သူရဲကောင်း အမျိုး သေရိုးမရှိ

သားချစ်
 

 လက်နက်ကိုင် တော်လှန်ရေး နယ်မြေအတွင်း တော်လှန်ရေး ကိစ္စများဖြင့် တော်လှန်ရေး ခေါင်းဆောင်ကြီး များနှင့် တွေ့ဖူးကြံုဖူး ဆွေးနွေးခွင့် ရခဲ့ဘူးပါသည်။ ဆွေးနွေးချက် များက အရေးကြီးသကဲ့သို့် လုပ်ဟန်များက ပိုမိုအရေးကြီးသည့် အတွက် တဖွဲ့ခြင်းစီ၊ တဦးချင်းစီ၏ အတွေးအခေါ်များ၊ လုပ်ဟန်များ

 

 

ကို  လေ့လာခဲ့ပါသည်။  ထိုကဲ့သို့ လေ့လာခဲ့သည့်အတွက် သူတို့၏ ပုံရိပ်များက ဆောင်စရာ၊ ရှောင်စရာများအဖြစ် တော်လှန်ရေး သင်ခန်းစာများကို ရရှိစေခဲ့ပါသည်။ ထိုဆောင်စရာ ရှောင်စရာများမှ အနှစ်(၂၀) တော်လှန်ရေးသမား တဦးအနေဖြင့် ရရှိခဲ့သည့် အဖိုးမဖြတ်နိုင်သည့် ဆောင်ရန် အမတေ အဆောင် သည်ကား…………..။

 

ရပ်တည်ချက် လုပ်ဟန် စေတနာ..ပင်ဖြစ်ပါသည်။

 

    သမိုင်းအစဉ်လာများ၊ ဓလေ့ထုံးစံယဉ်ကျေးမှုများ၊ လူနေမှုစနစ်များ၊ ခံယူထားသည့် အတွေးအခေါ်များကလည်း လက်နက်ကိုင်တော်လှန်ရေးအတွင်း ပဒေသရာဇ် လုပ်ဟန်များ၊ ဘူဇွာအတွေးအခေါ်များ၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု လုပ်ဟန်များကို တွန်းပို့ဖြစ်ပေါ်စေနိုင်သည်ဟု ထင်မြင်မိပါသည်။ လက်နက်ကိုင်တော်လှန်ရေးအတွင်း နိုင်ငံရေးဖြတ်သန်းမှု ဆူကြံုနိမ့်မြင် ကွာခြားချက်များကြောင့်လဲကောင်း၊ လူထုအပေါ်ထားသော စေတနာကြောင့်လဲကောင်း တဖွဲ့နှင့်တဖွဲ့ ရပ်တည်ချက်များ မတူညီကြပါ။ ဥပမာ… တချို့ လက်နက်ကိုင်အဖွဲ့အစည်းများက နိုင်ငံရေးအခြေခံ အကြောင်းတရားကြောင့် ပေါ်ပေါက်လာရခြင်း မဟုတ်ဘဲ ဘာသာရေးကြောင့် ပေါက်ဖွားလာသော အဖွဲ့အစည်းလည်း ရှိကြပါသည်။ ထိုထိုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအသီးသီးတွင် ကျနော်အလေးစားဆုံး အဖွဲ့အစည်းသည်ကား ကရင့်တော်လှန်ရေး အဖွဲ့အစည်းနှင့် ကရင့်တော်လှန်ရေး ခေါင်းဆောင်များ ဖြစ်ကြပါသည်။ ကရင့်တော်လှန်ရေး ခေါင်းဆောင်များသည် တော်လှန်ရေး နှင့် ရိုးမြေကျ ရာသက်ပန်မခွဲမခွာ လက်ထပ်ထားကြသော သူများသာဖြစ်ကြသည်။

တောင်ဝှေး ထောက်၍ ရသည်အထိ တော်လှန်ရေးကို မဆုတ်မနစ်၊ ယုံကြည်ချက်ခိုင်ခိုင််မြဲမြဲ ဖြင့် သေတပန်သက်တဆုံး လုပ်ခဲ့ကြသည့်အတွက် ထိုပုံရိပ်များက ယနေ့ ကျနော်တို့ စစ်အာဏာရှင်စနစ်အား တော်လှန်နေကြသူများအတွက် ကြီးမားသော ပုံရိပ်ကြီးတခု ဖြစ်နေသည်ဟု ကျနော်ယုံကြည်မိပါသည်။

