ဂျပန်ပြည်မှ ဖိုဂေါင်းများ

ဆောင်းပါးရှင်။ ။ ဘကောင်း

ဖိုဂေါင်းဆိုသည့် ဝေါဟာရ အသုံးအနုန်း မြန်မာ စကားလုံးကို ကျွနု်ပ် ဂျပန်ပြည်် ဒုတိယအခေါက် ရောက်သည့် အခါတွင်မှ စတင်ကြားဖူးပါသည်။ ကျွနု်ပ်၏ မိတ်ဆွေ ညွှန့်စံ ကတော့ သူမ သိကျွမ်းသည့် မြန်မာ၊ဂျပန်အစရှိသည့် မိတ်ဆွေအပေါင်းအသင်းများ နှင့်မိတ်ဆက်ပေးသလို့၊ ကျွန်ုပ်မေးသမျှ ကပေါက်တိ ကပေါက်ချာ ပေါက်တတ်ကရာ ဂျပန်စကားများကို အမြဲတမ်း

 

 

ရှင်းလင်းပြလေ့ရှိပါသည်။ သူမသည် အလွန်တရာမှ စိတ်သဘောထားဖြူစင်သော သူငယ်ချင်းကောင်း တစ်ယောက်ပါလေ။

ကျွနု်ပ် ဂျပန်ပြည်ဒုတိယအခေါက်ရောက်တော့ တိုကျိုမြို့တွင်ဖြစ်သည်။ ရောက်ပြီး နောက်တစ်နေ့တွင် သူငယ်ချင်းဖြစ်သူ နှင့်အဖေါ်လိုက်သွားရင်း ကိုဝင်းဆိုသည့် ဂျပန်ရောက် မြန်မာတစ်ယောက်၏ အခန်းသို့ ရောက်သွားပါသည်။ မြန်မာယောင်္ကျားသားများ စုပြံုပြီးနေကြသည့် အခန်းဖြစ်သည့် အားလျော်စွာ အလွန်တရာမှ ရှုပ်ပွနေလျက် မြန်မာဟင်းချက်သည့် ရနံသည် အခန်းတွင်၌ သင်းပြန့်ကြိုင်သင်းလျက်ရှိနေပါသည်။ ကျွန်ုပ်တို့ ကိုဝင်းအခန်းရောက်သွားတော့ နေ့ခင်းစာအချိန်လည်းဖြစ်၊ ထိုနေ့က ဆိတ်သားဟင်းချက်သည်ထင်ပါရဲ့၊ မဆာလနံ မွှေးမွှေလေးက ပိုမိုဆာလောင်စေပါသည်။

ထိုနောက် ကိုဝင်းက သူသောက်လက်စ ကိုရီယားအရက်ဖြူနှင့် တည်ခင်း ဧည့်ခံပါသည်။ ထိုလူသည် ဧည့်ဝတ်အလွန်ကျေသည့် လူတစ်ယောက်ဖြစ်ရုံမျှ မက ကျွနု်ပ်နှင့် စကားပြောကြသည့်အခါ အပေါက်အလမ်း အလွန်တည့်၍ လေပေးဖြောင့်လိုက်ကြသည်မှာ ထိုကိုရီးယားအရက်ပုလင်းကြီး ကုန်သွားသည်အထိပင်။ ထိုစဉ်က သူ့တွင်ရှိသော ကက်ဆက်ရီကော့ဒါလေးဖြင့် ကျွနု်ပ်တို့ပြောသမျှကို သူသည် မှတ်တမ်းတင်ထားသည်ဟု သတိရမိသည်။ ထိုကိုရီယားအရက်သည် ကျွနု်ပ်ပထမဦးဆုံးအကြိမ် စတင်သောက်ဖူးခြင်း၊ အဖေါ်ကောင်းနှင့်လည်း တွေ့ခြင်းကြောင့် သောက်ရင်း သောက်ရင်း လွန်သွားမှန်း ညနေစောင်းပြန်တော့မှ ကျွနု်ပ်သည် အတော်မူးနေမှန်း သိလိုက်ပါသည်။ ထိုအခန်းမှ အထွက် လမ်းတွင် ကျွနု်ပ် ထိုးအံပါတော့သည်။ ကျွနု်ပ်သည် ဂျပန်ရောက်သည့် အခေါက်တိုင်း နောက်တစ်ရက် နှစ်ရက်အတွင်း အရက်မူးပြီး အံလေ့ရှိသည်။ နောင် ရက်ပေါင်းမြောက်မြားစွာအတွက် ကနဦး ဖွင့်ပွဲလုပ်သည်ထင့်။ ကျွန်ုပ် နှင့် ကိုဝင်း သိကျွမ်းပြီးသည့်နောက် ရက်အနည်းငယ်အတွင်း ထိုလူသည် ဂျပန်ပြည်တွင် တရားမဝင်နေထိုင်သည့်အတွက် ရဲဖမ်းမိသွားက မြန်မာပြည် ပြန်ရောက်သွားပါသည်။ ကျွနု်ပ် တို့ မိတ်ဆွေဇတ်လမ်းလည်း တစ်ခန်းရပ်သွားခဲ့သည်။ ထိုကိုဝင်းနှင့် ပါတ်သက်၍ ကျွနု်ပ်မိတ်ဆွေ ညွှန့်စံနှင့် သိကျွမ်းခဲ့ရပါသည်။

