ပေါက္ခရဝဿမိုး ရွာလေ ရော့သလား

သားချစ်(လူထု အသံ)

ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ…ဆိုရိုးစကား … တို့ပြည်သူတွေကိုများ ကွက်ကြားမိုး ငြိုးလို့ ရွာလေရော့ သလား ထင့်။ အမိမြန်မာပြည်ကြီး၌ ရတနာသုံးပါးဖြင့် လာရောက်ဆုံရခြင်းသည် မြန်မာလူမျိုးများအတွက် ကံကောင်းခြင်းဟု ပြောရမည် ဖြစ်ပေသည့် ဝေသာလီပြည် ဘီလူးဝင်သည် ထက်ဆိုးသည့် အာဏာရူး ငမိုက်သား ဗိုလ်ချုပ်တစု အုပ်ချုပ်ခြင်း အောက်၌ လူလာဖြစ်ရသော ဘဝ…ဘဝ များသည်ကား ဆိုးဝါးလွန်းပေစွ..။ အတိတ်ကံက မွဲခဲ့လို့ ဆင်းရဲမွဲတေ နေရတာလား……။ ပစ္စုပ္ပန် ပကတိနိုင်ငံရေး ရေခံ များကြောင့် ဖွတ်ကျောပြာစုနေရတာလား…..။ ၀ိရိယလည်းရှိသည်။ ကံလည်းရှိသည်၊ ဉာဏ်လည်း ရှိနေပေသည့် ကံကြောင့် ဖြစ်လာရသော ထိုထိုဘဝ များသည်ကား..စနစ်ဆိုး၊ မင်းဆိုးမင်းညစ်အောက်၌ နွမ်းကြွေ ပျက်သုန်း နေနေကြ ရလေပြီ……….။

 

အဲဒီရက်က မိုးတွေ..မိုးတွေ…မိုးတွေ သည်းထန်စွာ အငြိုးတွေနဲ့ ရွာကျခဲ့တယ်..။

 

ကျနော်က နယ်စပ်တနေရာမှာ ထိုစဉ်က ရပ်တည်ရေးအတွက် အလူးအလဲ အသည်းအသန် ကျိုးစားနေရသော အချိန်ကာလ..။ နယ်စပ်ဆိုသည်က တိုင်းရင်းသားလက်နက်ကိုင်များ ထိမ်းချုပ်ရာ ဒေသကြီး။ နယ်စပ်ဆိုသည့် သဘာဝအတိုင်း ဗျောက်သောက် ဗြုပ်စဗျင်းတောင်း လူစုံရာဒေသ….။ စီးပွားရေး လုပ်ငန်းအမျိုးမျိုး အဖုံဖုံ တွေ့ရှိနိုင်သော ဒေသ..။ ကြီးပွားဖို့နည်းနည်း….. ပျက်စီးရန် သေချာသော ထိုဒေသ..။ လက်နက်မှောင်ခိုမှ အစ ဘိန်းဖြူအဆုံး…စီးပွားရေးအဖုံဖုံကို တွေ့ကြံုခဲ့ရသည်။ တထွာခန့်မျှရှိသော ၀မ်းတထွာအတွက် ဖိုသီဖတ်သီ ရုန်းကန်လုပ်ရှားနေရသည့် လူထုများ၏ အထွေထွေဘဝများသည် ထိုဒေသ၌ သူတို့နည်းတူ ရုန်းကန် နေရသော ကျနော့်အတွက် နေ့စဉ် ဒိုင်ယာရီများသာ ဖြစ်နေခဲ့ရသည်။ နအဖ၏ စီးပွားရေးအရ ဖိနှိပ်မှု၊ တိုင်းပြည်၏ စီးပွားရေးကျဆင်းမှုများကြောင့် လူထုဘဝသည်ကား ရွာဆော်ကြီး ခွေးကဲ့သို့ တောင်ပြေးလိုက် မြောက်ပြေးလိုက်နှင့် ကြက်ယက်သကဲ့သို့ ထမင်းတလုပ်ကို ဖြဲကာ ဖြဲရဲ ရှာစားနေကြရသော ဘဝများ……။ ထိုဘဝများစွာထဲမှ ဘဝလေးတခုက ကျနော်၏ နှလုံးသားကို ဆွဲညှစ်လှုပ်ရမ်းနိုင် လိုက်သည်။

 

အကျီနွမ်းနွမ်း၊ ဆံပင်ရှည်ရှည်၊ အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့်၊ အသက်(၂၀)ခန့် ကောင်မလေးတယောက် ထမင်းပန်းကန် ကိုင်ကာ ကျနော်တို့ ရှိရာသို့ ဦးတည်လာနေသည်။ ဟင်းတွေကော မှာလိုက်ပြီလား အကိုကြီးတို့..။ အေး…မှာပြီးသွားပြီ..ငါ့ညီမရေ..။

နို့ …. ညီး အရင်က ဒီမှာ မတွေ့ဖူးပါဘူး။

ဟုတ်တယ်… ကျမ ရောက်တာ မကြာသေးဘူး

ဘယ်ဘက်ကလဲ?

မြန်မာပြည် အလယ်ပိုင်းကပါ

အခု ဒီမှာ ဘယ်လောက်ရသလဲ?

သုံးသောင်းထဲပါ..။

ထိုရက်က ထိုဆိုင်၌ ကျနော်တို့ တဝိုင်းတည်းသာ ရှိနေသည်ကို သတိထားမိလိုက်သည်။

ဒီနေ့ လူနဲလှချည်လားဗျ အမကြီး…? ဟု ကျနော်က ဆိုင်ရှင်အမျိုးသမီး ၀၀ကြီးဘက်သို့ လှည့်၍ မေးလိုက်မိသည်။

ဟုတ်တယ်၊ငါ့မောင်ရေ…။ အရောင်းအဝယ်ပါးနေတာကြာပြီ…သစ်က အရင််လိုမထွက်တော့ဘူး

ကြာရင်တော့ ဆိုင်ပိတ်ရတော့မယ်ဟု ပြောနေသော ဆိုင်ရှင်အမျိုးသမီးကြီးအား တချက်ဝှေ့ကြည့်ရင်း ထမင်းပန်းကန်ထဲသို့ ဟင်းရည်တဇွန်း ခပ်ထည့်လိုက်သည်။ 

 

တရုတ်-မြန်မာနယ်ခြား ရွှေလီဂိတ် တနေရာ 

သစ်နှင့် မှီခိုနေရသော ဤဒေသက သစ်မရှိလျှင် အားလုံးခါလီပြတော့မည်။

လွန်ခဲ့သောနှစ်များက သစ်ထွက်သဖြင့် ရွှေမိုးငွေမိုးရွာသည့် နှစ်လားဟူ၍ပင် ပြောလို့ရမည်လားမသိ…။

ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဒေသအတွင်း ကိုယ်ပိုင်တိုက်များ မိုးတွင်းထွက်သည့် မျှစ်စို့ကြီးများပမာ… ပေါ်လာခဲ့သည်မှာ အရှိုရှို မှိုလိုပေါက်ခဲ့သည်။ လက်နက်ကိုင်အဖွဲ့မှ အရာရှိတော်တော်များများ တရုပ်ကားမစီးကြကြေး…။ ဂျပန်ကားမှ ဂျပန်ကား ရောဂါထခဲ့ကြသည( သူတို့ တတ်နိုင်သည့် ခေတ်ပေပဲ)်။ ထိုဒေသရှိ ကက်စီနိုလောင်းကစား ၀ိုင်းကြီး၌ အလှူကြီးပေးနေသကဲ့သို့ ငွေထုပ်များ တောင်လိုပုံခဲ့သည်။ “ဟွမ်းယင့် လောင်ပန်း” (သူဌေးကြီးကို  ဖိတ်ခေါ်ပါတယ်) ဆိုသည့် တရုပ်ထီး၊ တရုပ်မများ၏ အသံများက လောင်းကစားတရုံလုံး ပဲ့တင်ထပ် ဆူညံလျှက်ရှိသည်။ လောင်ပန်း (သူဌေးကြီး)ဟု အခေါ်ခံလိုက်ရသော ကိုရွှေမြန်မာနိုင်ငံသားများကလည်း နှလုံးပီတိ ဂွမ်းဆီထိကာ မကုန်မခြင်း အလကားရသည့် ငွေအား အသကုန် ဖိထိုးကြလေတော့သည်။ ထိုခေတ်က သစ်ခေတ်။ ခေတ်သစ်။ ကိုင်းဖျားကိုင်းနားဆိုလျှင် နှားခေါင်းရှုံသော တရုတ်များကပင် ယခုတွင်မူ… ပေါင်လောက် ခြေသလုံးလောက်ပင် ရှိသော ကျွန်းပျိုပင်များကိုပင် ချမ်းသာမပေးကြတော့……။ ရွှေ၊ သတ္တု၊ မြေ၊ ကျွန်းပျို ရှိသမျှ အားလုံး..အားလုံး ကဲ့၍ ကဲ့၍ ယူကုန်ကြနေသည်။ “ခင်ဗျားတို့ သစ်မရှိတော့ရင် ဘာလုပ်ကြမလဲ?” ဟု တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင််ကြီးတဦးကို စိတ်အချဉ်ပေါက်ပေါက်ဖြင့် မေးတော့ သူက ခေါင်းကုတ်နေခဲ့သည်။ “သစ်မရှိတော့ ၀ါးခုတ်ရောင်းကြပေါ့ဗျာ”ဟု ခပ်ငေါ့ငေါ့ပြောလိုက်မိ်သည်။ ယခုတော့ သစ်မရှိတော့ အားလုံး ဘဝအထွေထွေ ခါလီ ပြကုန်ကြသည်။

 

“ဒီဘက်ကို စီးပွားရေးကောင်းတယ်ဆိုလို့ ထွက်လာတာ အခုဒီထမင်းဆိုင်က ပိတ်တော့မယ်ဆိုတော့ ဘာလုပ်စားရမှန်းကို မသိတော့ဘူး” ဟု အသံ တိုးတိုးညှင်းညှင်းလေးက သူမ ပါးစပ်ဖျားမှ ထွက်လာသည်။ ရေစိုနေသော လက်ကို လက်ကိုင်ပုဝါဖြင့်သုတ်ရင်း……။ “ရရာ အလုပ်လုပ်စားပေါ့ ငါ့ညီမရာ၊ အလုပ်လုပ်ချင်တဲ့လူအတွက် အလုပ်မရှားပါဘူး” ဟုသာ အားပေးနှစ်သိမ့်ဖြေလိုက်ရင်း သွားကြား ထိုးတံတချောင်းကို ဗူးထဲမှ ထုတ်ယူလိုက်သည်။

 

မြန်မာပီပီ သနပ်ခါး ပါးကွက်ကြားလေးနှင့် တင့်တယ်နေသော သူမ၏မျက်နှာ၌ ညှိူးလွှလွှ ဖြစ်နေသည်ကို ထိုနေ့က သတိထားမိလိုက်သည်။ အလုပ်လေးဘာလေးရှိရင် ပြောကြပါအုံး အကိုတို့၊ ကျမကို ကူပြီးရှာပေးပါအုံးနော်ဟု တောင်းတောင်းပန် ပန် ပြောနေသာ သူမအား….။ အေး….အေး။ စိတ်ချပါ ရှိရင် ငါတို့ အကြောင်းကြားပေးလိုက်ပါ့မယ်…။

 

အပြင်ဘက်ရောက်တော့ ကျနော့် ပါးပြင်ပေါ်သို့ နယ်စပ်က လေပူတချက် ခတ်ဆတ်ဆတ် ရိုက်ချခြင်းကို ခံလိုက်ရသည်။ “သုံးသောင်းထဲပါ”ဟု ပြောလိုက်သော သူမ စကားသံများနှင့်အတူ..ကျနော့် အတွေးသည်လည်း..။ ဒီခလေးမလေး  ဒီငွေနဲ့ သူ့မိသားစု ဘယ်လို စီမံခန့်ခွဲမလဲ…။ အဖေ၊ အမေ၊ ဆွေမျိုးအရေး၊ အမျိုးသမီး တယောက်၏ တကိုယ်ရေ တကာယ အရေး..။ အိမ်အပြန်လမ်းသည် နေပူပူ၊ လေပူပူထဲ၌ ထီးမပါသော ကျနော့်အတွက် ရင်တွင်းအပူမီးနဲ့ အတူ ပိုမိုနွမ်းလျှ ပူပြင်းခြောက်သွေ့လှသည်။  

 

မတွေ့တာ ကြာပြီဖြစ်သော ထိုခလေးမအား ဤနေရာ၌ တွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားရသည်။ တိုင်းရင်းသား လက်နက်ကိုင် အရာရှိတဦး၏ အိမ်ရှေ့၌ အဖီလေးချကာ ဈေးရောင်းနေသော သူမကိုကြည့်ရင်း… “မတွေ့တာကြာလို့..ရွာပြန်သွားပြီ အောင်းမေ့နေတာ… ညီးက ဒီရောက်နေသကိုး” ဟုပြောတော့ ဘာမှမပါဘဲ လက်ချည်းသက်သက် မပြန်ချင်ဘူး အကိုကြီးရေး…! ။ ဒီမှာ ရရာ အလုပ်လေးလုပ်ရင်း ပိုက်ဆံစုအုံးမယ် ဟု ပြံုးပြံုးလေးဖြင့် ပြန်လည် ဖြေရှာနေသော သူမ၏ စကားကို ကျနော် နားစွင့်မိလိုက်သည်။ ချွေးသီးချွေးပေါက်များ ပါးပြင်ပေါ်သို့ တဒီးဒီးကျနေသော သူမကိုကြည့်ရင်း ဆိုင်ခန်း(အဖီ)လေးအား အကဲခတ် ကြည့်မိလိုက်သည်။

 

တခုခုအားပေးသွားပါအုံး..အကို!

