ဥတ္တရ ယဉ်စွန်းတန်းများ ဆီ၌

 

 

သားချစ်(နယ်ခြားတနေရာ)


    ညက တော်တော်နှင့် အိပ်မပျော်။ တဝှီးဝှီးတိုက်ခတ်နေသော လေများကြောင့် ယခင်ကာလများကဲ့သို့ မုန်တိုင်းများ ထပ်မံရောက်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်၊ တော်သေး သည်။ ယခင် ရက်များက ညကြီး မိုးကြီးထဲ
၌ ကျောင်း သားရဲဘော်များ အမိုး တက်ဖာကြ သော်လည်း မည်သူတဦးတယောက်မျှ မဖျားကြ။ မနာကြ။ ဆေး(ကချင်အရက်)က ပဲကောင်းလို့လား။ ရဲဘော်တွေရဲ့ စိတ်ဓါတ်ကဘဲ အထွတ်အထိပ် တက်နေလို့လားမသိ။ သင်တန်း စသင်ယူသည်က အချိန်တပါတ်ခန့် ရှိတော့မည်။

 

 

     မနက် (၄)နာရီထိုးသည်နှင့် သင်တန်းဆရာအဆောင်မှ ၀ီဇီခရာမှုတ်သံ ကြားလိုက်ရသည်၊

“ ထကြ ရဲဘော်တို့ ထကြတော့” “ အချိန်ရောက်ပြီ”

၀ီဇီသံကြားတိုင်း တဆောင်လုံး ဗျောင်းဆန်သွားသည်၊

သင်တန်းဒါဏ် ဆောက်လုပ်ရေးဒဏ်များ၏ ပင်ပန်းနွမ်းနယ်မှုများက သူတို့အတွက် အိပ်ရာထသင်တန်း ပြန်တက်ရန်အတွက် ၀န်လေးနေကြသည်၊ တာဝန်ကျ ကျောင်းသားတပ်စိတ်မှုးများက သူ့ရဲဘော်ကိုယ့်ရဲဘော်ကို အတင်းလှုပ်နိုးနေကြသည့်အတွက် နှိုးသံ၊ လူခေါ်သံများက အဆောင်နှစ်ဆောင်လုံး ဗျောင်းဆန်နေသည်။

“ ဟေ့ကောင် မင်းစီးသွားတာ ငါ့ဖိနပ်ကွ။ ဒီမှာ မင်းဖိနပ်ကြီး”

“မင်းစောင်တွေ ခေါက်ခဲ့အုံးကွ” “ ငါ့သွားတိုက်တံ ဘယ်ရောက်နေလဲကွ” အသံမျိုးစုံများဖြင့် ဆူညံနေသည်။

အဆောင်အပြင်ဘက်် ရောက်သည်နှင့် မြေသားများပေါ် ထိုးထွက်နေသော ရေခဲတောင့်များက အမြဲ ကြိုဆိုလျှက် ရှိနေသည်၊ မျက်ခင်းများပေါ်တွင် ရေခဲမှုန့်များက ဖွေးဖွေး လှုပ်နေသည်၊ ညအမှောင်ပင်လျှင် မျက်ခင်းပေါ်တင်နေသော ထိုရေခဲမှုန့်များကြောင့် လင်းနေသယောင်ယောင်။

  ရဲဘော်များ ကုပ်ချောင်းကုပ်ချောင်း မဲမဲ မဲမဲထွက်လာကြကုန်ပြီ။ အေးလွန်းသဖြင့် လက်ကလေးများ ကိုယ်စီပိုက်ကာ သင်တန်းကွင်း ဆီသို့ ချီတက်ကြရလေပြီ။ အချိန်သည်ကား မနက် လေးနာရီ။ ပီတီပြေးရတော့မည်။ ပီတီဝတ်စုံသည်ကား တရုပ်မိတ်ဝတ်စုံ..။ အတွင်းခံထဲ၌ ၀တ်သည့် အနီရောင်ဝမ်းဆက်နှင့် အပြာရောင်ဝမ်းဆက်များက ကျနော်တို့ရဲဘော်များအတွက် ပီတီဝတ်စုံများ။ ၀တ်လိုက်သည်နှင့် ဆူပါမန်းဝတ်စုံနှင့် တူနေသည်။

 

မကြာမှီ ပါဂျောင်နားဖေါ့လမ်း၌ ကျနော်တို့ ရဲဘော် ရဲမေများ ခြေချမိ ကုန်ကြပြီ။ အေးလွန်းသဖြင့် ရဲဘော်များ လမ်းမပေါ်၌ ခုန်ဆွခုန်ဆွ လုပ်နေ ကြသည်၊ နှင်းထုကြီီးက ကျနော်တို့အား ရစ်သိုင်းပွေ့ဖက် နေကြသည်၊ တယောက် မျက်နှာကို တယောက် နီးနီးကပ်ကပ် မမြင်ကြရသဖြင့် မိမိဘေး မည်သူမည်ဝါ ဖြစ်သည်ကို ဖြဲ၍ ကြည့်နေကြသည်၊ တချို့ရဲဘော်များက လက်ကို ပါးစပ်ဖြင့် အာငွေ့ရိုက်နေကြသည်။အေးလွန်းသဖြင့် ငရုပ်သီးကိုက်မိသကဲ့သို့သော အသံများ တရှီးရှီး နှင့် ခိုက်ခိုက်တုန်နေသော အားလားလား အသံများကလည်း ပါဂျောင် လမ်းမအပေါ် နေရာအနှ့ံ။  ခုန်ခုန်ဆွ လုပ်နေသဖြင့် ခြေအောက်ရှိ ရေခဲတောင့်များ အရည်ပျော်ကုန်ပြီး ရေဖြစ် ကုန်ကြသည်၊ ရာသီဥတု သည်ကား သွေးခဲ မတတ်။

 

      သွေးခဲမတတ်အအေးဓါတ်ကို ရင်ဆိုင်ကာ ပြည်သူ့အတွက်လေ ဆိုသည့်စိတ်ဓါတ်နှင့်အတူ ကျနော်တို့ ပါဂျောင်လမ်းမကြီးပေါ် ပီတီစပြေးရန် ပြင်ဆင်ကြလေပြီ။ စပြေးသည်နှင့်………………….၊၊

 

ဘာလုပ်နေလဲ …… ဘာလုပ်နေလဲ ဟု ကျနော် တိုင်ပင် စခေါ်လိုက်သည်နှင့်

လေ့ကျင့်နေတယ်…..လေ့ကျင့်နေတယ်

ဘာလုပ်ဖို့လဲ ….. ဘာလုပ်ဖို့လဲ

တိုက်ပွဲဝင်ဖို့ ….. တိုက်ပွဲဝင်ဖို့

ဘယ်သူ့အတွက်လဲ ….. ဘယ်သူ့အတွက်လဲ

ပြည်သူအတွက်ဘဲ ….. ပြည်သူ့အတွက်ဘဲ

ဘာစိတ်ဓါတ်လဲ …… ဘာစိတ်ဓါတ်လဲ

ခွပ်ဒေါင်းစိတ်ဓါတ် …… ခွပ်ဒေါင်းစိတ်ဓါတ်

ဘာစိတ်ဓါတ်လဲ ….. ဘာစိတ်ဓါတ်လဲ

ကျောင်းသားစိတ်ဓါတ််။…. သံမိ စိတ်ဓါတ်

ဘာလိုချင်လဲ ဘာလိုချင်လဲ

ဒီမိုကရေစီ …. ဒီမိုကရေစီ………..?

