အဆင့်နိမ့်ကျသွားသော နအဖ

Click to enlarge 

အဖသတင်းစာများကို မည်သူမျှ အချိန်ကုန်ခံ၍ မဖတ်ချင်ကြပါ။  အမြဲထာဝစဉ် လိမ်ညာ ရေးသားနေ သောကြောင့် ဖြစ်သည်။ နအဖ ကျင့်သုံး နေသော မူဝါဒများက မြန်မာပြည်သူ နှင့် ကမာ္ဘကို လိမ်ညာနေ  

သည်ဖြစ်၍ နအဖထိန်းချုပ်ထားသော သတင်းစာများကလည်း လူထုကို လိမ်ညာနေသည်မှာ မဆန်းပါ။

မည်သို့မျှ ဖတ်ချင် စရာမရှိသော် လည်း နအဖ သတင်းစာက ရေးသားသည့် အောက်ပါ သတင်းတပုဒ်ကို အနည်းငယ်မျှ ဖတ်စေလိုပါသည်။

၂ဝဝဂ ဩဂုတ်လ ၉ ရက် နေ့စွဲဖြင့် ထုတ်ဝေထားသည့် မြန်မာသတင်းစာမှ

ဆေးရုံများတွင် မြွေဆိပ်ဖြေဆေးများ လုံလောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးထားလျက်နှင့် တာဝန်ကျဆရာဝန်၏ တာဝန်ကင်းမဲ့စွာ ဂရုတစိုက်ကုသခြင်း မပြုလုပ်ပေးခဲ့သည့်အတွက် လူနာတဦး အသက်ဆုံးရှံုးမှု ဖြစ်ခဲ့ကြောင်း၊

ဖြစ်စဉ်မှာ ဩဂုတ်လ ၄ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ရန်ကုန် နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူ မမြတ်ဆုမွန် မြွေကိုက်ခံရ၍ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လှိုင်သာယာ ပြည်သူ့ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ လိုအပ်သော စုံစမ်းစစ်ဆေးမှုများနှင့် ကုသမှုများ ပြုလုပ်ပေးပြီး အင်းစိန်ဆေးရုံသို့ လွှဲပြောင်းစာနှင့်အတူ လွှဲပြောင်းပေးခဲ့ကြောင်း၊

အင်းစိန်ဆေးရုံသို့ နံနက် ၁၁ နာရီ ၅ဝ မိနစ်တွင်ရောက်ရှိခဲ့ရာ တာဝန်ကျဆရာဝန်မှ တာဝန်ကင်းမဲ့စွာ မြွေဆိပ်ဖြေဆေး မရှိဟုဆိုပြီး အထွေထွေရောဂါကု ဆေးရုံသစ်ကြီး ရန်ကုန်သို့ သွားရောက်ရန် ပြောကြားခဲ့ကြောင်း၊

အထွေထွေရောဂါကု ဆေးရုံသစ်ကြီးသို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ရာ တာဝန်ရှိသူက ဆီးနှင့်ကျောက်ကပ်ဌာနရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရန် ပြောကြားခဲ့ကြောင်း၊

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မွန်းလွဲ ၁၂နာရီခွဲတွင် ရောက်ရှိသွားရာ လူနာသေဆုံးနေပြီ ဖြစ်ကြောင်း၊

အမှန်မှာ တာဝန်ခံဆရာဝန်များ၏ တာဝန်ကင်းမဲ့စွာ လူနာကို ဂရုတစိုက် တာဝန်ယူကုသခြင်း မပြုလုပ်ပေးနိုင်ခဲ့သည့်အတွက် လူနာသေဆုံးရခြင်း ဖြစ်ကြောင်းနှင့်

မြွေဆိပ်ဖြေဆေး ရှိပါလျက်နှင့် တာဝန်ကင်းမဲ့စွာ ဆေးရုံလွှဲပြောင်းလုပ်ခြင်းများကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း၊

ကျန်းမာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးပြီး တာဝန်ခံဆရာဝန်အား အလုပ်မှ ရပ်စဲခြင်း၊ စီမံခန့်ခွဲမှု အားနည်းသည့် ဆေးရုံအုပ်ကြီးအား ပင်စင်ပေးခြင်း၊ တာဝန်ခံ ဆရာဝန်တဦးအား ပြင်းထန်စွာ သတိပေးခြင်းများကို အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ …..”

