ခွပ်ဒေါင်းစစ်သည်တဦး၏ ဒိုင်ယာရီထဲမှ မှတ်တမ်းများ (၁)

thai ယမန်နေ့ညနေပိုင်း……


ကျနော့်ထံ အလည်ရောက်နေသော ကိုသားချစ်နဲ့ကျနော် ညနေစာထမင်းစားပြီး တီဗွီဖွင့်ကြည့်ရင်း ရောက်တတ်ရာရာ စကားပြောဖြစ်ခဲ့ကြတယ်။ လက်ရှိနိုင်ငံရေးအခြေအနေများ ပြောနေကြရင်း လက်နက်ကိုင်တော်လှန်ရေး လုပ်ခဲ့ကြစဉ်ကအကြောင်း

 

 

တွေဆီကို ရောက်သွားကြတယ်။ “ ငါကတော့ကွာ တော်လှန်ရေးနယ်မြေထဲမှာ ငါတွေ့ကြံုလှုပ်ရှား သွားလာလှုပ်ရှားခဲ့တဲ့ဟာလေးတွေကို မှတ်တမ်းအဖြစ်လေး ကျန်ကျန်ပေါ့၊ နောက်ပြီး မသိသေးသူတွေလဲ သိသွားအောင် ငါတို့ အေဘီအက်စ်ဒီအက်ဖ်(မြောက်ပိုင်း)ရဲ့ နအဖ စစ်အစိုးရကို တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းလေးတွေရေးနေတယ်။ တချို့ကောင်တွေက မင်းတို့ငါတို့ အသက်စွန့်ပြီး လုပ်ခဲ့ကြတာတွေ နိုင်ငံအတွက် ဘယ်လိုလုပ်ခဲ့ကြတာတွေ မသိကျဘူးကွ” လို့ ကိုသားချစ်ကပြောလာတော့ ကျနော်လည်း “ကောင်းပါတယ် ရေးပါလို့” တိုက်တွန်းလိုက်တယ်။ ကျနော်ကသူ့ကို တိုက်တွန်းလိုက်သလို သူကလဲကျနော့်ကို “မင်းဆိုရင် ရှေ့တန်းမှာ တိုက်ပွဲတွေအများကြီးတိုက်ခဲ့တဲ့ကောင်ပါ။ ဒါကြောင့် မင်းတိုက်ခဲ့တဲ့ တိုက်ပွဲတွေအကြောင်းရေးပေါ့” လို့ ဆိုလာတယ်။ “အေးပါ” ဆိုပြီး ………………..

.

ကျနော်လည်း နအဖတပ်တွေနဲု့ တိုက်ခဲ့တဲ့တိုက်ပွဲတွေကို စဉ်စားလိုက်မိတယ်။ တိုက်ပွဲဖြစ်စဉ် အသေးစိတ်တွေကိုတော့ စဉ်းစားလို့ရလာပေမဲ့ ဘယ်နေ့ဘယ်ရက် ဘယ်ခုနှစ်က ဖြစ်သွားတယ်ဆိုတာကို မမှတ်မိတောပဲ ရောထွေးနေကုန်တော့တယ်။ သူက ဆက်လို့အားပေးရှာပါတယ်။

ကျနော်လည်း ဆက်စဉ်းစားကြည့်တယ်။ ဘယ်လိုမှအတွေးထဲမပေါ်လာ။ ဒါနဲ့ကျနော်ရေးခဲ့တဲ့ ဒိုင်ယာရီ အဟောင်းလေးတွေကို ပြန်လှန်ကြည့်ရင် တွေ့နိုင်မလားဆိုပြီး စဉ်းစားမိလို့ ပြန်လှန်ကြည့်ဖြစ်တယ်။ ဒိုင်ယာရီဆိုပေမဲ့ အဖုံးတောင်မရှိတော့ဘဲ စာရွက်ကလေးတွေဆုတ်ပြီး နောက်အသစ်ဒိုင်ယာရီ ကြားမှာ ညှပ်ထားတဲ့ နေ့စဉ်မှတ်တမ်းလေးတွေကို သွားတွေ့တယ်။ နေ့စဉ်မှတ်တမ်းရေးခဲ့တဲ့ မှတ်တမ်းလေးတွေဟာ နေ့စဉ်အလိုက်ပင် မပြည့်မစုံတော့။ ကချင်ပြည်နယ် အတွင်း စစ်ဆင်ရေးပေါင်းများစွာကို ဥတုမရွေး တောတောင်အနှံ့ လှည့်လည်သွားလာပြီး နအဖ တပ်တွေကို တိုက်ခိုက်ရင်း သယ်ဆောင်လာ ခဲ့တဲ့ဟာဆိုတော့ မိုးဒဏ်လေဒဏ်တွေကြောင့် ၀ါကျင့်ကျင့်အကွက်ကလေးများထနေသော စာရွက်ကလေးများလည်း အတော်ကို ဟောင်းနွမ်းနေလေပြီ။ အချို့စာရွက်တွေကတော့ ရေးထားသောစာ အပြည့်အစုံပင် မပါ၀င်တော့။ ဒါပေမဲ့ ကျနော်မြင့်လိုက်တဲ့ နေ့စဉ်မှတ်တမ်း စာရွက်ကလေးမှာ ပါခဲ့တဲ့ အချက်အလက်ကလေးတွေကတော့ အခုချိန်ထိ ခိုင်ခိုင်မာမာ တိတိကျကျ ရပ်တည်နေလျှက်။ ဦးမော့နေလျှက်ပါဘဲ။