 

အမှတ်စဉ်၊ အမှတ်စဉ်၊ အမှတ်ဆို…. ။ ၁……၂…..၃……၄။ ၁……၂……၃……..၄……။ ၁-၂-၃-၄။-၁-၂-၃-၄ ပြည်သူ့စစ်သား။ ကျောင်းသားစစ်သား ဟု ညီညာစွာ အော်ထုတ် ဟစ်ကြွေးလိုက်သော အသံများသည် လိုင်စင်တောင်ကြော တောင်တန်းတခုလုံး ကိုသာမက မြန်မာပြည်တနှံ့တလျှားသို့ပင် ပဲ့တင်ထပ် ရိုက်ခတ်သွားလေသည်၊ ဘယ်ညာဘယ်ညာ စည်းဝါးညီနေသော ဘယ်ညာခြေချချက်များနှင့်အတူ လက်ခုပ်တီးသံများကလည်း တောတောင်နံရံများသို့ တဖျောင်းဖျောင်းနှင့် ရိုက်ခတ်လျှက်ရှိနေ သည်၊ နာကျင်တက်ကြွစွာ ဟစ်ကြွေးလိုက်သော အသံများက ကိုယ်ခန္ဓာတခုလုံးရှိ သွေးကြောများ လည်ပါတ်နှုန်းကို အရှိန်တိုးမြင့် စေခဲ့သည်၊ လက်သီးစုပ်ကို ရင်ဘတ်နားသို့ကပ်ရင်း ဘယ်ညာခြေချသံနှင့်အတူ ဘာလုပ်နေလဲ ကြွေးကြော်သံများကို အရှိန်မြှင့်စွာ တိုးတိုးအော်လိုက်တိုင်း ရဲဘော်များ၏ လေ့ကျင့်နေတယ်။ တိုက်ပွဲဝင်ဖို့၊ ခွပ်ဒေါင်းစိတ်ဓါတ်၊ ကျောင်းသားစိတ်ဓါတ်ဟု ပြင်းထန်စွာ အားမာန်ပါသော ဟစ်ကြွေးသံများက ကျနော့်ကို တုံ့ပြန်လျှက်သား။ နိယာမများ။

 

ဖုန်းမော်မှသည် တံတားနီ။ တံတားနီမှသည် ရှစ်လေးလုံး။ ရှစ်လေးလုံးမှသည် တပြည်လုံး။ တပြည်လုံးမှသည် တပြည်လုံးရှိ ကျောင်းသားရင်သွေးငယ်များ လက်နက်ကိုင်တော်လှန်စစ်။ ထိုတရားသောစစ်နှင့်အတူ တိုက်ပွဲဝင် ခွပ်ဒေါင်းစိတ်ဓါတ်များက ကချင်ပြည် ကေအိုင်အိို( ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့) ပါဂျောင်ဒေသ လိုင်စင်စခန်း နီရဲစွာ ပွင့်ဖူးခဲ့ကြလေပြီ။

 
အဝေးမှကြည့်လိုက်လျှင် အနီရောင် လှိုင်းကြီးများ၊ အပြာရောင်လှိုင်းကြီးများ အဝေးက လှိမ့်ဆင်းလာနေသကဲ့သို့ပင် ကျနော်တို့ အင်အားက များလှသည်၊ အဝါရောင်် တောင်ကုန်းနောက်ခံ
အနီရောင်၊ အပြာရောင်များ ချယ်သ ထားသကဲ့သို့ပင် လှပနေသည်။ မှတ်တမ််း တင်ထားသည့် ဗွီဒီယို အခွေထဲ ကျနော်တို့ ပီတီ ပြေးခဲ့သည့် ပုံများက………။ သမိုင်းရုပ်ပုံလွှာများ။

 

ပီတီပြေးပြီးသည်နှင့် ကျနော်တို့ သွေးပူ လေ့ကျင့်ခ်းများကို ပါဂျောင်-နားဖေါ့ လမ်းမပေါ် ပြုလုပ်ကြသည်။ ကချင် သင်တန်း ဆရာသည် တောင်ကုန်း ပေါ် ငါး၊ခြောက်၊ခုနှစ်၊ရှစ်၊ ရှစ်၊ခုနှစ်၊ခြောက်၊ငါး …. လေး၊သုံး တမျိုးပြောင် အော်ရင်း အမျိုးစုံစွာ ခေါင်းခါးခြေလက် လေ့ကျင်ခ်းများကို လုပ်ခိုင်းနေသော်လည်း ကျနော်တို့ရဲဘော်များ မျက်နှာများသည်ကား လန်းဖြာနေကြသည်၊ ပီတီ ပြီးသည်နှင့် ကျနော်တို့သည် အဆောင်များသို့ ခြေကုန်သုတ် အပြေးအလွှားသွားကာ ပီတီယူနီဖေါင်းများကိုချွှတ် စစ်ယူနီဖေါင်းများကို ကမန်းကတမ်းဝတ်ကာ ခြေလက်မျက်နှာ သုတ်သင်ကြရသည်။

 

                             “အိမ်သာထဲက မြန်မြန်ထွက်ကြဟေ့။ ဒီမှာ အထုပ်ပြုတ်ကျတော့မယ်”

 

           ဇိမ်ဆွဲနေသော ရဲဘော်များကို ကျနော်သတိပေးလိုက်ရင်း သူ့အထွက်ကို စောင့်ကာ အမြန်ဝင်လိုက်ရသည်၊
အိမ်သာသည်ကား……….၊ အကာရှိပြီး အမိုးမရှိသော အိမ်သာ။ မြောင်းကို အလျားလိုက်တူးထားသည်။ ထိုမြောင်းပေါ်
သင်ပင်
နှစ်ပင်ကို တင်ထားသည်၊ လူများသော်လည်း လူဦးရေနှင့်အမှီ အိမ်သာက မလောက်သေး။

 

“ဟီး…..ဟီး” “သူငယ်ချင်း ဘာရီနေတာလဲ” သူ တင်ပါးကိုယ်တင်ပါးကို မြင်နေ ရဲဘော်ကြီးသံချောင်းက နောက်နေသည်။ အိပ်သာက တဆောင်လျှင် တလုံးတည်းသာ။ တခေါက်ဝင််လျှင် ငါးယောက်ခန့်သာ တက် ရသည့်အတွက် ရဲဘော်ငါးဦး အိမ်သာထဲ စောင့်ကြောင့်ထိုင်၍ ကိုယ်စီတိုက်ပွဲဝင်နေကြပုံကို သူက ဟားနေသည်။

 

