သံသရာ ကမ်းကပ်

 

သံသရာ ကမ်းကပ်

 

သံသရာ ကမ်းကပ်

လှမ်းတက်ရခက်တယ် ဆိုပေမယ့်

သင့်ခြေတစ်လှမ်း….

လက်ကမ်းပေးမယ့် လက်တွေက

သူ.. ငါ.. ကွဲပြား ခြားနားခြင်းမရှိတဲ့

ပရဟိတ အနွေးစိတ်တွေနဲ့

ရွှံထဲ.. ဗွက်ထဲ.. ဒုက္ခသည်များရှိရာ

ဖေးကူထူမ သိပ်တိုတဲ့ လူ့ဘဝမှာ…

ဒုက္ခမရဏကို ပစ်မထားဘဲ

အတူမျှဝေခံစားနိုင်ကြောင်း  ပြသကြရအောင်။

 


ညှိုးနွမ်းခြောက်သွေ့နေပြီးသား သစ်ပင်အိုနဲ့တူတဲ့ လူ့ဘဝများရှိရာ နာဂစ်ဆိုတဲ့ မုန်တိုင်းယန္တယားကြီး က ထိုသစ်ပင်အိုတွေကိုဘဲ အမြစ်ကဆွဲလှန်ပစ်ခဲ့တယ်။

              ကျွန်တော်တို့ဘဝတွေ အရင်ထဲက မနေပျော်ခဲ့ပါဘူး။ စားဖို့သောက်ဖို့နဲ့ လူ့လောကမှာ ခြေထောက် နှစ်ချောင်း မားမားမတ်မတ်ရှိနေဖို့ကိုပဲ အသက်ရှင်နေရတာပါ။ အခုဒီဘဝလေးကိုဘဲ “လှိူင်းကြက်ဖ”လို့ခေါ်တဲ့ လှိူင်းလုံးတွေက ပင်လယ်ဖက်ဆီမှ တစ်လှိုင်း၊ မြစ်ဝဖက်ဆီမှ တစ်သွယ် ၀င်ရောက်တွန်းချလို့ အသိုက်တွေလဲ ကွဲခဲ့ရပါပြီ။ ရင်နဲ့ဖွားခဲ့ရတဲ့ သွေးရင်းသားရင်း၊ ဘဝခရီးကြမ်းကို အတူတူဖြတ်နေကြရတဲ့ ဇနီးမယား၊ လင်ယောကျာင်္း၊ တစ်အူတုံဆင်း ညီရင်းအကို မောင်နှမတွေ၊ ကြည့်စမ်းပါ…. ၀ိညာဉ်မဲ့သွားတဲ့ သူတို့ရဲ့ခန္တာတွေ မျက်စိစုံမှိတ်၊ ရှိလက်စအင်အားလေးနဲ့ပဲ ရေထဲမျောကာ မသာချရပေါ့။ ကိုယ့်ကိုကိုယ် ငုံကြည့်မိလို့လည်း မသတီဖို့ အချိန်မရှိ၊ သူများကို ကြည့်မိလို့လည်း အကုသိုလ်စိတ်မရှိ၊ အကုန်လုံး လူရိုင်းလိုလို၊ တာဇံလိုလိုနဲ့ ငိုကြွေးဖို့တောင် ဆွံ့အသွားခဲ့ရပြီ။ အုန်းသီး၊ အုန်းရည်၊ ဆန်မှိုတက်နဲ့ ထမင်းတစ်နပ်ဖြစ်ခဲ့ရရင် ဘဝဟာ ကြီးလှ တဲ့ ကုသိုလ်တဲ့လား၊ မိုးပေါ်က ကျလာတဲ့ PH7 နဲ့ ဘီစကစ်၊ ခေါက်ဆွဲခြောက်တို့ကို တုတ်ဆွဲ၊ ဒါးဆွဲ မဖြစ်ရ အောင် ဝေခြမ်းကာ မျက်ရည်လည်ရပေါ့။ သံသရာကမ်းကပ်ရာ လှမ်းတာပေါ့……။

              နာဂစ်ကြောင့် မြို့ပြနဲ့ ကျေးရွာ ရေစက်ဆုံခဲ့ရတယ်ဆိုရင် မြို့ပြက ဂရုဏာရှင်များက ကျေးရွာ၊ဇနပုဒ် အလှမ်းဝေးလွန်းလှတဲ့ဆီက ဝေဒနာသည်များရှိရာကို ရောက်ဖူးခဲ့ရပြီ။ စာနာတတ််ခဲ့ရပြီ။ လူဖြစ်ရတဲ့ဒုက္ခကို နားလည်ခဲ့ရပြီ။ ကောက်ရိုးမီးလို ဟုန်းကနဲထတောက်ပြီး ငြိမ်သက်ကာ ပြီးဆုံးသွားမဲ့ ကိစ္စမဟုတ်ကြောင်း သိခဲ့ ရပြီ။ တကယ့်ကို ရင်နာစရာဘဝများ ပြန်လည်ထူထောင်ရေး နှစ်ရှည်လများ မဟာစီမံကိန်းချရမှာပါ။  လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့မှုပေါ်မူတည်ပြီး demand နဲ့ supply ကစကားပြောပါတယ်။

