၂၀၁၀ရွေးကောက်ပွဲ၊ ဒီမိုကရေစီ၊ နိုင်ငံတကာ နှင့် စစ်အစိုးရလှည့်ကွက်များ

Click to enlarge

မြန် မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲရေး ဆောင်ရွက်ချက် များအပေါ် ပြည်သူ တို့ ၏ မျှော်လင့်ချက်မှာ တစစ လျော့နည်းလာပြီ ဖြစ်သလို

ဒီမိုကရေစီ ကူးပြောင်းရေး လမ်းစဉ် နှင့် ပတ်သတ် ၍ သဘောထား များမှာလည်း တဖြည်းဖြည်း ပြောင်းလဲ လာနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ တက်ကြွသော အမြင်ရှိသည့် လူငယ်လူရွယ်များသည် စေ့စပ်ညှိနှိုင်းရေး၊ အကြမ်းမဖက်ရေး စသော လမ်းစဉ်များအပေါ် စိတ်ရှည်သည်းခံနိုင်မှုမှာ တဖြည်းဖြည်း လျော့နည်းလာကြောင်း သိ်ရှိရသည်။

မြန်မာ ပြည်သူများသည် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေးမှာ မဖြစ်နိုင်သော အခြေအနေ တစ်ရပ်အဖြစ် ရှုမြင်လာကြသလို အမေရိကန်၏ စစ်ရေးအရ အရေးယူမှုကို ပိုမို လိုလားလာကြသည်။ လက်ရှိအခြေအနေအရ စစ်အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုများ ကြံုတွေ့နေရမည့် အတူတူ တိုင်းပြည်ပေါ်သို့ လက်နက်မိုးရွာမည့် အဖြစ်ကို ပိုပြီးတောင့်တလျက် ရှိကြသည်။

ထိုအခြေအနေတွင် ကမာ္ဘ့ အင်အားကြီး နိုင်ငံတစ်ခုဖြစ်သော တရုတ်နိုင်ငံသည် မြန်မာ စစ်အစိုးရအား ကျောထောက်နောက်ခံ ပြုလျက်ရှိရာ မြန်မာပြည်သူတို့၏ စိတ်တွင် တရုတ်နိုင်ငံ အစိုးရအပေါ် မုန်းတီးမှုမှာလည်း ပိုမိုမြင့်မားလျက် ရှိသည်။ မြန်မာစစ်အစိုးရ အနေနှင့်မူ နိုင်ငံတကာ ဖိအားပေးမှုများကြောင့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပမည်ဟု ကတိပြုခဲ့သည်။

အစိုးရအဖွဲ့မှ အတွင်းရေးမှူး(၁) ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦးက (၂၀၁၀)တွင် ပြည်သူများ၏ ထောက်ခံမှုအရ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မည်ဟု ကမာ္ဘသိ ကြေညာခဲ့သည်။ ထိုရွေးကောက်ပွဲသည် အတိုက်အခံ ပါတီဝင်များ အပါအဝင် နိုင်ငံရေးသမားများအား ထောင်သွင်း အကျဉ်းချထားပြီးမှ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပမည့် ရွေးကောက်ပွဲဖြစ်ရာ လုံးဝမျှတမှု မရှိကြောင်း မြန်မာပြည်သူ တစ်ရပ်လုံး သဘောပေါက်ခဲ့ကြသည်။

