နအဖဖွဲ့စည်းပုံထောက်ခံမဲ နှင့် တိုင်းရင်းသား အပစ်ရပ်ငြိမ်းအဖွဲ့များ

ရဲဘော်ထွန်းလင်း (၂၆-၄-၂၀၀၈)

    နအဖသည် ယခင် ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးသည့်နောက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များကို အသုံးချကာ ၎င်းတို့စိတ်တိုင်းကျ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲခဲ့ပြီး ဖြစ်သည်။ ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေကို တိုင်းရင်းသား လူမျိုးစုအဖွဲ့များမှလည်း မိမိတို့၏ သဘောထား ဆန္ဒများကို ရေးဆွဲအတည်ပြုနိုင်ရေး တင်ပြ ထားရှိခဲ့ကြပြီး ဖြစ်သည်။ သို့သော် ယခုဆိုလျှင် တိုင်းရင်းသား လူမျိုးစုအဖွဲ့များ၏ တင်ပြချက်များကို လစ်လျူရှု့ကာ စစ်အစိုးရ စိတ်တိုင်းကျ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲနိုင်ခဲ့ပြီးဖြစ်သည်။

  


ယခုလည်း နအဖမှ ကျင်းပပြုလုပ်လာတော့မည့် မေလ (၁၀)ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု နိုင်ရေး ဆန္ဒခံ ယူပွဲတွင် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် လူမျိုးစုအဖွဲ့အစည်းဒေသများရှိ ပြည်သူလူထုများကို အသုံးချကာ ၎င်းတို့အတွက် ထောက်ခံမဲရရှိရေးကို ပြုလုပ်နေလျှက်ရှိနေသည်။   

ယခုအချိန်ထိ နအဖအနေဖြင့်လည်း လက်နက်ကိုင် အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များ၏ မဲပေးရေး သဘောထားဆန္ဒကို ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှလည်း နအဖ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုနိုင်ရေး ဆန္ဒမဲပေးပွဲတွင် မိမိတို့၏ အခြေခံဒေသရှိ ပြည်သူလူထုများ၊ မိမိတို့တပ်ဖွဲ့ဝင်များအပေါ် ထောက်ခံရန် (သို့မဟုတ်) ကန့်ကွက်ရန် ဆိုသည့် တရားဝင် သဘောထားထုတ်ပြန်ချက်များ ချမှတ်ထုတ်ပြန် ပေးထားခြင်း မရှိသေးချေ။

 သို့သော်လည်း နအဖအနေဖြင့် အပစ်ရပ် တိုင်းရင်းသားငြိမ်းအဖွဲ့ပိုင်နယ်မြေများတွင် မဲရုံများကြိုတင် သတ်မှတ်ပေးထားပြီး မဲပေးပိုင်ခွင့် ဦးရေများကို လျို့ဝှက်အကြောင်းကြား တရားဝင်ထုတ်ပြန်ပေးထားပြီး ဖြစ်သည်။ ဤကဲ့သို့ ထုတ်ပြန်ပေးပြီး နောက်ပိုင်းတွင် အချို့တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်များ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုနိုင်ရေး ဆန္ဒမဲပေးရန်အပေါ် အချို့အဖွဲ့များသည် မိမိပိုင်နယ်မြေအတွင်း ထောက်ခံမဲကိုသာ ပေးရန်အတွက် ပြည်သူလူထုနှင့် မိမိတပ်ဖွဲ့ဝင်များအပေါ် ညွန်ကြားထားရှိပြီး အချို့အဖွဲ့များအနေဖြင့် ပြည်သူလူထုနှင့် တပ်ဖွဲ့ဝင်များ အပေါ် မည့်သည့် လမ်းညွန်မှုမျှ မပြုလုပ်ပဲ ပြည်သူလူထုနှင့် တပ်ဖွဲ့ဝင်များ၏ သဘောဆန္ဒအတိုင်းသာ လုပ်ဆောင် စေလိုသည့်သဘော မိမိတို့ဘာသာ ဆုံးဖြတ်ကြစေရန် ဆိုသည့် သဘောဖြင့် မည်သို့မျှ ညွန်ကြားခြင်းများ မရှိကြောင်းကိုလည်း တွေ့ရှိရသည်။