အေး အေး ဟုဆိုကာ

ဆိုင်အတွင်း( အဖီအတွင်း) ရှိ တရုပ်လုပ် ထိုင်ခုံပုလေး တလုံးပေါ်၌ ထိုင်ချလိုက်သည်။ ရှေ့ဘက်၌ ၀ါးတိုင်နှစ်တိုင် စိုက်ထားသည်။ ဆိုင်က အိမ်ဝင်းနံရံကို ကျောပေးထားသည်။ ထိုရှေ့ဝါးတိုင်နှစ်တိုင်၌ ၀ါးတလုံးကို တင်ထားကာ ထိုဝါးပေါ်၌ ၀ါးခြင်းလေးများ စိတ်၍ ၀င်းနံရံပေါ်၌ တင်ထားသည်။ ထိုအပေါ်၌ ပါးလပ်စတစ်မိုးကာစကို အုပ်မိုးထားသည်။ ထိုဆိုင်လေး၏ ရှေ့၌ ရေနှုတ်မြောင်းက အလျားလိုက်နေရာယူထားသည်။ ထိုရေနှုတ်မြောင်းရှေ့တွင် မြစ်ကြီးနား – လိုင်ဇာ ကားလမ်းမကြီးက အလျားလိုက် ပြားပြားဝပ်လျက်ရှိနေသည်။ အလျားသုံးလံံ၊ အနံတလံခန့် ရှိသောနေရာ၌ ဖြစ်သလို အဖီလေးထိုးကာ ကြံုသလို ရှာစားနေရသော ဘဝများကို ဂရုဏာ သက်မိလိုက်သည်။ ငယ်ငယ်က ဈေးရောင်းတမ်းကစားရန် လုပ်ထားသော ဆိုင်ကလေးက ယခုဆိုင်ထက် ပို၍ သာပေလိမ့်မည်ဟု အတွေးထဲ၌ ဖြတ်ကနဲတွေးနေမိသည်။

 

ဘာနဲ့စားမလဲအကို

ရှိတာနဲ့ပေါ့

သိပ်များများစားစားတော့ မရှိဘူး..။ မပြောဘဲနှင့် သိနေသော ကျနော်က… အေး…. ရှိတာနဲ့ဘဲ တပွဲပြင်ပေး..။

ဆေးပေါလိပ် ငါးဂျော့(၁၀၀ကျပ်ခန့်) ဖိုးးလောက် ပေးအုံး..။

ထမင်းပြင်နေသော သူမကို ကျနော်သတိထားမိလိုက်သည်က………..။ အင်္က ျီရှေ့၌ အနည်းငယ် စူနေသော သူမ၏  ဗိုက်…။

ဟ…ယောကျ်ား ဘယ်တုံးက ယူလိုက်တာလဲ ငါ့ညီမ…ရ?

သိပ်မကြာသေးဘူးအကို

ဘယ်သူနဲ့လဲ

အကိုသိမှာပါ ..ဟို…ကုန်တင်ကုန်ချ လုပ်နေတဲ့ ဟို..(..) ကောင်လေးက ကျမအမျိုးသားလေ..။

ကုန်တင်ကုန်ချသမားများ တချို့နှင့် ရင်းနှီးကျွမ်းဝင်လျှက် ရှိနေသော ကျနော်က သူမ ပြောနေသည့် သူမအမျိုးသား၏ နာမည် နှင့် လူကို မတွဲမိ..။ ဇဝေဇဝါ ဖြစ််လျှက်ရှိနေသည်။

နေပါအုံး ညီးယောကျ်ားက ဘယ်ဇာတိလဲ

ရွှေဘိုကပါ..။

ေဩာ် သိပြီ..သိပြီ။ ဟို ဆံပင်ရှည်ရှည် ခပ်ငယ်ငယ်နဲ့ ကောင်လေးမဟုတ်လား…။

တရုပ်ဖက်၊ မြန်မာဖက်မှ ရောက်လာသော ကုန်များကို ကားပေါ်အတင်အချ လုပ်စားနေကြသည့် သူမယောက်ျား ထိုကုန်ထမ်းသမားလေး၏ မျက်နှာကို မြင်ယောင်လိုက်မိသည်။ သူနဲ့တွေ့စဉ် ထိုခဏ အချိန်တုံးက…။

ဘယ်လိုလဲဟေ့ နေ့တွက်ကိုက်ပြီလား..?

နေရာအနှ့ံ အလုပ်စုံအနှ့ံ၌ ကြားနေရသော နေတိုင်း ကြားနေကြ ရိုးအီနေပြီဖြစ်သော နေ့တွက်ကိုက်ပြီလား ဆိုသည့် ထိုစကားလေးတခွန်းက နယ်စပ်ဒေသရှိ လုပ်ကိုင်စားသောက်နေကြရသော လူထုဘဝများစွာ၏ အဓိပ္ပာယ်ကို ပို၍ လေးနက်စေသည်။ ဤဒေသရှိနေ့တွက်သည်ကား မြန်မာငွေ ထောင်ကြီးပိုင်းခန့်..။ ထမင်းက တနပ်ကို ၁၅၀၀ကျပ်။ အရက်တလုံးက (၁၀၀၀) ။ ဆေးပေါ့လိပ်တစည်း (၆၀၀)။ အခြား ဗာဟီရစရိတ်များကြောင့် နေ့တွက်ငွေက အနည်းဆုံး (၅၀၀၀)ကျပ်အထက်။ နအဖစစ်တပ်၏ ဂိတ်ကြေးများက ကုန်ဈေးနှုန်း များကို ထိုးတက်စေသဖြင့် ကုန်ဈေးနှုန်းနှင့် လိုက်မိစေရန်အတွက် သူတို့၏ ချွေးစက်များက နေ့စဉ်နေ့စဉ် မြေပေါ်သို့ ပင်ပင်ပန်းပန် ပေါက်ပေါက်ကျစေခဲ့သည်။

 

 

လူထုဒေါ်အမာ ဆုံးပါးစဉ်က နယ်စပ်အလုပ်သမားကြားမှာ ပြန့်နေတဲ့ အမေ ပုံတွေ 

မကိုက်သေးဘူး..ဗျ

စပါးကားတွေ မဝင်ဘူးဖြစ်နေတယ်ဗျ။ ဟို…. န.အ.ဖ စစ်တပ်ဂိတ်က အရမ်းကို ဖမ်းနေတာ..။

တရုပ်ဘက်က ကုန်တွေကိုလည်း ပိတ်ထားတယ်ဆိုတော့ မြန်မာဘက်ကလာမဲ့ ဒီဆန်အိတ်လေးတွေကိုဘဲအားပြုနေရတာ..။

ယခင်ရက်က ရထားသော ငွေလေးငါးထောင်က ယခုလို ကုန်မရှိသည့် ရက်မျိုးတွင် ထမင်းဖိုး၊ဟင်းဖိုး၊ ကျောတခင်းစာအတွက် ထပ်မံ အရင်းစိုက်ရတော့မည်ကို စိတ်မသက်မသာ တွေးမိလိုက်သည်။

 

ထိုကောင်လေး၏ ဇနီးမယားချော အညာသူလေးကို ဒီမှာ တခေါက်ပြန်တွေ့လိုက်ရသည်။

 

“ဒီကောင်လေးက အလုပ်ကြိုးစားတယ်ဟ”

မကြိုးးစားလို့မရဘူး အကိုရေးးးးးးးးးးးး ..ဗိုက်ထဲမှာလည်း ပါးစပ်တပေါက် တိုးနေပြီလေ..။

“ဈေးကော ရောင်းကောင်းရဲ့လား”

ခပ်ပါးပါးဘဲဲ အကိုရာ.. သစ်က မဝင်တော့ဘူးလေ…။ ဆိုင်ဖွင့်တာက ယောက်ျားသူငယ်ချင်း ကုန်ထမ်းသမားတွေကိုပဲ အားကိုးပြီး ဆိုင်ဖွင့်တာဆိုတော့…… သူမ၏ ဆိုတော့၏ နောက်ကွယ်တွင် ဒုက္ခတွေ ယှက်သွယ် နေသလိုပင်။

 