သူသည် တော်လှန်ရေးနယ်မြေအတွင်း ပထမဦးဆုံး ဆုံခဲ့ရသော ကျနော့် အရင်းအနှီးဆုံး မိတ်ဆွေဖြစ်သကဲ့သို့ သူငယ်ချင်းလည်းဖြစ်သွားခဲ့သည်၊ သူနှင့် ကျနော်တို့ ပထမဦးဆုံး တောခိုစဉ် ဆုံတွေ့ခဲ့ရသည်က လိုင်စင်ဗဟိုဌာနချုပ်သို့သွားရာ လမ်းခုလတ်ရှိ နောင်လာပါ ကေအိုင်အို သင်တန်းစခန်း။ ကျနော်တို့ မြစ်ကြီးနားကျောင်းသားများနှင့်အတူ မိုးကောင်းကျောင်းသားများလည်း အတူတကွ ပါလာကြသည်။ သူတို့က မိုးညှင်းကျောင်းသားများ။ မန္တလေးတက္ကသိုလ်တွင် ပထဝီအဓိက ဘာသာရပ်ဖြင့် နောက်ဆုံးနှစ် ပညာသင်ကြားနေသူများ။ အထုပ်ကြီးကို ထမ်းလာသော သူသည် ကျနော်တို့ကို စတွေ့ သည်နှင့် ရင်းနှီးဖေါ်ရွေစွာ စကားများ ဖေါင်နေအောင် ပြောခဲ့သည်၊ ထိုအချိန်က ကျနော်တို့သည် တောခိုလာခါစ။ မိုးကောင်းမှ ကိုအောင်ကြီး၊ ကိုမင်းဌေးနှင့် ကျနော်တို့က အတူတူ တက်လာကြသော်လည်း သူနှင့် ထွန်းလွင်က တပ်ရင်း(၅) လမ်းတနေရာမှ ထွက်လာကြပြီး နောင်လာပါစခန်းတွင် လာ ဆုံကြခြင်းဖြစ်သည်၊ တလှေတည်းစီး၊ တခရီးတည်း သွားကြရတော့မည့်သူများ ဖြစ်သဖြင့် သူသည် ကျနော်တို့ရဲဘော်များနှင့် တသားတည်းဖြစ်သွားသည်၊ ကျနော်တို့သည်လည်း တပေါင်းတစည်းတည်း ဖြစ်သွားကြသည်၊ တော်လှန်စစ်အတွက် ငါတို့ကျောင်းသားတွေ ညီမှရတော့မည်၊ ငါတို့ ကျောင်းသား ပေါင်းစည်းလို့၊ သွေးစည်းလို့ ညီကြမည်။

 

“ကိုယ့်ဆရာ အမြန်လုပ်ဟေ့ အစာစားပြီးတာနဲ့ အချိန်မှီသင်တန်းပြေးရအုံးမယ်” ဟုပြောရင်း ဘောင်းဘီဇစ်ကို ကမန်းကတန်းဆွဲ ကာ စားဖိုဆောင်သို့ အပြေးအလွှား သွားရလေပြီ။ စိတ်ထဲမတော့ …နောက်ကျတဲ့ခြေထောက် သစ္စာဖေါက်တဲ့…ဟေ့ ဆိုပြီး။

 

အပါတ်စဉ် (၁)သင်တန်း ကာလ တလခန့် ကေအိုင်အို ကချင် ရဲမေလေး ငါးယောက်ဖြင့် ကျနော်တို့ အင်အား တရာကျော်ကြီးကို အပင်ပန်းခံ ချက်ပြုတ်ကျွှေးမွေးကြသည်။ အင်မတန် အေးလှသည့် ရာသီဥတု၌ ကေအိုင်အို ရဲမေလေးများ ထမင်းချက်ကြရသည်မှာ ချွေးတလုံးလုံးနှင့်။ ထမင်း ပေါင်းအိုးကြီးက ဓါတ်ဆီ၊ ဒီဇယ် ထည့်သော ပေပါ တိုင်ကီကြီး။ ဟင်းချက်အိုးက မိုးပြဲ ဒယ်အိုးကြီး။ ဟင်းချက်ရသည်ကတော့ ဟင်းအကျော် ဆရာများ ဦးနှောက်စားစရာမလို၊ ရေထည့်၊ ဆားထည့်၊ အရွက်ကို ပစ်ထည့်ရုံမျှသာ။ ထမင်းကိုတော့ ရဲမေများ ဖိုကြီး အတွေ့ကြံုမရှိသဖြင့် ခက်ခက်ခဲခဲချက်ကြရသည်။ နေ့စဉ် ရက်ဆက် ပျော့တူး မနပ် ထမင်းများ….သာ၊ ကြံုပေါင်းများတော့ ရိုးနေပါပြီ။ ထို့နောက် မိုးကောင်းမှ ကျောင်းသားများ ထပ်မံ ရောက်လာသည့်အခါကြမှ သူတို့က တလှည့် ကျနော်တို့ အပါတ်စဉ် (၁) ရဲဘော်များအား ချက်ပြုတ် ကျွေးမွေးကြသည်။

 

ခွက်ထဲသို့ ဆန်ပြုတ်ထိုးခံရင်း မနက်ပိုင်းသင်တန်းတက်ရန် ဆန်ပြုတ်နှင့် အားမွေးရပေမည်၊အချိန်စေ့သည်နှင့် ကမန်းကတန်းသင်တန်းကွင်းသို့ အပြေးအလွှား ချီတက်ကြရသည်၊ ဘယ်ညာသင်တန်းယူပြီးသည်နှင့် သင်တန်းကွင်းဖေါက်ရန် ပြန်လှည့််ပြေးခြေရအုံးမည်၊ သင်တန်း၊ မြေဖေါက်၊ သစ်ခုတ်ဝါးခုတ်၊ မြေပေါက်အလုပ်များက အပါတ်စဉ်(၁) စစ်သင်တန်း နေ့တဓူဝ လုပ်ငန်းများ။

 

“ကြင်နာတာတွေ မေ့ပြစ်လိုက်၊ တိုင်ထမ်းတာတွေမေ့ပြစ်လိုက် နာကျင်တဲ့ အသဲအစားထိုးဖို့မလွယ်” တိုင်ထမ်းလာနေသော ရဲဘော်တဦးက တိုင်ထမ်းရင်း မွန်းအောင်၏ သီချင်းစာသားထဲမှ အပိုဒ်တပိုဒ်ကို တိုင်ထမ်းတာတွေမေ့ပြစ်လိုက် ဆိုသော စာသားကိုထည့်ပြီး သူ နွမ်းနယ်မှုကို ဖြေသိမ့်နေသံ ကြားလိုက်ရသည်။ တိုင်ထမ်း၊ ၀ါးခုတ်၊ မြေပေါက်၊ သင်တန်းယူ စသည့် တာဝန်များစွာဖြင့် ရဲဘော်များ ပင်ပန်းကြသည်။ နွမ်းနယ်ကျသည်။

 

သင်တန်း၊ အလုပ်ကြမ်းနှင့် နပမ်းလုံးရသည့်အပြင် ဆိုးဝါးလှသည့်ရာသီဥတုတိုကို ခံစားကြရသော ရဲဘော်များက စိတ်ထွက်ပေါက်အနေဖြင့်သို့ အပြောင်အပျက် စကားစကြသည်။

 

