်ချမ်းသာမှု ကိုလဲရသဖြင့် ချက်ခြင်းပင် အိပ်ပျော် သွားလေပါတော့သည်။           

 

ထာ့မအိုးကျောင်းတိုက်က ပထမဆုံးဆွမ်း

            ၂၆-၇-၁၉၉၁ နေ့ (ဒုတိယဝါဆိုလပြည့်နေ့) နံနက် ၄း၃၀ နာရီတွင် အိပ်ယာမှထကြရပြီး (၅)နာရီတွင် ဆရာတော်ကြီးနှင့်အတူ ကြက်သားဆန်ပြုတ် သောက်ကြရသည်၊ ဆန်ပြုတ်မှာ သောက်လို့ အလွန်အရသာ ရှိလှပြီး စည်းကမ်းအလွန်ကြီးသော ဆရာတော်ကြီးရှေ့တွင် သတိထား၍ သောက်ရသည်မှာလည်း အရသာ တမျိုးပင်ဖြစ်ပေတော့သည်၊ ထိုဆန်ပြုတ်သည် ထာ့မအိုးကျောင်း တိုက်၏ ပင်တိုင်ဆန်ပြုတ်ဖြစ်ကာ ကျောင်းရှိ သာမဏေများက ချက်ပြုတ်ကြသည်ဟု ဦးဝါသေဋ္ဌမှ ရှင်းပြပါသည်၊ ဆန်ပြုတ် သောက်ပြီးကြသောအခါ ဆရာတော်ကြီးအဆောင်သို့ လိုက်သွားကာ ဆရာတော်ကြီးနှင့် စကားပြောရသည်၊ ဆရာတော်ကြီးမှာ စလေဇာတိဖြစ်ပြီး ဆဋ္ဌသံဃာယနာ တင်ပွဲအပြီးတွင် ယိုးဒယားနိုင်ငံတွင် သာသနာပြု ရဟန်းတော်များ စေလွှတ်ပေးပါရန် ယိုးဒယားအစိုးရ၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံတော် အစိုးရက တာဝန်ခံ စေလွှတ်လိုက်သော သာသနာပြု မစ်ရှင်(၆)ပါးတွင် တပါးအပါအဝင် ဖြစ်ကြောင်း ဆရာတော်ကြီးက အမိန့်ရှိပါသည်၊ ပထမတွင် ယိုးဒယားနိုင်ငံ (ထိုင်းနိုင်ငံ)အလယ်ပိုင်း တွင်ရှိသော နခွန်စဝမ်မြို့ သုဗောဓာရုံ ကျောင်းတိုက်တွင် အခြားဆရာတော် တပါးနှင့်အတူ ထိုင်းသံဃာတော်များအား ပါဠိစာပေများပို့ချခြင်း တာဝန်ကို ဆောင်ရွက်နေ ခဲ့ပြီးနောက် ယ္ခုသီတင်း သုံးလျက်ရှိသော ထာ့မအိုးကျောင်းတိုက်သို့ နောင်မှ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ထပ်မံ၍ အမိန့်ရှိပါသည်။  

၀ပ်စီလောင်မင်း ကျောင်းတိုက်

            နံနက်(၁၀း၃၀)တွင် နေ့ဆွမ်းစားရသည်၊ ဆွမ်းစားရာ၌ပင် ဆရာတော်ကြီးသည် အလွန်စည်းကမ်းကြီးလှပြီး ပါးစပ်မှ အသံမမြည်ရ၊ ဟင်းချိုသောက်ရာတွင် ခပ်သည့်ဇွန်းနှင့် တိုက်ရိုက််မ သောက်ရပဲ ထိုဇွန်းမှတဆင့် မိမိပုဂံထဲရှိ ဇွန်းထဲသို့ တဆင့်ထည့်ပြီးမှ သောက်ရသည်၊ ပြီးတော့ ဆွမ်းစားစဉ် လုံးဝ စကားမပြောရပါ၊ ထို့ကြောင့် ဆွမ်းစားသည့်အချိန်တွင် အားလုံး တိတ်ဆိတ်နေပြီး       ကြည်ညိုဖွယ်ရာ အတိ ဖြစ်နေပါတော့၏၊ ဆွမ်းသည် ဆံလုံးရှည်ကာ ဖြူဖွေးနေပြီး မွှေးကြိုင်သင်းပျံ့သော အရသာ ရှိသဖြင့် စားလို့မြိန်လှပါသည်၊ ထိုင်းတနိုင်ငံလုံး စားသောဆန်မှာ တပြေးညီဖြစ်ပေသည်၊ မိမိသည် ဆွမ်းစားရင်းမှာပင် ဇာတ်တော်တခုကို အမှတ်ရမိနေပါသေး၏။

 

တရားစောင့်သောမင်း စူးစမ်းပုံ

            လွန်လေပြီးသောအခါက ဗာရာဏသီပြည်တွင် တရားသဖြင့် စိုးစံလျက်ရှိသော မင်းတပါး သည် မိမိ၏ တိုင်းပြည်တွင်းတွင် မိမိအုပ်ချုပ်ပုံ တရားနှင့်ညီညွတ် မညီညွတ် သိလိုသဖြင့် ရုုပ်ဖျက်ကာ ပြည်သူလူထု အတွင်းသို့ ၀င်ရောက်ပြီး ကိုယ်တိုင်ကိုယ်ကျ စုံစမ်းလေသည်၊ တွေ့သမျှ လူတိုင်းကိုလည်း နေရထိုင်ရတာ ချမ်းသာမှု ရှိကြပါရဲ့လား? စပါး၊ ဆန်ရေများ ပေါများပါရဲ့လား? အစရှိသည်ဖြင့် မေးမြန်း စုံစမ်းသောအခါ လူအားလုံးကပင် တိုင်းပြည်အုပ်ချုပ်သော ရှင်ဘုရင်က တရားစောင့်သဖြင့် မိုးလေဝသ မှန်ကန်ပြီး လယ်ယာချောင်းမြောင်း လုပ်ကိုင်ကောင်းသဖြင့် စပါးဆန်ရေ ပေါများ ပါကြောင်း၊ အလှူရေစက် လက်နှင့်မကွာ လူအများ ချမ်းသာစွာ နေရသည်ကို မြင်ရသဖြင့် “ငါ၏ အုပ်ချုပ်ခြင်းသည် တရားနှင့် ညီညွတ်သည်မှာ မှန်ပေ၏၊  ပြည်သူ၊ ပြည်သား တို့သည်လည်း ပျော်ရွှင်ချမ်းမြေ့စွာ နေကြရပေ၏၊ ပြည်တွင်းမှာတော့ ငါ၏ အုပ်ချုပ်ပုံသည် တရားနှင့်ညီညွတ်ကြောင်း ထင်ရှားသည်ကို သိရပေပြီ၊ တောတွင်းမှာကော ငါ၏ အုပ်ချုပ်ပုံ တရားမျှတမှု ရှိ မရှိ မသိရလေသေး! ဘယ်လိုလဲ သိရအောင်ဆိုပြီးတော့ တနေ့ ရုပ်ဖျက်၍ မုဆိုးယောင်ဆောင်ကာ တဦးတည်း တောတောင် ထူထပ်ရာသို့ လှည့်လည်စုံစမ်းခဲ့ရာမှ ဟိမဝန္တာရှိ တောနေ ရသေ့တပါး၏ကျောင်း သင်္ခန်းသို့ ရောက်ရှိသွားလေသည်။ 

     

