ဧရာဝတီ မှသည် ကျောက်ဖရား သို့ (စတုတ္ထပိုင်း)

ဦးလှမြင့်နှင့် ဒေါ်မြလေးတို့ အိမ်သို့

            ၁၈-၇-၁၉၉၁ ကြာသပတေးနေ့ နံနက် (၉းဝဝ) နာရီတွင် ကုလသမဂ္ဂဟိုက်ကော်မရှင်နာ ဦးလှမြင့်။ ဒေါ်မြလေး မိသားစုတို့အိမ်သို့ ဦးကောဏ္ဏည ချွန်ဘူရီ ဦးခေမိန္ဒ၊ ပဲခူးမှဆရာတော်နှင့် မိမိပါ ပေါင်းလေးပါး ဆွမ်းစားသွားကြသည်၊ ဦးလှမြင့်နှင့် ဒေါ်မြလေးတို့မှာ မန္တလေးတောင်ဆရာတော်

 

 

ပြည်ထောင်စု မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုအဖွဲ့ချုပ် ဥက္ကဋ္ဌချုပ်ဆရာတော် ဦးဇောတိက (အဂ္ဂမဟာပဏ္ဍိတ) ၏တကာရင်းများ ဖြစ်ကြလေသည်၊ ထို့ကြောင့် မိမိ ထိုင်းနိုင်ငံသို့ လေ့လာရေး ခရီးထွက်လာသောအခါ မြစ်သားမြို့မှ ဒေါ်မြလေး၏ ဆွေမျိုးများဖြစ်ကြသော ရှေ့နေဦးကျော်မြင့် နှင့် ဇနီးဒေါ်ခင်မကြီးတို့က မိမိအား လိုအပ်သော ကိစ္စများရှိက ကူညီပေးပါရန် စာရေးသားပေး လိုက်ကြသည်၊ ထိုစာအရ ဘန်ကောက်သို့ ရောက်ရောက်ခြင်း ဦးကောဏ္ဍညမှ ဖုန်းဆက်ပြောထား သဖြင့် မိမိတို့ကို ဆွမ်းစားပင့်ခြင်း ဖြစ်သည်၊ ဒေါ်မြလေးကို မိမိသည် လူကိုယ်တိုင် မမြင်ဘူးပါချေ။ သို့သော် ယခင်က အလှမယ်တဦး ဖြစ်ခဲ့သည်ကိုတော့ ကောင်းကောင်း သိထားသည်၊ ဘာပြုလို့သိ ထားသလဲမေးမယ်ဆိုရင် အဖြေက “ဒေါ်မြလေးဟာ မိိမိတို့ မန္တလေးတောင် ရဟန်းပျိုအဖွဲ့ချုပ်ပိုင် မြတ်ရတနာ ပိဋကတ်တော် လျှပ်စစ်ပုံနှိပ်တိုက်မှ လစဉ်ထုတ်ဝေသော မြတ်ရတနာ မဂ္ဂဇင်းမျက်နှာ ဖုံးတွင် မျက်နှာဖုံးမယ်အဖြစ် ဖေါ်ပြခြင်း ခံရသောကြောင့်ဖြစ်သည်”၊ မန္တလေးတောင်မှ လစဉ်ထုတ် ဝေခဲ့သော မြတ်ရတနာမဂ္ဂဇင်းတွင် မြန်မာပြည်တလွှားမှ အလှမယ်ဘွဲ့ရသူများ၏ ပုံများကိုသာ ဖေါ်ပြလေ့ ရှိခဲ့သောကြောင့် သတင်းစာတစ်စောင်၏ အဝေဖန်ပင် ခံလိုက်ရပါသေး၏၊ ထိုမဂ္ဂဇင်းကို ဘုန်းကြီးများပိုင်သော ထိုစဉ်က မြန်မာပြည်တွင် ခေတ်အမီဆုံးဟုဆိုသော စာပုံနှိပ်စက်က ရိုက်ထုတ်နေပေမဲ့ အယ်ဒီတာများသည် ဘုန်းကြီးများ မဟုတ်ကြပေ၊ ထိုစဉ်က အယ်ဒီတာမှာ သျှန်တက္ကသိုလ် ကျောင်းအုပ်ဆရာကြီးဟု ထင်ပါသည်၊ မြတ်ရတနာမဂ္ဂဇင်း၏ ၁၉၆၁ခုနှစ် နောက်ဆုံး ထုတ်စာစောင်များတွင် ပြည်ထောင်စုမယ် ခင်သန်းနု(နောင် ရုပ်ရှင်မင်းသမီး)၏ ပုံများဖြင့် အဆုံးသတ်ခဲ့သည်ကို အမှတ်ရ နေမိပါသေး၏၊ အခြား ဖေါ်ပြခြင်းခံရသူများထဲတွင် အဆိုကျော်မေခလာ၏ အမေ မယ်ဗမာဘွဲ့ရ ဒေါ်ဖြူဖြူရှိန် နှင့် အဒေါ်ဖြစ်သူ ဒေါ်နီနီရှိန်တို့ ပုံများကိုလဲ ဖေါ်ပြခဲ့သည်ကို အမှတ်ထင်ထင် ရှိနေပါသေးသည်။

            ဘန်ကောက်နေအိမ်တွင် ပြန်တွေ့ရသော ဒေါ်မြလေး၏ပုံသည် ယခင်က မဂ္ဂဇင်းမျက်နှာဖုံး ပုံနှင့် သိပ်မထူးခြားသေးကြောင်း မိမိက ပြောလိုက်သောအခါ ဒေါ်မြလေးသည် ပြံုးတုံ့တုံ့ လုပ်နေလေသည်။    