  အဘယ့်ကြောင့် သေတပန်သက်တဆုံး လုပ်ဆောင်ခဲ့ကြသနည်း…………..။

      ကျဆုံးသွားခဲ့သော လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ ကရင့်တော်လှန်ရေးခေါင်းဆောင် တဦးဖြစ်သည့် ဖဒိုမန်းရှာကြီးနှင့် ကျနော်သည် နယ်စပ်တနေရာ၌ ရှားရှားပါးပါး တွေ့ဆုံခွင့် ရရှိခဲ့ပါသည်။ တွေ့လျှင်တွေ့ခြင်း အားရဝမ်းသာစွာ ဖဒို၏ လက်အား ဆွဲညှစ်နှုတ်ဆက်လိုက်ပါသည်။ ဖဒိုသည်လည်း ၀မ်းသာအားရဖြစ်နေပါသည်။ ကျနော်နှင့် တွေ့စုံစဉ် ဖဒိုသည် ဧည့်ရိပ်သာအတွင်းတွင် သစ်သီးဝလံများအား အေးလူစွာ ခွဲစားနေ၍ အခြား တော်လှန်ရေး ခေါင်းဆောင်များနှင့် စကားလက်ဆုံကြနေပါသည်။ ဖဒိုသည် ကျနော့်အား တွေ့လျှင် တွေ့ခြင်း ခင်ဗျားတို့ရဲ့ ရပ်တည်နေရတာ ခက်ခက်ခဲခဲပါဘဲ။ ကျနော်ကြားပါတယ်။ အေးဗျာ…..ဘယ်လိုအခက်ခဲပဲရှိရှိ…. ဆက်တောင့်ထားပါ..။ ခင်ဗျားတို့ရပ်တည်ချက်ကို ကျနော်လေးစားပါတယ်ဟု အလေးထား ပြောဆိုပါသည်။ ခင်ဗျားတိို့ရဲ့ ရပ်တည်ချက်ကိုု လေးစားပါတယ်လို့ ပြောလိုက်သော အခါ လေထဲမိုးထဲတွင် ရပ်တည်ရှင်သန်တိုက်ပွဲဝင်နေရသော ကျနော်တို့၏ ရဲဘော်များ၏ ကိုယ်စား ဂုဏ်ယူစိတ်များ တဖွားဖွား ပေါ်လာမိပါသည်။ တဆက်တည်း အံ့အားသင့်စိတ်များလည်း ပေါ်လာပါသည်။ ဖဒိုနေသည်က တောင်ပိုင်း။ ကျနော်တို့နေသည်က မြောက်ပိုင်း။ ပထဝီအနေ အထားအရ အင်မတန်မှ ဝေးကွာလှသည့်နေရာ..။ အံ့အားသင့်စေသည်က…… တောင်ပိုင်းတွင် ကြီးမားသော တာဝန်များကို ထမ်းဆောင်နေသူ၊ ထိုတာဝန်များဖြင့် မအားမလပ် အချိန်ပြည့် အလုပ်လုပ်နေသူတဦးက မြောက်ပိုင်းတွင် ကျနော်တို့၏ ရုန်းကန်လှုပ်ရှားမှု အသေးစိတ်အခြေအနေများကို ဖဒိုက ခြံုငုံမိနေခြင်းဖြစ်သည်။ သူပြောလိုက်သည့် ထိုစကားလေးတခွန်းသည်ပင်လျှင် ကျနော်သည် သူ့ကို အလေးထား၊ လေးစားမိသွားသည်။ ဖဒိုမန်းရှာသည် လက်နက်ကိုင်တော်လှန်ရေးအတွင်း အသစ်ဖြစ်ထွန်းလာမှုများကို လေ့လာနေသည်သာမက တော်လှန်ရေးအတွင်း အစက်အပျောက်လေး တခုအဖြစ် တာဝန်ထမ်းရွက်နေကြသော ကျနော်တို့၏ အခြေအနေများကိုပါ အသေးစိတ် သိနေခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် တော်လှန်ရေး တရပ်တွင် ခေါင်းဆောင်အဖြစ်ဖြင့် တာဝန်ယူထမ်းဆောင်နေကြသော တော်လှန်ရေးခေါင်းဆောင်များ၏ စံများအနက်မှ ထို “စံ ” တခုကို ကျနော် လေ့လာဆည်းပူး လိုက်ရသည်။ တတောလုံးကိုသာမက ၊ တပင်ခြင်းကိုပါ လေ့လာနေသူ….။မြင်တတ်သူ။

 

    တဆက်တည်းသူက… အေးဗျ…။ ခင်ဗျား သူငယ်ချင်းတွေလည်း နိုင်ငံရေး လေ့လာသူ၊ စစ်ရေးလေ့လာသူ၊ စီးပွားရေးလေ့လာသူတွေ ဖြစ်နေကြတယ်ဗျဟု ဖဒိုက ဤသို့ ဆိုလာသောအခါ ကျနော်က.. ကျနော်လည်း လေ့လာနေဆဲပါ ခင်ဗျ….ဟု ရီစရာပြောသောအခါ သူကလည်း ပြံုးရွှင်စွာ ရယ်မောနေခဲ့သည်။ တဆက်တည်း ခင်ဗျား တို့က လက်တွေ့သမားတွေ ဖြစ်ပါတယ်ဗျာဟု ပြောလာသည်။ ဖဒိုမန်းရှာ၏ ထိုစကားအပေါ်၌လည်း ကျနော် စူးစူးရှရှ တွေးမိလိုက်သည်။

      မြန်မာ့လက်ရှိ နိုင်ငံရေးအခြေအနေ၊ ပထဝီအနေအထား၊ ဖြစ်တည်ဖြတ်သန်းလာခဲ့သော မြန်မာ့နိုင်ငံရေး သမိုင်းနောက်ခံများ၊ အစ်ဇင်များကို ဖဒိုက စေ့စေ့ငုငု လေ့လာထားပြီးသူဖြစ်သဖြင့် သူသည် လက်တွေ့ကျသည့် စကားများကို ပြောလိုက်ခြင်းဖြစ်သည်ဟု ကျနော် ခံယူလိုက်သည်။

