စေ့စပ်ဆွေးနွေးပွဲ နဲ့ စကားပြောပွဲ

ရဲဘော် ဖိုးသံချောင်း


                ဒီနေ့ ဗမာပြည်မှာ ဖေဖေါ်ဝါရီလထဲမှာ ထုတ်ပြန်လိုက်တဲ့ ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ တို့ရဲ့ ဂယက်တွေ အပြင်းအထန် ရိုက်ခတ်နေပါတယ်။ အဲဒါကတော့ နအဖ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ “စကားပြော” နေတဲ့အကြားက သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အတည်ပြုဖို့နဲ့ ရွေးကောက်ပွဲ အစီအစဉ်တို့ကို အတင်းတင်ပြလာတာ ဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နအဖတို့ “စကားပြော” တာရဲ့ အဖြေလား….? နောက်ဆက်တွဲလား….? စဉ်းစားစရာ ဖြစ်ပါတယ်။ အဲဒီ “စကားပြောပွဲ” ဟာ ဘာဖြစ်သွားပြီလဲ။ ဆက်ပြီး ပြောခိုင်းထားအုန်းမှာလား….? မေးစရာတွေလည်း ပေါ်လာပါတယ်။

 


             တကယ်တော့ ဒီစကားပြောပွဲဟာ စံကျတဲ့ စစ်အုပ်စု ပုံစ စကားပြောပွဲ တခုသာဖြစ်ပါတယ်။

ဒီလိုဆိုတော့ စကားပြောပွဲဆိုတာနဲ့ စေ့စပ်ဆွေးနွေးပွဲဆိုတာတို့ရဲ့ ခြားနားချက်ကို ပြောဖို့ လိုလာပါတယ်။


         စေ့စပ်ဆွေးနွေးတယ် ဆိုတာဟာ နှစ်ဖက်ကွဲလွဲနေတာတွေကို ဖြေရှင်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ရှိရှိ စကားပြောကြတာ ဖြစ်ပါတယ်။ စကားပြောပွဲ ဆိုတာကတော့ ဘာဘောင်မှခတ်မထားတဲ့ တနည်းပြောရရင် ဦးတည်ချက်မထားပဲ ပြောရင်လည်း ပြောလို့ရတဲ့ စကားပြောခြင်းတရပ် ဖြစ်ပါတယ်။ နဝတ – နအဖရဲ့ သက်တမ်းတလျှောက်မှာ စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ စကားမပြောနဲ့ စားပွဲဝိုင်းမှာ ထိုင်တယ်ဆိုတဲ့ စကားမျိုးကိုတောင် မသုံးဘူးဆိုတာ သတိပြုမိပါတယ်။ သူတို့တတွေ ငြိမ်းအဖွဲ့တွေနဲ့ တွေ့ဆုံတာတွေ မှာတောင် ဒီလိုအသုံးအနှုန်းတွေ မသုံးတဲ့ပါဘူး။

      တကယ်ကျတော့ စစ်အုပ်စုတိုင်းလိုလိုပဲ “စေ့စပ်ဆွေးနွေးရေး” ကို ယတိပြတ်ငြင်းပယ်လေ့ ရှိပါတယ်။ သူတို့ဟာ “သရေပွဲ” ဆံတဲ့ အဖြေမျိုးကို လက်ခံနိုင်စွမ်းမရှိပါဘူး။ သူတို့က “နိုင်ရမှ” ကြိုက်ပါတယ်။ “နိုင်” ပြီးပြီဆိုတော့မှ ဘယ်၍ဘယ်သို့သော စည်းကမ်းချက်တွေနဲ့ အညံ့ခံပါ၊ လက်နက်ချပါ၊ အဲဒီကျမှ နိုင်သူနဲ့ရှုံးသူ “စကားပြောပွဲ” လုပ်ကြမယ်လို့ ပြောလေ့ရှိတာဟာ သူတို့ရဲ့ဝသီပါ။ ထုံးစံပါ။ ဒါဟာ စစ်ဗိုလ်ချုပ်ရဲ့ အတွေးအခေါ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စဉ်းစားမှုခြားနားချက်လို့ ပြောရင်ရမယ် ထင်ပါတယ်။