 KFC ထက်သာသော ဘန်ကောက်ကြက်သားကင်

            ဆွမ်းပွဲတွင် ထိုင်းကြက်သားကင်၊ ငါးကြင်းဆီပြန်။ မာန်ကျည်းရွက်ချဉ်ရေဟင်း၊ ငြုပ်သီး ထောင်း၊ သခွားသီးချက်တို့ဖြင့် ကပ်ပါသည်၊ ဆရာတော်များ ခေါင်းမဖေါ်အောင် ဘုဉ်းပေးကြတော့သည်၊ ဆွမ်းစားအပြီးတွင် အချိုပွဲအဖြစ် ၀ါရှင်တန်ပန်းသီး၊ ထိုင်းကိတ်မုံ့၊ ကော်ဖီတို့ဖြင့် ဆက်ကပ် ပါသေး၏၊ ဆွမ်းစားအပြီးတွင် ကြက်သားကင် အလွန်ကောင်းကြောင်း အမိန့်ရှိကြသောအခါ “ထိုင်းကြက်သားကင်ဟာ KFC ထက်ပိုကောင်းပြီး အရသာပိုပါတယ်ဘုရား၊ ဒါကြောင့် ထိုင်းနိုင်ငံ မှာ KFC နဲ့ Macdonald တို့က ကြက်သားများဟာ ထိုင်းကြက်သားကင်ကို မတိုးနိုင်ကြကြောင်း”ဖြင့် ပြောပြပြီး သူတို့လဲ ထိုင်းကြက်သားကင်ကိုပဲ အမြဲစားကြကြောင်းပြောပါသည်၊ ထိုအချိန်က စပြီးတော့ မိမိလဲ ထိုင်းကြက်သားကင်ကို ယနေ့တိုင်အောင်ပင် တန်းတန်းစွဲ ဖြစ်နေပါတော့သည်။

ဘန်ကောက်မြို့က ကမာ္ဘကျော် ယာဉ်ကြောပိတ်ဆို့မှု

 ၁၉-၇-၁၉၉၁ သောကြာနေ့

            ဒီနေ့ကိုတော့ မြန်မာနိုင်ငံသံရုံးတွင်ပြုလုပ်သော အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်း ကျွေးပွဲသို့ သွားစားရသည်၊ ၉း၃၀ နာရီတွင် သံရုံးမှလာပင့်သော ကားဖြင့် ဦးကောဏ္ဍည၊ မိမိနှင့် ဦးခေမိန္ဒတို့ လိုက်သွားကြသည်၊ သံရုံးသို့ ၁၀း၃၀ နာရီကျော်ကျော်တွင် ရောက်ရှိကြသည်၊ ဘန်ကောက်၏ ကားကြပ်မှု ကြောင့် ယခုလောက်အချိန် ကြာရခြင်းဖြစ်ပါ၏၊ ဆွမ်းကပ်ပွဲတွင် သံအမတ်ကြီးဦးညွန့်ဆွေ၏ အိမ်တွင် တည်းခိုနေသော တောင်ကြီးမြို့မှ စွယ်တော် ဆရာတော်ကြီးနှင့် နောက်ပါ တပည့်တပါး ပေါင်း ၅ ပါးတို့ ဖြစ်ကြပြီး ကြက်သားဟင်း၊ ချဉ်ပေါင်ရွက်နှင့် မျှစ်ချဉ် ချဉ်ရေ။ ပြောင်းဖူးကြော်။ ပုဇွန်ဟင်းဆီပြန်။ ပဲပြုပ်ကြော်စသော ဟင်းတို့ဖြင့် ဆက်ကပ်ကြပါတယ်။   

          ဆွမ်းစားကြပြီးနောက် သံအမတ်ကြီးဦးညွန့်ဆွေ ကျန်းမာရေး ၀န်ကြီးဌာန ဆွေးနွေးပွဲသို့ သွားစရာရှိသောကြောင့် ပထမအတွင်းဝန် ဦးတင်ထွန်းနှင့် ့စစ်သံမှူး ဗိုလ်မှူးကြီးဗဟိန်းတို့ မိသားစု များက သံရုံးအဖွဲ့ဝင်များနှင့် အတူ သင်္ကန်းနှင့် အခြားလှူဖွယ်ပစ္စည်းများ၊ ဘတ်ငွေများကို ဆက်ကပ်် လှူဒါန်းကြပါသည်၊ နိုင်ငံခြားရောက် မြန်မာအများစုထဲမှ ယိုးဒယားတွင်နေထိုင်ကြသော မြန်မာ များသည် well cultured people များဖြစ်ကြသည်ကို အများအားဖြင့် တွေ့ခဲ့ရပါ၏၊ ထိုသို့ဖြစ်ရ ခြင်းမှာလည်း လူ့သဘာဝပင် ဖြစ်ပေသည်၊ သူတို့ နေထိုင်ရာ တိုင်းနိုင်ငံကလူမျိုးများ ယဉ်ကျေးသိမ်မွေ့  ကြပါလျှင် ဧည့်သည် လူမျိုးများသည်လည်း ယဉ်ကျေးလာကြမည်ဖြစ်ပါ၏၊ လူဆိုတာ အများစုက ကောင်းတာကို အတုခိုးတတ်ကြပါသည်၊ ထို့ကြောင့် ထိုင်းနိုင်ငံတွင်နေထိုင်ကြသော မြန်မာများအဖို့ ဆွမ်းကပ်ပြီဆိုလျှင် လှူဖွယ်ပစ္စည်းများကို အရောင်ပါသော စက္ကူများဖြင့် သပ်သပ်ရပ်ရပ် ထုပ်ပိုးပြီး မှ လှူလေ့ရှိသည်ကို တွေ့မြင်ခဲ့ရသည််၊ ယခုမြန်မာသံရုံး မိသားစုများကလဲ ထိုနည်းလည်းကောင်း အများနည်းတူ လှူဖွယ်ပစ္စည်းများကို သပ်သပ်ယပ်ယပ်ဖြင့် ထုပ်ပိုးပြင်ဆင်ပြီး လှူလိုက်ကြပါတယ်။

            ထိုနည်းသည် မြတ်စွာဘုရား အလိုတော်ကျ နည်းစစ်စစ်လဲဖြစ်ပါသည်၊ မြတ်စွာဘုရားက  “ အလှူ လှူတဲ့အခါ သူတော်ကောင်းတွေ လှူတဲ့နည်းနဲ့ လှူရမယ်၊ အဲဒီလို လှူမှ သင်တို့ လှူတဲ့ အကျိုးဟာ အပြည့်အဝ သင်တို့ကို အကျိုးပေးလိမ့်မယ်” လို့ သပ္ပုရိသ ဒါနသုတ်မှာ အတိအလင်း ဟောတော်မူခဲ့ပါတယ်၊ အလှူလှူတဲ့အခါမှာ ……..

