ဧရာဝတီ မှသည် ကျောက်ဖရား သို့ ( ပဥ္စမပိုင်း )

ဗီဇာပါလား

    ဦးကောဏ္ဍညက မိမိအား ရှေ့ဆက်သွားမည့် အစီအစဉ်ကို မေးသဖြင့် မိမိက မြန်မာနိုင်ငံမှ ခွင့်တလယူခဲ့ကြောင်း၊ ဒီတလအတွင်းမှာ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်နှင့်     ဩစတေးလျ နိုင်ငံများသို့ သွားရောက် လည်ပတ်ပြီး မြန်မာနိုင်ငံသို့ ဒုတိယဝါဆိုအမှီ

 

 ပြန်ရမည်ဖြစ်ကြောင်း၊ အပြန်တွင် ထိုင်း နိုင်ငံအကြောင်း စာအုပ် တအုပ် ရေးသား ထုတ်ဝေမည် ဖြစ်ကြောင်း တို့ကို ပြောပြသည့် သည့်အခါ “အရှင်ဘုရားမှာ အဲဒီနိုင်ငံတွေကိုသွား ဘို့ ဗီဇာပါရဲ့လား” ဟုမေးပါ သည်၊  မိမိက မပါဘူးပြောတဲ့အခါ “ကိုယ်တော် ဒီလိုဆိုရင် ၀ါဆိုဘို့ကလဲ ကပ်နေပြီ၊ ထိုင်းနိုင်ငံမှာ ၀ါတွင်း ခရီးသွား လေ့ မရှိကြဘူး၊ သွားတာကိုလဲ မကြိုက်ကြဘူး၊ အဲဒီနိုင်ငံတွေကကော လာလည် ဘို့ အရှင်ဘုရားကို စပွန်ဆာ ပေးထားသလား” ဆက်မေးပြန်ပါသည်၊ မိမိက ဘာစပွန်ဆာမှ ပါမ လာကြောင်းပြောသည့်အခါ “ဒီလိုဆို ဘယ်သွားလို့ ရမလဲ၊ အဲဒီနိုင်ငံတွေက ဗီဇာပါမှ ၀င်ခွင့်ပြုတာ၊ ဗီဇာမပါဘူး ဆိုရင်တော့ ကိုယ်တော် ထိုင်းမှာ ၀ါဆိုရလိမ့်မယ်၊ ၀ါကျွတ်မှ အေးအေးဆေးဆေး ဗီဇာ လျှောက်ပြီးတော့ သွားလည်ပေါ့ ဒီ ၀ပ်မဟာထာ့ မှာတော့ နေလို့မရဘူး၊ အရှင်ဘုရားမှာ ဒီမှာအ သိအကျွမ်း မရှိဘူးလား”  “လန်းပန်းမြို့ မှာတော့ တပည့်တော်ရဲ့ မိတ်ဆွေ ဦးတေဇနိယ ဆိုတာ ရှိပါတယ်၊ တပည့်တော်ရဲ့ ဆရာများနဲ့ အလွန် ရင်းနှီးပါတယ်၊ အဲဒီကိုသွားဘို့လဲ ဂန္ဓာရုံဆရာတော်က စာရေးပေး လို်က်ပါတယ်၊ တပည့်တော် သူနဲ့ ဆက်သွယ်ချင်ပါတယ်”  “ ဦးတေဇနိယ ဆို တပည့်တော်သိတာပေါ့၊ သူ့ဖုန်းနံပါတ် တပည့်တော်ဆီမှာရှိတယ်၊ အခု ဆက်ကြည့်မယ်” ဟုဆိုပြီး လန်းပန်း ဦးတေဇနိယ ကျောင်းသို့ လှမ်းဆက်ပါသည်၊ ဦးတေဇနိယနှင့် အဆင်သင့်ပဲတွေ့ သဖြင့် သူနှင့် စကားပြောရတဲ့အခါ ၀မ်းသာအားရဖြင့် သူ့ဆီမှာ ၀ါလာဆို ဘို့  ဖိတ်ခေါ်ပါတော့သည်။

ကျေးဇူးရှင်မိတ်ဆွေ (၂)


                 ထိုင်းနိုင်ငံမှာ နေထိုင်ဖြစ်အောင် ကူညီခဲ့သူဖြစ်တဲ့အတွက် ဦးတေဇနိယသည် မိမိ၏ကျေးဇူး ရှင် အစစ်မိတ်ဆွေ ဖြစ်တော့သည်၊ သူနဲ့ အဆက်အသွယ်မရပဲ သူသာ မကူညီခဲ့ပါက မိမိအတွက်  ထိုင်းနိုင်ငံမှာ နေထိုင်ဘို့ ဖြစ်လာမှာ မဟုတ်ချေ။ ဒါပေမဲ့ နောက်ပိုင်းမှာ စိတ်မကောင်းစရာ ပြဿနာ များ ဖြစ်ပေါ်ခဲ့ရသည့်အတွက် မိမိအနေနဲ့ ၀မ်းနည်းမဆုံးဖြစ်ရသည်၊ နောက်ပိုင်းမှာ ဒီပြဿနာ အကြောင်းကို အနည်းငယ် တင်ပြပါဦးမည်။ 


                ဦးတေဇနိယက “ဦးကောဝိဒရေ ဒီလိုဆိုအတော်ပဲ၊ တပည့်တော်လဲ ဒီဝပ်ပါဖန်ကျောင်း မှာ ဒီနှစ်တပါးတည်း ၀ါဆိုရမှာဆိုတော့ ကိုယ်တော်လာရင် ပိုပြီးအဆင်ပြေ သွားတာပေါ့၊ အဖေါ်လဲ ရတာပေါ့၊ ၀ါဆိုအမှီ လာခဲ့ပေတော့၊ ဒီကကျောင်းအမကြီးတွေလဲ ပြောထားလိုက်မယ်” ဟုပြောရှာ ပါသည်။


                   ဦးကောဏ္ဍညက “ဒီလိုဆိုရင် မနက်ဖြန် လန်းပန်းကို ဘတ်စ်ကားနဲ့ သွားပေတော့၊ တပည့် တော်လိုက်ပို့ ချင်ပါတယ် ဒါပေမဲ့ ဒီရက်တွေက ကားစီးဘို့ သိပ်ခက်တယ်၊ အပြန်အတွက် ၀ါဆိုမှီ အောင် ပြန်ဘို့မလွယ်ဘူး၊ အဲဒီတော့ တပည့်တော် ကားဂိတ်ကို လိုက်ပို့ပေးမယ်”ဟုဆိုပြီး လန်းပန်းမြို့သို့ သွားရန်အတွက် ပြင်ဆင်ရပါတော့သည်၊ မိမိမှာ ထိုင်းစာမတတ်သည့်အတွက် ထိုင်း ဘာသာဖြင့် ဦးကောဏ္ဍညက ၀ပ်ပါဖန်ကျောင်း၏လိပ်စာကို ရေးပေးလိုက်ပြီး လန်းပန်းရောက်တဲ့ အခါ တက္ကစီသမားကို ဒီစာပြလိုက်ရင် သူကလိုက်ပို့ပေးလိမ့်မယ်၊ ဘာမှကြောက်နေစရာမလိုဘူး” ကားကိုလဲ လန်းပန်းမြို့မှာ ဂိတ်ဆုံးတဲ့ကားကိုပဲ ရွေးပြီး လက်မှတ်ဝယ်ပေးလိုက်မယ်၊ ချင်းမိုင်မှာ ဂိတ်ဆုံးတဲ့ကားကို ၀ယ်ပေးလိုက်ရင် ကိုယ်တော် ချင်းမိုင်ကို ပါသွားလိမ့်မယ်”ဟုုပြောပါသည်။

