ဧရာဝတီ မှသည် ကျောက်ဖရား သို့

အရှင်ကောဝိဒ ( မန္တလေး ရဟန်းပျို )

{ အရှင်ကောဝိဒမှာ ကနေဒါ နိုင်ငံလုံးဆိုင်ရာ သာသနာ့ မောဋိ ဥက္ကဋ္ဌ ဆရာတော် ဖြစ််ပြီး။ ၁၉၈၇-၁၉၉၁ ခုနှစ်များ၌ မြန်မာနိုင််ငံလုံးဆိုင််ရာ ရဟန်းပျို အဖွဲ့ချုပ် အထွေထွေ အတွင််းရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သည့် အရှင်ဖြစ်သည်၁၉၈၀ခုနှစ်များဆီ၌ မြန်မာနိုင်ငံတွင်

စာရေးဆရာ သာကီသွေး ကလောင်အမည်ဖြင့် ခရီးသွားဆောင်းပါးများ ရေးသား၍ စာအုပ်ထုတ်ဝေခဲ့ပြီး၊ ယခုပြည်ပ အွန်လိုင်း ၀က်ဘ်ဆိုဒ်များတွင်လဲ မန္တလေး ရဟန်းပျို၊ ရဟန်းပျို ရဲရင့်ဇာနည် ဟူသော ကလောင်များဖြင့် ရေသားလျှက်ရှိသည်။  

၁၁ နာရီထိုးနေပြီ

            ထိုနေ့ အိပ်ရာဝင်ကြသောအခါ ဦးကောဏ္ဍည သီတင်းသုံးသည့် ၀ပ်မဟာထပ် အဆောင်(၁) မိုင်ထိနိမ် မှာအိပ်ရပါသည်၊ မိမိအဖို့ စာသင်တိုက်မှ ထွက်လာပြီးကတည်းက ပထမဆုံး အကြိမ်အဖြစ် အခန်းကျဉ်းကျဉ်းလေးထဲမှာ အိပ်ဖူးခြင်းဖြစ်ပါသည်၊ ပထမတော့ စိတ်အနှောက်အယှက် ဖြစ်ရပေမဲ့ နောက်ပိုင်းကျတော့ ပျော်စရာကြီး ဖြစ်လာပါတော့သည်၊ အခန်းအကျယ်အဝန်းက ပေ၂၀ x ၁၀ ရှိ ပြီး ရှေ့ပိုင်း မျက်နှာစာအဝင် ဘယ်ဘက်မှာ အိမ်သာရေချိုးခန်း။  ညာဘက်အဝင်မှာ အိပ်ခန်း (သို့) ရုံးခန်းတခု သီးသန့်ရှိသဖြင့် အစစအရာရာ အဆင်ပြေပါသည်၊ အခန်း၏အလယ်ခေါင် တည့်တည့်မှာ ဦးဓမ္မာနန္ဒ၏ ဘုရားစင်ရှိပြီး ဘယ်ဘက်မှာ ကုတင်တစ်လုံးနှင့် ညာဘက်မှာ မိုင်ထိနိမ် ဆရာတော်ကြီး ကျိန်းသော ကုတင်ရှိပါသည်၊ ထိုကုတင်(၂)လုံးကြားမှာ ကွက်လပ်ဖြစ်ပြီး ဆွမ်းစားခန်းအဖြစ်လည်းကောင်း။ အိပ်ခန်းအဖြစ်လည်းကောင်း။ နားနေခန်းအဖြစ် လည်းကောင်း။ တကမ္ဘာလုံးမှ လာကြသော ဆရာတော် သံဃာတော်များ၏ တည်းခိုရာအဖြစ် လည်းကောင်း အသုံးပြုကြပါသည်၊ ဒါတွင်မကသေးဘဲ မြန်မာပြည်နှင့် ကမာ္ဘအရပ်ရပ်မှလာကြသော တချို့သော ပုဂ္ဂိုလ်များ၏ တည်းခို နားနေရာအဖြစ်လည်း အသုံးပြုကြပါသေးတယ်။

အနု စာဝါရီလို့ ခေါ်တဲ့ ဘန်ကောက်က လွတ်မြောက်ရေး ကျောက်တိုင်

             ၁၁ နာရီထိုးနေပါပြီ၊ မိမိစိတ်ထဲမှာ တခုခု မှားနေသည်ဟုထင်နေသည်၊ ထို့ကြောင့် မိတ်ဆွေ ဦးကောဏ္ဍညကို “ဦးကောဏ္ဍည အခု ၁၁ နာရီထိုးနေပြီ၊ အပြင်မှာလူတွေ သွားနေတုံးရှိ သေးတယ်၊ မာရှယ်လော  အမိန့်ထုတ်ထားတယ် မဟုတ်လား” လို့ မေးမိပါတယ်၊ ဦးကောဏ္ဍည က ကိုယ်တော်ဘာတွေပြောနေတာလဲ။ ဒါ မြန်မာပြည်မဟုတ်ဘူး၊ ထိုင်းနိုင်ငံ။ ပြီးတော့ ကိုယ်တော်နေတဲ့ မန္တလေးလဲ မဟုတ်ဘူးလို့ပြောမှ သတိရတော့တယ်၊ မိမိထွက်လာစဉ်က ည(၁၁)နာရီ အပြင်မထွက်ရ အမိန့် မရုပ်သိမ်းသေးသဖြင့် မိမိစိတ်ထဲမှာ  ထိုအချိန်ရောက်တိုင်း အပြင်မထွက်ရချည်းပဲ အောက်မေ့နေမိပါတယ်၊ ထိုအကျင့်သည် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လန်းပန်းမြို့သို့ သွားရောက် နေထိုင်သည့်အချိန်ထိ အတော်ကြာအောင် မပျောက်ပဲ ဖြစ်နေပါတော့တယ်။ 