ခပ်ကြမ်းကြမ်းဝေ့ဝိုက် တိုက်လိုက်သော လေပူတချက်က ဆိုင်လေးကို တသိမ့်သိမ့်လှုပ်ခါသွားစေခဲ့သည်။ နေပူထဲတွင် လေပူကြမ်းကြောင့် မိုးကာစက တဖြတ်တဖြတ် အသံမြည်ကာလှုပ်နေသည်။ ကတ္တရာလမ်းပေါ်၌ ကားတစီးအရှိန်နှင့် ဝေါကနဲ ဖြတ်သွားပြန်သည်။ တိုက်ခတ်နေသောလေနှင့် ကားအရှိန်ကြောင့် ကားနောက်၌ လေပွေငယ်လေးတခု အထက်ကောင်းကင်သို့ တလူလူ လွင့်မျှောနေသည်။ ထိုလေပွေငယ်လေး အတွင်း၌ စက္ကူစတစ လွင့်မျှောပါသွားသည်ကို မရေမရာ ငေးကြည့်နေမိသည်။

“နေကလည်း အရမ်းကို ပူတာဘဲနော်”ဟု သူမက ဆိုလာသည်။

အေး..ဒီဒေသက အရမ်းကိုဆိုးလာတယ်။ အရင်တုံးက အဲဒီလောက်မပူဖူး။ သစ်တောတွေ ပြုန်းတီးကုန်တော့ ပါတ်ဝန်းကျင်လည်း မစိုပြေတော့ဘူး..ပေါ့။

 

ထိုခဏ လူနှစ်ယောက် ဆိုင်အဖီထဲသို့ ၀င်လာသည်။

အရက်နှစ်ခွက် ပေးအုံးဟေ့

ဒီလောက်ပူနေတာ ဒါကြီးကို သောက်ပြန်အုံးမယ်

ဒါကြီးက ငါတို့ အဖေါ်။ စကားမများနဲ့ ငါတို့ထမင်းစားမယ် ထမင်းပါပြင်ပေး။ ထမင်းပေါ် ငပိရည်ဆမ်းပေးလိုက်..။

ကျောဗလာ အကျီမပါသော လူနှစ်ယောက်..။ တယောက်က ဘောင်းဘီတိုကိုိ ၀တ်ထားလျှက်။ တယောက်က ပုဆိုးတိုတို ၀တ်ထားလျှက်..။ အသားက မဲပြောင်ပြောင်..။ အကျီကို ပုခုံးပေါ်တွင် တင်ထားသည်။

 

ဟိုနေ့က ဒီကောင့်ကို မနဲဆွဲလိုက်ရတယ်..။ ဒီကောင်က ဒါးထုတ်နေပြီ..။ ညက သုံးပုလင်းလောက် ကုန်သွားတယ်..။

အေးမင်း ရှိလို့ပေါ့ကွာ..။ နို့မိုဆိုရင်..ဟိုကောင် အချုပ်ခန်းထဲ ရောက်နေလောက်ပြီ၊

အခန်းခကောပေးပြီးပြီလားကွ..။ ဒီလမပေးနိုင်သေးဘူး..။ နောက်လမှပဲ ပေါင်းရှင်းမယ် လို့ အိမ်ရှင်ကို တောင်းပန်ထားရတယ်။ ဒီမနက်သယ်တဲ့ ကုန်က မကိုက်ဘူးကွာ..။

ဘယ်တတ်နိုင်မလဲ။ တန်တန်မတန်တန် ရှိတာလေးကို ကုတ်ထားလိုက်မှ နေတွက်ကိုက်မှာပေါ့ကွာ..

မဟုတ်ဘူးကွ..မတန်တဲ့ အလုပ်ကို ငါတို့က လိုက်လုပ်နေရင် ကြာရင် ဈေးပျက်သွားလိမ့်မယ်..။ စိတ်ညစ်တယ်ကွာ… တောက်! ။

 

အချီအချ ပြောဆိုသံများကို နားစွင့်မိလိုက်သည်။ ဒါး..။ အိမ်လခ။ အကြွေး။ မတန်တဲ့အလုပ်..။ ရှိတာလေးကို ကုတ်ထား..။ နေ့တွက်..။ ဘဝ၏ အကြီးမားဆုံး ဒဿနများ။ ဘဝထဲမှ အတွေးအခေါ်များ..။ စကားများထဲမှ..ဇာတိများ..။ ဆိုခရေးတီး၊ အရစ်စ်တိုတယ်လ် တို့ပင်လျှင် လိုက်၍ မှီနိုင်မည် မဟုတ်..ချေ ။

 

ယောကျ်ားက ဘယ်ရောက်နေလဲ?

အောင်မလေး..ဟ။ နင့်ယောက်ျားကို ဘယ်သူက ခိုးပြေးမှာမို့လိုလဲ

ထမင်းစားချိန် ရောက်နေလို့ပြောတာ

ကုန်စောင့်နေတုန်း ငါတို့က အရင်ထမင်း လာစားတာ..။ နင့်ယောကျ်ားက နင့်နဲ့ နင့်ဗိုက်ထဲက ဟာလေးအတွက် ကြိုးစားနေတာ နင်သိမှာပါ။  လာမှာပါ …ဟာ။ နင်ကလဲ အဲဒီလောက် အဖြစ်သဲပြ မနေနဲ့..။

နေဝင်မိုးချုပ် ကုန်အလုပ်နှင့် ရုန်းကန်နေရသော သူတို့အတွက် စိတ်၏ဖြေရာ အပမ်းဖြေစရာ မရှိသော ဘဝများအတွက် ယမကာသည် သူတို့အတွက် ထွက်ပေါက်ဖြစ်နေမလား…….။

မစိုပြေဖြစ်နေသည့် အသားအရေမွဲခြောက်ခြောက်များက အလုပ်ဒါဏ်ပိ၍လား..။ အဟာရ မလိုက်နိုင်၍လား..။ အသည်းခြောက် နေ၍လား…။ သေချာနေသည်ကတော့……….. စနစ်တခု၏ အောက်တွင် ပြားပြားမှောက်နေသည်။

 

ဟေ့ကောင်မ..။ ထမင်းဘိုး စာရင်းထဲမှာ မှတ်ထားလိုက်နော်

လာပြန်ပြီ..အရင်အကျွေးတွေတုံးက မရှင်းနိုင်သေးဘူး..အခုလည်း ထပ်မှတ်ခိုင်းနေပြန်ပြီ

အဆင်မပြေသေးလို့ပါ ငါ့ညီမရာ..။ အဆင်ပြေရင်လေ..ငါတို့က အပြောကိုမခံဘူး.တခါတည်း အထပ်လိုက် အပုံလိုက်…နင့်ရှေ့ကို ချပေးလိုက်မယ်..။

အပြောကတော့ ရွှေမန်းတင်မောင်ဘဲ။ ကြာရင် အရင်းပြုတ်တော့မယ်။ ရှင်တို့ကို လုပ်ကျွေးနေသလိုဖြစ်နေပြီ..။

အေးပါ..အေးပါ..ပေးပါ့မယ်..ပေးပါ့မယ်.ငါ့ညီမရာ.နော်.နော် ။ အကိုကြီး သွားလိုက်အုံးမယ်နော့် ဟု ကျနော့် အားနှုတ်ဆက် ထွက်ခွာသွားသော ကျောပြင်မဲမဲနှစ်ခုက ကျနော်နှင့် ဆန့်ကျင်ဘက်ရှိရာသို့ ကျောခိုင်းသွားလိုက်သည်။ နေမင်းသည် ရက်ရက်စက်စက်ပူလှသည်။ နေပူသည်ထက် စီးပွားပူ အပူမီးက ထိုကျောပြင်မဲမဲများပေါ်သို့ ထိုးကျနေသလား ပင်။  စီပွားရေး မီးတောက်မီးလျှံကြားထဲ၌ ရုန်းကန်ကူးခတ်နေကြသော ကျောမဲမဲများ…။

ထိုကျောပြင်မဲမဲများသည်ကား..နေပူရှိန်ကြောင့် လက်နေသော်လည်း..သူ့ပုံမှန်အရောင်ကတော့ မွဲမွဲ …..။ ထိုသို့ကျောမွဲများ…။

 

ယောကျ်ား ဖေါင်စီး မိန်းမမီးနေ ငါ့ညီမရေ၊ အခုအချိန် ကျန်းမာရေးကို အထူး ဂရုစိုက်ရမယ်။

ဘယ်နှစ်လရပြီလည်း?