သံဃာတော်များ သွေးမြေကျခဲ့သည့် စက်တင်ဘာ ဖြစ်ရပ်ဆိုးကြီးနောက်ပိုင်း  မြန်မာ့နိုင်ငံရေးကို ကမာ္ဘတစ်ဝှမ်းမှ စိတ်ဝင်တစား စောင့်ကြည့်လာကြပြီး မြန်မာအစိုးရ၏ လူ့အခွင့်အရေး ဆိုးရွားစွာ ဖိနှိပ်ချုပ်ခြယ်မှုများအား ကန့်ကွက်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ကြသောကြောင့် ယခုကဲ့သို့ အတုအယောင် ရွေးကောက်ပွဲတစ်ရပ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထို့အတူ စစ်အစိုးရ အနေနှင့် ဆန့်ကျင်ဘက် နိုင်ငံရေး အုပ်စုများကိုလည်း ဖိနှိပ်မှုများ ပိုမိုပြုလုပ်မြဲ အခြေအနေတွင် ရှိနေခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက မန္တလေးရှိ တရားရုံးတစ်ခုတွင် မြန်မာ့နိုင်ငံရေးသမား (၆)ဦးကို စက်တင်ဘာ ဆန္ဒပြပွဲများ ဖြစ်ပေါ်စေရေး သွေးထိုးလှုံ့ဆော်မှုအတွက် တာဝန်ရှိသည်ဟု စွပ်စွဲကာ ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ (၂၀၀၇) စက်တင်ဘာတွင် ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် "ရွှေဝါရောင် တော်လှန်ရေးကြီး"တွင် မြန်မာစစ်အစိုးရ တပ်များ၏ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းမှုကြောင့် လူအနည်းဆုံး (၃၁)ဦး သေဆုံးပြီး ထောင်နှင့်ချီ၍ အဖမ်းခံရကြောင်း ကုလသမဂ္ဂမှ ခန့်မှန်းခဲ့သည်။

မြန်မာ စစ်အစိုးရကမူ ထိုပြဿနာအားလုံးသည် NLDအပါအဝင် ဆန့်ကျင်ဘက် နိုင်ငံရေးအဖွဲ့များ၏ သွေးထိုးမှုကြောင့်သာ ဖြစ်ကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည့် ကိစ္စနှင့် စပ်လျင်းပြီး ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦးက မြန်မာအစိုးရအနေနှင့် ကုလသမဂ္ဂနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီးမှသာ ယခုရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်၍ တရားမျှတမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂမှ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ အကြိမ်များစွာ လာရောက်ခဲ့မှုသည် မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့အကြား ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်မှုများကို ထင်သာမြင်သာ ရှိစေကြောင်း ပြောကြားသွားသည်။

သို့သော်လည်း ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်တော် မစ္စတာဂမ်ဘာရီ၏ နောက်ဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် လက်ခံ တွေ့ဆုံခဲ့ခြင်းမရှိပေ။

လက်ရှိမြန်မာ့နိုင်ငံရေးမှာ နိုင်ငံတကာ တောင်းဆိုမှုများ ရှိနေသော်လည်း စစ်အစိုးရစိတ်ကြိုက် ကြိုးကိုင်ခြယ်လှယ်မှု အောက်တွင်သာ ကျရောက်နေဆဲဖြစ်သည်။ မြန်မာ့ အတိုက်အခံ NLDပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရေး၊ နိုင်ငံရေးပါတီများအပေါ် တားဆီးပိတ်ဆို့မှုများ ရပ်စဲပေးရေးတို့ကို အာရှနှင့် ဥရောပနိုင်ငံများက အောက်တိုဘာလ(၂၅)ရက်နေ့က မြန်မာအစိုးရထံ ၀ိုင်းဝန်း တောင်းဆို လာခဲ့သည်။

အာရှနှင့် ဥရောပဒေသ နိုင်ငံ(၄၀)မှ ထိပ်တန်းပုဂ္ဂိုလ်များ ပါ၀င်သော ဘေဂျင်းမြို့တွင် ကျင်းပသည့် အဆိုပါ အစည်းအဝေးတွင် တရုတ်အစိုးရ အနေနှင့်ပါ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေး လမ်းစဉ်များအတွက် ပူးပေါင်း တိုက်တွန်းပေးပါရန် အစည်းအဝေး တက်ရောက်ခဲ့သော နိုင်ငံများမှ ပန်ကြားခဲ့ကြသည်။