              အာဏာရှိမယ်၊ စကားပေါက်ရောက်မယ် ဆိုရင်ဖြင့် မော်တော်ခပ်လတ်လတ် ၁စီးတန်သည်၊ ၂စီး တန်သည်ကို ထားရှိစေလိုပါသည်။ ကယ်ဆယ်ရေး ရိက္ခာပစ္စည်းမှသည် ပြန်လည်ထူထောင်ရေးအထိ အကူအညီ ပေးလိုကြသည့် စေတနာရှင်များအတွက် ထိရောက်လို့ပါ။ disaster ဒေသတွေမှာ ဆက်သွယ်ရေးလွယ်ကူပြီး အလှူရှင်တွေ သွားရောက်လိုသည့်ဒေသအထိ ပို့ဆောင်ပေးနိုင်ဖို့ပါ။ အလှူရှင်တွေက မြို့ကထွက်ပြီး ကားနဲ့လာ၊ ပြီးမှ မော်တောငှား၊ ထိုအသေးစားမော်တော်(ခေါ်)ပဲ့ထောင်ကလည်း တစ်စီးငှားလျှင် ငွေကျပ် ၃၀၀၀၀၀န်းကျင်နဲ့ သွားလိုသည့်ခရီးအနီးအဝေးကိုလိုက်၍ ဓါတ်ဆီပါပေးရတာပါ။ ဒီတော့ တစ်လကျော်အချိန် အထိ အဝတ်အစား၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးကလွဲလို့ ထွေထွေထူးထူး သယ်မသွားနိုင်ပါဘူး။ သွားရတယ် ဆိုရာ ၀ယ် ပစ္စည်းတန်ချိန်၊ လိုက်ပါတဲ့ လူအရေအတွက်ပေါ်မူတည်ပြီး ပဲ့ထောင်စီးရတာလည်း ရင်တထိတ်ထိတ်နဲ့ပါ။ ရာသီဥတုဆိုးဝါးပြီး မိုးကြီးလေကြီးတိုက်ခဲ့ရင် အလှူရှင်တွေအတွက်လည်း တကယ့် မလွယ်ကြောပါ။ ခုဆို မိုးဝင်လာပြီဖြစ်လို့ ဒေသဝေး သွားနိုင်တဲ့လူ အရေအတွက်လည်း အနည်းငယ်တော့ ကျဆင်းစ ပြုလာပါပြီ။

              ကျွန်တော်တို့သွားခဲ့တဲ့ ဒေးဒရဲအလွန် မြစ်ဝကရွာလေးရွာဖြစ်တဲ့ ညောင်လန်း၊ လိပ်ကျွန်း၊ ဥတို၊ ရေတွင်းကုန်း(ပင်လယ်ဝအနီး) စတဲ့ရွာတွေဆိုရင် ခုချိန်ထိ ထမင်းနပ်မှန်ဖို့ အလျှူရှင်တွေ မျှော်ရတုန်းပါ။ မိုးရွာစ ပြုလာတော့ တပတ်၊ ဆယ်ရက်မှာ ၃ခါလောက်တော့ အလျှူရကြပါတယ်တဲ့။ ဆီလိုအပေါက်ရှာပြီး အပြစ် တင်ချင်နေတာတော့ မဟုတ်ပါဘူး။ အပေါက်တွေဘယ်လောက် များနေလဲဆိုတာ စာဖတ်သူတို့လည်း သိပြီး သားပါ။ တစ်ရွာလုံးပေါင်းမှ အိမ်နှစ်အိမ်ပဲ ကျန်တဲ့ရွာနဲ့။ အားကိုးစရာမဲ့သွားတဲ့ မိအိုဖအိုတွေနဲ့ အိမ်ရယ်လို့သာ ခေါ်နေရတဲ့ အမိုးအကာလေးတွေ လုပ်ထားတဲ့နေရာလေးမှာ မိသားစု လေးငါးစုပေါင်းပြီး နေကြရတဲ့နေရာတွေပါ။ အမိုးအတွက် တာလပတ် ဖျင်ထည်တွေတော့အလုံအလောက်မဟုတ်ပေမဲ့ အနည်းငယ်စီရကြရှာပါသတဲ့။ ဒန်အိုး ဒန်ခွက် နဲ့ ဆေးဝါးအနည်းငယ်လည်း တချို့ရွာတွေမှာ ရကြပါတယ်တဲ့။ ကျွန်တော် ဉာဏ်ပုစွာနဲ့ စဉ်းစားမိပါ တယ်။ ထိုဝေးလံတဲ့ ရွာတွေ၊ ဒေသတွေမှာ ဆက်သွယ်ဆောင်ရွက်ရေးသဘောမျိုး ဖြစ်စေ၊ အချက်အလက် စုဆောင်းဖြန့်ဝေမှုမျိုးဖြစ်စေ၊ လိုအပ်ချက် အကောင်အထည်ဖေါ်ဆောင်ပေးရေးသဘောမျိုး ဖြစ်စေ၊ အမာခံအဖွဲ့ တစ်ဖွဲ့လောက် ထားနိုင်ဘို့ရာ မဖြစ်နိုင်ဘူးလားလို့။ ထိုအဖွဲ့မှတဆင့် မြို့ပေါ်ကို လှမ်းဆက်သွယ်မှုမျိုုး ရရှိနိုင် အောင် စီစဉ်ရင်တော့ အတိုင်းထက်အလွန်ပေ့ါဗျာ။