အထက်ပါအချက်များကို ကျန်းမာရေး ဝန်ကြီးဌာန ၂ဝဝဂ ခုနှစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပစဉ် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်မှ ပြောကြားသွားသည်။

မြန်မာဆရာဝန်များ တာဝန် မမဲ့ပါ

အကယ်၍ မြွေဆိပ်ဖြေဆေး ရှိသည်ဆိုလျှင် မြွေကိုက်ခံရပြီး နာရီဝက်အကြာ၌ ရောက်ရှိလာသော လူနာကို လှိုင်သာယာ ပြည်သူ့ဆေးရုံမှ မည်သည့်အတွက်ကြောင့် အပြီးတိုင် ကုသ မပေးသနည်းဟု မေးရပါမည်။ မြွေဆိပ်ဖြေဆေး မရှိ၍သာ အခြားဆေးရုံသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်မှာ အလွန် ထင်ရှားနေသည်။

ထိုဖြစ်စဉ် ပေါ်ပေါက်ခဲ့သည့်အချိန်တွင်()လှိုင်သာယာ ပြည်သူ့ဆေးရုံ()အင်းစိန်ဆေးရုံနှင့်()အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ မြွေဆိပ်ဖြေဆေး မရှိ၍သာ တာဝန်ကျသူ ဆရာဝန်တို့က လူနာကို အသက်ရှင်စေလိုသောဆန္ဒဖြင့် အတတ်နိုင်ဆုံး အဆင့်ဆင့်လက်ဆင့်ကမ်းနေခြင်းသာ ဖြစ်သည်ဟု ယူဆရသည်။

မြန်မာဆရာဝန်များမှာ နအဖက စွပ်စွဲသကဲ့သို့ လူသားချင်း စာနာထောက်ထားစိတ် ကင်းမဲ့သူများ၊ တာဝန်မဲ့သူများ လုံးဝမဟုတ်ကြပါ။ ကျန်းမာရေးရှုထောင့်မှကြည့်၍ လူအများ ဒုက္ခရောက်နေသည် ဆိုလျှင် အတတ်နိုင်ဆုံး အိတ်စိုက်ပင် ချက်ချင်း ပါဝင်ကူညီကာ ကုသပေးတတ်သူများ ဖြစ်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွမှု၊ ၂ဝဝရ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး၊ နာဂစ် လေမုန်တိုင်း ဘေးဒုက္ခတို့တွင် မြန်မာဆရာဝန်များ တက်တက်ကြွကြွ ပါဝင်ကာ ကျန်းမာရေးကဏ္ဍမှ ကူညီ စောင့်ရှောက် ကုသခဲ့သည်များမှာ ထင်ရှားသည့် နမူနာများ ဖြစ်သည်။

အမှန်တကယ် လူသားချင်း စာနာထောက်ထားစိတ် ကင်းမဲ့သူတို့မှာ နအဖတို့ လူတစုသာဖြစ်သည်။ နအဖက မြန်မာနိုင်ငံသားအချင်းချင်း ရိုက်နှက်သတ်ဖြတ် ညှင်းပမ်းနှိပ်စက်နေသည်ကို မြန်မာတနိုင်ငံ လုံးကသာမက တကမာ္ဘလုံးကပင် စက်ဆုပ်ရွံရှာ နေကြသည်။

စုံစမ်းစစ်ဆေးရေး လုပ်သည်ဆိုပဲ

လူနာတဦး မသေသင့်ပဲ သေဆုံးရခြင်းအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးပေးကာ အရေးယူဆောင်ရွက်ခဲ့သည်ဟု သတင်းစာ၌ ဆက်လက် ရေးသားထားသည်။ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ချီးကျူးပါသည်။ သို့သော် ဤကိစ္စမှာ အခွင့်ကောင်းယူ၍ ပြည်သူလူထုအကြား ဝါဒဖြန့်လိုက်ခြင်းသာ ဖြစ်သည်။

နှိုင်းယှဉ်ပြောရလျှင် အထက်တွင်ဖော်ပြခဲ့သော လူထုအုံကြွမှုများနှင့် ၂ဝဝ၃ ခုနှစ် ဒီပဲယင်း လူသတ်မှု အရေးအခင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးပေးခြင်းမျိုး မရှိခဲ့ပါ။ ထိုဖြစ်စဉ်များတွင် သေဆုံးခဲ့ရသူ အများအပြားရှိလျက်နှင့် မည်သည့်အတွက်ကြောင့် ကျန်းမာရေး ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း၍ လိုအပ်သလို အရေးယူ မဆောင်ရွက်ခဲ့သနည်း။ နအဖကိုယ်တိုင်က တရားခံ ဖြစ်နေသောကြောင့်သာဟု အတတ်ပြောနိုင်သည့်အချက် ဖြစ်သွားသည်။