“ပြန်ကြပါစို့ ငါညီတို့ရာ ဒီနေရာဟာ လူနေတဲ့အရပ်၊ လူနေတဲ့ ဒေသ မဟုတ်ကြဘူးကွ” ထွက်ပေါက် အနေဖြင့် ရာသီဥတုဒါဏ်ကို အပြစ်ဖို့သည််။ ထိုအပြစ်ဖို့သည်ကို သင်တန်းမှူး ဗိုလ်မှူး လမိုင်ဘောက် (ယခု ကချင်စစ်မှုထမ်းဟောင်းဖွဲ့) ဆီသို့ ရောက်သွားခဲ့သည်။

 

ရာသီဥတုက ရက်ရက် စက်စက်ကိို ဆိုးဝါးသည်။ ဒီလောက် ဆိုးဝါးသည့် ရာသီဥတုကို ကျနော်တခါမျှ မကြံုဘူးခဲ့။ ဖေဖေါ်ဝါရီလ၊ မတ်ချ်လ လောက်သာ နေရောင်ခြည်ကို မြင်ရသည်၊ ကျန်သည့် အချိန်များ သည်ကာ ရှစ်ခွင်တိုင်းမှိုုင်း၊ စိုထိုင်း အေးစက်လျှက်၊ မြူနှင်းများကမှိုင်းလျှက်၊ အရပ်လေးမျက်နှာတခွင်လုံး သိုင်းဝိုင်းလျှက်။ ရေခဲတမျှအေးစက်စက် ပါတ်ဝန်းကျင်ထုကြီးကိုသာ ကြံုတွေ့နေရသည့် အတွက် ရဲဘော်များငြီးငွေ့စပြုသည်မှာ မဆန်းပါ။

 

သင်တန်းမှူး ခေါ်သည်ဆို၍ ရဲဘော်များက လက်ချာဟောထဲ၌ စုရုံး ရောက်ရှိနေကြသည်။ သင်တန်းမှုးပြောမည့်စကားကို စောင့်မျှော်နေကြသည်။ သင်တန်းမှုး ဗိုလ်မှုးလမိုင်ဘောက် (အပါးချား){ ဗိုလ်မှူးလမိုင်ဘောက်မှာ ပျော်ရင်လည်း “အပါချား” စိတ်ညစ်စရာဆိုလျှင်လည်း အပါချား ငြီးငြူတတ်သဖြင့် ကွယ်ရာတွင် “အပါချား” ဟုခေါ်ဆိုကြသည်}  ၏ ဖြတ်သန်းမှုများက ခေသည်မဟုတ်။ သူသည် ဖြတ်သန်းမှုကြီးသူ တယောက်။ ကေအိုင်အိုအဖွဲ့အစည်းကို လူခုနှစ်ယောက်နှင့် စထောင်ကြသည်။ ထိုခုနှစ်ယောက်ထဲတွင် သူပါခဲ့သည်။  ခုနှစ်ယောက်ကို ဂုဏ်ပြုသည့်အနေနှင့် သူတို့ကေအိုင်အို စစ်သားများ၏ ဦးထုပ်တွင် အတွန့်ခုနှစ်တွန့်ပါအောင်် ချုပ်ထားသည်။ ကေအိုင်အို၏ နိုင်ငံရေးဖြတ်သန်းမှုသည်ကား ဤသို့။

 

ဦးနု အစိုးရလက်ထက် နိုင်ငံတော်ဘာသာကို ဗုဒ္ဒဘာသာအဖြစ် ပြဌာန်းလိုက်သည့်အတွက် ခရစ်ယာန်အများစုဖြစ်သော ကချင်လူမျိုးများထဲမှ မကျေနပ်သည့် ကချင်လူငယ်တစုက လက်နက်ကိုင်တော်လှန်ရေးဆင်နွဲရန် လက်နက်ကိုင်တော ခို်ကြသည်၊ ထို့နောက် သီးခြား ကချင်ပြည်နယ် ထူထောင်ရေးအဆင့်သိုု့လှမ်းသည်။ ထို့နောက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အထိ တဆင့်ဆင့် နိုင်ငံရေးတိုး တက်လာသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

ယခုတွင်မူ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးထက် ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်၌သာ ကျေနပ်ကြတော့မည်ဟု သုံးသပ်မိသည်။ ၁၉၇၀ကျော်နှင့် ၁၉၈၀များတွင် မ.ဆ.လ တပါတီအစိုးရကို သူသေကိုယ်သေ၊ သူကြေကိုယ်သေ တိုက်ခိုက်လာသော အဖွဲ့အစည်းဖြစ်သည်။ ထိုကာလများအတွင်း၌ မရေတွက်နိုင်သော ကချင်မျိုးချစ်ရဲဘော်များ များစွာ အသက်ပေး၍ သေကြေ ဒဏ်ရာ ရခဲ့ကြသည်။

 

သင်တန်းမှုး ဗိုလ်မှူးလမိုင်ဘောက်သည် ၁၉၈၈ ထိုစဉ်ကာလက ကေအိုင်အို ပါတီလိုင်းတွင် တာဝန်ထမ်းဆောင်နေသော ကေအိုင်အိုခေါင်းဆောင်ဦီးဖြစ်သည်။ “ ငါတို့တောခိုတုန်းက ပိုက်ဆံမရှိလို့ လားရိူးဘဏ်တိုက်ကို ဖေါက်ပြီး အရင်းအနှီးလုပ်ခဲ့ရတယ်” ဟု သူ့ဆီမှ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များစွာအား ကျနော်တို့အား သင်ကြားပေးခဲ့သည်။ မြောက်ပိုင်းကျောင်းသားတပ်မတော်အား အချစ်ဆုံး ကေအိုင်အိုခေါင်းဆောင်များတွင် ကွယ်လွန်သွားသော ဗိုလ်မှူးပန်းအောင်၊ ဗိုလ်ကြီးလထွယ် (တိုက်ခိုက်ရေးသမားများ)၊ သူလည်း တယောက်အပါအဝင်။ ကျောင်းသားများကလည်း သူတို့ကို လေးစား ချစ်ခင်ကြသည်။ သူတို့သည် ကျဉ်းမြောင်းသော လူမျိုးရေးအမြင်ထက် ကျယ်ပြန့်သော ပြည်လုံးဆိုင်ရာ နိုင်ငံရေး အတွေးအခေါ်များ ရှိကြသူများဖြစ်ကြသည်။ ကေအိုင်အို အပစ်အခတ်ရပ်ပြီးနောက် ပြည်လုံးဆိုင်ရာ အမြင်ရှိသူ ဗိုလ်မှူးလမိုင်ဘောက်သည် ဂျောင်ထဲသို့ရောက်သွားခဲ့သည်မှာ နှစ်အချိန် တော်တော်ကြာကြာ။ ကေအိုင်အိုတွင် ရန်သူအကြောင်း ပြတ်ပြတ်သားသား ပြောသူများက ဂျောင်ထိုးခံရလေ့ရှိသည်။ ခံစားခွင့်မရကြ။ လိုင်ဆာရောက်စဉ် ဗိုလ်မှူး လမိုင်ဘောက်ရှိရာသို့ တခါတရံ သွားလည်ပါတ််လေ့ရှိသည်။ သူ၏ အိမ်လေးသည်ကား တခြား ကေအိုင်အိုခေါင်းဆောင် အိမ်များနှင့်မတူ။ လုံးဝခြားနားသည်။ တဲကုပ်လေးသာသာမျှသာ။ သူသည် ယခင်ကကဲ့သို့ ရဲဘော်ရဲဘက်စိတ်ဓါတ်ရှိနေဆဲ။ ရောက်တိုင်း “ထမင်းစားသွား။ ရှိတာနဲ့သာ စားသွား“ဟု အမြဲတမ်း ပြောလေ့ရှိတတ်သူ။ တော်လှန်ရေးသမားများကို အစဉ်အမြဲ အသိအမှတ်ပြုလေ့ရှိသူ။