            မုဆိုးယောင် ဆောင်ထားသော ရှင်ဘုရင်ကို ရသေ့ကြီးက သူ့တွင်ရှိသော သောက်ရေ၊ သစ် သီးမျိုးစုံတို့ဖြင့် ကျွှေးမွေးဧည့်ခံရာ ရှင်ဘုရင်ကြီးသည် မြိန်ရှက်စွာဖြင့် သုံးဆောင်လေသည်၊ သုံး ဆောင်ပြီးသောအခါ “အရှင်ဘုရား သောက်ရေကလဲ ကြည်မြချိုအေးပြီး အရသာရှိသလို ဟောဒီ သပြေသီးနှင့် သရက်သီး၊ ငှက်ပျောသီး၊ ဇီးသီးနဲ့ အခြားအသီးတွေကလဲ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ အရသာ အလွန်ရှိလှပါတယ် ဘုရား။ ဒါကြောင် ့အရှင်ဘုရားကို ကျေးဇူး တင်လှပါတယ် ဘုရား”  ဟု လျှောက်ထားလိုက် လေသည်၊ ထိုအခါ ရသေ့ကြီးက “ချိုဆို မုဆိုးကြီးတို့ တိုင်းပြည်မှာ အုပ်ချုပ်နေတဲ့ ရှင်ဘုရင်က မင်းကျင့်တရား ဆယ်ပါးနှင့် အုပ်ချုပ်တယ်၊ တိုင်းသူပြည်သားတွေကို ကျောသား၊ ရင်သား မခွဲခြားပဲ ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်တော့ မိုးသုံးပါး မှန်ကန််ပြီး ရာသီဥတု သာယာကောင်းမွန်တယ်၊ ရာသီဥတု သာယာကောင်းမွန်တော့ ဆန်ရေ၊ စပါးပေါများတယ်၊  ထွက်သမျှ အသီးအနှံတွေကလဲ အဟာရဓါတ် အပြည့်ပါတယ်၊  အဟာရဓါတ် အပြည့်ပါတဲ့ အသီးအနှံတွေကို စားရတော့ ချိုမြ၊အေးဆိမ့်တဲ့ အရသာကို ခံစားရတာပေါ့၊ ထွက်လာသမျှ ရေတွေကလဲ ကြည်လင်ပြီး ချိုမြအေးဆိမ့်တဲ့ အရသာကိုပဲ ဆောင်ပြန်တော့တာပေါ့ မုဆိုးကြီး၊ ပြီးတော့ တောတွင်းနေ သတ္တဝါတွေလဲ အသီးအနှံ ကောင်းတွေစားကြရတော့ အချင်းချင်း တိုက်ခိိုက်မှုတွေ မရှိတော့ပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေကြရတာ ကျုပ်ရသေ့ အမြင်ပါပဲ၊ အဲဒီအတွက် ကျုပ်ရသေ့ကို ကျေးဇူးမတင်နဲ့၊  တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ရှင်ဘုရင်ကြီးကိုပဲ ကျေးဇူးတင် မေတ္တာပို့ရမယ် မုဆိုးကြီး”  လို့ ပြန်လည်အမိန့် ရှိလိုက်သတဲ့။

 

 အဲဒီ အခါမှာ မုဆိုးယောင်ဆောင်ထားတဲ့ ရှင်ဘုရင်ကြီးဟာ သူအုပ်ချုပ်နေတာ တရားနှင့် အညီဖြစ်      ကြောင်းရသေ့ကြီးထံမှ နားနဲ့ဆတ်ဆတ် ကြားလိုက်ရတဲ့အခါမှာ အလွန်မတန်မှကို ကျေနပ်ဝမ်း မြောက်သွားသတဲ့၊ ပြီးတော့ တရားနဲ့ အုပ်ချုပ်ခြင်းကြောင့် မိုးလေဝသ မှန်ကန်ပြီး သတ္တဝါတွေအားလုံး ချမ်းချမ်းသာသာနဲ့ နေရတယ် ဆိုတာကိုလဲ တော်တော် သဘောကျသွားတဲ့၊ ဒါပေမဲ့ သူဟာ ရှင်ဘုရင်ဖြစ်ကြောင်းကိုတော့ မပြောခဲ့ပဲနဲ့ ရသေ့ကြီးကို နှုတ်ဆက်ကန်တော့ပြီး ပြန်မလို့ လုပ်တဲ့အခါ ရသေ့ကြီးက “မုဆိုးကြီး နောက်တခါ လမ်းကြံုခဲ့ရင်လဲ ၀င်ခဲ့ပါအုံုး’” လို့ ဖိတ်လိုက်သေးသတဲ့။    

 

            ရှင်ဘုရင်ကြီးဟာ သူ့တိုင်းပြည်ကို ပြန်ရောက်တဲ့အခါ “အင်း … တရားနဲ့အညီ အုပ်ချုပ်ခြင်း ရဲ့ အကျိုးကျေးဇူးကို တော့သိရပြီ၊ တောတွင်းကရော မြို့တွင်းကပါ တညီတညွတ်ထဲ ပြောကြတယ်၊ ခုတခါ မင်းကျင့်တရား ဆယ်ပါးကိုဖောက်ဖျက်ပြီး အုပ်ချုပ်ကြည့်အုံးမယ်”  ဆိုပြီးတော့ ပြောင်းတိ ပြောင်းပြန် ဇောက်ထိုးမိုးမျှော် ဥပဒေတွေ ထုတ်ပြီးတော့ အုပ်ချုပ်ကြည့်သတဲ့။

ဦးငွေဇင်နှင့် မိသားစု ဆောက်လုပ်လှူဒါန်းခဲ့သော အာရုံခံ တန်ဆောင်း

   