အဲ့ဒီလို ဦးမော့ရပ်တည်နေကြတဲ့ ကျနော့်ရဲ့ နေစဉ်မှတ်တမ်းကလေးမှာ အေဘီအက်စ်ဒီအက်ဖ်် (မြောက်ပိုင်း)မှ သင်တန်းဆင်းခဲ့ပြီး ရဲဘော်အဖြစ် ကျနော့်အတွက် ပထမဆုံးတိုက်ခဲ့ရတဲ့ တိုက်ပွဲမှတ်တမ်းလေးကို တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့လိုက်ရတယ်။ ဒီတိုက်ပွဲရဲ့ထူးခြားချက်ကလဲ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ရဲဘော်များအဖြစ် စစ်သင်တန်းဆင်းခဲ့ကြပြီး ပထမ ဦးဆုံးတိုက်ပွဲဆိုလည်း မမှားပါဘူး။ အဲ့ဒီတိုက်ပွဲမှတ်တမ်းလေးကို ဖတ်လိုက်တဲ့အခါမှာတော့ ကျနော့်အတွေးမြင်ကွင်းထဲတွင် ပုံရိပ်များသည် တဖြတ်ဖြတ် လှစ်ကနဲ လှစ်ကနဲ ပေါ်လာနေတော့တယ်။

အဲ့ဒီတိုက်ပွဲမှာ ကျနော်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် အတော်များများလည်း ကျဆုံးသွားကြကုန်လေပြီ။ တချို့လည်း အမှောင်ထု နအဖတို့ဘက်ထဲကို ပြန်ဝင်သွားတဲ့သူတွေလည်း တွေ့ရလေတယ်။ အချို့လည်း ကျန်ရှိနေသေးပြီး ယခုအချိန်ထိ တိုက်ပွဲဝင်ဆဲ။ တိုက်ပွဲတွင်ပါခဲ့တဲ့ ရဲဘော်တွေအတွက်နဲ့ အဲ့ဒီတိုက်ပွဲမှာ ရန်သူလက်ထဲဖမ်းမိသွားခဲ့တဲ့ ရဲဘော်လေးတွေအတွက် မှတ်တမ်းတင်ကျန်နိုင်အောင် ဒီတိုက်ပွဲ အကြောင်းကို ရေးသားမှတ်တမ်းတင် လိုက်ပါတယ်။ သိမြင် နားလည်် ခံစားနိုင်ကြပါစေလို့ ……….

Image and video hosting by TinyPic
ဗန်းမော်ဘက်မှ စတင်ချီတက်လာသော နဝတစစ်ကြောင်းအား လမ်းတွင် အမ်းဗို့ချ် (ambush)ချ တိုက်ခိုက်ရန် ချီတက်ခြင်း

အချိန်ကား (၁၉၈၉)


မိမိတို့ကျောင်းသားတပ်မတော်အဖြစ် ပေါ်ပေါက်လာပြီး စစ်သင်တန်းများ တက်ရောက်ပြီးတဲ့ ရဲဘော်များဟာ စစ်ရေးအတွေ့အကြံုရရှိစေဖို့ရာ ရှေ့တန်းနယ်မြေများတွင် ကေအိုင်အေ၏ တပ်ရင်း၊ တပ်မဟာများဖြင့် စစ်ဆင်ရေးများတွင် ပူးပေါင်းပါ၀င်တိုက်ခိုက်ရေးများကို ပြုလုပ်လာကြရတယ်၊၊ အဲ့ဒီလိုပြုလုပ်ကြရာမှာ ကေကိုင်အေ တပ်မှူးများအနေဖြင့် မိမိတို့ကျောင်းသားတပ်မတော်အပေါ် ချက်ချင်းလူတိုင်းစေ့ လက်နက်ထုတ်ပေးခြင်း မပြုလုပ်သေးပဲ ကေအိုင်အေ လက်နက်ကြီးတပ်ခွဲများတွင် လည်းကောင်း၊ ဟက်ကွာတာ (head quarter) စစ်ကြောင်းများတွင်လည်းကောင်း ပူးပေါင်း၍ သွားလာကြရတယ်။ အများစုအားဖြင့်ကတော့ လက်နက်ကြီးတပ်ခွဲအတွက် လုံခြံုရေးအဖြစ်တွဲဖက်ကာ စစ်ကြောင်းချီပါက လက်နက်ကြီး ကျည်များကို ကူညီသယ်ပိုးပေးရတယ်။ မိမိတို့ ကျောင်းသားတပ်မတော်၏ စိတ်ဓါတ်များကို လေ့လာအကဲခတ်နေကြခြင်းသာဟု ယူဆနိုင်တယ်။ ကျောင်းသားတပ်မတော် ရဲဘော်များအပေါ်တွင်လည်း အားကိုးယုံကြည်မှုမရှိသေး၊ အတွေ့အကြံု နုငယ်သေးတာကို အကြောင်းပြုပြီး ကျောင်းသားတပ်မတော် ရဲဘော်များရဲ့ စိတ်ဓါတ်ကို စိုးစဉ်းမျှသိပုံမရ၊ မိမိတို့ကျောင်းသားတပ်မတော်ရဲဘော်များဟာလည်း လက်နက်ခဲယမ်းအပြည့်အစုံမရ လက်နက်ကြီးကျည်များသာ ကူညီသယ်ပိုး သွားလာနေရပေမဲ့ မိမိတို့ကျောင်းသားတပ်မတော် ရဲဘော်များသည် လုံးဝ လုံးဝ စိတ်ဓါတ်ကျခြင်းမရှိ။ ရန်သူ နဝတ အပေါ် တိုက်ခိုက်လိုစိတ်သာ ပြင်းပြနေလေရဲ့။ ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း မဆလ စစ်တပ်နဲ့ ပြည်သူ့ရဲ (ခေါ်)ခုနှစ်ပဲများက ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသော ပြည်သူလူထု ရဟန်းသံဃာ ကျောင်းသူကျောင်းသား မိမိတို့၏ သူငယ်ချင်းများ၏ ရုပ်ပုံများသာ အမှတ်ရနေလေရဲ့။ လူငယ်ပီပီ ဂလဲ့စားချေလိုစိတ်များနဲ့သာ ကြံုးဝါးနေလေရဲ့။