        လန်းပန်းမြို့သို့သွားမည့် ထိုနေ့နံနက်ပိုင်းတွင် ဦးတေဇနိယထံမှ ဖုန်းဆက်လာပါသည်၊ ၀ပ်ထာ့မအိုး ဆရာတော်ကြီးကိုလည်း လျှောက်ပြီးဖြစ်ကြောင်း၊ ကျောင်းအမကြီးများကလည်း သဘောကျကြပါကြောင်း။ အထူးသဖြင့် သူ့အတွက်အဖေါ်ရသဖြင့် ၀မ်းသာလှပါကြောင်းတို့ ပြောပြီးအားပေးပါသည်၊  ဦးတေဇနိယ၏ ကျေးဇူးသည် မိမိအပေါ်မှာ တသက် ဆပ်မကုန်အောင်ပင်ရှိ နေလေတော့သည်။

တစိမ်းကောင်းတော့ ဆွေ မသာ


                       မိမိတို့ စားသုံးနေကြသော ဆေးဝါးများကိုဖေါ်စပ်သည့် အပင် အမြစ် အရွက်တို့သည် မြို့တွေ ရွာတွေထဲမှာ မရှိကြ၊ တောတွေ တောင်တွေ အတွင်းမှာသာ ပေါက်ရောက်ကြသည်၊ ဒါပေမဲ့ လူတွေအတွက် အလွန်အင်မတန် ဆေးဖက်ဝင်သော အပင်များဖြစ်ကြလေသည်၊ ထိုနည်းလည်းကောင်း ပါပဲ၊ ဆွေမတော် မျိုးမတော်ပေမဲ့ ကိုယ့်အပေါ်ကို စောင့်ရှောက်ကြသော တစိမ်းဆိုသူများသည် ဆွေမျိုးအရင်းထက်ပင် ကောင်းကြလေသည်၊ ဒါကြောင့် မန်လည်ဆရာတော်ဘုရားကြီးက သူရဲ့ မဃဒေဝ လင်္ကာသစ်တွင် “အမြစ်အဥ၊ ဆေးအစုကား၊ တခုသော်မျှ၊ ကိုယ်ကမပါ၊ တောကလာ လျှက်၊ ချမ်းသာဆောင်တတ်၊ ကျိုးရှိမြတ်၏ ” ….. တဲ့၊ ဒါပေမဲ့ ဆွေမျိုးအရင်းပင် ဖြစ်နေစေအုံးတော့ ကိုယ့်အကျိုးကို မလိုလားဘူးဆိုရင်တော့ ရန်သူအစစ် ဧကန် ဖြစ်ပါတော့တယ်တဲ့၊ မန်လည်ဆရာတော်ကြီးကပင် ဒါကို သူရဲ့့ မဃဒေဝ လင်္ကာသစ်တွင် “မလိုအကျိုး၊ ဆွေမျိုးမမည်၊ မကြည်မလင်၊ မကောင်းလျှင်မူ၊ ကိုယ်တွင်ဖြစ်ပွား၊ သွေးနှင့်သားလည်း၊ ကြီးမားစင်စစ်၊ ရန်သူဖြစ်၏” ….. တဲ့။ 

မေ့မရနိုင်တဲ့ မိတ်ဆွေကောင်း တယောက်


                  နောက် မိမိရဲ့ဘဝမှာ တသက်တာမေ့လို့ မရတဲ့ ပုဂ္ဂိုလ်တဦးကတော့ ထိုင်ဝမ်နိုင်ငံရောက် ကျေးဇူးရှင် ဦးပညာဇောတ ပင်ဖြစ်ပါသည်၊ ဦးပညာဇောတနှင့် မိမိတို့သည် မန္တလေးမှာနေကြစဉ် ကတည်းက သိကြွမ်းခဲ့ကြသည်၊ တိတိကျကျဆိုရပါလျှင် (၁၉၈၀) ပြည့်လွန် နှစ်များက ဖြစ်သည်၊ မန္တလေး သာသနာ့တက္ကသိုလ်ကြီး စတင်ဆောက်လုပ်စဉ် အခါက မိမိနှင့်စတင်သိကြွမ်း ခဲ့ခြင်းဖြစ်သည်၊ ဦးပညာဇောတသည် ခင်မင်စရာကောင်းသော အမူအယာ အပြောအဆိုရှိပြီး မိမိအား လေးလေးစားစားဖြင့် နှစ်ပေါင်းများစွာက ကွဲကွာနေသော ဆွေမျိုးကို ပြန်လည်တွေ့ဆုံရသည့်ပမာ ခင်မင်ရင်းနှီးစွာ ဆက်ဆံလေသည်၊ ထို့ကြောင့် မိမိကလည်း သူ့အား လေးလေးစားစားပင် ခင်မင်မိသည်၊ ၁၉၈၈ – ခုနှစ် အရေးအခင်း ကာလအတွင်း တွင်လည်း မိမိတို့သည် ကိုယ့်နယ်မြေနဲ့ကိုယ် တာဝန်ယူစောင့်ရှောက် ခဲ့ကြရသည့်အလျှောက် တဦးနှင့်တဦး အဆက်အသွယ်မပြတ်ကြ၊ အမြဲတမ်း အဆက်အသွယ်ရှိကြသည်၊ မိမိစိတ်ထဲတွင်လည်း ညီတယောက်လို သဘောထားကာ စောင့်ရှောက်မည်ဟု သနိ္နဋ္ဌာန်ချထားမိတော့သည်။    