    တရုတ်-မြန်မာနယ်စပ်ဒေသရှိ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များတွင်် ပြည်သူလူထုနှင့် မိမိတပ်ဖွဲ့ဝင်များအပေါ် နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထောက်ခံမဲပေးရန် ကချင်အထူးဒေသ(၁) NDAK ဦးဇဂုန်တိန့်ယိန်းအဖွဲ့နှင့် ရှမ်းအထူးဒေသ (၅) KDA မထုနော် အဖွဲ့တို့အနေဖြင့် ထောက်ခံမဲသာပေးကြရန် ညွန်ကြားထားရှိကြသည်။ ကချင်အထူးဒေသ (၁) ဦးဇဂုန်တိန့်ယိန်း အဖွဲ့နယ်မြေအတွင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၆၉၄)ဦး၊ မဲရုံစုစုပေါင်း (၄)ရုံအဖြစ် နအဖမှ သတ်မှတ်ထားရှိပေးထားသည်။ နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံပွဲအတွက် အဓိက ထောက်ခံမဲရမည့် ဒေသ ဖြစ်သလို ထောက်ခံမဲပေါင်းလည်း (၃၆၉၄)ရရှိမှာ ဖြစ်ပါသည်။ ရှမ်းအထူးဒေသ(၅) KDA မထုနော် အဖွဲ့အနေဖြင့်လည်း မဲပေးနိုင်ခွင့်ရှိသူနှင့် မဲရုံအရေအတွက်ကို မသိရှိသော်လည်း ၎င်းတို့အဖွဲ့သည်လည်း ဦးဇဂုန်တိန့်ယိန်း အဖွဲ့ကဲ့သို့ပင် နအဖ၏ စစ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံအခြေခံံဥပဒေအတွက် အဓိက ထောက်ခံမဲရမည့် ဒေသလည်းဖြစ်နေပါသည်။

    ကချင်အထူးဒေသ(၁) KIO အဖွဲ့၊ ရှမ်းအထူးဒေသ (၁) ကိုးကန့်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KDUP) အဖွဲ့၊ ရှမ်းအထူးဒေသ (၂) “၀”အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (WNDP) အဖွဲ့၊ SSA(N)အဖွဲ့ နှင့် ဦးစိုင်းလင်း ဦးဆောင်သော ရှမ်းအထူးဒေသ (၄) တို့သည် နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုရေး ထောက်ခံမဲပေးခြင်းကို မည်သည့်သဘောထားမျှ ထုတ်ပြန်ထားခြင်း မရှိသလို မိမိတို့ဒေသအတွင်းရှိ ပြည်သူလူထုများနှင့် တပ်ဖွဲ့ဝင်များ ကိုလည်း မည်သည့် သဘောထားမျှချပြ ထုတ်ပြန်ပေးထားခြင်းမရှိကြပါ။

    ကချင်အထူးဒေသ(၁) KIO အဖွဲ့ နယ်မြေအတွင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၂၆၆၉)ဦး၊ မဲရုံစုစုပေါင်း (၆၃)ရုံအဖြစ် နအဖ မှ သတ်မှတ်ထားရှိပေးထားကြောင်း သိရှိရသည်။ ရှမ်းအထူးဒေသ(၁) ကိုးကန့်အဖွဲ့အနေဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ စုစုပေါင်း (၇၂၀၀၀)သတ်မှတ်ထားရှိ ပေးထားပြီး မဲရုံပေါင်း (၂၀)အထိ သတ်မှတ်ပေးထားသည်။ နအဖအနေဖြင့် မိမိတို့၏ စစ်အုပ်ချုပ်ရေးဖွဲ့စည်းပုံ အတည်ပြုရေးအတွက် ထောက်ခံမဲ အသင့်သင့် ရရှိသွားနိုင်ပေသည်။

    ရှမ်းအထူးဒေသ(၁) ကိုးကန့်ဒေသသည် လွန်ခဲ့သည့် ၂၀၀၀ခုနှစ်တွင် ကိုးကန့်အဖွဲ့အတွင်း အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် နအဖ အုပ်ချုပ်ရေးကို အဓိက စိုးမိုးချယ်လှယ်လာခဲ့သော ဒေသလည်းဖြစ်သည်။ ကိုးကန့် ဒေသသည် အဓိက တရုတ်လူမျိုးများ အများဆုံးနေထိုင်ရာဒေသဖြစ်ပြီး ယင်းဒေသအနေဖြင့် ယခုပြုတ်ကျ သွားပြီး ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက်တွင် နအဖမှ အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်နေချိန်တွင် ကိုးကန့်ဒေသ အဖြစ်သတ်မှတ်ပေးခဲ့သော ဒေသဖြစ်သည်။ ယခုလက်ရှိနိုင်ငံရေးတွင်လည်း နအဖအနေဖြင့် ၎င်းတို့ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုနိုင်ရေးအတွက် ကိုးကန့်ဒေသအတွင်းရှိ တရုတ်လူမျိုးများအား အသုံးချ၍ ထောက်ခံမဲ ရယူလိုနေပေသည်။ တဖက်အနေဖြင့်လည်း ယခုလို ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ပြုရေးတွင် မိမိတို့အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ဦးရေ များများရရှိရေးနှင့် မဲရုံများ များပြားစွာ ကိုးကန့်ဒေသအတွင်း ဖြစ်ပေါ်ရေး၊ မိမိနယ်မြေ အတည်ပြုနိုင်ရေးကိုသာ အဓိကကျနေပေသည်။ သို့အတွက် နှစ်ဦးနှစ်ဖက်အကြားတွင် နအဖအနေဖြင့် ၎င်းတို့အတွက် ထောက်ခံမဲ အတော်အတန် ရရှိနိုင်သော ဒေသဖြစ်နေပေသည်။