 ၁၇-၇-၁၉၉၁ ဘန်ကောက်

            ညက အတော်နှင့် အိပ်မပျော်သည့်အတွက် မနက်မိုးလင်းတော့မှပဲ နိုးတော့သည်၊ မျက်နှာသစ် သွားတိုက်ပြီးနောက် ဦးဓမ္မာနန္ဒညီ ကိုမောင်မောင် ချက်ကပ်သောအာရုံ ဆွမ်းကို ဘုဉ်းပေးပါသည်၊ အာရုံဆွမ်း စားကြပြီးနောက် ဦးကောဏ္ဍညက မိမိအား မြဘုရားသို့ ခေါ်ဆောင်သွားပါ သည်၊ မြဘုရားသို့ တည်းခိုရာ ၀ပ်မဟာထာ့ကျောင်းတိုက် အနောက်တံခါးပေါက်မှထွက်ပြီး ကျောင်းတိုက်ကိုပတ်ကာ သွားကြပါသည်၊ ပထမဆုံးမြင်ကွင်းက မိမိအဖို့ အလွန်ထူးဆန်းနေပြီး ဓါတ်ပုံရိုက်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေမိပါ၏၊ အဲဒါကတော့ ရုံးတက်သူ အမျိုးသမီးများနှင့် တက္ကသိုလ်ကျောင်းသူများဟာ စကတ်တိုတိုလေးတွေကို ယူနီဖေါင်းပုံစံ ညီညီညာညာ ၀တ်ထား   ကြခြင်းပါပဲ၊ မြန်မာပြည်မှာတုံးက အပြင်လဲထွက်ခဲ ပြီးတော့ ဒါမျိုးဝတ်တာလဲ တခါမှမတွေ့ ဘူးတော့ အထူးအဆန်း ဖြစ်နေသည်ထင်ပါသည်၊ ပြီးတော့ မြန်မာပြည်ပြန်ရောက်ရင် မိတ်ဆွေတွေ ကိုပြချင်တာလဲ ပါတာပေါ့လေ၊ ဒါပေမဲ့ ဦးကောဏ္ဍညက ဓါတ်ပုံမရိုက်ဖို့ ပြောထားသည့်အတွက် မိမိ၏ ဓါတ်ပုံ ရိုက်ချင်စိတ်ကို မြိုသိပ် ထားလိုက်ပါတော့သည်။ 

ဈေးသည်၊ ဈေးဝယ်စုံတဲ့ ဘန်ကောက်

 ဆွဲဆောင်မှုက အားကြီး

မြဘုရားမှာ ပထမ ရာမ မင်းဆက်ဖြစ်သော ရာမ(၁) တည်ဆောက်ခဲ့သော နန်းတော် ဟောင်းအတွင်းမှာ တည်ရှိပါတယ််၊ ထိုနန်းတော်မှာ ရာမ(၈) ဘုရင်နန်းတွင်းမှာ လုပ်ကြံခံရပြီး နောက် ယခုလက်ရှိစိုးစံနေသော ရာမ(၉)လက်ထက်တွင် ထိုနန်းတော်ဟောင်းကို စွန့်ပစ်ခဲ့ကာ ယနေ့ လက်ရှိနန်းတော်သစ်သို့ ပြောင်းရွှေ့စံမြန်း နေခဲ့ပါသည််၊ မြဘုရားအတွင်းသို့  နိုင်ငံခြား သားများအတွက် ထားသော ဂိတ်ပေါက်မှ ၀င်လိုက်ကြပါ၏၊ ဂိတ်ဝမှာ လက်နက်ကိုင် ထိုင်းစစ်သားများ စောင့်နေကြတာကို တွေ့ရပြီး ဘာပြုလို့စောင့်နေကြတာလဲလို့ ဦးကောဏ္ဍညကို မေးတော့ မြဘုရားဟာ ထိုင်းဘုရင့် နန်းတော်ဟောင်းထဲမှာ တည်ရှိတဲ့အတွက် နန်းတော်ဟောင်း ကိုစောင့်တာရော၊ ဘုရားကို စောင့်တာရောပေါ့ တဲ့၊ မြဘုရားအတွင်းသို့ ၀င်မိလိုက်တာနဲ့ တပြိုင်နက် ရင်သပ် ရှုမောစရာ ကောင်းသောမြင်ကွင်းက မိမိကို ဒရောသောပါး ဆီးကြို ပါတော့သည်၊ Foreground မြင်ခင်းစိမ်းစိမ်းပေါ်တွင် ရွှေရောင် တဝင်းဝင်းဖြင့် တောင်ပြောင်နေသော မြဘုရားဝင်း အတွင်းမှ စေတီတော်နှင့် စုလစ်မွန်းချွန် အထွတ်တပ်ထားသော အဆောက်အဦးတို့၏ ရွှေရောင်။ စဉ့်ရောင်။ ဆေးအရောင်တို့ကို နေရောင်အောက်တွင် မြင်ရသည်မှာ နတ်ဘုံနတ်နန်းအလား တဆန်းတပြားဖြင့် အသက်ရှု ရပ်သွားလောက်အောင်ပင် ဆွဲဆောင်မှုက ကြီးမားလှပါတော့သည်၊ မိမိသည်လက်ထဲတွင်ပါလာသော ရိုလီ အမျိုးအစားကင်မရာ အသေးလေးဖြင့် ဓါတ်ပုံတဖျတ်ဖျတ် ရိုက်မိတော့ မိမိလိုပဲ ဘုရားဝင်း အတွင်းတွင်ရှိနေကြသော နိုင်ငံခြားသားမှန်သမျှသည်လဲ မိမိတို့ကြိုက်နှစ်သက်တဲ့ ပုံစံကိုရွေးချယ်ကာ မြဘုရားကို နောက်ခံထားပြီး ဓါတ်ပုံရိုက်ကြသည်ကိုတွေ့ ရပါတယ်၊ မြဘုရားဝင်း အတွင်းသို့ ရောက်နေသူတိုင်း၏ မျက်နှာများကို ကြည့်ရသည်မှာ ပြံုးရွှင် ပျော်မြူးနေကြသဖြင့် မိမိပါ သူတို့ စိတ်ဓါတ် အပျော်ကူးပြီး ကြည်နူးဝမ်းမြောက် မိပါတော့တယ်။ 

ဘီလူးတွေ စောင့်ကြပ်တဲ့ မြဘုရား အဝင်အဝ

 မြင်ကွင်းအဆန်း

ဘုရားသို့အသွား လမ်းတွင် မြင်တွေ့ရသမျှ အမျိုးသားရော အမျိုးသမီးပါ ဂျင်းဘောင်းဘီ ၀တ်ကြပြီး တချို့အမျိုးသမီးများက မီနီ စကတ်ကလေးများ ၀တ်ကြသည်ကို တွေ့ရသည်၊ များသော အားဖြင့် ယူနီဖေါင်းပုံစံ အဝတ်များကြတာကို တွေ့ရသည်၊ မိမိက ကြည့်ကောင်းကောင်းနှင့်ငေး    ကြည့်သောအခါ ထိုင်းမှာအနေကြာ နေပြီဖြစ်သော ဦးကောဏ္ဍညက မိမိအား  “ ကိုယ်တော် ဒီမှာ အမျိုးသမီးတွေကို မကြည့်ရဘူး။  ကြည့်ရင် ပုလိပ် လာဖမ်းလိမ့်မယ်” လို့ပြောလိုက်တဲ့အတွက် မိမိလဲ နောက်ထပ်မကြည့် ရဲတော့ပါ၊ ဓါတ်ပုံလဲ မရိုက်ဖြစ်ခဲ့တော့ပါ၊ မြင်ကွင်းတွေဟာ ပထမသာ အမြင်ဆန်းပေမဲ့ ကြာလာတော့လဲ မထူးတော့ပါဘူး။ ရိုးသွားပါတော့တယ််၊ ဗမာပြည်မှာတော့ Old Fashion ဘဝက မတက်ကြသေးတဲ့အတွက် နို်င်ငံခြားရောက် မြန်မာများအဖို့ အထူးအဆန်း ဖြစ်နေရခြင်း ဖြစ်တယ်လို့ထင်ပါတယ်၊ တချို့ကလဲပြောကြတယ်။ ထိုင်းနိုင်ငံဟာ အနောက်တိုင်းယဉ်ကျေးမှုကို မွေးစားလိုက်တာ ဘယ်အထိ တော်သလဲဆိုရင် အမေရိကန်တွေတောင် လက်မြှောက် အရှုံးပေး ရတဲ့အထိပဲတဲ့။