 

သူ၏ အိမ်တွင်လည်း အနယ်နယ်အရပ်ရပ်မှ မျက်နှာစိမ်းလူထုတချို့အား မကြာခဏ တွေ့မြင်ရလေ့ရှိသည်။ ကျနော်က သူ့အိမ်တွင်ကြာကြာ မထိုင်။ ကျနော်ရှိနေ၍ သူ့အပေါ် ကေအိုင်အို အထင်လွဲမှာကိုလည်း စိုးရိမ်မိသည်။ မျက်နှာပြပြီးသည်နှင့် အမြန်ပြန်လာလေ့ရှိသည်။ တော်လှန်သော ကျောင်းသားသူပုန်တယောက်ကိုလည်း သူသည်လည်း ကြာကြာ ဧည့်မခံရဲ။ သူ၏ ရပ်တည်ရေးအတွက်လည်း သူစိုးရိမ်ရသည်။ ရန်သူက ငြိုငြင်မည်ကိုလည်း သူတို့ ကြောက်ကြသည်။ တော်ကြာ ဂျောင်ထဲမှ ဂျောက်ထဲ ရောက်သွားမည်ကိုလည်း စိုးရိမ်ကြသည်။

 

သင်တန်းမှူးဗိုလ်မှူးလမိုင်ဘောက် ရောက်လာပြီ။ တရုပ်စစ်သားများ အအေးပိုင်းဒေသတွင် ၀တ်ဆင်လေ့ရှိသော အနွေးဦးထုပ်နှင့် စစ်လောင်းကုတ် အနွေးထည်ကို ၀တ်ဆင်ထားသည်။ သူ၏ဘေးတွင် သူ၏ ကိုယ်ရံတော်နှစ်ဦးက သေနတ်ကိုယ်စီနှင့်။ ကျနော်တို့ရဲဘော်များသည် ခုံများပေါ်တွင်( ခုံမရှိ မြေကြီးပေါ်၌ သင်ပင်များကိုအပေါ်ယံထွင်း)ကာ အချောင်းလိုက်ချထားသော၊ အတန်းလိုက်စီထားသော သစ်သားထွင်းထားသည့် သစ်လုံးပေါ်များ၌ ထိုင်နေကြသည်။ ထိုနေရာသည်ကား ညစဉ် နိုင်ငံရေးသင်တန်းတက်ရသော သင်တန်းလက်ချာဟော။ ညစဉ်ညတိုင်း ဗိုလ်မှူးပန်းအောင်က မော်စီတုံး၏ စစ်ရေးခြောက်စောင်ကို သူ၏ အတွေ့အကြံုများနှင့် ပူးတွဲသင်ကြားလေ့ရှိသဖြင့် သူ၏ထံမှ ပျောက်ကြားနည်းဗျူဟာ များစွာကို ဆည်းပူးသင်ယူလေ့လာခွင့် ရရှိခဲ့သည်။ ထိုနေရာ လက််ချာဟော၌ ကျနော်တို့ ရဲဘော်များ ဖူးရောင် အက်ကွဲနေသော နှုတ်ခမ်းများ၊ ဖေါရောင်နေသော မျက်နှာများ ကိုယ်စီနှင့်။ အားလုံးက အေးလွန်းသဖြင့် ဒူးနှစ်ဖက်ကို လက်ကလေးနှင့်ပိုက်ကာ ကုတ်နေကြသည်။ သင်တန်းမှူး ဘာပြောမည်ကို ငံ့လင့်နေကြသည်။

 

“အဟမ်း အဟမ်း”ဟု သင်တန်းမှူးက ချောင်းဟန့်လာသည်။ ရဲဘော်များ နားရွက်ထောင်လာကြသည်။ လူနေတဲ့အရပ်မဟုတ်ဟု ကျနော်တို့ ရဲဘော်ကြီး၏ ငြီးတွားသံက နေတဲ့လူများ လူမဟုတ်ကြ ဟူသော စကား အနက်အဓိပ္ပာယ် ပေါက်နေသည်ကို သူ အီလည်လည် ဖြစ်နေပုံံ ရသည်။ “ အေး…မင်းတို့ကို ပြောမယ်၊ ဒီနေရာက လူနေတဲ့ အရပ်မဟုတ်လို့ နတ်တေ နေတဲ့အရပ်လား”

နတ်တေ နေတဲ့ အရပ်လားဟု သင်တန်းမှူးက ကချင်သံဝဲဝဲဖြင့် ပြောသံကို ကြားလိုက်ရသဖြင့် ကုပ်၍ ထိုင်နေကြသော ကျောင်းသားရဲဘော်များ ပြံုးစစ ဖြစ်သွားသည်ကို သတိထားမိသည်။ ရှေ့တန်းမှာ ထိုင်နေသော ကျနော်သည်ပင် ရီခြင်လွန်း၍ ရှာကို သွားနှင့် ကိုက်မိသည်၊ လူ….. တေ….. နေတဲ့………အရပ်မဟုတ်လို့…….နတ်……..တေ…….နေတဲ့……အရပ်လားဟု ဆွဲဆွဲငင်ငင် ကချင်သံနှင့် ပြောလိုက်သည့်အတွက် ကျနော်အရမ်းရီချင်သွားသည်။ နတ်တေနေတဲ့ အရပ်လားကို သဘောကျသွားမိသည်။

 

ငါတို့တောင် နေနိုင်တေး တာဘဲ။ မင်းတို့ဘာလို့ မနေနိုင်ရမှာလဲ။ နေနိုင်အောင််ကြိုးစားကြ။ အါခုမှ တော်လှန်ရေး အစဘဲရှိသေးတာ။ တာကိုမှ မခံနိုင်ရင် စောမောင်စစ်အုပ်စုကို ဘယ်လို သွားတိုက်လို့ရမှာ….တုန်း။ ငါတို့ တော်လှန်ရေးစတုံးက…။ အင်ဒိုင်ခူရဲ့(ကချင်စကားဖြင့်)….. (ဒီလိုကွ…….။) ငါတို့ ကချင်တွေ ဘာမှ ရှိတာမဟုတ်ပူး။ (၀မ်ပေါင်မုန်းဒန် ရှန်လော့နီဂေါ့ ဖာ အင်ငါ့) အဝတ်အစားတောင် လုံလုံလောက်လောက်မရှိဘူး။ စီးစရာ ဖိနပ်လည်းမရှိဘူး။ တူမီးကိုင်ပြီး တိုက်ခဲ့ကြတာ။ တော်လှန်ရေးမှာ ခံနိုင်ရည်ရှိရမယ််…………။