 ၎င်းကိုးကန့်အဖွဲ့နှင့် ဆန်ကျင်ဘက်အနေဖြင့် နယ်မြေအားဖြင့်လည်း အလွန်ကျယ်ပြန့်လျှက်ရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ မူရင်းတိုင်းရင်းသားများလည်းဖြစ်သည့် SSA(N) အဖွဲ့နယ်မြေအတွင်း နအဖ၏ မဲပေးပိုင်ခွင့် ဦးရေးကို (၅၃၀၀)သာ သတ်မှတ် ပေးထားပြီး မဲပေးပိုင်ခွင့်နယ်မြေအဖြစ် ကျေးရွာစီရင်စု (၆)စုသာ သတ်မှတ်ပေးထား သည်။ နအဖ၏ စစ်အုပ်ချုပ်ရေး အတည်မဖြစ်နိုင်ရေးအတွက် များစွာကန့်ကွက်မဲရရှိနိုင်သော ဒေသလည်းဖြစ်နေသည်။ သို့အတွက် နအဖအနေဖြင့် ကန့်ကွက်မဲ အများစုဖြစ်ပေါ်နိုင်သော SSA(N) အဖွဲ့တို့၏ နယ်မြေများနှင့် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူလူထုများသတ်မှတ်ပေးခြင်းသည် များစွာနည်းပါးလျှက်ရှိနေသည်။ ယခုကဲ့သို့ နအဖ၏ မဲပေးပိုင်ခွင့် လူဦးရေ သတ်မှတ်ချက်များနှင့် မဲပေးပိုင်ခွင့် ကျေးရွာစီရင်စုများ  သတ်မှတ်ပေးချက်များအပေါ် လက်တွေ့မိမိတို့ အမျိုးသား အရေးအတွက် ဦးဆောင်မှုပြုနေတဲ့ ခေါင်းဆောင်များ၏အပေါ် များစွာတည်မှီလျှက် ရှိနေပေလိမ့်မည်။

    ယခု ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ဖြစ်ရေးသည် နအဖ သက်စိုးရှည်စေရေးအတွက် များစွာအရေးပါနေသည့်အတွက် တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် လူမျိုးစု ဒေသခံပြည်သူများကို အသုံးချကာ ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံ အတည်ဖြစ်စေရေးအတွက် ထောက်ခံမဲရရှိရန် အလွန်လိုအပ်နေပေသည်။ တိုင်းရင်းသားလူမျိုးစုအဖွဲ့များ ဒေသရှိ ပြည်သူလူထုများ၏ ထောက်ခံမဲများသည်လည်း တနိုင်ငံလုံး စစ်အစိုးရအသက်ရှင်သက်စိုးရှည်် မရပ်တည်နိုင်ရေးအတွက် များစွာ အရေးပါလျှက်ရှိနေပါသည်။ သို့အတွက်ကြောင့် တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များ အနေဖြင့်လည်း ယခုလိုအချိန်အခါတွင် မိမိတို့၏ထောက်ခံမှုဖြင့် စစ်အာဏာရှစ်စနစ်တည်တံ့ခိုင်မြဲရေးအတွက် သမိုင်းမှာ မကျန်ရှိစေပဲ ပြည်သူလူထုအား တိကျသော နိုင်ငံရေးဦးဆောင်မှုကိုရယူကာ စစ်အာဏာရှင် သက်စိုးရှည်မည့် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၀ိုင်းဝန်းတွန်းလှန် ကန့်ကွက်သွားကြရန် အလွန်လိုအပ်လှပေကြောင်း တင်ပြလိုက်ရပါသည်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here