 ဒါတွေရှောင်သင့်သည်

ထိုင်းနိုင်ငံဟာ အနောက်တိုင်း ယဉ်ကျေးမှုကို မိမိယဉ်ကျေးမှုသဖွယ် မွေးစားလိုက်တယ်ဆို ပေမဲ့ သူ့ကိုယ်ပိုင် ယဉ်ကျေးမှုကိုလဲ မပျောက်မပျက်ရအောင် ထိန်းသိမ်းထားတာကို နောက်ပိုင်း အနေကြာလာတဲ့ အခါမှာ တွေ့မြင်လာရပါတယ််၊ မြဘုရားအဝင်ဂိတ်မှာ စောင့်နေသော စစ်သား များက ၀င်လာသော နိုင်ငံခြားသား ဧည့်သည်များအား စောင့်ကြည့်ပါသည်၊ အဝတ်အစား ၀တ်လာတာ အမြင်မတော်တာ တွေ့ပါက တားမြစ်ပါသည်၊ မြဘုရားသို့ ၀င်ရာမှာ ညှပ်ဖိနပ်မစီးရ။ ဘောင်းဘီတို မဝတ်ရ။ စွပ်ကျယ်လက်ပြတ် ၀တ်မလာရ။ အမျိုးသမီးများမှာလဲ ဘောင်းဘီတို    မဝတ်ရ။ လယ်ဟိုက်အင်္ကျီ မဝတ်ရ။ အကယ်၍ အခန့်မသင့် ၀တ်လာမိပါက ဂိတ်အဝင်ဝ အရှေ့ရှိ ဈေးဆိုင်တန်းမှာ အဝတ်အစားများ ခေတ္တငှားပါသည်၊ သူတို့အမြင်မှာ မတော်တရော် အဝတ်အစားဖြင့် ဘုရားဝင်းထဲ ၀င်လျှင် အ-ဂါရဝဖြစ်သည်ဟု မြင်သည်၊ ဒါပေမဲ့ မြန်မာများနှင့် ဆန့်ကျင်သော အချက်တစ်ချက်မှာ ဘုရားဝင်းထဲတွင် ဘိနပ်စီး ခွင့်ပြုထားခြင်းဖြစ်သည်၊  သူတို့အဆိုက ဘုရားဝင်း၊ ကျောင်းဝင်းအတွင်း မညစ်ပတ်စေရန်ဟု ဆိုသည်။
ကိန္နရီ၊ ကိန္နရာ လေလား

 အတုခိုးဖို့ ကောင်း

            အဝတ်အစား လုံလုံခြုံခြုံ ၀တ်စားဆင်ယင်ပြီးမှ ၀င်ခွင့်ပြုသော အလေ့အထကို မိမိ အတော်နှစ်သက်မိသည်၊ မိမိတို့မြန်မာနိုင်ငံမှာလဲ ဒီလိုလုပ်သင့်သည်ဟု ထင်ပါသည်၊ ဘိနပ်စီးခွင့် ပြုသော ကိစ္စကိုတော့ မပြောလိုပါ၊ မိမိတို့ မြဘုရားအတွင်း ၀င်ဝင်ခြင်းဘဲ မြင်ကွင်းက မိမိကို အရမ်းဖမ်းစား လိုက်ပါတော့သည်၊ မိမိကင်မရာကို ဦးကောဏ္ဍညအား ပေးကာ မြဘုရားကျောင်းတော် ကိုနောက်ခံထား၍ ဓါတ်ပုံ ရိုက်စေပါသည်၊ လာသမျှ နိုင်ငံခြားသား ဧည့်သည်များလဲ သူ့ထက်ငါ ထိုနေရာမှာပင် ဓါတ်ပုံရိုက်ကြပါသည်၊ ဓါတ်ပုံရိုက်ပြီးနောက် မြဘုရား အတွင်းသို့ အတွင်းထပ်ရှိ ဂိတ်ပေါက်မှ ၀င်ကြရပါသည်၊ လူပုဂ္ဂိုလ်များ အတွက် ထိုင်းငွေ ဘတ်(၁၀၀) ပေးရပါသည်၊ ရဟန်းတော် များအတွက် ကောက်ခံခြင်းမရှိပါ၊ (ယခုအခါမှာ ဘတ် ၃၀၀ ပေးရပါသည်၊) ဦးကောဏ္ဍည ဦးဆောင်၍ မိမိတို့သည် မြဘုရား ရုပ်ပွားတော် သီတင်းသုံးသည့်ဝင်း ဂိတ် ပေါက်က်ဝ ရောက်သည်တွင် အမေရိကားမှ ပြန်လာသော စွယ်တော်ဆရာတော်နှင့် အဖွဲ့ကို တွေ့ရပါတယ်၊ စွယ်တော်ဆရာတော်နှင့် အဖွဲ့ကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ပင့်ဆောင်လာခြင်းဖြစ်ပြီး ဦးကောဏ္ဍညက သွားရောက်နှုတ်ဆက် လက်အုပ်ချီ ကန်တော့ပါတယ််။    

