မဟာသကြင်္န်စာကြီး

မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်၊ ခရစ် သက္ကရာဇ် ၂၀၀၈ ခုနှစ်အတွက်

မဟာသကြင်္န်စာကြီး

ဆြာ သူရိန်ထက် ဟောကြားသည်။

မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ် တန်ခူးလဆန်း ၁၂ ရက် ကြာသပတေးနေ့တွင် ပြီဿာရာသီ၌ စောရနက္ခတ် နှင့် ယှဉ်ကာ

 

  နှစ်ဟောင်း မှ မင်္ဂလာနှစ်သစ်သို့ ကူးပြောင်းလတ္တံ့။

ယခုနှစ်သည်ကား ဘာနုရာဇာမည်သော တနင်္ဂနွေဂြိုလ်မင်းသည် ဘယ်လက်တွင် မီးတုတ်ကို ကိုင်ဆောင်ပြီး ညာလက် တွင် တင်းပုတ်ကို ကိုင်ဆောင်ကာ ရွှေဝါရောင် ပါဂျဲရိုး စီးကာ Free Burma ဟူသော စာတန်းပါ သည့် တီရှပ်ကို ၀တ်ဆင်ပြီး နတ်မော် ဒယ်မ လေး နှစ်ပါး ခြံရံကာ လူ့ပြည်အား ဆင်းလတ္တံ့။

 

 

ထို့ကြောင့် ယခုနှစ်တွင် မိုးဦး၊ မိုးလယ်ကောင်းပြီး မိုးနှောင်း ညံ့အံ့။ စောရနက္ခတ်နှင့် ယှဉ်သဖြင့် ခိုးဆိုးလုယှက်မှုများလည်း ပေါများအံ့။ မီးတုတ်ကို ကိုင်ဆောင်ပြီး ဆင်းသဖြင့် မီးမလာသော တိုင်းပြည်၌ မီးလောင်မှုများ ပေါများ လတ္တံ့။ ညာလက်တွင် တင်းပုတ်ကို ကိုင်ဆောင်သဖြင့် ၀ရင်းတုတ်ကိုင် ဆောင် ဗိုလ်ကျသူတို့ ဘေးတွေ့အံ့။ ရွှေဝါရောင် အဆင်းရှိသော ဆန်စပါးတို့ ပေါ့များအံ့။ ရွှေဝါရောင် အဆင်းရှိသော ရဟန်းသံဃာတော်တို့ ဘုန်းကြီးအံ့။ သို့သော် ရွှေဈေးတတ်အံ့။ ယခုနှစ်အတွင်း ကားဈေးတို့ ကျလတ္တံ့။ ထူးခြားသော အပြောင်းအလဲတို့ ကြံုအံ့။ တိုင်းပြည်အတွင်း မငြိမ်မသက်ဖြစ်အံ့။ ရှမ်းပြည်နှင့်ကချင်ပြည်နယ်တို့တွင် အေးအေးချမ်းချမ်းရှိအံ့။ မြစ်ဝကျွန်း ပေါ် ဧရာဝတီတိုင်းအတွင်းရေပေါများအံ့။ အလယ်ပိုင်းဒေသတို့တွင် နွေအခါ ပူပြင်းအံ့။ လူငယ်တို့ကား ဒစ်စကိုနှင့် ဘီယာဆိုင်အား ကြီးစိုးအံ့။ မိန်းမပျိုလေးတို့က ကာရာအိုကေနှင့် အနှိပ်ခန်းအားကြီးစိုးအ့ံ။ လက်လုပ် လက်စားတို့အား ကုန်ဈေးနှုန်းက မင်းမူအံ့။ ဆန်ရေစပါးတို့အား ကုန်သည်တို့ မင်းမူအံ့။ ဆေးရုံ ဆေးခန်းတို့အားအဟိန်းအဟောက်ကြီးသောနပ်စ်မတို့ ကြီးစိုးအံ့။ ၀န်ထမ်းတို့အား လာဘ်လာဘတို့ ကြီးစိုး အ့ံ။