ဂျပန်ပြည်တွင် မြန်မာပြည်မှ ၀လုံးများ အလွန်ပေါးပါသည်။ ၀လုံးဆိုသည်မှာ အို၊ သို့မဟုတ် အိုဗာစတေး နေကြသူများကို ခေါ်သည်။ ကျွနု်ပ်တို့မြန်မာနိုင်ငံရှိ မြန်မာများသည် ငွေကြေး အမြောက်အမြား အကုန်အကျခံကာ ဂျပန်သို့သွားရန်အတွက် ကြိုးစားကြပါသည်။ သူတို့ထင်သည်က ဂျပန်မှာ အလုပ် လုပ်လျှင် ပိုက်ဆံအမြားကြီးရသည်။ ဂျပန်လာရန် ကုန်ကျထားသော ပိုက်ဆံ ခဏအတွင်း ပြန်ရသည်ပေါ့။ ပိုက်ဆံတော့ ရသည်မှန်ပါ၏။ သို့ရာတွင် ပေးဆပ်လိုက်ရသော ဘဝ၏အချိန်များ၊ ကိုယ်နှင့်ယဉ်ကျေးမှုမတူညီသည့် နိုင်ငံတွင် အောက်ခြေသိမ်းလုပ်ငန်းများကို နှစ်ပေါင်းများ လုပ်ကိုင်လာကြရသောအခါ သူတို့သည် အပြောင်းအလဲကို လိုလားလာကြသည်။ သို့ရာတွင် ပြောင်းလဲဖို့ရာအတွက် သူတို့မှာ အခြေအနေများက မပေးတော့ပါ။ ဘဝသည် နစ်ပြီးရင်း နစ်လျက်သာရှိသည်။

ဂျပန်တွင် မြန်မာအများစုသည် စားသောက်ဆိုင်တွင် အလုပ်လုပ်ကြပါသည်။ တစ်ချို့ ၉-နှစ် ၁၀-နှစ် လုပ်သက်ရင့်သူများသည် စားသောက်ဆိုင်၏ အနောက်ပိုင်း ချက်ပြုတ်မှုတာဝန်ခံ ဖိုဂေါင်းများဖြစ်ကြသည်။ လုပ်သက်နည်းသူ၊ ဂျပန်စကား လည်ဝယ်အောင်မပြောတတ်သူများကတော့ ပုဂံဆေးပေါ့။ စကားပြောနိုင်သူများကတော့ အရှေ့တန်းထွက် စာပွဲထိုးလုပ်ကြရသည်။ စားသောက်ဆိုင်တစ်ခုတွင် ဖိုဂေါင်းသည် အခရာဖြစ်သည်။ သူသည် စားသောက်ဆိုင်တွင် လူလိုလျှင် လူသစ်ခန့်နိုင်သလို့၊ ရှိပြီးလူကို မကြိုက်လျှင် လည်း ဖြုတ်ပစ်နိုင်စွမ်းရှိသည်။ ဤနေရာတွင် အလုပ်အမားအခွင့်အရေးများ ဂျပန်တွင် မရှိဘူးလား မေးဖွယ်ရာရှိပါသည်။ ရှိပါသည်။ သို့ရာတွင် တရားမဝင် အလုပ်ခိုးလုပ်နေသူများ၊ ကျောင်တက်ဟန်ပြပြီး ကျောင်းမတက်ပဲ အချိန်ပိုင်းအလုပ်များကို ခိုးလုပ်နေသူများအတွက် ကာကွယ်ပေးသော ဥပဒေမရှိပါ။