မြဘုရားကို ဖူးမြှော်ရပြီ

ဘုရားဝင်း အတွင်းထပ်ထဲ ၀င်မိလိုက်တာနဲ့ တပြိုင်နက် ကြီးမားသော ဘီလူးရုပ်ကြီးများက မားမားမတ်မတ်ကြီးဖြင့် ဆီးကြိုနေပြီး။ ပထမဆုံး ရောက်လာသော ရဟန်းရှင်လူ မည်သူမဆို ထိုဘီလူးရုပ်ကြီးများ၏ ဖမ်းစားမှုကို ခံကြရသည်ချည်း ဖြစ်ပါ၏၊ ဘုရားကျောင်းတော်ဆောက် ထားပုံက လှပသေသပ်ပြီး ဖလ်ရောင် မှန်ရောင် ရွှေရောင် ငွေရောင်တို့ဖြင့် တဖိတ်ဖိတ်တောက် ပြောင်နေပါသည််၊ ကျောင်းဆောင်ဘေး ပတ်ပတ်လည်မှာ ကိန္နရီ၊ ကိန္နရာရုပ်များဖြင့် ၀န်းရံထားပြီး ကျောင်းအဝင်ဝမှာ ဘိနပ်ချွတ်ကြရပါသည်၊ မိမိတို့ ဘုရားဖူးလာသော နိုင်ငံခြားသားများဖြင့် ပြည့်နေကာ အလှည့်ကျ တန်းစီ၍ ငြိမ်သက်စွာ ၀င်ရောက်ဖူးမြှော် ကြသည်ကို တွေ့ရပါတယ််၊ မိမိတို့အဖွဲ့ လဲ အများနည်းတူ တန်းစီဝင်လိုက်ကြပြီး မြဘုရား ရုပ်ပွားတော်၏ ရှေ့တော်တွင် ၀င်ရောက်နေရာ ယူကြပါတယ်၊ မြဘုရား ရုပ်ပွားတော် သီတင်းသုံးသည့် ခန်းမဆောင်သည် အတော်အသင့်ကျယ်ဝန်း ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ထားသဖြင့် အလွန်အင်မတန်မှ ကြည့်လို့ကောင်းပါသည်၊ မြဘုရားရုပ်ပွားတော်ကို လက်ခုပ် တဖေါင်ခန့်မြင့်သော ပလ္လင်ပေါ်တွင် ဖူးမြင်ရပြီး အလွန်ကြည်ညို ဖွယ်ကောင်းလှပါသည်၊ မြန်မာပြည်မှာ နေစဉ်တုံးက စာထဲမှာသာ ဖတ်ဖူး တွေ့မြင်ဖူးပြီး စိတ်ကူး ဖြင့်မှန်းဆ ကြည်ညိုခဲ့ရပါသည်၊ ယခုတော့ နဖူးတွေ့ ဒူးတွေ့ ဖူးတွေ့ရပါပြီ၊ မိမိကတော့ အခြားသော နိုင်ငံခြားသားများကို ကျော်ကာ ရုပ်ပွားတော်ရှေ့တွင် ကာရံထားသော နေရာအထိ သွားရောက် ထိုင်လိုက်ကာ ဦးသုံးကြိမ် ချလိုက်ပါသည်၊ လူများပေမဲ့ အခန်းမှာ တိတ်ဆိတ်ငြိမ်သက် နေပါသည်၊ စည်းကမ်းကောင်းသော လူမျိုးတို့၏ ထုံးစံပင်ဖြစ်သည်၊ ဘုရားအခန်းဝမှာ အစောင့်များရှိပြီး သေချာစွာ စောင့်ကြည့် နေကြပါသည်၊ မြဘုရား ရုပ်ပွားတော်ကို တစ်ကြိမ် ဖူးတွေ့ဆုတောင်းပါက ဆုတောင်းပြည့်သည်ဟု ဦးကောဏ္ဍညမှ ပြောပြချက်အရ မိမိလဲ ဆုတောင်းလိုက်ပါသည်၊ နိုင်ငံခြား မှာ သာသနာ ကြာရှည်စွာ ပြုနိုင် ရပါလို၏ … ဟု ……. ။      
အနီရောင်ဝိုင်းပြထားတာ အစောင့်  အကြပ်ထူတဲ့ မြဘုရားပါ

 တို့ဗမာပြည်က ဘုန်းကြီးပျံ ပြာဿဒ်တွေနဲ့ တူလေရော့ သလား

            မြဘုရားအတွင်းမှာ အာရုံပြုပြီးသောအခါ ဦးကောဏ္ဍညက အပြင်သို့ ခေါ်ဆောင်ပြီး မြဘု ရား ၀င်းအတွင်းရှိ ကျောင်းဆောင်များနှင့် နန်းတော်ဟောင်းတို့ကို လိုက်လံပြသပါသည်၊ မိမိအဖို့မှာ မြင်ကွင်းတွေက အထူးအဆန်း တွေချည်းဖြစ်နေကာ ကြည့်လို့ မဝအောင် ဖြစ်နေပါတော့သည်၊ ဓါတ် ပုံ ၀ါသနာပါသူလည်း ဖြစ်နေပြန်တော့ “ချေမ ပဲခင်းတွေ့”ဆိုသလို ဖလင်လိပ်များ တလိပ်ပြီး တလိပ် ကုန်အောင် ရိုက်ပစ် လိုက်ပါတော့သည်၊ ဘေးပတ်လည် စောင်းတန်းတွေထဲမှာ ရာမဇာတ်သ ရုပ်ဖေါ်ပုံများဖြင့် ခြယ်မှူန်းထားပါသည်၊ မြန်မာပြည်မှာနေစဉ် မိမိဘဝ ဆယ်ကျော်သက်တုံးက မိမိ တို့ မန္တလေးတောင်မှ လစဉ်ထုတ်ဝေသော “မြရတနာ”မဂ္ဂဇင်းတွင် ဒဂုန်ဒေါ်ခင်ခင်လေးက ရေးဖူး သည်၊ တကာမကြီး မြဘုရားဝင်းထဲ ရောက်သွားတဲ့အခါ သူမ ဘယ်လိုခံစားရတယ်ဆို ဒီလိုဖေါ်ပြ ထားပါသည်၊ အထူးသဖြင့် ‘၀ပ်ဖို’ ဘုရားဝင်း အတွင်းမှာဖြစ်သည်၊ ဆရာမကြီးက “ယိုးဒယားက ကျောင်းဆောင်တွေကြည့်ရတာ တို့ဗမာပြည်က ဘုန်းကြီးပျံတွေမှာ တွေ့ရလေ့ရှိတဲ့ ပြာဿဒ်တွေ နဲ့ တူလိုက်တာတဲ့”။ 

 သဘာဝပစ္စည်းများဖြင့်အလှဆင်

            ထိုင်းလူမျိုးများသည် ဘုရားဝင်းအတွင်းရှိ ပြာဿဒ်တန်ဆောင်းများကို ပြင်ဆင်ရာတွင် သဘာဝပစ္စည်းများ ဖြစ်သော ခရုခွံ။ ကမာခွံ အစရှိသည်တို့ဖြင့် အပြောက်အမွှမ်း လုပ်ကာပြင်ဆင် လေ့ရှိသည်၊ သေသေသပ်သပ်ဖြင့် စံနစ်တကျ (Unique) ဖြစ်အောင် ပြုလုပ်ထားသဖြင့် အလွန်ကြည့်လို့ ကောင်းလှသည်၊ ထိုနည်း လည်းကောင်းပါပဲ၊ အခြားသော ဘုရားများမှာလဲ သဘာဝ ပစ္စည်းများ ဖြင့်လုပ်ထားသည်ကို တွေ့ရပါလိမ့်မည်၊ အခြားသော ဆွဲဆောင်မှု အားကောင်းသည့် မြင်ကွင်းတစ်ခုု မှာ မကျည်းပင်နှင့် အခြားသော သစ်ပင်များကို သဘာဝအတိုင်း ရှင်သန် မနေစေဘဲ မိမိတို့လိုချင်သလို။ ဖြစ်စေချင်သလို ရအောင် ပုံဖေါ်ထားခြင်းဖြစ်သည်၊ ဆင်ရုပ်။ မြင်းရုပ် စသည်ဖြင့် ပေါ့လေ၊  မြဘုရားအဆောင်နှင့် ဘေးချင်း ယှဉ်လျက် အဆောင်ထဲမှာ ယခုလက်ရှိ အုပ်စိုးနေသော ရာမမင်းဆက် အထိ ရုပ်ထုများလဲ ရှိနေသည်။    