၁၊ ကံ ကံ၏ အကျိုးကို ယုံကြည်ပြီးတော့ လှူပါတဲ့။

၂၊ လှူဖွယ်ဝတ္ထုကို သပ်သပ်ယပ်ယပ် လှလှပပဖြစ်အောင် ပြုပြင်ထုပ်ပိုးပြီး။ ကောင်းကောင်းမွန်မွန် ချက်ပြုတ်ပြီး    ရိုရိုသေသေနဲ့  ပေးလှူပါတဲ့။

၃၊ အချိန်အခါကို သိပြီးတော့လဲ ပေးလှူရမယ်တဲ့၊ အချိန်အခါကိုသိ ဆိုတာက လိုအပ်နေတဲ့ အချိန်မှာ လိုအပ်တဲ့ပစ္စည်းကို ပေးလှူတာကို ခေါ်တာပါ၊ ၀ါဆိုသင်္ကန်း လှူတာမျိုး၊ ကထိန်သင်္ကန်း လှူတာမျိုး၊ သင်္ကန်း ရှားပါးနေတဲ့ပုဂ္ဂိုလ်ကို သင်္ကန်းလှူတာမျိုး၊  ခရီးသွား ပုဂ္ဂိုလ်ကို စရိတ်ပေး လှူတာမျိုးနဲ့ ငတ်ပြတ်နေတဲ့ ပုဂ္ဂိုလ်များကို အစားအစာ ပေးလှူတာမျိုး။ ရောဂါဖြစ်ပြီး ဆေးရုံတက်နေတဲ့ ပုဂ္ဂိုလ်တို့ကို ဆေးဝါး ဓါတ်စာတို့ကို ပေး လှူတာမျိုးတို့ဖြစ်ပါတယ်။

၄၊ လှူတဲ့အခါမှာလဲ တွန့်တိုနှမြောခြင်းမရှိဘဲပေးလှူပါတဲ့၊ တချို့က ပစ္စည်းတခုခုကို လှူပြီးတဲ့အခါမှာ ငါလှူလိုက်တာ မှားလေခြင်းရယ်လို့  နှမြောတွန့်တိုစိတ် ဖြစ်တတ်ကြပါ တယ်တဲ့။

၅၊ မိိမိကိုလဲ မထိခိုက်စေ၊ သူတပါးဂုဏ်ကိုလဲ မထိခိုက်စေ။ မိမိဂုဏ်ကိုလဲ မထိခိုက်စေဘဲနဲ့ ပေးလှူရပါမယ်တဲ့၊ မိမိမှာ ရှိတာထက် ပိုပြီးတော့လဲ မလှူပါနဲ့၊ သူတပါးတွေကိုလဲ ငါ့လောက် မလှူနိုင်ဘူးဆိုပြီးတော့ မရှုတ်ချရဘူးတဲ့၊

 ပြီးတော့ မိမိကိုယ်ကိုလဲ ငါသာ အလှူရှင်ဆိုပြီးတော့လဲ မဏ္ဍပ်တိုင်ပေါ် တက်မပြရဘူးတဲ့၊ အခု အထက်က ဆိုခဲ့တဲ့အတိုင်း အလှူကိုပေးလှူကြမယ်ဆိုပါလျှင် သူတော်ကောင်းတွေ လှူတဲ့နည်းနဲ့ လှူတာဖြစ်လို့ အကျိုးများတဲ့ “သပ္ပုရိသ ဒါန”လို့ ခေါ်ကြောင်း ဘုရားရှင်က အမိန့်တော်ရှိခဲ့ပါတယ်။

  ပြီးတော့ မွန်မြတ်တဲ့ အလှူဖြစ်အောင် လှူကြချင်ရင်လဲ ဘယ်သောအခါမှ “သုံးပြီးသား စွဲပြီးသား အဟောင်းကို မပေးလှူပါနဲ့တဲ။့ တကယ်လို့ အဟောင်းအမင်းလဲဖြစ်ပြန်၊ မိမိကိုယ်တိုင်ကလဲ မသုံးချင်တော့ဘူး ဖြစ်နေပြန်တဲ့ပစ္စည်းမျိုးကို လှူမယ်၊ သူတပါးကို ပေးမယ်ဆိုရင်တော့ အကျိုးပေးတဲ့အခါမှာ အညံ့စား အကျိုးကိုသာ ပေးတတ်ပါတယ်တဲ့၊ မိမိဆရာရင်း မန္တလေးတောင် ဆရာတော်ကတော့ ပစ္စည်းပေးတဲ့အခါမှာ အသစ်စက်စက်ကိုသာ ပေးလေ့ရှိပါတယ်၊ ပြီးတော့ အမြဲတမ်းလ ဲဆုံးမလေ့ရှိပါတယ်၊ “ပစ္စည်း အဟောင်းကို မပေးဖို့၊ မလှူဖို့နဲ့၊ တကယ်လို့ပေးခဲ့၊ လှူခဲ့ရင် အကျိုးပေးတဲ့အခါမှာ အပြည့်အဝ အကျိုးမပေးဘူး၊ အလုပ်ရှင်ဖြစ်လျှင် အလုပ်သမားများက သို့မဟုတ် မင်းဖြစ်ရင် လက်အောက်ခံများက “ထ”တော်လှန်တတ်တယ်” တဲ့။

         ထိုင်း လူမျိုးများကတော့ ဘုရားဟော ဒေသနာတော်ကို အတိအကျ လိုက်နာကြတာကို တွေ့ရပါတယ်၊ ဘာကိုပဲလှူလှူ သပ်သပ်ရပ်ရပ် ဖြစ်အောင်ထုပ်ပိုးပြီးမှ လှူတတ်ပါတယ်၊ ဆွမ်းလောင်းတဲ့အခါ မှာလဲ သပိတ်ကို မပေ စေရန်အတွက် ဆွမ်းနဲ့ဟင်းများကို ပလပ်စတစ် အထုပ်လေးများဖြင့် သပ်သပ်ရပ်ရပ်ထုပ်ပြီး လှူကြပါတယ်၊ ကျောင်းကိုလာတဲ့အခါမှာလဲ ဖယောင်းတိုင်၊ အမွှေးတိုင်နဲ့ပန်ပွင့့် ဒါမှမဟုတ် သစ်ခွပန်းခိုင်တို့ကို စက္ကူကတော့လေးထဲမှာ သပ်သပ်ယပ်ယပ် ထည့်ပြီးယူလာကြပါတယ်၊ တခါတလေ စက္ကူကတော့ထဲမှာ ဘတ်ငွေများလဲ ထည့်ထားတတ် ပါသေးတယ်၊ ဆွမ်းလောင်းတဲ့အခါမှာ ၀တ္ထုငွေပါ လောင်းတာ ဟာလဲ ထိုင်းနိုင်ငံ တနိုင်ငံထဲပဲ ရှိတယ်လို့ ထင်ပါတယ်၊ တစ်ခါတရံ ဘတ်ငွေ တရာကနေ နှစ်ရာ၊ သုံးရာအထိ လှူတတ်ပါတယ်။   