ဟု ထိုသို့ အားပေးစကားပြောရင်း သင်တန်းမှူးထွက်ခွာသွားလေပြီ။ သင်တန်းမှူးထသည်နှင့် ကျနော်တို့သည် သင်တန်းမှူးကို အလေးပြုကာ အဆောင်သို့ ပြန်ခဲ့လေသည်။ အဆောင်ရောက်သည်နှင့် သင်တန်းမှူး ပြောခဲ့သော စကားတခုသည် ကျနော်တို့ ရဲဘော်များ၏ ပါးစပ်ဖျား၌ စွဲမြဲစွာ လက်ဝှေးတောင်ကတုန်း ဖြစ်သွားလေသည်။

 

“ဒီနေရာက နတ်တွေနေတဲ့ နေရာ၊ ဒီနေရာက နတ်တွေနေတဲ့နေရာ” ။ ဟေ့ ကိုနတ်ကြီး။ ဗျို့…….ဗျို့………ဗျို့။ ဟု တဆောင်လုံး တဝါးဝါး နှင့် ပွဲကျနေကြသည်။ လူနေတဲ့အရပ်မဟုတ်ဟု ပြောဆိုခဲ့သော မိုးညှင်းမှ ရဲဘော်သည်လည်း သင်တန်းပြီးသည်နှင့် ရှေ့တန်းတနေရာတွင် ကျဆုံးသွားခဲ့လေပြီ။ သူလည်းလေ နတ်စုတေပြီ လေလားမသိ။

 

အော်……ဤသို့ဖြင့် ဆိုးဝါးလှသည့် ရာသီဥတုဒဏ်ကို ရဲဘော်များ ကြံ့ကြံ့ခိုင်ဖြတ်သန်းခဲ့ကြရသည်။ လွမ်းမောကြမ်းတမ်းလှသည့် ထိုဘဝများပေတကား။

 

ထိုရက်တရက်။ ။ ထိုရက်က တနင်္ဂနွေနေ့ဖြစ်သည်။ ကျနော်၊ ကိုလှဌေး(အနောက်ဖက်မကဒတ)၊ကိုသက်ထွန်း၊ ရဲဘော်နှစ်ဦး နှင့်အတူ အပြင်သို့ လပ်ယားသွားကြသည်။ တပါတ်မှာ ထိုရက်လေးသည်ကား ကျနော်တို့အတွက် ရွှေဖြစ်သည်။ ကိုလှဌေးက ရှေ့နေတိုက်ပုံအနက်ကို ၀တ်လာသည်။ ကျနော်က ကချင်ပုဆိုး။ အကျီအဖြူနှင့်။ ကျနော်တို့သွားသည်နေရာကား ပါဂျောင် လမ်းဘေး၌ ဖွင့်ထားသော ကန်တင်းဆိုင်များဆီသို့။ ကေအိုင်အိုရဲဘော်များ၏ မိသားစုများက အပိုဝင်ငွေလေးရရန် ဖွင့်ထားသော ဆိုင်လေးများ။ ဆိုင်လေးက သုံးလေးဆိုင်မျှသာ။ ရဲဘော်များ စုစုရှိနေကြသည်ကို တွေ့ရသည်။ ပါလာသည့် ငွေလေး တရုပ်ငွေ သုံးယွမ်နှင့် တရုပ်ဝီစကီတလုံးကို အလဲအလှယ်လုပ်ပြီး ထိုခဏ ရသည့်အချိန်လေးကို ကျနော်တို့ ကောင်းကောင်း အသုံုးချလေပြီ။ ကိုလှဌေးသည်ကား ဗန်းမော်တွင် ရှေ့နေတဦးဖြစ်သည်။ သူက လေ့လာမှု အားကောင်းသည်။ ယခင်က ကျောင်းသားတပ်မတော်(ဗဟို)တွင် စစ်ရေးတာဝန်ခံတဦး အနေဖြင် ့်ကြီးမားသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူတဦးဖြစ်သည်။

မြောက်ပိုင်းတွင်လည်း ဗဟိုဦစီးကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သူ..။ ရဲဘော်များက ဦးစီးဟု ခေါ်လေ့ရှိသူ။ ယခုအချိန်အထိသူသည် ရာသက်ပန်တော်လှန်ရေးသမားအဖြစ် ကျောင်းသားတပ်မတော်(အနောက်ပိုင်း)တွင် တာဝန်ထမ်းဆောင်နေဆဲ….။ ထိုရက်က သူသည် အာရွှင်နေသည်။ ကျနော်သည်လည်း အာရွှင်စပြုလာသည်။ အချိန်စေ့သည်နှင့် ကျနော်တို့ အမိသင်တန်းကွင်းဆီသို့။

 

ညနေခင်းဆည်းဆာ နေဖြော့ဖြော့က သင်တန်းကွင်းဆီသို့ ထိုးဖြာနေသည်။ လေသည် တဟူးဟူး တိုက်လျှက်ရှိနေသည်။ အဝါရောင်တောင်ကုန်းအောက်၌ အညိုရောင်သင်တန်းကွင်းကလည်း ခန့်ခန့်ထည်ထည်။ ရဲဘော်များ၏ သွေးချွှေးဖြင့် ဖေါက်ထား သော ထိုသင်တန်းကွင်းသည်က အပီအပြင်ဖြစ်လာချေပြီ။ ပြန့်ပြူးသော သင်တန်းကွင်း ဘက်မှ တိုက်ခိုက်လာသော လေအေးကြမ်းကြမ်းက ကျနော်တို့အား ရွှေရည် အရှိန်မြှင့့်ရန် တွန်းအားပေးနေသည်။ ကျနော်တို့သည်လည်း အာရွှင်ဆေးများ သောက်လာသဖြင့် တလမ်းလုံး တဟီးဟီးတဟားဟားနှင့် အူမြူးနေကြသည်။ လွပ်လပ်သည့် အရသာသည်ကား ဘယ်ရွှေ၊ ဘယ်ငွေ၊ ဘယ်စည်းစိမ်နှင့်မျှ မလဲနိုင်သည်ကို မလွပ်လပ်သည့် အချိန်အောက်၌ သာလျှင် ခံစား သိရှိနိုင်သည်။ ထိုစဉ် ဆရာများအဆောင်မှ ဆရာတဦးထွက်လာသည်ကို ကျနော် မြင်လိုက်ရသည်။ အရပ်ပုပု ဆရာဂမ်အောင် တယောက် သင်တန်းကွင်းဆီသို့ ဦးတည်နေသည်။ နေညိုချိန် ထိုခဏ ရွှေအချိန်လေး၌ တခဏတာ သင်တန်းအမောများ ပြေပျောက်ခဲ့ရသည်။ ကျနော်တို့အသံများသည် တလမ်းလုံး ဆူညံလျှက်။ လူသူအရောက်အပေါက် မရှိသော ထိုဒေသ၌ ကြမ်းတမ်းခက်ထန်သည့် ရာသီဥတုကိုရင်ဆိုင်ရင်း သင်တန်းတက်ကြရသည်မှာ စိတ်ပင်ပန်း၊ လူပင်ပန်းရှိလှသည်။ ဆရာသည် သင်တန်းကွင်း၌ စောင့်နေသည်ကို တွေ့လိုက်ရသည်။

