မုန်တိုင်းအပြီး ပြန်လည်ထူထောင် ရေး ကာလ မှာ စစ်အစိုးရက

 

ဒီနှစ် မေလက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းအပြီး ပျက်စီးသွားတာတွေကို လက်ရှိ မြန်မာစစ် အစိုးရက ပြန်လည် တည်ဆောက် ဖို့ အ တွက် ကလေး သူငယ် တွေကိုတောင် ချန်မထားပဲ အရင်ထက် ပိုပြီး အဓမ္မလုပ်အားခိုင်းစေတာတွေ ရှိလာနိုင် တယ် လို့ နိုင်ငံတကာ အလုပ် သမား သမဂ္ဂ (အိုင်အယ်လ်အို ILO) က ၃ဝ-၅-၂ဝဝ၈ နေ့မှာ သတိပေးလိုက်ပါတယ်။
 

 


မြန်မာစစ်အစိုးရက လမ်းပန်းအဆက်အသွယ်တွေ တည်ဆောက်ရေးမှာ ကျေးရွာသားတွေကို အဓမ္မ လုပ်အားခိုင်းစေတာတွေ၊ စစ်တပ် အတွက် ပေါ်တာဆွဲတာတွေကို အတော်များများ လုပ်ဆောင်နေခဲ့ပါ တယ်။ ဒီကိစ္စအပေါ်မှာ အိုင်အယ်လ်အိုနဲ့ စစ်အစိုးရတို့ ပြင်းပြင်း ထန်ထန် သဘောထား ကွဲလွဲနေ ခဲ့ကြတာ ဆယ်နှစ်ကျော် ရှိနေပါပြီ။

မေလ ၂ ရက်နေ့က မြန်မာနိုင်ငံမှာ တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူအသေ အပျောက် ၁၃၄ဝဝဝ ရှိခဲ့ပြီး အဲဒီနောက်ပိုင်း နိုင်ငံတကာ အကူအညီတွေ ပေးလာတာကို စစ်အစိုးရက ခွင့်ပြုဖို့ တုန့်ဆိုင်းနေခဲ့ပါတယ်။ ဒီအတွက် အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံ တွေက စစ်အစိုးရ ကို ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့ပါတယ်။ လျှို့ဝှက်လှတဲ့ စစ်အစိုးရဟာ အရွယ်မရောက်သေးတဲ့ ကလေး သူငယ်တွေကို စစ်တပ်ထဲ အဓမ္မဆွဲသွင်းပြီး စစ်မှုထမ်းဆောင်ခိုင်းနေတာကိုလည်း အိုင်အယ်လ်အိုက စိုးရိမ်မကင်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ကြောင့် အပျက်အစီး အဆုံးအရှံုး ကြီးမားသွားတာကို အစိုးရအာဏာပိုင် တွေရော၊ ပြည်သူတွေကပါ ပြန်လည် ထူထောင်ရာမှာ အဓမ္မလုပ်အားခိုင်းစေမှုတွေ၊ အရွယ်မရောက် သေးတဲ့ ကလေးတွေကို အလုပ်လုပ်ခိုင်းတဲ့ ကိစ္စတွေ၊ လူကုန် ကူးတဲ့ကိစ္စတွေနဲ့ ပြောင်းရွှေ့ အလုပ်သမား ကိစ္စတွေ တိုးပွားလာဖို့ ရှိနေတာကို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက သိနေရမှာ ဖြစ်တယ်လို့ အိုင်အယ်လ်အိုက ပြောဆိုလိုက်ပါတယ်။

ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ ဘယ်လိုပုံစံမျိုးနဲ့မဆို အဓမ္မခိုင်းစေတာတွေ မရှိနိုင်စေဖို့ အိုင်အယ်လ်အိုက သေချာ ပေါက်လုပ်ဆောင်မှာ ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေအနေနဲ့ ပူးတွဲလုပ် ဆောင်နေတဲ့ အိုင်အယ်လ်အိုက ၃ဝ-၅-၂ဝဝ၈ နေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှရှိတဲ့ အိုင်အယ်လ်အို ဆက်သွယ်ရေးတာဝန်ခံဖြစ်တဲ့ စတိဗ် မာရှဲလ်က လာမယ့် ဇွန်(၁၃)ရက် ထိ ကျင်းပမယ့် နိုင်ငံတကာ နှစ်စဉ် အလုပ်သမားကွန်ဖရင့်အတွက် ဒီအစီရင်ခံစာကို တင်သွင်းတာ ဖြစ်ပါတယ်။ အဲဒီကွန်ဖရင့်မှာ အိုင်အယ်လ်အို အဖွဲ့ဝင်(၁၈၂)နိုင်ငံပါဝင်တဲ့ ကော်မတီတရပ်ဟာ အရေး ပါလှပါတယ်။ ကော်မတီဝင်တွေက ၃၁-၅-၂ဝဝ၈ နေ့မှာ မြန်မာ့အရေးကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

"လူနေမှုအဖွဲ့အစည်းတွေကို ကူညီတာဟာ အရေးပါတယ်လို့ အိုင်အယ်လ်အိုက သဘောထားပါတယ်။ ဒါပေမယ့် အဲဒီလို ကူညီနိုင်ဖို့ တည်ဆောက်ရေး လုပ်ငန်းတွေလုပ်တဲ့အခါမှာ နိုင်ငံတကာ စံထားချက် အတိုင်းသာ ဖြစ်ရပါမယ် "လို့ စတိဗ်မာရှဲလ်က ရိုက်တာ သတင်း ဌာန ကို ပြောပြပါတယ်။