ဒီနေရာမှာ ပုံပြင်တခုပြောပြချင်သေးတယ်၊ လယ်တီဆရာတော် ဦးဝိလာသ ဟောခဲ့တဲ့ “ဗျိုင်းနားမင်္ဂလာတို့၊ သံကွင်းစွပ်တရားတို့၊ နာဖူးကြတယ် မဟုတ်လား၊ အဲဒီ တရားထဲမှာ မာစီဒီး စီးနေတဲ့သူကို မင်းဟာ မာစီဒီးစီးနေတာ ကြာပြီ၊ အခု လယ်ထဲဆင်းပြီး လယ်လုပ်၊ လယ်သမား စီးတဲ့လှည်းကြမ်းကို စီးရမယ်၊ လယ်သမားကိုတော့ မောင်မင်း စီးတဲ့ မာစီဒီးကို ရမယ်၊ တိုက်ကြီးနဲ့ နေတဲ့သူတွေကိုလဲ မောင်မင်းများ တိုက်ကြီးနဲ့ နေတာကြာပြီ၊ လမ်းဘေးက ဆင်းရဲသားကိုပေးလိုက်၊ မောင်မင်းများက တဲစုပ်ထဲမှာ ပဲပြုတ်ကို စားပြီးနေကြလို့ အမိန့်ပေးခဲ့တယ်လေ၊ ဆိုက်ကားသမားက တရားသူကြီးဖြစ်၊ တရားသူကြီးက ဆိုက်ကားသမားဖြစ်၊ အရက်သမားက ပညာရှိဖြစ်၊ ပညာရှိက အရက်သမားကျွန်ဖြစ်နဲ့ တိုင်းပြည် ကမောက်ကမတွေ ဖြစ်လာတဲ့အခါ ပညာရှိမှူးမတ်တွေ တိုင်ပင်ပြီး ဒီရှင်ဘုရင်ကိုတော့ ဆုံးမ မှရတော့မယ် ဆိုပြီး သံကြိုးကွင်းကြီး တခုလုပ်ကြပြီးတော့ ရှင်ဘုရင်ကြီးရဲ့ ရှေ့တော်မှာ မှူးကြီး မတ်ကြီးတွေ သံကြိုးကွင်းကြီးကို သူအရင်စွပ်မယ်၊ ငါအရင်် စွပ်မယ်နဲ့ လုကြသတဲ့၊ အဲဒါကိုမြင်တဲ့ ရှင်ဘုရင်ကြီးက “ သယ်…. မောင်မင်းများ ဒီသံကြိုးကွင်းကြီးက ဘယ်လောက်တောင် တန်ဖိုးရှိလို့ လုနေကြရတာလဲလို့ ရာဇမာန်နဲ့ မေးလိုက်သတဲ့၊ အဲဒီအခါ အမတ်ကြီးတွေက “အရှုင်မင်းမြတ်- ဒီသံကြိုးကွင်းဟာ အဖိုးတန်ပါသော်ကော ဘုရား၊  ဒီသံကြိုးကွင်းနဲ့ လည်ပင်းကို စွပ်လိုက်တဲ့လူဟာ ဒါန၊ သီလ၊ ဘာဝနာတွေ လုပ်စရာမလိုပဲနဲ့ နတ်ပြည်ကို အရှင် လတ်လတ် ရောက်ပါတယ်ဘုရား။ ဒါကြောင့် ကျွန်တော်မျိုးများ လုနေရကြောင်းပါ” ဆိုတော့ ရှင်ဘုရင်ကြီးက “ အောင်မာ အမတ်မင်းကြီးများက ကောင်းတာလေးကြတော့ သူတို့က လက်ဦးအောင်ယူကြ မယ်ပေါ့လေ။ ဘယ်ရမလဲ အမတ်ကြီးများရဲ့ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်သည်သာ အကောင်းဆိုယင် ပထမဖြစ်ရမှာပေါ့၊ ကိုင်း ! ဒီလောက် တန်းဖိုးရှိလှပြီး နတ်ပြည်ကို အရှင်လတ်လတ် ရောက်နိုင်တဲ့ သံကြိုးကွင်းကို ငါ့ပေးကြဆိုပြီးတော့ စင်မှာဆွဲထားတဲ့ သံကြိုးကွင်းကိုယူပြီး သူ့ခေါင်းကိုစွပ် လိုက်သတဲ့။ စွပ်လိုက်တာနဲ့ တပြိုင်နက် “ အမတ်ကြီးများ ငါကိုယ်တော်မြတ် နတ်ပြည်ကို အရှင်လတ်လတ် ရောက်ချင်လှပြီ၊ သံကြိုးကို ဆွဲချလိုက်ကြပေတော့” လို့ပြောတာနဲ့ တပြိုင်နက် အမတ်များက တညီတညွတ်ထဲ သံကြိုးကွင်းကို ဆွဲလိုက်တဲ့အခါမှာ ရှင်ဘုရင်ကြီး နတ်ရွာစံ ကံတော်ကုန် သွားတော်မူရှာ သတဲ့။          

 

အခုလဲ ရှင်ဘုရင်ကြီးက သူတော်ကောင်းဖြစ်ပေမဲ့ တရားနဲ့အညီ မအုပ်ချုပ်ရင် ဘယ်လိုဖြစ် တယ်ဆိုတာ သိချင်လို့ လုပ်တာပါ။ ဗျိုင်းနား ရှင်ဘုုရင်လိုတော့ လူယုတ်မာ မဟုတ်ပါဘူး၊ သူအဲဒီလိို အုပ်ချုပ်ကြည့်လိုက်တော့ ရွာနေကျမိုးလဲ မရွာတော့ဘူး။ မိုးမှန်မှန်မရွာတော့ အသီးအနှံတွေ မအောင်မြင်။ မအောင်မြင်တော့ လူတွေ။ တိရစာ္ဆန်တွေ အစာရေစာငတ်ပြတ်ကြပြီး ငတ်မွတ်ခေါင်း ပါးမှုလို့ခေါ်တဲ့ ဒုဗိ္ဘက္ခနရ္တ ကပ်ဆိုတာ ဖြစ်လာတော့တာပဲ၊ ဒုဗိ္ဘက္ခနရ္တ ကပ်ဆိုက်လာပြီဆိုရင် လောဘ ကြောင့်ဖြစ်တဲ့ အစာအာဟာရ ရလိုမှုတွေကို အရင်းခံပြီး ဒေါသတွေရောပါလာကာ သတ္ထန္တရကပ် လို့ခေါ်တဲ့ လက်နက်နဲ့ သတ်ကြဖြတ်ကြတဲ့ တိုက်ပွဲခိုက်ပွဲတွေ အထိဖြစ်လာနိုင်တယ်၊  အဲဒီသတ္ထန္တရကပ် ဆိုက်လာပြီဆိုပါတော့၊ နောက်ဆက်တွဲအနေနဲ့ ရောဂန္တရကပ်ဆိုတဲ့ ရောဂါအန္တရာယ် အမျိုးမျိုးဖြစ်ပွား တဲ့ ဘေးကြီး ဆိုက်ရောက်လာပြီးတော့ အားလုံးဟာ ပျက်စီးကြရတော့တာပဲတဲ့။   

 

အခုလဲ အထက်ကပြောခဲ့သလိုပါပဲ ရှင်ဘုရင်ကြီးအနေနဲ့ တိုင်းပြည်ကို မတရားတဲ့နည်းနဲ့ အုပ်ချုပ်ကြည့်လိုက်တဲ့အခါ တိုင်းပြည်တွင်းမှာ ဆူပူကုန်သတဲ့၊ ဒါနဲ့ ငါ၏ဥပဒေပြောင်းအုပ်ချုပ်      ကြည့်တာ ဘယ်လိုနေသလဲ သိရအောင်ဆိုပြီးတော့ အရင်တုံးကလိုပဲ ရုပ်ဖျက်ပြီးတော့ တိုင်းပြည်တွင်းမှာ စုံစမ်းကြည့်ပြန်သတဲ့၊ အဲဒီအခါမှာတော့ အရင်တခါကလို ပြည်သူ ပြည်သားတွေဟာ ချမ်းချမ်းသာသာ မရှိတော့ပဲ အိမ်ခေါင်မိုး မိုးမလုံတဲ့ဒါဏ််ကို အလူးအလဲခံနေကြရပြီးတော့ တိုင်းပြည်အုပ်ချုပ်တဲ့ ရှင်ဘုရင်ကိုလဲ နေရာတကာမှာ အ,မနာပ ပြောဆိုကာ ဆဲရေး တိုင်းထွာနေကြတာ ကိုမြင်ခဲ့ရသတဲ့၊ ဒါနဲ့ တိုင်းပြည်တွင်းမှာတော့ အခြေအနေမှန်ကို သိရပြီ။ တိုင်းပြည်ပြင်ပဖြစ်တဲ့ တောထဲမှာကော ဘယ်လိုလဲ သိရအောင်ဆိုပြီးတော့ တဖန်ရုပ်ဖျက်ပြီး တောထဲကိုတယောက်ထဲ မုဆိုးအသွင်နဲ့ တခါထွက် သွားပြန်သတဲ့၊ တောတောင်ပတ်ဝန်းကျင် ရှုခင်းတွေဟာ အရင်တခေါက်တုံးကလို သာသာယာယာ မရှိတော့ပဲ အားလုံးဟာ ခြောက်သွေ့ပြီး တိရစာ္ဆန်တွေကအစ ညှိုးညှိုးငယ်ငယ်နဲ့ ဖြစ်နေတာကို တွေ့ရပါသတဲ့၊ ဒီလိုသွားရင်းနဲ့ ရသေ့ကြီးရဲ့ သင်္ခန်းကျောင်းကို တခါရောက်သွားပြန်ပါ တယ်၊ ဒီတခါမှာလဲရသေ့ကြီးက  “ေဩာ် … မုဆိုးကြီး တခေါက်ပြန် ရောက်လာပြန်ပကိုး၊ ဘယ်နှယ့်လဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိပါရဲ့လားမုဆိုးကြီး” လို့နှုတ်ဆက်လိုက်သတဲ့။ 