        စစ်ဗိုလ်တွေရဲ့ ဒီလိုအတွေးအခေါ်ကို ကမ္ဘာ့စစ်ပွဲ(၂)ခုမှာလည်း တွေ့ခဲ့ကြရပါတယ်။ ဒုတိယ ကမ္ဘာစစ်ပွဲမှာ ဂျပန်ကို အဲဒီနည်းနဲ့ လက်နက်ချခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်က တင်းခံနေတော့ မနိုင် နိုင်တဲ့နည်းနဲ့ “အနုမြူဗုံး” ကြဲချခဲ့တာပါပဲ။

 ကိုးရီးယားစစ်ပွဲ (၁၉၅၀-၅၃ခုနှစ်)မှာကျတော့လည်း စစ်ဗိုလ်တွေက (အမေရိကန်က မက်အာသာက) စစ်ပွဲကြာလာတာနဲ့အမျှ သူတို့ဖက်က အကျအဆုံးများလာလို့ အနိုင်အရှုံးပြတ်ဖို့ အနုမြူဗုံးကို သုံးချင်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးခေါင်းဆောင်ဖြစ်နေတဲ့ သမ္မတ ထရူးမင်းက မက်အာသာကို “ကိုယ်အာဏာမပိုင်တဲ့ ပေါ်လစီကို ထုတ်ပြန်ခဲ့မှု” နဲ့ ကိုးရီးယား စစ်မြေပြင်တပ်မှူးအဖြစ်က ဖြုတ်ပစ်ခဲ့ရပါတယ်။ (တကယ်တော့ ထရူးမင်းဟာ ဂျပန်မှာ အနုမြူဗုံးကြဲဖို့ အမိန့်ပေးခဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်မှာ အနုမြူဗုံးမရှိပါဘူး။ ဂျပန်ကို နာလန်မထူနိုင်အောင် အနုမြူဗုံးကြဲပြလိုက်တော့ ဆိုဗီယက်ကိုလည်း ခြောက်လှန့်ပြီးဖြစ်သွားလို့ အကျိုး(၂)ခု ရလိုက်ပါတယ်။ ကိုးရီးယားစစ်ပွဲမှာ တရုတ်ပြည်အပေါ် အနုမြူဗုံးကြဲမိရင် ဆိုဗီယက်က ၀င်ပါရလိမ့်မယ်။ ဆိုဗီယက်မှာက အနုမြူဗုံး ရှိနေပါပြီ။ ကမ္ဘာဖျက် စစ်ပွဲကြီး ဖြစ်တော့မှာ သေချာသလောက်ပါ။ ဒါကြောင့် အရမ်းပြော အရမ်းလုပ်မယ့် စစ်ဗိုလ် မက်အာသာကို အိမ်ဖြူတော်က ဖြုတ်လိုက်ရတာပါပဲ။ ဒီလိုနဲ့ သမ္မတ အိုက်ဆင်ဟောင်ဝါ လက်ထက်မှာ ကျမှ နှစ်ဖက်စလုံးက “သရေပွဲ” အဖြစ် အသိအမှတ်ပြုပြီး စစ်ကို ရပ်လိုက်တာ ဖြစ်ပါတယ်။ ကိုးရီးယား စစ်ပွဲဟာ နိုင်ငံရေးနည်းနဲ့ ရှင်းမှပြီးသွားတာပါ။

        ဗီယက်နမ်စစ်ပွဲမှာလည်း ဒီလို ပြဿနာ ကြံုခဲ့ဖူးပါတယ်။ အမေရိကန်ဟာ စစ်ကိုနိုင်အောင် တိုက်နိုင်မယ် ထင်လို့ ပဲရစ်ဆွေးနွေးပွဲတွေကို ဟန်ဆောင်လောက်လုပ်ပြီး အချိန်ဆွဲနေခဲ့တာပါ။ ဒါပေမဲ့ စစ်ပွဲဟာ သူတို့ထင်သလို ဖြစ်ပေါ်မလာပဲ ဗြံုးဆိုအကွေ့အချိုး တခုကို ရောက်သွားပြီး အမေရိကန်တွေ အကုန် ထွက်ပြေးရတာ ဖြစ်ပါတယ်။

    စစ်တိုက်နေတဲ့ စစ်ဗိုလ်တွေက နိုင်ရမှကြိုက်ပါတယ်။ အရှုံးအနိုင်ပြတ်ပြီးမှ စကားပြောချင်ပါတယ်။ သေနတ်နဲ့ ပြောပြီးမှ ပစပ်နဲ့ ပြောချင်ကြတာပါ။