 နန်းတော်ဟောင်းထဲမှာ

            မြဘုရား သီတင်းသုံးတော်မူရာ အဆောင်ထဲမှ ထွက်လာကြပြီးနောက် နန်းတော်ဟောင်း အဆောင်များ ရှိရာဘက်သို့ ဦးကောဏ္ဍညက မိမိတို့ကို ခေါ်ဆောင်သွားပါသည်၊ ပထမဆုံး ရာမမင်း ဆက်များ ဘိသိက်ခံရာ ရာဇဘိသေကမင်္ဂလာ ခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားပါသည်၊ ခန်းမ ဆောင်ကြီးမှာ ကျယ်ဝန်းပြီး ရာဇဘိသေကခံရာ ရာဇပလ္လင်ကို အခန်း၏ အထက်ပိုင်းမှာ ထားရှိပါ သည်၊ ဦးကောဏ္ဍညမှ ရာဇဝင်ကိုလဲ ရှင်းပြပါသည်၊ ၎င်းမှ ထွက်ခဲ့ကြပြီးနောက် ယခုအခါပြတိုက် များလုပ်ထားသော အခြားနန်းတော်ဆောင်များ ရှိရာသို့ သွားကြပါသည်၊ ပြတိုက်အဝင်ဝတွင် စစ်သားများ သေနတ်များကိုင်ကာ မျက်နှာထားတင်းတင်းဖြင့် စောင့်နေကြပါသည်၊ ဘာမှတော့မပြောပါ၊ အတွင်းထဲ ရောက်ပြီးနောက် ပြထားသော ပစ္စည်းများကို ကြည့်လိုက်သောအခါမှ စစ်သမိုင်း အထူးသဖြင့် မြန်မာနှင့်ထိုင်း စစ်ပွဲအကြောင်း ပြထားသော ပြတိုက် ဖြစ်နေသည်ကို တွေ့ရပါတော့သည်။ 

၁၈၈၂ခုနှစ်က ဆောက်ခဲ့တဲ့ ချက်ရီ နန်းတော်က အခုတော့ ပြတိုက်ပေါ့

 ဗမာတွေကို အသေပစ်သတ်နိုင်လိုက်တဲ့ သေနတ်ကြီး

            ပြတိုက်ထဲရောက်လို့ လျှောက်ကြည့်လိုက်တဲ့အခါ ပြထားသော ပစ္စည်းများသည် ယိုးဒယား မင်းအဆက်ဆက်တို့ လက်ထက်က တိုက်ပွဲများတွင် အသုံးပြုခဲ့ကြသော စစ်လက်နက် ပစ္စည်းများကို ပြသထားခြင်းဖြစ်ပါ၏၊ လှံများ၊ အဲမောင်းများ၊ မောက်တို၊ မောက်ရှည်များ၊ တလုံးထိုးသေနတ်များ၊ အမြောက်များ၊ အမြောက်ကျည်ဆံများနှင့် စစ်ပွဲသုံးငှက်ကြီးတောင် ဒါးအမျိုး မျိုးတို့ကို ပြသထားပါတယ်၊ ထိုအထဲတွင် မြန်မာတို့ လည်ချောင်းသွေးများကို သောက်ခဲ့သောဒါး ဆိုတာကိုလဲ ပြထားပါသေးတယ်၊ မိမိစိတ်ထဲတွင် ဘာကြောင့် တို့မြန်မာနိုင်ငံက ပြတိုက်တွေထဲ မှာ မြန်မာဘုရင်များ လက်ထက်က အသုံးပြုခဲ့ကြတဲ့ လက်နက်ပစ္စည်းတွေ ပြမထားကြပါလိမ့်ဟု အတွေး နယ်ချဲ့မိပါတော့သည်၊ ကြည့်ရင်း ကြည့်ရင်းနဲ့ တနေရာ ရောက်သွားသောအခါ မြန်မာစစ်သားများကို အသေ ပစ်သတ်လိုက်နိုင်တဲ့ သေနတ်ကြီး ဆိုတာကို ပြသထားပါသည်၊ မိမိစိတ်ထဲမှာ အတော်ခံစားလိုက်ရသည်၊ ရှေးတုံးက မြန်မာရှင်ဘုရင်များသည် သူတပါးပိုင်နက် များကို အသားလွတ် ဘယ်သောအခါမှ နယ်ချဲ့လေ့မရှိခဲ့ကြပေ၊ မိမိနိုင်ငံကို လာရောက် ထိပါးလာမှသာ ပြန်လည် လက်တုံ့ပြန်လေ့ရှိပေသည်၊ ယိုးဒယားနှင့်ဖြစ်ခဲ့ရသော စစ်ပွဲများသည်လဲ ယိုးဒယားတို့က တနင်္သာရီ၊ မြိတ်၊ ထားဝယ်၊ ကျိုင်းတုံစသော နယ်ပယ်များကို လာရောက်ထိပါး ရာမှအစ တိုက်ခဲ့ရခြင်းဖြစ်သည်၊ မြန်မာရှင်ဘုရင်များ အနေဖြင့် နောက်နောင် မချဲ့နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အယုဒ္ဒယကို တိုက်ခဲ့ရခြင်းဖြစ်သည်၊ (ဒေါ်မြမြမူ မဟာဝိဇ္ဇာ ရေးသော ယိုးဒယား-မြန်မာ ဆက်ဆံရေးသမိုင်းတွင် … ရှု့)    

                      မိမိစိတ်ထဲမှာ မကျေနပ်တာ တခုတော့ရှိသည်၊ ဘယ်နေရာမှာပဲကြည့်ကြည့် ဗမာတွေကို နယ်ချဲ့အဖြစ်ဖေါ်ပြထားပြီး သူတို့က မြန်မာပိုင်နက်များကို လာရောက်ထိပါးခြင်း အကြောင်းကိုတော့ လုံးဝဖော်ပြမထားပဲ မြှုပ်ထားခြင်းဖြစ်သည်၊ ပုဂံခေတ်နှောင်းပိုင်း မြန်မာဘုရင် ကျစွာမင်းလက် ထက်တွင် မုတ္တမမြို့စား အလိမ္မာအမတ်ကို ယိုးဒယားတို့က မြှောက်ပေးသော မွန်တို့သတ်ဖြတ် လိုက်ရာကအစ ယိုးဒယားမြန်မာ ဆက်ဆံရေးသမိုင်းသည် တမျိုးတဖုံ ပြောင်းလဲလာခဲ့သည်ဟုဆို ရပေလိမ့်မည်၊ ထားပါတော့။ မိမိသည် ရာဇဝင်ဆရာလဲ မဟုတ်သလို ရာဇဝင်ရေးနေခြင်းလည်း မဟုတ်သဖြင့် မိမိ၏ ခရီးစဉ်အကြောင်းကို ဆက်ပါတော့မည်။   

