တူမကြီးဖတ်ဖို့ (၁)

ညှပ်ကြီး (မြင်းခြံ)

            မနှစ်က စက်တင်ဘာ လူထုအုံကြွမှုအပြီး တူမကြီးရောက်လာတော့ ဦးဦးဖျားဖျား မေးလာတဲ့ “ဦးလေးတို့ ဒီမိုကရေစီ တော်လှန်ရေးက ဘယ်လိုလဲ ဦးလေး” ဆိုတဲ့စကားကို ဦးလေး အံ့ဩသွားသလို ၀မ်းလည်းဝမ်းသာ မိတာအမှန်ပါ။ အံ့ဩတာက အခုခေတ် ဗမာပြည်မှာ စားဝတ်နေရေးက တအားဖိစီးကြတယ်မှုတ်လား။ ဒီကြားထဲက ကိုယ့်နိုင်ငံ့အရေး

 

 

ထည့်တွေးနိုင်ဖို့က လက်တွေ့ကျတော့ မလွယ်လှဘူးလေ၊ ဦးလေးတို့ စာနာ နားလည်မိပါတယ်။ ၀မ်းသာတာက ဒို့နိုင်ငံသားတွေဟာ ဒို့နိုင်ငံ့အရေးကို ဘယ်ခေတ် ဘယ်အခါမှာပဲဖြစ်ဖြစ် နိုင်ငံချစ်စိတ်၊ အမျိုးသားရေး စိတ်ဓါတ် နိုးကြားတတ် နိုးကြားလေ့ ရှိနေလို့ပါ။ အဲဒီနေ့က ဦးလေး ဘာမှထူးထူးခြားခြား ပြန်မဖြေခဲ့ပါဘူး။ အခုတော့ ဆန္ဒခံယူပွဲ ဆိုတာလဲ

 

နီးလာ၊ မှုန်ဝါးဝါး သမိုင်းအတွေးစ လေးတွေ အနာဂတ်အမြင်တွေ တွေးမိပြီး တူမကြီးဖတ်စေချင်လို့ ဒီစာ ရေးမိတာ။

            ဦးလေးတို့ နိုင်ငံဟာ (၁၈၂၄) ခုနှစ်ကထဲက တစိတ်တပိုင်းကျွန်ဖြစ်၊ (၁၈၈၅)ခုနှစ်မှာ လုံးဝ ကျွန်ဖြစ်ခဲ့တာ အလယ်တန်း အထက်တန်း အရွယ်ဆို သိပြီးသားဖြစ်မှာပါ။ ကျွန်ဖြစ်တယ်ဆိုတဲ့စကားလေးနဲ့ သမိုင်းဖတ်စာထဲ ဖတ်ကျက် ရေး ဖြေ၊ ဒါနဲ့ပြီးသွားလို့ကတော့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း စကားနဲ့ မကိုက်ဘူးဖြစ်နေမှာ။ ကိုယ်ဖြစ်ချင်လို့ ဖြစ်လာတဲ့ကျွန် မဟုတ်သလို သူ့ကျွန်ကနေ လွတ်လပ်ဖို့ဆိုတာလဲ ဘယ်နှစ်နှစ်ကြာပြီး သူရဲကောင်း ဘယ်နှစ်ယောက် ကျဆုံးပြီးမှ ရခဲ့တာလဲ၊ အချိန်တွေ ဘဝတွေ သွေးတွေခင်းခဲ့ ကျရတာကလား။ (၁၉၄၈)ခုနှစ် ဇန္နဝါရီလမှာ လွတ်လပ်၊ မတ်လမှာ ပြည်တွင်းစစ်ဖြစ်ခဲ့တာ အခုထိဆိုတော့ ဒို့ပြည်သူတွေဟ (၁၈၂၄)ခုနှစ်ကနေ အခု (၂၀၀၈)ခုနှစ်ထိ နှစ်ပေါင်း (၁၈၀)လုံးလုံး စိတ်အေး ချမ်းမြေ့ ကျောသားရင်သားမခြား မနေခဲ့ရရှာကြဘူး တူမပြီးရေ။