ဂျပန်စားသောက်ဆိုင်များတွင် အချိန်ပိုင်း အလုပ်လုပ်လျှင် တစ်နာရီ အနိမ့်ဆုံး ယန်းရ၀၀ မှ ယန်း၁၂၀၀ အထိရကြပါသည်။ ထိုတစ်နာရီ ယန်းရ၀၀၊ ၈၀၀ ကိုမက် ၍ ဂျပန်ပြည်မှ မပြန်တော့သော(ဂျပန်ရောက် မြန်မာ ရွှေများစကားအရ ၀ိုက် လိုက်သည်ပေါ့) ဆရာဝန်များ၊ အစိုးရပညာတော်သင်နှင့် လာပြီး မပြန်တော့သော ကျောင်းသူ ကျောင်းသား ဆရာ ဆရာမများ၊ ဂျပန်တွင် အလည်အဖြစ်နှင့် လာပြီး ၀ိုက် လိုက်ကြသော မြန်မာများ ဒုနဲ့ ဒေးနဲ့ ရှိပါသည်။ဂျပန်ရောက် မြန်မာများသည် မြန်မာဆိုလျှင် ရွှေ၊ ဂျပန်ဆိုလျှင် ခွေးဟု ခေါ်ကြသည်။ တစ်ချို့သည် ထို အချိန်ပိုင်း အလုပ်ကို (သူတို့ စကားနှင့် ဆိုရလျှင်) နှစ်ပိုင်း ဆွဲကြသည်။ ဆိုလိုသည်မှာ ဤစားသောက်ဆိုင်တစ်ခုတွင် ညနေ ၄-နာရီမှ ည၁၁-နာရီအထိ လုပ်ရလျှင် နောက် စားသောက်ဆိုင် တစ်ခုတွင် ည၁၂-နာရီမှာ နောက်တစ်နေ့ မနက် ၄-နာရီအထိ ကူးပြောင်းလုပ်ကြပါသည်။ အချိန်ပိုင်း အလုပ်နှစ်ခု လုပ်သည်ပေါ့။ အများစုသည် ထိုကဲ့သို့ အချိန်ပိုင်း အလုပ်များကို နှစ်ပေါင်းများစွာ လုပ်လာကြရသောအခါ လူသည်ထုံသွားသည်။ တုံးသွားသည်ပေါ့။ စားသောက်ဆိုင်သုံး နှင့် သာမန် အခြေခံ ရိုးရိုး အဆင့် သာရှိ သော ဂျပန်စကားတော့ ပြောတတ်လာကြသည်။ သူတို့သည် ထိုဘဝမျိုးမှ လွတ်မြောက်လို ကြသည်။ အင်္ဂလိပ်စာ၊ စကားများ လေ့လာလိုကြသည်။ ကွန်ပျုတာ ဆိုတာကိုလည်း တတ်မြောက်လိုသည်။ ပြီးလျှင် အခြား နိုင်ငံများတွင်လည်း သွားရောက် အခြေချလိုကြသည်။ သို့ရာတွင် သူတို့သည် အချိန်မပေးနိုင်။ သတ်သတ်မှတ်မှတ် မရှိသော အလုပ်ချိန်များတွင် အဆင်ပြေအောင် ပြောင်းလဲလုပ်ကိုင်နေကြရသည်။

နိုင်ငံရပ်ခြား ဒေသများတွင် မြန်မာလူမျိုးများကို ဒုက္ခရောက်အောင် လုပ်သူများသည် အခြား မြန်မာများသာဖြစ်ကြသည်။ ဂျပန်တွင် အချို့ မြန်မာဖိုဂေါင်းများသည် အလုပ်ခွင်ဝင်လာသော အခြားမြန်မာလူသစ်များထံမှ ရသည့်လခကို ဖြတ်ယူလေ့ရှိသည်။ အကယ်၍ မပေးလျှင် ထိုလူသစ်သည် ထိုအလုပ်မှ ထွက်ရသည်မှလွဲ ၍ အခြားနည်းလမ်းမရှိပါ။