      ကျနော်၏ နိုင်ငံရေးလေ့လာနေသူမိတ်ဆွေတဦး၏ နိုင်ငံရေးစာအုပ်ကိုလည်း ကျနော်က ဖတ်ရှု့ထားပြီး ဖြစ်သည့်အချိန်..။ သူစာအုပ်၏ အနှစ်ချုပ်ကို ကျနော် ဤကဲ့သို့ အကဲဖြတ်မိသည်။ “ ခင်ဗျားတို့ လျှော့ရင် သူလည်းလျှော့လာမှာပါ” “ ခင်ဗျားတို့ ပျော့ရင် သူလည်းပျော့လာမှာပါ” ဆိုသည့် ကြားချသည့် အတွေးအခေါ်တခုဟု သူ၏စာအုပ်ကို ဖတ်အပြီး ကျနော်က ထိုကဲ့သို့ အကဲဖြတ်မိလိုက်သည်။ ဤနေရာ၌ ဆရာမောင်စွမ်းရည်၏ စကားလေး တခုအား သွား၍ သတိရမိလိုက်သည်။ မှတ်သားစရာကောင်းသည်။ “ လျှော့စရာဆိုလို့ ပုဆိုးပဲကျန်ပါတော့ တယ်ခင်ဗျား”…..။ သူက ခင်ဗျားတို့လည်းမှားတယ်၊ နအဖလဲ မှားတယ်။ ကျနော်ပြောတာက မှန်တယ်ဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။

  ကြားမိလိုက်သေးသည်…။ ကျွဲနှစ်ကောင်ခတ်၍ ကျနော်တို့ ပြည်သူလူထုများ မြေဇာပင်ဖြစ်ရသည်ဟူသော အတွေးအခေါ်တရပ်။  ထိုအတွေးအခေါ်တရပ်ကိုလည်း ထိိုနိုင်ငံရေးလေ့လာနေသူု သူငယ်ချင်းထံမှ ကြားမိလိုက်ရသည်။ ပဋိပက္ခ၏ ဘက်နှစ်ဘက် အခြေအနေများကိုနားမလည်၍ ပြောခြင်းဖြစ်သည်ဟု ကျနော်ခံယူလိုက်သည်။ အရာတိုင်းတွင် ဆန့်ကျင်ဘက် များစွာတည်ရှိနေသည်။ ဖိနှိပ်မှုရှိ၍ တော်လှန်လှုပ်ရှား အုံကြွမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ဖိနှိပ်မှုရှိလျှင် အဖိနှိပ်ခံရသူနှင့် ဖိနှိပ်သူ ဘက်နှစ်ဘက် ဖြစ်လာသည်။ ဘက်နှစ်ဘက် ရှိလာလျှင် ဘယ်ဘက်ရပ်မည်နည်းဆိုသည့် သဘောထား ပြဿနာရှိလာသည်။ ဤနေရာ၌လည်း ပြည်တွင်းရှိ နိုင်ငံရေးဘိုးတော်များ တဖွဖွပြောနေသော စကားလေးတခုရှိသည်။

 

    နိုင်ငံရေးဆိုသည်မှာ ထာဝရရန်သူ၊ ထာဝရမိတ်ဆွေဟူ၍ မရှိ..။ ထာဝရ အကျိုးစီးပွားသာ ရှိသည်…။ဟူ၍ ဆိုသည်။ တပိုင်းမှန်သည်။ ထိုတပိုင်းစကားကိုအသေဆုပ်ကိုင်၍ ကျနော်တို့က ကြားနေမည်လား…။ တပိုင်းက ကျနော်တို့ အလေးထား ဆွေးနွေးရမည့်ကိစ္စတရပ်ဖြစ်သည့် အကျိုးစီးပွားပြဿနာ။ ယနေ့ ကျနော်တို့ အလေးထား ကြည့်ရမည် အကျိုးစီးပွားသည်ကား.. လူထု၏ အကျိုးစီးပွား..။ လူထုအကျိုးစီးပွားကို မည်သူတွေ ပိတ်ပင်တားဆီးနေသနည်း။ မည်သူတွေ ဖျက်ဆီးနေသနည်း..။ လူထု၏ ထာဝရအကျိုစီးပွားဖြစ်သည့် (အသက်ရှင်ရပ်တည်ပိုင်ခွင့်၊ လူဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ စားဝတ်နေမှုဖူလုံရေး) စသည့် အခြေခံကျသည့် အလေးထားရမည့် ထိုအခွင့်ရေးများပင်လျှင် လုံးဝမရရှိနေသော လူထုတရပ်လုံးအတွက် ကျနော်တို့ ဦးတည်ထားစဉ်းစားရမည့် ကိစ္စရပ်ကြီးသည်ကား..လူထု၏ ထာဝရ ထိုအကျိုးစီးပွား…။

 

    ထရံခွာ၍ သံဆူးခြင် ဆူးပစေ၊ လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင်အလုပ်မျိုးကိုတော့ မလုပ်ခြင်။ စစ်အာဏာရှင် ဖြိုချတိုက်ဖျက်ရေးကို လက်တွေ့ကျသည့်ု တိုက်ပွဲဖြင့် လုပ်ဆောင်ရေးသည်သာ ကျနော်တို့၏ အဓိက စဉ်းစားချက် ဖြစ်သည်။

ကြားချသူများ၊ ကြားနေသူများ၊ နားချသူများ မဖြစ်စေလိုသည့် ဖဒိုမန်းရှာ၏စေတနာကို ကျနော် သူ၏ အောက်ပါ စကားလေးတခွန်းမှ ထင်းထင်းကြီး မြင်လိုက်ရသည်။