မေလ (၃)ရက် ဗုဒ္ဓဟူးနေ့


စစ်ဆင်ရေးရှိသည်ဆိုလို့ ကျနော်တို့တပ်စုနှစ်စုဟာ နန်မွိုင်(တပ်စခန်းဌာနချုပ်)ကနေ ညနေ (၆)နာရီခွဲမှာ စတင်ထွက်ခွာလာခဲ့ကြတယ်။ ကျနော့်တို့တပ်စုနှစ်စုမှာ ပါ၀င်ခဲ့တဲ့ ရဲဘော်တွေစာရင်းကတော့
တပ်စု(၁)
မျိုးဝင်းနိုင်၊ ပေါက်ကွေး၊ စောစိုးစိုး၊ အောင်နိုင်၊ နော်မိုင်၊ ဆန်းထွန်း၊ ပုတို၊ ငမန်း၊ အောင်ထွန်းမြင့် တို့ဖြစ်ကြတယ်။
တပ်စု(၂)တပ်စိတ်(၁)
ဘဂျမ်း၊ စန်းအောင်၊ မျိုးကို(ကြက်ကလေးချီးတစ်)၊ စိုင်းပို၊ အောင်ကျန်၊ ဆူပါ
တပ်စု(၂)တပ်စိတ်(၂)
နင်ဂျာ၊ ကျော်မိုးလွင်၊ မြင့်ခိုင်၊ အောင်တိုး၊ လှထွန်း၊ ကျနော် ဖြစ်တယ်။
ကျနော်တို့ ကျောင်းသားတပ်မတော် စစ်ကြောင်းမှူးအဖြစ် ဦးအောင်ကိုး၊ တပ်စု(၁)ကို မျိုးဝင်းနိုင် တပ်စုမှူး။ တပ်စု(၂)ကို ကျနော်က တပ်စုမှူးအဖြစ် အသီးသီး တာဝန်ယူခဲ့ကြတယ်။ ကချင်တိုင်းရင်းသားများ နေထိုင်ကြတဲ့ နောင်ပုံရွာကို ကျော်လာပြီး ရှမ်းတရုတ်တွေနေထိုင်ကြတဲ့ တုန်ဟုန်းရွာကို ည (၈)နာရီ လောက်မှာ ရောက်ခဲ့ကြတယ်။ မိမိတို့ စိုးမိုးထားရာ ဒေသဖြစ်တဲ့အတွက် စိုးရိမ်ပူပန်စရမရှိလို့ အဲ့ဒီရွာမှာပဲ တအိမ်မှာ တပ်စိတ်တစိတ်စီနေရာချလို့ အိမ်ရှင်ထံတည်းခိုခွင့်တောင်းကာ အေးအေးဆေးဆေး ညအိပ်ခဲ့တယ်။
 