            ပြတိုက်မှ ပြန်ထွက်လာပြီးနောက် မိမိစိတ်များ မကြည်လင်ချင်တော့၊ မိမိ၏စိတ်သည် ခံစားစရာ တခုခုနှင့်ကြံုလျှင် အတွေးအမြှင်မပြတ်နိုင်ဘဲ တနုံ့နုံ့နှင့် ခံစားတတ်သော အကျင့်ရှိသည်၊ တခါတရံ အတိတ်ကို ပြန်လွမ်းတတ်သည်၊ ငယ်စဉ်က ဆုံးပါးသွားခဲ့သော အမေ့ရုပ်သွင်ကို လိုက်ဖမ်းနေတတ်သည်၊ အမေဟာ ဘယ်လိုရုပ်သွင် ရှိလေလိမ့်မလဲလို့လဲ အတွေးနယ်ချဲ့လေ့ရှိသည်၊ ထိုနည်းလည်းကောင်းပါဘဲ။ ယိုးဒယားရောက်တော့ ယိုးဒယား-မြန်မာ ဆက်ဆံရေးသမိုင်းကို အရမ်းစိတ်ဝင်စားမိသည်၊ မိမိတည်းခိုရာကျောင်းသို့ ရောက်သောအခါ ဦးကောဏ္ဍညကို မေးခွန်းများ မေးမိသည်၊ ဦးကောဏ္ဍညက အကောင်းဆုံးသော အဖြေကို တိုတိုတုတ်တုတ်ဖြင့် ပေးသည်၊ အဲဒါ ကတော့ အကျိုးမရှိတာတွေ တွေးမနေနဲ့တဲ့၊ ဒီနေ့ညမှာတော့ ဦးကောဏ္ဍညကို အရင်နေ့ညကလို ကားတွေ၊ လူတွေ ည ၁၁းဝဝ နာရီအထိ သွားနေတာအတွက် မမေးမိတော့ချေ။ 

 ဘန်ကောက်မြို့က ပထမဆုံး နေ့ဆွမ်း

မြဘုရားမှ ပြန်ထွက်လာကြပြီးနောက် ၀ပ်မဟာထာ့သို့ ပြန်ခဲ့ကြပြီး ဦးဓမ္မာနန္ဒ၏ ညီ ကိုမောင်မောင် ချက်ကပ်သော နေ့ဆွမ်းကို ဘုဉ်းပေးရပါတယ််၊ ဆန်မှာ အလွန်မွှေးသော ဆန်မျိုး ဖြစ်သဖြင့် မြန်မာပြည်မှ ပေါ်ဆန်းမွှေးဆန်ကို အမှတ်ရမိပါတော့သည်၊ ဆွမ်းမဘုဉ်းပေးမီ Rice Cooker အဖုံးဖွင့် လိုက်ကတဲက အလွန်သင်းပျံ့မွှေးကြိုင်သော ဆွမ်းရနံ့ကို လှူလိုက်ရသည့်အတွက် မီးလောင်ရာ လေပင့်ဆိုသလို နဂိုရ်က ဆာနေသော စိတ်ကိုပို၍ လှုံ့ဆော်ပါစေတော့သည်၊ မိမိတို့ မြန်မာနိုင်ငံမှာတော့ ပုသိမ်ပေါ်ဆန်းမွှေးဟာ ပထမတန်း အကောင်းစားဆန်မွှေးဖြစ်ပြီး အလွန်မွှေး ပျံ့သောရနံ့ရှိပါတယ်၊ နောက်ပိုင်း ထိုင်းနိုင်ငံမှာ နေထိုင်စဉ်အတောအတွင်း အလားတူဆန်မွှေး များကိုချည်းပဲစားရပါတယ််၊ မိမိအဖို့ရာမှာတော့ အစစအရာရာ မြင်မြင်သမျှ အရာဝတ္တုတွေဟာ အဆန်းတွေချည်း ဖြစ်နေပြီး စူးစမ်းချင်သော စိတ်များက တားမရ ဆီးမရအောင် ဖြစ်လာပါ တော့တယ်။ 

  ဘယ်ကလာ စစ်ဗိုလ် ဟုတ်ရမှာလဲတဲ့

မိမိက စကားပြောရင်းနှင့် လေဆိပ်အကြောင်း ရောက်သွားသည်တွင် “ဦးကောဏ္ဍည ရေ… တပည့်တော်ကို လာကြိုတာ ကြယ်သုံးပွင့်နဲ့ စစ်ဗိုလ်ကြီးက လာကြိုတယ်။ တော်တော်ယဉ် ကျေးကျေးကြတာပဲနော်” လို့ပြောလိုက်တော့ “ ဟာ ဒီကိုယ်တော် ဘာတွေ လျှောက်ပြောနေတာလဲ မသိဘူး၊ ဘယ်ကလာ စစ်ဗိုလ် ဟုတ်ရမှာလဲ၊ အဲဒါ အင်မီဂရေးရှင်း (လ.၀.က) အရာရှိပါ ကိုယ်တော်ရဲ့” တဲ့၊ မှားတဲ့ အခါလဲ  မှားပေမပေါ့နော်။

အတုတွေနဲ့ အတူနေတဲ့ ယဝလတ်လို့ ခေါ်တဲ့ တရုတ်တန်းညဈေး

 ဒေါ်တင်လှိုင်တို့ အိမ်နှင့်  Cross World သို့

            ၀ပ်မဟာထာ့ ကျောင်းတိုက်။ မိုင်ထိနိမ်တွင် နေ့ဆွမ်းစားကြပြီးနောက် ခေတ္တနားကာ ဦးကောဏ္ဍညနှင့် အတူ တက္ကစီငှားကာ ယောင်ချာချာ နှင့် ယဝရတ် ခေါ် တရုပ်တန်းဈေးသို့သွား   ကြပါတယ်၊ ဈေးမှာ ပစ္စည်းများစုံလင်လှပြီး Rolex နာရီအတုများကို ဘတ်(၁၀၀၀)နှင့်ဝယ်နိုင် သည်ကို တွေ့ရပါတယ်၊ ၎င်းမှနေ၍ တက္ကစီတစင်းထပ်ငှားကာ ၀ါဆိုသင်္ကန်း ကပ်လှူမည့် တကာမကြီး ဒေါ်တင်လှိုင်အိမ်သို့ သွားကြပါတယ်၊ တကာမကြီးမှာ မြန်မာပြည်မှ ထိုင်းနိုင်ငံသို့လာရောက်အခြေ စိုက်နေခြင်းဖြစ်ပါတယ်၊ တကာမကြီးထံမှ ၀ါဆိုသင်္ကန်း အလှူခံ ပြီးသောအခါ နယူးပင်နီဆူလာ ဟိုတယ်နားတွင် ထိုစဉ်က ရှိခဲ့သော မိမိကို စပွန်ဆာပေးခဲ့သော ကိုအော်စကာနှင့် ဒေါ်ပြုံးပြံုးကျော် တို့၏ Cross World Travel Agent သို့သွားပြီး ကိုအော်စကာနှင့် ဒေါ်ပြုံးပြံုးကျော်တို့ကို သွားနှုတ်ဆက်   ကြပါတယ်၊ ဆိုင်ကို ရောက်သောအခါ ကိုအော်စကာကိုသာ တွေ့ရပြီး ဒေါ်ပြံုးပြံုးကျော်ကို မတွေ့ခဲ့ ရပါ၊ ၎င်းမှ တက္ကစီငှားကာ ကျောင်းသို့ ပြန်ခဲ့ကြပါတော့တယ်။       