ခြောက်လ

လမ်းလေးဘာလေး လျှောက်ပေးရင်ကောင်းတယ်

အချိန်မရပါဘူး အကိုကြီးရာ..။ ဟင်းချက်တာတခုနဲ့ကို လည်ထွက်နေတာ..။ ယောကျ်ားကလည်း သူ့ အလုပ်နဲ့ သူဆိုတော့ မကူနိုင်ဘူး အကိုရေ..။ ခလေးမွေးနိုင်ဘို့အတွက် နှစ်ယောက်စလုံး ကြိုိးစားမှဘဲ ရမယ် မဟုတ်လား….။ သူ့ အလုပ်ကလည်း ပါးလိုက်တာ…။ ကျမရင်သွေးလေး မွေးလာရင်တော့ ကုသိုလ်ကံကောင်းလာမှာပါလေ…။

 

မီးဖွားစရိတ်က အနည်းဆုံး နှစ်သိန်းလောက်ကုန်မည်ဟု အကြမ်းဖျင်း ခန့်မှန်းကြည့်မိလိုက်သည်။ မီးနေစရိတ်က နှစ်သိန်းလောက်ကုန်နိုင်မည်။ ကံမကောင်းလို့ ခွဲမွေးရရင်တော့… အနည်းဆုံး ရှစ်သိန်းလောက်တော့ ပြုတ်တော့မည်..။

 

 

ရွှေလီရောက် မြန်မာအလုပ်သမားများ လမ်းဘေးတွင်တွေ့ရစဉ် 

အဆင်ပြေလားအကိုကြီးတို့

မပြေ့တပြေ ပါဘဲ။ အလုပ်သမားတွေ ထိမ်းရခက်တယ်။

ဒီရောက်ရင် ပျက်သွားကြတာများတယ်ဟု သူမပြောယင်း မှတ်ချက်ချတော့ ကျနော် ငေါင်းစင်းစင်း ဖြစ်မိသွားသည်။

 

ပထမ အစတော့ ဟုတ်မလိုလိုနှင့် ငွေစလေးများ လက်ထဲရောက်လာသောအခါ အိတ်ဖေါင်းပြီး စိတ်ပြောင်း နေကြသော အလုပ်သမားများအတွက် သက်ပြင်းရှည် တချက်ကို ချမိလိုက်သည်။ မနေ့ကပင် အိမ်သာထဲ ဘိန်းဖြူ {နံပါတ်(၄)} ထိုးနေသော အလုပ်သမားတယောက်အား အလုပ်မှ ထုတ်ပစ်လိုက်ရသည်။ ပညာက တော်သည်။ ဘိန်းဆွဲသွားသော သူတယောက်အဖို့ မည်သည့်နေရာမှ အသုံးချ၍ မရနိုင်တော့။ လူ့စည်း၏ အပြင်ဘက်သို့ ရောက်သွားသော သူတို့၏ ဘဝများသည်ကား….နောက်ဆုံး မတော့ ကော်ဗူး၊ ရေသန့်ဗူးများ ရှာဖွေရောင်းချ လမ်းဘေးရောက်သွားသော ဘဝများ..။ အချိန် နှင့် လုပ်အားပေါင်း ပြီးရင် ထိုအပေါ်သို့ ကံ၊ ဉာဏ်၊ ၀ိရိယ ဆင့်လိုက်ပါက ဘဝတခုတည်ဆောက်နိုင်သော အရင်းအနှီး တခုရနိုင်သည်ကို ကြိုမြင်သဖြင့် အချိန်ရှိသ၍ ဆုံးမပဲ့ပြင်နေသော်လည်း ဗီဇကြောင့်လား၊ ပါတ်ဝန်ကျင်ကြောင့်လား မသိ..။ တနေကုန် ဖဲဝိုင်းတွင်ရှိ နေတတ်သော ထိို ကျန်သည့် အလုပ်သမား လူငယ်လေးများ အတွက် ကျနော် စိတ်လေးစ ပြုလာသည်။

 

ဒေသဖွ့ံဖြိုးရေးဟု ကြွေးကြော်ပြီး မိမိကိုယ်ပိုင်တိုက်အိမ်များကို တလုံးပြီးတလုံး ဆောက်နေသော လက်နက်ကိုင် အပစ်ရပ်အဖွဲ့ကလည်း ကျနော်တို့ စီးပွားရှာဖွေ စားသောက်နေသူ လူထုများအား အခွန်နှင့် ရက်စက်သည်။ မြေငှားခ၊ အလုပ်ခွန်၊ လူခွန်(ဧည့်စာရင်းကြေး)၊ မြူနီစပယ်ခွန်၊ အလုပ်သမားအခွန်၊ သာရေးနာရေးအခွန် (ဘာပွဲညာပွဲ) ထိုအခွန်၊ ဤအခွန် များက စီးပွားရေးတခု အောင်မြင်နိုင်ရန် အရင်းအနှီးမရှိသော သူတဦးအတွက် ရေရှည် တောင့်ခံထားနိုင်ရန်် မလွယ်လှ။ သူတို့၏ ဦးခေါင်းထဲ၌ လူထုဘဝမရှိသည့်အတွက် ကျနော်တော်တော် အံ့ဩစိတ်ပျက်မိသည်။ ဒီနှစ်တော့ ဒီအလုပ်ကို ဖြုတ်မှ ရတော့မည်။

 

ငါတို့ ဒီဘက်ကို ပြောင်းလာကြပြီဟ..။ ဟိုဘက်မှာ မြေခ အရမ်းဈေးကြီးလို့

ဟုတ်လား..။ ဒါဆိုရင် အကို့ အလုပ်သမားတွေကိုလည်း ဒီမှာ လာအားပေးခိုင်းဦးနော်၊ နီးတော့ အကူအညီတောင်းလို့ ရတာပေါ့။

အေးပါကွာ..။ ငါတို့ ဘဝတူတွေ အချင်းချင်း ညီညွတ်ကြရမယ်။ လိုအပ်တဲ့ အကူညီရှိရင် ပြောပါ..ပေါ့။

 

ကျနော်နေသော တောင်ကုန်းအောက်၌ သူဆိုင်လေးသည်ကား တရက်နှင့် တရက် ရောင်းအားကောင်း လာသည်ကို တွေ့မြင်နေရသည်။ အလုပ်မနိုင်သဖြင့် သူ့ယောက်ျား၏ ညီမလေးတယောက် အသက်(၁၄) ခန့် ကောင်းမလေးတယောက်လည်း သူမ၏ အလုပ်ကို အမြဲကူညီနေလျှက်……တွေ့နေရသည်။ သူမသည် နေထွက်မိုးချုပ် တရက်မှ အလုပ်မပျက်သည်ကို သတိထားမိလိုက်သည်။ မကြာမှီ သူ့ရင်သွေးလေးကို မြင်ရတော့မည် ဆိုသည့် အတွေးလေးနှင့် မောရမှန်း ပမ်းရမှန်း မသိလောက်အောင် သူမ ကျိုးစားနေမည်ဟု တွေးဆမိသည်။

 