ယခုနှစ် ဇူလိုင်လ (၂ရ)ရက်နေ့က ကချင်ပြည်နယ် နမ်ဆိုင်ကျေးရွာမှ အသက် (၁၅)နှစ်အရွယ် မိန်းခလေးတဦးမှာ စစ်သား()ဦး၏ အုပ်စုလိုက်မုဒိန်းကျင့်ခြင်းကို ခံရရုံမက အလွန်အမင်း ဆိုးဆိုး ဝါးဝါး ရုပ်ပျက်ဆင်းပျက် အသတ်ခံခဲ့ရသည်။ ထိုအမှုတွင် ကျန်းမာရေးဝန်ကြီးဌာန၊ တရားစီရင်ရေးဌာန၊ မှုခင်းထောက်လှမ်းရေး အစရှိသည်တို့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ခြင်းမရှိ။ စစ်ဆေးအရေးယူခဲ့ခြင်း လည်း မရှိ။ နအဖအာဘော် သတင်းစာကလည်း ထုတ်ဖော်ရေးသားခြင်း မရှိခဲ့ပါ။

စံနမူနာ ဖြစ်လောက်သည့် တရားမဲ့မှုများတွင် နိုင်ငံအစိုးရမှ တာဝန်ယူ၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ လူသိရှင်ကြား အမှန်တရားကို ရှာဖွေဖော်ထုတ်ပေးရသည်။ စံနမူနာပြသည့်အနေဖြင့် စစ်ဆေး အရေး ယူပေးရသည်။ နောက်နောင် ထပ်မံ မဖြစ်ရလေအောင် အတတ်နိုင်ဆုံး ကြိုတင်ကာကွယ် ပေးရသည်။ ယခု နအဖ လုပ်နေပုံများမှာ ထိုရည်ရွယ်ချက်များနှင့် တခြားစီ ဖြစ်နေသည်။

တာဝန်ခံယူနိုင်မှု

လူတဦးတယောက် မသေသင့်ပဲ သေရခြင်းအတွက် မည်သည့်နိုင်ငံအစိုးရတွင်မဆို တာဝန် ခံယူနိုင်မှု အပြည့်အဝ ရှိရသည်။ အဖြစ်နိုင်ဆုံး စောင့်ရှောက်ကာကွယ် တားဆီးပေးရမည့် တာဝန်ကို လစ်ဟင်း သောကြောင့်သာ နိုင်ငံသားတို့ အသက်ဆုံးရှံုး ထိခိုက်ရခြင်းဖြစ်သည်ဟု မှတ်ယူကာ တာဝန်ခံယူရခြင်း ဖြစ်သည်။

မြွေကိုက်ခံရသည့် တက္ကသိုလ်ကျောင်းသူ မြွေဆိပ်ဖြေဆေး မရှိ၍ သေဆုံးခဲ့ရသောကိစ္စ၌် ကျန်းမာရေး ဝန်ကြီး၏လက်အောက်မှ ဝန်ထမ်းတဦးက စီမံခန့်ခွဲမှု အားနည်းသောကြောင့် အတင်းအဓမ္မ အငြိမ်းစား ပေး၍ အရေးယူရလောက်အောင် ဖြစ်နေသည်ဆိုလျှင် ဝန်ကြီးကိုယ်တိုင်တွင်လည်း စီမံခန့်ခွဲမှု အားနည်းနေသည်မှာ ထင်ရှားနေပြန်သည်။

ကိုယ်တိုင်ပင် ထိပ်ဆုံးက တာဝန်ရှိနေသည့်အလျောက် မိမိဂုဏ်သိက္ခာကို ငဲ့ကွက်လျက်၊ နောင်လာ နောက်သားတို့အား သင်ခန်းစာပေးရန် ရည်ရွယ်လျက် ဝန်ကြီးသည်လည်း ရာထူးမှ နှုတ်ထွက်ပေး သင့်သည်။ ဤသည်မှာ တကယ်တမ်း စံနမူနာပြ ဖြစ်သင့်သည်။