 

သင်တန်းကွင်းသို့ ရောက်နေသော ကျနောတို့အဖွဲ့ကို “တန်းစီ”ဟု အမိန့်ပေးလိုက်သည်။ ကျနော်တို့ တန်းစီကြသည်၊ “သတိ”ဟု ပြောတော့ ခြေစု၊ လက်ကပ်အနေထားသို့။……။ မင်းတို့ကို ဘယ်သူအပြင်ထွက်ခိုင်းလဲ……..။ မင်းတို့ ဘယ်သူ့ကို ပြောပြီး အပြင် ထွက်တာလဲ…….။ တနင်္ဂနွေနေ့ဆိုတော့ ဘယ်သူမှ ပြောစရာမလိုဘူးထင်လို့ အပြင်ထွက်မိတာပါဆရာ ဟု ဆိုလိုက်သည်။

 

“ဘာ” ဆိုသည့်အသံထွက်လာသည်။ “မင်းတို့တွေ့စားမယ်”ဟု ဆိုလာသည်၊ ထိုအသံနှင့်အတူ “ဖေါင်း”ဆိုသော အသံကို ကြားလိုက်ရသည်၊ လေက တတဟူးဟူးတိုက်နေသည်၊ ကျနော်က သတိဆွဲရာမှာ ညာဘက်ဘေးသို့ ခိုးကြည့်လိုက်မိသည်။ ရှေ့နေအကျီအမဲက လေထဲသို့ လှစ်ကနဲ ၀ဲဲဲပြန်သွားသည်ကို သတိထားမိလိုက်သည်။ ကိုလှဌေး ညာဘက်သို့ တော်တော်လေး ယိုင်ထွက်သွားသည်၊ အားနှင့်ကြံုး၍ ရို်က်လိုက်သဖြင့် သူယိုင်သွားသည်။ အရိုက်ခံလိုက်ရသည့်ယိုင်ခြင်းနှင့် တရုပ်ဝီစကီယိုင်ခြင်း  နှစ်ယိုင်ပေါင်းစပ်သွားသည်။ ဖေါင်းဆိုသော အသံတစ်သံထွက်လာသည်၊ နောက် ဖေါင်းဆိုသော အသံထွက်လာသည်။ ကျနော့်ရှေ့ရောက်နေသော ကျနော်က ဆရာမျက်နှာကို တည့်တည့်ကြည့်လိုက်သည်။ သူ့ အရပ်နှင့် ကျနော့်အရပ်က အတူတူ။ အပုမျိုး။ လက်ကိုနောက်သို့ လွဲလိုက်သည်ကိုသာ သတိထားမိလိုက်သည်။ ဖေါင်းဆိုသော အသံနှင့်အတူ ကျနော်သည် လကမ္ဘာသို့ ကြယ်စုံလစုံ ရောက်သွားသလို။ နားထဲမှာ စီကနဲအူသွားသည်၊ ပါးပြင်တခုလုံး စပ်ဖျင်းဖျင်း ထုံတုံတုံနာကျင်သော အရသာကို ခံစားလိုက်ရသည်။ ချစ်သူအနမ်းမခံရသေးသောပါး…….။ အမေအမြတ်တနိုးနမ်းခဲ့သော ပါးပြင်ပေါ်သို့ ကချင်သင်တန်းဆရာ၏ လက်ဝါးက အနမ်းကြမ်းကြမ်း ပေးလိုက်ချေပြီ။

 

                                “နောက်ဆို အပြင်ထွက်ရင် အကြောင်းကြားပါ… အဆောင်ကို သွားနိုင်ပြီီ”

 

အဆောင်ပြန်လမ်းတွင် အားလုံး ကိုယ့်ပါးလေးကို ကိုယ်ကိုင်ကား ရှုံ့မဲ့ရှုံ့မဲ့နှင့် ပြန်လာကြသည်ကို အဆောင်ရှိ ရဲဘော်များက စီးကြိုမေးကြသည်၊ ဘာဖြစ်လာလဲ……..။ နံပြားစားလာခဲ့တယ်…ဟုသာ ခပ်စပ်စပ်ပြောပြီး ကျနော့နေရာ စံနန်းသို့သာ စိုက်တိုက်တိုက်ပြန်လာခဲ့သည်။  

 

ထိုရက်က တရုပ်ဝီစကီယစ်ရွှေရီလေး၏ အရသာနှင့် ပါးရိုက်ခံရသည့်အရသာနှစ်ခု ပေါင်းစပ်ရောယှက်သွားမိခဲ့သဖြင့် တော်လှန်ဘဝ၏ ချိုမြိန်သောသစ်သီးကို လိုင်စင်တောင်တန်းပေါ်၌ မြိန်ရည်ယှက်ရည် စားသုံးခဲ့ဘူးလေပြီ။

 

            ထိုညက ကျနော်သည် အိပ်မပျော်ဖြစ်ခဲ့ပါ။ အဆောင်၏ အပြင်ဘက်သို့ ထွက် ကြယ်စင်များကို ကျနော်ငေးမော ကြည်မိသည်။
လူငယ်လေးတယောက် ပါးပြင်ပေါ်ကြီးစွာသော ဒ်ရာအနာတရ ဖြစ်ခဲ့သည်ကို သတိထားမိလိုက်သည်။ ပြသနာကြီးကြီးမားမားဖြစ်လာမည်စိုး၍ နံပြားစားလာခဲ့သည်ဟု ပေါ့ပေါ့ပြောခဲ့သော်လည်း ထိုည ကြယ်စင်များက ကျနော် ခံစားချက်ကို နားလည်ကြပေလိမ့်မည်။ မရှိရာမှ ရှိရာသို့ သွားရသော တော်လှန်ရေးဖြစ်စဉ်ကြီးတွင် ပါးရိုက်ခံခဲ့ရသော ထိုကြီးမားသည့် ခံစားချက်ကို ရဲဘော်များအား ကျနော်မဝေမျှခြင်။ နုနယ်ငယ်ရွယ်သည့် လူငယ်လေးတယောက် ပါးပြင်ပေါ်သို့ ရိုက်ခတ်လာသော ထိုကြီးမားသည့် ရိုက်ချက်သည် ကျနော့်၏စိတ်ကို တနုံ့နုံ့ဖြစ်စေခဲ့သည်၊ ကျနော်သည် ကြယ်စင်များကို ကြည့်ရင်း ရင်ထဲ လှိုက်၍လှိုက်၍ တက်လာသော ခံစားမှုကို ကျော်လွန်ကာ ထိုညက မျက်ရည်မိုးများ သည်းထန်စွာ ကြိတ်ကြိတ်၍ ရွာသွန်းခဲ့ရလေသည်။ ထိုစဉ်က စ၍ တသီးပုဂ္ဂလ ခံစားချက်နှင့် အများဆိုင်ရာခံစားချက်ကို ကျနော်သည် လင်းကနဲ ခွဲခြားသိမြင်လို်က်သည်၊

 