  “ ခင်ဗျားသူငယ်ချင်းတွေ နိုင်ငံရေးလေ့လာသူ၊ စီးပွားရေးလေ့လာသူတွေ ဖြစ်နေကြတယ် ”

          သူ၏ စေတနာသည်ကား ကျနော်တို့အား စစ်အာဏာရှင်တိုက်ဖျက်ရေးကို လက်တွေ့ကျသည့် လုပ်ငန်းစဉ်များဖြင့် ကိုင်ဆွဲ၍ စွဲစွဲမြဲမြဲ တိုက်ပွဲဝင်စေခြင်သည့် စေ့ဆော်မှုပင် ဖြစ်ခဲ့သည်။ တဆက်တည်း… ခင်ဗျားတို့က လက်တွေ့တိုက်ပွဲဝင်တဲ့သူတွေ ဖြစ်ပါတယ်ဟုပြောဆိုခဲ့သည်။ ထိုကဲ့သို့ ပြောဆိုခြင်း သည်ပင်လျှင် ကျနော်တို့၏ ရပ်တည်ချက်အား အလေးအနက် ထောက်ခံလိုက်ခြင်း ဖြစ်သည်ဟု ယုံကြည်လိုက်သည်။

  ထိုရက်က တော်လှန်ရေး ခေါင်ဆောင်ကြီးတဦးနှင့် စကားပြောခဲ့သည့်အပေါ် ကျနော်က ဤသို့ နိဂုံးချုပ်မိလိုက်သည်။ ဖဒိုမန်းရှာနှင့်ဆွေးနွေးချက်အရ ထိုရက်က ကျနော်ရလိုက်သည်ကား ရပ်တည်ချက်နှင့် လက်တွေ့ကျသည့် တိုက်ပွဲဝင်ရေး တို့ဖြစ်ကြသည်။

  မြန်မာပြည်အထက်ပိုင်း အပစ်အခတ်ရပ်စဲရေးအဖွဲ့တခုနှင့် ဆွေးနွေးသော အခါ ဖဒိုမန်းရှာ၏ လက်နက်ကိုင် တော်လှန်ရေးအပေါ်သဘောထား၊ အပစ်ရပ်အဖွဲ့များအပေါ်သဘောထားနှင့် လူထုအပေါ်ထားရှိသော သူ၏ စေတနာကို ကျနော် ပြတ်ပြတ်မြင်မိလိုက်ပါသည်။ ထိုစဉ်က ထိုသူများနှင့် တွေ့ဆုံခွင့်ရလိုက်သည့်အတွက် ကျနော့်အတွက် လက်တွေ့ပါသည့် နိုင်ငံရေးသင်တန်း တက််ရသည်နှင့် တူသည်။ သူ၏ဆွေးနွေးချက်များက အတွေးအခေါ်ရပြတ်သည်။ ရှင်းသည်။ အတွေးအခေါ်နှင့် အတူ လုပ်ငန်းစဉ်ပါပါလာသည်။

အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့များကို ကျနော် အကြံပေးပရစေ..။

  တစ်အချက်အနေနဲ့

မိမိတပ်် ဆက်လက်တည်ရှိရေး

နှစ်အချက်အနေနဲ့

မိမိအခြေခံဒေသများ မဆုံးရှုံးရေး

သုံးအချက်အနေနဲ့

မိမိလူထုများနှင့် အဆက်မပြတ်ရေး ကိုအလေးထားဆောင်ရွက်ပေးပါ ။

      လူ၊ လက်နက်၊ အတွေးအခေါ်၊ စိတ်ဓါတ်ဖြင့် တည်ဆောက်ရသော တော်လှန်တပ် တခုပျက်စီး၊ ဆုံးရှုံးသွားမှာကို အင်မတန် စိုးရိမ်စိတ်ကြီးစွာဖြင့် ထိုကဲ့သို့ အကြံပေးခဲ့သည်။ တပ်တခုတည်ရှိလာလျှင် ခေါင်းဆောင်မှု ရှိမည်။ ထိုခေါင်းဆောင်မှုအောက်၌ တော်လှန်ရေးတပ်သားများရှိသည်။ ထို့အပြင် တော်လှန်သည့် လုပ်ငန်းစဉ်များ လည်းရှိရမည်ဖြစ်သည်။ တပ်မရှိတော့လျှင်ဖြင့် ခေါင်းဆောင်မှုလည်း ပျောက်ကွယ်သွားမည်။ ထိုခေါင်းဆောင်မှု အောက်၌ရှိသော လူထုလုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်ကြမည့် တော်လှန်တပ်သား လည်းရှိတော့မည်မဟုတ်၊ တော်လှန်တပ်သား မရှိတော့လျှင် လူထုလွတ်မြောက်ရေး လုပ်ငန်းစဉ်ကို လုပ်ကြမည့် လုပ်ငန်းစဉ်လည်း ရှိတော့မည်မဟုတ်ဟု ကျနော်သဘောပေါက်ိလိုက်သည်။