ထိပ်ဆုံးက တာဝန်ရှိပါလျက် အဘယ်ကြောင့် ရာထူးမှ နှုတ်ထွက်မပေးသနည်း။ ရာထူးကို မက်မော နေ၍လော။ အကျင့်ပျက် ခြစားကာ လာဘ်ယူနေခြင်းဖြင့် စည်းစိမ်ဥစ္စာများ တိုးပွားနေသည်ကို မရှက် တတ်၍လော။ နိုင်ငံသားအချင်းချင်း လူသားချင်း စာနာစိတ်ကင်းမဲ့စွာဖြင့် အာဏာပြ နှိပ်စက်နေရ သည်ကို ကျေနပ်အားရနေ၍လော။ မိမိဂုဏ်သိက္ခာကို မငဲ့ကွက်နိုင်တော့လောက်အောင် လောဘ၊ ဒေါသ၊ မောဟ တရားများ ဖုံးလွှမ်းနေပြီလော။

ဓါးစာခံ နိုင်ငံ့ဝန်ထမ်းများ

နအဖ၏ မူဝါဒသည် ကြောင်းကျိုးဆင်ခြင်မဲ့ အပြောင်းအလဲ မြန်သည်။ အစိုးမရသောကြောင့် “အစိုးရ” ဟု ခေါ်ရန်ပင်မသင့်။ အစိုးရမသည့်အပြင် နိုင်ငံတခုလုံးကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စွမ်းလည်း ချို့တဲ့နေပြန်သည်။

တဖန် စီမံခန့်ခွဲနိုင်စွမ်း မရှိရသည့်အထဲ နိုင်ငံ့ယန္တရားကို အမှန်တကယ် လည်ပတ်ပေးနေရသည့် နိုင်ငံ့ ဝန်ထမ်းတို့အား လိုတမျိုး မလိုတမျိုး ဖယ်ရှားပစ်တတ်ပြန်သည်။ အထက်လူကြီး ဆိုသူတို့ မှားယွင်း သမျှ အောက်ဝန်ထမ်းတို့က ဓါးစာခံဖြစ်ရသည်။

နိုင်ငံ့ဝန်ထမ်းတို့မှာ ပညာအသင့်တင့်မှသည် ကျွမ်းကျင်သူအဆင့်ထိ တတ်မြောက်ကြသည်။ သို့သော် နအဖ အုပ်စိုးသောခေတ်တွင် မလောက်မငသော လစာကို မျှော်ကိုးရင်း မိမိတို့ တတ်သောပညာကို ဘေးချိတ်၍ ရုန်းကန်နေရသည်။

ကမ်းနားသစ်ပင်အဖြစ် အာမခံချက်မရှိသောဘဝ၊ လူ့အခွင့်အရေး ဆုံးရှံုးနေရသောဘဝ၊ ပညာမဲ့ အထက်လူကြီးတို့အား လုပ်ငန်းခွင်၌ ခေါင်းငုံ့ခံနေရသောဘဝ၌ စိတ်ဓါတ်အကြီးအကျယ် ကျဆင်းနေရ သည်။ မိမိနှင့်တကွ မိသားစု ရပ်တည်နိုင်မည့်လစာကို ပုံမှန်ရနေဖို့ အလုပ်မပြုတ်ရေုးသာ ဂရုစိုက်နေရ တော့သည်။ စားဝတ်နေရေး ကြပ်တည်းသဖြင့် အများအကျိုးကို ထမ်းရွက်လိုသော ပရဟိတ စိတ် စေတနာများကို ကိုယ်ကျိုးစီးပွားလောက် အရေးထား၍ မရနိုင်ဘဲ ဖြစ်လာသည်။

ထိုသို့သော အခြေခံများတွင် မည်သည့်ဝန်ထမ်းတဦးသည် နိုင်ငံတိုးတက်အောင် လုပ်ချင်စိတ် ရှိနိုင်ပါ မည်နည်း။ နိုင်ငံ့ဝန်ထမ်းတို့ ပျော်ရွှင်ကျန်းမာအားတက်နေမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် လုပ် ဆောင်နိုင်သည် မဟုတ်လော။

နိုင်ငံ့ဝန်ထမ်းတို့၏ တက်ကြွသောလုပ်အားနှင့် မျှော်လင့်ချက်ကို ချိုးနှိမ်ပစ်လိုက်ခြင်းဖြင့် နအဖအတွက် အုပ်ချုပ်ရေးဘက်၌ အမှန်ပင် လွယ်ကူသွားစေမည်ဖြစ်သည်။ သို့သော် တိုင်းပြည် တိုးတက်မလာနိုင်ပါ။ တိုင်းပြည်ကို ဖျက်ဆီးသကဲ့သို့ ဖြစ်သွားသည်။ တရားခံမှာ အုပ်ချုပ်သူ အစိုးရသာ ဖြစ်သည်။