Image and video hosting by TinyPic

မေလ(၄)ရက် ကြာသပတေးနေ့


ညတုန်းက အိပ်ခဲ့တဲ့ တုန်ဟုန်းဆိုတဲ့ ရှမ်းတရုတ်ရွာမှာပဲ တနေကုန်းလုံး နေနေကြတယ်။ ည ၈နာရီ ၁၀မိနစ်မှ အဲ့ဒီရွာကနေ စထွက်လာခဲ့တယ်။ လမ်းမှာ တရုတ်နိုင်ငံထဲက ရွာကြီးတခုရဲ့ လမ်းကြိုလမ်းကြားတွေကနေ ညအချိန် ဖြတ်ပြီးသွားရတယ်။ ကျနော်တို့စစ်ကြောင်းတွင်လည်း မည်သူမျှ လက်နှိပ်ဓါတ်မီးထွန်းခွင့်မရ၊ စကားပြောခွင့်မရ၊ ချောင်းပင်ဆိုးခွင့်မရပါ။ တယောက်နှင့်တယောက်လည်း အဆက်ပြတ်၍ မရ။ လမ်းကြိုလမ်းကြားတွေကနေ သွားနေတာဆိုတော့ လမ်းလွှဲသွားနိုင်သည်က အများကြီးမဟုတ်လား။ ဒါကြောင့် တယောက်ကို တယောက်အမှီလိုက်ကြရတယ်၊ တခါတလေ နဲနဲနောက်ကျသွားလို့ အတင်းပြေးလိုက်တဲ့အခါ အရှေ့ကရဲဘော်တွေက စစ်ကြောင်းသွားမဲ့လမ်းမှာ တရုတ်နိုင်ငံသား အရပ်သားတွေ သွားလာနေတာနဲ့ကြံုနေလို့ စစ်ကြောင်းကလည်းရပ်နေ၊ နောက်ကရဲဘော်ကလည်း ပြေးလိုက်လာဆိုတော့ ရှေ့ကရဲဘော်ထမ်းထားတဲ့ သေနတ်ပြောင်းနဲ့ နောက်ကလိုက်လာတဲ့သူက အရှိန်နဲ့တိုက်မိကြတာပေါ့။ အဲ့ဒီလိုတိုက်မိလို နာသွားရင်လည်း အသံက ထွက်ခွင့်မရ။ ကြိတ်မိတ်ခံကြရတယ်။ စစ်ကြောင်းမှူးကလည်း အမိန့်ပေးထားတယ်လေ အသံလုံးဝ မထွက်ရလို့။

ကျနော်တို့သွားလိုတဲ့နေရာကို မြန်မာပြည်ဘက်နေသွားရင် လွယ်ဂျယ် နအဖတပ်ကို ကွင်းပြီးသွားရမှာဖြစ်တယ်။ အဲ့ဒီလိုကွင်းပြီးသွားရင် အနဲဆုံးတပတ်လောက်ကြမှ ရောက်နိုင်တာ။ တရုတ်ပြည်နယ်မြေထဲကနေ ညအချိန် တိတ်တဆိတ်ဖြတ်ပြီး သွားရင်လမ်းခရီးက တညတာလောက်နဲ့ ရောက်သွားတယ်။ ဒါကြောင့် ကျနော်တို့က တရုတ်ပြည်လမ်းဘက်ကနေ တရုတ်အစိုးရမသိအောင် ညအချိန်ဖြတ်ပြီး သွားကြတာဖြစ်တယ်။
တရုတ်ပြည်ထဲက ရွာကြီးကို ကျော်လိုက်ပြီးတဲ့အခါမှာတော မြန်မာပြည်ထဲက ကုန်းဆာရွာကို ရောက်ခဲ့တယ်။ အဲ့ဒီကနေပြီး ဆက်ထွက်လိုက်တဲ့အခါမှာတော့ ဖရန်ငွန်ရွာကို ည ၁၁နာရီခန့်မှာ ရောက်ရှိသွားတယ်။ ကျနော်တို့အဖွဲ့တွေကိုလည်း တပ်စိတ်အလိုက်နေရာချပြီး အိမ်ရှင်ထံ ညအိပ်ခွင့် တောင်းကာ အဲဒီဖရန်ငွန်ရွာလေးမှာ ညအိပ်ခဲ့ကြတယ်။

မေလ (၅)ရက် သောကြာနေ့


ဒီဖရန်ငွေရွာလေးကနေ ရဲဘော်အများ ချက်ပြုတ်စားသောက်အပြီး မနက် (၉)နာရီမှာ ခရီးစထွက်ခဲ့ရတယ်။
တောတောင်များကို ဖြတ်ကျော်ပြီး တပ်မဟာ(၃)အနီး ခလုန်ပါရွာကို (၁၁)နာရီခွဲ (၁၂) နာရီခန့်မှာ ရောက်ခဲ့ကြတယ်။ နေလည်ပိုင်းတနေကုန် ရဲေဘော်များအနားယူကြရပြီး ညနေစာကို ခလုန်ပါရွာလေးမှာ ချက်စားခဲ့တယ်။ ခလုန်ပါရွာလေးဟာ အိမ်ခြေ (၁၀)အိမ်ခန့်သာရှိပြီး အဇီးလူမျိုးများနေထိုင်ကြတဲ့ ရွာလေးပါ။ ကျနော်တို့ ရောက်တဲ့အချိန်မှာတော့ လူကြီးတွေကို မတွေ့ရဘဲ ခလေးတွေဘဲရှိနေကြတယ်။ လူကြီးတွေက တောင်ယာသွားကြပြီ။ ကျနော်ညအိပ် တဲခိုခဲ့ရတဲ့အိမ်က အဖွားအိုကြီးနဲ့ ခလေးလေး တယောက်တည်းရှိတဲ့အိမ်ပေါ့…။