Culture Shock (ခေါ်) ယဉ်ကျေးမှုခြင်း  ဆောင့်တိုက်မိခြင်း


                        ဘန်ကောက်မြို့တွင်းတွင် ဦးကောဏ္ဍညနှင့် ဘယ်ကိုပဲသွားသွား ဦးကောဏ္ဍညနှင့် ထိုင်းလူမျိုးများ ပြောကြသောစကားကို မိမိတလုံး တပါဒမှ နားမလည်ပါ၊ သူတို့ ဘာတွေပြောနေကြတာလဲ မိမိမသိပါ၊ တလုံးကိုတော့ ကောင်းကောင်း မှတ်မိသည်၊ အဲဒါက ဘာလဲဆိုတော့  “ ခပ်ဗ် ခပ်ဗ် ”  ပဲဖြစ်သည်၊ ဒါတောင်မှ မိမိတို့နိုင်ငံမှာ ရေခပ်တာနဲ့ အသံဆင်တူနေတဲ့အတွက် မှတ်မိနေခြင်းဖြစ်၏၊     လူမျိုးခြင်းရုပ်ချင်း ဆင်တူကြ သော်လည်း ထိုင်းလူမျိုးများ၏ အသွင်က ပိုပြီးသပ်သပ်ရပ်ရပ် ရှိပြီး အစစအရာရာမှာ မိမိတို့ မြန်မာများနဲ့ ကွဲပြားနေတာကို တွေ့ရပါတယ်၊ သံဃာတော်များ သင်္ကန်းရုံတာ၊ ပရိတ်ရွတ်တာ၊ သူတို့ကိုင်ကြတဲ့ ယပ်တောင်အမျိုးမျိုးတွေ၊ ယပ်တောင်တွေက အရိုးးရှည်ကြပြီး အလှအပတွေနဲ့ ချယ်သထားကြပြန်ပါတယ်၊ ပြီးတော့ သံဃာတော်များဟာ တလမှ တခါသာ ခေါင်းရိတ်ကြပုံ၊ ကျောင်းအဆောက်အဦးတွေ ပုံစံက ပြောင်ပြောင်လက်လက်နဲ့ အကွဲအပြားမရှိဘဲ တပြည်လုံး အတိုင်းအတာနဲ့ တပြေးညီရှိပုံ၊ စကားပြောတာ ယဉ်ကျေးကြပုံတွေဟာ မိမိရဲ့စိတ်ထဲမှာ ရက်ပိုင်းအတွင်းမှာကိုပဲ တအံ့တဩ ဖြစ်သွားစေပြီး ထိုင်းလူမျိုးများကို အားကျ အထင်ကြီးမိသွား စေပါတော့တယ်၊ မိမိကိုပိုပြီး တအံ့တဩ ဖြစ်စေတာကတော့ ထိုင်းဘုန်းကြီး၊ ကိုရင်၊ သီလရှင်အားလုံးတို့၏ မျက်နှာမှာ မျက်ခုံးမွှေး လုံးဝမတွေ့ ရတာပဲဖြစ်ပါတယ်၊ ဦးကောဏ္ဍည ကိုမေးကြည့်တော့ ခေါင်းရိတ်သည့်အခါ မျက်ခုံးမွေးပါ တခါတည်း ရိတ်ရကြောင်း  တိုတိုပဲ ရှင်းပြပါ၏၊ အစစ အရာရာသည် ပွင်းလင်း လွတ်လပ်မှုရှိပြီး တက္ကစီကား၊ လူစီးကား၊ ဘတ်စကား၊ ကုန်တင်ကားကအစ မိမိ၏စိတ်ထဲမှာ အထူးအဆန်းကြီးကို ဖြစ်နေပါတော့တယ်၊ ပိတ်လှောင်ခံထား ရတဲ့ခြံထဲက ထွက်လာရတဲ့ ငှက်ကလေးတကောင် အပြင်ကို ထွက်လာတဲ့အခါ ခံစားရသလိုပဲရှိမှာ ပါပဲလေလို့ပဲ လွတ်လပ်ဌက်အတွေး တွေးမိပါတော့တယ်။      

ဆွမ်းအတွက် မပင်ပန်းကြရတဲ့ ထိုင်းသာသနာ


                 ထိုင်းသံဃာတော်များဟာ ဆွမ်းအတွက် လုံးဝပင်ပန်းစရာမလိုပဲ အားလုံးအဆင်ပြေ ပြည့်စြံုကတာကို ရက်ပိုင်းအတွင်းမှာပဲ သိရှိခံစားလိုက်ရပါတယ်၊ ဆွမ်းခံထွက်တဲ့အခါ မိမိတို့မြန်မာနိုင်ငံ မှာလို ဆွမ်းခံအိမ် ဖိတ်စရာမလိုပဲ ကျောင်းတိုက်က ထွက်လိုက်တာနဲ့ တပြိုင်နက် ဆွမ်းလောင်း မည့်သူများက အဆင်သင့် စောင့်နေကြပြီး သပိတ်ထဲသို့ သပ်သပ်ရပ်ရပ် ပလပ်စတစ်ဖြင့်ထုပ်ထားသော ဆွမ်း၊ ဆွမ်းဟင်းထုပ်များဖြင့် လောင်းလှူကြတာကို တွေ့ရပါတယ်၊ တခါတလေ တဦးတည်းနဲ့ တပါးစာ ပြည်စုံသွားအောင် လောင်းလှူတတ်ပါတယ်၊ အားလုံးဟာ မိမိအတွက်တော့ အံ့ဩစရာတွေ ချည်းပါပဲလေ၊ အထူးသဖြင့် ဈေးထဲမှာဖြစ်ပါတယ်၊ ဆွမ်းလောင်းလိုသူများအတွက် အဆင်သင့် ၀ယ်ယူလောင်းလှူနိုင်ဖို့ အတွက်လဲ ဈေးဆိုင်က အဆင်သင့်ပင်ဖြစ်ပါတယ်၊ တပါးအလှူခံလျှင် သုံးလေးပါး စားလောက်ပါ၏၊ မိမိ ထိုင်းဘုန်ကြီးကျောင်း ၀ပ်မဟာထာ့မှာ ခေတ္တနေထိုင်စဉ် ပဲခူးမှ ဦးဝေရောစနသည် နေ့စဉ် ၀ပ်မဟာထာ့ တဝိုက်တွင်ရှိသော ဈေးထဲသို့ ဆွမ်းခံထွက်လေ့ရှိရာ မိမိတို့အားလုံးစားနိုင်ယုံမက အပိုအလျှံပင်ရှိသေးသည်၊ ဦးဝေရောစနသည် အများကို ကျွေးမွေးချင်သော စေတနာဖြင့် နေ့စဉ် နံနက်စောစော ဆွမ်းခံထွက်လေ့ရှိပါသည်၊ ဆွမ်းခံရာ၌ နှစ်ကြိမ်ထွက်ရာ နှစ်ကြိမ်လုံးပင် သပိတ်အပြည့်အပြင် လက်ထဲမှာလဲ အထုပ်တွေ ပါလိုက်ပါသေးတယ်၊ သူ့စေတနာသည် သူ့ကိုပြန်၍ အကျိုးပေးမည်မှာ အသေအချာပင် ဖြစ်ပါတော့သည်၊ မိမိတို့ မြန်မာနိုင်ငံက သံဃာများနှင့်စာလျှင် ဆွမ်းအတွက်ချမ်းသာကြသော သံဃာတော်များကို ကြည့်ကာ အားကျမိပါတယ်၊ မိမိအဖို့ အံ့ဩစရာတွေက တမျိုးပြီး တမျိုးတွေ့ရသည့် အတွက် တအံ့တဩဖြစ်ကာ ကာလ်ချာ ရှော့ခ် ဆိုတာ ဒါကို ပြောတာနေမှာပဲလို့လဲ တွေးမိပါတော့တယ်။     

အားလုံးရဲ့ နောက်မှာ


                      အားလုံးကို ခြံုငုံသုံးသပ်လိုက်သောအခါ ငါတို့သည် အားလုံးရဲ့နောက်မှာ ကျန်ရစ်ခဲ့ပါ ကလားဆိုတာ ကွဲကွဲပြားပြား သိလိုက်ရခြင်းပါပဲ၊ ထိုသို့ သိလိုက်ရခြင်းနဲ့ အတူ မိမိရဲ့စိတ်ထဲမှာ အားငယ်ခြင်း၊ ရှက်ခြင်းတို့သည် ဘယ်က ဘယ်လို ပေါ်လာမှန်းမသိ တဖွားဖွားနဲ့ပေါ်လာ ပါတော့သည်၊ အဲဒီတော့မှ မိမိသည် ခေါင်းဆောင်ကောင်းနှင့် ခေါင်းဆောင်ဆိုးတို့၏ ကွာခြားပုံကိုလည်းကောင်း၊ လူချင်းတူပေမဲ့ အသက်ရှုပုံ ခြင်းကွာခြားကြပုံကို လည်းကောင်း လုံးဝဥသုံ ရှင်းလင်း နားလည်သွားရပါတော့သည်။