            ကျောက်ခေတ် ကျွန်ခေတ်တွေထားပါ။ ဒို့နိုင်ငံရဲ့ ကျောက်စာ ပေစာ အထောက်အထားတွေအရ ပုဂံခေတ်က စရေတွက်ရင် နှစ် (၁၀၀၀)သမိုင်း၊ ဒီနှစ် (၁၀၀၀)ထဲမှာ ပဒေသရာဇ်ခေတ်က နှစ်(၈၀၀)၊ ဒါတောင် နှစ်(၈၀၀)လုံးလုံး ထီးနဲ့ နန်းနဲ့ ကိုယ့်ဘုရင်နဲ့ နေ နေကြတာ မဟုတ်ဖူးလေ။ ထီးမဲ့ နန်းမဲ့ ဘုရင်မဲ့ နှစ်တွေလဲ မနည်းဘူး။ ဒို့နိုင်ငံက တခြားတိုင်းပြည်တွေလို ပဒေသရာဇ် တော်လှန်ရေး ဆင်နွှဲစရာမလိုပဲ ကျွန် တန်းဖြစ်ခဲ့ကြရတာ၊ ဒီမှာတင် နယ်ချဲ့ တော်လှန်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး…..ဆရာတော ဦးဝိစာရ၊ ဦးဥတ္တမ၊ ဗိုလ်ဆွန်ပက်၊ ပုပ္ပါး ဗိုလ်နက်ကျော်၊ ဒို့ဒေသက ၀ဲလောင် ဗိုလ်ရာညွန့်၊ ငဠုန်ဆရာစံ၊ အာဠာဝက သခင်ဖိုးလှကြီး၊ စစ်ကိုင်း ဗိုလ်သိန်းတန်၊ မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း၊ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တွေ၊ နောက်ပြီး … သခင်တွေ၊ အာရှလူငယ် အစည်းအရုံးအဖွဲ့ဝင်တွေ၊ (၁၉၆၂)ခုနှစ် ကျောင်းသားမျိုးဆက်တွေ၊ ကို့ကိုးကျွန်း အာဇာနည်တွေ၊ (၁၉၇၄/၇၅/၇၆) အလုပ်သမား ကျောင်းသား ပြည်သူတွေ၊ (၁၉၈၈) မျိုးဆက်တွေ နည်းသလား ငါ့တူမကြီးရေ။ ဒီ (၁၉၈၈-၂၀၀၈) နှစ် (၂၀)အတွင်း လမ်းမတွေပေါ်မှာ၊ ထောင်ထဲမှာ၊ စစ်ကြောရေးစခန်းမှာ၊ လက်နက်ကိုင်ဒေသ တောထဲမှာ၊ ဆေးရုံပေါ်မှာ၊ မီးသဂြင်္ ိုဟ်စက်ထဲမှာ၊ သူရဲကောင်း အာဇာနည်တွေရဲ့ အသက်တွေ သွေးတွေ ၀ိညာဉ်တွေ ခုဆို ဦးတို့လူမျိုးရဲ့ အသက်ဝိညာဉ်ဖြစ်တဲ့ ဗုဒ္ဓသာသနာ အရှည်တည်အောင် ထိန်းသိမ်းမယ့် ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ရဟန်းသံဃာတွေတောင် ဘယ်လိုဖြစ်နေပြီလဲ ဆိုတာ မြို့မှာနေတဲ့ တူမကြီးတို့ ပိုသိမှာပါ၊

            အခု ဦးတို့ ပြည်သူတွေဟာ တခြားနိုင်ငံကြီးတွေမပြောနဲ့ ကိုယ့်အိမ်နီးချင်း ဒုတိယကမ္ဘာစစ်ပြီး လွတ်လပ်ခဲ့တဲ့ နိုင်ငံတွေနဲ့တောင် ရင်ဘောင်မတန်းနိုင်အောင် ဖြစ်နေတာက ရှေးဝဋ်ကြောင့်လဲ မဟုတ်၊ လူမျိုးအလိုက် ညံ့လို့လဲ မဟုတ်၊ လက်တဆုပ်စာ စစ်အာဏာရှင် တစုကြောင့်ပဲလေ၊ (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကြည့်ရင် တပ်မတော်သားတွေရဲ့ ရင်နှလုံးသားဟာ ပြည်သူတွေနဲ့ တထပ်တည်း ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုအုံကြွမှုကြီးကို ကြည့်ရင် ရဟန်းသံဃာတွေဟာ ပြည်သူ့အသည်းနဲ့ အတူတူ၊ ဒါဆို လာမည့် ဆန္ဒခံယူပွဲဆိုတာကို ရဟန်းရှင်လူ ပြည်သူ ကျောင်းသား တပ်မတော်သားတွေက စစ်အုပ်စုကို တိုက်ထုတ်တဲ့ပွဲ၊ အဲဒီ ပွဲအတွက် အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံးထိပါ ပြင်ဆင်ထားကြရအောင်။…..။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here