      တော်လှန်ရေးတခုတွင် အခြေခံဒေသ မဆုံးရှုံးရေးနှင့် အခြေခံဒေသတခုရရေး၊ တည်မြဲခိုင်မာအောင် လုပ်ရေးသည် အသက်တမျှအရေးကြီးသည်။ အခြေခံဒေသ တခုရရန်နှင့် တည်မြဲအောင်လုပ်ရေးမှာ တော်လှန်ရေးလုပ်ငန်းတွင် အသက်တမျှအရေးကြီးသော လုပ်ငန်းစဉ်ကြီး တရပ်ဖြစ်သည်။ အခြေခံဒေသရှိမှသာလျှင် တော်လှန်ရေးတပ် တ်ခုအနေဖြင့် ရှင်သန်နိုင်မည်ဖြစ်သည်။ အခြေခံဒေသသည် ဥပမာအားဖြင့် ပြောမည်ဆိုလျှင် လယ်ကွက်ကြီးနှင့်တူသည်။ စမ်းချောင်းကြီးနှင့်တူသည်။ တော်လှန်ရေးအခြေခံဒေသသည် တော်လှန်တပ် တခုအတွက် အရေးကြီးသည့် အရင်းမြစ်များစွာ ထုတ်ပေးသော ရတနာသိုက်ကြီးနှင့် တူသည်။ ရိက္ခာ ပေးသည်။ လူပေးသည်။ တော်လှန်တပ် လိုအပ်ချက်မှန်သမျှ ထိုအခြေခံဒေသထဲမှ ထုတ်နုတ်သုံးစွဲရသည်။ အခြေခံဒေသဆုံးရှုံးခြင်းသည် မြေကြီးပေါ်တွင် မတ်မတ်ရပ်နေသော ခြေထောက်နှစ်ဖက်ကို ဒုတ်ဖြင့် အားကုန် ဖြတ်ရိုက်လိုက်သည်နှင့်တူသည်။ ထို့ကြောင့် ဖဒိုမန်း၏ စေတနာသည်ကား အခြေခံဒေသ မဆုံးရှုံးရေးကို အလေးထား ပြောဆိုခဲ့ခြင်း…။

      လူထုများနှင့် အဆက်မပြတ်ရေးက တော်လှန်ရေးသမားအတိုင်းအတွက် စစ်မှန်သည့်၊ အခြေခံကျသည့်၊ အလုပ်ဖြစ်သည်။ လူထုနှင့် အဆက်ပြတ်ပါက ကုန်းပေါ်သို့ ပစ်တင်လိုက်သော ငါးကဲ့သို့ဖြစ်ကာ ပါးစပ်ဟပဲ့ဟပဲ့နှင့် ဆန့်ငင်ဆန့်ငင်ဖြစ်ကာ အသက်ထွက်သွားမည်ဖြစ်သည်။ ထို့ကြောင့် လူထုသည် “ရေ ” ဖြစ်သည်။ တော်လှန်ရေးသမားသည် “ငါး” ဖြစ်သည်။ ရေမရှိဘဲ ငါးအသက်မရှင်နိုင်သကဲ့သို့ လူထုမရှိဘဲ တော်လှန်ရေးသမားသည် မည်သို့မျှ ရပ်တည်ရှင်သန်ခြင်းအမှုကို မပြုလုပ်နိုင်။ ယနေ့တော်လှန်တပ်တခု ၏ အဓိက စဉ်းစားချက်သည် လူထုသည်သာ အမိလူထုသည်သာ အဖဖြစ်သည်။ တော်လှန်တပ်နှင့် နအဖစစ် တပ် လူထုအပေါ်စဉ်းစားချက်သည်ကား များစွာကွဲလွဲသည်။ နအဖစစ်တပ်သည် တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုသည့် အတွေးအခေါ်ကိုကိုင်စွဲ၍ လူထုကို စစ်ဖိနပ်အောက်တွင်ရှိသည့် သတ္တဝါများ ဟု သူတို့ထင်မြင်သည်။ အမိအဖဆိုသော စကားကို မဆင်မခြင်ယူသုံးကာ လူထုအား နင်းချင်သလိုနင်း၊ ချေခြင်သလိုချေ လက်ခုပ်ထဲက ရေကဲ့သို့ သွန်လိုသွန်မှောက်လိုမှောက် လုပ်ခြင်သလိုလုပ်နေသည်။

      တော်လှန်သည့် တပ်တခုအနေနှင့် လူထုအပေါ် စဉ်းစားချက်သည်ကား လူထုလမ်းစဉ်နှင့် လူထုအတွေးအခေါ်ကို ခိုင်မာစွာ ဆွဲကိုင် ကျင့်သုံးရေးပင်ဖြစ်သည်။ လူထုအား ရိက္ခာပေး၊ အထမ်းသမားပေး၊ လမ်းပြပေး၊ တပ်သားသစ်ပေး အဆင့်အနေဖြင့် သဘောထားပါက တော်လှန်ရေးသည် ဒီထက်ပို၍ ကြာသွားမည်။ လူထုသည် တန်ခိုးရှင်အန္တဖြစ်သည်။ သမိုင်းအသစ် တခုကို လူထုအားဖြင့်သာ တည်ထောင်နိုင်မည် ဆိုသည့် အခြေခံကျသည့် လူထုအတွေးအခေါ်ပေါ်၌ လူထုအား သမိုင်းဖန်တီးရှင် အဖြစ်အသိမှတ်ပြုရေး၊ လူထုအထက်ကမနေဘဲ လူထုနှင့် တသားတည်းရှိရေး၊ လူထုအကျိုးအား ဦးထိပ် ပန်ဆင်ကာ လူထုတရပ်လုံးကောင်းစားရေးဆိုသည့် လူထုအကျိုးသည်သာထာဝရ စသည့် လုပ်ဟန်များ တစိုက်မတ်မတ်ဆွဲကိုင် ကျင့်သုံးပြီး ဦးဆောင်လမ်းပြပါက လူထုတရပ်လုံး တခဲနက်ပါ၀င်လာကြမည်ဖြစ်သည်။