လူ့တန်ဖိုး

မည်သည့် လူတဦးတယောက်ပင်ဖြစ်စေ အသက်ရှင်နေစဉ်ကာလတွင် သတ္တလောကအတွက် အလွန် တရာ တန်ဖိုးရှိသည်။ လူသည် အသက်ရှင်နေစဉ် မျှော်လင့်ချက် ထားတတ်သည်။ ထိုမျှော်လင့်ချက် မှာ သူနှင့်တကွ သူ့ပတ်ဝန်းကျင်မှ အခြားလူသားများအတွက် ကောင်းသည့်ကိစ္စ တခုခုကို လုပ်ပေး နိုင်ရန် ဖြစ်သည်။

ရတောင့်ရခဲ လူ့ဘဝတွင် လူသည် ဦးနှောက်ဉာဏ်ကို အသုံးချနိုင် စွမ်းရှိသည်နှင့်အမျှ အသိပညာ၊ အတတ်ပညာများ တိုးတက်ကြွယ်ဝလာသည်။ ထိုအခါ သတ္တလောကကို တနည်းနည်းဖြင့် အကျိုး ပြုနိုင်ကြသည်။ တိရိစာ္ဆန်များနှင့် မည်သို့မျှ မနှိုင်းယှဉ်လောက်အောင် အဆများစွာ သာလွန်သည်။

မမြတ်ဆုမွန် ကဲ့သို့သော တက္ကသိုလ် ကျောင်းသူကျောင်းသားများမှာ မကြာခင်အချိန်ကာလများတွင် နိုင်ငံ့တာဝန်ကို ထမ်းဆောင်လာတော့့မည့်သူများ ဖြစ်သည်။ နိုင်င့ံအကျိုး၊ နိုင်ငံသားတို့၏အကျိုးကို လူငယ်ပီပီ အားကြိုးမာန်တက် သယ်ပိုးမည့်သူများ ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးကို အချစ်တတ်ဆုံး သူများဖြစ်သည်။ တိုင်းပြည်ကို တိုးတက်စေလိုသည့်ဆန္ဒ အပြင်းထန်ဆုံး ရှိနေသူများဖြစ်သည်။ သူတို့ သည် နောင်တခေတ်၏ ခေါင်းဆောင်လောင်းများ ဖြစ်သည်။ တန်ဖိုးရှိသော လူများဖြစ်သည်။

တိုင်းပြည်ခေါင်းဆောင် ဆိုတာ

တိုင်းပြည်ခေါင်းဆောင် စစ်မှန်လျှင် ခေါင်းဆောင်လောင်းများကို စနစ်တကျ မွေးထုတ်နိုင်ရန် အမြော် အမြင်ကြီးရမည်။

ထိုခေါင်းဆောင်သည် တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ်ချစ်မြတ်နိုးလျှင် လူငယ်လူရွယ်များအား လက်တွဲခေါ်ကာ အားပေးရမည်။

ထိုခေါင်းဆောင်သည် တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေလိုလျှင် လူငယ်လူရွယ်များအား စနစ်တကျ ပညာသင်ကြားပေး၍ မြေတောင်မြှောက်ရမည်။

ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံ၌ အမြော်အမြင် ကြီးမားသည့်၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်သည့်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေလိုသည့် ခေါင်းဆောင်ကောင်းများ၊ ခေါင်းဆောင်လောင်းများ အမှန်ပင် ရှိနေခဲ့ကြသည်။ မြန်မာတို့၏ ပင်ကိုယ်ထူးချွန်သော စရိုက်သဘာဝကောင်းများ ဖြစ်သည်။

သို့သော် လက်ရှိ ခေတ်ကာလမှာ မသမာသူ လူရမ်းကားတစုတို့က အာဏာအားကိုးဖြင့် ချယ်လှယ် အုပ်စိုးထားသော ခေတ်ဆိုးကြီး ဖြစ်သည်။ တဦးတဖွဲ့ ကောင်းစားရေးအတွက် အမြော်အမြင် ကင်းမဲ့စွာဖြင့် တတိုင်းပြည်လုံးကို ဓါးမြတိုက် လူသတ် ထောင်ချနေသော ခေတ်ဆိုးကြီး ဖြစ်သည်။