လှောင်ချိုင့်ထဲက ငှက်ကလေးတွေ


                         မိမိသည် လှောင်ချိုင့်ထဲတွင် ထည့်သွင်း လှောင်ထားခြင်းခံရသော ငှက်ကလေးများကို သွား၍ သတိရမိပါတယ်၊ လှောင်ချိုင့်ထဲမှာဆိုတော့ ဘာမှလုပ်လို့မရ၊ ဘယ်မှသွားလို့ မရနဲ့အလိုလို နေရင်း ဘဝကိုဆုံးရှုံး သွားရတဲ့ ငှက်ကလေးများလိုပဲ ငါတို့ မြန်မာပြည်သူ၊ ပြည်သားတွေဟာ လှောင်ချိုင့်ထဲမှာ ပိတ်မိနေကြတဲ့ သူတွေပါပဲလားရယ်လို့  ပျက်ပျက်ထင်ထင် မြင်လိုက်မိပါတော့တယ်။

လန်ပန်းသို့


                     ဘန်ကောက်တွင်(၈)ရက်နေပြီးနောက် ထိုနှစ် ၀ါဆိုလဆန်း(၁၃)ရက်နေ‹တွင် မိမိသွား ရောက်နေထိုင်ရမည့် ထိုင်းနိုင်ငံမြောက်ပိုင်း လန်းပန်းမြို့သို့ သွားရန်အတွက် ဦးကောဏ္ဍညကိုယ်တိုင် ဘန်ကောက်ရှိ မော်ချစ်မိုင် ကားဂိတ်သို့ တက္ကစီကားငှားကာ လာခဲ့ကြပါတယ်၊ ဘန်ကောက်မှာ တက္ကစီကားငှားရတာ အလွန်လွယ်ကူသလောက် သွားမည့်လမ်းက တခါတလေ လိပ်နှင့်အပြိုင် နင်လား ငါလား နှေးကွေးနေတတ်သည်၊ ထိုနေ့က ၀ါဆိုလဆန်း (၁၃)ရက်ဖြစ်နေ သဖြင့် ကားအသွားအလာ ကျပ်တည်းနေသည်၊ ထိုင်းဘာသာဖြင့် “ လွတ်တစ်” ဟု ခေါ်သည်၊ ကားဂိတ်သို့ ရောက်သောအခါ မိမိအတော်လေး အံ့ဩသွားမိရပြန်သည်၊ အကြောင်းက မိမိိတို့မြန်မာနိုင်ငံက ကားဂိတ်များလို သေးသေးကွေးကွေးလေး အောက်မေ့ထားမိသော မိမိသည် လူများ။ ခရီးသည်တင် ဘတ်စ်ကားကြီးများဖြင့် ကျယ်ဝန်းကြီးမားသော ကားဂိတ်ကြီးဖြစ်နေ သောကြောင့်ပင်တည်း။

စည်းကမ်းရှိကြသည်


                    လူများ၊ ကားများဖြင့် ပြည့်ကြပ်နေသော်လဲ မြန်မာနိုင်ငံက ကားဂိတ်များလို ဆူညံမနေ၊ ညစ်ပတ် ပေရေမနေပဲ သန့်ရှင်းသပ်ရပ်ပြီး ရှိနေသော လူများ၊ ကားများနှင့်စာလျှင် တိတ်ဆိပ်ငြိမ် သက်သည်ဟု ဆိုရပေမည်၊ ဘတ်စ်ကားကြီးများမှာ ကြီးမားလှပြီး အဲယားကွန်းပါသော ဘတ်(စ်)ကားကြီးများ ဖြစ်ကြပါ၏၊ ကားရပ်နားရာ ကားဂိတ် တာမီနယ်လ်များကိုလဲ စနစ်တကျဆောက်ထားကာ ကားကြီးများကိုလဲ စနစ်တကျ ရပ်နားထားတာကို တွေ့ရပါတယ်၊ ကားလက်မှတ် ရောင်းဌာနများသည် သူ့နေရာနှင့်သူ စနစ်တကျ ထားရှိပြီး လက်မှတ်ရောင်း အမျိုးသမီးများက သူတို့အလုပ်လုပ်သော ကားကုမ္မဏီီမှ သတ်မှတ်ထားသော ယူနီဖေါင်းဝတ်စုံများနှင့် ဖြစ်ကြပြီး ကြည့်လို့အလွန် ကောင်းသည်၊ ထိုနေ့က ၀ါဆိုလဆန်း(၁၄)ရက်နေ့ ဖြစ်သဖြင့် ဘန်ကောက်မြို့တွင် အလုပ်လာလုပ်ကြသောသူများ မိမိတို့နေရပ်ဌာနီသို့ ၀ါဆိုပွဲ ဆင်နွဲရန်ပြန်ကြသဖြင့် ယခုကားဂိတ်အပါအဝင် ကားဂိတ်တိုင်းလိုလိုမှာပင် ဒီလိုဘဲ ပြည့်ကျပ်နေကြဟု ဦးကောဏ္ဍညက ရှင်းပြပါသည်၊ ဒီလိုလူတွေ ပြည့်ကြပ်နေသော်လဲ ဆူညံမှု အနည်းငယ်မျှသာ ရှိသဖြင့် စည်းကမ်းရှိသော လူမျိုးပေဘဲဟု စိတ်ထဲမှ အတွေးဖြန့်ကျက် မိပြန်တယ်၊ ထိုင်းလူ မျိုးများသည် အလွန်ယူနီဖေါင်းဖြစ်သော လူမျိုးများဖြစ်သည်ကို နောက်ပိုင်းမှာတွေ့လာရပါတော့သည်။
 
ကားလက်မှတ် အဝယ်ခက်


                ပထမ အစီအစဉ်အရ ဦးကောဏ္ဍညက မိမိအား V.I.P Air-Condition Busဖြင့်လန်းပန်း သို့ထည့်လိုက်မည်ဟု ပြောထားပါသည်၊ မန္တလေးကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း အုပ်ဆရာတော် ဦးကေသဝ၏ စာအရ သူသည် မိမိအပေါ် အတော်ဂရုစိုက်ပါသည်၊ မိမိအတွက် မသွားဖူး သေးသောခရီး၊ မရောက်ဖူးသေးသော နေရာဒေသ၊ မတတ်ကျွမ်းသေးသော ဘာသာ စကားပြောသူတို့ အလယ်မှာတယောက်ထဲ ခရီး နှင်ရမည်ကို စိုးရိမ်နေသည်၊ သူစိုးရိမ်သလို မိမိ ကိုယ်တိုင်ကလဲ ကြောက်နေသည်၊ စပီကာများ ဖြင့် ဘာတွေ အော်ပြောနေသည်မသိ၊ ဘာမှလဲနားမလည်၊  သူ့နောက်ကိုဘဲ ယောင်တောင် ယောင်တောင်နှင့် လိုက်နေရသည်၊ ကားလက်မှတ် ရောင်းသောဌာနများကလဲ ခေါင်းစီးစာလုံးများကို ယိုးဒယားဘာသာဖြင့် ရေးထားသဖြင့် စာမတတ်တော့ အကန်း ဖြစ်ရတော့သည်၊ ဦးကောဏ္ဍညသည် မိမိအတွက် “လွတ်အဲ” ဟုခေါ်သည့် အဲယားကွန်းဒီးရှင်း လက်မှတ်ကို လန်ပန်းမြို့ သွားသည့် ကားလက်မှတ် ရောင်းဌာနမှန်သမျှ တခုမကျန် လိုက်မေးပါသည်၊ လန်းပန်းမြို့သို့ သွားသည့် ကားတွင်မှမဟုတ် တဆင့်ရောက်နိုင် သည့် “ချင်းမိုင်” “ဖရဲ” အစရှိသောကားလက် မှတ်ရောင်းဌာများသို့လည်း သွားရောက် မေးမြန်းပေးရှာပါသည်၊ အဖြေကတော့ လက်မှတ်တွေကုန်ပြီ ဟုချည်းဘဲပြောကြပါသည်၊ ဦးကောဏ္ဍညသည် ယိုးဒယားမှာနေတာ ကြာပြီဖြစ်သည့်အတွက် ယိုးဒယားစကားကို ယိုးဒယားတယောက်လိုပင် ပြောတတ်ပါသည်၊ ထို့ကြောင့် မိမိမှာ ဘာပြော သလဲ ဘာပြောသလဲဟု ခဏခဏမေးရပါသည်၊ နောက်ဆုံး မရတော့သောအခါ “ ကိုင်း…. ဦးကောဝိဒ ရေ့ ဗီ အိုင် ပီ လဲမရဘူး။ ရိုးရိုးဘတ်စ်ကား လဲမရဘူး၊ ရထားနဲ့ပဲ သွားရတော့မှာဘဲ၊ ရထားကပိုကောင်းတယ်၊ ပိုပြီးစိတ်ချရတယ်” ဟုပြောပါသည်၊ “ ကိစ္စမရှိဘူး၊ ရတာနဲ့ဘဲသွားမယ်’ ဟု အဖြေပေးလိုက်ရပါသည်၊ ဒါတောင်မှ လက်မှတ် မှီအောင်ဆိုပြီး ညနေ(၃)နာရီကတည်းက ကြိုထွက်လာကြတာပါ။      