      လူထု၏ လိုလားချက်၊ ရည်မှန်းချက်၊ လူထုခံစားမှု၊ လူထု၏ လူမှုဒုက္ခအဝဝ အထွေထွေများကို မျက်ချေပြတ်သွားပါက လူထုဘဝနှင့် တသားတည်း၊ တထပ်တည်း မဖြစ်တော့ဘဲ၊ လူထုနှင့်ကင်းကွာသည့် ဘဝသို့ရောက်သွားခဲ့လျှင် ထိုတော်လှန်တပ်သည် မိမိအလံကို မိမိရိုက်ချိုးလှဲချ လိုက်သည်နှင့် တူသွားမည်။

  လူထုအယုံကြည်ကင်းမဲ့သွားလျှင် တော်လှန်တပ်တခုသည် အဆက်ပြတ်သွားမည်။

လူထုအား အသိအမှတ်မပြုလျှင် လူထုနှင့် အဆက်ပြတ်မည်။

လူထုလိုလားသော၊ရည်မှန်သော လူထုဆန္ဒအား မဖြည့်ဆည်းပေးနိုင်လျှင် လူထုနှင့် အဆက်ပြတ်သွားမည်။

လူထုအထက်ကနေလျှင် လူထုနှင့်အဆက်ပြတ်မည်။

  ထို့ကြောင့် ဖဒိုမန်းရှာသည် ထိုအချက်သုံးချက်အား အလေးအနက်ထားကာ ဆွေးနွေးခဲ့သည်များက ကျနော့် တော်လှန်ဘဝအတွက် မှတ်မှတ်ရရဖြစ်စေသည်သာမက အနာဂါတ်တွင်လည်း ထာဝရကိုင်စွဲရမည့် ခိုင်မာသည် ့အတွေးအခေါ်တရပ်နှင့် လုပ်ငန်းစဉ်များဖြစ်ရမည်ဟု ယုံကြည်သည်။

      ယနေ့နအဖသည်ကား ထိုတော်လှန်တပ်များကို ဖျက်စီးသည်။ အမျိုးမျိုးနည်းဖြင့် ရအောင်ဖျက်စီးသည်။

တော်လှန်တပ်၏ အဓိက အသက်သည်ကား စိတ်ဓါတ်။ တိုက်တာအဆောင်အဦး၊ မြေ၊ ငွေ၊ ကား၊ လုပ်ပိုင်ခွင့်၊ စသည့် အကျိုးစီးပွားများဖြင့် မြူဆွယ်ဖျက်စီးသည်။ ခေါင်းဆောင်မှုတခုသည် အတ္တအကျိုးစီးပွားတခု တည်းပေါ်၌ စူးစိုက်လုပ်နေသော ထိုခေါင်းဆောင်မှုတခုသည် ရေရှည်တာရှည် ဦးဆောင်၍ မရ။ ထို့ကြောင့် ယနေ့ နအဖ၏ အဓိကထား လုပ်ဆောင်ချက်သည်ကား…ခေါင်းဆောင်မှုပျက်ပြားရေးနှင့် ပျောက်ကွယ်ရေး

တော်လှန်စိတ်ဓါတ်များအား ခေါင်းမထောင်လာနိုင်စေရန် နိုပ်ကွပ်သင်းသပ်ရေး၊

      တဆက်တည်းတွင် အခြေခံဒေများဆုံးရှုံးစေရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်တိုင်းရင်းသားများ တည်ဆောက်ထားသော အခြေခံဒေသထဲသို့ သူတို့ ၀င်ရောက်ဖျက်စီးပုံသည်ကား…။ တော်လှန်တပ် အသက်စွန့်၍ တည်ဆောက်ခဲ့ရသော အခြေခံဒေသထဲသို့ အကြောင်းအမျိုးမျိုးပြ၍ လက်ကလေးဝင်ပရစေမှ အစပြု၍ ခေါင်းကလေး ၀င်ပရစေ……။ ထိုမှတဆင့် တကိုယ်လုံးဝင် သွားသကဲ့သို့ တပ်စိတ်လေးတစိတ်လောက်ချပစေ။ ထိုမှ တပ်စု။ တပ်စုမှတပ်ခွဲ။ နောက် တပ်ရင်တရင်းလုံးပင် ၀င်ထိုင်ပစ်လိုက်တော့သည်။ ဤသို့ဖြင့် အပစ်ရပ်လက်နက်ကိုင်တိုင်းရင်းသားများ၏ အခြေခံဒေသများသည် တဖြည်းဖြည်းနှင့် လုံးပါးပါးက နအဖ လက်အောက်သို့ ကျရောက်ခဲ့ရသည်။