မေလ (၆)ရက် စနေနေ့


အဲဒီရွာလေးမှာ ကျနော်တို့ စစ်ကြောင်းဟာ တနေကုန်အနားယူကြပါတယ်။ မနက်စာရောညနေစာပါ အဲဒီ ရွာလေးမှာပဲ ချက်စားခဲ့ကြတယ်။ညနေထမင်းစားပြီးတာနဲ့ ဒီရွာလေးကနေည (၇)နာရီမှာ တိတ်တဆိတ် ထွက်ခွာလာခဲ့တယ်။ တနာရီခန့် လမ်းလျှောက်ပြီးတဲ့အခါမှာ ကျနော်တို့ ကေအိုင်အေ တပ်မဟာ(၃)ကို ရောက်ရှိခဲ့တယ်။ တပ်မဟာ(၃) စစ်ကြောင်းနဲ့ပူးပေါင်းပြီး ကျနော်တို့ ဆက်ထွက်ခဲ့ကြတယ်။ သိပ်မကြာခင် အဇီးလူမျိုးများနှင့် ကချင်လူမျိုးများနေထိုင်တဲ့ ရွာလေးကို ဖြတ်ကျော်ခဲ့ကြတယ်။
ဆက်လျှောက်ရတဲ့ ခရီးကတော့ တော်တော်လေးကိုကြမ်းတမ်းလှတယ်။ ရွာစဉ်ရွာဆက်များမတွေ့ရဘဲ တောတောင်လျှိုမြောင်ကိုသာ တွေ့နေရတဲ့ လမ်းကြမ်းပါ။ တက်ရတဲ့ တောင်တွေက အလွန်မှကို မတ်စောက်လှတယ်။ ထိုညက ခရီးက အလွန်ပန်းတယ်။ တောင်အတက်ချည်းပဲ(၄)နာရီခရီး။ နောက်ပြီး ညလဲညခရီး။ အတွေ့အကြံုကလဲ နုငယ်သေး၊၊ တော်ရုံစိတ်ဓါတ်ဖြင့် မလွယ်။ စိတ်ဓါတ်တော့ စိုးစိမျှမကျ။ အဲဒီည ည တစ်နာရီထိုးမှာ ကျယ်ကောင်ဆိုတဲ့ ရွာလေးကို ရောက်တယ်။ တရုပ်လူမျိုး အများဆုံးနေထိုင်ပြီး ကချင်လူမျိုးက လေးငါးအိမ်လောက်ဘဲရှိတဲ့ ရွာလေးပါ။ ဒီရွာလေးရဲ့ အသက်မွေးဝမ်း ကြောင်းကတော့ ဘိန်းစိုက်၊ ပြောင်းစိုက်လုပ်ငန်းပါပဲ။ အဲဒီနေရာရောက်တာနဲ့ ကျနော်တို့စစ်ကြောင်းဟာ တောစပ်ချုံစပ်တွေမှာ အသင့်နေရာယူကြရတယ်။ ရဲဘော်တွေကို ကျနော်လည်း နေရာချပြီးတာနဲ့ ကျနော်လည်း ဖြစ်သလိုခြံုထဲတိုးပြီး ထိုးအိပ်လိုက်တယ်။ အောက်မှာ စစ်မိုးကာခင်း အပေါ်က ပုဆိုးကို ခြံုပြီးလိုက်တာနဲ့ ကျနော်လည်း တချိုးတည်း အိပ်ပျော်သွားခဲ့တယ်။ ဒီဒေသက ဖြုတ်တွေနဲ့၊ ခြင် ပေါတဲ့အရပ်ပါ။ ဖြုတ်ဆိုတဲ့အကောင်က အင်း၊ ချောင်း၊ မြစ်ဘေးတို့မှာအရှိများပြီး ကျွဲနွားများကိုကိုက်တတ်သော ဖြုတ်အငယ်လေးများနဲ့မတူ၊ အရွယ်က ခွေးလေးသန်းလောက် အရောင်ကတော့ အဝါရောင်၊ အကိုက်ခံလိုက်ရရင် မဲ့နီလေးလို အသားမှာ အနီစက်ကလေးအဖြစ် ကျန်နေတတ်တယ်။ အဲ့ဒီလို ဖြုတ်ကိုက် ခြင်ကိုက်တာတောင် မသိနိုင်တော့တဲ့ ကျနော်တို့ဟာ ခရီးဘယ်လောက်ပန်းကြတယ်ဆိုတာ…..။့ ခြင်ဒဏ်ဖြုတ်ဒဏ်ကို မမှုကြတော့ပါ။ အချိန်ကလည်း ညဉ့်နက်။ လမ်းလျှောက်လာခဲ့တဲ ခရီးကလည်း ဝေး။ တက်ရတဲ့တောင်တွေကလည်း မတ်စောက်ဆိုတော့….။