 

မုဆိုးကြီး          ။“မှန်ပါ ကျန်းမာကြောင်းပါ အရှင်ဘုရား၊ ဒါနဲ့ အရှင်ဘုရားကော ဘုရား။ အရှင် ဘုရားကိုကြည့်ရတာ နဲနဲပိန်သွားသလိုပါပဲ ဘုရား၊”  

ရသေ့ကြီး         ။“ဟုတ်တယ်တကာ…… ကဲ … ရော့ ဟောဒီရေ အေးအေးလေးကို အမောပြေသောက် လိုက်ပါအုံး။ ပြီးတော့ ဟောဒီမှာ သပြေသီးမှည့်။ ပိန္နဲသီး။ ငှက်ပျောသီးနဲ့ ကတွတ် သီးတွေကိုလဲ သုံးဆောင်လိုက်ပါအုံး။ ပြီးတော့မှ စကားပြော ကြတာပေါ့” ဆိုပြီးမုဆိုးကြီး ရှေ့ကိုချပေးသတဲ့။

            မုဆိုးကြီးလဲ ဆာဆာနဲ့ သစ်သီးတွေကိုစားပြီး ရေကိုသောက်လိုက်တဲ့အခါ ရေဟာ အရင် တခေါက်တုံးကလို အေးမြချိုကြည်မနေပဲ အရသာလဲ ပေါ့တော့တော့နဲ့ ဖြစ်နေသတဲ့။ တခါသစ်သီး တွေကို စားလိုက်ပြန်တော့လဲ အရသာလုံးဝမရှိပဲ အားလုံးဟာ ပေါ့ရွှတ်ရွှတ်နဲ့ သစ်ခေါက်တွေကို ၀ါးနေရသလိုပဲတဲ့၊ ဒါနဲ့ မုဆိုးကြီးက – “အရှင်ဘုရား ရေကလဲ မချိုမအေး။ သစ်သီးတွေကလဲ အရသာမရှိနဲ့ ဘယ်လိုဖြစ်ကုန်တာ ပါလဲဘုရား။ တပည့်တော် အရင်တစ်ခေါက် အရှင်ဘုရားထံ ရောက်ခဲ့စဉ်က စားရတာနဲ့ ယခု စားရတာဟာ အလွန်ကို ကွဲပြားနေပါတယ် ဘုရား၊ ဘယ်လိုဖြစ် တာပါလဲ ဘုရားလို့ အမိန့်ရှိတော်မူပါ၊”

 

ရသေ့ကြီး         ။မအေးမြဘူး? မချိုဘူးဆိုတာမှန်တာပေါ့ မုဆိုးကြီး။ မုဆိုးကြီး အရင်တခေါက် လာစဉ်တုံးက        (တခေါက်နဲ့ တခေါက် တနှစ်ခန့်ကြာ)တော့ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ ရှင်ဘုရင်က တရားစောင့်ပြီးတော့ တိုင်းသူပြည်သားတွေကို ကျောသားရင် သားမခွဲခြားပဲ ရင်ဝယ်သားကဲ့သို့ မကွဲမပြားပဲ တသားထဲ တရားနဲ့အညီ အုပ်ချုပ်ခဲ့တဲ အတွက် မိုးသုံးပါးမှန်ကန်စွာရွာခဲ့တယ်။ မိုးသုံးပါးမှန်ကန်တော့ ရာသီဥတု ဖောက်ပြန်မှု မရှိတော့ပဲ ချောင်းမြောင်းအင်းအိုင် စမ်းရေထွက်တွေ ပေါများတော့ တာပေါ့၊ အဲဒီလို ရာသီဥတုမျိုးမှာ စိုက်ပျိုးတဲ့ ကောက်ပဲသီနှံတွေဟာလဲ အောင်မြင် ဖြစ်ထွန်းပြီးတော့ ထွက်သမျှ အသီးအနှံတွေကလဲ ဩဇာပြည့်ဝတဲ့အတွက် စားတဲ့အခါ အရသာရှိပြီး လူတွေ။ တိရစာ္ဆန်တွေက အစ ကျန်းမာဝဖြိုးပြီး အလှ တိုးကြတယ်လို့ မုဆိုးကြီး ပြန်ပြောင်း ပြောပြနေသေးတယ်။   

မုဆိုးကြီး          ။ခုတော့ကော …. ဘုရား?

ရသေ့ကြီး         ။ခုတော့ ဘယ်လိုဖြစ်တယ် မသိပါဘူး၊ အရင်တစ်ခေါက် မုဆိုးကြီး ပြန်သွာပြီးကတဲ က တိုင်းပြည်အုပ်ချုပ်တဲ့ ရှင်ဘုရင် တရားမစောင့်ပဲ တိုင်းပြည်ကိုဖေါက်လွဲ ဖေါက်ပြန်အုပ်ချုပ်ခဲ့တဲ့ အတွက် မိုးခေါင်ရေရှားပြီး အသီးအနှံတွေလဲ အရင်တုံးကလို မဖြစ်ထွန်းတော့ပဲ အခုမုဆိုးကြီး စားရသလို ပေါ့ရွှတ်ရွှတ် ဖြစ်ကုန်တော့တာပေါ့။

မုဆိုးကြီး          ။အရှင်ဘုရား ဘယ်လိုလုပ်ပြီး ရှင်ဘုရင် တရားမစောင့်တာကို သိပါသလဲဘုရား?

ရသေ့ကြီး         ။သိဆို တိုင်းပြည်အုပ်ချုပ်တဲ့ ရှင်ဘုရင်တွေ တရားမစောင့်တော့ဘူး ဆိုရင် မိုးသုံးပါး မှန်ကန်စွာ မရွာသွန်းတော့ဘူး၊ မိုးသုံးပါး မှန်ကန်စွာ မရွာသွန်းတော့ဘူးဆိုရင် အသီးအနှံတွေ မဖြစ်ထွန်းတော့ဘူး မုဆိုးကြီးရဲ့။

မုဆိုးကြီး          ။(အနည်းငယ် မျက်နှာပျက်သွားလျှက်) မှန်ပါ ဒီအတိုင်းဆိုရင် အခု သစ်သီးတွေမချို၊

                        ရေတွေ မအေးတာဟာ တိုင်းပြည်အုပ်ချုပ်တဲ့ ရှင်ဘုရင်မင်းကျင့်တရား(၁၀)ပါး နဲ့

                        အညီ မအုပ်ချုပ်လို့ ဆိုတာသိရပါပြီ ဘုရား၊ အမှန်တော့ တပည့်တော်ဟာ ဗာရာဏ

                        သီပြည်ကို အုပ်ချုပ်မင်းလုပ် နေတဲ့ရှင်ဘုရင်ပါ ….. ဘုရား!