  သူတို့ ကံကောင်းကြသည်

            ကျောင်းသို့ ပြန်ရောက်ပြီးနောက် ခေတ္တနားကာ တက္ကစီကားဖြင့် ဘန်ကောက်မြို့ ချင်ချားရှိ ပရိက္ခရာတန်းသို့ သွားကြပါတယ်၊ ပရိက္ခရာတန်းသို့ ရောက်သောအခါ မိမိစိတ်ထဲမှာ အလွန်အံ့ဩ သွားမိလောက်အောင်ပင် ဆိုင်ခင်းကျင်းထားပုံနဲ့ ဆိုင်တွင်းရှိ ပစ္စည်းများတို့က စိတ်အစုံကို ဆွဲဆောင် ကြပါလေတော့တယ်၊ သင်္ကန်းများ၊ သပိတ်များ၊ ကလာပ်များ၊ အလွန်ကြီးမားလှသော ဖယောင်းတိုင်ကြီးများနှင့် အခြားအသုံးအဆောင် ပစ္စည်းများတို့သည် သပ်သပ်ယပ်ယပ် အရည် အသွေးကောင်းစွာဖြင့် ပြုလုပ်ထားတာကို တွေ့ရပါတယ်၊ သင်္ကန်းများက အရည်အသွေး ကောင်းသလို သပိတ်များသည်လဲ စတီးလ် (Steel) ဖြင့်လုပ်ထားသဖြင့် ခိုင်ခန့်လှပပြီး ၀ယ်ယူများ၏ အကြိုက်။ သုံးစွဲသူ သံဃာတော်များ၏ အကြိုက်ဖြစ်နေပါတော့တယ်၊ မိမိသည် ဦးကောဏ္ဍညအား“ ဒီနိုင်ငံကဘုရား ရုပ်ပွားတော်တွေ၊ နတ်ရုပ်တွေ၊ သံဃာတော်တွေဟာ တပည့်တော်တို့ နိုင်ငံက လူတွေထက် ကံကောင်းကြတယ်။ ဘာပြုလို့လဲဆိုတော့ ဘုရားရုပ်ပွားတော်တွေမှာ တင်ထားတဲ့ ကြာပန်း၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ တခြားအသုံး အဆောင်ပစ္စည်းတွေဟာ ဗမာပြည်နဲ့စာရင် အဆင့်အတန်း အလွန်မြင့်မားတယ်၊ ဖယောင်းတိုင် ရှားတဲ့ဗမာပြည်က ဘုရားတွေလိုမဟုတ်ပဲ ဒီကဘုရားတွေက ဖယောင်းတိုင်အကောင်းစား၊ အကောင်းစားမှ ဖယောင်းတိုင်မှာ ဇာတ်တော် နိပါတ်တော်ပုံတွေနဲ့ သရုပ်ဖေါ်ထားပါသေးတယ်၊ ကောင်းမွန်မြင့်မြတ်သော အသုံးအဆောင်ပစ္စည်းကို လှူဒါန်းသောသူ သည် ကောင်းမွန်မြင့်မြတ်သော အကျိုးကိုခံစားရ၏ ဟူသော မနာပဒါယီသုတ် လာ တရားတော်ကို သတိရမိတယ်၊ အထူးသဖြင့် ထိုင်းမှာ မိမိအကြိုက်နှစ်သက်ဆုံးသော အရာသည် ပန်းကုံးများပင်  ဖြစ်ပေ၏၊ ဘုရားတင်ရာမှာ သော်လည်းကောင်း။ ပန်းကုံးစွပ်ရာမှာ သော်လည်းကောင်း။ ကားပေါ် မှာ ချိတ်ဆွဲရန်အတွက်သော် လည်းကောင်း ရောင်းချကြသော ပန်းကုံးများသည် အထူးစပါယ်ရှယ် လက်ရာမြောက် ပြုလုပ်ထားသော ပန်းကုံးများ ဖြစ်လေသည်၊ မိမိတို့ မြန်မာနိုင်ငံမှာ ထိုကဲ့သို့သော ပန်းကုံးမျိုးကို မမြင်ခဲ့ဘူးပါချေ၊ မိမိသည် ဒီလိုလဲ တွေးမိလိုက်ပါသည်၊ ထိုင်းနိုင်ငံက ဘုရားရုပ်ပွားတော်များနှင့် နတ်များသည် မိမိတို့မြန်မာနိုင်ငံက ဘုရားများနှင့်နတ်များထက် ကံကောင်းကြသည်။  ထိုင်းလူမျိုးများသည်လည်း ယဉ်ကျေးမှုအရာမှာ တို့ဗမာများထက် မြင့်လာကြ သည်ဟုသာ ……. ။   

 တွေ့ပြီဟေ့ တို့ဗမာပြည်က ဘုရားတွေ

            ဆိုင်တဆိုင်မှာတော့ မိမိတို့ မြန်မာနိုင်ငံမှ ရှေးဟောင်းရုပ်ပွားတော်များ၊ ခေါင်းလောင်းများ၊ ခေါင်းလောင်းစဉ်နှင့် ခေါင်းလောင်းထမ်း အရုပ်များကို တွေ့ရပါသည်၊ မိမိတို့ဆီမှ မတရားသောနည်း ဖြင့် ခိုးဝှက်သယ်ယူပြီး ထိုင်းနိုင်ငံသို့ ဈေးပေါပေါဖြင့် ရောင်းချထားသော ရှေးဟောင်းအမွေအနှစ် မြန်မာ့လက်ရာ စစ်စစ်များပင် ဖြစ်ပါတော့သည်၊ မိမိတို့ မန္တလေးတောင်က ကျွန်းသားရုပ်ပွားတော် မှန်သမျှ အခိုးခံခဲ့ရရာ ထိုရုပ်ပွားတော်များထဲတွင် ပါကောင်းပါနိုင်ရဲ့ဟု တွေးမိခဲ့သေးသည်၊ ဘုရား မှန်သမျှ ရွှေအပွတ်ခံရ၍ ထိုကဲ့သို့ ဘုရားများမှ ရွှေပွတ်၍ ခိုးယူသော သူများကို အစောင့် သံဃာတော်များနှင့် လူများက ဖမ်းမိ၍ ရဲစခန်းသို့ အပ်သောအခါ အရေးယူမှုက မဖြစ် စလောက်ကလေးပင် ရှိပါတယ််၊ ထိုကဲ့သို့ ဘုရားရုပ်ပွားတော်များကို ခိုးယူခြင်း။ ရွှေပွတ်ယူခြင်း လုပ်ကြသူများမှာ ဘာသာခြား ကုလားများနှင့် မြန်မာလူမျိုးများ ကိုယ်တိုင်ပင် ဖြစ်နေပါတော့တယ်။      