လက်မှတ်ဝယ်လို့ရပြီ


                       ကားဂိတ်တွင် လက်မှတ်ဝယ်မရတာနဲ့ ဟွာဝါလန်းဖုန်းခေါ် ဘန်ကောက်မိန်းဘူတာရုံကြီး သို့ ထွက်ခဲ့ကြပြီး ရထားလက်မှတ်ကို သူကိုယ်တိုင် ၀ယ်ပေးပါသည်၊ လက်မှတ်အရောင်းဌာန သို့ရောက်သောအခါ မိမိတို့မြန်မာနိုင်ငံမှာလို ထောက်ခံစာမလိုပဲ ၀ယ်လို့ရသည့်အပြင် လက်မှတ်ကိုလဲ ကွန်ပြူတာဖြင့် ရိုက်ထုတ်ပေးပါသည်၊ လက်မှတ်ရောင်းဌာန ၀န်ထမ်းများသည် အလွန်ယဉ်ကျေးကြလေသည်၊ ဆရာတော် ဦးသိဂ္ဂဝ နှင့် အတူူပါလာသော သထုံမှ ဦးဝဇီရဗုဒ္ဓိသည်လဲ မိမိနှင့်အတူ လန်းပန်းသို့ အတူလိုက်မည်ဖြစ် သဖြင့် နှစ်ပါးစာ ၀ယ်ကာ ပြန်ခဲ့ကြပါသည်။ 

သာစွဌာနီ မြောက်ပိုင်းဆီသို့


                        ကျောင်းသို့ ပြန်ရောက်ကြပြီးနောက် ညနေပိုင်း လန်းပန်းသို့ ထွက်မည့်ရထားအတွက် အထုုပ်် အပိုးများ ပြင်ဆင်ကြပါသည််၊ ညနေ ၄း၃၀ နာရီခွဲတွင် ဦးကောဏ္ဍညမှာ သထုံမှ ဦးဝဇီရဗုဒ္ဓိတို့နှင့် အတူ ယိုးဒယားအခေါ် တုတ်တုတ်(ခ) သုံးဘီးကားဖြင့် ဘူတာရုံကြီးသို့ ထွက်ခဲ့ကြပါသည်၊  ဤခရီးသည်ကား မိမိကို ထိုင်းနိုင်ငံတွင် နှစ်ပေါင်းအတော်ကြာအောင် နေထိုင်ခိုင်းတော့မည့် ခရီးဖြစ်သည်ကိုတော့ မိမိကိုုယ်တိုင် ထိုစဉ်က မသိခဲ့ပါချေ၊ မိမိရည်ရွယ်ချက်က ၀ါကျွတ်လျှင် သွားလိုသောနိုင်ငံများ သို့သွားကာ စာရေးဘို့ အချက်အလက်များ စုဆောင်းပြီးပါက မြန်မာနိုင်ငံသို့ ပြန်ရန်ဖြစ်ပါ၏၊ ဒါပေမဲ့ လှံထမ်း လာတာကိုသာ မြင်ရပြီး ကံထမ်းလာတာကိုတော့ မမြင်ရနိုင်သည် မဟုတ်ပါလား။ 

                     မိမိတို့ စီးလာသော တုတ်တုတ်ကား ဒရိုင်ဘာသည် ဘူတာရုံသို့ အချိန်မီရောက်နိုင်ရန် အတွက် လမ်းကြိုလမ်းကြားပါမကျန် ၀င်ရောက် မောင်းနှင်ပေးပါသည်၊ ထုံးစံအတိုင်း ဘန်ကောက်မြို့က ဒီအချိန်ဆို ကားကြပ်တဲ့ အချိန်မဟုတ်ပါလား၊ ဒရိုင်ဘာ၏ ကောင်းမှုကြောင့် ဘန်ကောက်ဘူတာရုံကြီးသို့ ညနေ ၅း၂၅ နာရီ တွင်ရောက်ရှိပါသည်၊ ဦးကောဏ္ဍညကိုယ်တိုင် ရထားတွဲများပေါ်သို့ တင်ပေးခြင်းနှင့် နေရာချထားပေးခြင်းများ ပြုလုပ်ပြီးနောက် မနက် ၄းဝဝ နာရီလောက်မှာ အိပ်ရာမှထ ထားကြဘို့ကို တဖွဖွမှာကြားကာ ပြန်သွားပါသည်၊ သူ့ခမျာ မိမိတို့ကို ပို့စရိတ်၊ ပြန်သွား စရိတ်များကို စိုက်ရရှာပါသည်၊ မိမိတို့ကလဲ အလိုက်မသိတတ်တဲ့ အတွက်အပြန်စရိတ် ယူသွားပါအုံးလားလို့တောင် လောကွတ် မလုပ်မိလိုက်ကြပါဘူး၊ စိတ်တွေက သိပ်လှုပ်ရှားနေကြတယ်် မဟုတ်ပါလား၊ မရောက်ဖူးသော ဒေသ၊ မမြင်ဖူးသေးသော လူတွေ၊ မကြားဖူးသေးသော စကားတွေကို ပြောနေကြတဲ့ တိုင်းပြည်က ရထားတွဲပေါ်မှာ ရှေ့မှာဘယ်လို သွားပြီး ဘယ်လိုဆက် ဆံရမလဲဆိုတာ တွေးနေကြတာနဲ့ အချိန်ကုန်သွားကြပါတော့သည်၊ ဦးကောဏ္ဍည ကလဲ တကယ်လို့ပေး တောင်မှ ယခုမှ ရောက်စသူများက ပေးတာကို ယူမှာမဟုတ်။ တခါက မိမိက ကားခ စိုက်ထုတ်ပေးတာကို သူက “ကိုယ်တော်က ဘယ်လောက်များ ချမ်းသာနေလို့လဲ” လို့မေးဘူးတာကို အမှတ်ရမိ ပါသေးသည်။