ရသေ့ကြီး။         ။(အနည်ငယ်အံေဩာသွားလျှက်) ဟေ ….. ဟုတ်လား တကာတော်။ ဘာဖြစ်လို့ အခု   လိုရုုပ်ဖျက်ပြီး ငါ့ရှင် ရသေ့ထံ လာရသလဲဆိုတာလဲ ပြောပါအုံးတကာတော်။

 

ရှင်ဘုရင်          ။မှန်လှပါ၊ တပည့်တော်ဟာ တိုင်းပြည်ကို မင်းကျင့်တရား(၁၀)ပါးနဲ့ အညီ တိုင်း ပြည်ကို အုပ်ချုပ်လာခဲ့တာ ကြာပါပြီဘုရား၊ တနေ့တော့ တပည့်တော်စိတ်ထဲမှာ ငါ အုပ်ချုပ်တဲ့စနစ် ဘယ်လိုနေသလဲ။ ကိုယ်တိုင်သိရအောင်ဆိုပြီး ရုုပ်ဖျက်ကာ တိုင်းပြည်တွင်းမှာ လှည့်လည်စုံစမ်း ခဲ့ပါတယ်ဘုရား၊ လူတိုင်းလူတိုင်းဟာ ၀မ်းသာပျော် ရွှင်စွာနေကြတာကို မြင်ရတဲ့အပြင် အုပ်ချုပ်သူ တပည့်တော်ကိုလဲ အသက်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းနေကြတာကို တွေ့ရပါတယ်ဘုရား၊ အရှင်ဘုရား ပြောသလို မိုးသုံးပါး မှန်ကန်စွာရွွာတဲ့အတွက် တိုင်းပြည်တွင်းမှာလဲ ဆန်ရေစပါး ပေါများကြွယ်ဝခဲ့ပြီး တိုင်းပြည်လဲ အလွန်မတန်မှကို သာယာခဲ့ပါတယ်ဘုရား။

            ဒါနဲ့ တနေ့မှာ “အင်း …. တိုင်းပြည်တွင်းမှာတော့ ငါအုပ်ချုပ်တာ တရားနဲ့ညီတယ် သိရပြီ။ တိုင်းပြည်ပြင်ပ တောတွင်းမှာကော ဘယ်လိုနေသလဲဆိုတာ သိချင်တာနဲ့ ရုပ်ဖျက်ပြီး စုံစမ်းလာရင်းနဲ့ အရှင်ဘုရားထံကို အရင်တခေါက်တုံးက ရောက်လာတာပါ ဘုရား၊ အဲဒီမှာ အရှင်ဘုရား အမိန့်ရှိတဲ့စကားကို ဟုတ် မဟုတ် စုံစမ်းချင်ပြန်တာကြောင့် တိုင်းပြည်ကို ပြန်ရောက်တဲ့အခါ တရားနဲ့ အညီ မအုပ်ချုပ်တော့ပဲ ဖေါက်လွှဲဖေါက်ပြန် အုပ်ချုပ်ကြည့်တာပါ …ဘုရား၊ အရှင် ဘုရားပြောသလို တိုင်းပြည်တွင်းမှာလဲ ဆူပူပြီး လူတွေ ငတ်မွတ်ခေါင်းပါးကြတာကို တွေ့ရတာနဲ့ တိုင်းပြည်တွင်းမှာတော့ မှန်နေပြီ။ တောတွင်းမှာကော ဘယ်လိုနေ နေသလဲ မသိ။ သိရအောင် ငါသွားစုံစမ်းမှ ဆိုပြီး အခုတခေါက် အရှင်ဘုရားထံ တခေါက်အဖူးအမြော ထပ်ရောက်ကြောင်း ထပ်ရောက်ရကြောင်းပါ ဘုရား” 

ရသေ့ကြီး         ။အိမ်း … အရှုင်မင်းကြီး အခုလို ပွင့်ပွင်းလင်းလင်း လျှောက်ထားတာ ရသေ့ကြီး ၀မ်းသာတယ်။ နောက်လဲပဲ မင်းကျင့်တရား(၁၀)ပါးကို တဆံချည်မျှ အစွန်းမခံပဲ တိုင်းသူပြည်သားတွေကို ကျောသား ရင်သားမခွဲခြားပဲ တသားထဲ အုပ်ချုပ်ပါလို့ ရသေ့ကြီးက တိုက်တွန်းပါတယ်၊ ပြီးတော့ အရင်စားခဲ့ရတဲ့ သပြေသီးတွေက ချိုတယ်။ ရေကလဲ အေးမြတယ်လို့ ပြောခဲ့သလို အခုလို သပြေသီးတွေကို အရင်ထက် ပိုချိုအောင် နဲ့ ရေကိုလဲ ပိုအေးမြအောင် လုပ်ပါအုံးလို့ တိုက်တွန်းလိုက်ပါတယ် တကာတော်မင်းကြီး။

ရှင်ဘုရင်          ။မှန်ပါ….. အခု တပည့်တော် ရှင်းရှင်လင်းလင်းပဲ မတရားသောနည်းနဲ့ အုပ်ချုပ်ခြင်းရဲ့ အကျိုးကို  သိရပါပြီ ဘုရား၊ အရှင်ဘုရားရဲ့ ဩဝါဒအတိုင်း ဘုရားတပည့်တော် တိုင်းပြည်ကို တရားနဲ့ အညီအုပ်ချုပ်ပြီး ရှေးယခင်ကလို ချိုပြီးသား သစ်သီးတွေကိုလဲ ပိုချိုစေပါမည်။ အေးပြီးသား ရေတွေကိုလဲ ပိုပြီး အေးမြစေပါမည် အရှင်ဘုရား။

ရသေ့ကြီး         ။သာဓု၊ သာဓု၊ သာဓု၊

 မိမိသည် ဆွမ်းစားနေရင်းမှ အထက်ပါအတိုင်း ဇာတ်တော်လာ ပုံပြင်တခုကို တခုတ်တရ ရှိနေမိတော့သည်။

 

ခေတ်သစ် စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် ထိုင်းနိုင်ငံကို အုပ်ချုပ်နေသော ရှင်ဘုရင်ကြီး ဘူမိဘော အဒူယါဒက်သည် သီလ၊ သမာဓိနှင့် ပြည့်စုံသော ရှင်ဘုရင်အဖြစ် တတိုင်းပြည်လုံးက လက်ခံထားကြလေသည်၊ သူတို့ ရှင်ဘုရင်ကို အလွန်မှလဲ မြတ်နိုးကြပါ၏၊ ရှင်ဘုရင်ကြီးကလဲ တနှစ်မှာ ရှစ်လခန့် ပြည်သူ၊လူထုထဲသို့ သွားကာ ချောင်ကြိုချောင်ကြား ရွံ့ဗွက်များပါ မချန် ကွင်းဆင်းလေ့ရှိပါ၏၊ သူ့ရဲ့သင်္ကေတသည် ကင်မရာကိုလည်ပင်းမှာ အမြဲတမ်း လွယ်ထားခြင်း။ မြေပုံစာရွက်နှင့် ခဲတံကို ကိုင်ထားခြင်းပင် ဖြစ်ပါ၏၊ အလွန် ပြံုးရယ်ခဲပြီး ရာဇအိန္ဒြေဖြင့် တည်ကြည်သော မျက်နှာ ထားလဲ ရှိသူဖြစ်သည်။

၀ပ်ထာ့မအိုး ဆရာတော်ကြီးနှင့် ပါဖန်ကျောင်းတကာများ

 

သပ်သပ်ရပ်ရပ် အလွန်ရှိသော ထာ့မအိုးကျောင်း

နံနက်အရုဏ်ဆွမ်းစားပြီးနောက် ကျောင်းတိုက်အတွင်းကို ဦးဝါသေဋ္ဌမှ မိမိအား လိုက်လံပြသပါသည်၊ ကျောင်းတိုက်ကြီးတခုလုံးမှာ အမှိုက်စဟူ၍ အလျဉ်းမရှိဘဲ အလွန်မတန်မှ သန့်ရှင်း သပ်ယပ် နေသည်ကို တွေ့ရပါသည်၊ တချိန်တည်းမှာပင် နံနက်အရုဏ် ဆွမ်းစားပြီးသည်နှင့် တပြိုင်နက် (၈းဝဝ) နာရီအချိန်တွင် ဆရာတော်ကြီးပါ မကျန် သံဃာတော်အားလုံး တံမျက်စီး ကိုယ်စီကိုင်ကာ သန့်ရှင်းရေး ၀တ်လုပ်ကြသည်ကို တွေ့ရပါသည်၊ မိမိအား ကျောင်းတွင်းရှိ စေတီတော်၊ သိမ် နှင့် ဓမ္မာရုံ၊ စာသင်သားများ အဆောင်စသည် တို့ကိုလိုက်ပြပါသည်၊ သိမ်မှာ ရှေးဟောင်းမြန်မာလက်ရာ ဖြစ်ပြီး ဇာတ်တော် နိပါတ်တော် ပုံများလည်း ရေးဆွဲထားသည်ကို အံ့အားသင့်စွာ တွေ့ခဲ့ရပေသည်။