ရဟန်းသံဃာနှင့် နိုင်ငံရေးသမားတို့ကား အင်းစိန်ကို ကြီးစိုးအံ့။ တိရိစ္ဆာန်တို့ကား ကြပ်ပြေးကိုကြီးစိုးအံ့။ ယခုနှစ်တွင် မင်းတို့အပြောင်းအလဲ ဖြစ်ကိန်းကြံုအံ့။ မင်းပြောင်းမင်းလွဲမဖြစ်ရန် မယ်တော်ကြီးက လူမင်း၊ မင်းလူ၊ မင်းသိင်္ခ၊ မင်းမော်ကွန်း၊ မင်းဟိဏ်း၊ မင်းဦး၊ မင်းချစ်သူ စသည့် အမည်အတွင်း မင်း ပါသူ (၇)ဦးနှင့်တပြိုင်တည်း (၇)ရက် (၇)ည ယတြာချေပါလေ။

(ရ)ရက်သားသမီးများအတွက် ဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်။ ။ အမည်အတွင်း အ၊ဥ ပါသော သူတို့သည် အိမ်၌ အေးအေးဆေးဆေး အိပ်ပြီးအူကြောင်ကြောင်အိပ်မက်မက်ကာ အောင်အောင်မြင်မြင်ဖြင့် အိမ် ထောင်ကျ ကိန်းကြံုအံ့။ အရေမရ အဖက်မရ အလုပ်တို့ကို အားရပါးရ အင်တိုက်အားတိုက် လုပ်အားပေးရင်း အချိန်ကုန်အံ့။ အင်္ဂလန်၊ အီတလီ၊ ဥရုဂွေး၊ အီရတ်၊ အီရန်၊ အီသီယိုပီးယား၊ အာဖဂန်နစ္စတန်၊ အာဖရိက နိုင်ငံများတွင် အောက်လမ်းပညာဖြင့် အီစီကလီလုပ်သည့်ပညာကို သွားရောက် လေ့လာ သင်ယူရအံ့။

ယတြာ တြာ။ ။အုံးသီး အခွံကို ဦးခေါင်းတွင် အုပ်ပြီး အဆက်မပြတ် အိုးစည်တီးကာ အောင်ပြီ အောင်ပြီဟု အားရပါးရ အော်ပါလေ။

တနင်္လာသားသမီးများအတွက် အတွက်။ ။ အမည်အတွင်း က၊ခ၊ဂ၊င ပါသောသူများသည် ကုတ်ချောင်းချောင်းဖြင့် ကူလီကူမာလုပ်တတ်သော ကုတ်ကမြင်းတဦးနှင့် ကောက်ကာငင်ကာ ချစ်ကြိုက်ရကိန်းကြံုအံ့။ ကြက်သွန်၊ ကြက်ဥ၊ ကြက်သား၊ကြက်ငှက်တုပ်ကွေး၊ ကြက်ဆူပင်တို့ အကျိုးပေးလတ္တံ့၊ ကုန်ကားကို ကားကြံုစီးရင်း ကိုယ်ဝန်သည် တဦးအား ကူညီရကိန်း ကြံုအံ့။ ကျောက်ပေါက်မာ ပါသော ကုလားမလေးတဦးအား ကယ်တင်ရင်း }ကုူညီပါရစေ}နှင့် ကြံကြံဖန်ဖန် ကြံုကြိုက်သဖြင့်ကြံ့ဖွံ့အဖွဲ့သို့ ၀င်ရအံ့။

ယတြာ တြာ။ ။ကရေကရာ မုန့်ကို ကို့ယို့ကားယား ကိုက်စား၍ ကာဖီဆိုင်အတွင်း ကိုးရီယား သီချင်းကိုကိုးခေါက် ဆိုကာ ကိုးရက်တိတိ ကွေးနေအောင် က ပါလေ။