မေလ (၇) ရက် တနင်္ဂနွေနေ့


အိပ်ချိန်က သိပ်မရလိုက်။ အိပ်ရေးကမဝခြင်။ မနက် (၅)နာရီ အစောကြီး ထခိုင်းလိုက်သည်။ မနက်စာ စားပြီးသည်နှင့် ကျနော်တို့က ခရီးအထွက်ကို ပြန်စောင့်ကြသော်လည်း ထိုရက်က မထွက်ဖြစ်လို်က်။ တနေကုန် အနားရတဲ့နေ့။ ညနေပိုင်း ရောက်သည်နှင့် ရိက္ခာ ထုတ်ဆိုသည့် အော်သံကြားလိုက်ရတော့ ၀မ်းသာအားရကျနော်တို့ ပြေးသွားကြသည်။ ထိုရက် ညနေပိုင်းက ထုတ်ပေးတဲ့ ရိက္ခာတွေက….။ အမဲသား၊ ငရုတ်သီး၊ ပဲပုပ်ပြား၊ ဖရောင်းတိုင်၊ အချိုမှုန့်၊ ဗာဂျီးနီးယားဆေးမှုန့်ထုပ်၊ ဆွန်ထန်ခြောက်။ တိုက်ပွဲက နီးလာပြီဆိုတော့ အမဲသားပေးပြီး အားမွေးးပေးလိုက်တာပါပဲ။ အဲဒီညက ကျနော်တပ်စုက ကင်းမစောင့်လိုက်ရဘဲ မျိုးဝင်းနိုင်ရဲ့ တပ်စုက ကင်းစောင့်ကြတယ်။ ခရီးကပန်း တောကကြမ်းဆိုတော့ အဲဒီရက်မှာ ရဲဘော်နှစ်ဦး (ရဲဘော်ကြက်လေးချီးတစ်၊ ရဲဘော်မောင်ပို) ဖျားကြတယ်။ မျိုးဝင်းနိုင်တပ်စိပ်ထဲမှာ ရှိနေတဲ့ ဒီရဲဘော်နှစ် ယောက်ကို တောင်အောက်က ရွာမှာပေးနားလိုက်တယ်။ ကျနော်တို့ စထွက်လာတဲ့ ကျောင်းသားစစ်ကြောင်းက ရဲဘော်နှစ်ယောက်ဖျားကျန်ခဲ့တော့ စုစုပေါင်း (၂၁)ယောက်ဘဲ ကျန်တော့တယ်။ ရိက္ခာက အမဲသား၊ ညကလည်း နားလိုက်ရဆိုတော့ အဲဒီညမှာ တိုက်ရမဲ့ တိုက်ပွဲအတွက် အားမွေး ဓါးသွေးတဲ့ ညပါပဲ။ အိမ်မက်တွေထဲမှာတော့ နဝတ တပ်တွေကို ကောင်းကောင်းချည်းကို ဆော်ပလော်တီးနေလေရဲ့။

မေလ (၈) ရက် တနင်္လာနေ့


ညနေစာကို ညနေသုံးနာရီထမင်းစားအပြီးလို့စစ်ကြောင်းမှူးက အမိန့်ပေးလာတယ်။ ထမင်းစားပြီးတာနဲ့ စစ်ကြောင်းမှူးက ကျနော်တို့ ကျောင်းသားအဖွဲ့အား သီးသန့်တွေဆုံပြီး တာဝန်ခွဲဝေမှုတွေ စတင်လုပ် ဆောင်တော့တယ်။ ကေအိုင်အို စစ်ကြောင်း (၁)မှာ ကျနော်ကျန်ခဲ့ပြီး ကေအိုင်အိုစစ်ကြောင်း (၂)မှာ မျိုးဝင်းနိုင် တပ်စုက လိုက်ပါသွားတယ်။ ကျနော်တို့ စစ်ကြောင်း (၁)မှာဘဲ တပ်ခွဲတွေ ထပ်ခွဲကြပြန်တယ်။
တပ်ခွဲ(၁)မှာ ရဲဘော်ဘဂျမ်း၊ ရဲဘော်ယုံတိုး၊ ရဲဘော်မြင့်ခိုင် တို့ပါသွားပြီး တပ်ခွဲ (၃)မှာ ကျနော်နှင့် ကျော်မိုးလွင်နှင့် အခြားရဲဘော်များပါခဲ့တယ်။ ရဲဘော်အောင်ကိုးနဲ့ ရဲဘော်စန်းအောင်တို့ ကေအိုင်အေ စစ်ကြောင်းမှူးဘေးမှာ တွဲနေကြရတယ်။