              မြို့ပေါ်က စီစဉ်ပေးနိုင်မယ့် ရေယာဉ်အကြီးစားမျိုးနဲ့ တစ်ပတ် တစ်ခေါက်နှုန်းလောက် တည်ဆောက် ရေးအတွက်လိုတဲ့ မျှောတိုင်၊ ၀ါးလုံး၊ အမိုးအကာအမျိုးတွေကို ထိုရွာအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပေးပို့နိုင်တာပေါ့။ စီးပွားရေး ဘယ်လိုပြန်လုပ်မလဲလို့ မေးကြည့်တဲ့အခါ ကြောင်အအဖြစ်ပြီး ခပ်ဆိုင်းဆိုင်းဘဲဖြေကြပါတယ်။ ရွာမှာ အလုပ်လုပ်ချင်ရင်တောင် လုပ်ငန်းရှင်မရှိတော့တဲ့အဖြစ်ပါတဲ့။ ကျန်ရစ်ခဲ့တဲ့ ကျွဲတွေ၊ နွားတွေနဲ့ တတ်နိုင်သူ တွေက လယ်ပြန်လုပ်နိုင်အောင် ကြိုးစားကြပေမဲ့  “မိိျုးစပါးတွေကလည်း ရေနဲ့အကုန်ပါသွားပြီ၊  ဒီကောင်တွေ ကိုယ်တိုင်က စားကျက်ရှားပြီး ချိနေပြီဖြစ်လို့ ထန်ကုန်ခိုင်းလို့ရ သုံး၊လေးလပါ” တဲ့။ မြို့တက် ကူလီလုပ်မယ် ဆိုတော့လည်း အကိုတို့မြင်ခဲ့တဲ့အတိုင်း ဒေးဒရဲ မြို့ပေါ်ရောက်အောင်သွားဖို့က ၄နာရီလောက် မော်တော်စီး ရမှာတဲ့လေ။ ဘယ်မှာလဲ လမ်းစရိတ်။ သူတို့ထက်ဦး အောင် ကျွန်တော်ပဲ သက်ပြင်းကြိုချလိုက်ပါတယ်။  ဘယ်လိုသံသရာကြီးလည်း ပေါ့နော်…။

              ပဲ့ထောင်ပေါ်ကနေ ဟာ…. လယ်ကွင်းတွေက စိမ်းနေပါလားလို့ ရေရွတ်တဲ့အခါ လမ်းပြက စပါးခင်း တွေတော့မဟုတ်ဘူး မြက်ပင်တွေပါတဲ့။ လှေကျန်၊ ပိုက်ကျန်သူတွေက ငါးထောင်နေကြတာကိုလည်း မြင်ခဲ့ရ ပါတယ်။ လူငှားမတတ်နိုင်လို့ ခလေး၊ မိန်းမ မကျန် ကွန်ချနေကြတယ်။ ဘယ်လိုလဲ အမိများလားဆိုတော့…. “တစ်နေကုန်ဆိုရင် ၀မ်းစာလောက်တော့ ရပါတယ်”တဲ့။ ကျွန်တော်တို့ဈေးထဲက ငါးတွေ၊ ပုဇွန်တွေ ဘယ်ကများ လာကြပါလိမ့်…. ။