 

အင်္ဂါသားသမီးများအတွက််။ ။ အမည်အတွင်း စ၊ဆ၊ဇ၊ည ပါသော သူများသည် စစ်စစ်ဆေးဆေး လုပ်တတ်ပြီးစေ့စေ့စပ်စပ်နိုင်လှသော ဆေးရုံ ဆေးခန်းများမှ ဆေးဝါးများ ခိုးထုတ် ရောင်းချနေသည့် ဆရာဝန်အတု တဦးနှင့် စိပ်ပြေနပြေ ချစ်ကြိုက်ရကိန်းကြံုအ့ံ။ စစ်သား၊ စုံထောက်၊ စသုံးလုံး တို့၏ မျက်စေ့ကျခြင်း ခံရအံ့။ ဆန်၊ ဆီ၊ ဆား၊ စက္ကူ၊ဆေးဝါးအတု၊ ဆိုက်ကားဆရာတို့နှင့် အကျိုးပေးအံ့။ စက်လှေဖြင့် စင်္ကာပူနိုင်ငံသို့ ဆိုက်ဆိုက်မြိုက်မြိုက် သွားရောက်ကာစမူဆာလုပ်နည်း ပညာအား သင်ကြားခွင့်ကြံုအံ့။ ညအခါ ညုတုတု နိုင်လှသော ညိုညစ်ညစ် ညငှက်မလေးတဦး၏ အညာခံရကိန်း ကြံုအံ့။

ယတြာ တြာ။ ။ စောင်ထူထူ တထည်ကို စကပ်လုပ်ဝတ်ပြီး စက်ဘီးစီးကာ ]မြန်မာတွေ ဘာမှမပူနဲ့..အင်္ဂါသား သမီးတွေ လာပြီ..] ဟု စိတ်လွတ်လက် လွတ် အော်ဟစ်ပါလေ။

ဗုဒ္ဓဟူးသားသမီးများအတွက် အတွက်။ ။အမည်အတွင်း ယ၊ရ၊လ၊၀ ပါသော သူများသည် ယခုနှစ်အတွင်း လည်လည်ဝယ် ၀ယ် ရှိသော လူရည်တဦးနှင့်အတူ လက်ရည်တပြည်တည်း လက်သုပ်လုပ်စားရင်း လေလည်မိသဖြင့် မိတ်ပျက်ရအံ့။

လမ်းပေါ် လမ်းလျှောက်ရင်း လူလိမ်တဦးထံမှ လက်ဆောင်ရသည့် လက်ကိုင်ဗုံးတလုံး လက်ဝယ်တွေ့ရှိမှုဖြင့် အရေးယူ ခံရကိန်းကြံုအံ့။လက်ဖက်၊လယ်ယာ၊၀က်သား၊ လက်ကောက်၊ လက်ဝတ်ရတနာ၊ လဝက၊ လက်ထိပ်တို့အကျိုးပေးအံ့။လုံးကြီးပေါက်လှ လားဟူမလေးတဦးနှင့် လေထီးအတူ စီးခွင့်ကြံုက ထီထိုးပါလေ။

ယတြာ ။ ။ရသမျှယူတတ်သူတဦးအား }လိုရင်အကုန်လုံးယူ} ဟု ရက်ရက်ရောရော ရေရေလည်လည် ရှိသမျှ ပေးလှူပါလေ။