 

            ကျောင်းတွင်းရှိ သစ်ပင်များကိုလည်း သူ့ အစီအစဉ်နှင့် သူ စံနစ်တကျ စိုက်ပျိုးထားသည်ကို တွေ့ရပြီး လမ်မယိုင်ပင်၊ သကြားပင်နှင့် သော်ကပင်များကို စိုက်ပျိုးထားပါသည်၊ သော်ကပင်များ မှာ အရိပ်အလွန်ကောင်းသော အပင်များဖြစ်လေသည်။

 

ထာ့မအိုးကျောင်းက ပထမဆုံး နေ့ဆွမ်း

            နံနက်(၁၀း၃၀)နာရီတွင် ဆွမ်းစားဆောင်ပေါ်၌ နေ့ဆွမ်းစားရပါသည်၊ ဆန်က အင်မတန် ကောင်းပြီး ဖြူဖွေးနေကာ နူးညံ့လျက် အလွန်မတန်မှလည်း မွှေးလေသည်၊ ထိုင်းရိုးရာဟင်းတွေက စုံလင်လှပြီး အရသာလည်း ရှိလှပေသည်၊ နေ့ဆွမ်းစားပြီးနောက် ဆရာတော်ကြီးနှင့် အနည်းငယ်စကား ပြောကာ ဦးဝါသေဋ္ဌနှင့်အတူ မိမိနေထိုင်ရမည့် ၀ပ်ပါဖန်သို့ သွားရန်ပြင်ဆင်နေခိုက် ဥပုသ်ပြု သွားရန် ကားများ ဆိုက်လာသဖြင့် ဆရာတော်ကြီးနှင့်အတူ ကျောင်းရှိ သံဃာတော်အားလုံး ၀ပ်ကျောင်းခမ်းသို့ သွားရောက် ဥပုသ်ပြုကြပါသည်၊ မူလကျောင်းမှာ မြန်မာပိုင် မြန်မာကျောင်း ပုံစံဖြစ်သော်လည်း ယခုတော့ ကျောင်းဟောင်းမှာ မရှိတော့ပဲ ဆောက်ပြီးကာစ ယိုးဒယားပုံစံ သိမ်ကြီးတလုံး နှင့် ကျောင်းသေးသေးလေး တဆောင်ရှိသည်ကို တွေ့ရပြီး အဝင်မုခ်ဦးများမှာ ဗမာပုံစံ ဗမာစာလုံး များနှင့်ပင် ရှိကြပါသေး၏၊ မိမိတို့ရောက်သည်မှာ အနည်းငယ် စောနေသဖြင့် အခြားမြန်မာကျောင်းများမှ သံဃာတော်များ ရောက်လာကြသည် အထိစောင့်နေရပြီး သိမ်ကြီးထဲတွင် ဥပုသ်ပြု   ကြရပါသည်၊ သိမ်အဝင်တွင် မိသားစု ၂ စုလောက်က ပန်း၊ ဖယောင်းတိုင်၊ အမွှေးတိုင်နှင့် ၀တ္ထုငွေ ထိုင်းဘတ် ၁၀ စီကပ်လှူကြပါသည်၊ သံဃာဒိသေသ် ကုန်အောင် ပါတိမောက်ပြပြီး မေတ္တာသုတ် ရွတ်ကာသိမ်မှ ထွက်ကြပါသည်။   

 

၂၇-၇-၁၉၉၁ ဒုတိယဝါဆို လပြည့်ကျော် (၁)ရက်၊ စနေနေ့

            ယနေ့မနက် (၅းဝဝ)နာရီ မထိုးခင် ဦးဝါသေဋ္ဌမှ မိမိအား အိပ်ယာမှနှိုးပါသည်၊ ၅းဝဝ နာရီတွင် ဆန်ပြုတ် သောက်ကြပြီးနောက် ပါဖန်ကျောင်း သွားရန်ပြင်ဆင်ကြပါသည်၊ ပြင်ပြီးတဲ့အခါ ဦးဝါသေဋ္ဌမှ ဘုန်းကြီးရာ ညနေကျမှ သွားပါဟု ပြောသဖြင့်နေ့ဆွမ်းကို ထာ့မအိုးမှာပင် စားရပါတော့သည်၊ ဦးဝါသေဋ္ဌသည် မိိမိအား ပါဖန်သို့ မသွားစေချင်သေးပဲ ထာ့မအိုးမှာပဲ နေစေချင်သော သဘောရှိလေသည်၊ ထာ့မအိုးကျောင်းမှာက သူပြောပြချက်အရ ဆွမ်း၊ကွမ်းပေါများ ပြည့်စုံသည်၊ ပါဖန်မှာက ထာ့မအိုးလောက် မပြည့်စုံဟု ပြောပြပါသည်၊ သူပြောတဲ့အတိုင်း ထိုနေ့က ထာ့မအိုးကျောင်းမှာ ဆွမ်း နှင့် ဆွမ်းဟင်းများ အလျှံပယ် ပေါများသည်ကို တွေ့ခဲ့ရပါသည်။

 

ပါဖန်ကျောင်းကို သွားကြပြီ

            နေ့ဆွမ်း စားကြပြီးနောက် အနည်းငယ်နားကာ မွန်းလွဲ ၂း၃၀နာရီတွင် ဦးဝါသေဋ္ဌနှင့် အတူ ပါဖန်ကျောင်းသို့ သွားရန် ကျောင်းအပြင်ဖက်ထွက်၍ စီလော့ ခေါ် လေးဘီးပစ်ကပ် ကားကိုစောင့်ကြရာ တော်တော်နှင့် မလာနိုင်သဖြင့် လမ်းလျှောက်သွားကြရန် ဆုံးဖြတ်ပြီး သွားကြတော့မှ မြန်မာရာဇဝင်များတွင် မြန်မာတို့က အုပ်ချုပ်ရန် ခန့်ထားခဲ့သော လန်ပန်းမြို့ဘုရင်ခံ ကာဝီဠ နှင့် မြန်မာဘုရင်တပ်များ တိုက်ပွဲ ဖြစ်ပွားရာ မဲ့ပိန်မြစ် တံတားပေါ်ရောက်မှ စီလော့က ရောက်လာသည်၊ ထိုကားဖြင့် ပါဖန်သို့ သွားကြရာ ပါဖန်ကျောင်း ဘုန်းကြီး ဦးတေဇနိယကို မတွေ့ရသဖြင့် မေးကြည့်ရာ ၀ပ်ထာ့မအိုးသို့ မိမိကိုခေါ်ရန် သွားကြောင်း၊ ကျောင်းရှိ ထိုင်းဦးပဥ္စင်းများက ပြောကြပါသဖြင့် မိမိတို့ တဖန် ၀ပ်ထာ့မအိုး သို့ လိုက်သွားကြပြန်သည်၊ ၀ပ်ထာ့မအိုး ကိုရောက်သောအခါ ဦးတေဇနိယ ယခုဘဲ လာတဲ့ကားနှင့် ပြန်ထွက်သွားပြီဟ ုပြောလိုက်သဖြင် မိမိတို့လဲ ငှားလာသော စီလော့နှင့်ပင် ပြန်လိုက်သွားကြရပြန်ပါသည်၊ ပါဖန်ကျောင်းကို မရှေးမနှောင်းပင် ရောက်ကြပါ၏၊ ေဩာ် … မောစရာချည်းပါလား? ဟု သက်ပြင်းရှည်ချမိသည်။   