            ဒါကြောင့်ထိုင်းနိုင်ငံမှာ နေကြတဲ့ မြန်မာများလဲ ထိုင်းလူမျိုးတို့ထံမှ ကောင်းသော အကျင့်များကိုယူ ကြပြီးလှူတဲ့တန်းတဲ့ အခါမှာ သပ်သပ်ယပ်ယပ်နဲ့ လှူကြတာပဲဖြစ်ပါတယ်၊ ဒီလို အလေ့အထမျိုးကို တိုရန်တိုမှာ နေကြတဲ့ မြန်မာကျောင်းသားလို့ ခေါ်တဲ့ မြန်မာပြည် လွတ်မြောက်ရေး အတိုက်ခံများ အုပ်စုမှာလဲတွေ့ ရပါတယ်၊ သူတို့က လွတ်မြောက်ရေး တိုက်ပွဲတွေ အတွက် ထိုင်းမှာအနေကြာခဲ့ ကြတယ် မဟုတ်ပါလား။  

  ထိုင်းက ဘုန်းတော်ကြီးကျောင်းတွေ

   ချွန်ဘူရီသို့

            ယနေ့ နံနက် (၆း၃၀) နာရီမှာ ဦးကောဏ္ဍညက ခေါင်းဆောင်၍ ထိုင်းပင်လယ်ကွေ့ အရှေ့ ဘက်ကမ်းခြေတွင် ရှိသော ချွန်ဘူရီမြို့သို့ တက္ကစီဖြင့် သွားကြပါသည်၊ တက္ကစီခမှာ အသွားအပြန် အတွက် ဘတ် (၅၀၀) ပေးရပါ၏၊ ထိုစဉ်က အမေရိကန်တဒေါ်လာလျှင် ထိုင်းဘတ်ငွေ ၂၄ ကျော်ကျော်မျှသာ ရှိသေးသဖြင့် အလွန််ဈေး ထိုမြို့သို့ အသွားလမ်းတွင် ရာမ (၄) လမ်းမကြီးပေါ်ရှိ ချူလာ လောင်ကွန်းဆေးရုံ၊ စင်္ကာပူ အဲယားလိုင်း အဆောက်အဦး၊ ရော်ဘင်ဆင် ကုန်တိုက် စသည် တို့ကို ကျော်ဖြတ်ရသောအခါ မိမိစိတ်ထဲတွင် ထိုင်းနိုင်ငံ၏ အံ့မခန်း တိုးတက်မှု အရှိန်အဟုန်ကို ခန့်မှန်းမိ လေတော့သည်၊ မိမိတို့ မြန်မာနိုင်ငံတွင် မရှိသေးသော အဆောက်အဦးများ ရှိနေပါကလားဟုလဲ စိတ်ထဲမှ တွေးမိခဲ့ပါ၏၊ (၂၀၀၄-ခုနှစ်။ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ထိုကဲ့သို့သော အဆောက်အဦများ အတော်များများ ရှိနေပြီ ဖြစ်သည်ကို တွေ့ခဲ့ရသဖြင့် ၀မ်းသာမိ ခဲ့ပါ၏၊) ထိုအဆောက်အဦများနှင့် ပစိဖိတ်ဘေလ်ဒင်း၊ ဂုံးကျော်တံတားတို့ကို လွန်ပြီးသောအခါ ချွန်ဘူရီမြို့ သို့သွားသော ဟိုင်းဝေးလမ်းမပေါ်သို့ ရောက်ရှိသွားလေသည်၊ အချိန်ကား နံနက်(ရး၃၀)နာရီဖြစ်ပါသည်၊ မိမိသည် ဟိုင်းဝေးလမ်းမဆိုသည်ကို အရှေ့တောင်အာရှမှာ ပထမဆုံး စမြင်ဖူးခြင်းဖြစ်ပါ တော့၏၊ ၁၉၈၆-ခု နှစ်က အိနိ္ဒယ ဘုရားဖူးသွားခဲ့စဉ်က သူတို့နိုင်ငံက ဟိုင်းဝေး ဆိုတာတွေ ကို မိမိတို့စီးသောကား ကြီးဖြင့် တလျှောက်လုံး သွားခဲ့ဖူးပါ၏၊ ဒါပေမဲ့ ထိုင်းနိုင်ငံက ဟိုင်းဝေးက ပိုကောင်းသည်ထင်ပါသည်။