ဥရောပ၊ အာရှခေါင်းဆောင်များက မြန်မာ့အတိုက်အခံ ပါတီများအားလုံး ပါ၀င်မည့် ရွေးကောက်ပွဲသည်သာလျင် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ ဘေဂျင်း အစိုးရအနေနှင့် ကမာ္ဘ့ထိပ်သီး နိုင်ငံကြီးတစ်ခု ဖြစ်သည့်အားလျော်စွာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ဦးဆောင်မှုပေးရန် တရုတ်အစိုးရကို တိုက်တွန်းကြသည်။ စစ်ရေးအရ အုပ်ချုပ်နေသော နိုင်ငံအဖြစ်မှ လူ့အခွင့်အရေးအပြည့်နှင့် ဒီမိုကရေစီ နိုင်ငံတော်အဖြစ်သို့ ကူးပြောင်းရေးတွင် (၁၃)နှစ်ကြာမျှ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်ခွင့်ပေးရေးမှာလည်း အလွန်အရေးပါကြောင်း နိုင်ငံတကာ အစိုးရများက ထောက်ပြ ဆွေးနွေးကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထု၏ မြတ်နိုးချစ်ခင်မှုကို ခံရသည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်း၊ စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲဆောင်ရွက်သင့်ကြောင်း ဥရောပယူနီယံ အလှည့်ကျသဘာပတိ ဂျို့စ်မန်နျူရယ် ဘာရော့ဆိုက ပြောကြား သွားသည်။

သို့သော်လည်း မြန်မာအစိုးရအနေနှင့် တောင်းဆိုမှု၊ အကြံပြုမှုများအပေါ် လုံးဝစိတ်ဝင်စားပုံ မရကြောင်း မြန်မာ့နိုင်ငံရေး အကဲခတ်များက သုံးသပ်လျက်ရှိကြသည်။ ကုလသမဂ္ဂ၏ လူအခွင့်အရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် တိုမက်စ် အိုဂျာ ကွင်တာနာက မြန်မာစစ်အစိုးရသည် (၂၀၁၀)ရွေးကောက်ပွဲကို သမာသမတ်ကျစွာ ကျင်းပနိုင်မည်ဆိုလျင် စက်တင်ဘာ ဖြစ်ရပ်ကြီးကြောင့် ကမာ္ဘ့အလယ်တွင် ကျဆင်းခဲ့ရသော ဂုဏ်သိက္ခာကို ဆယ်တင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ ကွင်တာနာက မြန်မာ့အစိုးရအား နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး ပါ၀င်တောင်းဆိုခဲ့သော်လည်း မြန်မာ စစ်အစိုးရသည် ဆက်လက် ခေါင်းမာနေဖွယ်ရှိကြောင်း ၀န်ခံခဲ့သည်။

ကုလသမဂ္ဂအနေနှင့်မူ (၂၀၁၀)ရွေးကောက်ပွဲ၏ အနေအထားအပေါ် အရှိအတိုင်း သုံးသပ်ရန် တွန့်ဆုတ်မြဲဖြစ်သည်။ လူပေါင်း တစ်သိန်းလေးသောင်းကျော် သေကြေကာ လူနှစ်သန်းခွဲမျှ အတိဒုက္ခရောက်ခဲ့သည့် နာဂစ်မုန်တိုင်း ဖြစ်ရပ်ဆိုးကြီးအတွင်းမှာပင် ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေးထက် စစ်အစိုးရစိတ်ကြိုက် ရေးဆွဲထားသည့် အခြေခံဥပဒေမူကြမ်းအတွက် ဆန္ဒမဲကောက်ခံရေးအတွက်သာ အာရုံစိုက်ခဲ့သော မြန်မာနိုင်ငံရှိ လူအခွင့်အရေး ဆုံးရှုံးနေမှု အရိပ်အယောင်များကို ကုလသမဂ္ဂအနေနှင့် အရှိအတိုင်း သုံးသပ်နိုင်ရန် တွေဝေနေဆဲဖြစ်သည်။

လက်ရှိအချိန်ထိ နာဂစ်ဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများတွင် လူဦးရေ (၂.၃)သန်းခန့်သည် အစားအစာ၊ ဆေးဝါး၊ သောက်သုံးရေ၊ နေအိမ်အပါအဝင် အကူအညီများ လိုအပ်နေဆဲ ဖြစ်သော်လည်း မြန်မာအစိုးရသည် ရွေးကောက်ပွဲအတွက်သာ အာရုံစိုက်နေမြဲဖြစ်သည်။ နာဂစ်ဆိုင်ကလုန်းအပြီး တိုင်းပြည်ဝင်ငွေ (၂၁)ရာခိုင်နှုန်းမျှ ကျဆင်းသွားခဲ့သည့် ငွေကြေးပြဿနာကိုလည်း မြန်မာစစ်အစိုးရအနေနှင့် ထိရောက်စွာ ဖြေရှင်းနိုင်ခြငး မရှိသေးပေ။