  ၀ပ်ပါဖန် ကျောင်းတိုက်တွင်းရှိ ဆူးလေပုံစံတူ စေတီတော်

မိမိကို တလေးတစား နေရာပေး

            ကျောင်းရောက်သောအခါ ဦးတေဇနိယက ပါဖန်ကျောင်းအမကြီး ဒေါ်ခင်အေးတင် အမှူးရှိသော ကျောင်းတကာ၊ တကာမများနှင့် မိတ်ဆက်ပေးပြီး မိမိအား သီးသန့် အခန်းတခန်းကို ပေးပါ၏၊ ထိုအခန်းမှာ ယခင်က ကျောင်းထိုင်ဘုန်းကြီး ဖြစ်ခဲ့သော ဦးတိလောက(စင်ကာပူ)နေခဲ့သော အခန်းဟုလဲ ပြောပြပါ၏၊ မိမိသည် ဦးတေဇနိယကို အလွန်အင်မတန်မှ ကျေးဇူးတင်မိလေသည်၊ တကာမကြီး ဒေါ်ခင်အေးတင်ကလည်း မိမိ လာရောက်ဝါဆိုသဖြင့် အလွန်မတန်မှ ၀မ်းသာကြောင်း ကို ဗမာစကားဖြင့်ပင် လျှောက်ထားပါ၏၊ အခြားကျောင်း တကာများကိုလဲ မိတ်ဆက်ပေးသေးရာ ကျောင်းအတွက် အမြဲတမ်း ဆွမ်းချိုင့်ပို့ တာဝန်ယူထားသော ယုမ်ဖီယန်၊ နန်းစုကျာရီ၊ နန်းစုကျာရီ ညီမ ကျောင်းဆရာမ နှင့် အမေ၊ အဖေများ၊ မြန်မာလူမျိုး ကိုခိုင် နှင့် အခြားသော တကာ၊ တကာမများကို မိတ်ဆက်ပေးပါသေး၏၊

            မိမိကလည်း ဤကျောင်းမှာ ဦးတေဇနိယ၏ အထောက်အပံ့ဖြင့် ၀ါဆိုရသည်ကို အလွန်မတန်မှ ကျေးဇူးတင် ၀မ်းသာကြောင်း၊ တကာကြီး တကာမကြီးများကိုလဲ ရှေးကံကြောင့် ယခုလို ဆုံတွေ့ရခြင်း ဖြစ်ကြောင်းပြောကာ မိမိရေးသားသော “ ဧရာဝတီမှသည် ဂင်္ဂါ ဟိမဝန္တာသို့ ” အမည်ရှိသည့် ဘုရားဖူး မှတ်တမ်းစာအုပ်ကို တကာမကြီး ဒေါ်ခင်အေးတင်အား ပေးလိုက်ပါသည်၊ တကာမကြီးသည် ထိုင်းနိုင်ငံမှာ မွေးပြီး ဗမာပြည်မှာ အိမ်ထောင်ပြန်ကျသောကြောင့် ဗမာစာကို ရေးတတ် ဖတ်တတ်လေသည်။

 

 

  ထိုင်းနိုင်ငံက ပထမဆုံး ၀ါကပ်ပွဲ

            ည ရးဝဝ နာရီတွင် သံဃာတော်များ ၀ါဆို၊၀ါကပ် ပြုလုပ်ကြပါသည်၊ ပါဖန်ကျောင်း တကာမကြီး ဒေါ်ခင်အေးတင်အမှူးရှိသော လန်ပန်းမြို့မှ တကာ၊ တကာမများ နှင့် ဘန့်စုံးဘွိုင်မှ တကာ၊ တကာမများ စုံလင်စွာ လာရောက်ကြပါသည်၊ အားလုံးသော တကာ၊ တကာမ များသည် ဗမာအနွယ်များ ဖြစ်သော်လည်း ဒေါ်ခင်အေးတင်မှအပ အားလုံးသည် ဗမာစကားမပြောတတ်ပါချေ၊

 

 

ချင်းမိုင် (ဇင်းမယ်) သို့ (၂၈-၇-၁၉၉၁ တနင်္ဂနွေ)

            ယနေ့ မနက်အာရုံဆွမ်းအဖြစ် ကြာဆံပြုတ်သောက်ကြကာ ချင်းမိုင်သို့ ၀ပ်ထာ့မအိုးကျောင်း တိုက်ဆရာတော်ကြီးနှင် ့အတူ ဆွမ်းစားသွားကြရန် အတွက် ထာ့မအိုးကျောင်းတိုက်သို့ ဦးတေဇနိယနှင့် အတူ ပါဖန်ကျောင်းမှ တက္ကစီနှင့် ထွက်ခဲ့ကြသည်၊ ကျောင်းတိုက်သို့ ရောက်ပြီးနောက် ဆရာတော်ကြီးအား ကန်တော့ကြပြီး ဦးဝါသေဋ္ဌအား နှုတ်ဆက်ကြကာ ဆရာတော်ကြီး၏ တကာရင်း ဗမာ အနွယ် တကာကိုစိန်၏ ကားဖြင့် မင်္ဂလာရှိသော နံနက် ရး၃၀ နာရီတွင် ချင်းမိုင်သို့ ဦးတည်ထွက်ခွာ ခဲ့ကြပါသည်။

၀ပ်ပါကျောင်းတွင် ပြုလုပ်သော ဥပုသ်ပြုပွဲ နှင့် ဥပုသ်သည်

 

ထိုခရီးအတွက် မိမိစိတ်ထဲမှာ အတော်လေး လှုပ်ရှားမိသလို ပထမဆုံးတွေ့ မြင်ရမည့်ချင်းမိုင် (ဇင်းမယ်) မြို့ကို စိတ်ကူးနှင့်လဲမှန်းဆ ကြည့်မိလေသည်၊ ရာဇဝင် ၀ါသနာပါသူဖြစ်သည့် အတိုင်း အကြိမ်ကြိမ်ဖတ်ဖူး၊ အကြိမ်ကြိမ်ကြားဖူး ထားသော ချင်းမိုင်ကိုတွေ့ မြင်ရမည်မှာ မည်သူသည် စိတ်ထဲမှာ မအံ့ေဩာ မကြည်နူးပဲ နေပါမည်နည်း၊ ချင်းမိုင်နှင့်စပ်လျင်း၍ အလွန်ကျော်ကြားခဲ့သော ရတုဘုရင် နတ်ရှင်နောင်၏ ဗြသိန်(ဖရဆိမ်)ဘုရားတိုင်ရတု နှင့် ဇင်းမယ်မှနေ၍ ရာဇဓာတုကလျာ ထံပေးပို့ခဲ့သော ချစ်သဝဏ်လွှာ ကျေးစေရတုများမှာ နှောင်းလူများအဖို့ လွမ်မော တမ်းတဘွယ်ရာ ကောင်းလောက်အောင် လက်ရာ ပြောင်မြောက်လှလေသည်၊ နတ်ရှင်နောင်သည် သူ့ထက် အသက်အားဖြင့် ၁၈ နှစ်ကျော်မျှကြီးသော ရာဇဓာတုကလျာကို အိမ်ရှေ့မင်း မင်းကြီးစွာ၏ အတင်းအဓမ္မ အသိမ်းပိုက် မခံရမီကတည်းက ချစ်စပျိုး၍ ချစ်ကြိုးသွယ်ကာ ချစ်မိုးတွေ ဖြိုင်ဖြိုင်ရွာ သွန်းနေခဲ့လေသည်၊ မြန်မာရာဇဝင်တွင် တူက အဒေါ်ကို အတင်းအဓမ္မ မိဖုရားအဖြစ် သိမ်းပိုက်သော အဖြစ်အပျက်မှာ ဓာတုကလျာနှင့် မင်းကြီးစွာတို့သာ ရှိခဲ့ဖူးလေသည်၊ ဓာတုကလျာသည် မင်းကြီးစွာ၏ ခမည်းတော် နန္ဒဘုရင်၏ နှမအရင်းဖြစ်ပြီး ခမည်းတော် နန္ဒဘုရင်က အတန်တန် တားမြစ်နေသည့်ကြားမှ ခမည်းတော်နန္ဒဘုရင် ယိုးဒယားကို စစ်ချီသွားခိုက် နန်းစောင့်အဖြစ် နေရစ်ခဲ့ချိန်တွင် တပင်တိုင်နန်းနှင့် ထားသော အရီးတော် ဓာတုကလျာကို အတင်းအဓမ္မ သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