            နံနက်အစောမို့ထင့်၊ ချွန်ဘူရီသို့သွားသော ဟိုင်းဝေးလမ်းတလျှောက်တွင် မြူနဲနဲဆိုင်းကာ နေသာထိုင်သာ ရှိသော်လဲ  ဟိုင်းဝေးဖြစ်သည့်အတိုင်း ကားအသွားအလာများကာ မီးခိုးရောင်တို့ ဖြင့််မှုံမှိုင်းနေပြီး အသက်ရှူှုမဝချင်သလို ဖြစ်လာသည်၊ ဆောက်လက်စတိုက်တာ အဆောက်အအုံတွေ အများကြီးတွေ့ရသလို ဆောက်ပြီးတိုက်တာ စက်ရုံတွေကလည်း မနဲလှပါ၊ လမ်းဘေးတလျှောက် အလုပ်ဆင်းရန် သွားလာနေကြသော ယူနီဖေါင်းအဝါ၀တ်၊ အပြာဝတ် အမျိုးသား၊ အမျိုးသမီးတွေ ကိုလဲ ဟိုဟိုသည်သည် အစုလိုက် အစုလိုက်ဖြင့် တွေ့ရပါသည်၊ နံနက် (၈း၅၀) နာရီတွင် ချွန်ဘူရီ မြို့သို့ရောက်ပြီး  ဗမာဆရာတော် ဦးအာသဖ ကမ္မဋ္ဌာန်းပြနေသော မဟာစည်ရိပ်သာ “၀ိဝေက အာစုန်”သို့ ရောက်ရှိကြပါသည်၊ ရိပ်သာတွင်းရှိ ဆရာတော်ကြီးကို ၀င်ရောက်ကန်တော့ နှုတ်ဆက်ကြပါသည်၊ ထိုရိပ်သာတွင် အရပ်ရှည်ရှည် လက်ထောက် ဘုန်းကြီးတပါးကိုလဲ တွေ့၍ နှုတ်ဆက်ခဲ့ပါသေး၏၊ ထိုပုဂ္ဂိုလ်ကို ကြည့်ရသည်မှာ တော်တော့်ကို ကတ်သီးကတ်သတ်လုပ်မည့် ပုံစံမျိုးပေါက် နေပြီး မင်းသားဂိုက် ဖမ်းနေလေသည်၊ (ဟင်း … ဟင်း … မိတ်ဆွေကြီးကို သတိရလို့ ဂုဏ်တင်ပေး လိုက်တာပါ၊ စိတ်မရှိနဲ့နော်)၊ ထိုပုဂ္ဂိုလ်နှင့် မိမိသည် ခေတ္တခဏမျှ နှုတ်ဆက်ခဲ့ရသော်လည်း သူ့ရဲ့ တမူထူးခြားသော ပုံဟန်ကြောင့် မိမိသည် တခါထဲ မှတ်မိသွားသည်၊ နောက်ပိုင်းတွင် ထိုပုဂ္ဂိုလ်နှင့် မိမိ အလွန်ပင် ရင်းနှီးသွားပါတော့၏၊ သိတယ် မဟုတ်လား၊ မိမိကလဲ သူလိုပဲလေ။  

            အားလုံးကို နှုတ်ဆက်ကြပြီးနောက်  ထိုင်ဝမ်နိုင်ငံမှ လာရောက် တရားထိုင်နေသော ကျောင်း တကာမကြီး ဒေါ်စန်းကြည်အား ခေါ်ကာ နံနက်(၉း၁၀) နာရီတွင် မိမိတို့ ချွန်ဘူရီမှပြန်လည် ထွက်ခွာ ခဲ့ကြပါတော့သည်၊ ၀ပ်မဟာထာ့သို့ ဆွမ်းစားအမှီ နံနက် (၁၁းဝဝ) နာရီတွင် ပြန်ရောက်ကြပါတော့သည်။   

 ဒေါ်စန်းကြည် ထိုင်ဝမ်သို့ ပြန်ပြီ

            ၂၁-၇-၁၉၉၁ နေ့နံနက် (၃းဝဝ) နာရီတွင် ညက ဦးကောဏ္ဍည၏ သူ့အားနှိုးပေးရန် ပြောထားချက်အရ မိမိသည် ဦးကောဏ္ဍညကို အိပ်ယာမှ နှိုးလိုက်ပါသည်၊ အိပ်ယာမှ ထပြီးနောက် ကပျာကယာ မျက်နှာသစ်ကာ တကာမကြီးဒေါ်စန်းရီအား ထိုင်ဝမ်သို့အပြန် လေဆိပ်သွားရန်အတွက် တက္ကစီငှားကာ တပါးတည်း ထွက်သွားပါတော့သည်၊ တကာမကြီးသည် ဟော်တယ်မှာ တည်းသဖြင့် ဟော်တယ်သို့ သွားခေါ်ပြီးမှ လေဆိပ်သို့ သွားပို့ခြင်းဖြစ်သည်၊ ဦးကောဏ္ဍညသည် တကမာ္ဘလုံးမှ ရောက်လာကြသော မြန်မာအနွယ် ရဟန်းရှင်လူတို့အား မမောနိုင်၊ မပန်းနိုင် ကူညီနိုင်သော ပုဂု္ဂိလ်တဦးပါပေ၊ ဒေါသထွက်မှု ဆိုတာလဲ အလျဉ်း မရှိသလောက်သော ပုဂ္ဂိုလ်တဦးပါပေ။

            (၆းဝဝ) နာရီကျော်ကျော်တွင် ပြန်ရောက်လာပြီးနောက် ထိုင်းပင်လယ်ကွေ့ရှိ မြန်မာသင်္ဘောသားများ၏ ၀ါဆိုသင်္ကန်းကပ်ပွဲနှင့် ဆွမ်းကပ်ပွဲသို့ မိမိတို့ကို ခေါ်ဆောင်သွားပြန်ပါသည်၊ သင်္ဘောသားများက အုန်းနို့ခေါက်ဆွဲဖြင့်ကပ်သည်၊ သင်္ဘောကပ္ပတိန်အမည်မှာ ကိုသိန်းတန် ဖြစ်ပြီး သူ့မှာ သမီးတယောက် ဗမာပြည်မှာ ရှိသည်ဟုဆိုသည်၊ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး သဘောကောင်းသည်၊ သူ့ထူးခြားချက်မှာ ဘုန်းကြီးပင့်လျှင် (၃) ပါးထဲသာ ပင့်လေ့ရှိခြင်းဖြစ််ပါ၏။  