နာကျင်သည့် အချိန်တိုင်းကို ခံနိုင်ရည်နှင့် ဖြတ်သန်းမှသာ ရတော့မည်၊ အရေးကြံုလျှင် သက်လုံ ကောင်းရမည်။ ရှေ့ဆက်ရမည့် ခရီးတွေ ရှိသေးသည်။ ကြေကွဲ မဖြစ်။ ၀မ်းနဲ မဖြစ်။ ယုံကြည်ရင်း လိုက်ပါမည့် သူများကို ကျနော်သည် နုနယ်စဉ် ကာလက ထိုပါးပြင်ပေါ်သို့ ရိုက်ခဲ့သည့် ဒ်ကို တခွန်းမှ ကျနော် မပြောခဲ့ပါ။ နာကျင်် နေရသည့်၊ ပူလောင်နေရသည့်၊ ကြေကွဲနေရသည့်၊ မုန်းတီး ခတ်ထန် လွန်းသည့် အကြည့်တွေအောက်၌ ပြားပြားဝပ် နေနေရသည့် ကျနော်တို့ လူထုများ အတွက် ကျနော်တို့သည် အရာရာကို ပြင်ဆင် နေသည့််၊ မုန်တိုင်းကို ကျော်ဖြတ်မည့့် လှေငယ် ဖြစ်ရတော့မည်။

 

ထိုညက ကျနော်သည် အိပ်မက်တွေ မက်သည်၊ ထိုရက်သည် လမိုက်ည။ အိမ်မက်တွေမက်ခဲ့သည်၊ အိမ်မက်များစွာမက်ခဲ့သည်။ အိမ်မက်များတွင် နာကြင်ခဲ့ရသော ထိုအတိတ်များ။ သွေးစိမ်းရှင်ရှင် ပျံလွန်တော်မူခဲ့ကြသည့် ရဟန်းသံဃာတော် အ ရှင်သူမြတ်များ။ ပြီးတော့ မွေးသမိခင်မာတာမိခင်ကြီး…………။   

 

သန်းခေါင်ယံည လမိုက်များစွာထဲမှ ဖြတ်သန်းမှုကြမ်းကြမ်း ကိုခံယူနေရသော အချိန်၌ ထိုအိမ်မက်များတွင် အမေသည် ကျနော် တော်လှန်ရေး ခေါင်းဆောင်တဦးဖြစ်ခဲ့သည်။ ထိုအိမ်မက်ထဲတွင် အမေသည် မတ်မတ်မားမား၊ ထင်ထင်ရှားရှား။ အိမ် မက်ထဲအထိ အမေက ယခင်ကကဲ့သို့ပင် လမ်းပြကြယ်စင်..။

 

သတ္တိမရှိရင်၊ မင်းဒီလမ်းကို လိုက်စရာမလိုဘူး။ မင်းဟာ ငါတို့ တိုင်းပြည်ရဲ့ မျှော်လင့်ခြင်း။ ရိက္ခာရဲ့သားကောင်တော့ မင်းမဖြစ်စေနဲ့။ ရှင်သန်ခြင်း မရှိတဲ့ဘဝမှာ ယုံကြည်ချက်ဆိုတာကိုတော့ မင်းဘာနဲ့မှ မလဲပါနဲ့ သား။ မင်းဘာဘဲလုပ်လုပ် “သိက္ခာရယ်၊ ရိက္ခာရယ်“ ဆိုတာခွဲခြားပါ။ မင်းဟာ………။ သိက္ခာရှိတဲ့ တော်လှန်ရေးသမား ဖြစ်ပါစေ။…….။ မင်းရဲ့ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းမှာ နာကျင်နေတဲ့ ဘဝတွေ၊ မျှော်လင့်ချက်မဲ့နေတဲ့ ဘဝတွေ၊ အောက်ကျနောက်ကျဖြစ်နေတဲ့ ဘဝတွေ၊ အမျိုးသား ဂုဏ်သိက္ခာ အဖတ်ဆယ်လို့မရအောင် ကျဆင်းနေတဲ့ ဒို့လူထုရဲ့ဘဝတွေကို ဖြည့်ဆည်းပေးမဲ့ ယုံကြည်ချက်ကို ငွေနဲ့ အစားမထိုးမဲ့ သူရဲကောင်းဖြစ်ပါစေ ငါ့သား။ ဘဝတွေမကောင်းလို့ စနစ်တွေမကောင်းလို့ ငါ့သားကို ငါဟာ ယူကြံုးမရ ဆုံးရှုံးခွင့်ရလိုက်ပြီ….။  

သားဟာ အမေ့အတွက်အာဇာနည်ပါသား။ သား လုပ်တာမှန်သမျှ ထောက်ခံပါတယ်သားရယ်။ အမေ ဘယ်လို အခက်ခဲပဲရှိရှိ ဒူးမထောက်ဘူးသား။ သားကို အမေယုံကြည်တယ်သား။

          {မင်းဘယ်နေရာဘဲရောက်၊ ဘာတွေဘဲလုပ်လုပ် အမေအမြဲအားပေးထောက်ခံနေမယ်ဆိုတာ… `“သား”။  ယုံပါ။}

 

နိုးတဝက် အိပ်ရာမှ ငေါက်ကနဲ ထလာသော ကျနော့်ကို ကြယ်စုံညများအောက်မှ ဟိုး…..ခပ်ဝေးဝေး တောင်ကုန်းများဆီမှ သန်ခေါင်ယံတေးသွားကို သူမ၏ ဆွေးမြေ့ ဆွဲငင်စွာ သီဆိုလိုက်သည့်  ကချင်သီချင်းသံက ခပ်ပါးပါးကြား၍ ကြိုဆိုလိုက်သည်။ ယောက်ယက်ခပ်နေသည့် စိတ်ထဲမတော့ ပါးတဖက်နှင့် ကျနော့် ယုံကြည်ချက် ဘာကိုလဲရမှာလဲ။   …..ဒွိဟ….?

 

                         ရဲဘော်တို့ရေ…….။ နာကြင်တဲ့အချိန်တိုင်းကို……….။ ဒို့ ခံနိုင်ရည်တွေနဲ့ ဖြတ်သန်းကြရအောင်။  

 

နှင်းခဲများကျနေသည်။ အနွေးဓါတ်မရှိသော ညခါးခါး၌ ကျနော့်ကို ထိုအသံယောင်ပြနေသည့် အမျိုးသမီးက သနားဂရုနာသက်မိ လေမည်လား? ရောင်ယမ်းကာ ပါးတဖက်ကို ညာလက်ဖြင့် စမ်းကြည့်မိလိုက်သည်။ ညာဘက်ပါးသည် ယောင်ကိုင်းနေသည်။ လူထု၏ပါးက ကျနော့်ထက် ပိုပြီးရောင်ကားနေမည်သာ။ မနက်ဖြန်သင်တန်း ဆက်တက်ရအုံးမည်။ ကောင်းကင်တခို၌ ကြယ်စင်များ တလက်လက်နှင့် လင်းလက် တောက်ဖြာလို့ လာနေသည်။ တို့တွေ သွားနေသည့် စနစ်သစ်ဆီတွင် ပို၍ ထွန်းလင်းတောက်ပ နေမည်သာ……..။

 

၂၂-၄-၂၀၀၈။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here