ကျနော်ငှားနေသည့် အိမ်လေး၏ အိမ်ရှင်သည်ကား ယခင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆေးတပ်မှ ရဲမေကြီး။ ဆေးရုံကြီးသို့ သွားစရာမလိုသည့် ကိစ္စမှန်သမျှ သူမကိုပဲ တရပ်ကွက်လုံး အားကိုးနေရသည်။

ထိုတရက်။ ထိုည….။

ထိုညက တအင်းအင်း တအဲအဲနှင့် ဗိုက်နာနေသော ထိုကောင်မလေး ညကြီးမင်းကြီး ဆရာမဆီသို့ ရောက်လာနေသည်ကို ကျနော်အသံကြားလိုက်ရသည်။ အချိန်က ည-၁နာရီခန့်။ အတွေ့အကြံု ရင့်ကျက်နေသော ဆရာမက ဆေးရုံကြီးသို့ သွားရန်ကိုသာ လမ်းညွှန် တိုက်တွန်းဖျောင်းဖျ လျှက်ရှိနေသည်။

“ဆေးရုံက ပစ္စည်းစုံတယ်ညီမလေး”

“ဒီမှာက ဘာပစ္စည်းမှ မရှိဘူး”

ဆရာမအကြံပေးချက်အား “မသွားချင်ဘူး၊ မသွားချင်ဘူး” “ဒီမှာဘဲ မွေးပါရစေ” ဟု ဇွတ်အတင်း ညှင်းပယ်ရှာနေသော သူမ၏ အသံကို ကြားနေရသည်။ နာလိုက်တာ..နာလိုက်တာနော်..ကျွတ်ကျွတ် နာကြင်စွာ အော်နေသော အသံများကြောင့် ဆရာမ၏ ခလေးများပင် အိပ်ချင်မူးတူးဖြင့် နိူးထလာကြသည်။ သူမ၏ ယောက်ျားကလည်း သူမ၏ ဘေး၌ ခြေမကိုင်မိ၊ လက်မကိုင်မိ ပြာယာခတ်နေသည်။ ဆေးရုံကြီးသို့ သွားရန် ဆရာမနည်းတူ သူ့၏ ဇနီးသည်အား ဖျောင်းဖျ ပြောဆိုလျှက် ရှိနေသည်။ ဘာဖြစ်ဖြစ် ရင်ဆိုင်မှ ရတော့မည်ဟု သူဆုံးဖြတ်ချက် ချထားပုံရနေသည်ကို သူ၏ မေးကြောများ တင်းမာနေမှုမှ သိလိုက်ရသည်။ ကောင်လေး၏ မျက်ဝန်းအိမ်၌ မျက်ရည်စများ တွဲလဲ ခိုနေသည်။ အချိန်မရှိတော့ဘူး၊ ဗိုက်ထဲက ခလေးကို သနားရင် ဆေးရုံကိုသာ သွားလိုက်ပါတော့ ညီမလေးရယ်ဟု ဆရာမ၏ ဂရုဏာဖြင့် ပြောလိုက်သောစကားသံသည် အခြေအနေကို သိနေပေမဲ့ အသံက တိုးရှတိုးဝင်လျှက်ရှိနေ၏..။

 

ဘာ့ကြောင့် ဆေးရုံသို့ မသွားချင်သော အဖြေက ပုစ္ဆာတွက်စရာမလိုဟု ကျနော်က သဘောပေါက်မိနေသည်။

 

ဆရာမက ကျနော့်အား တိုးတိုးလေး ကပ်ပြောသည်။

အားမရှိဘူး၊ မိခင်က အဟာရပြည့်ပုံလည်းမရဘူး၊ နောက် တင်ပစုံဂွင်က အရမ်းကျဉ်းနေတယ်။ ခလေးကလည်း အရမ်းထွားတယ်။  စမ်းကြည့်ပြီးသွားပြီ။ ဂွင်မကျဘူး..။ တော်တော်လေး ခဲခဲယဉ်းယဉ်း မွေးရနိုင်တယ်။

နီးစပ်ရာ သုံးဘီးတစီးကို အမြန်ရှာရသည်။ မွေးလူနာတယောက်ရှိနေလို့ ဆေးရုံကို ပို့ချင်လို့ပါဟု အခါခါ တောင်းပန်ပြောပြတော့ သုံးဘီးဆရာ သည်လည်းမနေသာ။ ဆေးရုံကြီးသို့ အပြေးအလွှား သုတ်ချေတင်ကြရလေပြီ…။

 

ချွေးများ တဒီးဒီးစီးကျလာသဖြင့် ပုဆိုးခါးပုံစနှင့် သုတ်လိုက်ရသည်။ မွေးလူနာ၏ ကယ်ကြပါ…အမလေးနာလိုက်တာ..အမေရေကယ်ပါအုံး…..ဟု တစာစာအော်နေသော သူမ၏ နာကျင်စွာ ညှီးတွားသံံများက နှလုံးသားကို ဆွဲညှစ်ယူနေသကဲ့သို့ ကျနော် ခံစားနေရသည်။ မောပန်းနွမ်းနယ်စွာ ကြည့်နေသော သူမ၏ ယောက်ျားအား အားပေးနှစ်သိမ့်ရင်း မျှော်လင့်ချက်ကြီးစွာဖြင့် အနာဂါတ်၏ ပန်းတပွင့် ဖူးပွင့်လာရန် ရင်ခုန်စွာ စောင့်စားနေမိကြသည်။ အချိန်သည်ကား…ည (၂) နာရီ ရှိနေပြီ ။

 

ခွဲမွေးရမယ်။ ခလေးက အရမ်းကို ထွားနေတယ်။ ဒါကြောင့် သွေးလိုသည်ဟု ဆေးရုံကြီးမှ မွေးဆရာမက ပြောလာသည်။ သွေးကမတူ…။ ပြဿနာ။ ညအခါ အာကာလ၌ ခက်ခက်ခဲခဲ ပြန်ရှာ ရပြန်ပြီ ။ ရောင်နီမပြတပြ အချိန်ရောက်နေပြီ…။ သွေးတော့ရပြီ..။ သွေးနှင့်ရောစရာ “ဆေး” လိုသည်ဟု ထပ်ပြောလာသည်။ သုံးဘီးဆရာအား အတင်းလှုပ်နိုးရသည်။ မည်သည့်နေရာမှ ရှာမရနိုင်တော့။ တရုပ်တဖက်ကမ်းလည်း နှ့ံပြီ..။ မိုးလင်းသွားခဲ့ပြီ။ ရောင်နီက ရေးတေးတေး ပေါ်ထွန်းလာချေပြီ…။

 

ကြေကွဲဝမ်းနဲစွာ သူစိုက်ကြည့်နေသည်။ သူ၏ ပါးပြင်ပေါ်၌ မျက်ရည်များဖြင့် စိုရွှဲလျှက် ရှိနေသည်။ သူသည် မမြင်လိုက်ရသော သူ၏ ရင်သွေးလေးအား တမ်းတ ငိုကြွေးလျှက် ရှိနေသည်။ ပြောစရာစကား လက်ကျန်မရှိတော့သော ကျနော်သည်လည်း ဆွံ့“အ” လျှက်ရှိနေသည်။ ခုတင်ပေါ်၌ အသက်မဲ့နေသော လူသားနှစ်ဦး….။ ဆေးရုံကြီး ဟု ခေါ်သော ဆေးရုံကြီး။ သွေးနှင့်ရောစရာဆေး မရှိသော အပစ်ရပ်အဖွဲ့၏ ဆေးရုံကြီး။ အနာဂါတ်၏ရင်သွေးငယ်လေး ။ ကျနော်ပါးစပ်မှ “ တောက်” တချက်မြည်သံထွက်ပေါ်လာသည်မှ လွဲ၍ ဘာမှ မလုပ်ပေးနိုင်ခဲ့။