            မနက် (၉းဝဝ) နာရီမှာတော့ ဦးကောဏ္ဍညဦးဆောင်၍ ဆွိုင် စဝမ်ဖလူး ရှိ ဦးအောင်ခင်နှင့် ဒေါ်ချယ်ရီတို့ အိမ်သို့ နေ့ဆွမ်းစား သွားကြပါတယ်၊ ဆွမ်းအမ ဒေါ်ချယ်ရီသည် ခေတ်ပညာတတ် အ မျိုးသမီးတဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် မန္တလေးစားတော်ဆက် နှင့် ရှေးဟောင်းမြန်မာမှု အနုပညာ လက်ရာပစ္စည်းမျိုးစုံ ရောင်းသောဆိုင်ကိုပါ ပူးတွဲဖွင့်လှစ်ထားရှိပါတယ်၊ သူ့ဆိုင််မှ မန္တလေးမုန့်တီ နှင့် မုံ့ဟင်းခါးတို့သည် နာမည်ကြီးသည်ဟု ဆိုပါ၏၊ သဒ္ဓါတရား အလွန်ကောင်းပြီး တလတကြိမ် ဆွမ်းကျွေးလေ့ရှိသည်ဟု ဦးကောဏ္ဍညက ပြောပါတယ်၊ ဆွမ်းပွဲကို ကြက်သားဟင်း၊ ပြောင်းဖူးကြော်၊ ၀က်သားဟင်း၊ ပဲကြာဇံဟင်း အရည်သောက်နှင့် အတို့အမြှုပ်တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပြင်ပြီးကပ်ပါတယ်၊ သံဃာတော်များအား ဘတ် (၅၀၀) စီလှူလိုက်ပါသေး၏၊ ဆွမ်းစားပြီး နောက် ကျောင်းသို့ပြန်ကာ နားကြပါတယ်။

ဘန်ကောက်လေဆိပ်  Departure  ခမ်းမ

 ဆရာတော်ကြီး ဦးသိဂ္ဂဝကို သွားကြိုခြင်း        

၂၂-၇-၁၉၉၁နေ့ မနက်စောစောထကာ ဘန်ကောက်မြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ဦးဆန်နီတိုး နှင့် ဇနီးဒေါ်မာလာစိန်လှတို့ အိမ်သို့ အာရုံဆွမ်း ဘုဉ်းပေးရန် သွားကြပါတယ်၊ ဦးကောဏ္ဍညရဲ့ တကာ များဖြစ်ကြပါတယ်၊ အာရုံဆွမ်းအဖြစ် အုန်းနို့ခေါက်ဆွဲဖြင့် ကပ်ကြသည်၊ ၎င်းအိမ်မှ ပြန်ထွက်လာကြ ပြီးနောက် လေဆိပ်သို့ မြန်မာပြည်မှ ပြန်လာမည်ဖြစ်သော သီရိလင်္ကာတွင် သီတင်းသုံးနေထိုင်သည့် ဘွဲ့ခံဆရာတော် ဦးသိဂ္ဂဝအား သွားရောက်ကြိုဆိုရန် ထွက်ခဲ့ကြပြန်ပါတယ်၊ လေဆိပ်တွင် သံအမတ်ကြီးဦးညွန့်ဆွေလဲ ကားပေါ်မှ ဆင်းစရှိသေးသည်ကို တွေ့ရသည်၊ အဲဒီမှ V.I.P Room သို့ သွားကာ ဆရာတော်ကြီး ပါလာမည့် လေယာဉ်ကို စောင့်ဆိုင်း နေကြပါတော့တယ်။  

 Washroom Flush မလုပ်တတ်တဲ့ မိမိအဖြစ်

            ဆရာတော်ကြီးအား စောင့်နေစဉ် မိမိအိမ်သာသို့ သွားပါတယ်၊ အိမ်သာတက်ခြင်းကိစ္စပြီးပြီး နောက် ရေကိုဘယ်လို ဆွဲရမှန်းမသိပဲ ဖြစ်နေသည့်အတွက် အိမ်သာထဲက တော်တော်နှင့် မထွက်ရဘဲ ရှိနေပါတယ်၊ မိမိသည် ခလုပ်များကို လိုက်ရှာပါသော်လဲ မိမိတို့သုံးနေကျ ဆွဲချဖိချသည့် ရေအိမ်သာ ခလုပ်မျိုးမ မဟုတ်သည့် အတွက် မိမိမသုံးတတ်တောပေ့၊ မန္တလေးတောင်မှာလဲ အင်္ဂလန်လုပ် ရေဆွဲအိမ်သာကို သုံးတာပါပဲ၊ ၀ပ်မဟာထာ့မှာလဲ ရေလောင်းအိမ်သာပါပဲ၊ ဒါပေမဲ့ အခုအိမ်သာက ပုံစံတစ်မျိုးဆိုတော့ မသုံးတတ်တာပဲ ဖြစ်ပါတယ်၊ အပြင်ကို အကူအညီတောင်းမည် ကြံလိုက်တော့ အိမ်သာတက် ထားတာ တန်းလန်းကြီးနဲ့ ဆိုတော့ အရှက် ပိုကွဲလိမ့်မယ်ဆိုပြီး ဟိုနှိပ်၊ သည်နှိပ် ရှောက်နှိပ်လိုက် တော့့မှ ဘေးမှာ တည့်တည့်တွန်းရတဲ့ ယခုမိမိတို့ တိုရန်တိုက မဟာဓမ္မိကကျောင်းမှာ သုံးနေတဲ့ အိမ်သာခလုပ် မျိုးကို မတော်တဆ သွားတွေ့ပြီး “ဝေါကနဲ” ဆိုတဲ့အသံနဲ့ အတူ မမြင်သင့်တဲ့ အညစ်အကြေးများ ကင်းစင်သွားပါတော့တယ်၊ ၀မ်းသာလိုက်တဲ့ဖြစ်ခြင်း။ လူသိရှင်ကြား အရှက်ကွဲမဲ့ဘေးမှ သီသီလေး လွတ်သွားရသည့် အဖြစ်ကို မိမိကိုယ်ကိုတွေးမိပြီး အိမ်သာထဲမှာပဲ အပြင်ကလူတွေမကြား အောင်ကျိတ်ပြီး ရယ်မိပါတော့တယ်၊ အင်း… လက်စသတ်တော့ ငါဟာ ကျောက်ခေတ်ကလာတဲ့ လူသားပါလား၊ ငါနေတဲ့ နိုင်ငံကလဲ …..ခေတ်ထဲမှာပဲ နေရသေးပါလားလို့ တွေးမိပါတော့တယ်၊ စာရှု့သူ  သဘောတူပါရဲ့လား။  