                              ဦးကောဏ္ဍည ပြန်သွားပြီးနောက် မိမိတို့သည် ဘူတာရုံအတွင်း လေ့လာကြည့်မိကြသည်၊ အမျိုးသမီး၊ အမျိုးသား အားလုံးလိုလို ဂျင်းဘောင်းဘီကိုပဲ ၀တ်ဆင်ကြပြီး မျက်နှာအမူ အယာများက တို့ဗမာများနှင့် ခွဲမရအောင် တူကြလေသည်၊  မိမိတို့စီးသော ရထားမှာချင်းမိုင် (ဇင်းမယ်) အထိသွားသော ရထားဖြစ်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းလမ်း ဆုံးရထားလည်းဖြစ်ပါသည်၊     ဦးဝဇီရဗုဒ္ဒိနှင့် မိမိသည် ထိုင်ခုံအတူ မကျချေ၊ မိမိကတွဲနံပါတ် (၁၅)မှာရပြီး ထိုင်ခုံနံပါတ်က(၁)ဖြစ်ခါ ဦးဝဇီရဗုဒ္ဓိက တွဲ(၂၄) နောက်ဆုံးတွဲဖြစ်ပြီး ထိုင်ခုံနံပါတ်(၁၄)မှာ ရလေသည်၊ မိမိတို့ သွားမည့်လန်းပန်းမြို့က ဇင်းမယ်ခေါ် ချင်းမိုင်မြို့၏ တောင်ဘက် ကီလိုမီတာ ၁၅၀ ခန့်မှာ ရှိလေသည်၊ မိမိစီးသောတွဲပေါ်၌ ချင်းမိုင်သွား နိုင်ငံခြားသား ခရီးသည်များကို တွေ့ရပြီး သူတို့က ဂျာမဏီနိုင်ငံမှ ဖြစ်ကြောင်း မိတ်ဆက်လာကြသည်၊ ရှေ့တခုံကျော်မှာတော့ ဘောင်းဘီတိုဝတ် ဇင်းမယ်သူတယောက် သူ့မောင်လေးနှင့် အတူထိုင်နေသည်ကို တွေ့ရပါသည်၊ မိမိခုံမှာတော့ စီးမည့် သူပေါ်မလာချေ၊ ရထားသည် ညနေ ၆း၃၀နာရီတွင် ဘန်ကောက်ဘူတာရုံကြီးမှ စတင်ထွက်ခွာလေသည်၊ တွဲများမှာ ကျယ်ဝန်းပြီး ထိုင်ခုံတန်းက မျက်နှာချင်းဆိုင်ဖြစ်သည်၊ အပေါ်ထပ်တွင် အိပ်စင်ပါပြီး ထိုင်ခုံဘေးတွင် လှေကားထားရှိသည်၊ မိမိတို့ရထားထွက်လာရာ လမ်းတလျှောက် အလင်းရောင် ရှိနေသေးစဉ် လမ်းဘေးတလျှောက်ရှိ မမြင်ဘူးသေးသော ရှုခင်းများကိုကြည့်ရှုမိနေသည်၊ မြင်ရသောအရာများက ထိုင်းနိုင်ငံသည် တကယ်တိုးတက်သွားသော နိုင်ငံအဖြစ်ကို ဖေါ်ပြနေကြလေသည်၊ ရထားပေါ်ပါလူများက ငြိမ်ငြမ်သက်သက်ရှိကြသလို ရထားကလဲ အရှိန်ဖြင့် မောင်းစပြုလာသည်၊ အရှိန်နှင့်မောင်းပေမဲ့ လှုပ်ခါခြင်းမရှိပဲ ရေဖန်ခွက်ကို စားပွဲပေါ်မှာ တင်ထား လို့ရလေသည်။  

နောက်ဆုံးတွဲမှန်း မသိကြ


                          ရထားထွက်လာပြီး တနာရီကျော်ကျော် လောက်ကြာသောအခါ မှောင်စပြုလာသလို ရှုခင်းများကလဲ တမျိုးတဖုံ ပြောင်းလာလေသည်၊ လယ်ကွင်းများကို အတွေ့များလာရပြီး စက်ရုံ အလုပ်ရုံများကိုလဲ တွေ့လာရသည်၊ မိမိသည် ပြုလုပ်နေကျ ၀တ္တရားအတိုင်း ပရိတ်နှင့်ပဋ္ဌာန်းဒေသနာများကို ရွတ်ဆိုခြင်း၊ ဂုဏ်တော် ပုတီးစိပ်၍ မေတ္တာပို့ခြင်းများ ပြုလုပ်နေစဉ် မိမိတို့တွဲစောင့် ဒကာသည် အိပ်ရာလာပြင်ပေးသည်၊ ပြင်ပုံမှာ အပေါ်ထပ်အမိုးတွင် ကပ်ချိတ်ထားသော အိပ်ရာကို အောက်သို့ ဆွဲချလိုက်သောအခါ လူတယောက်စာ အိပ်စင်ဖြစ်သွားပြီး အိပ်ယာခင်းအဖြူဖြင့် မွေ့ယာကို ဖုံးလွှမ်းလိုက်သောအခါ အိပ်ရာအသင့် ဖြစ်သွားလေသည်၊ ခေါင်းအုံးနှင့် စောင်များသည် သန့်ရှင်းသပ်ရပ်ပြီး အိပ်ချင်စဖွယ်ပင်ဖြစ်ပါသည်၊ အိပ်နေစဉ် ဘေးကိုထွက်မကျအောင် သားရေကြိုး ပြား၂ခုဖြင့် သိုင်းကာ တားဆီးကာရံထားသည်၊ အောက်ထပ် ထိုင်ခုံကိုလဲ ခုံချင်းဆက် လိုက်သောအခါ အိပ်ယာပင် ဖြစ်သွားပါတော့သည်၊ မိမိသည် အိပ်ယာများ ပြင်ဆင်ပြီးသောအခါ ဦးဝဇီရဗုဒ္ဓိရှိရာ တွဲ ၂၄ သို့သွားရောက် နှုတ်ဆက်ကာ စကားစမြည် ပြောကြသည်၊ ပြီးနောက်ရထားတွဲ များတလျှောက် လျှောက်ကြည့်ကြ ပါတော့သည်၊    

အန္တရာယ်ရှိတဲ့  “ အန္တရိုင်မတ်”


                  သူစီးလာသော နောက်ဆုံးတွဲသို့ ပြန်ရောက်သောအခါ ပိတ်ထားသောတံခါးကို မရမက ဖွင့်ကြသည်၊ ဖွင့်လို့ မရပဲရှိနေစဉ် တွဲစောင့် ပြေးလာပြီး “ အန္တရိုင်မတ်၊ အန္တရိုင်မတ်”  ဟုအော်ပြောပြီး တားဆီးပါတော့သည်၊ ပြီးမှ ဒီတွဲဟာနောက် ဆုံးတွဲဖြစ်ကြောင်း၊ ဒါကြောင့် ပိတ်ထားကြောင်း ပြောပြီး တံခါးကိုဖွင့်ပြပါသည်၊ ထိုအခါမှ မိမိ တို့မှာ ရှက်ရှက်နှင့် အခြားသူများကို ကြည့်မိကြကာ အချင်းချင်းရယ်မိကြ ပါတော့သည်၊ ေဩာ် တောသားမြို့ရောက် ကျီးကန်းတောင်းမှောက် ဖြစ်ရလေသည် တကား၊ ယခုလူထွက် သွားပြီး အိမ်ထောင်ကျနေသော ဦးဝဇီရဗုဒ္ဓိသည် ထိုအဖြစ်ကို အမှတ်ရ နေလိမ့်မည်ဟုထင်ပါသည်၊ ဦးကောဏ္ဍည မှာလိုက်သည့် အတိုင်း မိမိတို့သည် စောစောပင် အိပ်ယာဝင် လိုက်ကြပါတော့သည်။