ကျွနု်ပ်နောက်ဆုံံး အခေါက် ဂျပန်မှ ပြန်လာသည့် နှစ်တွင် လက်ရှိတိုကျိုမြို့ မြို့တော်ဝန်၏ နှိမ်နင်းမှုကြောင့် မြန်မာ အိုများ တော်တော်များများ မြန်မာပြည်သို့ ပြန်အပို့ခံကြရသည်။ သူတို့ အဆိုအရ ခေတ်မကောင်းတော့ ဘူးပေါ့။ ဂျပန်ရောက် မြန်မာ အိုများ၏ ဘဝသည် အလွန်သနားစရာ ကောင်းသလို၊ သူတို့ ဒုက္ခသည်လည်း မသေးလှပါ။ တစ်နေရာမှ တစ်နေရာ သွားလျှင် ရဲကို ကျီးကန်းတောင်းမှောက် အမြဲလိုက်ကြည့်နေရသည်။ ထိိုု့အပြင် အခြား နေထိုင်ခွင့် ရှိသော မြန်မာများက စော်ကား အနိုင်ကျင့်လျှင် ခေါင်းငုံခံပေအုံး။ ရဲတိုင်မည်ဟု ခြိမ်းခြောက်လျှင် ကိုယ်ကပြန်တောင်ပန်ရသည့် ဘဝ။ ကျောတခင်းစာ အိပ်စရာ နေရာလေးကို အချိန်ပိုင်း လှည့် ၍အိပ်ကြရသည်။ ထိုကဲ့သို့ မြန်မာကို မြန်မာအချင်းချင်း ဒုက္ခပေးမှုများ ကြောင့် အချို့ မြန်မာတော်တော်များများသည် မြန်မာဆိုလျှင် မတွေ့နိုင်အောင် ဝေးရာမှာ ရှောင်ကြသည်။ ဟိုကလည်းရှောင်၊ ဒီကလည်း အားကျမခံပြန်ရှောင် ကြရင်း မြန်မာတော်တော်များများသည် နိုင်ငံရပ်ခြားတွင် ရင်းနှီးမှု၊ နွေးထွေးမှုများ ပျောက်ကွယ်ကုန်၏။ စိတ်မကောင်းစရာပါ။

ကံအားလျော်စွာ ကျွနု်ပ်တွင် မိတ်ဆွေကောင်းများ ရှိခြင်းကြောင့် ကျွနု်ပ်သည် ဂျပန်ရှိ မြန်မာများ အကြောင်း ပိုမို၍ ထဲထဲဝင်ဝင် လေ့လာမိပါသည်။ ကျွနု်ပ် မိတ်ဆွေများကလည်း သူတို့၏ စားသောက်ဆိုင်တွင် ဖိတ်သည့် အခါဖိတ်၊ သူတို့ အိမ်တွင် ကျွေးသည် အခါကျွေးနှင့် သူ့တို့၏ ခင်မင်မှုသည် ကျွနု်ပ်အတွက် အလေးအမြတ်ထားရာတစ်ခုပါ။ ကျွနု်ပ် ကလည်း ငယ်ငယ်က အစာရေစာ ငတ်ငတ်ပြတ်ပြတ် စားခဲ့ရသည်ထင့်။ ကြီးလာတော့ အစားအစုံ စားပါေတော့သည်။ ဒါတောင် ဗက်ဂျီတေရီယန်ဘဝ ၆-လ ပဲ ခံခဲ့သည်။ မြန်မာပြည် ပြန်ရောက်တော့ အသားပြန်စားသည်။ ပြောချင်တာက ဂျပန်ပြည်မှာ ရှိတဲ့ အစားအစာ အကြောင်းပါ။ ဂျပန်အစားအစာသည် အလွန်တရာမှ ကောင်း၊ အလွန်တရာမှ ကျန်းမာရေးနှင့် ညီညွှတ်လှပါသည်။ ကျွနု်ပ်တို့ မြန်မာ အစားအစာများ ကမ္ဘာတွင် မတိုးနိုင်သေးသည်မှာ ဖန်တီးမှုစွမ်းအား နည်းခြင်း၊ အဆီများ အလွန်အကျွံ သုံစွဲခြင်းများ ကြောင့် ဖြစ်ပါလိမ့်မည် ထင်ပါသည်။ ဂျပန်တွင် နေခဲ့စဉ် ကျွနု်ပ် တမ်းတမိသည့် အရာများသည် ကျွန်ုပ်မိတ်တွေ ကိုအောင်ကျော်ဦးတို့ လင်မယားက လုပ်ကျွေးသော အိမ်တွင်းဖြစ် ယာခိနိခူ၊ နှင့် ညွှန့်စံ တို့ စားသောက်ဆိုင် တွင် ကျွနု်ပ်စားသောက်လေ့ရှိသော ဂျပန်အရက် ပူပူကို သောက်ရခြင်းပါ။ ကိုအောင်ကျော်ဦးသည် ဖိုထဲတွင် အချိန်ပိုင်း အလုပ်ကို လုပ်သည့် အားလျော်စွာ အသားငါးများကို ကောင်းမွန်စွာ ရွေးချယ်တတ်ရုံမျှမက၊ အသားငါးလှီးဖြတ်သည့် နေရာတွင် အလွန်တရာမှ ကျွမ်းကျင် ပိုင်နိုင်လှပါသည်။