 ငါတယောက်ထဲ မှတ်လို့ 

            ထိုအကြောင်းကို နောက်ပိုင်းတွင် ဦးကောဏ္ဍညအား ပြောပြမိသောအခါ “ကိုယ်တော် တပါးထဲ ဒီလိုဖြစ်တာမဟုတ်ဘူး၊ န.၀.တ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဘုန်းမြင့်တို့အဖွဲ့ ထိုင်းနိုင်ငံကို လာစဉ်တုံးကလဲ ဟော်တယ်က အိမ်သာတွေ မသုံးတတ်လို့ ဒုက္ခရောက်ရတဲ့ အကြောင်းပြောသွားတယ်” ဟုရှင်းပြမှပဲ  “အင်း” ငါတယောက်ထဲ မှတ်လို့ စိတ်ပျက်နေတာ၊ ခုတော့ ငါလိုပုဂ္ဂိုလ်တွေလဲ ရှိသေးသားပဲဟု စိတ်ကို ဖြေလိုက်ပါတော့၏။

            ၉း၂၀ နာရီတွင် ဆရာတော်ဦးသိဂ္ဂဝနှင့် အခြားဦးပဥ္စင်းငယ် တပါးတို့ မြန်မာပြည်မှရောက် လာကြသည်၊ ဆရာတော်ကြီးအား နှုတ်ဆက် ကန်တော့ကာ မိမိတို့အဖွဲ့ ဘန်ကောက်မြို့ပြင်ရှိ ဦးဇော်ဇော်နှင့် မခိုင်တို့အိမ်သို့ နေ့ဆွမ်းစားရန်အတွက် ထွက်ခဲ့ကြပါတယ်၊ ဦးဇော်ဇော်တို့ အိမ်သို့ ၁၁း၁၅ နာရီတွင် ရောက်သွားကြပြီး ကြိုရောက်နှင့် နေသော ပီနန်ဆရာတော် ဦးသုမနနှင့် ပါတွေ့ရပါ၏။

            တတိယနေ့ ဘန်ကောက်တွင် ဩစတေးလျမှ ပြန်လာသော ဘုန်းကြီး ဦးသုမနနှင့် တွေ့ဆုံ ရသည်၊ ပညာတတ် ဆရာတော်တပါးဖြစ်ပြီး ကြည်ညိုလေးစားဖွယ် ကောင်းသဖြင့် မိမိ အတော် ခင်မင်မိသည်၊ ဘုန်းကြီး ဦးသုမနသည် ပခုက္ကူ မဟာဝိသုတ ရာမတိုက် ထွက်ဖြစ်သဖြင့် မိမိတို့မန္တလေး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းအုပ် ဆရာတော် ဦးကေသဝနှင့် အလွန်ရင်းနှီးသော မိတ်ဆွေဖြစ်နေသည်ကို တွေ့ရသဖြင့်လဲ စိတ်ထဲမှာ အတော်လေး ရင်းနှီးမိသည်၊ ညနေပိုင်းကျတော့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖရဲမြို့၊ မြန်မာကျောင်းမှ ဦးခေမိန္ဒနှင့် ဦးကောဏ္ဍညတို့ ရောက်လာကြ သဖြင့် အခန်းကျင်းလေးမှာ သံဃာများဖြင့် ပြည့်သွားလေသည်၊ ဦးခေမိန္ဒနှင့် ဦးကောဏ္ဍည(ကရင်) တို့၏ထိုင်းနိုင်ငံ အတွေ့အကြံုများနှင့် ဘုန်းကြီးဦးသုမန၏ ဩစတေးလျ အတွေ့အကြံုများကို နားထောင်ရသည်မှာ မိမိအဖို့ အထူးအဆန်းများ ဖစ်နေတော့သည်၊ သူတို့နှစ်ပါးက မလေးရှားနိုင်ငံ၊ ပီနန် ကျွန်းတွင်ရှိသော မြန်မာကျောင်းသို့ သွားရောက် ၀ါဆိုကြမှာ ဖြစ်သည်၊ သူတို့ပြောတဲ့ စကားတွေထဲမှာ “စတေးရှောင်” ဆိုတာလည်း ခဏခဏပါသည်၊ ဘာကို ဆိုလိုသည်ကို မိမိနားမလည်၊ နောက်မှဘဲ ဦးကောဏ္ဍညကို မေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။    

            မိမိတို့ ငါးပါးနှင့် ဦးဓမ္မာနန္န၏ ညီကိုမောင်မောင် ပေါင်း … လူရော ဘုန်းကြီးပါ (၆)ဦးသားတို့  အိပ်ရာဝင်ကြရန် ပြင်ဆင်လိုက်ကြသည်၊ ဘုန်းကြီးဦးသုမနက ၀ါတော် အကြီးဆုံးဆိုတော့ သူ့ကိုခုတင်ပေါ်မှာ ဦးကောဏ္ဍညက နေရာပေးလိုက်သည်၊ မိမိတို့လေးပါးနှင့် ကိုမောင်မောင်တို့က အောက်ကြမ်းပြင်ပေါ်မှာ အိပ်ကြသည်၊  အိပ်ရာမဝင်ခင် အံသကိုက် ကလေးနှင့် ယိုးဒယားဆရာတော်ကြီး တပါး ရောက်လာပြီး တခြားအစွန်းမှာ ရှိသော ခုတင်လေးပေါ်တွင် ကျိန်းစက်ရန် ပြင်ဆင်ပါသည်၊ ဦးကောဏ္ဍညက ပြာပြာသလဲထပြီး ခရီးဦးကြို အရိုအသေပြုသဖြင့် မိမိတို့လဲ လိုက်လုပ်ကြသည်၊ ဦးကောဏ္ဍညက လေသံတိုးတိုးဖြင့် ခုအချိန်မှစပြီး စကားမပြောကြနဲ့တော့၊  ခုလာတဲ့ ဘုန်းကြီးဟာ ဒီမိုင်ထိနိမ် (အဆောင် ၁) မှာအကြီးဆုံး ဘုန်းကြီးဖြစ်တယ်၊ သူမကြိုက်ရင် အကုန်နှင်ထုတ်လိမ့် မယ်ဟု သတိပေးသဖြင့် အားလုံးငြိမ်ကုန်ကြတော့၏၊ ကျန်သော သံဃာတော်များကတော့ သိပြီးသားမို့ မထူးပါ၊ အထူးသဖြင့် ဘုန်းကြီးဦးသုမနသည် မိုင်ထိနိမ်မှာ နှစ်ပေါင်းအတော်ကြာ နေပြီးမှ အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်သို့ သွားရောက် စာသင်ခဲ့ခြင်း ဖြစ်ပြီး မိမိ ၁၉ဂရ-ခုနှစ်က အိန္ဒိယသို့ ဘုရားဖူး သွားရောက်ခဲ့စဉ်က နာလန္ဒာ တက္ကသိုလ်မှာ စာသင်နေဆဲဖြစ်၏၊ မိမိတို့ ဘုရားဖူး အဖွဲ့မှ စာသင်သား သံဃာတော်များအတွက် လှူဖွယ်ဝတ္တုများ သွားရောက် လှူဒါန်းသော အခါ ဘုန်းကြီးဦးသုမန အပြင်ထွက်နေသဖြင့် မတွေ့ခဲ့ရပေ၊ ထိုအကြောင်းကို မိမိရေးသားထုတ် ဝေခဲ့သော “ဧရာဝတီမှသည် ဂင်္ဂါ၊ ဟိမဝန္တာသို့ ” ဟူသော စာအုပ်တွင် ထည့်သွင်းရေးသားခဲ့သဖြင့် စကားစပ်မိကြကာ ပိုမိုရင်းနှီး သွားခြင်း ဖြစ်ပါတော့သည်။    