အခုချိန်ထိမှာတော့ လေမုန်တိုင်းဘေးဒုက္ခနဲ့ ပတ်သက်ပြီး အဓမ္မ လုပ်အားခိုင်းစေတာတွေအပေါ် အတည်ပြုနိုင်တဲ့ တိုင်တန်း ထားတာ တွေမရှိသေးပါဘူး။ ဒါပေမယ့် ဒါမျိုးတွေဖြစ်မနေပါဘူးလို့ ကျနော်တို့ မပြောရ သးပါဘူး လို့လည်း သူက ဆက်ပြောပါတယ်။

အဓမ္မလုပ်အားခိုင်းစေတာကို ဖျက်သိမ်းဖို့ ၂ဝဝဝခုနှစ်အောက်တိုဘာလမှာ မြန်မာစစ်အစိုးရက တရားဝင် အမိန့်ထုတ်ပြန်ထားခဲ့ပါတယ်။ အိုင်အယ်လ်အိုရဲ့ သဘောတူညီချက် ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးထားတာဖြစ်လို့ အဓမ္မ လုပ်အား ခိုင်း စေ တာ ကို တားမြစ်ရ တာဖြစ်ပါတယ်။ အဲဒီနောက် (၂)နှစ်အကြာမှာ ဂျီနီဗာ အခြေစိုက် အိုင်အယ်လ်အိုဟာ အဓမ္မ လုပ်အား ခိုင်းစေတာ တွေ ပပျောက် သွား အောင် ကူညီဖို့ ရန်ကုန်မှာ ရုံးခွဲတခု ဖွင့်လှစ်ခွင့် ရခဲ့ပါတယ်။

ဒါပေမယ့် နိုင့်ထက်စီးနင်း ခိုင်းစေမှုတွေရှိနေသေးလို့ အဲဒါတွေကို အိုင်အယ်လ်အိုက ရှာဖွေ ဖော်ထုတ် ရာမှာ မနှစ်ကဆိုရင် မြန်မာနိုင်ငံထဲမှာ အဓမ္မ လုပ်အားပေးခဲ့ရသူတွေဟာ အိုင်အယ်လ်အိုကို မတိုင်တမ်းဖို့ ခြိမ်းခြောက်အကြပ်ကိုင်ခံရတာတွေ၊ ဖမ်းဆီး ထိန်းသိမ်း ခံရတာတွေရှိနေတဲ့အကြောင်းကို အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီလိုမျိုး ခြိမ်းခြောက်အကြပ်ကိုင်ခံရတာ၊ ဖမ်းဆီး တာတွေ ရှိနေလို့လည်း အဓမ္မလုပ်အားပေးခဲ့ရသူတွေဟာ ရှေ့ဆက်လုပ်ဆောင်သင့်တာကို မလုပ်နိုင်ပဲ ဖြစ်နေခဲ့ရပါတယ်။ အမှန် တကယ် ရှိရမယ့် စာရင်းအတိအကျကိုလည်း မရနိုင်ခဲ့ပါဘူး။

အဓမ္မလုပ်အားခိုင်းစေမှုရှိရင် တရားဝင်တိုင်တန်းနိုင်တယ်လို့ ၂ဝဝရ ခုနှစ် ဖေဖော်ဝါရီလမှာ လုပ်ငန်းစဉ် သတ်မှတ်ထားတာရှိပြီး၊ အဓမ္မ လုပ်အားပေးခိုင်းတာ ခံရကြောင်း (၈၉)ကြိမ် တိုင်တန်းခဲ့ တာကိုလည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

အဓမ္မ လုပ်အားပေးခံရတာကို မတိုင်တမ်းဖို့ ခြိမ်းခြောက် အကြပ်ကိုင်ခံရတာ၊ ဖမ်းဆီးတာတွေရှိနေလို့ လွတ်လွတ်လပ်လပ် တရားဝင် မတိုင်တန်းနိုင်တော့ပဲ အများကြီး ကန့်သတ်လိုက်သလို ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် (၈၉)ကြိမ် တိုင်တန်းထားတယ်ဆိုပေမယ့် အမှန်တကယ်ရှိနေတဲ့ စာရင်းလို့ မသတ်မှတ်နိုင် ပါဘူး။

မနှစ်က မေဒေးနေ့မှာ အလုပ်သမားအခွင့်အရေးအကြောင်း ဆွေးနွေးတင်ပြပွဲ လုပ်ဖို့စည်းရုံးရာမှာ ပါဝင်ကူညီတယ်ဆိုပြီး အလုပ်သမား လူငယ် (၆)ယောက်ကို စစ်အစိုးရ အာဏာပိုင်တွေက ထောင်ဒဏ် အနှစ် (၂ဝ)ကနေ (၂၈)နှစ်ထိ ချမှတ်ပြစ်ဒဏ်ခတ်ခဲ့ပါတယ်။ သူတို့ဟာ အခုချိန်ထိ ထောင်ထဲမှာပဲ ရှိနေသေးတယ်လို့ အိုင်အယ်လ်အို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မူရင်းဆောင်းပါး – Myanmar may use forced labor in cyclone recovery: ILO

Fri May 30, 2008 12:09pm EDT

http://www.reuters.com/article/newsMaps/idUSL3057668120080530

မူရင်း ဆောင်းပါးရှင် – Stephanie Nebehay (တည်းဖြတ်သူ – Laura MacInnis နှင့် Mary Gabriel )

ဓါတ်ပုံ – အဓမ္မ လုပ်အားပေးခံနေရသည့် လုပ်ငန်းခွင် တစ်ခု

မြန်မာဘာသာပြန် – လွင်အောင်စိုး (၃၁ မေလ ၂ဝဝ၈ ခုနှစ်)
 

 

LEAVE A REPLY

Please enter your comment!
Please enter your name here