     တကယ်တော့ ဗမာပြည်အရေးနဲ့ ပတ်သက်လို့ “သရေပွဲ” ဆိုတဲ့ နိုင်ငံရေး နည်းနာဟာ အသစ်အဆန်း မဟုတ်ပါဘူး။ သခင်ကိုယ်တော်မှိုင်းရဲ့ “သူမနာ ကိုယ်မနာ သင်ပုန်းချေရေး” နည်းဟာ “သရေပွဲ” အဖြစ် လက်ခံတဲ့ နည်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကို ဖဆပလ အစိုးရနဲ့ စစ်ဗိုလ်တွေက “အဖိုးကြီးဟာ သူပုန်တွေအတွက် ရှေ့နေလုပ်တယ်” လို့ ပစ်ပစ်ခါခါပြောပြီး အပြုတိုက်ရေးကို လုပ်ကြတာနဲ့ ပြည်တွင်း စစ်ကြီး ဒီနေ့အထိ မပြီးမပြတ် ဖြစ်နေရတာပါပဲ။

 မဆလခေတ်မှာ ဒေါက်တာမောင်မောင်ဟာ ဗိုလ်နေဝင်းရဲ့ ရုပ်သေးရုပ် တရုပ်သက်သက် ဖြစ်ပါတယ်။ သူအာဏာရလိုက်တဲ့ ရက်ပိုင်းလေးအတွင်းမှာ ပြောခဲ့တာဟာ “စေ့စပ်ဆွေးနွေးပွဲ” ခေါ်တာမဟုတ်ပါဘူး။ “စကားပြောပွဲ” နည်းနဲ့ အချိန်ဆွဲချင်တာပါ။ ဒါကို ဘယ်သူကမှ ၀မ်းမပါးခဲ့ဘူးဆိုတာ အဲဒီကာလ ဖြတ်သန်းဖူးသူတိုင်း မှတ်မိကြပါတယ်။ သူက အပျော့ဆွဲ ဆွဲပြီး “လူထုအုံကြွမှု” ကို ရပ်ပေးအောင် လှည့်စားတာ ဖြစ်ပါတယ်။ ကြောင်ချေးပရိယာယ်ပါ။ သူ့စကားထဲမှာ တကသ အဆောက်အဦးကြီးကို သူတို့ ခေါင်းဆောင်မှုနဲ့ ပြန်ဆောက်ကြဖို့ ဆိုတာတောင် ပါသေးတာပဲ။ “ဒီစကားမျိုးကို ဗိုလ်နေဝင်းက အပြောမခိုင်းရင် ဒေါက်တာ(ဗိုလ်)မောင်မောင် ကပြောဝံ့ပါ့မလား”

    နိုင်ငံရေးမှာ ရိုးအ ထုံထိုင်းနေသူ နာတတ်ပါတယ်။ ဒေါက်တာ(ဗိုလ်)မောင်မောင်ရဲ့ စကားတွေထဲမှာ ကွယ်ဝှက်ထားတဲ့ အဓိပ္ပါယ်တွေ အများကြီး ပါနေတာကို သတိပြုသင့်ပါတယ်။

“အသံတိတ်နေတဲ့ အများစုကြီး” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်။
“တကသ အဆောက်အဦးကို ပျော်ပျော်ပါးပါး ပြန်ဆောက်ကြပါစို့” (ထင်ပါရဲ့) ဆိုတာရဲ့အဓိပ္ပါယ်။
“၁၉၇၄ (မဆလ) အခြေခံ ဥပဒေ” ကို ပြုပြင်သင့်တာ ပြင်ဖို့ဆိုတဲ့ အဓိပ္ပါယ် စသဖြင့် စကားတိုင်းရဲ့ နောက်ကွယ်က အဓိပ္ပါယ်တွေကို တွေ့အောင်ကြည့်တတ်ရပါမယ်။

   အလားတူ ဗိုလ်သန်းရွှေတို့က “စကားပြောတယ်” ဆိုတာရဲ့ နောက်ကွယ်မှာ ဖုံးဝှက်ထားတဲ့ အဓိပ္ပါယ်ကိုလည်း ကျွန်တော်တို့ ထိုးထွင်းကြည့်တတ်ဖို့ လိုပါတယ်။ ကျွေးရင် ကျွေးတိုင်းစားတဲ့ အရွယ်တွေ မဟုတ်ကြတော့ ပါဘူး။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here