ဒါကတော့ ဒွန်မောင်းလေဆိပ် Arrival ခမ်းမပါ

  နောက်တခါဆိုရင် ပြန်ထိုးမယ်

            ဘုန်းကြီးဦးသုမနနှင့် ပတ်သက်၍ မိမိမှာ ပြောစရာတခုရှိသည်၊ တည မိမိ ထိုင်းနိုင်ငံ မြောက်ပိုင်း လန်းပန်းမြို့သို့ မသွားခင် ဘုန်းကြီးဦးသုမနကော မိမိတို့ပါ ကြမ်းပြင်ပေါ်မှာ အိပ်ကြရရာ မိမိမှာ ဘုန်းကြီးဦးသုမန နှင့် ဘေးချင်းယှဉ်လျှက် အိပ်ရသည်၊ မိမိရဲ့ဘေးဘက်မှာ အခြားဆရာတော်ကြီးတပါး ကျိန်းနေသော ဘုန်းကြီးဦးသုမန အိပ်နေကျ ခုတင်ရှိသည်၊ ညသန်းခေါင်ကျော် (၂)နာရီခန့် ထင်သည်၊ မိမိအိပ်ရာ မှ နိုးသွားသည်၊ ထိုစဉ်ဘုန်းကြီးဦးသုမနမှ “နောက်တခါဆိုရင် ပြန်ထိုးမယ်၊ ခုတခါနဲ့ ဆိုရင်(၂)ခါရှိပြီ၊ ဒီတခါတော့ သည်းမခံတော့ဘူး” ဟု တယောက်ထဲ ပြောနေသံကြားရသဖြင့် မိမိမှာ ရယ်ကလဲ ရယ်ချင် အသံကလဲ မထွက်ရဲနဲ့ ၀မ်းထဲမှာဘဲ ကြိတ်ပြီးရယ်လိုက်မိ နေပါတော့တယ်၊ ဒါပေမဲ့ အသံမထွက်အောင် ကြိတ်ပြီးရယ်ရသည်မှာ အတော်ပင်ပန်းသား ကလား၊ ရယ်ဘူးသူတွေ သိကြပါလိမ့်မယ်၊ အကြောင်းကတော့ မိမိအိပ်ပျော်နေစဉ် မည်သူနဲ့မှ ထိလို့မရခြင်းပင်၊ မိမိလဲ နဂိုရ်က မသိပါဘူး။ နောက်ပိုင်းကျမှ သိတာပါ၊ အိပ်ပျော်နေစဉ် အခန်းဝမှနေ၍ လှမ်းနှိုးလျှင်လဲ ဒီလိုဘဲ အသံလာရာ ဘက်သို့ လက်သီးနှင့် လှမ်းထိုးတတ်သည်၊ အခုလဲ ဘုန်းကြီးဦးသုမနက မိမိအားထိ လိုက်တိုင်း မိမိက သူ့အားမနိုးဘဲနဲ့ မိမိကိုယ်တိုင် မသိဘဲနဲ့ ထိုးနေမိခြင်းဖြစ်သည်၊ ထို့ကြောင့် ကြိတ်ပြီး အသံမထွက်အောင် ရယ်နေခြင်းဖြစ်သည်၊ အိပ်မပျော်ရင်တော့ ဘာမှမဖြစ်။ ဘယ်လိုလုပ်လုပ် ပြန်မထိုးတတ်ပါ၊ မနက်လင်းသောအခါ ဘုန်းကြီးဦးသုမနက ပြောပြတော့မှ တောင်းပန်ရတော့သည် သာပ။    

( နောင်တော်ကြီး ဦးသုမနသည် ၂၆-၅-၂၀၀၅ ခုနှစ်က ရန်ကုန်မြို့တွင် ပျံလွန်တော်မူ သွားကြောင်း သိရသဖြင့် များစွာ ၀မ်းနည်းကြေကွဲ ရပါသည်။ )

အရှင်ကောဝိဒ ( မန္တလေး ရဟန်းပျို )

{ အရှင်ကောဝိဒ မှာ ကနေဒါ နိုင်ငံလုံးဆိုင်ရာ သာသနာ့ မောဋိ ဥက္ကဋ္ဌ ဆရာတော် ဖြစ််ပြီး။ ၁၉၈၇-၁၉၉၁ ခုနှစ်များ၌ မြန်မာ နိုင််ငံလုံးဆိုင််ရာ ရဟန်းပျို အဖွဲ့ချုပ် အထွေထွေ အတွင််းရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သည့် အရှင်ဖြစ်သည် ၁၉၈၀ ခုနှစ်များဆီ၌ မြန်မာနိုင်ငံတွင် စာရေးဆရာ သာကီသွေး ကလောင်အမည်ဖြင့် ခရီးသွား ဆောင်းပါးများ ရေးသား၍ စာအုပ်ထုတ်ဝေခဲ့ပြီး၊ ယခုပြည်ပ အွန်လိုင်း ၀က်ဘ်ဆိုဒ်များတွင်လဲ မန္တလေး ရဟန်းပျို၊ ရဟန်းပျို ရဲရင့်ဇာနည် ဟူသော ကလောင်များဖြင့် ရေသားလျှက် ရှိသည်။}  

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here