 

မိုးအုံ့လျှက်ရှိနေသည်။ ရာသီဥတုက ထိုင်းမှိုင်းလျှက်..။ လေက ငြိမ်သက်နေသည်။ တချို့တွေက ပြောတော့ ထိုရက်များက နာဂစ်နောက်ဆက်တွဲ ဒီဖက်မှာလာ အဆုံးသတ်မည် ပြောကြသည်။ သူမ၏နောက်ဆုံးခရီး သင်္ချိုင်းသို့ ပို့ဆောင်မည့် အရေအတွက်မှာ ကျနော်အပါ၀င် ကုန်တင်ကုန်ချအလုပ်သမား(၁၀) ဦးခန့်သာ…။ လိုင်ဇာမြို့မှ တမိုင်ခန့်ဝေးသော ထိုတောင်ကုန်းပေါ်ရှိ သင်္ချိုင်းရှိရာသို့ ကျနော်တို့ ခြေဦးတည်လျှက်ရှိသည်။ သူမသည် တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလျှက်..။ မိုးစက်မိုးပေါက်များက ခေါင်းပေါ်သို့ ဖွဲဖွဲရွာကျနေသည်။ အုတ်ဂူကြီးများဖြင့် များစွာ ခန်းနားနေသော ထိုသင်္ချိုင်းရှိ ကေအိုင်အေမှ ဗိုလ်မှူးပန်းအောင်၏ အုတ်ဂူဘေး၌ ကျနော်သည် ရပ်လျှက်စောင့်နေသည်။ သူမအတွက် တွင်းတူးနေသော သူမယောကျ်ား မိတ်ဆွေသူငယ်ချင်း ဘဝတူ ကုန်ထမ်း အလုပ်သမားများ၏ ကျောမဲမဲများက မိုးရေစက်များဖြင့် ပြောင်လက်နေကြသည်။

 

“ဗုဒ္ဓဘာသာ ဘုန်းကြီးကို ဒီသင်္ချိုင်းပေါ်ကို တက်လို့မရဘူး လို့ပြောတယ် အကိုကြီး”

“ကိစ္စမရှိဘူး… ငါတာဝန်ကျ သူတို့အရာရှိဆီ သွားပြောမယ်။ အချိန်မရှိတော့ဘူး။ ရရာ ဘုန်းကြီးကိုသာ ပင့်ခဲ့ကြတော့ကွာ”

 

“တရုတ်ဖက်ကမ်း တည်းခိုခန်းတွင် တည်းနေသော အာဂန္တုဘုန်းကြီးတပါးကို ပင့်ခဲ့တယ်”

“ကိစ္စမရှိဘူး။ သင်္ကန်းကိုသာ မှန်းပြီး ကန်တော့ကြရအောင်” “သီလမရှိလည်း သင်္ကန်းကိုမှန်းပြီး ကန်တော့ရင်လည်း ကုသိုလ်ရတယ်”

 

မိုးကပို၍ ပို၍ သဲလာသည်။ မိုးနှင့်အတူ လေပြင်းက တချက်တချက် ၀င်၍ ဆောင့်သည်။

 

“မိုးကာပါရင်ထုတ်… ဘုန်းကြီးကို တယောက်က ထီးမိုးပေးထား”

 

မိုးကာ တစက လူ (၁၀) ယောက်အတွက် မည်သို့မျှ လုံခြံုမှုမပေးနိုင်တော့။ မိုးကြီးကား သည်းသည်းလှုပ် ်ရွာချနေလေပြီ..။ ထိုမိုးသည်းသည်း အောက်၌ ထိုဘုန်းကြီး၏ ကပေါက်တိကပေါက်ချာ ချပေးသော သရဏဂုံသုံးပါးနှင့် ရေစက်ချ အမျှဝေခြင်းကို မိုးရွှဲရွှဲဖြင့် နာကြားကြသည်။

 

“ဟ… တခါတည်း ဆေးရုံက ဗိုက်မခွဲပေးခဲ့ဘူးလား  မခွဲပေးခဲ့ဘူး”  “ဒါသူတို့ လုပ်ရမဲ့အလုပ်တွေပဲ” “သောက်တလွှဲကွာ”ဟုပြောယင်း ပါလာသော ဒါးကို နီးစပ်ကျောက််တုံးပေါ်၌ သွေးရပြန်သည်။ အမြဲဆောင်ထားသော ဒါးက သိပ်ကြာကြာ မသွေးလိုက်ရ။ လူ၏ဝမ်းဗိုက်က ငှက်ပျောပင်လောက်တော့ မမာနိုင်ဟု တွေးမိလိုက်သည်။

 “ငါ့ညီတို့ …သူ့အဖေကို ဟိုဘက်ကို အမြန်ခေါ်သွား….အမြန်ခေါ်သွား” ဟု ကုန်တင်ကုန်ချ အလုပ်သမားများအား သတိတရ ကမန်းကတန်း ပြောလိုက်မိသည်။ ကောင်လေးသည် အလောင်းနှင့် ဝေးရာသို့ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ အသက်ခန္ဓာ မဲ့နေသော သူမ၏ အလောင်းပေါ်တွင် စောင်စုတ်လေးတထည်လွှမ်းထားသည်။ ထိုစောင်လေးသည် အရောင်များ လွင့်ပြယ် ပျောက်ကွယ်နေပြီး စောင်အနားစများက ဟိုတစ ဒီတစ ဖွာလန် ထွက်နေသည်။ စောင်ကို အခေါင်း၏ ဘေး၌ ကပ်ထားလိုက်သည်။ စောင်အောက်၌ကား..အဝါရောင် ဗိုက်ဖုန်းအကျင်္ီ နွမ်းနွမ်းလေး…။ ထိုအဝါရောင် အင်္ကျီလေးအား အပေါ်သို့ ဆွဲလှစ်လိုက်သည်။

ဖြူလျလျ ဗိုက်သား ပေါ်လာသည်။ အပြစ်ကင်းသော မျက်နှာလေးသည် အိပ်နေသကဲ့သို့။ သူမ၏ ခန္ဓာကိုယ်သည်ကား ဗူးသီးတလုံးနှင့် တူနေသည်။  အလောင်းထည့်ထားသော အခေါင်းကို ခွလိုက်သည်။ ကျနော်သည် ရင်ညွန့်အောက်မှနေ၍ ဘယ်လက်ဖြင့် ဒါးဦးကို ကိုင်ထားပြီး ညာလက်ဖြင့် ရင်ညွန့်သို့ထောက် ဖိချလိုက်သည်။ ဒါးသည် ရင်ညွန့်အောက်၌ နှစ်လက်မခန့် ဖေါက်ဝင်သွားသည်။ နာမ်မရှိတော့သော သူမ၏ ရုပ်ခန္ဓာသည်ကား ဘာတခုမှ မတုန့်ပြန်နိုင်။  အသားထဲသို့ စိုက်ဝင်သွားသော ကျနော်၏ ဒါးသည် ရင်ညွန့်မှတဆင့် ဗိုက်ပေါ်သို့ ရောက်သွားချေပြီ.။ ဗိုက်သား အောက်၌ အဆီပြင် တထပ်ရှိနေသည်။ ထိုအဆီပြင်သည် ကျနော်၏ ဒါးနောက်သို့ လိုက်ပါလာသည်။ ၀မ်းဗိုက်ပေါ်မှတဆင့် ဆီးစပ်နားသို့ ကပ်လာပြီ..။ ဖိ၍ ဆွဲချလိုက်သဖြင့် ဒါးဆွဲရာအလိုက် သူမ၏ ဗိုက်သည်လည်း ပွင့်ထွက်သွားလေပြီ…။  ဗိုက်အတွင်းတွင် အထပ်ထပ်လိုက် ခွေနေသော အဖြူရောင်အူများကို မြင်လိုက်ရသည်။ ၀မ်းဗိုက်အတွင်းရှိ ကလီစာ အန့ံစူးစူးရဲရဲက နှာခေါင်းထဲသို့  တိုးဝင်လာသည်။ အစားစုံသော လူ၏ အနံ့သည်ကား တိရိစ္ဆာန်အနံ့ထက် ပိုနံသည်။