မေလ (၉ ၊ ၁၀) ရက် အင်္ဂ ါနေ့၊ ဗုဒ္ဓဟူးနေ့


တရွာဝင်တရွာထွက် စစ်ကြောင်းစစ်ချီခဲ့ရသောနေ့ဖြစ်တယ်။
စစ်ကြောင်းက ဗန်းမော်မြို့ဘက်သို့ ဦးတည်နေတယ်။ ဗန်းမော်မြို့အနီး (၂၁)မိုင်ရွာ အနီးသို့ ချည်းကပ်လာနေတယ်။ ဒီနေရာတွင် ကြံု၍နဲနဲပြောပြချင်သေးတယ်။ အဲ့ဒါကတော့ ကျနော်တို့ရဲဘော်တွေထဲမှာ ရဲဘော် ယုံတိုးဆိုတာ ဗန်းမော်မြို့က။ ကျနော်တော်တို့ စစ်ကြောင်းချီတဲ့ လမ်းက ဗန်းမော် – လွယ်ဂျယ်လမ်း။ အဲ့ဒီလမ်းမှာ ဗန်းမော်၊ မြို့သစ်၊ မိုးမောက်၊ မံစီ ရှိ ပြည်သူတွေက တရုတ်ပြည်ကို လာလာပြီး တရုတ်ကုန်ပစ္စည်း ၀ယ်ယူသယ်ဆောင်နေကျ လမ်းဖြစ်တယ်။ ကျနော်တို့စစ်ကြောင်းချီတဲ့အခါမှာ တရုတ်ပစ္စည်းများ လာရောက်ဝယ်သူ ဗန်းမော်သူလေးတွေနဲ့ တိုးပြီး အဲ့ဒီအထဲမှာ ရဲဘော် ယုံတိုး နဲ့ သိတဲ့ အပျိုကောင်မလေးတယောက် ပါလာလေရော့။ ရဲဘော် ယုံတိုး ကလည်း လက်နက်မကိုင်ရ။ လက်နက်ကြီး ကျည်သာထမ်း၍ လိုက်ရတဲ့သူ။ ဒါနဲ့ ကျနော်တို့ ရဲဘော်ယုံတိုး လေးခမျာမှာ လက်နက်မကိုင်ရဘဲ လက်နက်ကြီးကျည်သာ သယ်ပြီးလိုက်ရတာမို့ ကောင်မလေးနဲ့တွေ့လိုက်တဲ့အခါ ပြံုးပြနှုတ်ဆက်မှု လေးတောင် မလုပ်နိုင်တော့ဘဲ… ရှက်လို့ဆိုပြီး ကျောင်းသားရဲဘော် ဦးထုတ်ကို ငိုက်ငိုက်ဆွဲချ မျက်နှာလွှဲပြီး သွားခဲ့ရတယ်လို့ သူပြန်ပြောပြတော့ ရယ်မဆုံးနိုင်အောင်တဝါးဝါးဖြစ်ခဲ့ကြရတယ်၊

မေလ (၁၁) ကြာသပတေး


ဒီနေ့မှာတော့ ကျနော်တို့ ရှေ့ကရောက်နေတဲ့ စစ်ကြောင်းပြန်ခေါက်လာနေတာကို တွေ့လိုက်ရတယ်။ စုံစမ်းမေးမြန်းကြည့်တော့ နဝတ စစ်ကြောင်းနဲ့ လွဲသွားပြီး မိမိတို့ သွားရောက် အင်းဗို့ချမဲ့နေရာကို ကျော်သွားပြီဆိုတာသိလိုက်ရတယ်။ ဒါနဲ့ မိမိတို့ရဲ စစ်ကြောင်းကြီး ဌာနချုပ်ကို အမြန်ဆုံးပြန်ရောက် ခုခံကာကွယ်နိုင်ဖို သုတ်ချေတင် ပြန်လာခဲ့ရတယ်။ ဖြတ်လမ်းတွေကို အသုံးပြုပြီး လာခဲ့တော့တရက်တည်း နဲ့ ကေအိုင်အေ တပ်မဟာ(၁) တပ်ရင်း (၁) လက်နက်ကြီးကုန်းကို ရောက်ခဲ့ကြတယ်။ ဒီနေ့လည်း ခရီးကအတော်ပမ်းကြတာပေါ့။ မနက် ၆နာရီခွဲလောက်ကနေ စတင်လမ်းလျှောက်လိုက်ရတာ ည ၈နာရီကျော်မှ နားတဲ့နေရာကိုရောက်တာ။ အသွားတုန်းက (၆)ရက်လောက်သွားထားတဲ့ခရီးကို အပြန်တရက်တည်းနဲ့ ရောက်အောင်ပြန်ကြရတာဆိုတော့ ……..။
နောက်ပြီး နဝတ စစ်ကြောင်းကို အပိုင်ချရတော့မယ်လို့ထင်ပြီး တင်းထားတဲ့စိတ်တောင် ပျက်မိသလိုလို ဖြစ်မိတယ်။ ဒီလိုမျိုးကလည်း ကျနော့်အနေဖြင့် ဒုတိယအကြိမ်ဖြစ်ရတာပဲ။ ပထမတကြိမ် မိုးညှင်းတိုက်ပွဲတုန်းကလဲ ချရတော့မယ်ဆိုပြီး မြို့ထဲဝင်သွားလိုက်တာနဲ့ ပြန်ဆုတ်ပါဆိုတဲ့ အမိန့်မျိုး ခံခဲ့ရစဉ်တုန်းက ခံစားခဲ့ရသလို ခံစားမိလာပြန်တယ်။ ဒါပေမဲ့ အားတော့မလျှော့။ ထင်းခွေမကြံု ရေခတ်ကြံုမှာပဲ ဆိုပြီး စိတ်ကို တင်းလိုုုက်ပြန်တော့ အားလုံးအဆင်ပြေသွားတာပါဘဲ။