တယောက်ထဲ ယောင်လည်လည်


                        မိမိသည် ရထားပေါ်တွင် စီးနင်းလိုက်ပါ လာရင်း “တယောက်ထဲ ယောင်လည်လည်၊ ဘယ်ဆီ ဘယ်ဝယ်မြန်း မမှန်းဆနိုင်တော့ တယ်” ဆိုတဲ့ စိန်အောင်မင်းရဲ့ တေးသွားကို အမှတ်ရမိတော့သည်၊ ယခုလည်း မိမိစီးသည့် တွဲမှာ မိမိတယောက်ထဲ စကားပြောဖေါ်မရှိ အားပေးမည့်သူ မရှိသည့်အထဲ စာကလည်း မဖတ် တတ်ဖြစ်နေပြန်သည့် အတွက် ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိတော့ပေ၊ ဘဝကံအကျိုး ပေးပဲထင့် …  မိမိ (၈) နှစ်သားအရွယ်တွင် မယ်တော်ကြီး ဆုံးပါးသွားကတည်းက မိသားစုနဲ့အတူ နေရတယ်လို့ မရှိတော့ သလောက်ပင်၊ မှတ်မိသေးသည် မယ်တော်ကြီး ဆုံးပြီးစက အမေ့ရဲ့ အကိုအကြီးဆုံး မြန်မာသမားတော်ကြီး ဆြာ သောင်းက “အင်း …. ဖွားစိန် ဆုံးသွားပြီဆိုတော့ ငါ့တူနှစ်ယောက်တော့ သောင်ပြင်မှာ လွှတ်ထားတဲ့ ခွေးလိုဖြစ်နေမှာ ငါမြင်သေးတယ်” တဲ့၊ ရထားပေါ်မှာ စကားပြောမဲ့သူ တယောက်မှ မရှိတော့ တွေးမိတွေးရာ လျှောက်တွေးမိတော့ တာပေါ့လေ။   


                           ဒါပေမဲ့ မိမိမှာအကျင့် တခုတော့ရှိသည်၊ အဲဒါကတော့ ဘယ်သွားသွား ကားပေါ်မှာဖြစ်စေ၊ ရထားပေါ်မှာဖြစ်စေ၊ လေယာဉ်ပျံပေါ် မှာပဲဖြစ်စေ ပရိတ်တော်၊ မဟာပဋ္ဌာန်းတော် တို့ကို ရွတ်ဖတ်ပွားများပြီး မေတ္တာပို့ကာ ဂုဏ်တော်များကို ပုတီးစိပ်လေ့ရှိသည်၊ ယခုလဲ ပြုလုပ်နေကြ ၀တ်များကို မပျက်ရအောင် ရထား စထွက်ပြီဆိုကတဲက ရွတ်ဖတ်ပွားများ ပူဇော် လာခဲ့ပြီးဖြစ်သည်၊ တညလုံးမောင်းသောရထား ဖြစ်သဖြင့် တွေးမိတွေးရာ လျှောက်တွေးမိခြင်း ဖြစ်သည်၊ မရောက် ဖူးသေးသောဒေသ၊ မတွေ့ မမြင်ဘူးသေးနေရာ နှင့် မတတ်ကျွမ်းသော ဘာသာစကားတို့ အလယ်မှာ ဖြစ်နေသဖြင့် စိတ်စောပြီး အိပ်လို့မရတော့ပေ၊ ဒီလိုနှင့် ညသည် တဖြည်းဖြည်းနှင့် လင်းအားကြီးဘက်သို့ ကူးပြောင်း လာလေတော့သည်၊ တချို့ရွာာများကို ဖြတ်ကျော်သော အခါ လင်းအားကြီး ကြက်တွန်သံများကိုပင်ကြား လာရပေပြီ။     



စိုးရိမ်စိတ်က လွှမ်းမိုး


                            လန်းပန်းမြို့သို့ မရောက်ခင် လမ်းမှာ ရပ်သမျှ ဘူတာတိုင်းကို ဂရုစိုက်ကြည့်ရတာလဲ အမောဖြစ်ပါသည်၊ ဦးကောဏ္ဍညက လန်းပန်းမြို့ သို့ ရထားရောက်မည့် အချိန်ကိုပြောလိုက်ပြီး အိပ်ပျော်နေပါက ချင်းမိုင်သို့ ပါသွားမည်ဖြစ်ကြောင်း ပြောထားချက်အရ နံနက်(၅)နာရီ ကတည်းက အိပ်ယာမှ ကြိုတင်ထ ထားကြပြီးလည်း ဖြစ်နေပါတော့သည်။

လန်းပန်း ရောက်ပြီ


                              ရထားသည် တညလုံးခုတ်မောင်းလာ ပြီးနောက် မိမိတို့ ဦးတည်ချက်ဖြစ်သည့် လန်းပန်းမြို့သို့ အေးချမ်းသော ရာသီဥတုနှင့်အတူ မြူခိုး နှင့် တိမ်ရောယှက်ကာနွယ် ်နေသဖြင့် မှိုင်းပြပြ ဖြစ်နေသော နံနက်(၇း၄၅)နာရီ အချိန်တွင်Lampang ဟူသောဆိုင်းဘုတ်ကို မြင်လိုက်ရ ပြီးနောက် မိမိတို့ စီးနင်းလိုက်ပါလာသော ရထားသည် ဂိတ်ဆုံးဖြစ်သည့် လန်းပန်းမြို့သို့ ချောမောစွာဖြင့် ရောက်ရှိလေတော့သည်၊ မိမိတို့ ဦးတည်ချက်ဖြစ်သည့် လန်းပန်းမြို့သို့ မရောက်ခင် နံက်(၅းဝဝ) နာရီတွင် ကြိုတင်၍ အိပ်ယာမှထ လိုက်ကြပြီး မျက်နှာသစ်ခြင်း၊ အိမ်သာဝင်ခြင်း များကို ပြုလုပ်ကြပြီးနောက် ဘုရားဝတ်တက်ကာ ဂုဏ်တော်ပုတီးစိပ်ခြင်းနှင့် မေတ္တာပို့လွှတ်ခြင်းများကို လုပ်လိုက်ပါသည်၊ ရထားပေါ်တွင် အိမ်သာ၊ ရေချိုးခန်းများ ပါပြီး သပ်သပ်ရပ်ရပ်ရှိလှ သဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်မိပါသည်၊ ထိုအချိန်ကစ၍ နောက်ပိုင်း ခရီးသွားစရာရှိလျှင် ရထားနှင့် ချည်းပဲသွားလိုက် ပါတော့သည်၊ လန်းပန်းမြို့၏ ရာသီဥတုသည် မိမိ၏ မွေးရာဇာတိ ပုပ္ပါးးတောင်ဒေသနှင့်    ခပ်ဆင်ဆင်တူသဖြင့် မိမိစိတ်ထဲတွင် အတော်ကျေနပ်သွားမိသည်။     တယ်လီဖုန်းကို စတင်တည်ထွင်သူ အလက်ဇန္ဒြားာ ဂရေဟမ်ဘဲလ်သည် အမေရိကားမှ တဆင့် ကနေဒါနိုင်ငံ၊ နိုဗာစကိုးရှားသို့ ရောက်လာ သောအခါ “ Novascostia place to be ” ဟု ပြောခဲ့သတဲ့။ ပြောခဲ့တဲ့အတိုင်းလဲ သူ့တသက်လုံး နိုဗာစကိုးရှားမှာပဲ ခေါင်းချသွားခဲ့လေသည်၊ ဒါကိုပဲ ကနေဒါနိုင်ငံသား များအနေဖြင့် ဂုဏ်ယူမဆုံး ဖြစ်နေကြပြီး သူတည်ထောင်သွားခဲ့သော Bell Canada ဟုလူသိများသော တယ်လီဖုန်းကုမ္မဏီကို ယ္ခုထက်တိုင်ပင် တနိုင်ငံလုံး အတိုင်းအတာဖြင့် သုံးစွဲလျက် ရှိကြလေသည်၊ မိမိတို့ကို အင်္ဂလိပ်စာသင်ပေးသော ဆရာမများက ပြောလေ့ရှိသည်မှာ ကနေဒါသည် Communication System တွင် မြောက်အမေရိကား၌  အတော်အတန် ဦးဆောင်လျက် ရှိနေသည်တဲ့။  
 