မျက်လုံးထဲမှာ သွေးရူးသွေးတမ်းနဲ့ မှောင်မှောင်မဲမဲ လေကြီးမိုးကြီးထဲ မိသားစုတွေ သွေးရူးသွေးတမ်း ထွက်ပြေးကာ သေကုန်ကြပုံ၊ တစ်ကျောင်းတည်းရှိတဲ့ ကျောင်းဝင်းထဲ ပြေးဝင်ပုန်းကြရာ ထိုကျောင်းရော လူတွေ ပါ ရေထဲ၊ လေထဲ အကုန်ပါသွားပုံ၊ ရေလွတ်တဲ့ သစ်ပင်အဖျားမှာ ရောက်နေကြတဲ့ သက်ကြီး ရွယ်အိုတွေ လေဒဏ်၊ မိုးဒဏ်ကို မခံနိုင်တော့လို့ အသက်ပျောက်သွားကာ ရေထဲပြုတ်ကျပုံတွေ၊ ဖက်တွယ်လို့ရတဲ့ သစ်ပင် သစ်ကိုင်းမှာ တွယ်တက်ကာ အသက်ရှင်လွတ်မြောက်လာခဲ့ပေမဲ့ တစ်ကိုယ်လုံး တုန်ရင်ပေါက်ပြဲပြီး အဝတ်ဗလာ ဖြစ်နေရှာတဲ့ ယောကျာင်္း၊ မိန်းမတွေ၊ ကိုယ့်မြေ၊ ကိုယ့်ယာစွန့်ပြီး တစ်ခြားရွာကို ပြေးတော့ တစ်ခြားရွာက ကိုယ့်ထက်အဆမတန် ဆိုးနေလို့ ပြန်ပြေးလာရပုံတွေ၊ ဒုက္ခ သုက္ခများကြားက အမှန်လား၊ အမှားလား မေးခွန်း များ ရောက်ဖြစ်အောင် ရောက်လာလို့ ကိုယ့်ဘဝကို ကြောင်အအ ဖြစ်ရပုံတွေ….။

ပုံတွေ…. ပုံတွေ … ပုံတွေ …. နာဂစ်က အရုပ်ဆိုးအကျည်းတန် စိတ်ဒဏ်ရာ အနာတရနဲ့ မလှမပတော့ မယ့် သံသရာပန်းချီးကားချပ်ကြီး တစ်ချပ်လို ချဆွဲပြသွားခဲ့တယ်။  ဒါမှ တကယ့် realism အစစ်ကွလို့ နောက်ဆုံး ကြံုးအော်သွားသေးလားတော့ မသိပါ။ ကျွန်တာ်တို့အဖို့ သံသရာကမ်းကပ်…. လှမ်းတက်ရခက်တယ် ဆိုပေမဲ့ တကယ်ကိုနဖူးတွေ့ ဒူးတွေ့ ကြံုခဲ့ရပါပြီ။

 

မင်းသစ်တည်

၉.၆.၂၀၀၈

 

စာကြွင်း ။           အဝေးဆုံးဖြစ်တဲ့ ရေတွင်းကုန်းရွာက ပင်လယ်ဝနဲ့ သိပ်မဝေးတော့သလို ဒေးဒရဲ မြို့ပေါ်က                                      နေ ပဲ့ထောင်နဲ့ ရောက်ပြန်ခရီး သွားမယ်ဆိုရင်တောင် ကြာမြင့်ချိန် အနည်းဆုံး ၅နာရီ                                      လောက်ခရီးရှိ ပါတယ်။

 

ရွာအမည် ။                           ညောင်လန်း

အိမ်ခြေ                              ၇၅လုံးခန့်ရှိခဲ့ရာ ၂လုံးသာ အကောင်းကျန်

လူဦးရေ                              ၂၉၀လောက်ရှိခဲ့ရာ ၃၈ဦး သေဆုံးခဲ့ပါတယ်။

 

ရွာအမည်။              လိပ်ကျွန်း

အိမ်ခြေ                              အိမ်ခြေ၁၆၀ခန့်

လူဦးရေ                              လူဦးရေ ၅၆၀လောက်ရှိခဲ့ရာ ၆၂ဦးသေဆုံးခဲ့ပါတယ်။

 

ရွာအမည်။            ဥတို

အိမ်ခြေ                              အိမ်ခြေ ၁၂၆ခန့်

လူဦးရေ                              လူဦးရေ ၄၀၀ ကျော်ခန့်ရှိခဲ့ရာ ရ၆ဦး သေဆုံးခဲ့ပါတယ်

 

ရွာအမည်။              ရေတွင်းကုန်း

အိမ်ခြေ                            အိမ်ခြေများတဲ့ ရွာလတ်ပိုင်း

လူဦးရေ                            လူဦးရေ ၁၀၀၀ ကျော်ရှိခဲ့ရာ ၁၀၀ ကျော်ခန့် သေဆုံးခဲ့ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here