မေလ (၁၂)ရက် သောကြာနေ့


ဒီနေ့မနက် ၅နာရီခွဲလောက်ကတည်းက စပြီး ခရီးပြန်စတင်ခဲ့ရတယ်။ ရန်သူ နဝတ တပ်ရဲ့ ဦးတည်ထိုးစစ်ဆင်မဲ့ အဓိကပစ်မှတ်ကပေါ်နေပြီကိုး။ နဝတတပ်များရဲ့ ချီတက်လာတဲ့လမ်းကြာင်းက မိမိတို့ကို ပြောပြနေလေပြီ။ ဒါကြောင့် သူတို့တိုးစစ်ဆင်တိုက်ခိုက်လာမဲ့ နေရာကို အကာအကွယ်ပေးနိုင်အောင် ပိတ်ဆို့ရမဲ့နေရာကို ဦးစွာရောက်ရှိလို့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားနိုင်အောင်ပါ။ တောင်အောက်သို့ မွန်းလွဲချိန် ၁နာရီခွဲလောက်မှာ ရောက်ရှိကြပြီး မနက်စာကို ရေမြောင်းတခုဘေးမှ ခေတ္တစခန်းချ ထမင်းချက်စားကြတယ်။ ည ၈နာရီခွဲလောက်မှ စတင်ပြန်ထွက်ခွာလာကြပြီး အသွားတုန်းက ဖြတ်သွားခဲ့ရတဲ့ တရုတ်နိုင်ငံအတွင်းက ရွာကို ပြန်ဖြတ်ကြရတယ်။ ဒီနေရာမှာလည်း စစ်ကြောင်ချီတက်သွားတုန်းကဖြစ်ခဲ့ကြသလို ရှေ့ရဲဘော်ရဲ့ သေနတ်ဒင် ဒါမှမဟုတ် သေနတ်ပြောင်းတွေကို တိုက်မိတဲ့အဖြစ်အပျက်မျိုးလေးတွေတော့ ခဏခဏကြံုရတာပါပဲ။ အသွားတုန်းက ညအိပ်ခဲ့တဲ့ တုန်ဟုန်းရွာကို ည၁၀နာရီလောက်မှာ ရောက်ရှိခဲ့ကြ့ပြီး ညနေစာကို အဲ့ဒီအချိန်မှ ချက်စားကြရတော့တယ်။ ထမင်းစားပြီး ရွာထဲမှာဆိုတော့ သိပ်ပြီး ထူးထူးထွေထွေ လုပ်စရာမလိုပဲ အိပ်လိုက်ကြသည်ဖြစ်ခြင်း ….။

မေလ (၁၃)ရက် စနေနေ့


ညက အိပ်တဲ့ရွာကနေ ရွာသားတွေလဲမသိအောင် မနက် (၅)နာရီဆိုရင် စတင်ထွက်ခွာကြပြီး ကချင်တိုင်းရင်းသားများနဲ့ အဇီးလူမျိုးတွေနေထိုင်ကြတဲ့ နောင်ပုံရွာကို မနက် ၉နာရီခွဲလောက်မှာ ရောက်ရှိခဲ့တယ်။ အဲ့ဒီရွာမှာပဲ ထမင်းချက်စားပြီး တောင်တခုကို တက်ကြရတော့တယ်။ အဲ့ဒီတောင်ကတော့ ကောင်းဆာဘွမ် ဆိုတဲ့တောင်ပဲ။ လာမဲ့ (၂၀)ရက်နေ့မှာ ဒီတောင်ပေါ်မှာ ကျောင်းသားတပ်မတော် ရဲဘော်တွေနဲ့ နဝတတပ်တို့ ပွဲကြီးပွဲကောင်းတွေ့ရမဲ့နေရာပဲပေါ့…….။

ဒီတောင်မှာ မိမိတို့ကျောင်းသားတပ်မတော်ရဲ့ စိတ်ဓါတ်နဲ့ သွေးတွေ ဘယ်လောက်နီကြောင်းကို ကေအိုင်အေ ရဲဘော်များနဲ့ ကေအိုင်အေ တပ်မှူးကြီးများ ကောင်းကောင်း သဘောပေါက် လက်ခံသွားခဲ့ကြတယ်။ နဝတရဲ့မတရားတဲ့စစ်ကို ခွပ်ဒေါင်းတို့ရဲ့ တော်လှန်စစ်နဲ့ ရိုက်ချိုးလိုက်ခဲ့ဲတဲ့ တောင်လည်း ဖြစ်တယ်။ ဒါကြောင့် ………

ဒီတောင်ပေါ်မှာ ခွပ်ဒေါင်းတို့ရဲ့ သမိုင်းခြေရာ တွေရှိခဲ့တဲ့တောင်…..
ဒီတောင်ပေါ်မှာ ခွပ်ဒေါင်းတို့ရဲ့ သတ္တိသွေးတွေပြခဲ့တဲ့တောင်……
ဒီတောင်ပေါ်မှာ ခွပ်ဒေါင်းတို့ရဲ့ လက်စွမ်းကို ပြခဲ့တဲ့တောင်……..

မြန်မာပြည်တနှ့ံတလျား တော်လှန်စစ်ကြီးထဲမှာ မြောက်ပိုင်းဒေါင်းစစ်သည်များရဲ့ ဒီတောင်ကုန်းပေါ်က သေနတ်သံတွေဟာ ဒီတောဒီတောင်တွင်သာမက တပြည်လုံးပြန့်နှ့ံသွားမယ်ဆိုတာ အခိုင်အမာ ယုံကြည်လျှက်………။

ရဲဘော်ထွန်းလင်း
၃၁-၈-၂၀၀၈

“တိုက်ပွဲအကြောင်း ဆက်လက်ရေးသားပါဦးမည်”

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here