ထို့ပြင် နာဂစ်ဒဏခံ ဒေသများတွင် လူကုန်ကူးမှုများ ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်များကိုလည်း ထိရောက်စွာ ကာကွယ်ခြင်း မပြုခဲ့ပေ။ ထိုဒေသများရှိ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဘက်စုံ၊ကဏ္ဍစုံတွင် ချွတ်ခြံုကျနေမှုများကိုလည်း မြန်မာစစ်အစိုးရက မျက်နှာလွှဲထားပြီး (၂၀၁၀)ရွေးကောက်ပွဲအတွက်သာ အားထည့်ကြိုးပမ်းနေမြဲ ဖြစ်သည်။

ထိုသို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံ စစ်အစိုးရ ဆန့်ကျင်ရေး ပြည်တွင်း၊ ပြည်ပအင်အားစုများသည် ကုလသမဂ္ဂ၏ ညှိနှိုင်းရေး လမ်းစဉ်များအပေါ် စိတ်ရှည်သည်းခံနိုင်မှုမှာ လုံးဝကုန်ဆုံးသွားပြီဖြစ်သည်။ စစ်အစိုးရအား ဆန့်ကျင်သော အုပ်စုများအနေနှင့် ရန်ကုန်မြို့တွင် ဗုံးခွဲမှုများ ပြုလုပ်ခြင်းဖြင့် စစ်အစိုးရ ဆန့်ကျင်ရေးကို အကြမ်းဖက်မှုသို့ အသွင်ပြောင်းလိုက်သည်။

ဗုံးထောင်သူတစ်ဦး ဗုံးတပ်ဆင်နေစဉ် ပေါက်ကွဲမှုကြောင့် သေဆုံးပြီးနောက်ပိုင်း ပြည်ပရှိ မြန်မာအတိုက်အခံ အဖွဲ့အစည်းတစ်ခုက အဆိုပါကိစ္စသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းသို့ ဖောက်ခွဲရေးသမားများ ရာနှင့်ချီပြီး ၀င်ရောက်လာနေကြောင်း ကောလဟာလများလည်း ဖြစ်ပေါ်လျက်ရှိရာ ပြည်သူများအနေနှင့် ကျီးလန့်စာစား အဖြစ်မျိုးနှင့်လည်း ကြံုနေရ ဆဲဖြစ်သည်။

မြန်မာစစ်အစိုးရသည် မည်သို့သော အခက်အခဲ၊ အတားအဆီးများ ရှိစေကာမူ ၎င်းတို့ဆန္ဒရှိသည့်အတိုင်း (၂၀၁၀)ရွေးကောက်ပွဲကြီးကို မဖြစ်မနေ ကျင်းပသွားမည်သာဖြစ်သည်။ ထိုရွေးကောက်ပွဲကြီးအား လက်မခံနိုင်သော ဆန့်ကျင်ဘက် အဖွဲ့အစည်းများအနေနှင့် ဗုံးခွဲမှုအပါအဝင် အကြမ်းဖက်မှုများ ပြုလုပ်နေသည့်တိုင် အကျိုးရှိမည်မဟုတ်ဘဲ ပြည်သူများသာ ထိခိုက်မည်ဖြစ်သည်။

လက်ရှိအနေအထားအရ (၂၀၁၀)တွင် ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံတော်သစ်သည် လက်ရှိအခြေအနေထက် ဆိုးရွားကြပ်တည်းမည်လား၊ အတော်အတန် အကောင်းဘက်သို့ ဦးတည်လာမည်လား ဆိုသည်ကိုမူ အတိအကျ ပြောနိုင်သေးသည် မဟုတ်ပါချေ။ မည်သို့ပင်ဖြစ်စေ (၂၀၁၀)ခုနှစ်ကား စက္ကန့်နှင့်အမျှ နီးကပ်လာပြီ မဟုတ်ပါလား။

အောင်ခိုင် ( လူထုအသံ – ရန်ကုန် )

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here