ကြာသပတေးသားသမီးများအတွက်။ ။အမည်အတွင်း ပ၊ဖ၊ဗ၊ဘ၊မ ပါသော သူများသည် မိုးတွင်း မိုးအေးအေး၌ မုဆိုးမတဦးနှင့် မုသားစကား မစားရဝခမန်း များများပြောရင်း အိမ်ထောင်ကျကိန်းကြံုအံ့။ မသိမတတ်သော မသမာ သူများထံမှ မဆင်မခြင်ပြောနည်း ပညာအားသင်ကြား တတ်မြောက်သဖြင့် မျောက်သင်းကွဲ ဖြစ်ကိန်းကြံုအံ့။ မလေးရှား၊ ဘင်္ဂလားဒေ့ရ်ှ၊ ပါကစ္စတန်၊ဘရူနိုင်း စသည့်နိုင်ငံများတွင် တရုတ်ရိုးရာ ၀ူရှူးသိုင်းပညာ သင်ကြားခွင့်ကြံုအံ့။ ပဲ၊ ပြောင်း၊မဆလာ၊ မုန့်ဟင်းခါး စသည်တို့ပြုလုပ်ရောင်းချခြင်းဖြင့် စီးပွားဖြစ်အံ့။ မော်ဒယ်မလေးများ၏ မဟုတ်တရုတ် ပြောဆိုခြင်းခံရအံ့။

ယတြာ။ ။မည်းမည်းမြင်ရာ ပစ် တတ်သော မျက်မှန်စိမ်းတပ်ထားသူများအား ပြောင်ပြပြီး ပြေးပါလေ။

သောကြာသားသမီးများအတွက််။ ။အမည်အတွင်း သ၊ဟ ပါသော သူများသည် သိသလိုလို တတ်သလိုလိုလုပ်တတ်သော သူများအား သေသေချာချာ ဆရာတင်၍ သေရည်သေရက်ကို ရောင်းချပါကသောက်သောက်လဲရှုံးလတ္တံ့။သာလိကာကဲ့သို့စကား<ကယ်ပြီး သပ်သပ်ရပ်ရပ်ဝတ်စား ထားသော ကောင်မလေးတဦးအား သူရာရည်သောက်ရင်း သွားရောမိသဖြင့် သရောသရီ ဖြစ်လတ္တံ့။ သေသောက်ကြူးသော သေနင်္ဂဗျူဟာများကို သေသေချာချာ သင်ကြားရကိန်းကြံုအံ့။ သစ်၊သကြား၊ သွေး၊ သူရာ တို့နှင့် အကျိုးပေးအံ့။

ယတြာ တြာ။ ။သရက်သီးနှင့်သံပုရာသီးကို သကြားစိမ်ပြီး သွားလေသူများအား တမ်းတရင်း သုံးရက်တိတိ စားသုံးပါလေ။

စနေသားသမီးများအတွက််။ ။အမည်အတွင်း တ၊ထ၊ဒ၊န ပါသော သူများသည် နုနုနယ်နယ် အသွင် ရှိသောအနှောင်းအငယ်မလေးတဦးနှင့် နောက်တောက်တောက်နိုင်လှသော တီတီတာတာ စကားများ ပြောဆိုမိ၇ာမှ နောက်မိန်းမရကိန်းကြံုအံ့။ နာရီ၊ နွား၊ နှမ်း၊ နှာဘူးတို့ အကျိုးပေးအံ့။ နှုတ်ခမ်းတလန် ပန်းတလန် နိုင်လှသော အိမ်ထောင်သည်၏ နှိပ်စက်ခြင်းကို နှစ်ရှည်လများ ခံရကိန်းရှိအံ့။ တူရကီ၊ တရုတ်၊ ထိုင်း စသည့်နိုင်ငံများသို့ သွားရောက်ကာ နှမ်းဖြူးနည်းပညာကို အပတ်တကုတ် သင်ယူ တတ်မြောက်ရအံ့။

ယတြာ ။ ။ ဓါတ်တိုင်တတိုင်တွင် တရုတ်မိတ် ဒန်အိုးတလုံးအား တုတ်ဖြင့်တီးရင်း ဒါတို့တိုင်း တို့ပြည် တို့မြန်မာပြည်….. ဟူသော သီချင်းကို မဖမ်းမချင်း ဆိုပါလေ။

အတတ်ဟော ဆရာကြီး

ဆြာ သူရိန်ထက်

 

LEAVE A REPLY

Please enter your comment!
Please enter your name here