      တော်လှန်ရေး၏ အသက်သည်ကား လက်တွေ့ကျသည့် လူထုစည်းရုံးရေးပင်ဖြစ်သည်။ ထိုအခြေခံဒေသရှိလူထုအား အခိုင်အမာ စည်းရုံးထားနိုင်လေလေ တော်လှန်ရေးအတွက် အကျိုးပြုလုပ်ငန်းများ လုပ်နိုင်လေလေဖြစ်သည်။ အခြေခံဒေသပျောက်လျှင် လူထုနှင်အဆက်ပြတ်မည်။ လူထုနှင့် အဆက်ပြတ်သွားပါက တော်လှန်ရေးအတွက် ရနိုင်စရာ ဘာမှ မရှိနိုင်တော့…။

  ဖဒိုမန်းရှာ၏ တော်လှန်ရေးအပေါ်ထားသော စေတနာ၊ လက်နက်ကိုင်တော်လှန်ရေးတပ်အပေါ် ထားသည့် တော်လှန်သည့်အတွေးအခေါ်၊ လူထုအပေါ်ထားသည် သဘောထားများက တော်လှန်ရေးတပ်ဦး တခု ရှေ့သို့ တစုံလုံးပါလာစေရန်လမ်းညွှန်ပေးနေသည်။ ထို့အတွက်ကြောင့်ပင်လျှင် တန်ပြန်တော်လှန်ရေး သမားများသည် ကြောက်လန့်တကြား ဖဒိုမန်း၏ အသက်ဇိ၀ိန်ကို နှုတ်ချွေသွားခဲ့သည်။ သို့သော်ကား.. မဒို မန်းရှာသည်မသေ…။ တော်လှန်ရေးသမားတဦးသည် လူထုအပေါ်ထားရှိသည့်၊ တိုင်းပြည်အပေါ်ထားရှိသည့် မှန်ကန်၊ တည့်မတ်သည့် အတွေးအခေါ်တရပ် သေသွားပါက ထိုသူသည် ရှင်လျှက်နှင့် သေနေသူတဦးသာ ဖြစ်သည်။ ဖဒိုမန်းရှာ ကျဆုံးခဲ့သည်။ သို့သော်….. ဖဒိုမန်းရှာသည်ကား… မကျဆုံး။

သေလျှက်နှင့် ရှင်နေသူ…။

ဗိုလ်ချုပ်အောင်ဆန်း မသေ…။ မဒိုမန်းရှာမသေ။

      တော်လှန်ရေးဒေသ တကြောလုံးတွင် နအဖ၏ လူမဆန်ရက်ရက်စက်စက် ကရင့်တော်လှန်ရေးနှင့် ကရင်လူထုအား ထိုးစစ်ဆင်နေသည်မှာ မောင်းကို နာနာထုနေသည့် အလားသဏ္ဍာန်နှင့် တူနေသည်။ တနေရာ၊ တကွက်လေးထဲသို့  အင်အားများစွာ စုပြံုပြီး ထိုးသည့် ထိုးစစ်ကိုကြံ့ကြံ့ခံံ ရင်ဆိုင်တွန်းလှန်နေရ သည်မှာ တော်ရုံတန်ရုံ စိတ်ဓါတ်နှင့်မရနိုင်။ အသဲကြီးမှသာ၊ အသဲမာမှသာ ထို ထိုးစစ်ကို ရိုက်ချိုးနိုင်မည်သာ…။

      နအဖစစ်တပ်၏ ရည်မှန်းချက်သည်ကား ကရင်အမျိုးသားအားလုံးကို အမျိုးဖြုတ်စစ်ဆင်ရေး…………။ အုပ်စိုးသူအဆက်ဆက် ကရင်အမျိုးသားများအား သဲကြီးမဲကြီးထိုးစစ်ဆင်မှုများက ကရင်တမျိုးသားအားလုံးအတွက် ထုလေမာလေဖြစ်ခဲ့သည်။

  ယနေ့ ပြင်းထန်ရက်စက်သည့် ထိုနအဖ၏ ထိုးစစ်ကြီးကို အဘယ့်ကြောင့် ကြံ့ကြံံံံ့ခိုင်ရပ်တည် ရိုက်ချိုးနိုင်သနည်း…။ အဘယ့်ကြောင့် ခုခံစစ်ကို ဆင်နွဲနိုင်သနည်း…။ အဘယ်ကြောင့် ရေရှည်စစ်ကို ဆင်နွဲနိုင်သနည်း…။

  ခိုင်မာပြတ်သားသည့် စောဘဦးကြီးမူ(၄)ချက် များကြောင့်ဖြစ်ပါသည်။

      ကရင့်ကံကြမ္မာ ကရင့်လက်ထဲမှာရှိရမည် ဆိုသော ထိုအတွေးအခေါ်။ ထိုအတွေးအခေါ်သည််ကား ကိုယ်တိုင်အသက်စွန့် တိုက်ပွဲဝင်မှသာ တောက်ပြောင်သည့် ကံကြမ္မာကို ဖန်တီးနိုင်မည်။ ကရင်လူထုက ကရင့်သမိုင်းနှင့် ကရင့်ကံကြမ္မာကို ဖန်တီးကြမည်။ ကံကြမအဆိုးအကောင်းသည် လူထုအပေါ်၌သာ တည်မှီနေသည်။