ရုပ်နာမ်ဓမ္မ သင်္ခါရ။ ငါနဲ့ ရွယ်တူ ငါ့အောက်လူ ကြီးသူ သေတာများလှပြီ…။ အနိစ္စမမြဲ၊ ဒုက္ခဆင်းရဲခြင်း၊ အနတ္တအစိုးမရ။ မသေခင်မောက်မာ ထောင်လွှားနေသော သူများအတွက် လူသေအလောင်းများက တရားရစရာ..။ အူများကြားထဲသို့ လက်အိပ်မပါသော လက်ဖြင့် ထိုးမွေလိုက်သည်။ ဗိုက်ထဲမှ ခလေး အချင်းထုပ်ကို ဆွဲနှိုက် ယူလိုက်သည်။ ခလေး အချင်းထုပ်ကို ယူ၍ အချင်းကို ဖြတ်ချလိုက်သည်။ အချင်းထုပ်ကို ဒါးဖြင့် ခွဲစိတ်လိုက်သည်။ လက်တွင် သူမ၏သွေးများက မိုးရေစက်များနှင့် အပြိုင် ရွှဲရွှဲစိုနေသည်။ အချင်းထဲမှ ခလေးလေး ထွက်လာသည်။ မျက်လွှာလေးက အောက်သို့ စိုက်ကျနေသည်။ လက်ကလေးနှစ်ဖက်က ဆုပ်ရက်သား အပေါ်သို့ နားရွက်နား ကပ်လျှက် လက်သီးကလေးဆုပ်လျှက်။ မိုးကလည်း အငြိုးကြီးကြီး ရွာနေဆဲ။  

 

 

သဘာဝဘေး နဲ့ မင်းညစ်ဒါဏ်သင့်ရတဲ့ မြန်မာပြည်က ကလေးများ ဘဝ 

“ကျွင်းအသေးလေး တကျွင်း ထပ်ပြန်တူးကွ။ သူ့အမေ ဘေးနားကပ်ရပ်လေးတူးပေး” “သူ့အဖေကို မမြင်စေနဲ့”

 

ဂျိုင်းအောက်မှ ကိုင်၍မြှောက်ထားသော ခလေးလေးက ကျနော်ကို လှမ်းကြည့်နေ သယောင်ယောင်။ ဖြူဖြူဖွေးဖွေး ၀တစ်တစ်နှင့် ချစ်စရာကောင်းသော သားယောကျ်ားလေး။ မျက်လွှာလေးသည် အောက်သို့ချလျှက်။ လက်သီးလေးသည် ဆုပ်လျှက်သား..။ ပါးလေးနှစ်ဖက်က နီနီရဲရဲ၊ ဖေါင်းဖေါင်းလေး။ ခြေဖမိုးလေးနှစ်ဘက်က ဖေါင်းအိနေသည်။ မိုးရေနှင့်အပြိုင်ကျလာသော မျက်ဝန်းထဲမှ မျက်ရည်စများအား မည်သူမျှ သတိမထားမိလိုက်..။ သားလေး…မင်းအမေနဲ့ ဒီနားမှာ အတူတူနေလိုက်ပါ…သားလေးရယ်။ ဘယ်မှ မသွားပါနဲ့..ကွာ..ဟု အတွေးထဲက စိတ်မကောင်းခြင်းများစွာဖြင့် ။ ကျွင်းထဲသို့ ခလေးကို အသာအယာ ထည့်လိုက်သည်။ ကျွင်းထဲတွင် လက်ကလေးနှစ်ဘက်ရှိ လက်သီးဆုပ်လေးက မိုးရေကို အံတုလျှက်…။ မျက်နှာလေးပေါ်တွင် မိုးရေစက်များ ဥနေသည်။

 

အလုပ်သမားများ မြေချနေကြပြီ။ ကျနော်၏ ခေါင်းပေါ်သို့ မိုးစက်များက တပေါက်ပေါက် ကျနေလျှက်..။

မိုးမင်းကြီးရယ်…တိတ်ပေးလိုက်ပါ..တောင်းပန်ပါတယ်။ မိုးရွာတာ…ရပ်ပေးပါတော့….ဒုက္ခတွေလဲ တံ့စေတော့။

 

ခလေး၏ ကျွင်းလေးဘေး၌ သူ၏အဖေသည် ဒူးထောက်ချကာ နဖူးနှင့်မြေကြီးထိလျှက် မိုးစက်မိုးရည်များနှင့် အပြိုင် သိမ့်သိမ့်လှိုက်ကာ ငိုကြွေးနေသည်။ ဒီမြင်ကွင်းမျိုးက ရုပ်ရှင်ရိုက်ကွင်းပေါ်က မြင်ကွင်း မဟုတ် ယနေ့ မြန်မာပြည်၏ ပစ္စက္ခဘဝများစွာ၏ ပကတိ မြင်ကွင်းများသာ။

 

ကံကြောင့် ဖြစ်ရတာလား…။ စနစ်ကြောင့်ဖြစ်နေရတာလား…။ တမလွန်ဘဝမှာဘဲ ဒီမေးခွန်းကို သားလေးနဲ့အတူ စဉ်းစားနိုင်ပါစေတော့ ညီမလေးရာ………။ ဒါပေမဲ့…. ကံဆိုးတဲ့ ငါ့ညီမရေ…နောင်ဘဝကျရင်……မိုးကို…. မိုးကိုတော့ ခေါ်မလာပါနဲ့တော့နော်…..။ ဒီဘဝ ဒီတင်ပဲ ရှိပါစေတော့ကွာ…။ မင်းရဲ့သားလေး၊ မင်းချစ်တဲ့ ရင်သွေးလေးနဲ့အတူတူ ဒီနေရာမှာ ငြိိမ်းငြိမ်းချမ်းချမ်း နေရစ်ခဲ့ကြပါတော့ကွာ………………………………………………………………………………………..။

ကျနော်၏ မျက်ရည်စက်များသည်လည်း မိုးနှင့်အပြိုင်..ဘဝတူ အလုပ်သမားတွေနှင့် အပြိုင်…။ ကြမ္မဆိုးတွေနဲ့ အပြိုင် …။

ဟုတ်တယ်….. ဒါ … ပေါက္ခရဝဿမိုး ဖြစ်မယ်…. ဒါကို သူမ သိပါလေစ။

ထိုညက ဆုံးပါးသွာသော ခလေးမ ငှားနေရာအိမ်ရှိ အိမ်ရှင်၏ ခလေးလေးက ခိုးခိုးခစ်ခစ်နှင့် တညလုံး ပျှော်ရွှင်မြူးတူးစွာ  ရယ်မောလျှက် နေသည်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here