 လူကြီးအိမ်က ကြက်မို့ ထောင်သုံးနှစ်တဲ့

            ထိုခေတ်က တရားစီရင်းရေးကို ပြန်လည်ကြည့်ရှုမည်ဆိုလျှင် ဓါတ်ဘူးခိုးသောသူကို ထောင်ဒါဏ် သုံးနှစ်အပြစ်ပေး၏၊ ကြက်တကောင် ခိုးသောသူကိုလဲ ထောင်ဒါဏ် သုံးနှစ်ပင် အပြစ်ပေး၏၊ ခိုးခဲ့သော ကြက်က ကောင်စီလူကြီး၏ အိမ်ကမို့တဲ့၊ မယုံလျှင် မ.ဆ.လ များ ကောင်းစားခဲ့သော ၁၉၈၀ ၀န်းကျင် သတင်းစားများကို စာကြည့်တိုက်များမှာ ရှာကြည့်ကြပါ လေကုန်၊ ဘုရားရုပ်ပွားတော် ခိုးသောသူ၊ ဘုရား၌ ရွှေပွတ်ခိုးယူသော သူများကိုတော့ ဥပဒေမရှိ၍ အရေးမယူနိုင် ဟူ၏၊

 ကျမယောက်ျားပါ

            တခါက ကြေးမုံသတင်းစာထဲမှာ ဖတ်လိုက်ရသည်၊ သတင်းခေါင်းစီးက “ကျမယောက်ျား ပါ”တဲ့၊ ဖြစ်ပုံက မြင်းခြံမှ အမျိုးသမီးတစ်ယောက်သည် မတ်ရပ်ရုပ်ပွားတော် တစ်ဆူကို စောင်ဖြင့် ပတ်၍ မိမိထိုင်သော ထိုင်ခုံအောက်တွင် ချထားကာ ရန်ကုန်သို့ ရောင်းချရန်အတွက် သယ်ယူလာ လေသည်၊ စစ်ဆေးရေးအရာရှိများက ရထားပေါ်တက်၍ စစ်သောအခါ ထိုအထုပ်ကြီးကိုတွေ့၍ မေးမြန်းသောအခါ “ ကျမယောက်ျားပါ။ နေမကောင်းလို့ စောင်ခြုံပြီး ထိုင်ခုံအောက် ၀င်အိပ်နေတာ ပါ” ဆိုတော့ အရာရှိများက မသင်္ကာသဖြင့် စောင်ကို ဆွဲဖွင့်လိုက်သောအခါ ကျွန်းသား မတ်ရပ် ရုပ်ပွားတော်ဖြစ်နေသည်ကိုတွေ့ရလေသည်၊ အော် ….. စိဥ္စမာန သေသွားပြီးနောက် ဗမာပြည်မှာ ပြန်လည်မွေးဖွား နေပါတကားဟု ထိုစဉ်က မှတ်ချက် ချခဲ့မိပါတော့သည်။     

  New World ကုန်တိုက်သို့

            ထိုမှ “တုတ်တုတ်” ခေါ် သုံးဘီးကားငှားကာ New World ကုန်တိုက်သို့ မိမိတို့ကို ခေါ်ဆောင် သွားပြန်ပါသည်၊ ကုန်တိုက်မှာ ၁၆ ထပ်ရှိပြီး ပစ္စည်းအမျိုးပေါင်းစွာ ပြသထားသည်၊ မိမိသည် ဗမာပြည်မှာ နေခဲ့စဉ်က ဒီလိုကုန်တိုက်ကြီးမျိုးကို မရှိလို့လားမသိ။ မမြင်ဘူးခဲ့ပါချေ၊ ဒါကြောင့် မြင်မြင်သမျှသည် အထူးအဆန်းချည်းပဲ ဖြစ်နေလေတော့၏၊ တောသားမြို့ရောက် ကျီးကန်း တောင်းမှောက် ဖြစ်ပါလေတော့သည်၊ မိမိသည် ရိုလီကင်မရာလေးဖြင့် အရောင်းစာရေးမများကို ဓါတ်ပုံသွားရိုက်သောအခါ ဦးကောဏ္ဍညက “ကိုယ်တော် မရိုက်နဲ့၊ စာရေးမတွေက စကတ်အတို လေးတွေဝတ်ထားတာ၊ တော်ကြာ မကြိုက်မှန်းသိ၊ ကြိုက်မှန်းသိ၊ ပုလိပ်ကို လှမ်းဖုန်းဆက်နေရင် ဒုက္ခများသွားမယ်”ဟူသတည်း၊ ကုန်တိုက်ထဲမှာ ပြထားသော ပစ္စည်းများသည် မြန်မာပြည်မှာတော့ အခွင့်ထူးခံလူတန်းစားများသာ သုံးနိုင်သော ပစ္စည်းများဖြစ်ကြသည်၊ ဒီမှာတော့ ကြိုက်သလိုဝယ်၊ ကြိုက်သလိုရောင်း ကောင်းမှကောင်းပေါ့၊ မိမိမှာ ဂျပန်မှဧည့်သည်များက လှူသွားသော ဆင်တံဆိပ် ဓါတ်ဘူးအကြီးစား တစ်လုံးရှိသည် ထိုဓါတ်ဘူးမျိုးကိုတော့ နေရာတိုင်းမှာ မတွေ့ခဲ့ပါချေ၊ မိမိ၏ ဓါတ်ဘူးသည် မန္တလေးတိုင်းကောင်စီမှ ခဏခဏ လာရောက်ငှားရမ်းခြင်းခံရသော အမျိုးအစားပေ၊ နိုင်ငံခြားဧည့်သည်များလာသောအခါ ထိုဓါတ်ဘူးဖြင့် ဧည့်ခံသည် ဆိုပါသည်၊ မိမိက အတွေးသမားဆိုတော့ ဤသို့တွေးမိသည်၊ ငါတို့နိုင်ငံမှာ ဘာပြုလို့များ ဒီလိုပစ္စည်းတွေ ရှားပါးနေရတာ လဲလို့၊ မိမိသည် တွေးလက်စအတွေးများကို ဖြတ်တောက်လိုက်ပြီး ဦိးကောဏ္ဍည၊ ကိုဌေးနိုင်ဝင်း တို့နှင့်အတူ တည်းခိုရာ ၀ပ်မဟာထာ့ ကျောင်းတိုက်သို့  ပြန်ခဲ့ပါတော့သည်။   

(နောက်တပါတ် ဆက်ပါဦးမည်)

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here