မည်သူတို့က မည်မျှပင် အမြော်အမြင်ကြီးစေကာမူ၊ တိုင်းပြည်နှင့် လူမျိုးကို မည်မျှပင် ချစ်စေကာမူ၊ တိုင်းပြည်ကို မည်မျှပင် တိုးတက်ဖွံ့ဖြိုးစေလိုကာမူမည်သို့မျှ ဖန်တီးလုပ်ဆောင်နိုင်ခွင့်များ မရှိအောင် အာဏာပိုင် အစိုးရ ဆိုသူတို့က ပိတ်ပင်ထားသည့် ခေတ်ပျက်ကြီး ဖြစ်သည်။

ခေတ်ဆိုးခေတ်ပျက်မှ ခေါင်းဆောင်ဆိုသည်မှာ အဆိုးတကာ့အဆိုးဆုံး၊ အပျက်တကာ့ အပျက်ဆုံးသူ ပင် ဖြစ်သည်။



တိုင်းပြည် အညွန့်အဖူးတွေကို ဘယ်သူ ဖျက်ဆီးနေသလဲ

မြန်မာနိုင်ငံ၏ လက်ရှိ အာဏာပိုင်တို့မှာ  ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် လက်တွေ့ကျကျ မဖြည့်ဆည်းပေးနိုင်ပါ။ မျှော်လင့်၍လည်း မရနိုင်တော့ပါ။

ဤအချက်ကို လူတိုင်းပင် သိနေကြသည်။ အသိတရားမှ နိုးကြားလာရန် တာစူနေကြသည်။ တာထွက် သွားသူလည်း ရှိနေကြသည်။ တာထွက်သူ အများစုမှာ လူငယ်လူရွယ်များဖြစ်သည်။

ထိုအခါ အမြော်အမြင်နည်းပါးသော နအဖက တိုးတက်သောအမြင်များ ရှိနေသည့် လူငယ်များအား ရန်ငြိုးထားကာ လူငယ်တို့၏ ဘဝတိုးတက်မည့် လမ်းကြောင်းများကို ပိတ်ဆို့လာသည်။ ပျက်စီးစေမည့် လမ်းကြောင်းများသို့ တွန်းပို့တော့သည်။ သူတို့ ချမှတ်ထားသော မူဝါဒကို ဆန့်ကျင်အံတုသူများအား ဖမ်းဆီး ထောင်ချ၍ လူညွန့်တုံးအောင် လုပ်ပစ်သည်။

အမှန်စင်စစ် ယင်းတို့သည် အစိုးရကောင်းတို့၏ လုပ်ရပ်များ မဟုတ်ပါ။ ပြည်သူလူထုကလည်း ထောက်ခံသည့်ကိစ္စများ မဟုတ်ပါ။ တိုင်းပြည်ကို ဖျက်ဆီးနေခြင်းများသာ ဖြစ်သည်။

Click to enlarge

တိရိစာ္ဆန်နှင့် အပြိုင်အဆိုင်

တိရိစာ္ဆန်များသည် လူလောက် တန်ဖိုး မရှိပါ။ သတ္တလောကအကျိုးကို လူကဲ့သို့ ဆောင်ကြဉ်း မပေးနိုင် သောကြောင့် ဖြစ်သည်။ တနည်းအားဖြင့်် သတ္တလောကအကျိုးကို ဆောင်ကြဉ်းမပေးနိုင်လျှင် တိရိစာ္ဆန်နှင့် မခြား၊ အတူတူပင် ဖြစ်နေပေလိမ့်မည်။

မြန်မာနိုင်ငံမှ နအဖသည် နိုင်ငံအကျိုး၊ နိုင်ငံသားများ၏ အကျိုး၊ ယုတ်စွအဆုံး သူတို့ လက်ကိုင်တုတ် လုပ်ထားသော မြန်မာ့တပ်မတော်၏အကျိုး၊ နိုင်ငံ့ဝန်ထမ်းတို့၏အကျိုးကိုပင် ထိရောက်အောင် မလုပ် ပေးနိုင်ပါ။ သို့ဖြစ်ရာ သူတို့သည်လည်း တိရိစာ္ဆန်များနှင့် အဆင့်တူတူပင် ရှိနေကြတော့သည်။


ရည်ညွှန်းသတင်းများ –
•   
မြွေကိုက်ခံရသူ တက္ကသိုလ်ကျောင်းသူ မြွေဆိပ်ဖြေဆေး မရှိ၍ သေဆုံးရ
•    နအဖ သတင်းစာ (၂ဝဝ၈ ခုနှစ် ဩဂုတ်လ ၉ ရက်)

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here