စားသောက်ဆိုင်တွင် လုပ်ကြရသော မြန်မာတို့ ဘဝသည် ပင်ပန်းလှပါသည်။ သူတို့သည် အလုပ်လုပ်သည့်အချိန် ထိုင်ချိန်မရပါ။ ဖိုထဲ၌ ချက်ရပြုတ်ရသော သူက မီးအပူရှိန်ပြင်းပြင်း နှင့် ချက်ပြုတ်နေချိန်တွင် ပန်ကန်းဆေးသည့် လူသည် လှိုင်းလုံးများ သဖွယ် ၀င်လာမစဲ တသဲသဲရှိသော စားကျွင်း စားကျန်များနှင့် ပန်ကန်များကို အလျင်မှီအောင် ဆေးကြောရပါသည်။ အရှေ့တန်းထွက်၍ စားပွဲထိုးရသူကလည်း လာအမျှ ဧည့်သည်များကို ဂျပန်ထုံးစံအတိုင်း ခါးကျိုးမတတ်၊ အာပေါက်မတတ် နုတ်ဆက်ရသည့် အပြင်၊ ဧည့်သည် စိတ်တိုင်းကျ အစွမ်းကုန်ဖြည့်ဆည်းပေးရပါသည်။

ဂျပန်တွင် မြန်မာ စားသောက်ဆိုင်များသည် ကာရာအိုကေများ စီစဉ်ပေးထားပါသည်။ သို့ရာတွင် သူတို့ ကာရာအိုကေများ သည် အသံလုံခန်းလည်းမရှိ၊ မိမိထိုင်သည့် စားပွဲကနေ ဆိုကြရသည့် အတွက် အခြား အစား စားနေသည့် လူများကို အလွန်တရာ အနှောက်အယှက် ဖြစ်စေပါသည်။ တခါတရံတွင် ကာရာအိုကေ ဆိုသည့်မိုက် ကို လု၍ ခိုက်ရန်ဖြစ်ပွားလေ့ရှိသည်။ ဤသည် ကိုက နိုင်ငံခြားတွင် ရှိသော မြန်မာတို့ စရိုက်ဖြစ်သည်။

မြန်မာရွှေများသည် နိုင်ငံခြားတိုင်းပြည်များ သို့ တဖွဲဖွဲနှင့် အလုပ်အကိုင် အဆင်ပြေလို ပြေငြား လာနေကြဆဲ။ အဆင်ပြေသူများ ရှိကြသလို၊ အဆင်မပြေသူများလည်း ရှိကြသည်။ အဆင်ပြေသူများလည်း ကြိုးစားကြရင်း ပိုမို အဆင်ပြေကြစေရန်၊ အဆင်မပြေသူများလည်း တချက်တည်းနှင့် ပိုမိုအဆင်ပြေသွားကြစေရန် ဆုတောင်းပါသည်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here