 လက်နက်ချခြင်း လုံးဝ အလျှင်းမရှိစေရ။ လက်နက်အားကိုးသည့်သတ္တဝါများအား လက်နက်ဖြင့်သာ ဆုံးမနိုင်မည်။ ထိုလက်နက်ဖြင့်သာ ကရင်လူထုကို ခုခံကာကွယ်ပေးနိုင်မည်။ လူထုအား ဖိနှိပ်လာသူ မည်သူမဆို တွန်းလှန်တိုက်ခိုက်မည်ဆိုသည့် လက်နက်ကိုင်တော်လှန်ရေးအတွေးအခေါ်….။

  ထိုသို့ လူထုအတွေးအခေါ်နှင့် လက်နက်ကိုင်တော်လှန်ရေး အတွေးအခေါ်မှန်ကန်စွာ ပေါင်းစပ်ထားသော တော်လှန်ရေးအဖွဲ့အစည်းကြီးကို မီးလောင်ဗုံးလာရောက်ကြဲချပါစေ..။ ဓါတုဗုံးများလာရောက်ကြဲချပါစေ…။ အနုမြူဗုံးပင် လာရောက်ကြဲချစမ်းပါစေ…။  ထိုတော်လှန်ရေး၊ ထိုလက်နက်ကိုင်အဖွဲ့အစည်းသည်ကား ထာဝရ လူထုအကျိုးစီးပွားအတွက် အကိုင်းအခက်အလက်များ ဆက်လက်ရှင်သန်နေမည်သာဖြစ်သည်။

      အပစ်ရပ်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအား ဖဒိုမန်းရှာသည် မျိုးစေ့များစွာပေးခဲ့သည်။ ထိုမျိုးစေ့များသည်ကား….။

မိမိတပ်ဆက်လက်တည်ရှိရေး

အခြေခံဒေသများမဆုံးရှုံးရေး

လူထုနှင့်အဆက်မပြတ်ရေး

  ကရင့်အဖွဲ့အစည်းမှ တော်လှန်ခေါင်းဆောင်များသည် အဘယ့်ကြောင့် သေတပန်သက်တဆုံး တော်လှန်ရေးတာဝန်များကို အသက်စွန့်ရွပ်ရွပ်ချွွံချွံ ထမ်းခဲ့ကြသနည်း။ ထမ်းနေကြသနည်း။

      လူထုဒုက္ခအဝဝ၊ သောကအထွေထွေ တနင့်တပိုးကြီးကို လူထုနှင့်ယှဉ်တွဲ၍ ရင်ဘတ်ပေါ်၌ တင်ထားသော နိုင်သောကြောင့်သာ ဖြစ်ပေတော့သည်။ ဖိနှိပ်အုပ်စိုးသူ ဘုံရန်သူကို ရန်-ငါစည်း ပြတ်ပြတ်ခွဲခြားရှုမြင် နိုင်သောကြောင့်သာ ဖြစ်သည်။

  ထိုကရင်ခေါင်းဆောင်များသည် ကရင့်အကျိုးတွင်သာမက မြန်မာပြည်ပြည်သူလူထုတရပ်လုံး၏ အကျိုးစီးပွားဖြစ်သော စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူလူထုတရပ်လုံးလွတ်မြောက်ရေးကို ဦးထိပ်ပန်ကာ တခုလုံးအကျိုးကို အခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထက် ပိုမို ထမ်းဆောင်နေသည်မှာ မြန်မာ့တော်လှန်ရေး သမိုင်းတွင် ထူးခြားအရေးပါလှပါသည်။ ကရင့်တော်လှန်ရေးနှင့် ကရင့်ခေါင်းဆောင်များအား နိဂုံးချုပ်မိပါသည်။

    တော်လှန်ရေးဖြတ်သန်းမှုအဆင့်ဆင့်တိုင်းတွင် လူထုနှင့် တော်လှန်ရေးရည်မှန်းချက်အပေါ် မတွေဝေ မတိမ်းစောင်းပဲ တည့်တည့်မတ်မတ်ခို်င်ကျည်စွာ လျှောက်လမ်းခဲ့သော၊ လျှောက်လမ်းနေသော ရပ်တည်ချက် အမျိုးသားပြည်သူ အားလုံးလွတ်မြောက်ရေးအတွက် ဦးထိပ်ပန်ဆင်ကာ တာဝန်ယူ ရဲရဲလှမ်းနေသော လုပ်ဟန်

     ပြည်သူလူထုတရပ်လုံး၏ ဆုံးရှုံးနေသောအကျိုးစီးပွားနှင့် ဒုက္ခဝေဒနာများမှ လွတ်မြောက်စေလိုသည့် အရင်းခံစေတနာ များက ကရင့်တော်လှန်ရေး ဖြတ်သန်းမှုသမိုင်းတွင်သာမက  မြန်မာပြည်၏ နောင်အနာဂါတ်သမိုင်းတွင် မွေးကြူသင်းပျံ့ပြီး လမင်းကဲ့သို့ ထွန်းလင်းတောက်ပ လင်းလက်ဖြာနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

      (ကျဆုံးသွားခဲ့သော အမျိုးသားခေါင်းဆောင်၊ လူထုခေါင်းဆောင် ကရင့်တော်လှန်ရေးခေါင်းဆောင်ကြီး ဖဒိုမန်းရှာအား ဤဆောင်းပါးဖြင့် ဂုဏ်ပြု၊ အလေးပြု လိုက်ပါသည်)

 
ဖဒိုမန်းရှာ——-မသေပါ။

သားချစ်

သကြင်္န်အကျနေ့

၁၃-၄-၂၀၀၇

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here