 

ထိုအချိန်တွင် နတ်ရှင်နောင်မှာ နန္ဒဘုရင်နှင့်အတူ ယိုးဒယားသို့ စစ်ချီလိုက်နေသော အချိန် လည်းဖြစ်ပါ၏၊ နတ်ရှင်နောင်နှင့် ရာဇဓာတုကလျာတို့၏ လွမ်းဆွတ်ဘွယ်ရာ အကြောင်းကိုခဏ တွေးမိသွားရာမှ မိမိစိတ်ကို ပြန်လည်ထိန်းသိမ်းလိုက်ကာ လန်ပန်းမြို့၏ သပ်ယပ်လှပသော တည်နေပုံကို သတိထား ကြည့်လိုက်မိပါတော့၏၊ လမ်းများက ကောင်းသလို လမ်းဘေးမှာလဲ သစ်ပင်များကို အစီအရီ စိုက်ထားတာပါ၊ မိမိတို့ကား မြို့ပြင်သို့ ရောက်သောအခါ ချင်းမိုင်သို့ သွားသည့်ကားလမ်းမပေါ်သို့ ၀င်ရောက်၍ အရှိန်နှင့် မောင်းနှင်လိုက်ပါသည်၊ လမ်းဘေး တဘက်တချက်ရှိ တောင်ကုန်းများပေါ်တွင် ကျွန်းသစ်စိုက်ခင်းများကို ခပ်စိတ်စိတ် တွေ့လာရသဖြင့် မိမိက “ ကျွန်းတောတွေ ပြန်စိုက်ထားတာ အများကြီးပဲ ဆရာတော် ” ဟု လျှောက်ထားသောအခါ “ဟုတ်တယ်ကိုယ်တော်၊ ထိုင်းဘုရင်အမိန့်နဲ့ ထိုင်းတနိုင်ငံလုံးမှာ ကျွန်းတောတွေ ပြန်စိုက်ထားတာ ကိုယ်တော်မြင်တဲ့ အတိုင်းပဲ၊ ထိုင်းနိုင်ငံမှာက စည်းမရှိ၊ ကမ်းမရှိ သစ်ခုတ်ကြလို့ ကျွန်းတောတွေ အားလုံးပြုံးကုန်ပြီ၊ “ဒီနိုင်ငံမှာ ကျွန်းပင်ကိုခုတ်ရင် သေဒါဏ် သတ်မှတ်ထားတယ်” ဟုအမိန့့်ရှိပါသည်။

 

မိမိတို့ ကားဆရာသည် တစ်နာရီလျှင် ကီလိုမီတာ တရာနှုန်းဖြင့် မောင်းနှင်လျှက်ရှိရာ မိမိကနှေးသည်ဟု ထင်မိလေသည်၊ ဦးတေဇနိယက ဆရာတော်ကြီးပါလို့ ကီလိုတရာပဲ မောင်းတာ။ ဆရာတော်ကြီး မပါရင်တော့ တရာကျော်မောင်းသည်ဟု ပြောပါသည်၊ ရာသီဥတုမှာ အေးမြမြရှိသည်၊ လမ်းဘေးတွင် ကျွန်းတောကြီးများ စံနစ်တကျစိုက် ထားသည်ကို ကားလမ်းတလျှောက်တွေ့ နေရသည်၊ မိမိက တအံ့တဩနှင့် ကျွန်းတောများကို ကြည့်ပြီး ထိုင်းအစိုးရကို ချီးမွမ်းသောအခါ ဆရာတော်ကြီးက “ကိုယ်တော် ထိုင်းနိုင်ငံဟာ နောက်အနှစ် (၆၀)လောက်ဆိုရင် ကမ္ဘာ ပေါ်မှာ ကျွန်းသစ်ရောင်းစားတဲ့ နိုင်ငံပြန်ဖြစ်လာ နိုင်တယ်” ဟု အမိန့်ရှိပါသည်။

ကားလမ်း၏ ဘယ်ဖက်တွင် မြင့်မားမတ်စောက်သော တောင်ကမ်းပါးရံရှိပြီး တောင်ပေါ်တွင် ၀ါးပင်များနှင့် သစ်ပင်ကြီးများ ပေါက်ရောက်နေကြသည်ကို တွေ့ရပါသည်၊ ကားလမ်းသည် တဖြည်းဖြည်းနှင့် တောင်ပေါ်သို့ တက်သွားပြီး ညာဖက်ဘေးတွင် သစ်ပင်ကြီးများ အစီအရီ ပေါက်ရောက်နေသော လျှိုကြီး ကိုတွေ့ရပါသည်၊ လျှိုကြီးထဲတွင် ရာသီအလိုက် သူ့ထက်ငါနိုင် အပြိုင်ပွင့်နေကြသော ပန်းပေါင်းစုံတို့ ကလည်း ချင်းမိုင်သွား ကားလမ်းမ၏ အလှကိုဆင်နေကြလေရာ မိမိဇာတိ ပုပ္ပါးးတောင်ရှိရာ ဒေသကို သတိရမိပါတော့၏၊ မိမိက ဆရာတော်ကြီးအား “ဆရာတော် … လျှိုထဲက မရမ်းရောင် ပန်းချုံကြီး တွေဟာ တပည့်တော်တို့ ပုပ္ပါးးတောင်ပေါ်မှာ ပွင့်ကြတဲ့ ပန်းချုံတွေနဲ့ တမျိုးတစားထဲပါပဲ ဘုရား။ ပြီးတော့ လမ်းဘေးမှာ ၀ါးရုံတွေကလဲ အစီအရီပေါက်နေတော့ ပုပ္ပါားပြန်ရောက် နေသလားလို့တောင် အောက်မေ့မိပါတယ် ဘုရား” ဟု လျှောက်လိုက်မိပါသည်၊ ဆရာတော်ကြီးက “ကိုယ်တော် … ဒီပန်းချံုတွေကို ထိုင်းလူမျိုးတွေက အိမ်မှာလဲ အလှစိုက်ထားကြတယ်၊ အရိပ်လဲရ အလှလဲကြည့်ရပေါ့၊ ပြီးတော့ တော်တော်များများ တောထဲက သစ်ပင်တွေကိုလဲ အလှကြည့် အပင်တွေအဖြစ် ပျိုးယူကြကာ အလှစိုက်ကြတယ်၊ ကိုယ်တော် နောက်ကျရင် တွေ့ပါလိမ့်မယ်” ။

 

လူထုအသံအတွက် ဤဆောင်းပါးအား ရေးသားပေးသော ကနေဒါနိုင်ငံလုံးဆိုင်ရာ သံဃာမောဋိ ဥက္ကဋ္ဌဆရာတော် အရှင်ကောဝိဒ နှင့် လူထုအသံ ဂရပ်ဖစ်ဒီဇိုင်နာ သိန်းလှိုင်(လှိုင်းဘွဲ့)တို့အား  အထူးကျေးဇူး ဥပကာရ တင်ရှိပါကြောင်း။ 

အယ်ဒီတာအဖွဲ့ (လူထုအသံ)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here