                  ရထားရပ်လိုက်သည်နှင့် တပြိုင်နက် ပြတင်းပေါက်ဘေးကို ကြည့်လိုက်ရာ ထမီဝတ် အမျိုး သမီးတော်တော် များများကိုတွေ့ရသဖြင့် မြန်မာပြည်နှင့် ဆင်တူသည်ဟု စိတ်ထဲမှာ မှတ်သားထား လိုက်မိပြီး ဟိုဟိုသည်သည်လျှောက်၍ မျက်စိဝေ့   ကြည့်လိုက်သောအခါ ဘူတာရုံ အပေါက်ဝမှနေ၍ မိမိတို့ကို ကြိုနေသော အရပ်မြင့်မြင့် အသားဖြူဖြူနှင့် ဥပဓိရုပ်ကောင်းသော ရဟန်းတော်တပါးကို မြင်ရပြီး မိမိတို့ကို သူမြင်သွားသောအခါ လက်ပြနှုတ်ဆက်ပါသည်၊ မိိမိသည် မမြင်ဘူးသေးပေမဲ့ ဦးဝဇီရဗုဒ္ဓိ ပြောပြထားချက်အရ မိမိတို့ကို လာကြိုနေမှန်း သိလိုက်ခြင်းဖြစ်ပါသည်၊  ဦးဝဇီရဗုဒ္ဓိ မိမိ ထိုင်ခုံသို့ ရောက်လာပြီး “ အာကျန် … အခု လာကြိုနေတာ ၀ပ်စရီ ရောင်မူးယန်း (၀ပ်စီလောင်းမင်း – မြို့ကျက်သရေဆောင် ကျောင်း)” ဟုအဓိပ္ပါယ်ရသည် ဟုပြောပြကာ တပည့်တော့်သူငယ်ချင်း ဦးဉာဏောဘာသ ပါ ၊ ကဲဆင်းကြစို့ ဟုပြောကာ ပစ္စည်းများကိုဆွဲ၍ ဆင်းလိုက်ကြပါတော့သည်၊ အောက်မှစောင့်နေသော ဦးဉာဏောဘာသမှ မိမိတို့၏ ပစ္စည်း များကို ကူသယ်ပေးပြီး အသင့်စောင့်နေသော စီလော့ ခေါ်သည့် လေးဘီးပစ်ကပ် အမိုးပါသည့် အငှားကားပေါ်သို့ တင်ကာ ၀ပ်စီလောင်းမင်းကျောင်းသို့ ထွက်ခဲ့ကြပါသည်၊ ဦးဉာဏောဘာသက မိမိတို့နှစ်ပါးအတွက် ကားခ(၁၀) ဘတ်ပေးလိုက်သည် ကိုတွေ့ရပြီး ၁၅ မိနစ်ခန့်ကြာသောအခါ အလွန်ကြည့်ှုကောင်းသော ၀ပ်စီလောင်းမင်းကျောင်း သို့ရောက်ရှိကြပါသည်၊ ကျောင်းဆောက်ထားပုံမှာ မြန်မာပြည်မှာ မမြင်ဘူးသေးသော ပုံစံဖြစ် သဖြင့် စိတ်ထဲမှာ အတော်လေးကို ထူးဆန်း သွားလေတော့ပြန်သည်။
 
၀ပ်စီလောင်းမင်း၊ ဖေါ်ဖေါ်ရွေရွေ


                          ကျောင်းပေါ်သို့ ရောက်သောအခါ ဆွမ်းဝိုင်း အဆင်သင့်တွေ့ ရပြီး အာရုံဆွမ်း စားရပါသည်၊ မြောက်ပိုင်း ထိုင်းနိုင်ငံ၏ ပထမဆုံးသောဆွမ်းကို စားဖူးခြင်းလဲဖြစ်ပါ၏၊ ကျောင်းကလှသလို   သံဃာတော်များကလည်း သဘောကောင်းပြီး ဖေါ်ရွေကြပါသည်၊ အထူးသဖြင့် ကျောင်းထိုင်ဆရာ တော်ဦးဉာဏာဒိစ္စသည် စကားပြောကောင်းပြီး ပြံုးရွှင်နေသော မျက်နှာကို ပိုင်ဆိုင်ထားသူ ဖြစ် သည်ကို တွေ့ရပြီး အလွန်မတန်မှ သဘောကောင်းသည်ကို ထပ်လောင်းတွေ့ရပြန်သည်၊ ဒါပေမဲ့ သူတို့ချင်းပြော သောအခါ သူတို့ ဘာသာစကားကို ပြောကြသဖြင့် မိမိမှာ တလုံးတပါးမှ နားမလည်ပြန်ချေ၊ သူတို့ဘာသာ ဆိုသည်မှာ ပအိုဝ်းဘာသာကို ဆိုလိုခြင်း ဖြစ်ပါသည်၊ သူတို့ အားလုံးသည် မြေပြန့် ပအိုဝ်းဟုခေါ်ကြသည့် သထုံမြို့နယ်ထဲမှ လူမျိုးစုများဖြစ်ကြသည်၊ သူတို‹အားလုံးသည် ပအိုဝ်းစကားအပြင် ကရင်ဘာသာစကားကိုပါ ပြောဆိုတတ်-ကသေး ရာ ဘာသာလေးမျိုး တတ်ထားကြသော ရဟန်းတော်များ ဖြစ်ကြလေသည်၊ ထိုကျောင်းနှင့် ထိုသံဃာတော်များသည် မိမိိကနေဒါသို့ ထွက်ခွာလာသည့် အချိန်အထိ မိမိ၏ အရင်းနှီးဆုံး မိတ်ဆွေများ ဖြစ်ခဲ့ကြ လေသည်၊ မိမိသည် ထိုကျေးဇူးများ ကို ဘယ်သောအခါမှ မေ့မည်မဟုတ်ပါ၊   မေ့လဲ မေ့ခဲ့မည် မဟုတ်ပါ။


              ကနေဒါနိုင်ငံဆိုင်ရာ သံဃာ့မောဋိ ဥက္ကဋ္ဌ ဆရာတော် အရှင် ကောဝိဒ၏ ခရီးသွား ဆောင်းပါးရှည်အား လာမည့် အပါတ် ဆဋ္ဌမပိုင်းတွင် ပြီးဆုံးမည် ဖြစ်ပါသဖြင့် လူထုအသံအတွက် စာမူရေးသားပေးသော ဆရာတော် ဦးကောဝိဒ နှင့် ဆောင်းပါးအတွက် အထူးဒီဇိုင်းများ ရေးဆွဲပေးသော လူထုအသံ ဒီဇိုင်နာ သိန်းလှိုင်(လှိုင်းဘွဲ့) တို့အား အယ်ဒီတာအဖွဲ့မှ ကြိုတင်၍ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း။

 အယ်ဒီတာ အဖွဲ့ (လူထုအသံ)  

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here